ဆိုဇင်နစ်ဆင် ၏ စကားပြေကဗျာ (၄) ပုဒ်
စိုးမြင့်လတ်
အလက်ဇန္ဒားဆိုဇင်နစ်ဆင်ကို ဒွန်မြစ်ပေါ်ရှိ ရော့စ်စတော့ဗ်မြို့ကလေးတွင် ၁၉၁၈ခုနှစ်၌ မွေးဖွား ခဲ့သည်။ မိဘများကတော့ ဖခင်ရုံးလုပ်သားနှင့် မိခင် ကျောင်းဆရာမတို့ဖြစ်သည်။ သူသည် ရော့စ် စတော့ဒ် တက္ကသိုလ် မှ သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ တစ်ဆက်တည်းမှာပင် စာပေပညာရပ် ကို စာပေး စာယူ သင်တန်းတက်၍ သင်ယူခဲ့သည်။ ထိုစဉ်မှာပင် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံခဲ့ရ သည်။ ရှေ့တန်း စစ်မျက်နှာတွင် အမြောက်တပ်သားအနေနှင့်လည်းကောင်း၊ အမြောက်တပ်အရာရှိ အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ရာ ဗိုလ်ကြီးရာထူးအထိ ရောက်ရှိခဲ့သည်။
၁၉၄၅ခုနှစ်ဦးပိုင်းတွင် ကောလင်နှင့်ပတ်သက်၍ စိုင်းယုတ်ညံ့စွာ ဝေဖန်ပြောဆိုသည် ဆိုကာ၊ အရှေ့ ပရပ်ရှား ရွာကလေး တစ်ရွာတွင် အဖမ်းခံခဲ့ရသည်။ နောက် ၈နှစ်အကြာတွင် သူ သည် အလုပ်သမား အကျဉ်းအခန်းတစ်ခုသို့ ရောက်ခဲ့သည်။ ပထမတော့ အာတစ်ဒေသရှိ 'ဗိုလ်ချုပ်ကြီး'ဟု အမည် ပေးထားသော အကျဉ်းစခန်းတို့တွင် ရိုးရိုးရာဇ၀တ်သားအဖြစ် တောက် လျှောက်နေခဲ့ရသည်။ ထို့နောက် ဗားရီးယား၏ အထူးသီးသန့် အကျဉ်းစခန်းတို့တွင် နှစ်ရှည် အကျဉ်းသမားအဖြစ် နေထိုင်ခဲ့ရသည်။ ထိုသီးသန့်အကျဉ်းစခန်းများအကြောင်းကို သူ၏ အိုင်ဗန်ဒင်နီဆိုဗစ်(ခ်ျ)၏ တစ်နေ့တာဘ၀(One Day in The Life of Ivan Denisovich) ဟူသော စာအုပ်တွင်ရေးသားဖော်ပြခဲ့သည်။ တကယ်တော့၊ ထိုအကျဉ်း စခန်း မှာ ကာဇက်စတန်ပြည်နယ် မြောက်ပိုင်းရှိ ကာရာဂန်ဒါဒေသတွင် တည်ရှိပါသည်။
စတာလင် ကွယ်လွန်သည့် ၁၉၅၃ခုနှစ်တွင် အကျဉ်းစခန်းမှ လွတ်မြောက်ခဲ့သော်လည်း၊ (၃)နှစ် နယ်နှင်ဒဏ် ခံရပြန်သည်။ သို့သော်လည်း သူ ရုရှားနိုင်ငံသို့ ပြန်မလာမီ ဇနီးသည်နှင့်တော့ တရားဝင် ဆက်သွယ်ခွင့် ရခဲ့သည်။ ထို့နောက် ရာဇန်ဒေသအနီးတွင် အခြေချကာ အလယ်တန်း ကျောင်းတစ်ကျောင်း တွင် ကျောင်းဆရာ ၀င်လုပ်ခဲ့သည်။
၁၉၆၀-ပြည့်နှစ်တွင် သူ၏စာအုပ် 'အိုင်ဗန်ဒင်နီဆိုဗစ်(ခ်ျ)၏ တစ်နေ့တာဘ၀'ကို 'လောက သစ်စာပေဂျာနယ်' မှ အယ်ဒီတာ ထရာဝါဒေါ့စကီးဆီသို့ ပေးပို့ခဲ့သည်။ ယင်းစာအုပ်သည် ၁၉၆၂ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ တစ်မုဟုတ်ချင်းပင် ရောင်းကောင်းခဲ့သည်။ သူ၏ နောက်ထပ်စာအုပ် နှစ် အုပ်ကိုလည်း ၁၉၆၃-ခုနှစ်တွင်ဆက်တိုက် ထုတ်ဝေခဲ့သည်။ ၁၉၆၇ခုနှစ်မှစ၍ သူသည် ဆိုဗီယက် စာပေ၏ အခြေခံစည်းမျဉ်းများကို အတိုက်အခံပြုရန် ရည်မှန်းချက်ထားခဲ့သည်။ ထို့ကြောင့် ၁၉၆၈ ခုနှစ်တွင် သူ၏ အယူအဆ များကို 'ရုရှားစာပေဂေဇက်'မှ တစ်ဆင့် တင်ပြကာ စတင် ထိုးနှက် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ၁၉၇၀ပြည့်နှစ်တွင် သူ့ကို ဆိုဗီယက်စာရေးဆရာများသမဂ္ဂမှ ထုတ် ပယ်ခဲ့သည်။ ရုရှားနိုင်ငံ၏ အယူ အဆ ရေးရာ ရန်သူဟုလည်း သတ်မှတ်ခဲ့ကြသည်။
သူ၏ဂူလက်ကျွန်းစု (The Gulag Archipelago)ဟူသော ၀တ္တုကို ဥရောပတွင် ဖြန့်ချီ ထုတ်ဝေသည့် ၁၉၇၄-ခုနှစ်တွင် အာဏာပိုင်အဖွဲ့က သူ့ကိုဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။ သူရေးသား ခဲ့သည့် ၀တ္တု များဖြစ်သော ကင်ဆာဆောင် (Cancer Ward)၊ ပထမစက်ဝိုင်း (The first Circle)နှင့် ၁၉၁၄-ခုနှစ် သြဂုတ်လ (August 1914)တို့မှာ ယခုအခါ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ပြီးဖြစ်သည်။ 'The Love-girl and The Innocent' အမည်ရှိ ပြဇာတ်တစ်ပုဒ်ကိုလည်း ရေးသားခဲ့ လေသည်။
ယခုဖော်ပြသောသူ၏ စကားပြေ(၄)ပုဒ်မှာ ပင်ဂွင်စာအုပ်တိုက်ထုတ် 'ဆိုဇင်နစ်ဆင်၏ ၀တ္တုတိုများ နှင့် စကားပြေ ကဗျာများ' စာအုပ်မှ ဖြစ်ပါသည်။
မီးပုံကြီးနှင့်ပုရွက်ဆိတ်များ
ခင်ဆွေးဆွေးထင်းချောင်းတစ်ချောင်းကို ယူပြီး မီးပုံထဲသို့ ထင်းထိုးလိုက်သည်။ ထိုထင်း ချောင်းတွင် ပုရွက်ဆိတ် ကလေးများ ရှိနေသည်ကို ကျွန်တော်ဂရုမပြုမိလိုက်ပါ။
ထင်းချောင်း ကတော့ မီးပုံထဲတွင် ဖျစ်ဖျစ်ဖျောက်ဖျောက် မြည်ကာ ချက်ချင်းလိုပင် မီးစွဲ သွားပါ တော့သည်။ ခဏကြာတော့ ထင်းချောင်း ခေါင်းပွထဲမှ ပုရွက်ဆိတ်များ အုပ်လိုက်ချီ၍ ထွက် လာကာ၊ သုတ်သုတ် ပျာပျာနှင့် ထွက်ပြေးကြပါတော့သည်။ သူတို့သည် ထင်းချောင်းအရင်းဘက် ဆီသို့ အလုအယက် တိုးဝှေ့ပြေးထွက်ရင်းကပင်၊ မီးဟပ်ခံရသည့်အပူဒဏ်ကြောင့် တွန့်တွန့်လူး နေပါ တော့သည်။ ဒါနဲ့ကျွန်တော်လည်း ထင်းချောင်းကိုဆွဲယူပြီး တစ်ဖက်လှည့်ပေးလိုက်ပါသည်။ ထိုအခါ ပုရွက်ဆိတ် အတော်များများသည် သဲပေါ်သို့ ခုန်ချသူကခုန်ချ၊ ထင်းရှူးရွက်တွေဆီ တက် ပြေးသူက တက်ပြေး နှင့် မီးဘေးမှလွတ်အောင် အသက်လု၍ ပြေးနေကြပါတော့သည်။
တကယ့်တကယ်မှာတော့ ပုရွက်ဆိတ်လေးများခမျာ၊ ပြေးသာပြေးနေရသည် မီးနှင့်ဝေးဝေး ရောက်အောင် ခရီးပေါက်နိုင်ကြသည်မှ မဟုတ်ဘဲ။ ခဏကြာတော့ မည်သို့ဖြစ်သည်မသိ၊ အကြောက် တရားကိုပင် ကျော်လွှားသွားလေသား? ဒါမှမဟုတ် မည်သို့သော အင်အားတစ်စုံ တစ်ရာက တွန်းပို့လိုက်သည်ကိုပင် မသိတော့ပါ။ ပုရွက်ဆိတ်လေးများသည် အသက်လု၍ ပြေး နေရာမှ လာရာလမ်း ဘက်ဆီသို့ နောက်ကြောင်းပြန်လှည့်လာကြသည်ကို တွေ့လိုက်ရပါသည်။ ပြီးတော့ မီးစွဲလောင်နေသည့် ထင်းချောင်း ပေါ်သို့ အုံနှင့်ကျင်းနှင့် ပြန်တက်သွားပါတော့သည်။ နောက်ဆုံး တော့... ထိုထင်းချောင်း ပေါ် တွင်ပင် ပြေးရင်းလွှားရင်းက မီးစွဲလောင်တာ ဇီဝိန်ချုပ်ကုန် ကြပါတော့သည်။
စိုးမြင့်လတ်
The Bonfire and The Ants
By ALEXANDER SOLZHENITSYN
သူ၏လူလက်ကျွန်းစု (The Gulag Archipelago) ဟူသော ၀တ္ထုကို ဥရောပတွင် ဖြန့်ချီ ထုတ်ဝေသည့် 1974 ခုနှစ်တွင် ပာဏာပိုင် အဖွဲ့က သူ့ကို ဖမ်းဆီးက ပြည်နှင်ဒဏ် ပေးခဲ့သည်။ သူရေးသားခဲ့သည့် ၀တ္ထုများ ဖြစ်သော ကင်ဆာဆောင် (cancer ward) ပထမစက်ဝိုင်း (The first circle) နှင့် ၁၉၁၄ ခုနှစ် သြဂုတ်လ (August 1914) တို့မှာ ယခုအခါ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုပြီးဖြစ်သည်။ The love girl and The innocent အမည်ရှိ ပြဇာတ် တပုဒ်ကိုလည်း ရေးသားခဲ့ လေသည်။
ယခုဖော်ပြ သောသူ၏ စကားပြေ (၄) ပုဒ် မှာ ပင်ဂွင်းတိုက်ထုတ် ဆိုဇင်နစ်ဆင်၏ ဝတ္ထုတိုများနှင့် စကားပြေ ကဗျာများ စာအုပ်မှ ဖြစ်ပါသည်။
ရွက်ကြွေပင်သစ်လုံး
ကျွန်တော်တို့ သစ်ရွက်ကြွေပင် သစ်လုံးတစ်လုံးကို လွှဖြင့်တိုက်၍ ထင်းဖြတ်နေရင်းကပင် မယုံကြည်နိုင်လောက်အောင် အံ့သြရာက အသံများပင် ထွက်သွားမိပါသည်။ တကယ်တော့ ထို ရွက်ကြွေပင်ကို ကျွန်တော်တို့ခုတ်လှဲခဲ့သည်မှာ နှစ်တစ်ပတ်ပင် လည်ခဲ့ပါပြီ။ ခုတ်လှဲရုံတင်မကပါ။ ထိုအပင်ကို ထွန်စက်ဖြင့်ဆွဲ၍ လွှစက်သို့ပို့ပြီး သစ်လုံးများဖြစ်အောင် ပင်ပိုင်းဖြတ်ခဲ့ပြီး ဖြစ်ပါ သည်။ သစ်လုံးတွေဖြစ်သွားတော့မှ ဖောင်ပေါ်တင်တာတင်၊ ကုန်တွဲတွေပေါ်ပို့တာ ပို့နှင့်သယ်ယူ ခဲ့ပြီး၊ လိုရာရောက်မှလှိမ့်ယူကာ မြေကြီးပေါ်တွင် ဆင့်၍ဆင့်၍ ပုံထားလိုက်ပါသည်။
ဒါတောင်မှပင်၊ ထိုရွက်ကြွေပင်သစ်လုံးများက လက်မမြှောက်ကြသေးပါ။ သူတို့ဆီမှ စိမ်း စို လတ်ဆတ်သော ပုရစ်ဖူးနုနုကလေးများ ထွက်ပြုနေသည်ကို တွေ့လိုက်ရပါသည်။ ဒါသည်ပင်၊ နောင်တစ်ချိန် ၌ တောင့်တင်းသန်မာသည့် ပင်စည်နှင့်အရွက်ဝေေ၀ အကိုင်းအခက်များရှိသော နောက်ထပ် ရွက်ကြွေပင် အသစ်တစ်ပင် ထပ်ပေါက်လာဦးမည်ဟု ဆိုနေသလို မဟုတ်ပါလား။
ကျွန်တော်တို့လည်း ထိုသစ်လုံးကို လွှဖြင့်တိုက်၍မရသည့်အဆုံး၊ လွှစက်သို့သွားသည့် မြင်းလှည်း ပေါ် တင်ပေးလိုက်ကြပါတော့သည်။ အဓိပ္ပာယ်ကတော့ အာဏာသားလက်ထဲအပြီးတိုင် ၀ကွက် အပ် လိုက်သည် သို့ ဖြစ်ပါသည်။ ကဲ...ခုတော့ ဘာတတ်နိုင်သေးလဲ?
သြော်...ထိုရွက်ကြွေပင်သစ်လုံးသည်လည်း ကျွန်တော်တို့လိုပင် ဘ၀တဏှာကြီးလှပါ တကား။ တကယ်တော့၊ သူ့ဘ၀ကို ချစ်ခင်တွယ်တာမက်မောသည့် ဆန္ဒက ကျွန်တော်တို့ထက် ပင် ဇွဲသန်အား ကောင်းလှ ပါတကား။
စိုးမြင့်လတ်
The Elm Log
BY ALEXANDER SOLZHENTSYN
အရိပ်ထင်ထင်
တသွင်သွင်စီးဆင်းနေသည့်ရေအလျဉ်၏မျက်နှာပြင်တွင် ထင်ဟပ်လာသော ပုံရိပ်တို့ကား နီးသည် ဖြစ်စေ၊ ဝေးသည်ဖြစ်စေ မထင်မရှား၊ မပီမပသာရှိချေသည်။ စီးဆင်းနေသော စမ်းရေယဉ် မဟုတ်ဘဲ၊ တသိမ့်သိမ့်လှုပ်ရှားရုံ လှိုင်းတွန့်ကလေးများသည် ရိုက်ခတ်နေသော၊ အမြုပ်မထ ကြည်လင် လှသည့် စမ်းရေပြင်မှာပင် ထင်ဟပ်လာသောပုံရိပ်တို့က ပန်းစကြာမှန်ပြောင်းမှ ရုပ်ပုံ များအလား တဖျတ်ဖျတ် နှင့်ဝိုးတ၀ါး၊ ဘာများလဲဟူ၍ နားမလည်နိုင်စရာ။
မြစ်ချောင်းအင်းအိုင်တို့ကို အဆင့်ဆင့်ဖြတ်ကျော်လာသော ရေအလျဉ်သည် နောက်ဆုံး၌ အပြန့်ကျယ်သောရေပြင်ကြီးဆီသို့ ဆိုက်ရောက်လာတော့သည်။ ထိုမှတစ်ဆင့် ရေငြိမ်မြစ်ဝ၊ ဒါမှ မဟုတ် ရေသေအိုင်တခုထဲသို့စီးဝင်ကာ ဆိတ်ငြိမ်သည့်ရေကန်ကြီးဖြစ်သွားတော့သည်။ ထိုကန်ရေ ပြင်မှာတော့ ကမ်းနဖူးရှိ သစ်ပင်ကြီးမှ သစ်ရွက်တို့ကိုပင် တစ်ရွက်ချင်းပီပီသသကြီးထင်ဟပ်နေကြ သည်။ ကြေးမုံပြင်တွင် တွေ့နေရသည့်အလားပင်။ ဒါတင်မက… ကောင်းကင်မှ တိမ်မျှင်စများနှင့် ပြန့်ပြူးနေသည့် အပြာရောင်မိုးကောင်းကင်ကြီးကိုလည်း ထင်ထင်ရှားရှားကြီးတွေ့နေရပါသည်။
သြော်… ကျွန်တော်တို့ဘ၀တွေနှင့် တူလှပါချေတကား။ ကျွန်တော်တို့သည အမှန်တရား၏ ထာဝရ ပြတ်သားသည့် ပုံရိပ်တို့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းမရှိသေးသည်မှာ၊ ယခုတိုင် တစ်စုံ တစ်ရာ ဆီသို့ ဦးတည်၍ သွားနေသောကြောင့် ဖြစ်ပါသည်။ ဒါသည်ပင် ရှင်သန်ခြင်း၏အဓိပ္ပာယ် မဟုတ်ပါလား?
စိုးမြင့်လတ်
မူရင်း - Reflections
BY ALEXANDER SOLZHENTSYN
ခွေးကလေးပါပီ
ကျွန်တော်တို့ခြံနောက်ဘက်မှာ ကောင်လေးတစ်ယောက်က သူ့ခွေးကလေးကို သံကြိုးနဲ့ အမြဲလို ချည်ထားတတ်တယ်။ အဲဒီခွေးကလေးအမွေးနုနုနဲ့ ဟိုးငယ်ငယ်ကလေးကတည်းကပါပဲ။
တစ်နေ့တော့… ခွေးကလေးအတွက ကျွန်တော်ကြက်ရိုးတချို့ ယူလာခဲ့တယ်။ ကြက်ရိုး တွေက ပူပူနွေးနွေးပဲရှိသေးတယ်။ အနံ့ကလည်း မွှေးနေတုန်းပဲ။ အဲဒီအချိန်မှာ ကောင်လေးက သူ့ ခွေးကလေး… နဲ့အတူ ခြံထဲမှာလှည့်ပတ်ပြေး…ပြီး ကစားနေတယ်။ နှင်းတွေဖုံးနေပြီ။ ခွေးကလေးကတော့ ခုန်ပေါက် နေလိုက်တာ ယုန်ကလေးတစ်ကောင်အတိုင်းပဲ။ နောက်ခြေကလေး နဲ့ ယက်လိုက်၊ ရှေ့ခြေ ကလေး နဲ့ယက်လိုက်ပေါ့။ ပြီးတော့ ခြံထဲမှာ ဟိုထောင့်နဲ့ ဒီထောင့် လှည့်ပတ်ပြီး ခေါက်တုံ့ ခေါက်ပြန် ပြေးနေ တော့တယ်။ သူ့နှာခေါင်းလေးနဲ့လည်း နှင်းထုထဲကို တိုးကြည့်လိုက်သေးတယ်။
ကစားနေရာက ကျွန်တော့်ကိုမြင်တော့ ပြေးလာတယ်။ အမွေးစုတ်ဖွားနဲ့ကလေးဟာ ကျွန်တော့် နား ရောက်တော့ မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်ထဲက ကြက်ရိုးတွေ ကို နမ်းကြည့် လိုက်သေးတယ်။ ပြီးတော့ ချာခနဲ့ လှည့်ထွက်သွားတယ်။ နှင်းထုထဲကလည်း သူ့ဗိုက်နဲ့ တောင်ထိနေပြီ။ ခွေးကလေးကပြောတယ်။
“ကျုပ်က ကြက်ရိုးတွေမလိုချင်ဘူး။ လွတ်လပ်ခွင့်ပဲကျုပ်ကိုပေးစမ်းပါ” တဲ့။
စိုးမြင့်လတ်
မူရင်း - The Puppy
BY ALEXANDER SOLZHENTSYN
မြန်မာသစ် မဂ္ဂဇင်း
၂၀၁၀ ခုနှစ် ဧပြီလ
.

No comments:
Post a Comment