Saturday, June 26, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၁၁)

ဂျပန်ဘုရင်ရှိုမူ၏ ကောင်းမှု

ကြေးသွန်းအနုပညာမြောက် အဆိုပါ ကမာကုရ ကြေးသွန်းရုပ်ပွားတော်ကြီး၏ အလေးချိန် ပေါင် ပေါင်း နှစ်သိန်း။ တသောင်းကို ပိဿချိန်နှင့် ဖွဲ့လျှင် အကြမ်းအားဖြင့် ကြေးချိန်ပိဿာပေါင်း ငါးသောင်းကျော်မျှ ရှိပါသည်။
မြန်မာဘုရင် ဘိုးတော်ဘုရား၏ ကောင်းမှုတော်ဖြစ်သော စစ်ကိုင်းတောင်ရိုးရှိ မင်းကွန်းခေါင်းလောင်း တော်  ၏ ကြေးပိဿာချိန်မှာ (မမင်းဖြူမှန်မှန်ပြော) ဟု အတိုကောက် ရှေး အမှတ်အသား အတိုင်း ကြေးပိဿချိန်ပေါင်း ငါးသိန်းငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးကျပ်ရှိနေသည်ဆိုသဖြင့် ဂျပန်ရုပ်ပွား တော်ကြီး က မင်းကွန်းခေါင်းလောင်းအလေးချိန် အစွန်းထွက်လောက်သာ ရှိပါသည်။ ဘုရား မျက်နှာတော် မှာ အချိုးကျ ၍ ကြည်ညိုဘွယ်ရာသပ္ပါယ် လှပါသည်။

ကမာကုရဘုရားကုန်းတော် ဈေးဆိုင်များမှာ ရောင်းတဲ့ ဘုရားပုံတော် တံဆိပ် အမှတ်အသား ပါသော ကုန်ပစ္စည်း များတော့ ၀ါး၊ သစ်သား၊ ကျွေ၊ ဖလ်၊ မှန်၊ ကြေး၊ သံ၊ သတ္တုစတဲ့ ၀တ္ထု ပစ္စည်းများကို ဆေးလိပ်ပြာခံခွက်၊ ရုပ်လုံး၊ ရုပ်ပြား၊ ဧည့်ခန်းအပြင်အဆင်အတွက် ပုံစံအမျိုးမျိုး၊ ထမင်းစားခန်း အပြင် အဆင် အတွက် ရေခွက်၊ ပန်းကန်၊ လင်ဗန်း၊ အသုံးအဆောင်အမျိုးမျိုး ကစားစရာ အရုပ်၊ ကိုယ်သုတ်ပုဝါ၊ မျက်နှာသုတ် ပုဝါ လက်သုတ်ပုဝါငယ်များဖြစ်ကြပါသည်။

၎င်းပစ္စည်း အားလုံး မှာ ကမာကုရ ရုပ်ပွားတော်ပုံကြီးကို ဆေးရေးပုံနှိပ် လက်ထွင်းပန်းပုစတဲ့ နည်းများနှင့် အမျိုးမျိုး ဖော်ပြထားပါသည်။
ဘုရားပုံတော်အတိုင်း ဥာဏ်တော် တထွာတမိုက်က စပြီး တလက်မ၀က်ခန့် အထိ ကြေးသံသတ္ထုပုံထွင်း၍ အမြောက်အများ ရောင်းပါသေးသည်။
ဝယ်သူများ ကလည်း အလတင်အရုပ် တခုအဖြစ်နှင့်သာ ၀ယ်သွားကြဒါတွေ့ရပါသည်။

အချို့ဘုရား ပုံတော်ကလေးတွေရှေ့မှာ ဆေးလိပ်ပြာခွက်လိုလို ပိုက်ထားသဖြင့် ၀ယ်သွားသူတို့က သူတို့ နိုင်ငံ ရောက်လျှင် ' အက်စ်တရေး ' ဆေးလိပ်ပြာခံအဖြစ်နဲ့ သူတို့ရဲ့ ဧည့်ခန်းတွင် အသုံးချမှာ မြင်ရောင် မိတော့သည်။
သည့်ထက်ကဲသော အချက်မှာ မျက်နှာသုတ်ပုဝါ။ ကိုယ်သုတ်ပုဝါတို့တွင် ဆေးရောင်စုံနဲ့ ဘုရားပုံတော်ကြီး ပုံနှိပ်ထားရာ သူတို့နိုင်ငံတွေက မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ လက်သုတ်ပုဝါ ဆိုသည်မှာ မိန်းမရော ယောက်ျားပါ သုတ်ချင်ရာသုတ်၊ လုပ်ချင်တာ လုပ်ကြဒါဖြစ်လို့ မျက်နှာသုတ်ပုဝါနဲ့ ကိုယ်သုတ်ပုဝါများ ကျင်လည် ကျက်စားရာ ဘ၀တွင် ဘုရားပုံ တော်ကြီးက ကန့်လန့်ကန့်လန့်ပါနေရှာရခြင်းပါဘဲ။

ဘုရားကြီးကို လာကြည့်ကြရုံသာ ကြည့်ကြပါသည်။ နိုင်ငံခြားသားမဆိုထားနှင့် ဂျပန်များပင် ဘုရားဝတ်ပြုရှိခိုးသည်ကို တဦးတလေမှ မမြင်ခဲ့ရပါ။
ဒါကြောင့်သာ ဘုရားဝတ်ပြုဘို့နေရာ သီးသန့် မထားခြင်းဖြစ်မည်ဟု တွေးမိပါသည်။

ယင်းသို့ ဘုရားအာရုံခံ နေရာမရှိသော်လည်း ဘုရားကြီး၏ ပတ်ဝန်းကျင်တ၀ိုက်မှာ အလွန်သာယာ ကြည်နူးစရာ ကောင်းအောင် ဥယျာဉ်ကြီးသဘွယ် ပြုပြင်ပြီးလျှင်လှပသော သစ်ပင်များ ဆိုင်ရန် ကျောက်ဖြာကြီး များနှင့် လူသွားလမ်းကလေးတွေကိုလည်း ကျောက်ပြားများအစီအရီခင်း၍ မျက်စိ ပသာဒ ရှိအောင် စီမံဖန်တီးထားပါသည်။
တောင်နံရံမှာ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနှင့် ကျောက်ဂူများ၊ တောကျောင်းကလေးများ နတ်စင်များ ကြိုကြား ကြိုကြားတွေ့မြင်ရပါသည်။

ကမာကုရ ပင်လယ်ကွေ့တလျှောက်တွင် ပင်လယ်ရေချိုးဆိပ်နှင့် လူနေအိမ်လှလှကလေးတွေလည်း အများ အပြား ရှိပါသည်။
ထိုနယ်တခုလုံးမှာလည်း စက်မှုလက်မှု သစ်ပွင့်၊ သစ်သီးစိုက်ပျိုးခြင်းနှင့် အသက်မွေးသူတွေများပြီး လျှင် ရုပ်ရှင်ရိုက်ကူးရာ စတူဒီယို များလည်းရှိ၍ ရုပ်ရှင်နှင့် အသက်မွေးသူတို့လည်း မနည်းလှပါ။ ကမာကုရ တောင်စဉ် တောင်ရိုးတလျှောက်ဖြစ်တဲ့ အမြင်ပိုင်းမှာ ဘုရားကျောင်းဆောင် နတ်ကျောင်းဆောင်များ အလျှိုလျှို နေရာအနှံ့ အပြားတည်ရှိပါသည်။

ပင်လယ်ကမ်းဆိပ်မှနေပြီး တောင်တန်းဆီသို့ တဖြောင့်တည်း ဖေါက်လုပ်ထားသော ပေတရာ လမ်းကြီးကို မျှော်ကြည့် လိုက်လျှင် ချယ်ရီပန်းပင်တွေ ၀ဲယာအုပ်ဆိုင်းနေတဲ့ လူသွားလမ်းကလေး နှင့် လူသွားလမ်းရဲ့ တဘက် တချက် မှာ ယာဉ်ရထားများသွားလာရန် ကတ္တရာစေးလမ်းနှစ်ကြောင်းကလည်း ဖြူး၍ နေပါ တော့သည်။
ကားလမ်းဘေးတလျှောက်မှာတော့ စားစရာဆိုင်၊ ကုန်စုံဆိုင်၊ တည်းခိုရန် ဟော်တယ်များရှိပါသည်။
ချယ်ရီပင်များ ၀ဲယာအုပ်ဆိုင်နေတဲ့ လူသွားလမ်းအတိုင်း မြောက်ဘက်သို့ လိုက်သွားလျှင်၊ သူရဲကောင်း ဗိမာန်ကြီးကို ရောက်ပါသည်။

၎င်းဆမူရိုင်းသူရဲကောင်းနှစ်ကျောင်းဆောင်ကြီးကို တက်ရာ၊ အ၀င်ဝ၌ ဥယျာဉ်နဲ့ ရေကန်များ ရှိပါသည်။
ရေကန်မှာ ပဒုမ္မာကြာပင်တွေနှင့် ကမ်းစမှာတော့ မြက်ခင်းစိမ်းစိမ်းလဲ့လဲ့ ရေကန်မှ စီးလာတဲ့ ချောင်း လက်တက် ကလေးများကိုလည်း ဖြူဖွေးလှပတဲ့ ပေါင်းကူးဂုံးတံတားကလေးတွေနှင့် ပေါင်းကူး ထားပါသည်။

ရေကန်ထဲမှာ အပျင်းပြေ လှော်စရာ လှေငယ်များ ငှားသောကြောင့် ရေကန်လယ်မှာ မောင်မယ်တွဲ၍ လှေစီး နေသူများနှင့် ပေါင်းကူးဂုံးတံတားကလေးများ အပေါ်တွင် ဒရွတ်တိုက်လျောစီးချနေသော ကျောင်းသား ကျောင်းသူကလေးတွေ မှာလဲ မျောက်ရှုံးအောင်ပျော်တပြုံးပြုံးဆော့နေကြပါသည်။

ကင်မရာ ကိုယ်စီနှင့် ရိုက်လိုက်ကြသည့် ဧည့်သည်ဓါတ်ပုံ သမားတွေကလည်း ရှောင်လို့ မလွတ် နိုင်အောင် ပေါများပါသည်။
သူရဲကေင်း နတ်ကျောင်းဆောင် တည်ရှိရာ ကုန်းမြင့်ဘက် ကျောက်လှေခါးစောင်းတန်းမှာ အမိုး မရှိသော်လည်း ၀ဲယာ မှ အုပ်ဆိုင်းနေသော သစ်ပင်ကြီးများ ရှိပါသည်။
သူရဲကောင်း ကျောင်းဆောင်မှာ မြန်မာဘုရင်တို့၏ နန်းတော်နှင့် ရှေးမြန်မာ ဘုန်းကြီးကျောင်းကြီး များနှင့် ခပ်ဆင်ဆင် တူပြီးလျှင် အတွင်းမှာ ရှေးသူရဲကောင်းကြီးများရုပ်လုံးနှင့် သူရဲကောင်းတို့ ကိုးကွယ်ရာ နတ်ရုပ်ကြီး တွေ အများအပြားတွေ့ရပါသည်။

နတ်ပင့်သော ရှေးဝေါယာဉ် အဟောင်းများကိုလည်း အစီအစဉ်တကျ ပြသထားပြီးလျှင် ဂျပန်သူရဲ ကောင်းတို့ ၀တ်ဆင်သော သံကိုယ်ချပ်အင်္ကျီများ စစ်တိုက်ရာ အသုံးအဆောင်ဖြစ်သည့် လက်နက် ဓါးလှံလေမျှားစသည်များကိုလည်း ပြသထားပါသည်။

သူရဲကောင်း နတ်ကျောင်းဆောင် ပတ်ဝန်းကျင်၌ ဗေဒင်ဆရာ၊ နတ်ဟောဆရာတွေလည်း ရွှေတိဂုံ ကုန်းတော် အလယ်ပစ္စယံမှာကဲ့သို့ တွေ့ရပါသည်။
နတ်ကျောင်းဆောင်တဘက်ရှိ ကျောင်းခန်းများတွင် ဂျပန်ဘုန်းကြီးများ နေထိုင်ပြီးလျှင် နတ်ကွန်း အလယ် ဗဟိုချက်မ အခန်းကြီးတွင် နတ်ကန်တော့သူများအဘို့ နေရာထိုင်ခင်းရှိ၍ ထိုင်နေရာသို့ မင်္ဂလာဆောင် သတိုးသား သတိုးသမီးများ မွေးစကလေးနှင့် မိခင်များမကြာခဏ လာရောက်ပြီး နတ်ကန်တော့ကြ သည်ဟု သိရသည်။

ထိုနေ့က ခလေးမိခင်တဦးနှင့် မင်္ဂလာဆောင် တစုံတွဲလာရောက် ကန်တော့သည်ကို မြင်ခဲ့ရပါသည်။ နတ်ကျောင်းဆောင်တနေရာရှိ သစ်ပင်ကြီး၏ အကိုင်းအဖျား ကလေးများမှာ ဖွေးဖွေးဖြူအောင် ချည်နှောင် ထားသော စက္ကူစကလေးတွေ အမြောက်ါအများတွေ့မြင်ရသဖြင့်၊ အကျိုးအကြောင်း မေးမြန်းကြည့်ရာ ဗေဒင်ဟောစာတမ်းများဟု သိရပါသည်။
ဗေဒင်ဟောပုံ ဟောနည်းမှာ စာကလေးဗေဒင်ခပ်ဆန်ဆန်ပင်။ သံပြူကျည်တောက်တခုမှာ ရွေးစီခန့် အပေါက်ငယ်တခု ဖေါက်ထားပြီး အတွင်းမှ ၀ါးဒုတ်တန်းများ အနက်မှ တခုကို ဗေဒင် မေးသူက ယန်းနှစ်ဆယ်ပေး၍ နှိုက်ထုတ်ယူရသည်ရသော ၀ါးဒုတ်တန် ကလေးတွင် နံပါတ် အမှတ်အသားပါသည်။

ဟောသူက ဒုတ်တန်မှာပါသောအမှတ်နှင့် ဟောစာတမ်းများထားသော စာခွက်အမှတ်ကို တိုက်ဆိုင်၍၊ ဂျပန်ဘာသာနှင့် ပုံရိုက်ထားသော ဟောစာတမ်း စာစောင်ကို ယူပေးပါသည်။
ဗေဒင်မေးသူသည် ဟောစာတမ်းပါ စာကိုဖတ်၍ မိမိအကောင်းအဆိုးကိုနားလည်ရသည်။

ထို့နောက် စာတမ်းကို သစ်ပင်ကိုင်းဖျားမှာ ချည်ပစ်ခဲ့သည်။ သစ်ပင်တပင်လုံး ဟောစာတမ်းတွေ ဖြူဖွေးနေခြင်းဖြင့် ဂျပန်လူမျိုး အချို့ နတ်ဗေဒင်ကို ဤမျှယုံကြည်သည်ကို အကဲဖြတ်နိုင်လေတော့ သည်။
မစ္စစ်လာ ဟီဒီက ပျော်စရာတခုအနေနဲ့ ယန်း ၂၀ စီ ပေး၍ နှိုက်ကြည့်သည်။ ဂျပန်စာနှင့် ဟောစာတမ်းကို သူ၏ သမီးကလေးဟာနာက ဖတ်ပြပြီး တ၀ါးဝါးပွဲကျနေကြတော့သည်။
တိုကျိုမှ ကမာကုရ အရပ်သို့သွားရန်မှာ မီးရထားနှင့် သော်လည်းကောင်း၊ ဘတ်စ်ကား တက္ကစီနှင့် ပရိုက်ဗိတ်ကားများပါ အသွားအလာများလှ၍ စနေ တနင်္ဂနွေနေ့များမှာ အထူးပိုမို စည်ကားပါသည်။
နေ့လယ်စာ စားချိန်တွင် မစ္စစ်လာဟီဒီက သူကာ နောက်ပိုင်းတွင် အသင့်ချက်ပြုတ်ယူဆောင်လာ သော စားစရာများကို စခမ်းချသည့် သစ်ပင်ရိပ်ကြီးအောက်တွင်ပင် ကားထဲမှ ထုတ်ယူတည်ခင်း ကျွေးမွေးပါသည်။

ဂျပန်စားစရာ အင်္ဂလိပ်စားစရာများဖြစ်သော အသားသွတ်မုန့် အချို့မုန့်အမျိုးမျိုး၊ ကော်ဖီ သစ်သီးစုံ၍ စေ့၍ နေပါတော့သည်။
ထိုနေ့ အဘို့ ကမာကုရမှာပင် တနေကုန်ပါတော့သည်။
အပြန်တွင်လည်း ရိုးကိုးယားမားနှင့် အခြားလမ်းတဖက်မှ ပြန်ခဲ့ကြရာ ဂျပန်ပင်လယ်ကမ်းခြေ တံခါး သင်္ဘောဆိပ် များကို တွေ့မြင်ရသည်။ ရေလည်း ပေါများလှသည်။
ကမ်းခြေမှ အစဉ်အစိုက် မောင်လာရာ တောင်တွေကို ဖေါက်ထွင်း၍ ဥမင်လိုဏ်ခေါင်းပြုလုပ် ခေါက်ထား သော ကားလမ်းများမှ ဖြတ်မောင်းရင်းနှင့် တဖြေးဖြေးတောင်ကုန်းအမြင့်ပေါ်သို့ ရောက်လာပြန်သည်။

တောင်နံရံ ကမ်းပါးစောင်းကြီးမှ ကောက်ခါ ကွေ့ခါ ကားကို ဆက်လက်မောင်းလာရ၍ အနိမ့် အရပ် ၏ ရှုမျှော်ခင်း တွေကိုလည်း အမြင့်ပေါ်ကစီး၍ တမျှော်တခေါ်ကြီး တွေ့မြင်ရပါသည်။
တောင်ပေါ် အမြင့်ပိုင်းနေရာအချို့မှာ စစ်မြေဖြစ်၍ စစ်တပ်အဆောက်အဦးများ၊ စစ်အသုံးအဆောင် များ သာ တွေ့ရပါတော့သည်။

ကိုးရီးယားစစ်အတွက် အမေရိကန်လုပ် ၈ျစ်ကားအသစ် စက်စက်တွေ ညီညီညာညာ စီထားလိုက် သည်မှာ ရေညှိစိမ်းရောင် လွှမ်းနေသော မျှော်မဆုံးသည့် လမ်းကြီးထဲသို့ ဖြစ်နေတော့သည်။ လမ်းများမှာ ကောင်းသည့် နေရာတွင်လည်း အင်မတန်ကောင်း၍ မကောင်းသည့် နေရာများမှလည်း ကျင်းတွေ ချိုင့်တွေ နှင့် ဖြစ်နေပါသည်။ ဒီလိုမကောင်းဒါကတော့ စစ်အတွင်းက ဗုန်းကျထားလို့ ကောင်းမွန်စွာ ပြန်မပြင် ရသေး တဲ့ အတွက်ဖြစ်ပါသည်။ ရိုကိုးဟားမားနှင့် ကမာကုရအကူး ရုပ်ရှင် စတူဒီယိုများရှိရာ ရပ်ကွက်အချို့ နေရာများ မှာဖြင့် စစ်ဗုန်းဒဏ်ကြောင့် ပေတရာလမ်းကြီးတွေ ပျောက်ပြီး ရွံ့ဘွက်အိုင်ကြီးများအထိ ဖြစ်နေရာ ကား... ရထားနှင့် ခြေလျှင် လမ်းသွမ်းသူတို့အဘို့ တစွတ်စွတ်နှင့် စိတ်ပျက်စရာကြီးပင်။

ကျင်း...ချိုင့်...ခလုတ်တွေများသော လမ်းတွေမှာ ကားမောင်းဆရာ ဦးရွှေဒါရိုင်ဘာတို့ကလည်း အမေရိကန် နှုန်း ကို အတုယူက တနာရီလျှင် မိုင် ၄၀ ... ၅၀ ... အနည်းဆုံး ထား၍ မောင်းကြပါ သည်။ အမေရိကန်က လမ်းကျယ်ကြီး တွေမှာ ချောမွတ်ပြောင်လက်နေသောကြောင့် တနာရီမိုင် ၉၀...၁၀၀ ...မောင်းသည့် တိုင်အောင် ကားပေါ်ထိုင်လိုက်သူအဘို့ မတော်တဆကားချင်း မတိုက်မီ သမျှ ဘာမှ မဖြစ်နိုင်သော်လည်း ဂျပန်ပြည်က လမ်းပျက်အချို့ပေါ်တွင် မော်တော်ကားအမြန်မောင်းရာ၌ ကားပေါ် ထိုင်လိုက်ရသူအတွက် အသက် ဘယ်ဆီ က ထွက်ရမှန်း မသိနိုင်အောင် ဘေးအောင့်နှံအောင့်ရှိလှပါသည်။

တင်ပူရာဆိုင်သို့


ဂျပန်ပြည်တိုကျိုမြို့သို့ရောက်လာသမျှ နိုင်ငံခြားဧည့်သည်များကို စိတ်ဝင်စားအောင် သွေးဆောင်နိုင်ဆုံး စားစရာဆိုင်တမျိုးမှာ ဂျပန်၏(တင်ပူရာ)ကျော်ကို ကမ္ဘာသိအောင် ဂျပန်က ကြွေးကျော် ထားခဲ့ပြီး ဖြစ်ပါသည်။

' တင်ပူရာ ' ဆိုသော စားစရာတမျိုးကို ရိုရိုသေသေ လေးလေးစားစား လူစားချင်စရာ ဂျပန် အမျိုးသား၏ ယဉ်ကျေးမှု စားဘွယ်ရာတမျိုးအဖြစ် သူတို့လူမျိုးများကပင် အဆင့်အတန်း အထူးမြင့် တင်ထားခဲ့ကြသော အလုပ် မှာ ယနေ့အထိပင် ဖြစ်ပါတော့သည်။
ကိုယ့်လူမျိုး အချင်းချင်းက ရိုသေမြတ်နိုးလေးစားမှုရှိမှသာ တပါးနိုင်ငံသားနိုင်ငံသူများ၏ လေးစားခြင်း ခံရသည်နှင့် အညီ သူတို့ ' တင်ပူရာ ' ဆိုင်ကိုလည်း အတော်ဘဲ အတန်းမြင့်အောင် မြှင့်တင်ထားပါသည်။

အသုံးအဆောင်တောက်ပြောင်သည့်ခမ်းနားခြင်းကြောင့် သူ့ဆိုင်တွင် ၀င်မိလျှင် သူ့စည်းကမ်းအတိုင်း လိုက်နာ ကျင့်သုံးရတော့သည်။ ၀င်လာမိသူလည်း သူ့စည်းကမ်း၊ သူ့ယဉ် ကျေးမှုကို လေးလေးစားစား လက်ခံ လိုက်နာရင်း စားဖွယ်ရာတို့ကို နှစ်သက်စုံမက်စွာ စားသောက် ကြပုံရပါသည်။

ဂျပန်ပြည်ရောက်တဲ့အခါ နိုင်ငံခြားဧည့်သည်တို့ ဓမ္မတာအတိုင်း ' တင်ပူရာ ' ဆိုင်ကို မရောက်ခဲ့လျှင် ' ဧည့်သည်စဉ်မမှီ ' မှာ စိုးရသည်။ ဂျပန်မှုကို လေ့လာချင်၍ လဘက်ခြောက်အပုတ် နံ့ပင်တွေးသူပြီပြီ မစ္စတာ လာဟီဒီနှင့် မစ္စဘာဂျွန်တာဂျီတို့ လိုက်သော တင်ပူရာဆိုင်ကို ကိုယ်တိုင်ဝင်၍ လေ့လာ စားသောက် ကြည့်ပါသည်။
တိုကျိုဟော်တယ်မှာလည်း ဥရောပစံနစ်နှင့် ကျွေးမွေးသော ' ဒိုင်းနင်းရုမ်း ' ထမင်းစားခန်း၊ လဘက်ရည်ခန်း များအပြင် နိုင်ငံခြားဧည့်သည်များအတွက် ဂျပန်အမျိုးသားထုံးစံ စံနစ်အတိုင်း ' တင်ပူရာ ' ခန်းတခု သတ်သတ် ဖွင့်ထားပါသေးသည်။

သို့ရာတွင် ထိုအခန်းမှာ တနေ့စာ တနေ့စာ ကြိုတင်ထုတ် လုပ်ထားသူ ဧည့်သည်တွေများနေသဖြင့် နီးနီး နားနား ပင် ဖြစ်စေကာမူ မစောင့်တော့ဘဲ တကယ့် နာမည်ကြီးသော ' ဂင်ဇာ ' လမ်းရှိ ' တင်အီ ချီတင်ပူရာ ' ဆိုင်ကြီးသို့ သွားရောက်ကြရပါသည်။
ဆိုင်မှာ နှစ်ထပ်ဖြစ်၍ တထပ်လျှင် ' တင်ပူရာ ' စားခန်းတွေကို တခန်းစီခွဲထားပါသည်။ ' တင်ပူရာ '
ကြော်သော အခန်းသို့ မကူးမီ ပဏာမဧည့်ခံသော အခန်းငယ်တခုတွင် ဖိနပ်ချွတ်၍ မြက်ဖျာပေါ်တွင် ထိုင်ခုံငယ် တခုစီနှင့် ထိုင်ကြရပါသည်။

အခန်းဝသို့ရောက်သည်နှင့်တပြိုင်နက် ဆိုင်အမှုထမ်းဂျပန်အမျိုးသမီးသုံးယောက်ခန့် ခရီးဦးကြိုပြု၍ ဦးညွတ် နှုတ်ဆက်ဒူးပဆစ်တုပ်၍ ကြုံ့ကြုံ့ရုံ့ရုံ့ကလေးတွေထိုင်ပြီး ချွတ်လိုက်သော ဖိနပ်ကို ကောက်သိမ်း သူကသိမ်း၊ ထိုင်ရမည့် အခန်းကို ညွှန်ပြသူကပြ၊ ထိုင်ရန်ခုံကလေးများ ရွှေ့ ပေးသူကပေးနှင့် ပြာပြာသလဲ လောကွတ်ပြုကြပါသည်။
အခန်းငယ်မှာ မှန်နှင့်ထင်းရှူးသားဖြူဖြူကို ပေါ့ပါးစွာ ပြုပြင်ကာရံထားရာ၊ ဘီရိုအံလွဲတံခါးကလေး များပမာ ဘယ်နေရာ ထွန်းလိုက် ... တွန်းလိုက် ... တခါးပေါက်ဖြစ်သွား၍ ဘယ်တခါးပေါက် ဆွဲလိုက်... ဆွဲလိုက် ... ထရံ ဖြစ်သွားပါသည်။ ထိုင်ခုံမှာ လေးယောက်စာဖြစ်၍ အလယ်ကခုံနိမ့်လေး ဒေါင့်စားပွဲကလေးရှိရာ။ မစ္စဘာလာဟီဒီ နှင့် ဂျွန်တာဂျီတို့က ဂျပန်မကလေးများကို ဂျပန်ဘာသာစကားနှင့် စားမည့်အစာများကို လေးယောက်စာ အော်ဒါ လုပ်လိုက်ပါသည်။

ဂျပန်မယ်ကလေးများမှာ (ဟိုက်...ဟိုက်...) နှင့် ခေါင်းတဆတ်ဆတ်ညိတ်ပြီး အလုပ်ရှူပ်သွားကြ တော့သည်။ ကြိမ်ဗန်းငယ် ကလေးတခုတွင် ရေနွေးငွေ့ ထောင်းထောင်းထနေသော မျက်နှာသုတ် ပုဝါငယ် အလိပ် ကလေး တခုစီ ထည့်ပြီး လေးယောက်စာလာပို့ပါသည်။
ဘာလုပ် ရမှာတုန်းလို့ ကြည့်နေဆဲ၊ အဲဒါအစာ မစားခင်လက်ကို စင်ကြယ်အောင် ဆေးကြောသုတ် သင်စရာ လက်သုတ်ပုဝါဖြစ်ပါတယ်ဟု ဘာသာပြန်ပြော၍ သူတို့ လုပ်သလို ပုဝါကိုဖြန့်ကာ လက်နှစ်ဘက် ကိုသုပ်ပြီး ကြိမ်ဗန်းငယ်ထဲ ပြန်ထည့်လိုက်သောအခါ ပြန်သိမ်းသွားပါသည်။

ထို့နောက် ခလေးကစားတဲ့ အိုးဘုတ်ဂျိုးရုပ်ကလေးများကဲ့သို့ တိုတိုထွာထွာ ပစ္စည်းတွေကို စားပွဲပေါ် လာချ သွားကြသည်။ ၎င်းပစ္စည်းကလေးများမှာ လက်ဘက်ရည်ကြမ်းပန်းကန်ငယ် လေးလုံးနှင့် တလက်မခန့် ကြွေတုံး ကလေး လေးခုတွင် တူတစုံ ကျစီကို မေးတင်၍ ချလာပါသည်။
ချိုချည် ငန်စပ်ထည့်ထားသော ကြုပ်ကလေး ဘူးကလေးများလဲ နောက်ထပ် တသီကြီး ရောက်လာ ပြန်သည်။ နောက် ဆားကေးပုလင်းနဲ့ ဖန်ခွက်လိုက်လာတော့သည်။
ဆာကေးခေါ် ဂျပန် ဆန်အရက်ကို မသောက်သူကတော့ ရေနွေးလဘက်ရည်ကြမ်းပေါ့။ ဆာကေးနဲ့ မြီးစရာ ကတော့ (ကေဘရှီရ)ခေါ် ဂဏန်းလက်မသားကို အတုံးငယ်ပြု၍ ပေါင်းထား သည်ကို ယွန်းခွက် လှလှကလေး နဲ့ ထည့်ပြီး တကိုယ်တခွက်ကျပေးသည်။

ဂဏန်းသားပေါင်း ကုန်သွားလျှင် ထိုခွက်ငယ်ကို ပြန်သိမ်းသူက သိမ်းအပြီးတွင် (ရှရှီမီ)ခေါ် မြီးစရာ တခုကို ယွန်းခွက်ငယ်ကိုယ်စီနှင့် ရောက်လာပြန်သည်။
၎င်းရှရှီမီမှာ အသားရောင် နီဝါ၀ါရှိသော ရေခဲစိမ်ထားသည့် ငါးအစိမ်းတုံးကလေးများကို နုရွရွ သခွား မျှင်ငယ်များ နံနံပင်လိုလို ဂျပန်အရွက်စိမ်း အနည်းငယ်နှင့် ပန်းပွင့် ပန်းအုံကလေးသဖွယ် လှလှပပ ခြံရံ ထည့်ထား သည်။
ယခင်ချထားသော ချိုချဉ်ငန်စပ် အဖျော်ရေနှင့်တို့၍ စားရန်ဖြစ်ပါသည်။
ညှီစော်မနံသော်လည်း ငါး စိမ်းမှန်းသိသော အခါ စား၍မရ၊ ဇွတ်အတင်းမျိုချ၍လည်း မရ၊ သူ့ ထုံးစံအတိုင်း နံနံပင် ဆံမြိတ်ပင်ကဲ့သို့သော သစ်ရွက်ကလေးကို တူနှင့်ပင် ညှပ်ချွေယူသော နည်း လက်ထပ် သင်ပြစေကာမူ တူကို ဟန်ကျပန်ကျမကိုင်တတ်သည်နှင့် အတော်ဂွကျနေပါတော့ သည်။
ဒီအထဲ ဂျပန်ကောင်မကလေးတွေက ရယ်ကြသေးသည်။

မျိုချလို့မရသော ငါးစိမ်းဖတ်ကလည်း ပါးစပ်ထဲမှာ ငုံထားလျက်ရှိပြန်ရာ သင်းတို့မမြင်အောင် ထွေးပစ်စရာ ကလည်း ထွေးခံမရှိ၊ ကံအားလျော်စွာ ကုတ်အင်္ကျီအိတ်ထဲမှာ လေယာဉ်ပျံပေါ်တုန်းက ပါလာတဲ့ စက္ကူ လက်သုပ်ပုဝါ တခုစမ်းတွေ့သဖြင့် ပစပ်သုတ်ချင်ယောင်ဆောင်ရင်း ထွေးပြီး စက္ကူ လက်သုတ်ပုဝါကို လုံးထွေး ထားလိုက်ရတေ့သည်။ နောက်ထပ်၍ ကား... ရှရှီမီကို စားမကြည့်ဝံ့တော့ပေ။
သို့နှင့် ပဏာမ ဆာကေးခန်း သို့မဟုတ် ကောက်တေးပါ အခန်းငယ်မှာ တနာရီခန့်ကြာလျှင် တင်ပူရာခန်း အဆင်သင့်ပြီးကြောင်း သူငယ်မတဦးကအံလွဲထရံကို မြဲဝင်လာပြီး ဒူးကလေးတုတ်ခါ အကြောင်းကြား လာသဖြင့် တင်ပူရာ ကြော်သော အခန်းသို့ ပြောင်းထိုင်ကြရသည်။

တင်ပူရာကြော်သော အခန်းကလည်း သားနားသပ်ရပ်စွာနှင့် ဂျပန်ဖြစ် အသုံးအဆောင် အထိမ်းအမှတ် များသာ ချယ်လှယ်အမွှမ်းတင်၍ ပြင်ဆင်ထားပါသည်။
လျှပ်စစ် ဓါတ်အားဖြင့် သုံးသော အကြော်မီးဖိုကို အလယ်ထားပြီး၊ ၃ မျက်နှာက ကောင်းတာကဲ့သို့ စားပွဲရှည် စိုင်းထားသည်။ ထိုစားပွဲရှည်မှာ ပေါ့ပါးသော ထင်းရှူးသားမျက်နှာပြင်၌ နီညိုရောင် ' သရွတ်' ကိုင်ထား ပါသည်။ ' သရွတ်' မှာ ဂျပန်ယွန်းထည်ချောများ၏ လက်ရာအတိုင်းဖြစ်၍ မှန်သွား ကဲ့သို့ ညက်ညော တောက်ပြောင် လျက်ရှိပါသည်။

ကောင်တာ စားပွဲပေါ်တွင်လည်း ဂျပန်ယွန်းထည် နုနုဖြင့် ဖန်တီးထားသော ဘူးငယ်၊ ခွက်ငယ်၊ လဘက်ရည်ခရား၊ လဘက်ရည်ပန်းကန်၊ မေးတင်ထားသော တူများ အသင့်ထားပြီးဖြစ်သည်။
၎င်း စားပွဲရှည် ကောင်တာမှာ မြက်ဖျာ ခင်းထားသော ကြမ်းပြင်နှင့် တပေကျော်ကွာပါသည်။ ကြမ်းပြင်ပေါ် မှာ တယောက်ထိုင် မြက်ကူရှင်ထိုင်ခုံကလေးတခုစီ ချပေးထားပါသည်။ ထိုင်ခုံပေါ်မှ ဒူးတုပ်ထိုင်လိုထိုင်၊ ခြေတွဲလောင်း ချလိုက်လည်းချနိုင်ရန် အောက်မှာ ကြမ်းကို ဖေါက်ထားသေး သည်။

တင်ပူရာခန်း တခုတွင် စားလာသူ ဧည့်သည်များကိုရော ပေါင်းပြီးမကျွေးပါ။ ကိုယ့် အစုနှင့်ကိုယ် တခြားစီ၊ တချိန်စီ ထားပေးပါသည်။
လူတစုဆိုသည်မှာ ၄ ယောက်မှ ၆ ယောက် ၈ ယောက် အထိဖြစ်၍ ထိုတစုတစုကို အကြော် ကြော်ပေးသူ ဂျပန်အိုးသူကြီးကတယောက်၊ တည်ခင်းကျွေးမေးရာ ဝေယျာဝစ္စ ပြုပေးသူ ဂျပန် စားပွဲထိုး မကလေး နှစ်ယောက်မှ သုံးယောက်ခန့်ပေးထားသည်။
စားသောက်ချိန် အစအဆုံး ၂ နာရီမှ ၃ နာရီခန့်ရှိသဖြင့် တယောက်လျှင် ယန်းဒင်္ဂါး ၁၅၀၀ ဗမာငွေ နှစ်ဆယ် ကျော်ခန့် ယူပါသည်။ ထိုနေ့က လေးယောက်စာအတွက် ဗမာငွေ ၁၀၀ ခန့် ပူဇော်ခဲ့ကြရပါ သည်။

၈ျပန်မကလေးတွေနှင့် တွဲ၍သော်လည်းကောင်း၊ ယောက်ျားတွေချည်း သပ်သပ်သော်လည်းကောင်း လာရောက်ကြသည့် အမေရိကန် စစ်ဗိုလ် စစ်အရာရှိစစ်သားများထံမှလည်း တနေ့တနေ့ ငွေတွေ သယ်ယူ သလိုရကြသည်။
အကြော် ကြော်သောအိုးသူကြီးသည် မီးဖိုရှိရာသို့ မှန်တံခါးကို ဖြဲဝင်လာသည်။ သူ့ရှေ့၌ တောက် ပြောင်သော ဒန်ရောင်ဆီပူဒယ်အိုးမှာ အငွေ့တက်လျက်ရှိသည်။
သူ့ဘယ်ဘက်မှာတော့ အမြီးကလေးသာချန်ပြီး အခွံသင်ထားသော ပုဇွန်ထုပ်ကောင် အလတ်စား တွေ ဗမာပြည် က ပုဇွန်ကြားနှင့် ခပ်ဆင်ဆင်၊ တမိုက်ခန့်ရှည်သော ငါးငယ်များကို အကောင်လိုက်ခွဲ၍ အရိုးသင်ထား သည်ကတချို့။ အခြားပင်လယ်ငါးတမျိုးကို အလွှာလွှာလှီးထား သည်ကတချို့၊ ၎င်းတို့ကို လင်ဗန်းငယ် နှင့် အသင့်ထည့်ထားပါသည်။ နောက် ဆန်နှစ်နှင့် ကြက်ဥ ခေါက်ထားသော ခွက်ငယ်တွင်းသို့ ပုဇွန် ငါးများ တခုချင်း တူနှင့် ညှပ်ယူနှစ်ပြီးမှ ဆီအိုးသို့ ထည့် ကြော်ပါသည်။

ယွန်းပန်းကန်ပြာရှည်ပေါ်တွင် စက္ကူလက်သုတ်ပုဝါခံ၍ စားသူတဦးဆီသို့ အဆက်မပြတ်အောင် တင်ပူရာ ခေါ်သည့် ပုဇွန်ကြော် ငါးကြော်များ၊ ဒယ်အိုးမှ ပူပူနွေးနွေးဆယ်ထည့်ပေးပါသည်။
ငါးကြော် နှင့် ပုဇွန်ကြော်အကြားတွင် ငြှုပ်သီးစိမ်းတတောင့်၊ ပဲသီးဖတ် ၁ ဖတ် ကြာစေ့တစေ့၊ ကြက်သွန်ဥငယ် တခုတို့ကို ၀ါးဒုတ်ငယ်နှင့် ထိုးသီပြီး ဆန်မှုန့်တွင် နှစ်၍ ကြော်ပေးပြန်သည်။ အဲဒါ သူတို့ ဂျပန်ပြည် မှာ အလွန်တရာ နာမည်ကြီးလိုက်ပါတဲ့ ' တင်ပူရာ ' ကြော်ဖြစ်သတည်း။

နောက်အခြံအရံအဖြစ်နဲ့ လာပါသေးသည်။ (မီရှိုရှီရို) ဆိုတဲ့ ယောက်သွားဆွတ်ပြုတ်ဖြစ်ပါသည်။ ငွေမတ်စေ့ခန့်ရှိ ယောက်သွားအနက်ကလေးတွေကို ဂျပန်မဆလာနံ့နှင့် ဆွတ်ပြုတ်ပြီး ယွန်းခွက် အဖုံး အပိတ် နှင့် ပေးပါသည်။
အရည်ကို ခွက်စောင်းမော့ချပြီး ယောက်သွားထဲက အသားကို တူနဲ့ ထိုးကော်စားရမည်တဲ့။ သိပ်မကြိုက် လှပါ။

နောက်ဆုံးပို့လာတဲ့ (ချဝမူရှီ)ဆိုတဲ့ ပူတင်းလိုလိုဟာတော့ နဲနဲကြိုက်သလိုလိုအရှိသား။ သူကတော့ ပဲဖြူအနှစ် နဲ့ မှိုကြာစိ၊ ပဲသီးဖတ်၊ ငါး၊ ပုဇွန်တို့ကိုရော သမပြီး၊ ခွက်ငယ်နှင့် ထည့်ပေါင်းထားသော အချို ပူတင်း လို အရသာမျိုး ဖြစ်ပါသည်။ ဂျပန်စကားပြန်တို့က အိုးသူကြီးနှင့် စကားတဖေါင်ဖေါင် ပြောရင်း အကြော်နံ့ ခံရင်း စားနေဆဲ၊ စူးစူးရှရှ နှုတ်ဆက်လိုက်တဲ့ လဘက်ခြောက်မှိုင်းပုပ်နံ့က အညှော်နံ့ကို လွှမ်းမိုး ကာ ထိုးဖေါက်လာလိုက်သေးသည်။
ကံအားလျော်စွာ ချက်ခြင်းပျောက်သွား၍ နောက်ထပ် မပေါ်လာတော့ပါ။

သို့နှင့် ၃ နာရီနီးပါး (တင်ပူရာ) သုတေသနပြုလုပ်ပြီးသွားခဲ့ရာ တံခါးဝမှာ သိမ်းထားသော ဖိနပ် ကလေး တွေကို ကိုင်စောင့်နေရှာသူဂျပန်မယ်ကလေးများ၏ အာရိဂတိုးကို ဆိုင်မဆုဆိုတဲ့ နှုတ် ဆက်သံ နာခံရင်း ပြန်ခဲ့ကြ တော့သည်။
နောက် ဂျပန်ပြီပြီ ထမင်းဟင်းရောင်းသော ဆိုင်များလည်း ရှိပါသေးသည်။ မှန်ဘီရိုတွေမှာ ရှိုးပြထား ဒါကြည့်လိုက်ရင် ကိတ်မုန့်ဆိုင်တွေက အဆော့တက်၊ မုန့်စုံကလေးများကဲ့သို့ စိမ်းနီဝါပြာ မျက်စိ ပသာဒ လှပအောင် ထမင်းနှင့် ဟင်းကိုဖန်တီးလျက်သေတ္တာငယ်နှင့်ထည့်ထားပါသည်။

သေတ္တာတခုတွင် ထမင်းဆုပ်ကလေး ၁၂-ဆုပ်ခန့်ရှိ၍ ကောက်ညှင်းပေါင်းကဲ့သို့ ဆေးထန်းထန်း ထမင်းဆုပ် ပေါ်တွင် ပုဇွန်မကျက် တကျက် ကျောခွဲပြီး ထမင်းဆုပ်ပေါ် ကပ်ထားသည်က ၃-ခု၊ ငါးရှည်သားကြော် နီနီ တဖတ်စီ ထမင်းဆုပ်ပေါ်ကပ်ထားသည်က ၃-ခု၊ ' အော်တိုပတ် ' ဗမာအခေါ် ရေသူရဲကောင် အသားပြုတ် တဖတ်စီကပ်ထားသော ထမင်းဆုပ် ၃-ခုဖြစ်၍ အပေါ်မှ ၀ါးရွက်စိမ်းစိမ်း ကလေး ၃...၄...ခုကို ပန်းပွင့်သဏ္ဍာန်ဖေါက်ညှပ်အလှခြား၍ ထည့်ထားပြီး ၀ါးတူအသစ်တစုံပါ ထမင်းသေတ္တာတွင် အသင့်ပြင် ထားသည်။ အဆင်းသဏ္ဍာန်ကဖြင့် အင်မတန်လှပါသည်။ ဆားမပါ တဲ့အတွက် စားစရာမှာဖြင့် ပေါ့ပျက်ပျက် ပါဘဲ။ တရုတ်အမျိုးသားအစာလောက် ခံတွင်းတွေ့ကြမည် မထင်ပါ။

ဂျပန်အမျိုးသားယဉ်ကျေးမှု ရှေးတီးဝိုင်း ဆိုတာကိုလည်း သုတေသနလုပ်ခဲ့ရပါသေးသည်။ တရုပ်တီးဝိုင်း က လင်ဗန်းသံ အာရိဂတိုးကြသည်မှာလည်း လယ်ကန်သင်းမှာ ကောက်စိုက်ဆူညံသလောက် ဂျပန် တူရိယာသံ မှာ သိမ်မွေ့ညင်သာလေးလံစွာရှိလွန်းလှ၍ တခါတခါ ပျင်း၍ပင် လာမိပါသည်။
ထိုနေ့က ဒူရိယာဝိုင်းမှာ တကယ့် အဆိုဆရာကြီးတွေ၊ အတီးဆရာကြီးတွေ၏ ရှေးမူစံပြတီးဝိုင်းဆို ၀ိုင်းဖြစ်၍ အင်မတန် ဋ္ဌာန်ကရိုဏ်းကျသည်ဟု သူတို့၏ တပည့်သားများဖြစ်ကြတဲ့ ဂျပန်မဟာဂီတ အသင်းသူ အသင်းသား များ အုတ်အုတ်ကျက်ကျက်လာကြည့်ကြသည်။

သီချင်းတပုဒ်ကို အဆိုရော အတီးပါ ၁၀ ... မိနစ်လောက် အနည်းဆုံးကြာပါသည်။ ဆိုသူဆရာကြီး များမှာ ' ဂျပန် မဟာဂီတ ' သီချင်းစာအုပ်ကို ရှေ့မှကြက်ခြေခတ်စားပွဲငယ်တခုတွင်တင်ပြီး ညီညီ ညာညာ သံပြိုင် သော်လည်းကောင်း၊ အတိုင်အဖောက်တလှည့်စီသော်လည်းကောင်း၊ ပျင်းရိလေးလံစွာ ထိုင်းထိုင်း မှိုင်းမှိုင်း ဖြစ်စေသည့် အနိမ့်ဆုံးအောက်သံနှင့် မျက်လွှာချပြီးဆိုကြပါ သည်။တူရိယာ တီးသူများမှာ ဂျပန် အမျိုးသမီး တဦး ဗျတ်စောင်းကို ခေါင်းဆောင်ပြု၍တီးသည်။ သူ့ဘေးက ဗျတ်စောင်းဆရာတို့သည် များသောအားဖြင့် ဗျတ်စောင်းဆရာ တို့နှင့် တတန်းတည်း ညာဘက်မှ ထိုင်လေ့ရှိကြသည်။

ရှေ့တန်းက ပုလွေဆရာတဦး၊ စည်းဆတ် တီးသူတဦး၊ ဗုံတိုတီးသူနှစ်ဦး၊ ဂျပ်ဆင်ကဲ့သို့ ဗုံပြား ခပ်ကြီးကြီး တီးသူ တဦး စီတန်းထိုင်ကြသည်။
တီးဝိုင်းဆရာနှင့် အဆိုဆရာအားလုံးတို့မှာ ရှေးမူအတိုင်း အင်္ကျီနက် လက်ပွကျယ်ကြီးတွေကိုသာ ၀တ်ရ သည်။
ထိုင်ရန် လေးဒေါင့်ဖုံ ကလေးတခုစီပေါ်တွင် ဒူးနှစ်ဘက်တောက်၊ ခြေဖ၀ါးနှစ်ခုကို တင်ပါးအောက် ကပ်ခါ၊ ဒူးတုတ် ထိုင်ကြသည်။

တခါထိုင်လျှင် သီချင်းတပိုဒ်တီးလို့ ဆိုလို့မပြီး မချင်း ၁၀ မိနစ် ၁၅ မိနစ်ကြာ မလှုပ်မရှက် ယားလို့လည်း မပျက်ရ အရုပ်ကဲ့သို့ ငြိမ်သက်စွာထိုင်ကြသော စည်းကမ်းရှိသည်။ ၀ဲယာစောင်းလှဲ့လို့မှ မကြည့်၊ အင်မတန် ဣနြေ္ဒကြီးလှသည်။ ပုလွေဆရာလည်း ၁၅ မိနစ်ကြာဆိုသော သီချင်းတပုဒ်တွင် သူမှုတ်ရအလှည့်ကို ခြောက်ခါလောက်သာရှိမည်။ အလှည့်ကျ တုန်းမှုတ်၍ အလှည့်ကုန်လျှင် အရုပ်ကဲ့သို့ အနေအထား မပျက်ငြိမ်နေသည်။

ဗုံတိုနှင့်ဗုံကြီးဆရာ စည်းဆတ်ဆရာတို့ကလည်း သီချင်းတပုဒ်လုံးမှ ၆ ကြိမ်မှ ၈ကြိမ်လောက် တချက် နှစ်ချက် စီးတီးရပြီး ကျဲလှသော ကျန်အချိန်များမှာ ပုလွေဆရာကဲ့သို့ ဗျက်စောင်းဆရာကဲ့သို့၊ သီချင်း အဆိုတော် တို့ကဲ့သို့ အနေအထားမပျက်၊ မလှုပ်မရှက် မစောင်းမလှည့် အသက်မှန်မှန် ရှုကာ ငြိမ်သက် နေကြသည်။
နားမလယ်သူများအဘို့ အင်မတန် ပျင်းရိဘွယ်ကောင်းသော်လည်း သူတို့ကာလ်ချားဆိုသော ဂျပန် ယဉ်ကျေးမှုအစစ်ကို အတော် မြတ်နိုးလေးစားကြသည်။ သီချင်းဆုံးတိုင်း သြဘာလက်ခုပ် တဖြောင်း ဖြောင်း နှင့် ရှိပါသည်။

တီးဝိုင်းသို့ လာရောက်ကြည့်ရှုသူများမှာ တကယ့် ဂျပန်လူကြီး လူကောင်း အထက်တန်းစားများဟု သိရ ပါသည်။
ထို့ကြောင့်ပင် ရုံထဲမှာ သူတို့အချင်းချင်း တကုန်းကုန်းနှင့် မတွေကုန်းနေသည့်နှယ်ဖြစ်တော့သည်။
သူတို့ယဉ်ကျေးမှု ဂီတကဗျာနှင့် တူရိယာမှာ ဤသို့ ဤနှယ် တွေ့ရသော်လည်း ယခုခေတ်သစ် အဆို အတီးဝိုင်းများ မှာတော့ ဥရောပ အမေရိက တီးဝိုင်းတွေနဲ့ သူမသာ ငါမသာ အားလုံးမသာ မတိမ်း မယိမ်းဖြစ်နေပါသည်။

ဂျပန် ရုပ်ရှင်ရုံများနှင့် ရုပ်ရှင်ဇာတ်ကားများမှာလည်း ဥရောပ အမေရိကတို့က အဆင့်အတန်းကို ဖြတ်လမ်း မှ လိုက်နေသလိုဖြစ်၍ ဂျပန်ခေတ်က စမ်းချောင်းထိပ်ရှိ 'ဆကုရ' ရုပ်ရှင်ရုံမှာ ပြသွားသော တခါလာ သူဌေးသမီး နှင့် မန်နေဂျာတို့ချစ်ကြိုက်ကွဲညားသော ဇာတ်လမ်းမျိုးတွေ မဟုတ်ဘဲ အထက်တန်း ကျကျ တွေသာ ကြည့်ခဲ့ရပါသည်။
ဂျပန်ရောက်မှ အနည်းငယ် သတိထားကြည့်မိသော ဂျပန်မကလေးတွေ၏ အလေ့အထ တခုမှာ လက်ကလေး နှစ်ဘက်ရှေ့ချကာပြီး နောက်ဆုတ် နောက်ဆုတ်သွားတတ်သော အလေ့အကျင့်ပင် ဖြစ်လေ သည်။

ဓါတ်ရထား စောင့်ရာမှာဖြစ်စေ၊ အချင်းချင်းစုရုံးရပ်နားစကားပြောရာမှာဖြစ်စေ၊ မကြာခဏ ၄-၅-၆လှမ်း နောက်ပြန်ဆုတ်၍ဆုတ်၍ သွားတတ်သည်ကို နေရာတကာ မြင်ရပါသည်။ သူတို့ခုံဘိနပ် ကလေးနှင့် သူတို့ ကီမိုအင်္ကျီကလေးနှင့် ပုပုပြတ်ပြတ်ကလေးတွေ ဒီလိုသွားဒါမြင်ရတော့ ကြည့်လို့ဘဲ ကောင်း သလိုလို။
သတင်းစာ ရောင်းရာတွင် ဒေါင့်များတွင် ဂျပန်အဖွားအိုကြီးများ ကိုယ်တိုင် ရောင်းချသည်။ လူသွား လမ်းဘေးတိုင်း လိုလိုမှာလည်း မိန်းမအိုကြီးများ၊ ယောက်ျားအိုကြီးများနှင့် အရွယ်လတ်များသည် တသီတတန်း ချည်းထိုင်၍ ခရီးသွားများ ဘိနပ်ကို တိုက်ပေးကြသည်။

ခရီုးသွားတွေက များပြားသလောက် ဘိနပ် အငှားတိုက်ပေးသူများမှာလည်း လက်မလည်ရှာပါ။ ဗမာသာဆိုရင် ဒီအလုပ်မျိုးများ အောက်ကျနောက်ကျ ဘယ်တော့မှ လုပ်မည်မထင်၊ ငတ်သေချင် သေပေစေ ဆိုတဲ့ မာနရှိကြသူတွေသာများသည်။
ဘိနပ်တိုက်တဲ့ သူတွေကိုလည်း အထင်မသေးနိုင်ပါ။ မိမိရရှိသော ပညာဥာဏ်အဆင့်အတန်း အလျောက် မိမိ ၀မ်းစာကို တရားသဖြင့် အပြစ်ကင်းစွာ ရှာဖွေသူများများဖြစ်သည့်အတွက် မော်တော်ကားကြီးစီးပြီး ရာဇ၀တ်မှု တွေကို ပြေးလွှားကျော်နင်းနေသူတွေထက်၊ လေးစားကြည်ညို မိပါသေးသည်။
---------------
ဆက်ရန်
.

1 comment:

Anonymous said...

မန့်ကြည့်တာ ရလားလို့