Monday, July 5, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၂၁)

အခန်း (၂၁) အဒေါ်ချလို

ထိုနှစ်ကာများအတွင်းမှာပင် ကင်တတ်ကီပြည်နယ်တွင် ကျန်ရစ်ခဲ့သော ဦးလေးတွမ်၏ တဲကလေး တွင်း၌ လည်း အခြေအနေများ ပြောင်းလဲလာခဲ့လေသည်။ ထိုအခြေအနေသစ်များသည် ဦးလေးတွမ် ထည့် လိုက်သောစာ ဤနေရာသို့ ရောက်လာသည့်အချိန်မှစ၍ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

    မစ္စက် ရှယ်လဗီသည် အဒေါ်ချလိုထံမှ သတင်းစကားကို ကြားသိခဲ့ပြီး ဖြစ်သည်။ ထို့သတင်းစကားကို သူ့ခင်ပွန်းအား ပြောပြရန် အခွင့်လမ်းကို စောင့်ကြည့်နေခဲ့၏။ ထို့ကြောင့် အခွင့်သာသည်နှင့်
    "တွမ့်ဆီက စာတစောင် ချလို့ဆီ ရောက်လာကာ ရှင်သိသလား" စကားစလိုက်သည်။

    "ဟေ ဟုတ်လား။ အင်း၊ ခုလောက်ဆို တွမ်လဲ ဟိုမှာ မိတ်ဆွေတွေ ဘာတွေ တွေ့နေရော ပါ့လေ။ အဖိုးကြီးဘဲ နဲနေသတဲ့လဲ"
    "သူ့ခမျာ လူကောင်းသူကောင်းနဲ့ တွေ့ထင်ပါရဲ့။ အလုပ်လဲ သိပ်မလုပ်ရဘူးတဲ့။ ဟိုမှာ သူ့သခင် အသစ်ကလဲ သူ့ကို ညှာညှာတာတာ ရှိပါသတဲ့"
    "ကောင်းပါပေ့ကွယ်။ ဒါကြားရတာ ကိုယ်ဖြင့် အတော်ပဲ ၀မ်းသာပါတယ်။ ဒီလိုဆို သူဟိုမှာ နေသားကျ သွားမှာပါ။ သူပြန်လာဘို့တောင် ခပ်ခက်ခက် ဖြစ်ချင်ဖြစ်နေမှာ"
    "ဒီလိုတော့လဲ မဟုတ်သေးဘူးရှင့်။ သူကတော့ သူ့ကို ပြန်ရွေးဘို့ ငွေဘယ်တော့လောက် ပြည့်မလဲလို့တောင် စုံစမ်းလာသေးသတဲ့"

    "ဒါက အခက်သားဘဲ။ အလုပ်အကိုင်များကလဲ တခါဟန်မကျဘူးဆို သွားရောပဲ အမ်မလင်။ ငွေဆိုတာလဲ လှည့်လို့ပတ်လို့ကို မလည်နိုင်အောင် ဖြစ်ရတာဘဲ"
    "ကျမသဘောကတော့ ခြံရော၊ စိုက်ခင်းတွေရော မြင်းတွေရော ရောင်းပြီး ပေးစရာရှိတာ တွေ ပေးပစ်လိုက်ရ ကောင်းမလားလို့"
    "ဒါလဲ အခက်သားပဲ အမ်မလင်။ လုပ်ငန်းသဘောကျတော့ ခက်သားဘဲ"

    "မဟုတ်သေးပါဘူးရှင်။ ကဲပါရှင်၊ ရှင့်မှာ ခုဘယ်လောက်တောင် ကြွေးတွေတက်နေလို့လဲ။ ကျမကို ပြောစမ်းပါ။ ကျမက ဘာလုပ်နိုင်မလဲ သိချင်လို့ပါ"
    "အိုကွယ်၊ ဒုက္ခမရှိ ဒုက္ခရှာလို့ အမ်မလင်ရယ်။ နေစမ်းပါ။ မင်း အလုပ်သဘောကပို နားမလည်ပါဘူး အမ်မလင်"
    သည်မှာပင် အငြင်းပွားစရာ ဖြစ်ရပြန်လေသည်။ အမ်မလင်အနေကတော့ အဓိကပြဿနာ မှာ တွမ့်ပြဿနာသာ ဖြစ်သည်။

ထို့ကြောင့်
    "ကဲပါရှင်။ တွမ့်အတွက် ငွေရရာရကြောင်းကို ရှင်မမြင်တော့ဘူးလား။ ဘာဖြစ်ဖြစ် အဖွား ကြီးက သနားစရာပါ။ ခမျာ ဘယ်လောက် စိတ်ဒုက္ခရောက်နေရှာသလဲ"
    "ဒီအဖြစ်မျိုး ဖြစ်ရတာကို ကိုယ်တကယ်ဘဲ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အကောင်းဆုံး ကတော့ ချလို့ ကို ပြောပေါ့ကွယ်။ ဘာဖြစ်ဖြစ် တွမ်လဲ တနှစ် နှစ်နှစ်နေရင် ဟိုမှာ နောက် အိမ်ထောင်ပြုမှာဘဲ။ ဒီတော့ သူလဲ နောက်အိမ်ထောင်ပြုလိုက်တာ ကောင်းမယ်ထင်တယ်။ သူ့အဖို့ စိတ်ဆင်းရဲ မနေရအောင်လို့ပါ"

    "အို၊ ရှင် ဘယ်လိုပြောလိုက်တာလဲ မစ္စတာရှယ်လဗီ။ ကျမ ချလို့ကို ဒီလိုပြောလို့ ဖြစ် မလား။ မဟုတ်တာဘဲရှင်။ သူတို့ အိမ်ထောင်ရေးကို ကျမတို့ တတွေလို တန်ဘိုးထားတတ်အောင် ကျမက ပြောခဲ့တဲ့ လူရှင့်"
    "ဒုက္ခပါဘဲ မိန်းမရာ။ မင်းဟာ သူတို့တွေအဖို့ ပိုပြီး ဒုက္ခမရောက် ရောက်အောင် အကျင့် စာရိတ္တတွေ စိတ်နေစိတ်ထားတွေနဲ့များ ဖိစီးပေးနေရော့ သလားကွယ်"
    "ဒါ တရားတော်နှင့်အညီ ရှိသင့်တဲ့စိတ်ထားမျိုးပါ မစ္စတာ ရှယ်လဗီ"
    "ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကိုယ် မင်းရဲ့ ဘာသာရေး အယူအဆကို ဘာမှ မပြောလို ပါဘူး။ သို့ပေမယ့် သူတို့တတွေနဲ့ကျတော့ ခုအခြေအနေမျိုးမှာ ဘယ်လိုမှ စပ်ဟပ်လို့ မရသေးပါ ဘူးကွယ်"

    "ဘဲ့နဲ့ မစပ်ဟပ်ရမလဲ။ ကျမ ပြောမယ်။ သူတို့နဲ့ ပတ်သက်ပြီး ထားခဲ့တဲ့ ကျမ ကတိကို တော့ ကျမ အပျက်မခံနိုင်ဘူး။ ကျမ တခြားနည်းနဲ့မှ ပိုက်ဆံမရရင် ပိုက်ဆံရမယ့် အလုပ်တခု ရှာ လုပ်ပြီး ငွေစု ရလိမ့်မယ်"
    "မဖြစ်နိုင်တာဘဲကွယ်"
    "ဘဲ့နဲ့ မဖြစ်ရမလဲ"
    "ဒါ မင်းသက်သက် လူစွမ်းကောင်း လုပ်နေတာဘဲ"
    ထိုအခိုက်မှာပင် အဒေါ်ချလိုသည် ၀ရန်တာ တဖက်စွန်းသို့ ရောက်လာသဖြင့် ပြောလက်စ စကားစသည် ပြတ်သွားသည်။ အဒေါ်ချလိုသည် အကြောင်းရှိ၍ ရောက်လာခြင်း ဖြစ်သည်ကို မစ္စက်ရှယ်လဗီ သိသည်။ ထို့ကြောင့် သူသည် ချလို့ဆီသို့ လာခဲ့သည်။

    "ဆိုစမ်းပါအုံး ချလို"
    "ကြက်သေ ဘဲသေရယ်၊ အဲ ဘာဖြစ်မှန်းမသိလို့"
    မစ္စက်ရှယ်လဗီသည် ချလိုပြသော ကြက်ကလေး ဘဲကလေးတွေဆီသို့ ရောက်လာသည်။ ချလိုသည် ကြက်များ၊ ဘဲများဆီ၌ သူ့အာရုံ ရှိနေပုံမပေါ်သည်ကို မစ္စက်ရှယ်လဗီ ကောင်းကောင်း  သဘော ပေါက်သည်။ သူတခုခုပြောချင်နေမှန်းကိုလည်း သိသည်။

    "သခင်နဲ့ သခင်မကို ဘာဖြစ်နေကြလဲဟင်။ အဲ၊ ပိုက်ဆံကြောင်း ပြောနေကြသလားလို့" ချလိုသည် စောစောက သူ့သခင်နှင့် သခင်မပြောနေကြသော စကားများကို ကြားပြီးဖြစ်သဖြင့် ရယ်ရယ်မောမော ပြောလာသည်။
    မစ္စက်ရှယ်လဗီ သည် ချလို့ စကားကြောင့် အံ့သြသွားလေသည်။

    "ရှင် ဘာပြောချင်တာလဲ ချလို"
    "ဟုတ်ပါဘူး။ တချို့လူတွေပါ။ အဲ၊ တူတို့ ပိုက်ဆံလိုလာရင် တူတို့နီးဂရိုးတွေကို တခြားမှာ အငှားချကြတယ် ဆိုလို့ပါ။ အဲလေ၊ ကိုယ့်မှာမှ ပိုက်ဆံမရှိဘဲနဲ့ ဘာလို့အလကားကျွေးထားမလဲ"
    "အင်း၊ သခင်မတို့က အငှားချချင်တယ်ဘဲ ထားအုံး။ ဘယ်သူ့ကို သွား အငှားချရမှာလဲ ကွယ်"
    "အဲ၊ ကျုပ်တော့ မသိပေါ င်။ ဟို၊ အဲလေ၊ ဆမ်ရယ်။ တူပြောတာပဲ၊ ဟိုလေ။ ဘာလ။ လူဝီဗီးက မုန့်ဆိုင် တဆိုင်မှာ မုန့်ဖုတ်သမားတယောက် လိုလို့တဲ့။ အဲဒါ တပတ်ကို လေးဒေါ်လာ ပေးမယ်လို့ သူပြောတာဘဲ"
    "ဒီတော့ဘာဖြစ်လဲ ချလို"

    "အဲ၊ အဲ ဒါပါ။ ကျုပ်စဉ်းစားနေတာ။ ဆာလီလဲ ခုဆို လုပ်နိုင်ကိုင်နိုင်ပြီ မဟုတ်လား။ သူလဲ ကျုပ်လောက်လုပ်နိုင်ပြီဆိုတော့ အဲ၊ အဲဒါပါ။ သခင်မ လွှတ်မယ်ဆို ကျုပ် အဲဒီမှာ အလုပ်လုပ်ပြီး ပိုက်ဆံရှာရမလားလို့"
    "ဘာလဲ ချလို။ ရှင့်ခလေးတွေကို ရှင် ခွဲသွားမလို့လား"
    "အဲ၊ ခုတော့ ခလေးတွေလဲ ကြီးကုန်ကြပြီဘဲသခင်မ။ အငယ်လေးကလဲ သိပ်မှ ကြည့်စရာ မလိုတော့တာ။ သူ့ကို ဆာလီဘဲ ကြည့်လိမ့်မယ်ပေါ့"
    "လူဝီဗီးဟာ အဝေးကြီး ချလို"
    "ကိစ္စမရှိပါဘူး။ အဲဒါ အောက်မှာ မဟုတ်လား။ အဲဒါဆို တွမ်နဲ့လဲ နီးချင်နီးမှာ" ချလိုသည် နောက်ဆုံးစကားကို မေးမြန်းသည့်သဘောဖြင့် မစ္စက်ရှယ်လဗီကား စေ့စေ့ကြည့်ရင်း ပြောနေ၏။
    "ဘယ်နီးပါ့မလဲ ချလို။ အဝေးကြီးရှိသေးတာပဲ"
    ချလိုသည် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။

    "ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ ရှင်ဟို ရောက်ရင် တွမ်နဲ့ နီးတော့ သွားမှာပေါ့။ ကောင်းပြီလေ။ ရှင် သွားချင်သွားပေါ့။ ရှင် ဟိုမှာ ရှာလို့ရတဲ့ပိုက်ဆံကို ရှင့်ယောက်ျားပြန်ရွေးဘို့ စုထားပေါ့။ ဟုတ်ဖူးလား ချလို"
    ထိုစကားကြောင့် ချလို့မျက်နှာသည် ၀င်းပသွားသည်။

    "ကျုပ် ၀မ်းသာလိုက်တ်ာတော်။ တကယ်ပါ။ အဲ၊ ကျုပ်လဲ ဒါပါပဲ။ ကျုပ် အ၀တ်တွေ ဘာတွေလဲ မ၀ယ်ချင်ပါဘူး။ ဘာဆို ဘာမှ မလိုချင်ပါဘူး။ ကျုပ် တပြားမကျန် စုမှာပါ။ ကဲ၊ တနှစ် တနှစ်ဆို တပတ် တပတ်တော့ ဘလောက်ရှိလဲ သခင်မ"
    "တနှစ်မှာ ငါးဆဲ့နှစ်ပတ်ရှိတာပေါ့ကွယ်"
    "အဲဒါဆို တပတ်လေးဒေါ်လာရမယ်ဆို၊ တနှစ်ကို ဘယ်လောက်ရမလဲဟင် သခင်မ"
    "နှစ်ရာ့ရှစ်ဒေါ်လာ ရမှာပေါ့ကွယ်"

    "အမလေးတော်။ အားကြီးပါပဲလား။ အင်း၊ အဲ ဒါဆို ကျုပ် ဘယ်လောက်ဆိုရင် ကျုပ်အဖိုးကြီးကို ပြန်ရွေးနိုင်မလဲ ဟြေ သခင်မ"
    "လေးငါးနှစ်တော့ လုပ်ရမှာပေါ့။ ဒါပေမယ့်လဲ ရှင် ဒီလောက် မလုပ်ရပါဘူး။ သခင်မကလဲ ပေးအုံးမှာပေါ့"
    "နေပါစေ့ သခင်မ။ သခင်မတို့လဲ ချောင်လည်တာမှ မဟုတ်တာ။ အဲ၊ ကျုပ်လဲ လုပ်နိုင် ကိုင်နိုင်တာပဲဟာ"

    "အေးလေ။ ရှင်သွားချင်သပဆိုလဲ သွားပေါ့။ စိတ်ချပါ။ သခင်မတို့လဲ တတ်နိုင်သလောက် စောင့်ရှောက်ပါမယ်။ ဒါထက် ရှင်သွားရင် ဘယ်တော့လောက် သွားမလဲ"
    "အဲ၊ ဒါတော့လဲ ကျုပ် မပြောတတ်ဖူး။ ဆမ်မှ သိမှာပဲ။ ကျုပ်က သူနဲ့လိုက်ရမှာ။ ခုတော့ သူနဲ့ သွားရမလားမှ မသိတာ။ အဲဒါ သခင်မတို့ လွှတ်မယ်ဆို ကျုပ်ဖို့လဲ သခင်မတို့က ခွင့်ပြုတယ် ဆိုတဲ့ လက်မှတ်တို့ ဘာတို့ ပေးစေချင်ပါတယ်"

    "ဟုတ်ပြီလေ။ သခင်မ ဖြစ်အောင် လုပ်ပေးပါမယ်။ ရှင်တို့ သခင့်ကိုလဲ ပြောရအုံးမယ် မဟုတ်လား"
    ထို့နောက် မစ္စက်ရှယ်လဗီသည် အိမ်ပေါ်သို့ ပြန်တက်လာခဲ့သည်။ အဒေါ်ချလိုသည် သူ့တဲ ကလေးသို့ ပြန်လာခဲ့၏။ သူ့စိတ်မှာ ကြည်နူးနေသည်။
    တဲတွင်း၌ အဒေါ်ချလိုသည် ခရီးထွက်ဖို့ ပြင်လေတော့သည်။ ထိုအခိုက်မှာပင် ဂျော့သည် တဲတွင်းသို့ ၀င်လာသည်။

    "အဲ၊ သခင်လေးပါရော။ ကျုပ် နက်ဖန်ခါဆို လူဝီဗီသွားတော့မယ်။ သခင်လေး မသိသေး ဘူးနော်။ ကဲ၊ အဲဒါကြောင့်  ဒီမှာ လုပ်နေရတာပေါ့။ သခင်မက သွားခွင့်ပြုတယ်ကွယ့်။ အဲဒီမှာ ကျုပ် တပတ်ကို လေးဒေါ်လာ ရမယ်။ အဲဒါကို စုပြီး ကျုပ် အဖိုးကြီးကို ပြန်ရွေးမလို့"

    "ဟင်၊ ဖြစ်ပါမလား။ ဘယ်တော့သွားမယ်"
    "နက်ဖြန်သွားမှာ။ ဆမ်နဲ့လေ။ ကဲ၊ ဒီတော့ သခင်လေးရယ် တဆိတ် ကျုပ်အဖိုးကြီးဆီ စာရေးပေးပါလား။ ကျုပ်အလုပ် လုပ်မယ့်အကြောင်းတွေ ဘာတွေ အစုံပေါ့"
    "ရေးပေးမယ်လေ။ ဦးလေးတွမ်ကြီးတော့ ဒီအကြောင်းတွေ ကြားရရင် သိပ်ဝမ်းသာမှာဘဲ"

အခန်း (၂၂) ဆက်ရန်
.

2 comments:

လသာည said...

သနားပါတယ် သူတို့ဘ၀.. ။ ဟိုရောက်ရင် လူကောင်းနဲ့ တွေ့ရင် တော်ပါရဲ့ မတွေ့ရင်..... ဟူး :'(

ဧပရယ်လ်ပူး@ပူးတေ said...

သခင်မစိတ်ဓါတ်ကိုလဲ လေးစားဖို့ကောင်းတယ်နော်... အလုပ်သမားတွေဘက်က ကြည့်ပေးတဲ့ သခင်မနဲ့ တွေ့ရတာ ဒေါ်ကြီးချလိုတော့ ကံကောင်းတာပဲ...ဒါပေမယ့် သူဟိုရောက်ရင် ဘာတွေဘယ်လို ဆက်ဖြစ်ဦးမယ်မသိဘူးနော်..ဒေါ်ကြီးချလိုလဲ သနားပါတယ်..