Saturday, June 26, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၂)

အခန်း (၁၁) တရားဝင် လူအရောင်းအ၀ယ်

ဟာလေနှင့်တွမ်တို့သည် ခရီး ဆက်ခဲ့ကြသည်။ ဟာလေသည် တွမ့်ကို ကြည့်ရင်း တွမ့်ကို မည်သည့်ဈေးဖြင့် ရောင်းရမည်နည်း စဉ်းစားလာသည်။ သူ့အဖို့ တောင်ပိုင်းကျွန်ဈေးကွက်သို့ သွား ရောက် ရောင်းချရာတွင် တွမ် တယောက်တည်းကို ဆောင်ယူသွားရုံဖြင့် မလုံလောက်။ ကျွန်တွေ ကို သံကြိုးတသီကြီး ချည်၍ ခေါ်သွား မှ လည်း ဖြစ်ပေမည်။ ထို့ကြောင့် နောက်ထပ် ကျွန်များ ရရှိ ရေးကိုလည်း စဉ်းစားလာ၏။

    တနေရာ၌ ဟာလေသည် သူ့အိတ်ထဲက သတင်းစာခေါက်ကို ထုတ်လိုက်သည်။ သတင်း စာပါ ကြော်ငြာ များကို ရှာဖွေသည်။ ကျွန် လေလံပွဲသတင်းကို သူ ဖတ်သည်။ စင်စစ် သူသည် စာဖတ်ကျွမ်းသူ မဟုတ်ပေ။ ထို့ကြောင့် စာကို အသံထွက် ဖတ်နေရသည်။ သူဖတ်နေသော ကျွန် လေလံပွဲမှာ ကင်တတ်ကီပြည်နယ် ၀ါရှင်တန်မြို့ တရားရုံးတော်ရှေ့၌ ပြုလုပ်မည့် လေလံပွဲ ဖြစ် သည်။
    လေလံပစ် ရောင်းချမည့် ကျွန်အရေအတွက်မှာ ၅ယောက် ဖြစ်သည်။ ယောက်ျား မိန်းမ လူစုံပါသည်။ အသက် အရွယ် မှာလည်း ၁၄နှစ်အောက်မှ အသက်ခြောက်ဆယ်ရွယ်အထိ ဖြစ်သည်။
    "အဲဒီကိုတော့ သွားကြည့်အုံးမှဘဲဟေ့။ ဒီတော့ ဒို့ဝါရှင်တန်ကို အရင်သွားမယ်။ နောက်ထပ် ကျွန်ဝယ် ဘို့ပေါ့။ မင်းကိုတော့ အချုပ်ထဲ ထားခဲ့ရမှာဘဲ" စကားပြောဖက် ရှာသည့် သဘောဖြင့် တွမ့်အား လှမ်းပြော လိုက်သည်။

    တွမ့်စိတ်က သူ့လို လင်ကွဲ၊ မယားကွဲ၊ သားကွဲ၊ သမီးကွဲ၊ မိဖကွဲ ဖြစ်ကြရဦးမည့် လူတွေ အကြောင်းကိုသာ တွေးနေမိသည်။
    ဟာလေသည် ၀ါရှင်တန်သို့ ရောက်လျှင်ပင် တွမ့်ကို အချုပ်ခန်းတွင် ထားခဲ့ပြီး လေလံပွဲ ကျင်းပမည့် နေရာသို့ ထွက်ခဲ့၏။ လေလံပွဲ၌ လူအများပင် ရောက်နေကြလေပြီ။ လေလံပစ် ရောင်း ချခံရမည့် ကျွန် များသည် လည်း သူ့အစုနှင့်သူ ထိုင်နေသည်။ အသက်ခြောက်ဆယ်မျှသာ ရှိသေး သော်လည်း ခြောက်ဆယ် ရွယ်မက အိုစာလှသော နီးဂရိုးမကြီးသည် ဆယ်လေးနှစ်အရွယ် သားငယ်ကို တင်းတင်း ကျပ်ကျပ် ဖက်ထားသည်။ ထိုအမျိုးသမီးကြီးမှာ ကောင်းစွာ သန်စွမ်းပုံ မပေါ်။ မျက်လုံးတဖက် ပျက်နေ၏။ အကြောဆွံ့ ရောဂါဖြင့် ကတုန်ကယင် ဖြစ်နေသည်။ ထို့ကြောင့် ပင် ထိုအမျိုးသမီးကြီးသည် သူနှင့် သားဖြစ်သူ တကွဲတပြား အရောင်းခံရမည်ကို စိုးရိမ် ပူပန်နေ ၏။ ထိုသားမှာ သူ့အဖို့ နောက်ဆုံး ကျန်ရှိသော တွယ်တာ စရာ ဖြစ်သောကြောင့်လည်း သူသည် သားနှင့်အမေ တကွဲတပြား ဖြစ်ရမည်ကို ပို၍ စိုးရိမ်နေခြင်း ဖြစ်လေသည်။

    ဟာလေသည် ကျွန်များကို စိတ်တိုင်းကျ စစ်ဆေး ကြည့်ရှုနေ၏။ ပါးစပ်ကို ဖြဲကြည့်သည်။ သွားကို စမ်းကြည့် သည်။ မတ်တတ်ရပ်ခိုင်းလိုက်၊ ခါးကုန်းခိုင်းလိုက်၊ လက်အထုတ်ခိုင်းလိုက်၊ ကြွက်သား အထုတ် ခိုင်းလိုက် နှင့် သူဝယ်ယူပြီးတဆင့် ရောင်းချမည့် ကုန်ပစ္စည်းကို စစ်ဆေး ကြည့်ရှုနေသကဲ့သို့ ကျွန်များကို လှည့်လည် ကြည့်ရှု နေသည်။

    ဟာလေသည် အမျိုးသမီးကြီး၏သား ဆယ်လေးနှစ်ရွယ် အဲလဗတ်ကို သဘောကျသွား သည်။ အမျိုးသမီး ကြီးကမူ သူ့ကိုပါ တပါတည်း ၀ယ်ဖို့ တိုက်တွန်းသည်။ ဟာလေသည် အမျိုးသမီး ကြီးကို အလိုမရှိ။ တောင်ပိုင်း ပြည်နယ်များ၌ ကျွန်များကို ၀ယ်ယူကြသည်မှာ ၀ါစိုက်ခင်းများ အတွက် အလုပ်ကြမ်း သမား များအဖြစ် အသုံးပြုရန် များသည်။ ဤလုပ်ငန်းမျိုး၌ ထိုကဲ့သို့ အိုမင်း မစွမ်းသော မိန်းမကြီးမျိုးကို တဆင့် ရောင်းချရန် မှာ မလွယ်ဟု ဟာလေ သဘောပေါက်ပြီး ဖြစ်၏။ ထို့ကြောင့်ပင် အမျိုးသမီးကြီး ရင်ကွဲလုမတတ် ငိုယိုနေသည့်ကြားမှပင် သားဖြစ်သူကို ခွဲ၍ ၀ယ်ယူ လိုက်သည်။ သည့်အတွက် သူသည် ရက်စက်သော အပြုအမှုတခုကို ကျူးလွန်ခဲ့သည် ဟူ၍ကား သူအမှတ် မထား။ လုပ်ရိုးလုပ်စဉ်ဟုသာ သဘော ထားသည်။

    ဤသို့ဖြင့် ဟာလေသည် ၀ါရှင်တန် လေလံပွဲမှ ကျွန်သုံးယောက် ၀ယ်ယူခဲ့ပြီးနောက် တွမ် နှင့်အတူ ကျွန်လေးယောက် ယူဆောင်၍ တောင်ဖက်ပိုင်းသို့ ခရီးဆက်ခဲ့လေသည်။
    တောင်ဖက်ခရီးသည် အိုဟိုင်းအိုးမြစ်ကို စုန်ဆင်းသော ရေကြောင်း ခရီး ဖြစ်သည်။ သူတို့ လိုက်ပါ လာသော သင်္ဘောကြီးမှာ အဏ္ဏ၀ါဒေ၀ီ ဟူသော အမည်နှင့် လိုကလျောစွာပင် မြစ်ပြင် ထက်တွင် လှလှပပ ခံ့ခံ့ ညားညားကြီး ခုတ်မောင်း စုန်ဆင်းလာခဲ့လေသည်။

    သင်္ဘောအောက်ထပ် ကုန်းပတ်တထောင့်တွင် ဦးလေးတွမ့်တို့ လူစုမှာ သံကြိုး အနှောင် အဖွဲ့ဖြင့် ပါလာ ကြသည်။ ထိုလူစုတွင် ကျွန်ကုန်သည်ကြီး ဟာလေ ၀ါရှင်တန် လေလံပွဲက ၀ယ်ခဲ့ သော အသက်သုံးဆယ်ရှိ ဂျွန်သည် လည်း ပါလာ၏။ ဂျွန်နှင့် ဦးလေးတွမ်တို့သည် စကားစပ်မိကြ သည်။
    ဂျွန့်အဖို့တော့လည်း သူ့ဇနီးအကြောင်းကိကုသာ သူပြော၍ နေသည်။ ယခုကဲ့သို့သော သူ့အဖြစ်ကို သူ့ ဇနီးသည် မသိပေ။ သူ့ဇနီးသည် ရှေ့လမ်းခရီးတနေရာက စားသောက် တည်းခို ဆိုင်တွင် အလုပ်လုပ်နေ၏။ ထို့ကြောင့်ပင် ဂျွန်သည် ထိုနေရာတွင် သင်္ဘောဆိုက်သည့် တခဏ၌ သူ့ဇနီးကို တွေ့ရလိမ့်မည် မျှော်လင့် ထားသည်။
    ထိုအကြောင်းကို ကြားရသောအခါ ဦးလေးတွမ့် ရင်ထဲမချိ။

    သူတို့သည် သားတကွဲ၊ မယားတကွဲ၊ လင်တကွဲ၊ မိဖတကွဲလိုက်ပါလာကြသော သားများ၊ လင်များ၊ မယားများ၊ မိခင်များ ဖခင်များ ဖြစ်ကြ၏။ သင်္ဘောအောက်ထပ် ထိုတနေရာ၌ ဤသို့ လျှင် သား၊ မယား၊ လင်၊ မိခင်၊ ဖခင်တို့သည် တကွဲတပြားစီ ဖြစ်လျက် လိုက်ပါလာကြရစေကာမူ သင်္ဘောအပေါ်ထပ်တွင်ကား မိစုံ၊ ဖစုံ၊ သားစုံ၊ သမီးစုံ၊ လင်စုံ၊ မယားစုံ မိသားစုများသည် တပျော် တပါးကြီး ပါလာကြသည်။ သူတို့တွင် သားသမီး တို့သည် ပျော်ရွှင်မြူးတူးနေကြ၏။ လမ်းခရီး၏ သာယာမှုတွင် စိတ်ကြည်နူးနေကြ၏။
    သင်္ဘောသည် ဆိပ်ကမ်းတခု၌ ဆိုက်ကပ်လေသည်။ ထိုအခါ နီးဂရိုးမ တယောက်သည် သင်္ဘောပေါ်သို့ အပြေး ရောက်လာသည်။ သူသည် ဤသင်္ဘောပေါ်၌ သူ့လင်သားကို တွေ့ရမည် ဟု မျှော်လင့်ထား၏။ သူကား ဂျွန့်မယားတည်း။

    ထိုလင်မယား တွေ့ကြရလေပြီ။ သို့သော် သူတို့ တွေ့ရသည်မှာ တခဏသာ ဖြစ်သည်။ မကြာမီပင် သူတို့ ခွဲကြရပြန်သည်။ သင်္ဘောသည် ဆက်၍ စုန်ဆင်းခဲ့သည်။ သင်္ဘောပေါ်ထပ်က မျက်နှာဖြူများကား ပျော်ရွှင်မြူးတူးမြဲ ပျော်ရွှင်မြူးတူးလျက် လိုက်ပါလာ၏။ အောက်ထပ် တထောင့်ရှိ ကျွန်များမှာမူ စိတ်မချမ်းမြေ့ ဖြစ်မြဲဖြစ်ကာ လိုက်ပါလာကြ၏။
    တနေ့တွင် သင်္ဘောသည် မြို့ကလေး တမြို့သို့ ဆိုက်ကပ်လေသည်။ ဟာလေသည် သင်္ဘောပေါ်မှ ဆင်းသွားသည်။ အတန်ကြာသောအခါ ဟာလေ ပြန်လာသည်။ သူ့နောက်တွင် နီးဂရိုးမတယောက် ကလေး ကို ပွေ့ချီလျက် ပါလာ၏။ ထိုအမျိုသမီးသည် မည်သည့်အဖြစ်မျိုးဖြင့် လိုက်ပါလာခဲ့သည်ကို သိရှိပုံမပေါ်ပေ။

    မကြာခင်ပင် သင်္ဘောခေါင်းလောင်းသံကို ကြားရသည်။ ထို့နောက် စက်နိုးသံ။
    သင်္ဘောသည် ခရီးဆက်ခဲ့လေပြီ။ နောက်ထပ်ပါလာသော အမျိုးသမီးသည် သူ့ပစ္စည်းများ ကို နေသား တကျဖြစ်အောင် စီစဉ်နေ၏။ ကလေးတဖက်နှင့် အလုပ်များနေသည်။ ဟာလေသည် အမျိုးသမီးနားသို့ ရောက်လာ ထိုင်ချပြီး အမျိုးသမီးအား ဘာမျှ ထူးခြားဟန်မရှိသော လေသံဖြင့် စကားစပြောသည်။
    ဦးလေးတွမ်သည် မျက်စိပျက် မျက်နှာပျက်ဖြစ်သွားသော အမျိုးသမီးကို သတိထားလိုက်မိ သည်။

    "အို မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ကျမ မယုံဘူး။ ရှင်ကျမကို အရူးလုပ်နေတာ" ဦးလေးတွမ် သည် ခပ်သွက်သွက် တုံ့ပြန်လိုက်သော အမျိုးသမီး၏ စကားကို ကြားနေ၏။
    "မင်း ငါ့ကို မယုံရင် ဟောဒီ စာရွက်ကြည့်။ ဒါဟာ မင်းသခင်က မင်းကို ငါဆီရောင်းလိုက် တဲ့ အရောင်း စာချုပ်ဘဲ" ဟာလေသည် အိတ်ထဲက စာချုပ်ကို ထုတ်ပြပြီး ပြောလိုက်သည်။
    သို့တိုင်အောင် ထိုအမျိုးသမီးသည် သူ့သခင်က သူ့ကို ဟာလေ့လက်သို့ ရောင်းချလိုက် သည်ဆိုခြင်းကို မယုံနိုင်ပေ။ ထို့ကြောင့် ဟာလေက သူသည် ထိုအမျိုးသမီး သားအမိနှစ်ယောက် ကို ၀ယ်လာခဲ့ကြောင်း အထောက် အထားစာချုပ်ကို စာဖတ်တတ်သူတယောက်အား ပေး၍ ဖတ်ပြ စေသည်။

    "သခင်ပြောတော့ ကျမကို လူးဝစ်ဗီးမှာ အလုပ်လုပ်ဖို့ ထဲ့လိုက်တာဆို။ အဲဒီမှာ ကျမ ယောက်ျားနဲ့ တွေ့ရမယ်လို့ ပြောလိုက်တာဘဲ" အမျိုးသမီးသည် စာချုပ်ပါ အချက်အလက်ကို ကြား ရသည့်တိုင်အောင် မယုံနိုင်သေးပေ။
    "အေးကွယ့်။ ဒါပေမယ့် မင့်းသခင်က မင်းကို ရောင်းလိုက်ကတော့ အမှန်ဘဲ" စာရွက် ဖတ်ပြသူ ထပ်၍ ရှင်းပြသည်။
    သည့်နောက်တော့လည်း အမျိုးသမီးသည် ဘာမျှ မပြောတော့ပေ။ ရင်ခွင်တွင်းက ကလေးငယ်ကိုသာ တင်းတင်းဖက်လျက် သူ့သစ်တာပေါ်မှာ ထိုင်ချလိုက်သည်။ မြစ်ပြင်ကိုသာ အဓိပ္ပာယ် ကင်းမဲ့စွာဖြင့် စူးစိုက်ကြည့် နေ၏။

    သင်္ဘောသည် တငြိမ့်ငြိမ့်စုန်ဆင်းလာခဲ့သည်။ မြစ်ပြင်ကို ဖြတ်၍ တိုက်လာသော လေညင်းသည် သူ့ မျက်နှာပြင် မှာ ဖြတ်သန်းသွား၏။ သို့သော် ထိုလေညင်းသည် သူ့အဖို့ မအေးမြ။ နေရောင်သည် ရေပြင် ဂယက် ပန်းတို့ကြားတွင် ရွှေရောင်တောက်နေ၏။ အပေါ်ထပ်က ပျော်ရွှင် မြူးတူးသံများသည်လည်း သူ့နားဆီသို့ လွင့်ပျံ့လာနေ၏။ သို့သော် သူ ဘာကိုမျှ မမြင်၊ ဘာကိုမျှ မကြား၊ ရင်ထဲမှာသာ ဆို့နင့်နေသည်။ သားငယ် သည် ရင်ခွင်၌ ကော့ထိုးလျက် မိခင်ပါးပြင်ကို ပုတ်ခတ်ကစားမြူးတူးနေ၏။ ပါးစပ်ကလည်း တအာအာ တအီအီ စကားဆိုနေ၏။ မိခင်၏ မလှုပ် မချောက်မျက်နှာပြင်၌ မျက်ရည်စတို့ သွယ်ကျနေ၏။

    ကလေးငယ်၏ အသက်မှာ  ဆယ်လခန့်မျှသာ ရှိသေး၏။ သို့သော် သူ့ခန္ဓာကိုယ်သည် အရွယ်နှင့် မလိုက်အောင် ထွားကျိုင်းလှသည်။ ကလေးသည် မိခင်၏ရင်ခွင်၌ အငြိမ်မနေ၊ မိခင် ရင်ခွင်မှ ကော့ထိုး ခုန်ထွက်ရန် ကြိုးစာနေဘိသကဲ့သို့ ရှိသည်။ ထို့ကြောင့် မိခင်သည် ကလေးကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်ထား ရသည်။
    ထိုအခိုက် လူတယောက်သည် အမျိုးသမီးရှေ့သို့ ရောက်လာကာ
    "ကလေးကို ချစ်စရာကလေးဘဲ။ အသက် ဘယ်လောက်ရှိပလဲ" မေးလိုက်သည်။

    "ဆယ်လခွဲရှိပါပြီ
    ထိုလူသည် ကလေးကို လေချွန်ပြီး မြူသည်။ သူ့အင်္ကျီအိတ်ထဲက သကြားလုံးကို ထုတ်ပြီး ကလေးအား လှမ်းပေးလိုက်၏။ ကလေးသည်  သကြားလုံးကို ထုတ်ပြီး အငမ်းမရ လှမ်းယူပြီး ပါးစပ်ထဲသို့ ထည့်လိုက် သည်။
    ထိုလူသည် ကလေးကို အတော်ကြီး သဘောကျသွားသည်။ အတန်ကြာလျှင်ပင် ထိုလူ သည် သင်္ဘော၏ တဖက် လက်ရန်းရှိ ဟာလေ့ထံသို့ လာခဲ့သည်။ ဟာလေသည် သစ်တာ ပုံပေါ် တွင် ဆေးလိပ်ကို ဖွာရှိုက် နေ၏။

    စောစောက လူသည် ဟာလေ့အနားသို့ ရောက်လျှင် ဆေးလိပ်ကို ထုတ်၍ မီးညှိပြီး စကား စသည်။
    "ခင်ဗျားခေါ်လာတဲ့ မိန်းမက သိမ်သိမ်မွေ့မွေ့ဘဲဗျ။ ဘာလဲဗျ။ တောင်ပိုင်းသွားပြီး ရောင်းမလို့လား"
    ဟာလေက ခေါင်းညိတ်သည်။ ထို့နောက် ဆေးလိပ်ကို ဆက်ဖွာသည်။
    "၀ါခင်းထဲ ခိုင်းမလို့လား"
    "အင်း၊ ၀ါခင်းထဲ ခိုင်းရမယ် ထင်ပါတယ်။ သူတို့အဆိုကတော့ ဒီကောင်မက အချက် အပြုတ် တော်တယ် ဆိုတာဘဲ။ အချက်အပြုတ်ခိုင်းလဲ ရတာပေါ့ဗျာ။ ဘာဘဲခိုင်းခိုင်းပေါ့လေ" ဆေးလိပ်တိုကို လွှင့်ပစ် လိုက် သည်။

    "ဒါပေမယ့် ချာတိတ်ကတော့ ၀ါခင်းထဲ ခိုင်းလို့ရမယ် မဟုတ်ဖူးဗျ"
    "ဒီချာတိတ်ကို အရင် ရောင်းရမှာပေါ့ဗျာ" ဟာလေသည် နောက်ထပ် ဆေးလိပ် တလိပ် ကို ထပ်၍ ညှိရင်း စကားပြန် ပေးလိုက်သည်။
    "ဒီလိုဆို ခင်ဗျား ဒီချာတိတ်ကို ဈေးပေါပေါနဲ့ ရောင်းရမှာပေါ့"
    "ဘယ်ဟုတ်မလဲ။ ချာတိတ်က အဖြောင့်ဘဲ။ ၀လဲ ၀တယ်။ သန်လဲ သန်တယ်။
    "ဒါတော့ ဒါပေါ့။ ဒါပေမယ့် ဒီကောင်လေး မွေးရမှာက တဒုက္ခဘဲ"

    "အမယ်လေးဗျာ။ ပူစရာ လိုက်လို့။ ဒီလိုကောင် လေးမျိုးတကောင် ကြီးပြင်းအောင် မွေးရတာဟာ ခွေးကလေး တကောင် မွေးရတာလောက်တောင် ဒုက္ခများတာမှ မဟုတ်တာ"
    "ကျုပ်က စိတ်ဝင်စားလို့ပါ။ အဲဒါ မကြာသေးဘူးဗျာ့။ သူ့မှာ ကလေးတယောက် ဆုံးသွား တယ်။ အ၀တ် သွားလှန်းတုန်း ကလေးက ရေစည်ပိုင်းထဲကျပြီး သေသွားတယ်။ အဲဒီ မိန်းမ ကလေး အစားရအောင် ပေးပြီး မွေးရ ကောင်းမလား စဉ်းစားမိလို့ပါ"
    ထို့နောက် သူတို့နှစ်ယောက်သည် စကားစ ပြတ်သွားသည်။ ဆေးလိပ်ကိုသာ ကိုယ်စီ ဖွာ နေကြ၏။ အတန်ကြာ မှ
    "ခင်ဗျား ဒီခလေးရောင်းလို့ ငွေတဆယ်ထက် ရမယ်များထင်လို့လား" ထိုလူက စကား ဆက်သည်။

    ဟာလေသည် ခေါင်းကို ခါသည်။ တံတွေးကို ပစ်ကနဲ ထွေးလိုက်ပြီး
    "ဘယ်ဒီလောက်နဲ့ ရမလဲ"
    "ကောင်းပြီလေ။ ဒါဖြင့် ခင်ဗျား ဘယ်လောက် ရရင် ရောင်းမလဲ"
    "ဒီမယ် ကိုယ့်လူ။ ဒီကောင်လေးက ကျန်းမာပြီးသားဘဲ။ ခြောက်လလောက်ဆို ဒီကောင်လေးမျိုးဟာ တရာ တော့ ကျိန်းသေဘဲ။ ကဲ၊ တနှစ် နှစ်နှစ်ဆို ဈေးလောက် ရမယ်။ ဒီတော့ ခုနေ ကျုပ်ရောင်းရမယ်ဆိုရင် ငါးဆယ် က တပြားမှ လျှော့မှာ မဟုတ်ဖူး"

    "မလွန်လွန်းဘူးလားဗျ"
    "ဒါပေါ့"
    "ကဲဗျာ၊ ကျုပ် သုံးဆယ်ပေးမယ်။ ဒီထက်တော့ ပိုမပေးနိုင်ပါဘူးဗျာ"
    "ကဲ၊ ဒီမယ် ကိုယ့်လူ၊ ကျုပ်ပြောမယ်။ ခင်ဗျား လိုချင်ရင် ကျုပ် လေးဆဲ့ငါးဒေါ်လာနဲ့ ပေး မယ်။ ဒီထက်တော့ မလျှော့နိုင်ဘူး"
    ထိုလူသည် ဟာလေ့စကားကို အတန်ကြာစဉ်းစားပြီးမှ
    "ကောင်းပြီလေ၊ ကျုပ်ပေးမယ်"ဟု ပြောလိုက်သည်။
    "ဒါဖြင့် ပြီးရောပေါ့။ ကိုယ့်လူက ဘယ်မှာ ဆင်းမှာလဲ"
    "လူးဝစ်ဗီးမှာပါ"

    "ကောင်းသားဘဲ။ သင်္ဘော အဲဒီရောက်တဲ့အချိန်ဆို မှောင်ရော့မယ်. ချာတိတ်လဲ အိပ်နေ လောက်ပေါ့။ ဒါဆို ခင်ဗျား ချာတိတ်ခေါ်သွားတဲ့အချိန်မှာ ဒီချာတိတ် အော်လားပြုလား မဖြစ်ဖူး ပေါ့။ အဲဒီလို အော်ကျယ် အော်လောင်ဖြစ်ရင် ကျုပ် အလွန် အမြင်ကတ်ပဲ"
    ထို့နောက် သူတို့သည် အရောင်းအ၀ယ်စာချုပ်များ ပြုလုပ်ကြလေသည်။
    ညနေစောင်းတွင် လူးဝစ်ဗီးဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်လေသည်။ ကလေးမိခင်သည် လူးဝစ်ဗီး ဟူသော အမည်ကို ကြားလိုက်သဖြင့် အိပ်ပျော်နေသောကလေးကို ပခက်သဏ္ဍာန် ပြု လုပ်ထားသည့် သစ်တာ များကြားတွင် အိပ်ရာခင်းပြီး ချသိပ်ထားလိုက်သည်။ ပြီးလျှင် သူသည် သင်္ဘော လက်ရန်းသို့ လာခဲ့သည်။ ဆိပ်ကမ်းရောက်လာသူများကြားတွင် တွေ့ရမည့် ဟော်တယ် လုပ်သားများကြား၌ သူသည် သူ့လင်သား ကို တွေ့ရမည်လားဟု မျှော်လင့်သည်။ ထို့ကြောင့် သူသည် လက်ရန်းနားသို့ ကပ်နိုင်သမျှ ကပ်လာသည်။ လူအုပ်ကြားမှာ သူ့လင်သား ရှာဖို့ကိုသာ စိတ်စောနေ၏။

    "ကဲ အချိန်ကောင်းဘဲဗျို့၊ ခလေးကို ခင်ဗျား ဒီအတိုင်းသာ ခေါ်သွားပေတော့" ဟာလေက ကလေး ၀ယ်သူအား ပြောလိုက်သည်။ ကလေးဝယ်သူသည် ကလေးမိခင် မမြင်ခိုက်မှာပင် ကလေးကို အိပ်ပျော် လျက် အတိုင်း ပွေ့ချီကာ သင်္ဘောပေါ်မှ ဆင်းသွားလေတော့သည်။
    မကြာခင်ပင် သင်္ဘောသည် ဆိပ်ကမ်းမှ ခွာစ ပြုလေသည်။ သည်တော့မှပင် ကလေး မိခင်သည် သူ့နေရာ သို့ ပြန်ရောက်သည်။ နေရာတွင် ဟာလေ ထိုင်နေ၏။ ကလေးကား မရှိတော့
ပေ။
    "ဟင်၊ ဟင်၊ ဘယ်လို၊ ဘယ်လို ဖြစ်တာလဲ"
    "ဟေ့ ဒီမယ် လူစီ။ မင့်းခလေး မရှိတော့ဘူး။ မင်းလဲ သိပြီးဘဲဟာ။ တကယ်တော့ မင်း ဒီကလေးကို ဟိုခေါ်လာလို့ မဖြစ်ဖူး မဟုတ်လား။ ငါလဲ ဟန်ဟန်ပန်ပန် လူတယောက်နဲ့ တွေ့တာ နဲ့ ခလေးကို ရောင်းလိုက် တယ်။ သူတို့ မင်းထက် ပိုပြီး ပြုစုကြမှာပါ" ဟာလေသည် ဘာမျှ စိတ်မထိခိုက်သလို ပြောလိုက် လေသည်။
    လူစီသည် ဟာလေအား စူးစူးစိုက်စိုက် ကြည့်နေ၏။ သူမငိုတော့ပေ။ သူ့ ခန္ဓာကိုယ်ကား သူ မဟန်နိုင်တော့။ ထိုင်ချလိုက်သည်။ မျက်လုံးကို ရှေ့တူရူသို့ စူးစိုက်ထားသည်။ သို့သော် သူ ဘာတခုကိုမျှ မမြင်၊ ဘာသံကိုမျှလည်း သူ မကြားတော့။ တကယ့်ကျောက်ရုပ်နှင့် မခြား။

    ဦးလေးတွမ့်သည် အဖြစ်အပျက် အလုံးစုံကို အစအဆုံး မြင်နေရသူ ဖြစ်၏။ ထို့ကြောင့် ဟာလေ ထသွားသော အချိန်၌ တွမ်သည် လူစီ့အနားသို့ တိုးလာသည်။ သူ တခုခု ပြောဘို့ ကြိုး စားသေး၏။ လူစီသည် အံကို တင်းတင်းကြိတ်ထားသည်။ လူစီအဖြစ်ကို မြင်ရဖြင့် သူ့မျက်ရည်စ သည် ရစ်ဝဲ လာလေသည်။
    ညသည် ဆိတ်ငြိမ်နေ၏။ မလှုပ်မချောက် ရှိဘိသည်။ ကောင်းကင်၌ ကြယ်ပွင့်များ ပြိုးပြက် နေ၏။ သူတို့သည် တမန်တော်၏ မျက်လုံးအစုံကို ပမာတည်း။ သို့သော် ထိုကောင်းကင်ထက်မှ မည်သည့် ကရုဏာစကားကိုမျှ မကြားရ။ အကူအညီပေးအံ့သော အမူအရာကိုမျှလည်း မမြင်ရ။

    သင်္ဘောတစင်းလုံးက အသံပလံများသည် တဖြည်းဖြည်း ဆိတ်ငြိမ်လာလေပြီ။ ဦးပိုင်းမှ ဂယက်သံကိုသာ ကြားနေရသည်။ သင်္ဘောတစင်းလုံး အိပ်မောကျလေပြီ။ ဦးလေးတွမ်သည် သစ်တာတလုံးပေါ်တွင် ခန္ဓာကိုယ်ကို ဆန့်လှဲလိုက်သည်။ လူစီ၏ ညည်းသံကို ကြားရပြန်သည်။ အတန်ကြာလျှင် လူစီ့ အသံ သည်လည်း တိတ်သွားသည်။
    သန်ကောင်ကျော်တွင် တွမ်သည် ဖြတ်ကနဲ လန့်နိုးလာသည်။ သူ့ဘေးမှ ဖြတ်လျက် လူတယောက် လျှောက်သွားသလိုထင်ရသည်။ ထို့နောက် ရေထဲသို့ တခုခုကျသံကို ကြားလိုက်ရ သည်။ သူသည် ခေါင်းထောင်ကြည့်လိုက်သည်။ လူစီ မရှိတော့။

အခန်း (၁၃) ဆက်ရန်

.

No comments: