အခန်း (၂၅) သူတို့နှစ်ယောက်
ထိုနေ့မှာ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် မစ္စအော်ဖီလီယာနှင့် အီဗာတို့သည် ဖုရားရှိခိုးကျောင်းသို့ သွားနေကြသည်။ သူတို့နှင့်အတူ ဦးလေးတွမ်သည်လည်း ပါသွား၏ ။ စိန့်ကလဲယားသည် ၀ရန်တာတွင် ထိုင်နေ၏ မလှမ်းမကမ်း၌ မေရီသည် ထိုင်နေသည်။
"ဒါထက်အော်ဂတ်စတင်း။ ကျမဆရာဝန်အဖိုးကြီးကို အခေါ်လွှတ်ရမလားလို့။ ကျမနှလုံး ရောဂါ ဖြစ်နေတာတော့ အသေအချာဘဲ" မေရီက သူ့ရောဂါနှင့်ပတ်သက်၍ စကားစသည်။
"ကောင်းသားဘဲ။ ဒါပေမယ့် သမီးကို ကုပေးနေတဲ့ ဆရာဝန်ရှိသားဘဲ။ သူလဲလူတော်ဘဲ။ ဘာလို့ အဖိုးကြီး ကို အခေါ်လွှတ်မလဲ"
"ကျမသူ့ကိုသိပ်မကြိုက်ဖူး။ တကယ့်အရေးဆို ဟန်ပုံမပေါ်ပါဘူးရှင်။ ကျမနဲ့က ကျမ ဆရာဝန်နဲ့မှ ဖြစ်မှာပါ။ ကျမအဲဒါစဉ်းစားနေတာကို သုံးလေးညရှိပြီ။ ရောဂါကလဲမသက်သာဘူး။ တမျိုးပါဘဲရှင်"
"မဟုတ်သေးပါဘူး မေရီရယ်။ မင်းကလဲ အလကားနေရောဂါဘဲ ရှာနေ။ ဒါဟာ နှလုံးရောဂါမဖြစ်နိုင် ပါဘူး"
"ကျမထင်သားဘဲ။ ရှင်ဒီလိုပြောလိမ့်မယ်ဆိုတာ။ ကျမနဲ့ပတ်သက်ရင် ရှင်ဘယ်တော့မဆို အေးတိအေးစက် နဲ့ဘဲဟာ"
"အို၊ ခက်ပါဘိ မေရီ။ မင်းမှာသာနှလုံးရောဂါဖြစ်နေရင် ကိုယ်ဒီလိုနေနေပါ့မလား"
"ဟုတ်ပါတယ်။ ရှင်ကတော့ ကျုပ်ရောဂါဆိုးလာတောင် ပူပန်ကြောင့်ကြမယ့် လူမျိုးမှ မဟုတ်တာ။ ဒါပေါ့လေ။ ရှင်ယုံချင်ယုံမယုံချင်နေ။ ကျမစိတ်ထဲက ထင်နေတာတော့ကြာပြီ။ ခုသမီးရောဂါအတွက် စိတ်ပူပန် ရလွန်းတော့ ရောဂါက ပေါ်လာတော့တာပေါ့"
စိန့်ကလဲယားသည် မယားဖြစ်သူ၏ စကားနှင့် ပတ်သက်၍ ဘာမျှ နှုတ်တုံ့ပြန်ရန် မလို တော့ဟု ယူဆဟန်ဖြင့် ဆေးပြင်းလိပ်ကိုသာ အဆက်မပြတ် ဖွာနေလိုက်သည်။ ထိုအခိုက်မှာပင် မြင်းလှည်းပေါ်မှ အီဗာနှင့် အော်ဖီလီယာသည် ရှေ့ဆင့်နောက်ဆင့် ဆင်းလာကြသည်။
အော်ဖီလီယာသည် ထုံးစံအတိုင်း သူ့အခန်းသို့ တန်းတန်းမတ်မတ် ၀င်သွားသည်။ အီဗာသာလျှင် သူ့ဖခင်က ခေါ်သဖြင့် သူ့ဖခင်အပါးသို့ လာခဲ့သည်။ ဖခင်ရှေ့တွင် ဒူးထောက် ထိုင်ချပြီး ဖုရားရှိခိုး ကျောင်း ကအဖြစ်ကို ပြန်လည်ပြောပြနေ၏။
ခဏအကြာမှာပင် အိမ်ခန်းမှ အော်ဖီလီယာ၏ အလန့်တကြား အော်လိုက်သံကို အားလုံး ကြားလိုက်ကြရသည်။ ထိုအသံနှင့် မရှေးမနှောင်းပင် အော်ဖီလီယာသည တော့ပဆီကို ဒရွတ်ဆွဲလျက် ရောက်လာသည်။
"ကဲ၊ လာစမ်းလာစမ်း။ နင်ကို နင့်သခင်နဲ့တွေ့ပေးမှ ဖြစ်မယ်" ပါးစပ်ကလည်း အော်ဟစ်နေ သည်။
"ဘာဖြစ်ပြန်တာလဲ မမရယ်"
"ဘာဖြစ်ရမလဲ။ ဒီဟာမလေးနဲ့ ငါနဲ့ကမဖြစ်တော့ပါဘူး။ တော်ဘီ၊ တော်ဘီဟေ့။ ငါနဲနဲမှ သည်းမခံနိုင်တော့ဘူး။ ခုဘဲမင်းကြည့်လေ။ ငါမသွားခင် ဒင်းလုပ်ချင်ရာ လုပ်မှာစိုးလို့ဆိုပြီး အခန်းထဲ သော့ပိတ် ထားခဲ့တယ်။ စာကြည့်နေလို့လဲ အသေအချာ မှာခဲ့တယ်။ အဲဒါဘာလုပ်တယ် မှတ်လဲ။ ငါဘီဒို ထဲက အ၀တ်ဦးထုပ်ကိုယူပြီး ကပ်ကျေးနဲ့ကိုက်၊ အရုပ်အကျီင်္ချုပ်တယ်ဆိုပြီး အပိုင်းပိုင်းဖြတ်ထားသတဲ့။ ကြုံဘူး ပါဘူးတော်။ ဒါမျိုးများ တကက်နဲ့တကိုယ် မကြုံဘူးပါဘူး"
"အဲဒါကြောင့် ကျမပြောတယ် မဟုတ်လား အမရဲ့။ ဒီဟာမျိုးတွေဟာ အကြမ်းဖက်မဆုံးမလို့ မရပါဘူး လို့ဆိုတာ" မေရီကအော်ဖီလီယာကို လှမ်းပြောပြီး လင်သားရှိရာသို့ လှည့်၍ "ဖြစ်ပါဘူး။ ဒီကောင်မကို အပြင်ထုတ်ပြီး ရိုက်ပစ်မှပါ။ ရိုက်၊ ရိုက်၊ မထနိုင်အောင်ကို ရိုက်ပစ်မှ" ဆက်ပြောသည်။
"ဒါမိန်းမ အလုပ်မဟုတ်တာဘဲ မေရီ။ ဘဲ့နဲ့ မိန်းမသားတယောက်က ကျွန်တယောက်ကို သေလုမျောပါး ရိုက်ရမယ်လို့"
"ဒီမယ်စိန့်ကလဲယား။ ရှင်နော် တောင်တောင်အီအီတွေ ၀င်ပြောမနေနဲ့။ အမဟာလဲ မိန်းမဘဲ။ ဒါပေမဲ့ ရိုက်စရာ ရှိရိုက်ရမှာပေါ့" မေရီက အားပေးစကား ပြောသည်။
သို့သော် အော်ဖီလီယာသည် ဤမျှ မရက်စက်ဝံ့ပေ။
"ငါတော့ ဒီလို မလုပ်ရက်ဖူး" အော်ဖီလီယာသည် အော့ဂတ်စတင်းဖက် လှည့်၍ စကားကို ဆက် သည်။ "ကဲ၊ ငါ့မောင် ငါတော့ ဘာလုပ်ရမယ်တောင် မသိတော့ဘူး။ ငါဆိုတာဒင်းကို အမျိုးမျိုး သွန်သင်ပြသနေတာ။ အာပေါက်လာမတတ်လဲ ပြောခဲ့ပြီ။ ရိုက်သင့်သလောက်လဲ ရိုက်ခဲ့ပြီ။ ဒင်းပေးစရာရှိသလောက်လဲ ပေးခဲ့ပြီ။ ဒါနဲ့လဲ ဒင်းဘာမှ မထူးဘူး"
"ဟေ့ ငမျောက်ကလေးလာစမ်း" အော်ဂစတင်းစိန့်ကလဲယားသည် တော့ပဆီကို လှမ်းခေါ်လိုက်သည်။
တော့ပဆီသည် စိန့်ကလဲယား ရှေ့သို့ ရောက်လာသည်။
"နင် ဒါ ဘာလုပ်တာလဲ"
"ကျမ ယုတ်မာတာဘဲလို့ သခင်မကလဲ ပြောပါတယ်"
"ဟင်၊ နင့်သခင်မဟာ နင့်အတွက် ဘာတွေ လုပ်ပေးနေတယ်ဆိုတာ နင် မသိဘူးလား"
"မှန်ပါ့ သခင်ကြီး။ ကျမ အရင် သခင်မကြီးလဲ ဒီလိုဘဲ ပြောပါတယ်။ သခင်မကြီးဆို ရိုက်တာဘဲ။ ဆံပင်ဆွဲပြီး တံခါးနဲ့လဲ ခေါင်းကို ဆောင့်တာဘဲ။ ဒါပေမယ့်လဲ ကျမ အလကားဘဲ။ ခေါင်းတခုလုံးကို လှံနဲ့ ထိုးတောင် ကျမတော့ ကောင်းမှာ မဟုတ်ပါဘူး သခင်"
"ဒါဘဲ၊ ဒါဘဲ ငါ့မောင်။ တော်ပြီဟေ့။ ငါတော့ လက်လျှော့ပြီ"
"ဒါဖြင့် ကျနော် တခုမေးမယ် မမ"
"ဘာလဲ၊ ဆိုစမ်းပါအုံး"
"ဒီမယ် မမ၊ မမတို့ဟာ ကိုယ့်မျက်စိအောက်က ကိုယ့်အိမ်မှာ ဒီလိုဟာမကလေး တယောက်ကိုတောင်မှ ယဉ်ကျေး သိမ်မွေ့ လာအောင် မပြုပြင်နိုင်ဘူးဆိုတာ အံ့စရာဘဲ။ ဒါဖြင့်လဲ သူ့လိုလူမျိုး ထောင်သောင်းချီ နေတဲ့ ဟို အာဖရိကတိုက်ကြီးကို မမတို့ သာသနာပြု တယောက် နှစ်ယောက်ကို လွှတ်ပြီး ယဉ်ကျေး သိမ်မွေ့ လာအောင် လုပ်နေတယ်ဆိုတာ ဘာအဓိပ္ပာယ် ရှိအုံးမှာလဲ"
မစ္စတာအော်ဖီလီယာသည် ရုတ်တရက် အဖြေ မပေးနိုင် ကြုံရလေတော့သည်။ ထိုအခိုကှ်ာပင် တချိန်လုံး အခြေ အနေကို စိုက်ကြည့်နေခဲ့သည့် အီဗာသည် တော့ပဆီကို ခြေဟန်လက်ဟန်ပြခေါ် ပြီး တနေရာရှိ အခန်း ကလေး ထဲသို့ ခေါ်သွားလေသည်။
စိန့်ကလဲယား သတိပြုမိသော အချိန်တွင် သူတို့နှစ်ယောက်စလုံးသည် ဤနေရာ၌ မရှိတော့ပေ။ ထို့ကြောင့် စိန့်ကလဲယား အငြင်အသာလှပ်ပြီး ကြည့်သည်။ ခဏချင်းပင် အော်ဖီလီယာအား လက်ဟန် ခြေဟန်ပြ ၍ ခေါ်သည်။
အခန်းတွင်း၌ကား အီဗာနှင့် တော့ပဆီတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တော့ပဆီ မျက်နှာဟန်ပန်သည်။ ဘျှာ တုန်လှုပ် ထိခိုက်ခြင်း မရှိသည့်အသွင်ကို ဆောင်နေ၏။ အီဗာ့ မျက်လုံးအစုံ၌မူ မျက်ရည်စ နှင့် ပြည့်လျှမ်းနေသည်။
"ဘာဖြစ်လို့ ခုလို မကောင်းတာ လုပ်ရတာလဲ တော့ပဆီရယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားဘို့ စိတ်မကူးတော့ဘူးလား။ ဒီလောကမှာ မင်း ချစ်ရ ခင်ရမယ့် လူ တယောက်လောက်မှ မရှိရော့လား တော့ပဆီ"
"ဘာမျှ ချစ်စရာမလိုဘူး။ ချစ်လဲ မချစ်ဖူး။ ငါ ချစ်ရမှာဆို သကြားလုံးတေဘဲ ရှိတယ်"
"မင့်း အဖေနဲ့ အမေကိုရော အချစ်ဖူးလား တော့ပဆီ"
"ငါ သင့်ကို ပြောဘူးတားဘဲ။ ငါ့မှာမှ အဖေတို့ အမေတို့ မရှိခဲ့တာဘဲဟာ"
"အေး၊ ဟုတ်သားဘဲ။ ဒါဖြင့် မင်းမှာ အကိုဖြစ်ဖြစ်၊ မောင်ဖြစ်ဖြစ်၊ အဒေါ်ဖြစ်ဖြစ်၊ ညီမ ဖြစ်ဖြစ်ကော မရှိဘူးလား"
"ရှိပါဘူး။ ဘာမဆို ဘာမှ မရှိဘူး။ ဘယ်တုန်းကမှလဲ မရှိဘူး"
"ဒါပေမယ့် မင်း ကောင်းအောင် ကြိုးစားနေဘို့ ကောင်းတာပေါ့ တော့ပဆီရယ်"
"အို၊ ငါ ကောင်းအောင် ကြိုးစားကော ဘာထူးမှာလဲ။ ငါက နီးဂရိုးဘဲဟာ။ ငါ ဘယ်လိုဘဲ ကောင်းကောင်း ကျွန်ဘဲ ဖြစ်မှာပေါ့ဟ။ အေး၊ ခုလို အရိုက်ခံရမှ ငါ့အရေခွံတေကွာ ကျပြီး ငါလဲ လူဖြူဖြစ်လာမှာပေါ့"
"မဆိုင်ပါဘူး တော့ပဆီ။ မင်းအသားမည်တာဖြူတာနဲ့ မဆိုင်ပါဘူး။ လူတွေဟာ အသား မည်းတဲ့ လူကိုလဲ ချစ်လို့ ခင်လို့ရတာပါဘဲ။ မင်းသာ ကောင်းကောင်းနေရင် ဒေါ်ဒေါ် အော်ဖီလီယာ ဟာ မင်းကို ချစ်မှာပါ"
တော့ပဆီသည် အသံပြတ် ရယ်လိုက်သေးသည်။
"ဟုတ်ဖူးလား တော့ပဆီ" အီဗာက ထပ်ပြောသည်။
"ဟင့် အင်း ဘူး။ သူ ငါ့ကို မချစ်ပါဘူး။ ငါက နီးဂရိုးဘဲဟာ။ ဘယ်ချစ်မလဲ။ နီးဂရိုးဆို ဘယ်ချစ်မလဲ။ နီးဂရိုးဆို ဘယ်သူမှ မချစ်ဖူး။ ငါကလဲ ဂရုမစိုက်ပါဘူး" တော့ပဆီသည် တကယ်ပင် ဂရုမစိုက်ဟန်ဖြင့် လေချွန်နေပြန်သည်။
"အို၊ တော့ပဆီရာ်။ မင်းကို ကိုယ် ချစ်ပါတယ်" အီဗာသည် တော့ပဆီပခုံးတွင် လက်တင် လျက် "တကယ်ပြောတာ တော့ပဆီ၊ မင်းမှာ အဖေလဲ မရှိဘူး၊ အမေလဲ မရှိဘူး၊ သူငယ်ချင်းလဲ မရှိ ဘူး။ ပြီးတော့လဲ မင်းဟာ ဒုက္ခရောက်နေတဲ့လူ။ ဒါ့ကြောင့် ကိုယ် မင်းကို ချစ်တယ်။ သနားလဲ သနားတယ်။ မင်း လူကောင်း တယောက် ဖြစ်စေချင်တယ်။ ဒီမယ် တော့ပဆီ။ ခုဆို ကိုယ် နေမကောင်းဘူး။ ကိုယ်ဟာ ကြာကြာ နေရမယ့်လူ မဟုတ်ပါဘူး။ မင်း ခုလို အရွဲ့တိုက်ပြီး လုပ်တောတွေကို မြင်ရတော့ တကယ်ဘဲ ကိုယ် စိတ်မကောင်းဘူး တော့ပဆီရယ်။ ကိုယ် တကယ် ပြောနေတာပါ။ ကိုယ်ဟာ မင်းတို့နဲ့ အတူနေရရင် ခဏပါဘဲ။ ဒီတော့ ကိုယ့်အတွက် မင်း လူကောင်းဖြစ်အောင် ကြိုးစားပါလားကွယ်"
"တော့ပဆီသည် အီဗာ့ကို စိုက်ကြည့်ယင်း မျက်ရည်လည်လာသည်။ သူသည် သူ့ကိုယ်သူ မချုပ်တီး နိုင်တော့ပေ။ ထို့ကြောင့် ဒူးနှလုံးကြားမှာ မျက်နှာအပ်ကာ အားရပါးရ ရှိုက်၍ ငိုချလေ တော့သည်။
"အို၊ တော့ပဆီရယ်။ မင်း ဖုရားသခင်ကို သိတယ် မဟုတ်လား။ ဖုရားသခင်ဟာ အားလုံး ကို မေတ္တာ ထားပါတယ်။ ဖုရားသခင်ဟာ ကိုယ့်ကို မေတ္တာထားသလို သူမင်းကို စောင့်ရှောက်မှာပါ။ နောက်ဆုံးကျ မင်း နိဗ္ဗာန်ဘုံ ကို ရောက်လာမယ်။ အဲဒီမှာ မင်း နတ်သမီးလေး ဖြစ်လာမှာပါ။ ဒီကျ တော့ လူဖြူတွေနဲ့ မင်းဟာ အတူတူ ဖြစ်လာမှာဘဲ။ စဉ်းစားပါ တော့ပဆီ။ ဒို့ ဦးလေးတွမ်ကြီး ဆိုနေ တဲ့ သီချင်းထဲကလို မင်းလဲ နတ်သမီး လှလှကလေး ဖြစ်လာမှာပါ"
"အို၊ သခင်မလေးရယ်။ ငါ၊ ငါ၊ ငါ ကြိုးစားပါမယ်"
စိန့်ကလဲယားသည် ခန်းဆီးကို ပြန်ချလိုက်ပြီးနော် အော်ဖီလီယာဖက်သို့ လှည့်၍ "ဒါဘဲ မမ။ ကျနော်လေ ခုတော့ အမေပြောဖူးတာကို ပြန်ကြားလာတယ်။ မျက်မမြင်တယောက်ကို ကူညီ ချင်ရင် သူ့ကို လက်တွဲ ရလိမ့်မယ် ဆိုတဲ့ စကားကို ကျနော် ပြန်ပြီး ကြားလာတယ်"
"ဟုတ်ပါတယ် ငါ့မောင်ရယ်။ မမလဲ သူတို့ကို ပြုပြင်ချင်တာသာ ရှိခဲ့တာ။ သူတို့နဲ့ ပတ်သက်လို့ကျ စိတ်က မသန့်ဘူး။ သူတို့နဲ့ ထိမိရင်ဘဲ တခုခုဖြစ်တော့မလောက် ထင်ခဲ့တာကို။ ခုတော့ ငါသိပြီ ငါ့မောင်။ မင့်းသမီး ဘဲ။ ဟုတ်တယ်၊ မင့်းသမီးဟာ ငါ့ကို သင်ခန်းစာပေးလိုက် တာဘဲ"
အခန်း (၂၆) ဆက်ရန်
.
2 comments:
ဖတ်သွားတယ်မမ
ဖတ်ပြီးတော့ မေရီကို အလွန့် အလွန်ကို စိတ်ပျက်သွားတယ်....
အီဗာလေးက ချစ်စရာကောင်းတယ်နော်... တကယ်နတ်ပြည်တက်မယ့် ကလေးမလေးပဲနော်
တော့ပဆီတို့ကိုတော့ စာရိတ္တ မကောင်းပေမယ့် သနားတယ်... ဦးလေးတွမ်လို လူမျိုးလဲ ရှာမှရှား တကယ့် သူတော်ကောင်းတွေထင်တယ်နော်...
ွှအမ..မေရီလိုမျိုးတွေ့ဘူးတယ်။
သိပ်စိတ်ပျက်ဖို့ကောင်းတယ်။
ဝေါင်၂ရှေးပေါ့...
မြတ်နိုး
Post a Comment