အခန်း (၃ဝ) ကျွန်လှောင်ရုံ
ကျွန်လှောင်ရုံ ဆိုကာမျှဖြင့် အများ၏အမြင်အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်။ စိတ်နှလုံး မချမ်းမြေ့ ဖွယ် မြင်ကွင်းတခုအဖြစ် မြင်ကောင်း မြင်ကြပေမည်။ သို့သော် ဤသို့ကား မဟုတ်ပေ။ ပြစ်မှု ကျူးလွန်ခြင်း အတတ်ပညာကို သိမ်မွေ့ ကျွမ်းကျင်စွာ တတ်မြောက်ထားပြီးကြသူများသည် အများ အမြင်၌ ပြောစရာ မရှိရလေအောင် မည်သို့ ဖန်တီးရမည်ကို သိနားလည်ထားကြပြီး ဖြစ်လေသည်။ ထို့ပြင် ထိုကာလ ရောင်းကွက် တွင် လူသားတည်း ဟူသော ကုန်ပစ္စည်းသည် ထိပ်တန်း ကုန်ပစ္စည်း တခု ဖြစ်သည်ဟူသော အချက် ကို ထိုလူများသည် သတိမမေ့ကြပေ။
ထို့ကြောင့် သူတို့သည် ရောင်းကုန်ဖြစ်သော ကျွန်များကို ကောင်းကောင်းကျွေးသည်။ သန့်သန့်ထားသည်။ ဂရုတစိုက်ပြု သည်။ ဤနည်းဖြင့် ရောင်းကုန်ပစ္စည်းများကို ရောင်းပန်းလှစေရန် ပြုပြင်ကြလေသည်။ ပြီးလျှင် သူတို့၏ ရောင်းကုန်ပစ္စည်းများကို ကျွန်လှောင်ရုံရှေ့တွင် တန်းစီလျက် ရောင်းပန်း ပြထားကြလေ သည်။ နယူးအောလင်းမြို့ ကျွန်လှောင်ရုံသည်လည်း ယေဘုယျ ကျွန်လှောင်ရုံများနည်းတူပင် ပြင်ပ အမြင် အားဖြင့် သေသေသပ်သပ်ရှိအောင် ပြင်ဆင်ထားလေသည်။
သူတို့သည် လာသမျှလူကို ရိုရိုကျိုးကျိုး၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံမည်၊ အတွင်းသို့ ၀င်ကြည့်ပါရန် ဖိတ်ခေါ်မည်၊ ထိုအခါ ကျွန်လှောင်ရုံတွင်း၌ များစွာသော လင်၊ မယား၊ သား၊ အဖေ၊ အမေ၊ ညီ၊ အကို မောင်နှမ နှင့်တကွ ကလေးသူငယ်တို့ကို တစခုတဝေးကြီး တွေ့ရမည်။ ထိုတစု တဝေးကြီးကို သူတို့သည် ၀ယ်သူ စိတ်တိုင်းကျ တွဲလျက်သော်၎င်း၊ တဦးချင်းခွဲ၍သော်၎င်း၊ ရောင်း ချကြမည် ဖြစ်လေသည်။
ဦးလေးတွမ်တို့လူစု မစ္စတာဆကက်၏ ကျွန်လှောင်ရုံသို့ ရောက်ခဲ့ကြသည်မှာ တရက် နှစ်ရက်ပင် ရှိပေပြီ။ သူတို့သည် နောက်တနေ့၌ ပြုလုပ်မည့် လေလံပွဲ၌ အရောင်းချခံကြရန် အသင့် ရောက်ရှိနေကြခြင်း ဖြစ်သည်။
ထိုကျွန်လှောင်ရုံတွင်းရှိ ကျွန်တိုင်းပင် ကိုယ်စီကိုယ်စီ အသုံးအဆောင်ပစ္စည်းများကို ထည့်ယူလာသည့် သစ်တာ တလုံးစီပါလာကြသည်။ ကျွန်များကို ထားသော အခန်းကြီးမှာ တန်းလျားရှည်ကြီး ဖြစ်သည်။ တန်းလျားရှည်ကြီး၌ အရွယ်အမျိုးမျိုး၊ ပုံသဏဏ္ဍာန်အမျိုးမျိုးသော ကျွန်များသည် မိမိတို့ဒုက္ခတို့ မေ့စေ ဟူသော သဘောဖြင့် ရယ်ရယ်မောမာ သောသောညံညံ ရှိနေ ၏။ သို့သော် ဦးလေးတွမ်သည် ထိုလူစုနှင့် မရောပဲ ထိုလူစုနှင့် ခပ်လှမ်းလှမ်းရှိ သူ့သစ်တာပေါ်၌ နံရံကို မျက်နှာမူလျက် အထီးတည်း ထိုင်နေ၏။
ကျွန်လှောင်ရုံရှင် ဆကက်သည် သူ့ကျွန်တွေ တသောသော ရယ်မောနေသည်ကို သဘောကျနေသည်။ မှန်သည်။ ဤခြေအနေ၌ မိမိ၏ ကုန်ပစ္စည်းများသည် အရောင်ထွက်နေရ မည်၊ ပြောင်လက်နေရမည် ဖြစ်၏။ ထို့ကြောင့် ရယ်ရယ်မောမော ရှိသည်ကို သဘောကျသည်။ သို့မှလည်း ၀ယ်သူသည် လိုလိုချင်ချင် ၀ယ်ယူမည်။ ဤသို့မဟုတ်ပဲ ဤနေရာတွင် တမှိုင်မှိုင် တတွေတွေနှင့် သားကိုလွမ်း၊ မယားကိုလွမ်း၊ လင်ကိုလွမ်း၊ အမိအဖကိုလွမ်းသည့် သဘောဖြင့် ညှိုးငယ်နေလျှင် ၀ယ်သူ သဘောကျမည် မဟုတ်ပေ။ ကျွန်လှောင်ရုံ ပိုင်ရှင်သည် ဤအဖြစ်မျိုးကို မလိုလားနိုင်ပေ။ ထို့ကြောင့် သူ့ကျွန်လှောင်ရုံ၌ ဤသို့သော ရောင်းပန်းမလှသည့် ကုန်ပစ္စည်းများ ကို အရောင်တင်ပေးရန်အတွက် ကျွန်ထိန်းများ ခန့်အပ်ထားလေ့ ရှိလေသည်။
ကျွန်လှောင်ရုံရှင် ဆကက်သည် အခန်းတွငိးသု့ ၀င်လာ၍ ကျွန်များ တသောသော ဆူညံ ရယ်မော နေသည်ကို အားပေးလှုံ့ဆော်ပြီးနောက် အခန်းပြင်သို့ ထွက်သွား၏။ ထိုနောက် ကျွန်ထိန်း ၀င်လာသည်။ ကျွန်ထိန်း သည်လည်း အသားမည်းတယောက်ပင် ဖြစ်သည်။ ကိုယ်ထည် ထွားကျိုင်းသည်။ သွက်လက် သည်။ ကျင်လည်ပုံလဲ ရသည်။ သူသည် ဦးလေးတွမ်ရှိရာသို့ လျှောက်လာကာ
"အမယ်၊ ဒီနီးဂရိုးကောင်က ဒီမှာ ဘာလာလုပ်နေတာလဲ" ဦးလေးတွမ်ကို ပုတ်ပြီး မေးသည်။ "ဘာလဲကွ၊ ကမ္မဋ္ဌာန်း စီးဖြန်းနေတာလား"
"ကျုပ် နက်ဖန် လေလံပွဲမှာ အတင်ခံရမယ် မဟုတ်လား"
"လေလံတင်မယ် ဟုတ်လား။ ဟား ဟား၊ အတော်ရီစရာကောင်းတဲ့ သတ္တ၀ါကြီးပါလား"
လှောင်ပြောင်ရယ်မော ပြောဆိုရာမှ ဘေးဖက်တွင် ရှိသော အဒေါ်ပခုံးပေါ်သို့ လက်တင် လိုက်သည်။
"ဖယ်စမ်းပါ။ ကျုပ်ဖာသာ နေစမ်းပါ့ရစေ" အဒေါ်က ကိုယ်ကို မတ်မတ်တောင့်လိုက်ပြီး ခပ်ထန်ထန် ပြောလိုက် လေသည်။
"အာလာလာ၊ အကောင်က အသားဖြူဖြူဘဲ။ အဖြူနီးဂရိုးပေါ့" ကျွန်ထိန်းသည် အဒေါ်ကို လှောင်ပြောင် ပြန်သည်။
"ထွက်သွားလို့ ကျုပ်ပြောနေတယ်။ မသွားဘူးလား" အဒေါ်သံသည် ဒေါသသံပါနေသည်။
"အမယ်၊ ငါအဖြူကောင်ပေါ့လေ။ မထိနဲ့ပေါ့လေ၊ ဟုတ်စ။ တယ်ဟုတ်ပါလားကွ။ ဘာလဲ၊ ဒို့က ဆွေကြီး မျိုးကြီး က လာတာ ဟုတ်လား"
"အေး ဟုတ်တယ်။ မင်းတို့အားလုံးကို ၀ယ်ပစ်နိုင်လောက်တဲ့ သခင်မျိုးဆီမှာ ငါနေလာတာ ဘဲ"
သို့တိုင်အောင် ကျွန်ထိန်းသည် အလျှော့မပေးသေးပဲ အဒေါ်ကို ဆက်လက် ကျီစယ် လှောင်ပြောင်နေ၏။ အဒေါ် ၏ ဒေါသ ပေါက်ကွဲရလေသည်။ ရုံအတွင်း၌ လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ ရုံရှင် ဆကက်သည် ကြာပွတ် ကို ၀င့်လျက်
"တိတ်စမ်း၊ တိတ်စမ်း။ ဘာဖြစ်တာလဲ" အော်၍ ၀င်လာသည်။
"ဟောဒီ နောက်ရောက်လာတဲ့ အကောင်သေဘဲ သခင်။ တကယ့်လူစွာတေဗျ" ကျွန်ထိန်း က အစီရင် ခံသည်။
ဆကက် သည် ဘာမျှ စုံစမ်းမေးမြန်း မနေတော့ပေ။ တွမ် နှင့် အဒေါ်ကို ထိုးနှက် ရိုတ်ပုတ် ကန်ကျောက်ပြီး ပြန်ထွက်သွားလေသည်။
ထိုယောက်ျားများကို လှောင်ထားသော အခန်းနှင့် ကပ်လျက် အခန်းကား မိန်းမများ၏ အခန်း ဖြစ်သည်။ အခန်းတွင်း ရှိ မိန်းမများမှာလည်း အရွယ်အမျိုးမျိုး အရောင်အမျိုးမျိုး ပါဝင်သည်။ အသားကြုတ် ကြုတ် မည်းသူ၊ အဖြူသွေးပါသူ၊ ကလေးငယ်၊ အမယ်အို စသည်ဖြင့်။
သူတို့သည် အိပ်ရာဝင်ကြပြီ ဖြစ်သည်။ သို့တိုင်အောင် ဆယ်နှစ်ရွယ် မိန်းကလေး တစ်ယောက်သည် အိပ်၍ မပျော်နိုင်သေးပေ။ သူသည် ငိုနေ၏။ သို့သော် သူ့အဖြစ်ကိုကား မည်သူ မျှ ဂရုပြုမိပုံမပေါ်ပေ။ သူသည် ယမန်နေ့ကပင် ရောင်းချခဲ့ပြီး ဖြစ်သည်။
ထိုအခန်းတွင်း၌ ရောင်းကုန်ပစ္စည်းအဖြစ် မိန်းမလေးငါးဆယ်ခန့် ရှိလေသည်။ အခန်းဒေါင့် တနေရာ၌ မိန်းမနှစ်ယောက်သည် ကျန်လူများနှင့် တသီးတခြားခွဲလျက် ထိုင်နေသည်။ ထို နှစ်ယောက်မှာ သားအမိ ဖြစ်သည်။ မိခင်ဖြစ်သူသည် အဖြူသွေးစပ် ကပြား ဖြစ်သည်။ သမီးဖြစ်သူ မှာ အဖြူသွေး လေးပုံတပုံပါသော မိန်းကလေး ဖြစ်သည်။ မိခင်ဖြစ်သူသည် အသက်လေးဆယ်နှင့် ငါးဆယ်ကြား ရှိသည်။ သမီးမှာ ဆယ့်ငါးနှစ် ခန့် ရှိသည်။ နှစ်ဦးစလုံးသည် သခင်ကောင်းအိမ်၌ နေခဲ့ရသော အသွင် ရှိသည်။ ရုပ်ရည်သန့်ပြန့်သည်။ သိမ်မွေ့ နူးညံ့သော အသွင်လက္ခဏာကို ဆောင်သည်။
မှန်သည်။ သူတို့၏ သခင်မသည် စိတ်သဘောထားကောင်းသည်။
ထို့ကြောင့် သူတို့သည် သခင်မ၏ အဆုံးအမဖြင့် ဘာသာတရားကို ရိုသေကိုင်းရှုင်းသူများ၊ သိမ်မွေ့ နူးညံ့သူ များ ဖြစ်လာခဲ့ ကြသည်။ ပင်ကိုယ်အားဖြင့်လည်း ရုပ်ရည်ချောမောလှပကြသည်။ သူတို့သည် သူတို့၏ သခင်မ လက်ထက်၌ ကောင်းမွန်ချီးမြေ့စွာ နေထိုင်ခဲ့ကြရလေ၏။ သို့သော် သူတို့သခင်မ သေဆုံးလျှင်ပင် သူတို့သည် အဖြစ်ဆိုးနှင့် ရင်ဆိုင်ကြရလေသည်။ သခင်မ၏သား ဖြစ်သူသည် ငွေရဖို့သာ အဓိက ဖြစ်သည်။ ထို့ကြောင့် မိမိပိုင်ဆိုင်သော ကျွန်များကို ရောင်းချပစ် လိုက်သည်။ ဤနည်းဖြင့် ထိုကျွန် နှစ်ယောက်သည် ဤကျွန်လှောင်ရုံတွင်း သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် ရင်ဆိုင်ရအံ့ အဖြစ်အတွက် ပူပန် စိုးရိမ် လှစွာဖြင့် မျက်ရည်များ သွယ်ကျနေ၏။
"အမေ၊ သမီးပေါင်ပေါ် ခေါင်းအုံးပြီး အိပ်လိုက်ပါလား" သမီးလုပ်သူက အမေ့စိတ်နှလုံး ပူပန်ခြင်းကို ငြိမ်းအေး စေရန် စကားစသည်။
"ဘယ်လိုလုပ် အိပ်လို့ရမှာလဲ အမ်မလင်ရယ်။ သမီးနဲ့ မေမေတို့အဖို့ ဒီညဟာ နောက်ဆုံး ညဘဲ မဟုတ်လား"
"အို အမေရယ်။ ဒီလို မပြောပါနဲ့။ သမီးတို့ အတူတူ ရောင်းချင် ရောင်းရမှာပါ။ ဘယ်သူ သိနိုင်တာမှတ်လို့"
"ဒီလိုဖြစ်ရင်တော့ ဘာအရေးလဲ သမီး။ ဒါပေမယ့် သမီးနဲ့ အမေ တကွဲတပြားစီ အရောင်းခံ ရမှာကိုတော့ အမေ စိုးရိမ်တယ်။ အဲဒီအဖြစ်နဲ့သာ ကြုံရရင်တော့ အမေတော့ ဒုက္ခနဲ့ ကြုံရပြီဘဲ"
"သမီးတို့ အတူတူပါ၊ အတူရောင်းပါလို့ ဟိုလူ့ကို ပြောမှာပေါ့"
သမီး၏စကားကြောင့် မိခင်လုပ်သူ ဆူဆန်သည် ကျွန်လှောင်ရုံရှင်၏ အပြုအမူကို ပြန်လည် မြင်ယောင် လာသည်။ သူသည် အခန်းတွင်းသို့ ရောက်လာစဉ်က သမီးလက်ကို စေ့စေ့ ကြည့်သည်။ ဆံပင် စကို သပ်သည်။ ပြီး သမီးဖြစ်သူမှာ ဈေးကောင်းရမည်ဟုလည်း ပြောသည်။ သည်မျှနှင့်ပင် ဆူဆန်သည် သမီး အတွက် အရှက်လည်း ရခဲ့ပြီ။ စိုးရိမ်ခြင်းလည်း ဖြစ်ခဲ့ရပေပြီ။
"မပူပါနဲ့ အမေရယ်။ သမီးတို့ ဈေးကောင်းလဲ ရမှာဘဲ။ တအိမ်ထဲမှာလဲ ရောက်မှာဘဲ။ အမေက ထမင်းချက်၊ သမီးက အိမ်ဖော်ပေါ့။ ၀ယ်တဲ့လူလာတော့လဲ သမီးတို့ ဘာတွေလုပ်နိုင် တယ်ဆိုတာ ပြောတာပေါ့" အမ်မလင်က ပြောသည်။
"မနက်ကျ သမီးဆံပင်ကို နောက်ဖက်လှန်ပြီး ဖြီးထားနော်"
"ဘာဖြစ်လို့လဲ အမေ"
"သမီး လူကောင်းသူကောင်းလက်ထဲ ရောင်းရအောင်လို့ပါ"
"ဘာဆိုင်လို့လဲ အမေ"
"ငါ့သမီးက ချောတော့ သပ်သပ်ရပ်ရပ်ဆိုတော့ လူကောင်း သူကောင်းတွေက သဘော ကျမှာပေါ့။ တခုတော့ အမေပြောပါရစေ သမီးရယ်။ မနက်ဖြန်ကျ အမေက တခြား၊ သမိးက တခြား အရောင်းခံကြရရင် သမီးလေ၊ သမီး ဘယ်လိုကြီးပြင်း လာခဲ့ရတယ်။ သမီးသခင်မက ဘာတွေပြော ခဲ့တယ်ဆိုတာတွေကို သမီး မမေ့နဲ့နော်။ သမီး သမ္မာကျမ်းစာနဲ့ ဓမ္မသီချင်းစာအုပ်ကိုလဲ ယူသွား။ ဖုရားသခင်ကို မမေ့နဲ့သမီး"
လရောင်သည် ပြတင်းတံခါးမှ ကျဆင်းနေသည်။ ထိုသားအမိသည် အိပ်၍ မရနိုင်သေးပေ။ သူတို့သည် အမှန် တကယ်ပင် ကွဲကွာကြရတော့မည်ဟူသော စိုးရိမ်ပူပန်ခြင်းဖြင့် ထိတ်လန့်နေကြ သည်။ နှစ်ယောက် စလုံး ဓမ္မသီချင်းကို ပြိုင်တူ ခပ်ညည်းညည်း ဆိုနေကြသည်။
ကျွန်လေလံပွဲ ဖြစ်သည်။ လေလံဆွဲရန် လာကြသူများသည် လေလံတင်ရောင်းချသည့် ကျွန်များကို စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးနေ၏။ ကျွန်များကိုမူ ခွဲခွာကြရမည့် အရေးအတွက်၎င်း၊ သခင်ဆိုးများနှင့် တွေ့ရမည့် အရေးအတွက်၎င်း စိုးရိမ်ပူပန်စိတ်ကိုယ်စီဖြင့် စုဝေးရပ်နေကြ၏။ ထိုကျွန်များတွင် ဦးလေးတွမ် တို့ အစုလည်း ပါ၏။ ဆူဆန်နှင့် အမ်မလင် သားအမိတို့လည်း ပါ၏။
အ၀ယ်လာသူများသည် မိမိတို့ ၀ယ်မည့် ကုန်ပစ္စည်းအတွက် လွတ်လွတ်လပ်လပ်ကြီး ပြောဆို ဆွေးနွေး နေကြလေသည်။
"ဟေး၊ ဘာလဲ။ ကိုယ်လူ့က ဒီမှာ ဘာလာလုပ်ရပြန်တာလဲ" အဒေါ်ကို အသေအချာ စစ်ဆေး ကြည့်ရှုနေသော လူရွယ်တဦး၏ ပခုံးကိုပုတ်၍ အခြား လူရွယ်တယောက်က မေးလိုက် သည်။
"ဟာ၊ မင်းပါရော။ အေးကွာ။ လူယုံတယောက်လိုချင်တာနဲ့ဘဲ။ စိန့်ကလဲယားကျွန်တွေ ရောင်းမယ်ဆိုလို့ လာခဲ့တာ"
"အလို၊ မင်းက စိန့်ကလဲယား လူတွေထဲက ၀ယ်မလို့လား။ အမယ်လေးကွာ။ အဲဒီက ဟာတွေက အပျက် ချည်းဘဲ ကိုယ့်လူ။ အလကား သုံးမဖြစ်တာတွေ"
"ဒါတော့ မပူဘူးဟေ့။ ကိုယ့်လက်ထဲရောက်တော့ ကိုယ်ပြင်ယူရမှာပေါ့။ ဟောဒီ တယောက်ကို ကိုယ် သဘောကျတယ်၊ ၀ယ်မလို့"
"မင်းတော့ဒုက္ခဘဲ။ အဲဒီကောင်က အဆိုးဆုံး၊ စည်းပျက်ကမ်းပျက် အဖြစ်ဆုံးဘဲ ကိုယ့်လူ"
"ကိုယ့်လက်ထဲကျ ဘယ် ဒီလိုရမလဲ။ ပြင်ယူရမှာပေါ့။ ကိုယ်သူ့ကိုဘဲ ၀ယ်မယ်"
လေလံပွဲမစမီ ကလေးမှာပင် ဂင်တိုတို၊ ခပ်တောင့်တောင့်၊ အင်္ကျီကို ဖရိုဖရဲ ၀တ်ထားသော လူတယောက်သည် လူအုပ်ကြားမှ တိုးဝှေ့လာသည်။ တွမ်သည် ထိုသူ့ကို စိုက်ကြည့်နေ၏။ ထိုသူ့ကို မြင်ရုံမျှနှင့် ထိုသူ၏ ရုပ်သွင်လက္ခဏာ ဟန်ပန်မူရာကို သူ သဘောမကျလှပေ။ ထိုသူ သည်လေလံတင်မည့် ကျွန်များ ကို လိုက်လံစစ်ဆေး ကြည့်ရှုနေသည်။ ခဏအကြာတွင် ထိုသူ သည် တွမ်ရှိရာသို့ ရောက်လာသည်။ တွမ့်မေးရိုးကို ဆွဲပြီး ပါးစပ်ကို ဆွဲဟလိုက်သည်။ သွားကို စစ်ဆေးသည်။ လက်မောင်းကို ပင့်တင်ပြီး ကြွက်သားကို ထုတ်ပြစေသည်။ ထို့နောက် ခုန်ပြစေပြန် သည်။
"မင်း ဘယ်မှာ ကြီးပြင်းလာတာလဲ"
"ကင်တတ်ကီမှာပါ သခင်"
"မင်း ဘာလုပ်ခဲ့ရလဲ"
"သခင့်ခြံကို ကြည့်ရှုရပါတယ်"
ထိုသူသည် ဆက်သွားသည်။ အဒေါ်နား အရောက်တွင် ခဏမျှ ရပ်ကြည့်ပြီးနောက် ဆူဆန်နှင့် အမ်မလင် ရှိရာသို့ ရောက်လာပြန်၏။ အမ်မလင်အား စစ်ဆေးကြည့်ရှုပြန်သည်။
ထိုခဏမှာပင် လေလံပွဲ စလေသည်။
အဒေါ်ကို ခပ်စောစောက လူငယ်ကပင် ၀ယ်ယူလိုက်သည်။ တွမ့်အားလည်း သူ့ကို သေချာစွာ စစ်ဆေးကြည့်ရှု သွားသူကပင် လေလံဆွဲသည်။
ထိုနောက် ဆူဆန် အရောင်းခံရသည်။ ၀ယ်သူသည် ဆူဆန်တို့ သားအမိမှ အမိလုပ်သူကို သာ ၀ယ်ယူခြင်း ဖြစ်သည်။ အမ်မလင်သည်သူ့ကိုပါ မိခင်နှင့်အတူ ၀ယ်ယူရန် ပြောသေး၏။ မရပေ။
လက်ဂရီး အမည်ရှိ ၀ါဂွမ်းစိုက်ခင်းပိုင်ရှင်သည် တွမ့်ကို ၀ယ်ပြီးနာက် အမ်မလင့်ကိုပါ ၀ယ် ယူသည်။ လက်ဂရီး သည် တွမ်၊ အမ်မလင်နှင့်တကွ တခြားကျွန်နှစ်ယောက်ကိုပါ ၀ယ်လိုက်၏။
အမ်မလင် သည် ငိုနေဆဲ ဖြစ်သည်။
လက်ဂရီးသည် စိတ်မကောင်း ဖြစ်မိသေး၏။ သို့သော် ဤအဖြစ်မျိုးမှာ သူ့အဖို့ ရိုးပြီ ဖြစ်သည်။ ဤကဲ့သို့သော သားနှင့်အမိ သမီးနှင့်အမိ လမ်းခွဲရသောအဖြစ်မျိုးမှာ ဤနေရာမျိုး၌ တွေ့မြင်နေကြရမြဲ အဖြစ်မျိုး ပေတည်း။
အခန်း (၃၁) ဆက်ရန်
.

1 comment:
ဖတ်ပြီးသွားပြီ..။ ကျွန်လှောင်ရုံတွေ အကြောင်းဖတ်ရတာ စိတ်မကောင်းစရာ..။ ဗဟုသုတတော့ အများကြီးရသွားတယ်
အစ်မ ကျေးဇူး..။
Post a Comment