ကြောင့်ကြအိုးသို့ ဝေသတည်း
ဆင်ဖြူကျွန်း အောင်သိန်း
စလင်းချောင်းသည် ရမ်းဘိုကုန်း ကမ်းခြေကို ကျောခိုင်းလျက် လေးတွဲ့စွာ စီးဆင်းသွား၏။ သာယာပြန့်ပြူးသော ချောင်းပြင်တွင် အာလူးခင်းမျာက 'စောင်ရန်းတန်း' ကာလိုက်သောအခါ ပြန့်ပြူးသည် မထင်ရတော့။ ရီးဆေးရိုး စိတ်ထဲတွင် ကျဉ်းကျပ်သယောင်ခံစားရ၏။ ထို့ကြောင့် သာယာသည် မထင်ရပြီ။ ငွေရောင် တလက်လက်ဖြင့် မြင်ရုံဖြင့် အမောပြေဆေးတိုက်ကျွေးနေကျ ရေပြင်။ သည်ရေပြင်သည် ရီးဆေးရိုးအား 'လာလေဗျာ' မခေါ်နိုင်တော့။
မည်သို့ဖြစ်စေ ရီးဆေးရိုးမှာ သည်ရေထဲသို့ မဆင်းချင်ဘဲနှင့် ဆင်းရမည်။ သူ့ရင်ဘတ်တွင်၊ သူ့လက်မောင်း သူ့မျက်နှာတွင် နွားစာစဉ်းဖတ် စိမ်းစိမ်းဝါ၀ါတွေ ကပ်ကျံနေ၏။ နွားများကလည်း ကောက်ရိုးနည်းခါမှ ကောက်ရိုးကြိုက်နေသည်။ ကောက်ရိုးချည်း စဉ်းပြီး နွားစာခေါင်းထဲထည့်ထားသည်ကိုပင် စားသည်။ ငတ်၍နေ၍လော။ မဟုတ်ပါ။ မြက်ရော ပြောင်းပင်ပါ စားရသဖြင့် တစ်ကြောင်း၊ အငြိမ်နေရသည့်အတွက် တစ်ကြောင်း ဖီးပြီးဝနေသည်။ ဆီသုတ်ထားသည့်နှယ် ပြောင်လက်နေပေသည်။ သို့ပါလျက်နှင့် ကောက်ရိုးကြိုက်ခြင်းမှာ မွှေးသောကြောင့်ပင်။ တဖြည်းဖြည်း နိမ့်၍နိမ့်၍လာသော၊ ပိန်၍ပိန်၍ လာသော ကောက်ရိုးပုံမှာ သက်တမ်းတစ်နှစ်ပြည့်တော့မည်။ ထိုအခါတွင် ကောက်ရိုးသည် နူးညံ့လာ၏။ အနံ့သင်းသင်းကလေးလည်း ကြူပျံ့၏။ သို့ကြောင့် နွားတွေ တအား တအားစား၏။
ရီးဆေးရိုးမှာ မြက်ကို တအားဖိရိတ်သည်။ လှိမ့်ရိတ်သည်။ မြက်များများရမှ ကောက်ရိုး အကုန်သက်သာ မည်။ တလင်းတွင်းက ကောက်ရိုးကို နွားများမနှစ်သက်။ သို့အတွက် ကောက်ရိုးဟောင်းကို များများ ကျန်အောင် ချွေတာပေးနေရသည်။
သည်အချိန်က ကောက်ရိတ်ချိန်၊ ကောက်လှိုင်းတွေ အိမ်သို့မပါမီ ကန်သင်းတိုင်းကို ပြောင်အောင် ရိတ်ရမည်။ မရိတ်ဘဲထားခဲ့လျှင် အလဟဿ ဖြစ်ရော့မည်။ သည်အတွက် မြက်များများနှင့် ကောက်ရိုး တစ်ဝက်သာ ထည့်စဉ်းသည်။ ရီးဆေးရိုးသည် စဉ်းကောင်းကာင်းနှင့် စဉ်းခဲ့သည်။ စဉ်းဖတ်တွေက 'နန်းတိုင်' ကြားတွင် ပြည့်လာလိုက်၊ လက်ဖြင့် တွန်းပစ်လိုက် ရှင်းပေးသည်။ ဆွမ်းခံပြန်ချိန် တိုင်ခဲ့ငြား ရီးဆေးရိုး သတိမထားမိ။ နန်းတိုင်ကြားတွင် ပြည့်လာသော နွားစာစဉ်းဖတ်များကို တွန်း၍ ဖယ်၍မရတော့မှ ဘာဖြစ်လို့ပါလိမ့် မော့ကြည့်သည်။ စဉ်းပြီးသား နွားစာစဉ်းဖတ်များက သူ့တစ်ထိုင် အရပ်ထက် မြင့်နေ၊ မောက်နေ၊ ချွန်တက်နေပြီ။ သာမန်တွန်းလျှင် ပြန်ပြီး လျှောဆင်းလာတော့သည်။ "အင်း တော်မှ တော်မှ" ရေရွတ်ရင်း နန်းတိုင်ဝန်းကျင်ကို ရှင်းလင်းရန် စုစည်းသိမ်းဆည်းသည်။ မြက်သုံးဆုပ်စာနှင့် ကောက်ရိုး နှစ်ဆုပ် စာသာ စုရုံးရရှိတော့သည်။
'ဟာ…ငါတော်တော် ထိုင်လိုက်တာပါကလား'
နွားစာပုံကြီးကို ကြည့်ကာ ရီးဆေးရိုး ၀မ်းသာသည်။ အနည်းဆုံး သုံးလေးရက်စာရှိနေသည်။ မဟုတ်လား။ ရီးဆေးရိုး သည် ၀မ်းသာအားရ ထရပ်၏။ ခါးတွင် သပ်လျှိုထားသော နှယ် ခါးစန့်နေ၏။ ကုန်း၍မရ။ ခါးဆန့်လျက် လက်ပြင်ကုန်းကာ မန်ကျည်းပင်ရိပ်သိုက ချည်းကပ်လာ၏။
မန်ကျည်းပင်ရိတ်တွင်ကား ထန်းပင်မြစ်ခွံများ 'တလိန်းထိုး'နေသော ဆောင်းတွင်းမီးဖို။ မန်ကျည်းမြစ်ဆုံကြီးသည် ပုဆိန်နှင့် ပေါက်မရ၊ ဖဲ့မရသောကြောင့် ရီးဆေးရိုး၏ မီးဖိုသို့ ရောက်လာ၏။ အငွေ့သော်မျှမထွက်။ ဖြူဥသော ပြာနုများသာ သီးနေ၏။ မီးရှိသည် မထင်ရချေ။ သည် ထင်းတုံးကြီး ဘေးတွင်မူ သစ်ကိုင်းခြောက် အကြီးအသေးများ၊ ထန်းပင်အမြစ်အခွံများ၊ အူတိုင်းများနှင့် မဖုတ်ရသေးသည့် ထန်းပင်မြစ်များ ၀န်းရံနေသည်။ ရီးဆေးရိုးသည် ခါးကုန်းလျက်က ဆေးလိပ်တိုကို ကုန်းကောက်သည်။ ပြာနု ဖုံးနေသော ထင်းတုံးထိပ်ကို ဆေးလိပ်တို့ ရန်လှမ်းလိုက်စဉ် အိမ်ရှေ့'ကပြင်'မှ ရီးကျီးဒန့် အသံပေါ်လာ၏။
"ဆေးလိပ်မသောက်နေနဲ့တော့၊ ထမင်းစားရအောင်"
သို့ကြောင့် ဆေးလိပ်တိုကို ထင်းတုံးပေါ်ပြန်တင်သည်။ ကပြင်စွန်းရှိ ပုဆိုးစုတ်ကို ဆွဲပြီး ချောင်းထဲသို့ ဆင်းခဲ့သည်။ ဤသို့ဖြင့် နွားစာစဉ်းဖတ်များ လိမ်းကျံထားသော ရီးဆေးရိုးသည် ချောင်းပြင်ထဲသို့ ရောက်လာကာ အာလူးခင်းစောင်ရန်းတန်းများကို ကြည့်လျက် စိတ်ကျဉ်းကျပ်နေခြင်း ဖြစ်လေ၏။
၂
လက်ယက်တွင်းမှ ရေခပ်ထည့်သံ 'ပလုံပလောက်'သံသည် ရေစပ်မှ အ၀တ်ရိုက်ပုတ် ဖွပ်လျှော်သံနှင့် အားပြိုင်နေ၏။ တစ်ဖက်ကမ်းရှိ သစ်ပင်အုပ်နှင့် တောတန်းသည် ပြာရီနေ၏။ သည်မည်မျှနေမြင့်သည်တိုင် နှင်းမကွဲချင်သေးသည့် လက္ခဏာပင်။
ရေစီးကြောင်းထဲတွင် ရေချိုးသူဟူ၍ များများစားစားမရှိ။ ရေစပ်တွင်သာ ပျဉ်ပြားခံပြီး ချည်ထုတ်ပုတ်(အ၀တ်ပုတ်တုတ်)ဖြင့် ရိုက်ပုတ်ဖွပ်လျှော်နေသူ၊ သစ်တုံးပေါ်တွင် လွှဲလွှဲကာ ရိုက်ပုတ်နေသူများသာ ရှိ၏။ သို့ရာတွင် ရေစီးထဲတွင် ကုန်းကုန်းကြီးရပ်နေသူ တစ်ယောက်ကား ရှိပေ၏။ ဒေါ်ဖွားအုံ၏ မြစ်မကလေး ဖြစ်ဟန်တူ၏။ ရီးဆေးရိုးသည် လူရှင်းသည်ဆိုကာ ရေထဲသို့ဆင်း၏။ ဆင်းမိပြီးမှ ရေညာသို့ကြည့်၏။ ရေထဲတွင် တကနုးကုန်းဖြင့် လက်လှုပ်နေသော မိန်းကလေးကို သတိပြုမိ၏။ ချက်ချင်းရေထဲမှ တက်၏။
"ခက်တာပဲ အညစ်အကြေးလျှော်ချင်ရင် အိမ်က ရေအင်တုံကလေး ဘာကလေးယူလာပြီးမှ ကုန်းပေါ်မှာ မလျှော်ဘဲကိုး။ အညစ်မကြေးကို ရေတွင်းနဲ့ဝေးရာ ရေစီးကြောင်းနဲ့ ဝေးရာမှာသွန်မှ ကောင်းတော့မှာပေါ့"
ရီးဆေးရိုး ဗျစ်တောက်ဗျစ်တောက် မြည်တမ်းရင်း ရေညာဘက်သို့ လျှောက်လာ၏။
"အင်းမိမဆုံးမ ဖမဆုံးမဆိုတာ ဒါမျိုးထင်ပါရဲ့။ ကိုယ်လျှော်မယ့်အ၀တ်မှာ အညစ်အကြေး စင်တော့မှ ရေစီးကြောင်း ဆင်းလျှော်ရတယ်၊ ဒီလိုမလုပ်ရင် အောက်မှာရေချိုးနေတဲ့ လူတွေရဲ့ကိုယ်ကို ကိုယ့်အညစ်အကြေးတွေ သွားပေလိမ့်မယ်ဆိုတာလောက်မှ မိဘ ဘိုးဘွားတေ မဆုံးမရော့သလား"
သို့နှယ် ရေရွတ်ပြီးမှ သူ့အသံကိုကြားသူ အနီးအနားတွင် ရှိသလောသဘောဖြင့် ပြူးတိ ပြူးကြောင် ကြည့်၏။ ကြည့်မိခြင်းမှာ သူ့စကား လွန်သွားသောကြောင့် ဖြစ်၏။
'အေးလေ… မိဘဘိုးဘွားက အာပေါက်အောင် ဆုံးမလည်း သူတို့က နားထောင်ဦးမှကလား။ သူတို့နားမထောင်ရင်'
ထိုအခါ မြေးများဖြစ်သောကြောင့် မေကြည့်နှင့် ခင်ခင်ကြီးတို့၏ အမည်သည် ရီးဆေးရိုး၏အသိသို့ ပြေးဝင်လာ၏။ တက်ကြွရွှင်လန်းသော မျက်နှာများသည် အမြင်အာရုံ၌ ထင်လာပြန်၏။ သင်းတို့ ညီအစ်မ ၀မ်းကွဲ နှစ်ယောက် အသက်ချင်းတူရုံသာမက ရှစ်တန်းနှစ်ခါကျ၍ ရှက်စနိုးဖြင့် ကျောင်းထွက် ပုံချင်းလည်း တူ၏။ မိန်းကလေးတွေမို့ မိဘက မပြတ်ဆုံးမသည်။ သိကောင်းသိရာကို သင်သည်၊ ညွှန်ပြသည်။ ဘကြီးမိကြီး တို့က ကောင်းစေချင်သဖြင့် ဆိုမြည်သည့် အခါ ဆိုမြည်၊ ချီးမွမ်းသည့်အခါ ချီးမွမ်း၍ ဆုံးမ ပဲ့ပြင် သည်။
နှစ်ဖက်သော မိဘနှင့် အမေကြီးများမူ ဆိုဖွယ်မရှိ။ သို့ရာတွင် ရီးဆေးရိုး၏ အမြင်၌ သည် မြေးမ နှစ်ယောက် မှာ မွေးကင်းစမှစ၍ နားပါလာဟန်မရှိဟုထင်၏။ အကြောင်းမူ သွားသမျှ လာသမျှ လုပ်သမျှ ကိုင်သမျှ တစ်ခုမျှ အချိုးမကျဖြစ်ရသောကြောင့်တည်း။
ရီးဆေးရိုးသည် မြေးမနှစ်ယောက်အကြောင်း တွေးရင်းဖြင့် ရေထဲသို့ဆင်းသည်။ ရေစီးကြောင်းသည် ၀ါးတစ်ပြန်မျှသာ ကျယ်တော့သည်။ အနက်မူ ခြေသလုံးတစ်ပတ်ရစ်ပင် မမြုပ်ချင်။ အညောင်း အညာ ပြေအောင် 'ခွေးကူး' ကလေးတစ်ချက်လောက် ကူးချင်သည်။ ရေနက်ကို ရှာမတွေ့။ ရေစီးကို ကျောပေးလျက် ပက်လက်လှန်ရသည်။ ကောင်းကင်ပြင်သည် စင်ကြယ်အောင် ပွတ်တိုက် ထားသော မဟူရာ တုံးကြီးနှယ် သန့်စင်၏။ ထိုစဉ်တွင် တိမ်ဖြူအမျှင်သည် ငွေပ၀ါလွင့်သောနှယ် တရွေ့ရွေ့ လွင့်မျော လာ၏။
ရေချိုးနေသော ရီးဆေးရိုး၌ ဆပ်ပြာမပါချေ။ မပါငြားသူသည် ချေးတွန်း၏။ ရေစီးထဲမှ သဲနုကလေးတွေ နှိုက်ယူကာ ကိုယ်အနှံ့ပွတ်သည်။ တစ်ကိုယ်လုံး မြုပ်အောင် ရေထဲနှစ်သည။ အသက်အောင့် ထားပြီးနောက် ကပျာကယာထထိုင်လိုက်သည်။ မျက်နှာကို လက်ဝါးဖြင့် သပ်ချလိုက်သောအခါ ရေထဲသို့ တရွေ့ရွေ့ ဆင်းလာသော မိန်းမတစ်ယောက်ကို မြင်ရသည်။ ထိုမိန်းမသည် ရေစီးဘက်သို့ ကျောပေး ထိုင်ကာ ၀မ်းလျားထိုး၏ ရီးဆေးရိုး မျက်နှာလွှဲလိုက်ရသည်။
ရီးဆေးရိုးသည် စိတ်ဆိုးမာန်ဆိုးဖြင့် အသံထွက်အောင် "ထွီ"ခနဲ တံထွေးထွေး၏ သည်မျှဖြင့် မတင်းတိမ် သေးဘဲ"အလကားဟာတွေ အသုံးမကျတဲ့ဟာတွေ" မြည်ရွတ်သေးသည်။ "မိမဆုံးမ၊ ဖမဆုံးမတွေ အလကား" ဆုံးအောင် မရွတ်ပါ။ 'အေးလေ မိဘက အာပေါက်အောင် ဆုံးမပေမဲ့ နားပါချင်မှ ပါတဲ့ဟာတွေပဲ' ဟူသည့် အတွေးဝင်လာသောကြောင့်ပင်။
ဆောင်းနေသည် မွန်းတည့်နေပါလျက် မပူချင်သေး။ လေပြည်ကလေးတစ်ချက် သုတ်သည်။ ရီးဆေးရိုးမှာ ရေလဲပုဆိုးကို ခြုံလျက် သွက်သွက်လှမ်းမိသည်။ ချောင်းထိပ် ပြည်ပန်းညိုပင်အောက် ရောက်ချိန် တွင် ဂဒိုးမှုတ်သံတဒူဒူကို ကြားရသည်။ ထိုခဏ၌ ကောက်ရိတ်အငှားလိုက်သွားသော မြေးမ နှစ်ယောက်သည် ရီးဆေးရိုး၏ အာရုံထဲသို့ ပြေးလွှားရောက်ရှိလာကြပြန်သည်။ "ကနေ့တော့ နည်းနည်း ဝေးတယ် အမေကြီးရေ့" ခင်ခင်ကြီး အော်သံကို ကြားယောင်၏။
"အံမယ်၊ ဝေးပေမဲ့ တာလမ်းဘေးမှာတင်"
ဤသည်ကား မေကြည်၏ ဖြည့်စွက်စကား။ ကောက်ရိတ်သမ၊ ကောက်ရိတ်သမများသည် လုပ်ငန်းခွင်သို့ နွားလှည်းဖြင့်မသွား၊ မြင်းလှည်းဖြင့်မသွား။ စီးစရာ ဘိုင်စကယ်လည်းမရှိ။ ရှိ၍စီးသွားဦး၊ ၀ိုင်းဝန်းသရော်ခြင်း ခံရမည်။ သို့ဖြစ်၍ တပျော်တပါး အုပ်ကြီးဖွဲ့ကာ ကားလမ်းအတိုင်းပင် ပြန်လာကြမည်။ ပျော်ရွှင်တတ်သော မြင်းရထား (မြင်းလှည်း)နှင့် ကြုံလျှင် အပြန်အလှန် နောက်ကြပြောင်ကြ ရယ်မောကြ။ သို့ပါလျက် နှင့် မေကြည်သည် 'တာလမ်းဘေးမှာ'ဟူ၍ အဘယ်ကြောင့် အထူးပြုရသနည်း။ မည်သည့် အကြောင်း ကြောင့် တာလမ်းဘေးကို သတိတရ ပြောသနည်း စဉ်းစားသည်။ စဉ်းစား၍ ရိပ်မိယောင် ရှိသောခဏ၌ ရင်ထဲ၌စူးခနဲပူသည်။
သည်အချိန်သည် မွန်းတိမ်းစ၊ စာပို့ကား ပြန်လာတတ်သောအချိန်။ မိုးတွင်းတုန်းက ပွင့်ဖြူ တစ်ဖက်ကမ်း ရှောက်တော သို့ ရီးဆေးရိုး ရောက်သွားသည်။ ရှောက်တောမှ အပြန်တွင် စီးခဲ့သော ကားမှာ သည်စာပို့ ကား။
၃
စာပို့ကားသည် စာပို့ကား အမည်ခံငြား စာချည်းသက်သက်မပို့နိုင်။ ကုန်ရောလူပါ တင်ယူပို့ဆောင်ရ သည်။ မင်းဘူးထွက်ကတည်းက ပြည့်ကျပ်လာသော စာပို့ကားမှာ လယ်ကိုင်းရေက်လည်း မချောင်။ ပွင့်ဖြူရောက်လည်း မချောင်ချေ။ သုံးယောက်ဆင်းလျှင် လေး ယောက်တက်၍၊ လေးယောက်လျော့သော် ခြောက်ယောက်တိုး၏။ ရီးဆေးရိုးသည် ပွစိ ပွစိ ပြောသံများကို မကြားယောင်ပြုကာ ရှေ့သို့တိုး၏။ မျက်စောင်းများကို လျစ်လျူရှုလျက် အတွင်းသို့ ၀င်၏။ အသက်ကြီးပြီ။ နောက်က မတွယ်ရဲပါ။ ကားဆောင့်လျှင် နောက်မြီးက ပိုပြီးခုန်၏။ ဆွဲကိုင် ထားသောနေရာမှ လက်ပြုတ်အံ့သို့ မကြာခဏဖြစ်သည်။ နောက်မြီး ပဲ့ကျမည်လည်းစိုးသည်။
သို့ဖြင့် အတွင်းသို့ ကျုံးပြီး တိုးလာသောအခါ ဖုန်မွှန်လည်း သက်လာ၏။ ကားမောင်းသူ၏ အော်သံ ဟစ်သံများကိုလည်း သဲကွဲစွာ ကြားခွင့်ရ၏။
ဝဲယာလယ်ကွင်းများသည် ရီးဆေးရိုးအား ငေးလှည့်မော့လှည့်ဟု ဖိတ်ခေါ်သည်သို့ရှိသည်။ အမြှုပ် တဖွေးဖွေး ဗျိုင်းတ၀ဲဝဲနှင့် လယ်ကွက်များ ကျန်သေးသည့်နည်းတူ၊ ကောက်ပင်နုကလေးတွေ တန်းစီနေသော လယ်ကွက်များသည် တစ်ကွက်ပြီးတစ်ကွက်။
ကောက်စိုက်မများသည် လယ်ကွက်ထဲမှ လှမ်းအော်ကြ၏။ ' ကျုပ်တို့ လိုက်ချင်လို့ ခဏရပ်ပါဦး' ရပ်မယ် ရပ်မယ်၊ နက်ဖြန်ကျရင် သည်နားက စောင့်' စသည်။ လယ်ကွင်းများပျောက်ပြီး ကုန်းခြောက် တောခြောက် များ ၀န်းရံလာပြန်၏။ သို့သော် ရေမတက်သောနေရာ အနည်းအစုသာ။ ဟိုအဝေးတွင် ရေဖွေးသော လယ်ကွင်း ကြီးများ။
မကြာမီ ကောက်စိုက်မ တစ်သိုက်ကို လှမ်းမြင်ရသည်။ ကားကို ကျောပေးလျက် တရွေ့ရွေ့ ပြန်နေကြသည်။ ကားသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ သနပ်ခါးဖွေးဖွေးအောက်မှ ပြုံးနေ သောပါးစုန့်ကြီးများ ရယ်နေသော ပါးစပ်များ။ သူတု့သည် အသက်အရွယ် ကွဲချင်ကွဲမည်။ အ၀တ်အဆင်မှာမူ မခြားနားလှ။ နှီးထိုးခမောက်လုံးကို မေးသိုင်းကြိုးတပ်ပြီး ဆောင်းသည်။ သနပ်ခါး ပါးကွက် ပါးမှာခြယ်သည်။ အောက်ခံ မိန်းမ၀တ်အင်္ကျီပေါ်တွင် ယောက်ျားဝတ် ရှပ်အင်္ကျီ ဖားဖားကြီးတွေ ထပ်ထားသည်။ အဆင် ကွဲသော ထဘီများမှာလည်း ရွှံ့ရေကြောင့် ဆင်းရာဖြစ်နေ သည်။ ရီးဆေးရိုးမှာ ကောက်စိုက်မများ၏ ဝေးခနဲ ညာသံကြောင့် ပြုံးမိသည်။
ဒရိုင်ဘာခန်းမှ ' ကောက်စိုက်မတွေ မတက်ပစေနဲ့နော်၊ မတက်ပစေနဲ့ကြားလား' အော်သံ ပေါ်လာ၏။ ' ကြားတယ်အစ်ကိုရေ့' တုံ့ပြန်သံပေါ်လာငြား၊ ကောက်စိုက်မများက ကုန်းထက်မှ စောင့်သည်။ ကုန်စည်နှင့်ခရီးသည် အပြည့်အသိပ်တင်လာသော သည်ကားအိုကြီးသည် အဘယ်မှာလျှင် လျင်မြန်စွာ တက်နိုင်ပါမည်နည်း။ ကောက်စိုက်သမများက သူတို့အနားသို့ ကား ရောက်လာလျှင် တက်စီးရန် ဟန်ပြင်ထားကြ၏။ သူတို့မျက်နှာများက ပြုံးလျက် ရွှင်လျက်။
သည်ပြုံးသောရွှင်သော မျက်နှာများကို စေ့စေ့ကြည့်လျက် လူနှစ်ယောက်က မတိုးမကျယ် ပြောလာကြ၏။ 'ဟောဟို ပန်းအနီနဲ့ မိန်းမနဲ့ ငါနဲ့ မုန်းဆိပ်မှာ စကားပြောဖူးတယ်ကွ' စသည်၊ ' အေး ငါနဲ့လည်း ရွှေဘိုဘုရားဖူးပွဲအတူ ကြည့်ဖူးတယ်' စသည်ဖြင့်။ သူတို့ကား ယာဉ်မောင်း၏ဘေးတွင် မတ်တတ်ရပ်လျက် ပါလာသူ များပေသည်။ ဤသို့ဤသို့သော သူများ သည်သည်ခရီးလမ်း၌ မည်ကဲ့သို့ အသုံးတည့်သည်၊ မည်သူကား မည်သို့တူသည်ကို ရီးဆေးရိုးမသိ။ ကားသမားများမှသာသိမည်။
ညာသံပေး၍ အော်သံများ၊ ရပ်ပါဦး အော်သံများ ပေါ်လာငြား ကားသည် မရပ်။ ကောက်စိုက် သမများ ကားဘေးတွင် တွယ်ရန် ကြိုးစားကြ၏။ ဦးစွာတွယ်ထားသူများက တွန်းယောင် ဖယ်ယောင် လက်ပြယောင်ဖြင့် အုံးကိုကိုင်၏။ မေးကို တို့၏။ ပါးကို ဆိတ်၏။ အဲရေးသံများ ဆူညံ ကျန်ခဲ့သည်။ ရယ်မောသံများက ဖုန်လုံးအပြင်သို့ ပြေးထွက်သွားတော့သည်။ သို့ရာတွင် ကောက်စိုက်အဖွဲ့မှာ သည်တစ်ဖွဲ့တည်းသာရှိသည်မဟုတ်။ မိုင်ဝက်ခန့် မောင်းမိချိန်တွင် ရှေ့မှာ တစ်ဖွဲ့၊ နောက်မြီးမှ စပယ်ယာ၏ လက်ခေါက်မှုတ်သံပေါ်လာသည်။ ဆင်းမည့်သူ ရှိသည် ဟူသည့် သင်္ကေတ။
ကားရပ်နေကျ လမ်းခွစခန်းမို့ ကားရပ်သည်နှင့်တစ်ပြိုင်နက်တည်း ကောက်စိုက်သမတွေ ဆွဲတက် သည်။ တွယ်ဖက်တက်သည်။ တစ်ယောက်သော ညိုပြာညက်ကလေးကား ယာဉ်မောင်း၏ဘေး၌ လာရပ်၏။ သူရပ်စဉ်က တစ်ယောက်တည်းဖြစ်ငြား ကားထွက်မိချိန်၌ အတွယ်တစ်ယောက် စွေ့ခနဲ ရောက်လာ၏။
ကျန်သည့်အတွယ် တစ်ယောက် ဘယ်ရောက်သွားပါလိမ့်။ ရီးဆေးရိုး ဟိုကြည့်သည်ကြည့် ကြည့်နေစဉ် အတွယ်သမားက ကောက်စိုက်သမလေးနှင့် ပါးချင်းကပ်၏။ ကောက်စိုက်သမကလေးမှာ လက်မောင်းတွင် ဒန်လက်ဆွဲချိုင့်ကလေး လျှိုထား၏။ သူသည် အတွယ်သမားနှင့် ပါးချင်းအယှဉ်မခံ။ ထိုင်စီးသည်။ အတွယ်သမား ကုန်းငုံ့ပြီး စကားပြောသည်ကို သာမြင်ရ၏။
ဘာပြောတာပါလိမ့်။ ကောက်စိုက်သမကလေးတွေကလည်း သည်လိုပဲ အပူးအကပ်ခံပြီး ကားစီး သလား၊ ကားသမားရဲ့ အသိလိုလို ဘာလိုလို လူတွေကကော 'ပရောပရည'နဲ့ စားနေကျ ကြောင်ဖား တွေလား'
ရီးဆေးရိုး ပူပန်စွာကြည့်သည်။ တကြောင့်ကြကြတွေးသည်။ သူတွေးနေဆဲမှာပင် မိန်းကလေးသည် ၀ုန်းခနဲခုန်ချ၏။ ရီးဆေးရိုး ထိတ်ခနဲဖြစ်သွား၏။ ပြုတ်ကျသလော။ ချိုင့်ထဲသို့ ကားဘီးကျကာ ခါသွားစဉ် ပြုတ်ကျလေသည်လော။
' ဘာဖြစ်တာတုံး '
မေးသံနှင့် အတူ ယာဉ်မောင်းသည် အပြင်သို့ ခေါင်းထွက်လာသည်။ ရီးဆေးရိုးသည် ရောယောင်ပြီး မျှော်ကြည့် သည်။ တော်သေး၏။ မိန်းကလေးသည် လမ်းလျှောက်မပျက်။ သို့သော် မျက်စောင်းထိုး ကာ ပွစိပွစိ ရေရတ်နေသည်။ အတွယ်သမားက ယာဉ်မောင်းကို တစ်စုံတစ်ရာ ကပ်ပြောပြီး တဟား ဟား ရယ်မော နေလေ၏။
၎
ရှောက်တောမှ အပြန် သည်ရှုခင်းသည် ရီးဆေးရိုး၏ အသိသန္တာန်တွင် တိုက်တိုက် ဆိုင်ဆိုင် ပေါ်လာ လေသည်။ မေကြည်၏ ' တာလမ်းဘေး 'ဆိုသော စကားကို သတိမရလျှင်လည်း သည် အကြောင်း ပေါ်လာစရာမရှိ။ ယခု ပေါ်လာသဖြင့် ရင်ကို မ ရပြီ။
' သူတို့ကောက်ရိတ်စည်းအတက်မှာ ကားမလာပါစေနဲ့။ ကားလာရင်လည်း တအားမောင်းသွားပါစေ'
မီးပြင်းထိုးထားသော ထမင်းအိုး ဝေကျသောနှယ် ရီးဆေးရိုးရင်၌ ကြောင့်ကြမှုများ စီးဝေကျနေ၏။ ရေလဲ ပုဆိုးကို ကပြင်တွင် လှမ်းသည်။ ခါးပန်းပေါ်မရောက်။ မြေကြီးပေါ်ကျသွားသည်။ လှေကားရင်းသို့ လျှောက်လာတော့မှ မြေကြီးပေါ်က ပုဆိုးကိုမြင်သဖြင့် ကောက်ယူရသည်။
' ထမင်းစားမယ်၊ ဘာငေးနေတာတုံး'
' အေး ... အေး '
ဆိုကာ အိမ်ပေါ်သို့ တက်လာခဲ့ရငြား ရီးဆေးရိုး၏ အသိစိတ်သည် ကိုယ်တွင်မကပ်။ တာလမ်းသို့ ရောက်နေသည်။
' ငါ့မြေး အပျိုမနှစ်ယောက် လမ်းလျှောက်မပျင်းပါစေနဲ့။ ကားကြုံမစီးဖြစ်ပါစေနဲ့ 'ကျိတ်ပြီး ဆုတောင်းသည်။
"ဟော်တော် ... ထမင်းပွဲမှာ ထိုင်ပြီး လက်လည်း မဆေး၊ ထမင်းလည်း မနှိုက်ဘဲ ငေးနေပါကော"
ရီးကျီးဒန် လှမ်းကြည့်ကာ အော်ပြောပြီးနောက် အိမ်အောက်သို့ ဆင်းသွားသည်။ တို့စရာ ရှာရန်လော၊ ရေနွေးအိုး ယူရန်လော။
"ဟုတ်တယ်၊ လူတွေက လူလည်တွေ။ မိန်းမ တစ်ရွာတစ်ယောက် မထားရင် ကံကောင်း။ ငါ့မြေးလေးတွေက မလိမ်မိုး မလိမ်မာနဲ့။ မိဘစကားသာ ကလန်ကဆန်လုပ်တတ်တာ၊ လောက အကြောင်းလည်း ဘာမှ သိတာမဟုတ်ဘူး။
ရီးဆေးရိုးသည် ထမင်းလုတ်ကို ပါးစပ်တွင်းသို့ မသွင်းဖြစ်သေး။ သူ့ရှေ့တွင် မည်သည့်ဟင်းတွေ ပြင်ဆင် ခူးခပ်ထားသည်ဟူ၍လည်း သတိမထားနိုင်။ ဤအရာကား ထမင်းပန်ကန်ပေးတည်းဟူ၍ သာ အမှတ်ဖြင့် နှိုက်လိုက်ခြင်းသာ ရှိ၏။ ထိုစဉ်တွင် ကပြင်သို့ တက်လာသည့် ခြေသံ ကြားရ၏။ ထမင်းလတ်ကို ပါးစပ်တွင်း သို့ အလျင်အမြန် သွင်း၏။ သွားဖုံးဖြင့် ကြိတ်ဝါး၏။
"အမေကြီး ထမင်းစားပြီးပြီလား"
မြေးမကြီး မေးကြည့်အသံပါတကား။ ချောချောမောမော ပြန်လာကြပါပြီတကား။
"ညည်းတို့ကတော့ စားနေပြီ"
"အမေကြီး ဘာချက်တုံး"
"မုန့်ဆီကြော်နဲ့ ငရုတ်သီးချက်သတော်"
ခင်ခင်ကြီး၏ အသံကိုလည်း ကြားရလေပြီ။ ရီးဆေးရိုးရင်ထဲက အလုံးကြီး ကျသွားပြီး။ နောက်ထပ် ထမင်းတစ်လုတ် ထပ်နှိုက်သည်။ တစ်စုံတစ်ရာနှင့် လက်နှင့် တိုးမိသည်။ ဘာပါလိမ့်။ ငုံ့ကြည့်ပြီး နောက် ရီးဆေးရိုး မှာ အလျင်အမြန် နေရာရွှေ့ရသည်။ သူထမင်းနှိုက်နေသောအရာမှာ ထမင်း ပန်းကန်မဟုတ်။ အစောင်အဖြစ် 'စောင်'ထားသော ထမင်းများထည့်ထားသော ဆန်ဆေးတောင်း ကို နှိုက်နေမိ သောကြောင့် ပေတည်း။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
3 comments:
အဟီး . .ဖြစ်ရလေ။
ငါ့အစ်မများ စာရေးနိုင်လိုက်တာ။
ကျနော့်မှာ အချစ်ဝတ္ထုလေး မရေးတာ ကြာလို့ အားတင်းပြီး ရေးတာတောင်မှ ၅ ရက်လောက် ရေးလိုက်ရတယ်။ နည်းနည်းတော့လည်း ရှည်သွားတယ်။ အစ်မကိုပဲ ရှဲဒိုး ရေးခိုင်းရရင် ကောင်းမလားလို့ စဉ်းစားနေမိတယ် . .အဟိ။
ဝတ္ထုလေးက အခုမှ ပြီးတယ်။
http://www.zaw357.net/2010/07/blog-post_14.html
ဟားဟား တချို့ကလည်း စာမဖတ်ဘဲ ကော်မန့်ဝင်ရေးလား မသိပါဘူး မရွှေစင်ရယ်။
ဆင်ဖြူကျွန်းအောင်သိန်းရဲ့ ရီးဆေးရိုး ရီးကျည်းဒန် တင်တာတောင် မရွှေစင်ရေးတယ် ဖြစ်ရသေးတယ်။ စာရေးတာနဲ့ စာရိုက်တာ မခွဲတတ်ဘူးထင်တယ်နော်။ ဟိဟိ။
အမည်မဖော်တော့ဘူးနော်။ မရွှေစင် သိရင်ပြီးရော။ :P
ကိုဇော်-ရေ။ ငါးရက်မှာ တစ်ပုဒ်ပြီးအောင် ဇွဲနဲ့ ရေးနိုင်တာ ကောင်းတာပေါ့။ အလုပ်တစ်ခုကို ဖြစ်မြောက်အောင် လုပ်နိုင်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ။
Post a Comment