Saturday, July 10, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၆)

အခန်း (၂၆)

နောက် အိမ်ထောင်ပြုပြီး သူ၏ဇနီးနှင့် ၁၅-နှစ်ခန့် ဤနေရာတွင် အေးချမ်းစွာ နေလိုက်ရပါသည်။ သည့်နောက် နိုင်ငံအကျိုးကို ဆောင်ရွက်နေရပြန်သဖြင့် သူ၏ အိမ်ကလေးကို ပြုပြင်မွမ်းမံ၍ ဥယျာဉ် ပန်းခြံမြေ အား လှပအောင် ပြုစုခြင်းကို ၆-နှစ်မျှ ရပ်ဆိုင်းစွန့်ပစ်ထားခဲ့ရပါသည်။

နောက်တခါမှာလည်း ဂျော့ဝါရှင်တန်သည် အမေရိကန်ပြည်ထောင်စုကြီး၏ ပဌမဦးဆုံး သမတကြီး ဖြစ် လာသဖြင့် ၈-နှစ်လုံး ထိုအိမ်ကို ခွဲနေရပြန်ရာ နောက်ဆုံး ၁၇၉၉ ခုနှစ်တွင် နိုင်ငံရေးကို စွန့်လွတ်ပြီး လွတ်လပ် အေးချမ်းစွာ သူ၏ မောင့်ဗာနန်နေအိမ်သို့ လာရောက် အနားယူနေထိုင်ရာမှ အနိစ္စ ရောက်ရှာ လေသည်။

ရာဇ၀င်ပြောင်လှသော တိုင်းပြည်ကြီး၏ ခေါင်းဆောင်မျိုးချစ်ပုဂ္ဂိုလ်ကြီးအဖြစ်နှင့် ပြည်ထောင်စုကြီး တခုလုံး ၏ လေးစားကြည်ညိုခြင်းခံရသော ပုဂ္ဂိုလ်ကြီး၏ နေအိမ်နှင့် မောင့်ဗာနန် မြေနေရာအ၀ှမ်း ကား မောင့်ဗာနန် ၏ ဇနီး၏ လက်တွင် ၃-နှစ်ခန့်သာ ဆက်လက်တည်ရှိခဲ့သည်။ ၃-နှစ် မျှ တည်ရှိ ခဲ့ခြင်းမှာလည်း ဂျာ့ဝါရှင်တန် ၏ ဇနီး မားသားကားတစ်မှာ သုံးနှစ်အကြာတွင် အနိစ္စရောက်ရှာသော ကြောင့်ဖြစ်ပါသည်။ ဂျော့ဝါရှင်တန်၏ သင်းချိုင်းဂူနှင့် ဇနီးဂူမှာ သူ၏အိမ်နှင့် မနီးမဝေးသူ့မြေနေရာ ပေါ်တွင် အခိုင်အမာ တည်ရှိ နေခဲ့ပါသည်။

သို့ရာတွင် မမြဲသော သဘောကြောင့်တကြောင်း၊ ပြည်တွင်းကိစ္စများကြောင့်တကြောင်း၊ သားမြေး စဉ်ဆက် မစည်ပင်ပြတ်လပ်သဖြင့်တကြောင်း၊ ဂျော့ဝါရှင်တန်၏ နေအိမ်နှင့် ပစ္စည်းအသုံးအဆောင် များသည် အနီးအပါး ရပ်ရွာရှိ သူတပါးများလက်သို့ ပျံ့နှံ့၍ ကစင့်ကရဲ ဖြစ်ကုန်ပါသည်။ နှစ်ပေါင်း ၅၀-ကျော်သောအခါ နှမြောစရာ ကောင်းသော မောင့်ဗာနန် နေအိမ်ဝင်းခြံများကို ခေါင်းဆောင်ကြီး ဂျော့ဝါရှင်တန်ကို လေးစားသော အားဖြင့် မူလလက်ရာခြေရာ မပျက်ထားရန် အထိမ်းအမှတ်ပြုရန် သတိတရား ရရှိ လာကြသည်။ ခေါင်းဆောင်ကြီး၏ ကျေးဇူးတရားကို နိုင်ငံသူ နိုင်ငံသားတို့က မသိတတ်၍ ပစ်ပယ် တိမ်မြုပ် ထားခြင်း ကား မဟုတ်တန်ရာ အူမတောင့်မှ သီလစောင့်နိုင်သည်ဆိုသော စကားအတိုင်း လွတ်လပ်ရေး ရပြီး သည့်နောက်လည်း ပြည်တွင်းစစ် များကြောင့်တကြောင်း၊ အေးချမ်းစည်ပင်မှု အခြေခံပြုပြင်၍ ပြင်ဆင် ဖန်တီး တည်ဆောက် မှုများကို ကြိုးစားလုံးပမ်းနေကြရသော အခိုက်အတန့်ကြောင့် သီလမစောင့်နိုင်သေး၍ ပစ်ထားရခြင်းသာဖြစ် ပါလိမ့်မည်။

အနှစ်(၅၀) လွန်မြောက်ခဲ့သောအခါမှာတော့ ပြည်ထောင်စုကြီးအသားကျ၍ တိုးတက်နေပြီ။ (မစ်အန္နပမ္မလားကဲနင်ဟန်)ဆိုသူ အမျိုးသမီးကြီးက ခေါင်းဆောင်၍ အမျိုးသမီးအသင်းတခုဖွဲ့စည်း ပြီး အလှူငွေ များစုလျက် လက်ပေါင်းမြောက်များစွာသို့ ပြန့်ထွက် လွင့်စင်နေသော ဂျော့ဝါရှင်တန်၏ အိမ်ထောင်မှု ပစ္စည်းများကို လိုက်လံ ၀ယ်ယူစုဆောင်းကာ ၀င်းကြီး ခြံကြီးတခုလုံးနှင့် အိမ်ကြီးတလုံးကို ရှေ့ခေတ်က အတိုင်း အထားသိုမှန်ကန်စွာနှင့် ခြေရာ လက်ရာမပျက် ဂျော့ဝါရှင်တန်ကို အထိမ်းအမှတ် ပြုလျက် ပြတိုက်ကြီးတခုပမာ ထားရှိခြင်းဖြစ်သည်ဟု သိရပါသည်။

စာရေးသူတို့အား ၀ါရှင်တန်နေ မိတ်ဆွေဦးခင်က မောင့်ဗာနန်သို့ သူ၏ကားနှင့် လိုက်ပို့ပါသည်။ တနာရီ မိုင် ၇၀... နှုန်းလောက်နှင့် မောင်းသွားသည်ပင် ၀ါရှင်တန်မှ မောင့်ဗာနန်အထိ နာရီဝက် ကျော်ကျော် သွားရသည်ဟု ထင်ပါသည်။ ကိုလံဘီယာဘက်လင်ကွန်း ကျောက်ရုပ်အနီးရှိ အာလင်္ဂ လန်တံတားမှနေ၍ ပိုတိုမက်မြစ်တဘက်ကမ်း ဗာဂျီနီးယားဘက်နှင့် စပ်နေသော ကိုလံဘီယာကျွန်း ရှည်ပန်းခြံဘက်သို့ ရောက်သွား သောအခါ၊ ထိုလမ်းခွတွင် (မောင့်ဗာနန်မီမိုရီးရယ်ဟိုက်ဝေး) လမ်းကျယ်လမ်းရှည်ကြီးနှင့် ဆုံသော နေရာသို့ ရောက်ပါသည်။

မောင့်ဗာနန်အထိမ်းအမှတ် လမ်းရှည်ကြီးကား... ကျယ်ဝန်း၍ သွားလမ်း... ပြန်လမ်း... နှစ်ဖက်ခွဲ ထားလျက် ပိုတိုမက်မြစ်ကမ်းပါးတလျှောက်မှ သာယာစိမ်းမြသော တောအုပ်တောင်တန်းများကို ဖြတ်ကာ ဖြတ်ကာ ဖေါက်လုပ် ထားခြင်းဖြစ်၍ ကြည်လင်သောမြစ်ရေ၊ စိမ်းလဲ့သော တောင်တန်း၊ နိမ့်ဝှမ်းသော ချောက်ကမ်းပါး နှင့် မြင့်မားသော ကုန်းခင်တန်းတို့သည် တခုနှင့်တခု ကြည့်ရှုမငြီးနိုင် အောင် ဆက်၍ ဆက်၍ ရေးဆွဲပြ သွားသော ပန်းချီကားကဲ့သို့သာ တွေ့မြင်ရပါသည်။

လမ်းစခန်းမှာ အနားယူစရာနေရာပေါင်း အမြောက်အများရှိပြီးလျှင် (ဟန်းတီးဖီးလ်)ခေါ် အမဲလိုက် ရာ တောကြိုးဝိုင်းများ၊ ပိုတိုမက်မြစ်တလျှောက် အပျော်တန်းရွက်လှေလှော်သူတို့၏ စခန်းများ၊ ရေ ချိုးဆိပ်များ၊ အပျော်မြင်းစီးလေ့ကျင့်ရာ၊ (ပတ်ခ)ခေါ် တောလမ်းဥယျာဉ်ခြံကြီးများနှင့် အပျော်တမ်း ငါးမျှား စခန်း များလည်း အများအပြားတွေ့ရသလောက် သူ့နေရာနှင့်သူ ၀ါသနာပါရာ ဌာနများသို့ ကိုယ်ပိုင် မော်တော်ယာဉ် တို့နှင့် မိသားစု အပျော်ထွက်လာကြသည်ကိုလည်း တွေ့ရပါသည်။

မောင့်ဗာနန်အထိမ်းအမှတ် လမ်းရှည်ကြီး တလျှောက်မှာလည်း မောင့်ဗာနန်သို့သွားသူများ၊ တော စခန်း၊ တောလမ်းနှင့် မြစ်ကမ်းနားတ၀ိုက်မှာ ကိုယ့်အစုနှင့်ကိုယ် ပါလာသော လဘက်ရည် မုန့်များ၊ နေ့လည်စာ များ၊ ပျော်ပျော်ပါးပါး စားသောက်နေကြသူတို့ကို တွေ့ရသော်လည်း ဘယ်နေရာ ကြည့် ကြည့်၊ သူတို့ စခန်းချ သွားရာနေရာများမှာ စားကြွင်းစားကျန်တွေ ယင်တလောင်းလောင်းအုံနေအောင် အမှိုက်ဗလပွေပစ်ခတ် မထားခဲ့ကြဘဲ မုန့်ကျွင်းမုန့်ကျန်နှင့် စက္ကူစုပ်၊ သစ်သီးခွံ၊ သံစည်ဗူးလွတ်မှအစ... ကျကျနန သိမ်းဆည်းပြီး စက္ကူအိတ်ကြီးတခုနှင့်လုံး ထုတ်ကာ လမ်းဘေးအမှိုက်ပုံကြီးတွေထဲသို့ စည်းကမ်းတကျ ထည့်သွား ကြပါသည်။ ဤသို့ လူထုက စည်းကမ်းရှိ၍သာ မြို့တွင်း မြို့ပြင်နှင့် တောလမ်းခရီးပါ ဘယ်နေရာ ကြည့်ကြည့် အမှိုက် သရိုက်မရှိဘဲ အမြဲသန့်ရှင်းစင်ကြယ်နေခြင်းဖြစ်ပါသည်။

*
ပိုတိုမက်မြစ်ကမ်းမလျှောက် သာယာသော တောစခန်းတောတန်းကလေးများကို တရိပ်ရိပ်ဖြတ်ခါ ဖြတ်ခါ လာခဲ့ခြင်း အားဖြင့် မောင့်ဗာနန်ရှိ ဂျော့ဝါရှင်တန်၏ နေအိမ်သို့ ရောက်လာပါပြီ။ နေ့စဉ်နှင့်အမျှ လာရောက်ကြည့်ရှုကြသော ပရိသတ်တွေကလည်း မနည်းလှပါ။ ၀င်းခြံကြီး၏ ထိပ်အ၀င်အ၀ဘက်တွင် ရပ်ထား လိုက်သည့် ကားတွေမှာလည်း တစို့ထိုးထားသော ပုဇွန်ကင်ကဲ့သို့ စီကာစဉ်ကာ ဘယ်ညာ ခေါင်းချင်း ယှဉ်လျက် ရှိပါသည်။

စာရေးသူတို့ စီးသာသောကားမှာ နေရာပြည့်နေသဖြင့် အတော်ဝေးဝေးမှာ သွားထားရပါသည်။ ကားပေါ်မှ ဆင်း၍ ခြံဝင်းအ၀င်ဝသို့ လျှောက်လာရသည်ပင် အတော် ခြေကုန်သွားပါပြီ။
ခြံအ၀င်ဝတွင် အိမ်ငယ်တခုရှိပါသည်။ ၎င်းအိမ်ငယ်မှ စားစရများလည်းရောင်းသည်။ အိမ်တွင်း ၀င်ကြည့်ရန် ၀င်ကြေး လက်ခံရာဌာန ဂိတ်ဝလည်းဖြစ်ပါသည်။ ကြည့်ရှုသူတွေများသောကြောင့် စီတန်း၍ပင် ပါဝင် ကြရ ပါသည်။ ပညာရေးဌာနမှ တခါတရံ လာတတ်သည့် ဗဟုသုတလေ့လာသူ များ၊ ကျောင်းသူ ကျောင်းသား များ စသော အစုံအုပ်နှင့် လာကြသူများအဘို့ ဆိုင်ရာက အကြောင်း ကြားလျှင် ၀င်ကြေးမယူကြပါ။

ဝင်သွားပြီးနောက် ကျယ်ဝန်း၍ စိမ်းလန်းသော မြက်ခင်းပြင်ကြီးကို ဗဟိုပြုလျက် တဘက်တချက်၌ ကျောက်လမ်းဝဲယာဖေါက်လုပ်ထားသည်။ လမ်းပေါ်တွင် အုပ်ဆိုင်းညို့မှိုင်းသော မဂ္ဂနိုးလီးယာပင် ကြီး တွေက ထီးပမာ မိုး၍ထားပါသည်။ ၀င်ပေါက်မှ အိမ်မကြီးအရောက် အတော်ကလေးသွားရပါ သေးသည်။ အိမ်မကြီး မှာ သမတဟောင်း တိုင်းပြည်ခေါင်းဆောင်ကြီးတဦးပိုင် ဖြစ်စေကာမူ ထယ်ထယ် ၀ါဝါခန့်ခန့် ညားညား နှင့် အသားယူ ဂုဏ်ပြုလုပ်ပြီး ကြီးကြီးကျယ်ကျယ် ဆောက်လုပ် ထားသည်မဟုတ်ပါ။ သာမည မိသားစု တို့ နေထိုင်လောက်သော အိမ်ရိုးရိုးပင်ဖြစ်ပါသည်။

နေ့စဉ်အမြဲတမ်းဆိုသလို ကြည့်လာသော ဧည့်ပရိသတ်တို့က ဥဒဟို ဖြစ်နေသောကြောင့် ၀င်လမ်း ထွက်လမ်း ခြားပေးထားပါသည်။ အိမ်အောက်ထပ် အခန်းများမှာ ဧည့်ခန်း၊ ထမင်းစားခန်း၊ အလုပ် ခန်း၊ အနားယူခန်း၊ မီးလှုံခန်းစသဖြင့် အခန်းပေါင်း တော်တော်များများရှိရာမှာ၊ စာရေးစားပွဲနှင့် ကုလားထိုင် ထမင်းစားခန်း တွင် ဇွန်း ခက်ရင်း ပုဂံပြား သစ်သီးများကအစ သဘာဝကျအောင် ပြင်ထားပြီး မီးလှုံရာ အခန်းမှ မီးလင်းဖိုမှလည်း မီးကျီးရဲရဲ ပုံသဏ္ဍာန် ဟန်အနေမပျက်လောင်လက်စ ထင်းတုံးများသာ စိတ်ဝင် စားစရာ သရုပ်ဖော်ထားပါသည်။

ဒီနည်းတွေကတော့ အင်္ဂလိပ်ကို စံနမူနာထား၍ လုပ်ရဟန်တူပါသည်။ လန်ဒန်မြို့ ရောက်စဉ်အခါက ဟင်မတန်ကုတ် ခေါ် အင်္ဂလိပ်ဘုရင်များ၏ နန်းတော်ဟောင်းကြီးမှ ရှေးလက်ရာ မပျက် ပြသထားရာတွင် အစားကြူးသော လူဝီဘုရင်၏ စားတော်ကဲကြီး ချက်ပြုတ်ရာ စားဖိုချောင် ၌ ခြေရာ လက်ရာ မပျက် မီးဖိုကြီးနှင့် သားကင် တစို့ကြီးများ နံရံတွင် ချိတ်ဆွဲထားသော တောကြက် တောငှက် အသေခြောက် ကလေးကအစ ရှေးက လက်စလက်န ကလေးများကို ပြသထားသည့် အတိုင်း အမေရိကန်တို့ကလည်း ဂျော့ဝါရှင်တန် ၏ နေအိမ်ကို နောင်လာ နောက်သားတို့ စိတ်ဝင်စားချင်သဖွယ် ပြသထားပါသည်။

အိမ်အပေါ်ထပ်ကိုလည်း တက်ရောက်ကြည့်ရှုရန် လှေခါးမှ အသွားတလမ်း အပြန်တလမ်းပြုပြင် ပေးထား ပါသည်။ ထိုအိမ်ပေါ်ထပ်မှာတော့ အိပ်ခန်းများ၊ စာကြည့်အပမ်းဖြေဆောင် ရှုမျှော်ခင်း လေညှင်းခံဆောင် ရေချိုးဆောင်များဖြစ်ကြ၍ ဤအခန်းကား ဂျော့ဝါရှင်တန် အိပ်ခန်း၊ ဤအခန်း ကား ဂျော့ဝါရှင်တန် စာဖတ်ခန်း၊ ဤအခန်းကား ဂျော့ဝါရှင်တန်၏ ဇနီးအိပ်ခန်း၊ ဖီးလိမ်းခန်းစသဖြင့် ကမ္ဗည်းအမျိုးမျိုးထိုးကာ ပြသ ထားပါသည်။

သို့နှင့် အိမ်အောက်ရော၊ အိမ်ပေါ်ကိုပါ နှံ့စပ်သေချာအောင် ကြည့်ရှုကြပြီးနောက်၊ ကျန်ရှိသေးသော ကြည့်ရှုစရာတွေကို ကြည့်ရှုဘို့ရန် ခြံကျယ်ကြီးအတွင်းသို့ ခရီး ဆက်ခဲ့ကြရပါ သည်။ အိမ်မကြီး၏ လကျာ်ဘက် တွင် တခုလက်ဝဲဘက်တွင်တခု အဆောက်အဦးငယ်များ နှစ်ဌာန ခွဲထားပါသည်။ အလယ် ကတော့ ကျယ်ဝန်းသော မြက်ခင်းပြင်ကြီးတခု ခြားထားလျက်ရှိပါသည်။

အိမ်မကြီး၏ လက်ျာဘက်မှ ပဌမဦးဆုံး တွေ့ရသော အလုပ်ရုံးခန်းအဖြစ် အသုံးပြုထားသော အဆောက်အဦး တခု၊ ဂျော့ဝါရှင်တန်၏ ဥယျာဉ်မှူးနေအိမ်၊ သူ၏ ပစ္စည်းထားသိုသော အိမ်ငယ်တခု၊ ဂျော့ဝါရှင်တန် နေလေ့ရှိသော (စပရင်းဟောက်စ်) ခေါ် အိမ်တဆောင်၊ ဂျော့ဝါရှင် တန် စိုက်ပျိုး စုဆောင်းသော ပန်းမျိုးစုံပန်းဥယျာဉ် ဂျော့ဝါရှင်တန်၏ မြူစီယံပြတိုက်အဖြစ် အသုံးပြု သော အိမ်တဆောင်၊ ရေခဲများ ထားသော အိမ်ကတခု၊ (ဂရီးဟောက်စ်အင်ကွာတားစ်) ခေါ် အိမ် တန်းလျား ကွာတားတခု ရှိရာ ၎င်း အိမ်မှာတော့ မူလရှိရင်းက မီးလောင်သွားသဖြင့် အသစ်ထပ်မံ ဆောက်လုပ်ထားရသည်ဟု သိရှိ ရပါသည်။

အိမ်မကြီး၏ လက်ဝဲဘက်မှာလည်း အဆောက်အဦးငယ်ကလေးတွေ တသီတတန်းကြီး ရှိပါသေး သည်။ ပဌမဦးဆုံး တွေ့ရသော အိမ်ငယ်မှာ မီးဖိုဆောင်ဖြစ်ပါသည်။ ထို့နောက် တွေ့ရသော အိမ်ငယ်တခုကတော့ အိမ်သုံး ပစ္စည်းထားရာ စတိုခန်းနှင့် ဘဏ္ဍာစိုးနေထိုင်ရာ ဖြစ်ပါသည်။

ထို့နောက် တွေ့ရသော အိမ်ငယ်တခုကတော့ ဆေးလိပ်သောက်သော အခန်းဟူ၍ သီးခြားထား သော အိမ်ငယ်ဖြစ်ပါသည်။ ထို့နောက် တခုက ခ၀ါရုံသို့မဟုတ် အ၀တ်လျှော်ရန် သီးသန့်ထားသော အိမ်ဖြစ်၍ ၎င်းအိမ်ငယ် နောက်ပိုင်းမှာ အ၀တ်များလှမ်းထားစရာ နေရာကွက်လပ်တခု၊ ၀န်းထရံ သီး သန့်ကာလျက် ရှိပါသည်။

ထို့နောက် တခုသော အဆောက်အဦးငယ်ကတော့ ရထားထားသောရုံဖြစ်ပါသည်။ ၎င်း၏ နောက် ပိုင်းမှာ အတော်ကျယ်ဝန်းသော စဖိုဥယျာဉ်ကြီးတခုလည်း ရှိပါသေးသည်။ စဖိုဥယျာဉ်ဆိုသည်မှာ ကော်ဖီဖုတ် ကော်ဖီပွင့်၊ မုံလာဥ၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်စသော ဟင်းသီး ဟင်းရွက်များ သက်သက် စိုက်ပျိုးထားသော ဥယျာဉ်ဖြစ်ပါသည်။ ခြုံကြည့်လိုက်လျှင် အိမ်မကြီးလက်ျာဘက်မှာ ပန်းဥယျာဉ်ဖြစ်၍ လက်ဝဲဘက်က ဟင်းသီး ဟင်းရွက် အမျိုးမျိုးစိုက်ပျိုးထားရာ စဖိုဥယျာဉ်ဖြစ်ပါ သည်။

စဖိုဥယျာဉ်၏ လက်ဝဲဘက်မှာ ပက်ဒေါက်ခေါ် မြင်းများအတွက် ခြေဆန့်ကွင်းလျားရှည် တခုနှင့် ထိပ်တင် ဂျော့ဝါရှင်တန်၏ မြင်းများထားသော မြင်းစောင်းရှည်ကြီးတခုတွေ့ရပါသည်။ ထိုမှတဖန် လက်ဝဲဘက် အတိုင်း လူသွားကျောက်စရစ်လမ်းကလေးမှ ဆက်လက်လိုက်သွားသော အခါ ဂျော့ဝါရှင်တန်၏ သင်းချိုင်းဂူ တည်ရှိရာ တောအုပ်ကလေးသို့ ရောက်ပါသည်။
သင်္ချိုင်းအုတ်ဂူနေရာတ၀ိုက်မှာလည်း သာယာကြည်နူးဖွယ် သဘာဝတောတန်းကလေးကို လူသွား လမ်းကလေး များနှင့် အဆင်ပြေအောင်ပြုပြင်ထားပါသည်။ လျှိုကလေးများ၊ စမ်းကလေးများ၊ ကျောက်တုံး ဖြင့်ပြီးသော ဂုံးတံတားကလေးများနှင့် တန်ဆာဆင်လျက်ရှိပါသည်။

ဂျိုး၊ ခါ၊ ရစ် စသော တောကြက် တောငှက်များနှင့် ရှဥ့်၊ ကျားကလေးများမှာလည်း လူသွားလမ်း ဘေးတွင် ပြေးလွှားမြူးတူး လျက်တွေ့ရပါသေးသည်။ အရှေ့ဘက်မှ ကျယ်ပြန့်သော သစ်တောအုပ် ကလေးမှာလည်း ပိုတိုမက် မြစ်ကမ်းခြေအထိ စိမ်းလဲ့သော မြေညီမြက်ခင်းပေါ်တွင် တမျှော် တခေါ်ကြီးပင် ချင်းထိယှက်ခါ သဘာဝ တောတောင်ရေမြေတို့၏ ရှုခင်းသာအဖြစ် စိတ်အာရုံကို ဖြေဖျော်နှစ်သိမ့်စေလျက်ရှိပါသည်။

ယင်းသို့လျှင် လာ၍ ကြည့်ချင်စဖွယ် လက်ယပ်ခေါ်နေသလိုလည်းဖြစ်အောင် ခေါင်းဆောင်ကြီး ဂျော့ဝါရှင်တန် အား လေးစားသော အထိမ်းအမှတ်ကြီးတခု တည်ရှိနေအောင် နောင်လာ နောက် သားတို့ အဘို့ ရာဇ၀င် ဗဟုသုတအဖြစ် စွဲမြဲရစ်အောင် ဖန်တီးပြုပြင် အမွှမ်းတင်ထားခြင်းတို့ကြောင့် ၁၂ ရာသီ အချိန်အခါမရွေး နေ့စဉ်နှင့်အမျှ လာရောက် ကြည့်ရှုကြသူတွေထံမှ ရရှိသော ၀င်ကြေး အခငွေ များမှာ ဤအဆောက်အဦး အထိမ်းအမှတ်ကြီးအဘို့ တာရှည် တည်တံ့နေနိုင်စေမည့် အထောက်အပံ့ တရပ်ပင် ဖြစ်နေပါတော့သည်။
*

ဝါရှင်တန်တွင် စာရေးသူတို့ တည်းခိုသော နေရှင်နယ်ဟိုတယ်၌ ဗမာပြည်မှ ရောက်ရှိနေသော အငြိမ်းစား ပညာမင်းကြီး ဦးချိုနှင့် အမေရိကန်အကျဉ်းထောင်များကို လေ့လာရန် ရောက်ရှိနေသော စက်ရှင် မင်းကြီးဦးညို တို့မှာ ဗမာပြည်က မိတ်ဆွေတွေဖြစ်၍တကြောင်း၊ ဗမာပြည်က နောက်ထပ် ရောက်လာသော သူများ ထံမှ ဗမာပြည်က သတင်းများနားထောင်လို၍တကြောင်း၊ စာရေးသူတို့ အခန်းသို့ မကြာခဏ အလယ်ရောက် လာကြရုံမက ၀ါရှင်တန်မြို့မှ ရှိရင်းစွဲ မြန်မာမိတ်ဆွေတို့ထံမှ ထမင်းစားဖိတ်တိုင်းလည်း စက်ရှင် မင်းကြီး ဦးညိုတို့နှင့် တအိမ်တည်းစား၍ တခရီးတည်းကားဖြင့် အတူသွားကြသည်ကများပါသည်။

ဝါရှင်တန်မြို့မှ ဗမာ့သံရုံးမှ အတွင်းဝန် ဦးစိန်ဘွားနှင့် ဇနီးတို့အိမ်က ညစာထမင်းစားဖိတ်ရာတွင် သူတို့ကား နှင့် လာကြိုရာမှာ ဦးညိုပါတပါတည်းဖြစ်၍ အတွင်းဝန် ဦးတင်မောင်ဒေါ်ထားရီနှင့် ဦးခင်မောင်... ဒေါ်ခင်မြ တို့က ထမင်းစားဖိတ်ရာမှာလည်း ဤနည်းအတိုင်း ဖြစ်ပါတော့သည်။

နိုင်ငံရပ်ခြားရှိ ဒို့ဗမာ သံရုံးများမှ အလုပ်ဝတ္တရား ဆောင်ရွက်ရင်း နေထိုင်ကြရသူများသည် ကိုယ့် လူစုကလေးနှင့်ကိုယ် သိုက်သိုက်ဝန်းဝန်းရှိနေကြပြီး ဗမာပြည်က ရောက်လာကြသော ဧည့်သည် မှန်သမျှ အားလည်း မျက်နှာစိမ်းမျက်နှာကျက်မရွေး ဖော်ဖော်ရွေရွေ ခင်ခင်မင်မင်နှင့် အူလှိုက်သဲလှိုက် ဂရုစိုက်ကြသည် မှာ နိုင်ငံခြားရောက် ဗမာများအတွက် ဂုဏ်ယူစရာတရပ်ပင် ဖြစ်ပါသည်။
    ဦးစိန်ဘွားနေအိမ် မှာ ၀င်းနှင့်ခြံနှင့် သပ်ရပ်လှပစွာ ရှိသကဲ့သို့ပင် ဦးတင်မောင်တို့ နေအိမ်မှာ လည်း သာသာ ယာယာ ပြန့်ပြန့်ပြူးပြူးရှိပါသည်။

အမေရိကန်မှာသာ ဆိုရသည် ထမင်းစားပွဲမှာဖြင့် ငါးပိချက်၊ တို့စရာ၊ ချဉ်ပေါင်းဟင်း၊ ငါးဆီပြန်... စသော ဗမာကြိုက် အစာတွေသာလျှင် ဝေဆာလျက်ရှိရာ၊ ချဉ်ပေါင်ရွက်ကိုမူ သူတို့အိမ်ဂေဟာရှိ ခြံမြေအတွင်း၌ ဗမာပြည် က မျိုးစေ့ကိုမှာ၍ တကူးတက စီမံစိုက်ပျိုး၍ပင် စားကြကြောင်းသိရပါ သည်။
ဗမာပြည်မှာ ချဉ်ပေါင်ဟင်းကို လူရာမသွင်း သိမ်ဖျင်းစုတ်ပဲ့သည်ဟု မဲ့မဲ့ရွဲ့ရွဲ့ ပြုခဲ့သော လူတန်းစား များသည် နိုင်ငံခြားရောက်နေသော အချိန်အခါမျိုး၌ (ရွှေချဉ်ပေါင် လက်ချား၊ ကြက်သားနှင့်မလဲ ပေါင်၊ တကယ့်ကို မလဲပေါင်) ဖြစ်နေကြပါသည်။

ချဉ်ပေါင်အရသာ နိုင်ငံခြားရောက်ခါမှ သိကြဟန်တူပါသည်။ တအိမ်က ချဉ်ပေါင်ဟင်းချက်သည် ဆိုလျှင် အခြားအိမ်က ဗမာမိတ်ဆွေသင်္ဂဟများလာရောက်စုပေါင်းစားသောက်ကြသည်။ သရက်သီး ဆားစိမ် အစား (အပ္ပယ်)ခေါ် ပန်းသီးအချဉ်မျိုး အနုအစိမ်းကလေးများ ကောက်၍ ဆားရည်စိမ်ကြပါ သည်။

အစိမ်းလိုက် ငရုတ်သီး ပုဇွန်ခြောက်မှုန့်နှင့် ထောင်းစားလျှင်လည်း သရက်သီးစိမ်း၊ မရမ်းသီးစိမ်း ထောင်းနှင့် အရသာ ခပ်ဆင်ဆင်မို့ ' ချဉ်ရဲပြေ' စားကြရသည်ဟု သိရပါသည်။
ဗမာပြည်၏ သံရုံးမှာလည်း နိုင်ငံခြားသံရုံး ရပ်ကွက်အစွန်တွင် တည်ရှိပါသည်။ သံရုံးရပ်ကွက်ဆို သည်မှာ နိုင်ငံခြား သံရုံးတွေ တစုတရုံး တည်ရှိနေခြင်းကြောင့် တင်စား၍ ရေးခြင်းဖြစ်ပါသည်။ ဂျူးပွန်စာကယ် ခေါ်သော အ၀ိုင်းကြီးတခုကို ဗဟိုပြုလျက် (နယူးဟမ္ပံ ရှိုင်းယားအဲဗင်းနယူးခေါ် လမ်းရှည်ကြီးသုံးခုက ကန့်လန့်ဖြတ် လျှက်ရှိရာတွင် ဂျူးပွန်စာကယ်၏ အနောက်မြောက်ဘက်သို့ ထိုးတက်သွားသော မာစတာ ချူးဆက် အဲဗင်းနယူးလမ်းကြီးအတိုင်း လိုက်သွားပါမူ ကမ္ဘာပေါ်ရှိ တိုင်းပြည်ကြီး တိုင်းပြည်ငယ် နိုင်ငံပေါင်းစုံ ၏ သံရုံးများကို ဆိုင်းဘုတ်ကလေးတွေ ကိုယ်စီနှင့် ဘတ်လို့မှတ်လို့ မကုန်နိုင်အောင်ပင်များပြားနေသည်ကို တွေ့မြင် ရပါမည်။

ဗမာပြည်၏ သံရုံးကား ဧရာမနိုင်ငံကြီးများက သံရုံးတွေ မမှီနိုင်သေးသော်လည်း သူ့ဝန်နှင့်သူ့အား သူ့မြှားနှင့် သူ့လေးဆိုသလို သင့်တင့်ရုံမျှရှိစေကာမူ ဗမာပြည်၏ သံအမတ်ကြီး၏ နေအိမ်ကတော့ အထူး ကောင်းမွန်ပြီး ခမ်းနားပါသည်။ ထိုအိမ်ကြီးကိုလည်း ဗမာပြည်အစိုးရပိုင်ဝယ်ယူပြီးဖြစ်ကြောင်း သိရပါသည်။ ဗမာပြည် သံအမတ်ကြီး၏ နေအိမ်သည် သံအမတ်ကြီးများနေထိုင်ရန် ထိုက်တန် သင့်လျော် အောင် ခမ်းနားသပ်ရပ်သဖြင့် အထူး ကျေနပ်ဖွယ် ကောင်းပါသည်။

သံအမတ်ကြီး မစ္စတာ ဘယ်လင်တန်နှင့် သံအမတ်ကြီးကတော်တို့မှာ စာရေးသူတို့အား ဗမာပြည်မှ ရောက် လာသော အစိုးရ ဧည့်သည်များ မဟုတ်စေကာမူ မြို့ခံအိမ်ရှင် ၀တ္တရားအတိုင်း (ဧည့်ဝတ်ဆောင် ၀တ်မချွတ်စေရာ) ဆိုသော စကားလို ခင်မင်ဖော်ရွေစွာ ဖိတ်ကြား၍ အထူးစပါယ် ရှယ်ထမင်းစားပွဲ တည်ခင်း ကျွေးမွေးကြပါသည်။

သံအမတ်ကြီးအိမ်မှ ထိုထမင်းပွဲမှာလည်း နေရာတကာ လွယ်ကူစွာဝယ်ယူနိုင်၍ ပေါချင်တိုင်း ပေါ များ နေသော ဘိစတိတ်၊ ကတ်တလိတ်၊ ဆိုက်ဒစ် စတဲ့ လူမျိုးခြားအစားအစာများကို ပစ်ပယ်က ဗမာ အစာ များကို ခဲရာခဲဆစ်ပြုပြင်ချက်ပြုတ် ကျွေးမွေးခြင်းဖြစ်ရကား သားနားသော ထမင်းစား ခန်း၏ လက်ပြောင် တောက်ပသော စားပွဲရှည်ကြီးပေါ်တွင် ဖြူစင်သန့်ရှင်းသော အုန်းထမင်း ကြက်သားဟင်း ငါးပိကြော် သနပ်စုံ တို့နှင့် အခြားဟင်းမယ်စုံများပါ ဖွယ်ဖွယ်ရာရာ ဖြစ်နေသည်သာမက ကျွတ်၍ယွ၍ နေသော ကြက်သွန်ပေါင်းကြော် ပူပူနွေးနွေး မှာလည်း အကြော်ဆိုင်မှာ ထိုင်စားရသည်နှင့်မခြား ဗမာကြိုက် အစားအစာ တို့၏ အရသာနှင့် သြဇာဓာတ်ကို သိမ်းကြုံးဆွဲငင် စေပါသည်။

ဆက်ရန်
.

No comments: