အခန်း (၂)
ခရိတ်သည် နယူးယောက်မြို့ ပဥမရိပ်သာ လမ်းပေါ်တွင် တက္ကစီ ကားတစ်စီး ငှားစီး သွားရင်း စိတ်တွေ ဂနာမငြိမ် ဖြစ်နေလေသည်။ သူ၏ ဘ၀ကို မကျေနပ်သိလို ငြီးငွေ့သလိုလည်း ဖြစ်နေသည်။
အမှန်တော့ သူသည် အလွန်နာမည်ကျော်ကြား လူကြိုက်များသော ၀တ္တုစာအုပ်များ ရေး၍ ၀င်ငွေ အထူး ကောင်းသူ ထိပ်တန်း စာရေးဆရာတစ်ဦး ဖြစ်သည်။
[မှတ်ချက်။ ။သူ၏နာမည် အပြည့်အစုံမှာ ခရိတ်မယ်လို ဖြစ်သည်။ သို့သ်ာမြန်မာ စာဖတ်ပရိသတ် မှတ်သားရ လွယ်ကူစေရန် ခရိတ်ဟူ၍ ရေးသွားသွားမည် ဖြစ်ပါသည်။]
သူသည် တက္ကစီကားပေါ် ထိုင်လိုက်လာသော်လည်း သူ၏စိတ်တွေက အဝေးသို့ ရောက်နေသည်။ နယူးယောက်မြို့ကြီးပေါ်မှ ကတ္တရာလမ်းတွင် တက္ကစီကား စီးရခြင်းထက် အာဖရိက တောတွင်းလမ်း များပေါ်၌ လင်းရိုဗာကား စီးရတာကမှ ပိုကောင်းသေးသည်ဟုလည်း ထင်နေမိလေသည်။
စင်စစ်အားဖြင့် သူသည် အာဖရိကတိုက် ယခု ဇင်ဘာတွေဟု ခေါ်သော နိုင်ငံသား ဇာတိဖြစ်သည်။ မိဘမျိုးရိုး အားဖြင့် မျက်နှာဖြူလူမျိုး ဖြစ်သော်လည်း ဇင်ဘာဘွေသို့မဟုတ် ယာခင် အမည် ရိုဒီရှား နိုင်ငံ တွင် မွေးဖွားကြီးပြင်းလာသဖြင့် အာဖရိက တိုက်သားစစ်စစ် ဖြစ်လေသည်။
သူသည် ယခု ကမ္ဘာပေါ်တွင် ကြီးကျယ်ခမ်းနားဆုံး မြို့တစ်မြို့ဖြစ်သော နယူးယောက် မြု့ကြီးသို့ ရောက်နေ သော်လည်း စိတ်ကြည်လင် ပျော်ရွှင်ခြင်း မရှိချေ။ သူ၏ ဇာတိ နေရပ် အာဖရိကတိုက် ဇင်ဘာဘွေ နိုင်ငံကိုသာ လွမ်းဆွတ် အောက်မေ့သလို တမ်းတသလို ဖြစ်နေမိသည်။ ဇင်ဘာဘွေ နိုင်ငံ အတွင်း ဖြတ်သန်းစီးဆင်းသော ဇမ်ဘေဇီ မြစ်ကြီးနှင့်တကွ မြစ်ရိုးတစ်လျှောက် သဘာဝ တောတောင် ရေမြေ ရှုခင်းများကိုလည်း မြင်ယောင်နေမိသည်။
အာဖရိကတိုက်သား ခရိတ်သည် သူ၏ ဇာတိ နေရပ် အာဖရိကကိုပင် လွမ်းနေမိပြီ ဖြစ်သည်။
ခရိတ်သည် စိတ်တွေ မတည်မငြိမ် ဖြစ်နေသဖြင့် စီးကရက် သောက်ချင်သလို ဖြစ်လာကာ ဆေးလိပ် သောက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူသည် ဆေးလိပ် ဖြတ်ထားပြီးဖြစ်ကြောင်း ချက်ချင်း သတိရ မိသဖြင့် အသာငြိမ်နေလိုက်သည်။
နယူးယောက်မြို့၏ ရှုခင်းသည် အလွန်ခေတ်မီလှပပြီး ရှုမငြီးအောင် ရှိလင့်ကစား ခရိတ်အဖို့မှာ အာဖရိကတိုက်၏ တောတောင် ရေမြေ ရှုခင်းများကမှ ပို၍ သာယာကြည်နူးဖွယ် ကောင်းသည်ဟု ထင်မိ လေသည်။
သူသည် နယူးယောက်မြို့ကြီး၏ အိမ်ခြေ တိုက်တာများ၊ မြောက်မြားစွာသော မော်တော်ယာဉ်များ၊ မြို့သူ မြို့သားများ အကြားဝယ် အသက်ရှုကျပ်သလိုလည်း ဖြစ်မိလေသည်။ သူ၏စိတ်ထဲမှ အာဖရိကတိုက်၏ ကျယ်ပြန့် လွတ်လပ်စွာသော လွင်တီးခေါင် တောတောင် ရှုခင်းများနှင့် အမြဲတမ်း မြင်နေရသော ကျယ်ပြန့်သည့် ကောင်းကင်ပြင်ကြီးကိုလည်း သတိရ တမ်းတနေမိလေသည်။
တက္ကစီ မော်တော်ကားသည် ရုတ်တရက် ရပ်သွားပြီး ယာဉ်မောင်းသူက
"ဆယ့်ခြောက်လမ်းကို ရောက်ပြီခင်ဗျ" ဟု ပြောလိုက်သည်။
ခရိတ်သည် ဆယ်ဒေါ်လာတန် ငွေစက္ကူ တစ်ရွက်ကို ဒရိုင်ဘာအား ထုတ်ပေးရင်း-
"ပိုတဲ့ အကြွေကိုတော့ ခင်ဗျားပဲ ယူလိုက်ပါတော့" ဟု ပြောကာ ကားပေါ်မှ ဆင်းလိုက်သည်။
ထို့နောက် သူ ရှာဖွေသည့် စားသောက်ဆိုင်ကို လှမ်းမြင်သဖြင့် ဆက်လျှောက် သွားလေသည်။
လမ်းလျှောက်ရာ၌ သာမန်လူကောင်း တစ်ယောက်ကဲ့သို့ ဣနြေ္ဒမပျက် လမ်းလျှောက် သွားသော်လည်း စင်စစ်အားဖြင့် ခရိတ်၏ခြေတစ်ဖက်မှာ ဒူးဆစ်မှ ဖြတ်ထားရပြီး သစ်သားခြေတု တပ်ဆင်ထားလေသည်။ သို့သော် ဣနြေ္ဒမပျက် လမ်းလျှောက်နိုင်သောကြောင့် သူ၏ခြေတစ်ဖက် ပြတ်နေခြင်းကို ရုတ်တရက် မည်သူမှ မရိပ်မိနိုင်ချေ။
စားသောက်ဆိုင်အတွင်းရှိ ရောက်သွားသောအခါ သူ၏ကိုယ်စားလှယ် (သို့မဟုတ်) မန်နေဂျာဖြစ်သူက ခရိတ်ကို လှမ်းမြင်ပြီး သူ၏စားပွဲသို့ ခေါ်လေသည်။
"ဟဲလို ခရိတ်၊ ခင်ဗျားကို ကြည့်ရတာ ကျန်းမာလန်းဆန်းလို့ ပါပဲလား"
အက်ရှီက ခရိတ် ပခုံးတစ်ဖက်ကို ရင်းနှီးစွာ ပုတ်ရင်း ပြောလိုက်သည်။
[မှတ်ချက်။ ။ နိုင်ငံခြားမှ နာမည်ကြီး စာရေးဆရာများသည် မိမိတို့၏ စာမူများနှင့် ပက်သက်၍ ပုံနှိပ် ထုတ်ဝေရေး၊ ငွေရေးကြေးရေး ကိစ္စများကို တာဝန်ယူဆောင်ရွက်ရန် ကိုယ်စားလှယ် "ဧဂျင်း" သို့မဟုတ် မန်နေဂျာများ ထားလေ့ရှိသည်။ ယခုလည်း ခရိတ်က သူ၏ ကိုယ်စားလှယ်အဖြစ် အက်ရှီဆိုသူအား တာဝန် ပေးထားခြင်း ဖြစ်သည်။ မြန်မာပြန်သူ]
ယခု အက်ရှီနှင့် ချိန်းထားသဖြင့် ခရိတ်က ဤစားသောက်ဆိုင်သို့ လာခဲ့ခြင်း ဖြစ်သည်။
အက်ရှီသည် ရွှေကိုင်းမျက်မှန် တပ်ထားပြီး အ၀တ်အစားကို သားနား သပ်ရပ်စွာ ၀တ်စားလေ့ရှိသူ ဖြစ်သည်။ လူနေမှု အဆင့်အတန်းမြင်မြင့် အထက်တန်းကျကျ နေတတ်သူ ဖြစ်သည်။ ဆေးလိပ်သောက် ရာ တွင် အကောင်းဆုံး ဈေးအကြီးဆုံး ဆေးလိပ်အမျိုးအစားကိုမှ သောက်လေ့ရှိသူ ဖြစ်သည်။
"ဒီစားသောက်ဆိုင်က အတော်ကလေး သားနားပါကလားဗျ၊ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီဆိုင်ကို ရှာတွေ့ တာလဲ"
ခရိတ်က ဆိုင်အတွင်း လှည့်ပတ်ကြည့်ရင်း မှတ်ချက်ချသလို ပြောလိုက်ရာ အက်ရှီက သူ့ကိုယ်သူ သဘောကျ ဟန်ဖြင့် ပြုံးလိုက်သည်။
"ဒါတော့ ဗျာ ကျုပ်က ခါဆိုင်းသွားလာနေကျ စားသောက်ဆိုင်တွေကို ကြာတော့ ငြီးငွေ့လာလို့ ဆိုင် ကောင်းကောင်း လိုက်ရှာတုန်း၊ ဒီဆိုင်ကို တွေ့တာပါ။ နောက်အကြောင်း တစ်ခု ရှိသေးတယ်ဗျ၊ ဒီမယ် ခရိတ်၊ ကျုပ်က ခင်ဗျားကို အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံစေချင်လို့ပါ"
ပြောပြော ဆိုဆို အက်ရှီသည် ပြုံးလျက် သူ၏ ဘေးနားရှိ မိန်းကလေးတစ်ဦးအား ညွှန်ပြလိုက်သည်။
သူမသည် စောစောပိုင်းက ဘာသိဘာသာနေရာမှ ယခု အက်ရှီက မိတ်ဆက်ပေးလိုက် တော့မှ ခရိတ် အား လက်ဆွဲနှုတ်ဆက်ရန် သူမ၏ ညာလက်ကို ဆန့်တန်း ပေးလိုက်သည်။
ခရိတ်သည် ယဉ်ကျေးမှုထုံးစံအရ မိန်းကလေး၏ လက်ကိုကိုင်ပြီး လက်ဆွဲ နှုတ်ဆက် လိုက်သည်။ သူမ၏ လက်သည် သေးသွယ်ပြီး အချိုးကျနေသော်လည်း လက်ချောင်းများ ထိပ်ဖျားတွင် ခပ်ကြမ်းကြမ်း ဖြစ်ကာ မာကျော နေသဖြင့် အလုပ်ကြမ်းလုပ်ဖူးသူတစ်ဦး ဖြစ်ရမည် ဟု ခရိတ်က ကောက်ချက်ချမိလေသည်။
ဆက်လက်၍ သူမ၏ မျက်နှာ ကို အကဲခတ် ကြည့်လိုက်ပြန်သည်။
အမျိုးသမီး၏ မျက်လုံးများက အစိမ်းရောင် အဆင်းရှိပြီး အထူးတောက်ပြောင်လှပလျက် မျက်ခုံးကလည်း မျက်နှာ နှင့် အဆင်ပြေ ပနံရကာ ကြည့်ကောင်းနေပေသည်။ ခြုံ၍ သုံးသပ်ရလျှင် လှပ ကြော့ရှင်းသော မိန်းကလေး တစ်ယောက်ပေတည်း။
သူမသည် ခရိတ်အား မျက်နှာချင်းဆိုင်လျက် တိုက်ရိုက်ပင် လှမ်းကြည့်နေရာ ခရိတ်၏ စိတ်ထဲ၌ ဤအမျိုးသမီး သည် အလွန်ရိုးသား ပွင့်လင်းသူ ဖြစ်ရမည်ဟု ယူဆမိလေသည်။
"ကိုင်း ဆယ်လီ၊ ဟောဒါက ကျုပ်ပြောတဲ့ စာရေးဆရာ မစ္စတာ ခရိတ်ဆိုတာပဲ"
အက်ရှီက မိတ်ဆက်ပေးလိုက်သဖြင့် ခရိတ်လည်း မိန်းကလေး၏ နာမည်မှာ ဆယ်လီဖြစ်ကြောင်း သိရ လေသည်။ တစ်ချိန်တည်းမှာပင် အက်ရှီက ဆယ်လီအား ခရိတ်၏နာမည်ကိုပါ ကြေညာ မိတ်ဆက်ပြီးသား ဖြစ်သွား လေသည်။
ခရိတ်သည် သူမ၏မျက်နှာကို ကြည့်လိုက်ပြန်သည်။ သည်တစ်ခါတော့ မိန်းကလေး၏ နှာတံနှင့် ပါးစပ် တို့ကို လေ့လာကြည့်နေမိသည်။
ထိုအခိုက်မှာပင် ဆယ်လီအမည်ရှိ အမျိုးသမီးက ခရိတ်အား လှမ်းစကားပြောလေသည်။
"ကျွန်မ ရှင့်ရဲ့ နောက်ဆုံးစာအုပ်ကို ဖတ်ပြီးပြီးရှင့်၊ စာအုပ်ထဲပါတာတွေက အလွန်သဘာဝ ကျတယ်လို့ ယူဆ မိပါတယ်"
စကားပြောလိုက်သည့် အသံကလည်း အလွန်သာယာကြည်လင်ပေသည်။ သို့သော် ယခု ဆယ်လီ ပြောလိုက်ခြင်း သည် မိမိအား ချီးကျူးခြင်းလော၊ ဝေဖန်သည့် သဘောဖြစ်နေသလောဟု ဝေခွဲ၍ မရချေ။
"ဟုတ်ပါတယ် ရှင့်၊ အဲဒီစာအုပ်က တော်တော်ကောင်းပါတယ်"
ဆယ်လီက ထပ်ပြောလိုက်တော့မှ ခရိတ်သည် သဘောကျ ကျေနပ်သွားမိလေသည်။ သူ ကျေနပ် သွားပုံ ကို ပြသည့်အနေဖြင့် ဆယ်လီ၏ လက်တစ်ဖက်ကိုလည်း ဆုပ်ကိုင်လိုက်သည်။ သို့သော် သူမက လက်ကို ချက်ချင်း ပြန်ရုပ်လိုက်သည်။
"ကဲပါ၊ ဟောဒီက မိတ်ဆွေကြီး အက်ရှီကို ကျုပ်တို့အတွက် ယမကာ တစ်ခွက်စီ ၀ယ်တိုက်ခိုင်းကြရင် ကောင်းမယ် ထင်တယ်"
ခရိတ်က ဆယ်လီအား ရွှန်းရွှန်းစားစားကြည့်ရင်း ပြောလိုက်ရာ အက်ရှီကလည်း အလိုက်သိစွာနှင့်ပင် အကောင်း ဆုံး ယမကာတစ်ခွက်စီ မှာယူပေးလေသည်။
စားပွဲထိုးက အရက်ခွက်များ လာပေးချိန်တွင် အက်ရှီက
"ကျုပ်တို့ရဲ့ ဧည့်သည် နောက်တစ်ယောက် လာဖို့ရှိသေးတယ်၊ သူ့အတွက် ယမကာကိုတော့ သူလာ မှပဲ မှာတော့မယ်"
ဟု ပြောလိုက်ပြီးမှ ခရိတ်နှင့် ဆယ်လီတို့ဘက်သို့ လှည့်၍
"ကိုင်း၊ ဆယ်လီက မင်းရဲ့လက်ရာတွေကို မစ္စတာခရိတ်သိသွားအောင် ပြလိုက်စမ်းပါ" ဟု ပြောလိုက် သည်။
ခရိတ်ကလည်း ဆယ်လီအားကြည့်ရင်း
"ကောင်းသားပဲ၊ ကြည့်ရအောင် ပြစမ်းပါဦး"ဟု ပြောလိုက်သည်။
ဆယ်လီသည် ကုလားထိုင် ဘေးနားမှ ကြမ်းပြင်ပေါ် ချထားသော ကတ်ထူဖုံးနှင့် ဖိုင်တစ်ခုကို ကောက်ယူပြီး ခရိတ်ရှေ့နား စားပွဲမှာ ချပေးလိုက်သည်။
ဖိုင်တွဲကို ဖဲကြိုးဖြင့် သပ်ရပ်စွာ ချည်နှောင်ထားလေရာ ဆယ်လီက ဖဲကြိုးကို ဖြေ၍ ခရိတ်အား ဖွင့်ကြည့် ရန် လှမ်းပေးလေသည်။
ခရိတ်လည်း ဖိုင်၏အဖုံးကို လှန်ကြည့်လိုက်ပြီး အလွန်အံ့အား သင့်သွားမိလေသည်။
ဖိုင်တွင်း၌ကား အလွန်လက်ရာမြောက်သော ဓာတ်ပုံများ ပါရှိလေသည်။ ဗိသုကာ အနုပညာ လက်ရာ ပြောင်မြောက် လှသော ရှေးဟောင်း အဆောက်အအုံ ဘုရားရှိခိုးကျောင်း စသည့်တိုကို အလွန် သေသပ် လှပ စွာ ရိုက်ကူးထားသော ဓာတ်ပုံများပင်ဖြစ်သည်။
ခရိတ်အနေဖြင့် အထူးတလည် စိတ်ဝင်စားမိသော ဓာတ်ပုံတစ်ပုံကို ငေးစိုက်ကြည့်နေ မိလေသည်။ ဓာတ်ပုံ က အာဖရိကတိုက်မှ ဆင်ထီးကြီးတစ်ကောင်၏ ပုံဖြစ်ပြီး ရိုက်ကူးထားသော ဓာတ်ပုံလက်ရာ က အလွန်ပင် အနုပညာမြောက်လှပေသည်။
ဆင်ထီးကြီး၏ အနေအထားက ဓာတ်ပုံရိုက်သည့် ကင်မရာဘက်သို့ တည့်တည့်ကြည့် နေပြီး ဆင်နားရွက်ကြီး နှစ်ဖက်က ဘေးသို့ ကားထွက်နေသည်။ အနေအထားက အလွန်ခံ့ညား နေသည်။
ဓာတ်ပုံတွင် ဆင်ကြီးနှင့်အတူ အာဖရိကတိုက်၏ သဘာဝ ရှုခင်းကိုပါ မြင်နေရလေသည်။ ဆေးရောင်စုံ ဓာတ်ပုံ ဖြစ်၍ နီကျင့်ကျင့် အဆင်းရှိသော အာဖရိကတိုက်၏ ဘသာဝ မြေပြင်နှင့်တကွ ကောင်းကင်ပြင် ကျယ်ကြီး တို့သည်လည်း ဓာတ်ပုံတွင် တစ်စိတ်တစ်ဒေသ မြင်နေရလေသည်။ ခပ်လှမ်းလှမ်း နောက်ခံကား အဖြစ် ဆီးနှင်းများ ဖုံးအုပ်နေသော တောင်တန်း ကြီးတစ်ခုလည်း ပါရှိနေသည်။
ဓာတ်ပုံရိုက်သူ၏လက်ရာ အလွန်ကောင်းသဖြင့် သဘာဝရှုခင်း၏ အလှအပကို ရာနှုန်းပြည့် ဖော်ပြနိုင်စွမ်းရှိသော ပုံတစ်ပုံဟု ဆိုရမည် ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ဆယ်လီသည် ဓာတ်ပုံ ရိုက်ကူးခြင်း အတတ်ပညာ အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်း ထင်ရှားလှပေသည်။
ခရိတ်သည် ဓာတ်ပုံထဲမှ သူ၏ဇာတိရပ်မြေ အာဖရိကတိုက်၏ ရှုခင်းကို မြင်လိုက်ရသည်တွင် စိတ်တွေ လှုပ်ရှား လာမိလေသည်။ အာဖရိကတိုက်ကို အထူးပင် လွမ်းဆွတ် သတိရသလို ဖြစ်လာမိသည်။
"ဒါထက် ဆယ်လီက ဘယ်အရပ် ဇာတိများလဲ"
ခရိတ်က မေးလိုက်ရာ ဆယ်လီက ချက်ချင်းပင် သွက်လက်စွာ ပြန်ဖြေလေသည်။
"ကျွန်မရဲ့ဇာတိချက်ကြွေ အရပ်ကတော့ အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ် ဒင်ဗျာမြို့က ဖြစ်ပါတယ်။ ကျွန်မရဲ့ ဖခင်ကြီးက လန်ဒန်မြို့ အမေရိကန်သံရုံးမှာ တာဝန် ထမ်းဆောင် ကြာပါပြီ။ ကျွန်မ ကိုယ်တိုင် အင်္ဂလန်နိုင်ငံမှာပဲ ပညာသင်ကြားပေးခဲ့ပါတယ်။ ကျွန်မက ဆယ့်ရှစ်နှစ် သမီးအရွယ်တုန်းက အာဖရိက တိုက်ကို အလည်အပတ် ရောက်သွားပြီးတော့ အဲဒီ အချိန်ကစပြိး ကျွန်မဟာ အာဖရိကတိုက်ကို သံယောဇဉ် ကြီးစွာနဲ့ ချစ်ခင်မြတ်နိုးခဲ့ပါတယ်"
ခရိတ်သည် နောက် ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်ပြန်သည်။
ထိုပုံတွင် အာဖရိကတိုက်မှ တိုင်းရင်းသူ ကပ္ပလီ အမျိုးသမီးတစ်ဦး ကလေးငယ်အား ရင်ခွင်ပိုက်၍ နို့တိုက် နေပုံ ဖြစ်သည်။ ထို အမျိုးသမီး ၀တ်ဆင်ထားပုံအရ အာဖရိကတိုက်မှ အိုဗာဟင်ဘာခေါ် တိုင်းရင်းသား လူမျိုးအုပ်စုမှ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ခရိတ်က ချက်ချင်းပင် ရိပ်မိလေသည်။
ဓာတ်ပုံရိုက်ကူးထားပုံက ယခုချက်ချင်း အာဖရိကတိုက်သို့ သွားကြည့်ရဘိသကဲ့သို့ ပကတိ နဂိုသဘာဝအတိုင်း ပီပြင်ထင်ရှားလှသဖြင့် ခရိတ်သည် ဆယ်လီ၏ ဓာတ်ပုံပညာ အစွမ်းကို စိတ်ထဲမှ ကျိတ်၍ ချီးကျူးမိလေသည်။
နောက် ဓာတ်ပုံကိုလည်း ခရိတ်သည် ငေးစိုက်ကြည့်မိပြန်သည်။ ထိုပုံမှာ ခရိတ်ကိုယ်တိုင် အလွန်မြတ်နိုး နှစ်သက်သော အာဖရိကတိုက်မှ ဘီဂေလီယာခေါ် သဘာဝတောပန်းများ၏ ပုံ ဖြစ်လေသည်။ ပန်းများ ဝေေ၀ဆာဆာ ပွင့်နေပုံတို့ကို အလှဆုံးဖြစ်အောင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ အထူးသဖြင့် ဆေးရောင်စုံ ဓာတ်ပုံဖြစ်၍ သဘာဝ အရောင်အသွေးတို့၏ အလှကို ပြည့်စုံစွာ ဖော်ပြနိုင်ပေသည်။
နောက်ထပ် အခြားဓာတ်ပုံများကလည်း အာဖရိကတိုက်မှ ပုံများပင် ဖြစ်သည်။ ဓာတ်ပုံ တစ်ပုံမှာ ကပ္ပလီ လူမည်း ပြောက်ကျားတစ်ဦး ရိုင်ဖယ်သေနတ်ထမ်းလျက် ပြုံးနေပုံဖြစ်သည်။
ကိုင်ထားသော ရိုင်ဖယ်သေနတ်က အေကေ ၄၇ အမျိုးအစား မောင်းပြန်သေနတ် ဖြစ်သည်။ ထိုကပ္ပလီ (လူမည်း)ပြောက်ကျား၏ လည်ပင်းတွင် သူတို့တိုင်းရင်းသား မှော်ဆရာက အဆောင်အဖြစ်ပေးသော လက်ဖွဲ့ သို့မဟုတ် အကာအကွယ်ပစ္စည်းကို ပုတီးသဖွယ် ပြုလုပ်၍ ဆွဲထားလေသည်။
နောက်တစ်ပုံကတော့ အာဖရိကမှ ကပ္ပလီလူမည်း တိုင်းရင်းမှော်ဆရာ (ဆေးဆရာ)က အသက်ကြီးကြီး အဘိုးကြီး တစ်ဦးဖြစ်ပြီး ဦးခေါင်းတွင် တိရစ္ဆာန်ချို ခေါင်းဆောင်း တစ်ခု ဆောင်းထားကာ လည်ပင်း တွင်လည်း ပုတီးမျိုးစုံ ဆွဲထားလေသည်။ ဤပုံတွင်လည်း ဆယ်လီသည် အာဖရိကတိုက် ကျေးလက်ဒေသ မြင်ကွင်း ကို ပီပြင်အောင် ရိုက်ကူးထားပေသည်။
နောက်ပုံ တစ်ပုံမှာ အာဖရိကတိုက် ကျေးက်ဒေသ တစ်နေရာမှ စာသင်ကျောင်း တစ်ကျောင်းတွင် ကလေး သူငယ်များ စာသင်နေကြပုံ ဖြစ်သည်။
ကျောင်း အဆောက်အအုံက ၀ါးသက်ငယ်တို့ဖြင့် ဖြစ်ကတတ်ဆန်း ဆောက်လုပ် ထားသည်။ ကပ္ပလီ (လူမည်း) အမျိုးသမီး ဆရမတစ်ဦးက စာသင်ပေးနေရာ ကျောင်းပစ္စည်းအချို့ ချိုတဲ့သဖြင့် ဖတ်စာအုပ် တစ်အုပ်ကို ကလေးငယ် သုံးဦးတို့က အတူဝိုင်း၍ ဖတ်နေကြရသည်။ ထိုပုံကို ကြည့်ခြင်းအားဖြင့် အာဖရိက တိုက်မှ လူဦးရေ အများစုဖြစ်သော ကပ္ပလီလူမည်းတို့ ဆင်းရဲနွမ်းပါးကြောင်း သိသာ ထင်ရှားနေပေသည်။
ခရိတ်သည် ဓာတ်ပုံများကို ဆက်လက်ကြည့်သွားရင်း ပုံတစ်ပုံကို မြင်ပြီး အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ငေးစိုက် ကြည့်နေမိလေသည်။ ထိုပုံကို ဆယ်လီက ဆေးရောင်စုံ ဖလင်ဖြင့် မရိုက်ဘဲ ရိုးရိုး (အဖြူနှင့်အမည်း) ဖလင်ဖြင့် ရိုက်ကူးထားသောကြောင့် ရှုခင်းကို ပို၍ ပေါ်လွင် ထင်ရှားလျက် ရှိစေသည်။
ပုံမှာ အာဖရိကတောအတွင်း တစ်နေရာ၌ ဆင်ကြီးတွေ စုပြုံသေဆုံးနေရာမှ အချိန်ကြာမြင့်လာသဖြင့် ဧရာမ အရိုးစုကြီးတွေ စုပုံ ကျန်နေသည့်ပုံပင် ဖြစ်လေသည်။ ဓာတ်ပုံ ရိုက်ကူးချိန်က နေရောင် အလွန် ကောင်း နေသည်ဖြစ်၍ အရိုးစုကြီးများသည် အထူးပင် ပေါ်လွင် ထင်ရှားနေရာ မြင်ရသူအဖို့ စိတ် ချောက်ချား ဖွယ်လည်း ဖြစ်နေပေသည်။
အာဖရိကတိုက်တွင် လူတွေ ပြောလေ့ရှိသော ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဆင်သင်္ချိုင်းကြီးများသည် ဤသို့ပင် ဖြစ်လေ မည်လားဟုပင် ခရိတ်က ထင်လိုက်မိသည်။ အမှန်တော့ သူသည် တောရိုင်း တိရစ္ဆာန်များကို ချစ်ခင် တစ်သူဖြစ်ရာ ဆင်ကြီးတွေ ယခု အစုလိုက် အပြုံလိုက် အသတ်ခံရပုံကို မြင်သည်တွင် ရင်နာသလို စိတ်မကောင်း ဖြစ်မိလေသည်။
"အဲဒီမှာ ဆင်သေကောင်ပေါင်း နှစ်ရာ့ရှစ်ဆယ်ကျော် ရှိတယ်ရှင့်၊ ဆင်စွယ်လိုချင်တဲ့ လောဘသမားတွေက တိတ်တိတ် ခိုးပြီး ရက်ရက်စက်စက် သတ်တာပါပဲရှင်"
ဆယ်လီ က ရှင်းပြရာ ခရိတ်က သူမအား မော်ကြည့်လိုက်ပြီး -
"ဒီဆင်နှစ်ရာ့ ရှစ်ဆယ်ကျော်ကို တစ်ချိန်တည်းမှာ သတ်ခဲ့တာလား"ဟု မေးလိုက်သည်။
"မဟုတ်ဘူးရှင့်၊ ဆင်ခိုးသတ်တဲ့ ဂိုဏ်းက ဆင်အုပ်ကြီးကို မိုင်းဗုံးတွေရှိတဲ့ နေရာ ရောက်အောင် တောခြောက် မောင်းသွားလို့ ဆင်တွေခမျာ မိုင်းဗုံးထိပြီး သေကုန်ကြရှာတယ်"
ဆယ်လီက ရှင်းပြလိုက်ရာ ခရိတ်သည် ကြက်သီးထသွားပြီးမှ ဓာတ်ပုံကို တစ်ခေါက် ပြန်ကြည့်မိလေသည်။ သူသည် မိုင်းဗုံးများအကြောင်း ကောင်းစွာ သိပေသည်။ သူကိုယ်တိုင် တစ်ချိန်က မိုင်းဗုံးတစ်ခု တက်နင်း မိရာမှ ပေါက်ကွဲပြီး ခြေတစ်ဖက် ဖြတ်ပစ်ခဲ့ရသည်အထိ ပြင်းစွာ ဒဏ်ရာရခဲ့ဖူးလေရာ မိုင်းဗုံးများ ပေါက်ကွဲ လျှင် မည်မျှ ပြင်းထန်ပြီး ကြောက်စရာကောင်းကြောင်း ကောင်းစွာသိပေသည်။
ထိုအချက် ကို သတိရမိရင်း ခရိတ်သည် လက်တစ်ဖက်ဖြင့် ဖြတ်ထားသော ခြေထောက်မှ သစ်သား ခြေတု ရှိရာသို့ အသာ စမ်းလိုက်မိသည်။
ယင်း အပြုအမူကို ဆယ်လီက သတိပြုမိပြီး -
' ကျွန်မ ရှင့်အတွက် ၀မ်းနည်းပါတယ်၊ ရှင့် ခြေထောက် တစ်ဖက်အကြောင်း ကျွန်မ သိနေပါတယ် ' ဟု နှစ်သိမ့် အားပေး သလို ပြောလိုက်သည်။
သူ၏ ကိုယ်စားလှယ် အက်ရှီကလည်း ပြုံးလျက် -
' ဆယ်လီကမခေဘူးဗျ၊ သူ တွေ့ဆုံရမယ့် ပုဂ္ဂိုလ်အကြောင်း ကြိုတင်လေ့လာတတ်တဲ့ ၀ါသနာရှိတယ် ' ဟု ၀င်ပြောလေသည်။
ခရိတ်သည် သူ၏ ခြေတစ်ဖက် ဖြတ်ထားရခြင်းအကြောင်း ပြောလျှင် သဘောမကျဘဲ ပြောသူကို မုန်းတီး တတ်သည်။ ယခု ဆယ်လီက စကားစပ် ပြောလိုက်သဖြင့် သူမအပေါ် မကျေမနပ် ဖြစ်သွားမိ သည်။ ပက်ပက် စက်စက် ပြန်ပြောရန်လည်း စိတ်ကူးမိသည်။
သို့သော် ခရိတ်က ဘာမှ မပြောနိုင်သေးမီ အက်ရှီ ချိန်းထားသည်ဆိုသော ဧည့်သည် ရောက်လာသဖြင့် ခရိတ် လည်း ဆိတ်ဆိတ်နေလိုက်ရသည်။
အက်ရှီ က ဧည့်သည်နှင့် မိတ်ဆက်ပေးလေသည်။
' ကိုင်း ခရိတ်၊ မိတ်ဆက်ပေးပါရစေ၊ ဟောဒီ ပုဂ္ဂိုလ်က မစ္စတာ ဟင်နရီ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဘဏ်မှာ ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေပါတယ်။ ကမ္ဘာ့ဘဏ်ဆိုတော့ ခင်ဗျားသိတဲ့အတိုင်း ကမ္ဘာ့နိုင်ငံ အသီးသီး ကို ဒေါ်လာငွေ သန်းချီပြီး ထုတ်ချေး ထောက်ပံ့နေတဲ့ အဖွဲ့ အစည်းပါပဲ '
ဤသို့ ပြောပြီးနောက် အက်ရှီသည် ဧည့်သည်ဘက်သို့ လှည့်၍ -
' မစ္စတာ ဟင်နရီခင်ဗျား၊ ဟောဒါက အာဖရိကတိုက်သား ကမ္ဘာကျော် စာရေးဆရာကြီး မစ္စတာခရိတ်ပါပဲ။ အာဖရိကအကြောင်း သရုပ်ဖော်ရေးတတ်တဲ့ သူ့ရဲ့ စာအုပ်တွေက အလွန် နာမည်ကြီးနေပါတယ် ' ဟု မိတ်ဆက် ပေးပြန်သည်။
ဟင်နရီ ဆိုသူကလည်း -
' ဟုတ်ကဲ့၊ ကျုပ်လည်း သူ့စာအုပ် ဖတ်ဖူးပါတယ် ' ဟု ပြောလေသည်။
ဟင်နရီ ဆိုသူကား အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက် ဖြစ်လေသည်။ ထိုလူသည် ခရိတ်အား နှုတ်ဆက်ပြီးနောက် အနောက်တိုင်း ယဉ်ကျေးမှုအရ ဆယ်လီ၏ လက်တစ်ဖက်ကို နမ်း၍ နှုတ်ဆက်လေရာ ခရိတ်က ထိုလူအား သဘောကျသွားမိလေသည်။
ကုလားထိုင်တွင် ထိုင်ပြီးနောက် ဟင်နရီက စားပွဲပေါ်တွင် ချထားသော ဆယ်လီ၏ ဓာတ်ပုံဖိုင်တွဲကို လှမ်းကြည့် ရင်း -
' အဲဒါတွေကို မစ္စတာခရိတ်က ဘယ်လို သဘောရပါသလဲ ' ဟု မေးလေသည်။
ထိုစကား ကို ခရိတ်က ပြန်မဖြေမီ အက်ရှီက ၀င်၍ လျင်မြန်စွာ ဖြေလိုက်သည်။
' ဟာ ခရိတ်က သိပ်ပြီး သဘောကျနေတယ်ဗျ၊ သူဟာ အာဖရိကတိုက်က ပုံတွေ ကြည့်ပြီး မျက်တောင်မခတ်ဘဲ ငေးမောကြည့်နေတယ် '
' ဟုတ်လား၊ ဒါဖြင့် ကောင်းတာပေါ့၊ ဒါထက် မစ္စတာခရိတ်ကို ကျုပ်ရဲ့ အကြံပြုချက်အကြောင်း ပြော ပြီးပြီလား '
ဟင်နရီ ဆိုသူက မေးလိုက်ရာ အက်ရှီက ခေါင်းခါပြလေသည်။
' မပြောရသေးဘူးဗျ၊ ကျုပ်က ခင်ဗျားကိုယ်တိုင် ရောက်လာမှပဲ ပြောမယ်လို့ စိတ်ကူးထားတယ်၊ ဒါမှ သူ အံ့သြသွားအောင်လို့ပါ '
ဤသို့ ပြောပြီး အက်ရှီသည် ခရီတ်ဘက်သို့ လှည့်၍ ဆက်ပြောလေသည်။
' ဒီလိုဗျ၊ မစ္စတာ ဟင်နရီက ခင်ဗျားကို စာအုပ်တစ်အုပ် ရေးသားပြုစုဖို့ တာဝန်ပေးချင်တယ်၊ စာအုပ် နာမည် ကတော့ ' မစ္စတာခရီတ်၏ ကိုယ်တွေ့ အာဖရိက' ဆိုပါတော့။ ခင်ဗျားက အာဖရိကတိုက် ပြန်သွားပြီး အနီးကပ် လေ့လာရင်း အာဖရိကအကြောင်း စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးဖို့ပါပဲ။ ခင်ဗျားရဲ့ ဇာတိရပ်မြေ ကို ပြန်သွားပြီး ဟိုက လူတွေနဲ့လည်း တွေ့ဆုံရမယ် '
ဤတွင် ဟင်နရီ ဆိုသူက ကြားဖြတ်လျက်
' နေပါဦးဗျ၊ ကျုပ် သိသလောက် မစ္စတာ ရိတ်ဟာ အာဖရိကတိုက် ဇင်ဘာဘွေ နိုင်ငံက မာတာဘယ်လီ တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ ဆင်ဒီဘယ်လ်ဘာသာကို တတ်ကျွမ်းတယ်လို့ သိရတယ်၊ ဟုတ်ပါ သလား ' ဟု ၀င်မေးရာ အက်ရှီက ခေါင်းညိတ်လိုက်သည်။
' ဟုတ်တယ်၊ တတ်တာမှ ခရိတ်က တကယ့် တိုင်းရင်းသားအစစ် တစ်ယောက်လို ဆင်ဒီဘယ်လ် ဘာသာ စကားကို တတ်ကျွမ်းတယ် '
ဟင်နရီ ဆိုသူသည် အထူး သဘောကျသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ခရိတ်အား ဆက်၍ မေးပြန် သည်။
' ခင်ဗျားအနေနဲ့ ဇင်ဘာဘွေနိုင်ငံမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေ အများကြီးရှိတဲ့အပြင် ထိပ်တန်း အစိုးရ အရာရှိကြီး တွေနဲ့လည်း ခင်မင်တယ် ဆိုတာကော မှန်ပါသလား '
ထိုမေးခွန်း ကိုလည်း အက်ရှီကပင် ၀င်ဖြေလိုက်သည်။
' မှန်တာပေါ့ဗျ၊ ခရိတ်ရဲ့ မိတ်ဆွေတချို့ဆိုရင် အခု ဇင်ဘာဘွေ အစိုးရအဖွဲ့မှာ ၀န်ကြီးတွေ ဖြစ်နေပြီ၊ ဒါထက် ကောင်းတာ ဘာရှိသေးသလဲ '
ထိုအချိန်၌ ခရိတ်သည် ဓာတ်ပုံဖိုင်ထဲမှ ဆင်ကြီးများ သေဆုံးနေသည့် အရိုးစုများ ဓာတ်ပုံကို ပြန်ကြည့် နေလေ သည်။
သူ၏ စိတ်သည်လည်း ဓာတ်ပုံထဲမှ အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံဆီသို့ ပြန်ရောက်နေလေသည်။ အမှန်တော့ ခရိတ်သည် ဇင်ဘာဘွေ ဟူသော နာမည်ကိုသဘောမကျမိချေ။ တိုင်းရင်းသားလူမည်း (ကပ္ပလီ) များက မျက်နှာဖြူ အစိုးရအား တော်လှန် တိုက်ခိုက်အောင်မြင်ပြီးနောက် နိုင်ငံ၏ အမည်ကို ဇင်ဘာဘွေ ဟု ပြောင်းခဲ့ခြင်းဖြစ်လေသည်။ မူလနာမည်က ရှိဒီရှားဖြစ်သည်။
ခရီတ်အဖို့မှာ သူ၏ မွေးရာဇာတိလည်းဖြစ်သော ယင်းနိုင်ငံ၏ မူလအမည် (သူ၏မိဘ ဘိုးဘွား လက်ထက်က အမည်) ရိုဒီးရှားကိုပင် သဘောကျမိလေသည်။ ယခု ဇင်ဘာဘွေဟု ခေါ်တွင် နေသော ရိုဒီးရှားနိုင်ငံသည် သူ၏ ဇာတိရပ်ဖြေအစစ်အမှန်ဖြစ်သည်ဟုလည်း သံယောဇဉ်ကြီးစွာဖြင့် ယူဆ ထားလေသည်။
အက်ရှီ က စကားဆက်ပြောပြန်သည်။
' ဒီမယ် ခရိတ်၊ အခု ခင်ဗျားတို့ စာအုပ်ရေးဖို့ တာဝန် ပေးထားတာဟာ အခွင့်အရေး ကောင်းလွန်းလို့ လက်ခံ သင့်ပါတယ်။ စာအုပ်ရေးဖို့ လက်တွေ့ သွားရောက် လေ့လာရတဲ့ စရိတ်စက အားလုံးကိုလည်း ကမ္ဘာ့ဘဏ် က တာဝန်ယူမှာဖြစ်တယ်။ လိုတဲ့ အကူအညီ မှန်သမျှကိုလည်း ပေးလိမ့်မယ် '
အက်ရီ က အားပါးတရ ပြေလေရာ ခရိတ်က မစ္စတာ ဟင်နရီဆိုသူအား လှမ်းကြည့်ပြီး
' နေပါဦးဗျ၊ ကမ္ဘာ့ဘဏ်ကြီးက စာအုပ်ထုတ်ဝေရေး လုပ်ငန်းလုပ်လို့လား ' ဟု မေးလိုက်သည်။
ထိုအခါ ဟင်နရီသည် အက်ရှီ ဘာမှဆက်မပြောရန် ဟန့်တားလိုက်ပြီးနောက် သူကိုယ်တိုင် ခရိတ်အား ရှင်းပြ လေသည်။
' ဒီလိုရှိပါတယ်၊ ကျုပ်တို့ ကမ္ဘာ့ဘဏ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အဓိကတာဝန်က မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေကို ထောက်ပံ့ကူညီဖို့ပါပဲ။ ဇင်ဘာဘွေနိုင်ငံမှာဆိုရင် ကျုပ်တို့ကမ္ဘာ့ဘဏ် အနေနဲ့ ဒေါ်လာငွေ သန်းပေါင်း တစ်ထောင် လောက် ရင်းနှီးမြှုပ်နှံထားတယ်။ ဒီလောက်များများ ရင်းနှီးမြှုပ်နှံထားရတဲ့ ကျုပ်တို့ ငွေတွေ အလဟဿမဖြစ်အောင် ထိန်းသိမ်းကာကွယ်မှုလည်း လုပ်ချင်တယ်။ တစ်နည်းအား ဖြင့် အဲဒီနိုင်ငံ တိုးတက်ဖွံ့ဖြိုးလာအောင် မဖြစ်မနေ လုပ်ချင်တယ်။ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ဇင်ဘာဘွေနိုင်ငံဟာ ကမ္ဘာမှာ စံပြနိုင်ငံတစ်ခုအဖြစ် တိုးတက်ဖွံ့ဖြိုးလာတာကို ကမ္ဘာကို ပြချင်တယ်။ ဒါ့အပြင် လက်ရှိ အစိုးရက တိုင်းရင်းသား ကပ္ပလီ(လူမည်း)အစိုးရဖြစ်ပေမယ့် ကျုပ်တို့ အကူအညီနဲ့ ဆိုရင် ဘယ်လောက် တိုးတက် အောင်မြင် လာတယ်ဆိုတာ လက်တွေ့ပြချင်တယ်။ ဒီလို ဖြစ်လာအောင် ခင်ဗျားရေးမယ့်စာအုပ်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ကျုပ်တို့ ယုံကြည်မိတယ်' ' ထားပါတော့၊ ဒီဓာတ်ပုံတွေကကော ဘယ်လို ပတ်သက်နေတာလဲ ' ခရိတ် က ဆယ်လီ၏ ဓာတ်ပုံဖိုင်ကို ညွှန်ပြရင်း မေးလိုက်သည်။
' ခင်ဗျားရဲ့ စာအုပ်မှာ ဇင်ဘာဘွေ နိုင်ငံအကြောင်း ပိုပြီး သရုပ်ပေါ် ထင်ရှားအောင် ဓာတ်ပုံတွေလည်း ပါစေချင်တယ်။ ဒါကြောင့် ခင်ဗျားရဲ့ စာအုပ်အတွက် လိုအပ်မယ့်ဓာတ်ပုံတွေ စိတ်တိုင်းကျရိုက်ဖို့ ဆယ်လီက တာဝန်ယူပါလိမ့်မယ်'
ခရိတ်သည် ရုတ်တရက် ဘာမှ ပြန်မပြောဘဲ ခေတ္တစဉ်းစားနေမိလေသည်။ စာအုပ်ထဲ ဓာတ်ပုံတွေ ထည့်သွင်း ဖော်ပြရန် ကိစ္စကို သဘောမကျသလိုလည်း ဖြစ်မိသည်။ မိမိ၏ စာရေးသားမှု စွမ်းရည်ဖြင့် ပြည့်စုံအောင် သရုပ်မဖော်နိုင်၍ ဓာတ်ပုံအကူအညီ ရယူရမလို သဘောမျိုး ဖြစ်နေသည်ဟု ယူဆမိ သည်။ ဤအတိုင်းဆိုလျှင် နာမည်ကြီး စာရေးဆရာတစ်ဦးအဖြစ် သူ၏ နာမည်နှင့် ဂုဏ်သိက္ခာပါ ထိခိုက်ဖွယ်ရာ ဖြစ်နေမည်လော။
ဆယ်လီဆိုသူ အမျိုးသမီးသည် မိမိနှင့် အနုပညာ ယှဉ်ပြိုင်ဘက်သဖယ် ဖြစ်လာနိုင်ပေသည်။
ထိုအချိန်၌ ဆယ်လီကိုယ်တိုင်က ခရိတ်အား ရွှန်းရွှန်းစားစား စိုက်ကြည့်နေလေသည်။ သူမ၏ အမူအရာက ခရိတ်၏ စာအုပ်အတွက် ဓာတ်ပုံများ အာဖရိက တိုက်သို့ သွားရောက် ရိုက်ကူးရမည်ကို အထူး စိတ်ဝင်စား သည့်ဟန်မျိုး ဖြစ်နေပေသည်။ သူမ၏ ပါးစပ်နှင့် နှုတ်ခမ်းတို့က အလွန်လှပ ကြည့်ကောင်းနေလေရာ ခရိတ်သည် စိတ်တွေ လှုပ်ရှားချောက်ချားလျက် ရှိနေသည့်ကြားမှပင် ဆယ်လီ၏ နှုတ်ခမ်း လှလှ ကလေးကို နမ်းလိုက်ရလျှင် မည်သို့ နေမည်နည်းဟု မဆီမဆိုင် တွေးမိလေ သည်။
ထိုအခိုက် ဆယ်လီက လှမ်း၍ စကားပြောလေသည်။
' ဒီမယ် ခရိတ်၊ ကျွန်မအနေနဲ့ ရှင်နဲ့သာ အတူလိုက်ရမယ်ဆိုရင် အခု ရှင်မြင်နေရတဲ့ ဓာတ်ပုံတွေထက် ကောင်း တဲ့ ပုံမျိုးတွေ ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ ကျွန်မက ရှင်နဲ့အတူ လိုက်ပြီး အစွမ်းကုန် ကြိုးစားပေး ပါ့မယ်။ ဒါကြောင့် ကျွန်မကို အဲဒီအခွင့်အရေး ပေးစမ်းပါလားရှင် နော် '
သူမ က တိုးလျှိုးတောင်းပန်သလို ပြောရာ ခရိတ်သည် စိတ်ဝင်စားမိလေသည်။
' သြော် ဆယ်လီက ဆင်ကြီးတွေကို စိတ်ဝင်စားပြီး သဘောကျတယ် ထင်တယ်။ ဒါဖြင့် ကျုပ်က ဆင်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်တစ်ခု ပြောပြမယ်။ သေသေချာချာ နားထောင်နော်၊ ရှေးရှေးတုန်းက ဆင်ထီးအိုကြီး တစ်ကောင် ရှိသတဲ့။ အဲဒီဆင်ကြီးရဲ့ နားရွက်ထဲမှာ ပိုးမွှားသေးသေးကလေးတစ်ကောင်က အမြဲ နေတယ်။ တစ်နေ့တော့ ဆင်ထီးကြီးဟာ သိပ်ပြီး မခိုင်ခံ့ တော့တဲ့ တံတားတစ်ခုကို ဖြတ်ကျော် သွားတယ်။ တံတားဟိုဘက်ရောက်သွားတော့ ဆင်ကြီးနားရွက်ထဲက ပိုးကောင်ကလေးက
' ဟေ့ ဆင်ကြီး ခင်ဗျားနဲ့ကျုပ် တံတားပေါ် ဖြတ်ခဲ့တာ တံတားကြီးဟာ အကြီးအကျယ် တုန်လှုပ်သွားတာပဲ ' လို့ ပြော သတဲ့။
ဆယ်လီ သည် နားထောင်နေရင်းက မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ကာ မျက်ရည်များပင် လည်လာလေသည်။
ခရိတ်လည်း ဆယ်လီကိုကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိလေသည်။ သူမသည် စိတ်သဘောထား နူးညံ့ သိမ်မွေ့ သူဖြစ်ကြောင်း သိရသဖြင့် သနားသွားမိသည်။ နှစ်သိမ့် အားပေးလိုစိတ်လည်း ဖြစ်ပေါ် လာမိသည်။ သူကိုယ်တိုင် စိတ်လှုပ်ရှား ချောက်ချားနေမိပုံကိုလည်း နားလည်အောင် ပြောပြချင်သည်။
ဆယ်လီ သည် ဓာတ်ပုံများကို ပြန်လည်သိမ်းဆည်း၍ ထိုင်ရာမှ ထလိုက်သည်။
' ရှင်ရဲ့ နောက်ဆုံးစာအုပ်ကို ဖတ်ကြည့်ပြီးတော့ ကျွန်မဖြင့် ရှင်နဲ့အတူ လိုက်ပြီး အလုပ်လုပ်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာ မိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဆန္ဒပြည့်ဝဖို့က မလွယ်ဘူးဆိုတာ သဘောပေါက်မိပါ တယ်'
ဤသို့ ပြောပြီး သူမသည် အက်ရှီဘက်သို့ လှည့်၍
' ကျွန်မ ၀မ်းနည်းပါတယ်၊ သိပ်မဆာလို့ ဘာမှ မစားချင်တော့ဘူး ' ဟု ပြောလိုက်သည်။
အက်ရှီ လည်း ချက်ချင်းပင် ထိုင်ရာမှ ထလိုက်သည်။
' ဟုတ်လား၊ ဒါဖြင့် အတူတူ ပြန်ကြတာပေါ့၊ ကျုပ်ပါလိုက်ပြီး တက္ကစီကားတစ်စီး ငှားစီးသွားကြမယ်'
အက်ရှီက ဆယ်လီအားပြောပြီး ခရိတ်ဘက်သို့လှည့်၍
' အိုကေ၊ ခင်ဗျား နောက်ထပ်ရေးထားတဲ့ စာမူတွေ လက်နှိပ်စက်ရိုက်ပြီးရင် ကျုပ်ကို အကြောင်းကြား လိုက်ပါ 'ဟု ပြောကာ ဆယ်လီနှင့်အတူ လိုက်ထွက်သွားလေသည်။
ခရိတ် သည် ဆယ်လီအား နောက်မှ လှမ်းကြည့်နေရာ သူမကိုယ်လုံးကိုယ်ဟန် အချိုးကျ လှပပြေပြစ်ပုံကို သတိပြုမိ လေသည်။
ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ ဟင်နရီဆိုသူကတော့ စားပွဲတွင် ဆက်ထိုင်လျက် ရှိလေသည်။ သူသည် ယမကာခွက်ကို မသောက်ဘဲ ကြည့်နေရာ ခရိတ်က သတိပြုမိသဖြင့် -
' ဒီ အရက်က လုံးလုံး မစွံဘူးဗျ၊ နောက်တစ်မျိုးမှာသောက်မှ ကောင်းမယ် ' ဟု ဆိုကာ စားပွဲထိုးတစ်ဦး ကို လှမ်းခေါ် ၍ နောက် အရက်တစ်မျိုးမှာလိုက်သည်။
ဟင်နရီ သည် နောက်ရောက်လာသော အရက်ခွက်ကို စမ်းသောက်ကြည့်ပြီး -
' ဒါကမှ တော်သေးတယ် ' ဟု ပြောလေသည်။
ထို့နောက် ဟင်နရီကပင် သူ၏ လက်ပတ်နာရီကို ကြည့်ပြီး
' ကျုပ်တို့ စားစရာတွေ မှာကြဖို့ တော်ပြီထင်တယ်' ဟု ပြောကာ စားပွဲထိုးအား စားသောက်ဖွယ်များ မှာလိုက် လေသည်။
နှစ်ယောက်သား ထိုင်ရင်း စကားပြောကြရာတွင် အမေရိကန်သမ္မတ ရီဂင်၏ အစိုးရအဖွဲ့ အကြောင်း၊ မက္ကဆီကိုနိုင်ငံမှ ပြည်ပကြွေးမြီများ မဆပ်နိုင်ဘဲ အခက်အခဲတွေ့နေရသည့်အကြောင်း၊ လက်ရှိ ရွှေဈေး အခြေအနေ အကြောင်း စသည်ဖြင့် အကြောင်းအရာမျိုးစုံကို စကားစပ် ပြောဆို ဆွေးနွေးနေကြ လေသည်။
စားသောက်ဖွယ် များ စားသောက်ပြီး၍ ကော်ဖီသောက်နေချိန်တွင် ရွှေဝါရောင် ဆံပင်နှင့် လှပချောမော သော မိန်းကလေး တစ်ဦးသည် အခြားစားပွဲတစ်ခုမှ ထလာပြီး ခရိတ်အနီးသို့ ချဉ်းကပ်လာလေသည်။
' ရှင်က စာရေးဆရာကြီး မစ္စတာခရိတ်မဟုတ်လား ရှင့်၊ ရှင့်ကို ကျွန်မ ရုပ်မြင်သံကြားမှာလည်း ကြည့် ရတယ်။ ရှင်ရဲ့ စာအုပ်တွေကိုလည်း သိပ်သဘောကျမိပါတယ်။ ဒါကြောင့် အမှတ်တရ ဟောဒီမှာ ရှင့်လက်ုမှတ် (အော်တို) ထိုးပေးစေချင်ပါတယ် '
ပြောရင်းနှင့် မိန်းကလေးသည် ဟိုတယ်ဆိုင်၏ စားသောက်ဖွယ်များ စာရင်းစာရွက် (မီနူး)တစ်ခုကို ပေးလေရာ ခရိတ်ကလည်း လိုက်လျောစွာပင် လက်မှတ်ထိုးပေးလိုက်သည်။
မိန်းကလေးသည် ခရိတ်အနီးသို့ လိုသည်ထက်ပို၍ နီးကပ်စွာ မတ်တတ်ရပ်ပြီး ပြုံးလျက်
' ကျွန်မက ၅ လမ်းက အလှကုန်ပစ္စည်းဆိုင်မှာ အလုပ် လုပ်တယ်ရှင့်။ ကျွန်မကို တွေ့ချင်ရင် အဲဒီဆိုင် နေရာမှာ အချိန်မရွေး လာတွေ့ နိုင်ပါတယ် ' ဟု ကနွဲ့ကလျပြောပြီးမှ ပြန်ထွက်သွားလေသည်။
ဘေးမှ ထိုင်ကြည့် စိတ်ဝင်စားနေသူ ဟင်နရီသည် ခရိတ်အနီးသို့ကပ်၍ -
' ခင်ဗျားက ဘယ်လိုလဲ၊ မိန်းကလေး ချောချောလှလှကလေးတွေ အခုလို ချဉ်းကပ်လာရင် ခင်ဗျား ခပ်တည်တည် နဲ့ ပလွှတ်လိုက်တာချည်းပဲလား' ဟု မေးလေသည်။ ခရိတ်က ရယ်မောလိုက်သည်။
' ဒါတော့ဗျာ၊ ယောက်ျားမှန်သမျှ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ချည်းပါပဲ။ စဉ်းစားသာ ကြည့်ပေတော့'
ထိုမျှနှင့် စကားပြတ်သွားပြီးနောက် စားသောက်ဖွယ်များအတွက် ကျသင့်ငွေကို ဟင်နရီကပင် စိုက်ထုတ် ရှင်းပေး လိုက်သည်။
' ကျုပ်မှာ မော်တော်ကား ပါလာတယ်။ ခင်ဗျား သွားချင်တဲ့ဆီကို လိုက်ပို့ပေးပါမယ် '
' ကိစ္စမရှိပါဘူး။ ကျုပ်က လမ်းလျှောက်ချင်လို့ပါ '
' ဒီမယ် မစ္စတာခရိတ်၊ ခင်ဗျားစိတ်ထဲမှာ အာဖရိကတိုက်ကို ပြန်သွားချင်နေပုံ ရတယ်လို့ ကျုပ် အကဲခတ် မိတယ်။ စောစောက ခင်ဗျားဓာတ်ပုံတွေကို ကြည့်နေတုန်း ခင်ဗျားရဲ့ မျက်နှာမူအရာက အလွန် ဆာလောင် မွတ်သိပ် နေတဲ့ လူတစ်ယောက် ပုံမျိုးဖြစ်နေတယ်။ အာဖရိကကို ပြန်လွမ်းနေပုံမျိုးပဲဗျ'
' ဒါတော့ ဖြစ်နိုင်ပါတယ် '
' နောက်ပြီး ခင်ဗျားရေးမယ့် စာအုပ်အကြောင်း ဆက်ပြောချင်သေးတယ်။ ဒါနဲ့ ပတ်သက်လို့ မစ္စတာ အက်ရှီ က အပြည့်အစုံ မသိပါဘူး။ ခင်ဗျားက အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံ ထိပ်သီးလူမည်းခေါင်း ဆောင်တွေ နဲ့ သိကျွမ်းရင်းနှီးတယ် မဟုတ်လား။ အဲဒီအချက်ကို ကျုပ်တို့ အထူး စိတ်ဝင်စားမိတယ်။ ခင်ဗျား ရဲ့ စာအုပ်ထဲက ပါတဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း ကျုပ်တို့ လက်ခံသဘောတူပါ တယ်။ တကယ် လို့ ခင်ဗျားအနေနဲ့ အာဖရိကကို ပြန်သွားဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျုပ်ဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် လိုက်ပါ။ ခင်ဗျား နဲ့ ကျုပ်နဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကျေးဇူးပြုနိုင်လိမ့် မယ်ထင်ပါတယ် '
ဤသို့ စကားကို အဆုံးသတ်ပြီး ဟင်နရီသည် သူ၏ မော်တော်ကားဆီကို လျှောက်သွားလေသည်။ တစ်ဖန် ကားပေါ် တက်ပြီးနောက် ခရိတ်အား လှမ်း၍ -
' ကျုပ် သဘောအရတော့ ဆယ်လီရဲ့ ဓာတ်ပုံတွေက အလွန်ကောင်းတယ်လို့ ထင်မိတယ် ' ဟု ပြောသွား လေသည်။
အခန်း (၃) ဆက်ရန်
.
3 comments:
ကြိုက်စ်......
ကျေးဇူးးးစ်
မြတ်နိုး
ဖတ်ပြီး ဓါတ်ပုံတွေကို ကောင်းကောင်းရိုက်နည်း သင်ချင်စိတ်တောင် ဖြစ်လာတယ်း))
ဆရာမရေ.. အပိုင်းနှစ်ကိုတော့ ဖတ်သွားပြီဗျ.. အပိုင်းသုံးကိုတော့ နောက်နေ့မှပဲ ဖတ်နိုင်တော့မယ်.. စာတွေက အရမ်းများလာတော့ သိပ်အချိန်မရလို့ မဖတ်နိုင်ဘူးဖြစ်သွားတယ်.. ဒီစာအုပ်တွေကို အရမ်းသဘောကျတယ်.. ဖြေးဖြေးချင်းတော့ နိုင်အောင် ဖတ်ပါအုံးမယ်ခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment