အခန်း (၁၄)
နောက်လေးနာရီအတွင်းမှာပင် ပါရီမြို့မှ ကြေးနန်းတစောင်ကာဆာဘရီဇာ ဂေဟာသို့ ရောက်လာ သည်။
မနက်ဖြန် ကြာသပတေးနေ့ ညနေ ၅း၃၀ နာရီ ရောက်မည်။ ထိုအချိန်ထိ စိတ်ကို အေးအေးထားပါ။
ဟေးလီးဗီး
နောက်လေးနာရီအတွင်းမှာပင် ပါရီမြို့မှ ကြေးနန်းတစောင်ကာဆာဘရီဇာ ဂေဟာသို့ ရောက်လာ သည်။
မနက်ဖြန် ကြာသပတေးနေ့ ညနေ ၅း၃၀ နာရီ ရောက်မည်။ ထိုအချိန်ထိ စိတ်ကို အေးအေးထားပါ။
ဟေးလီးဗီး
ပါမောက္ခသည် ကတိတည်သူတဦးဖြစ်သည်။ နောက်တနေ့ နေ့ခင်း မီးရထား ဆန်ဂျော်ဂျီ ဘူတာ သို့ ဆိုက်ရောက်သောအခါ အသားအရောင် ခပ်ဖျော့ဖျော့်၊ အလွန်စေ့စပ်သေချာပုံရသည့် မျက်နှာ ထား၊ သေးငယ် ကျဉ်းမြောင်းသလောက် စူးစူးရှရှ နိုင်လွန်းလှသော မျက်လုံးအစုံနှင့် ခရီးဝေးသွား သူများခြုံလေ့ ရှိသော ၀တ်ရုံအနက်ရောင် ခြုံထားသည့် အရပ်ပုပု လူတယောက်သည် ရထားတွဲ ပေါ်မှ သွက်လက် ဖျတ်လတ် စွာ ဆင်းလာပြီး သူ၏ သေးငယ်နူးညံ့သော လက်ဖ၀ါးများဖြင့် ဟာရင် တန်ဘရန်းဒီး၏ လက်ကို ဆွဲဆုပ် ထားလေသည်။
' ဘယ်လိုလည်း မိတ်ဆွေကြီးရယ် ' မှုန်မှိုင်းရီဝေလျက်ရှိသော ကောင်စစ်ဝန်၏ မျက်နှာကို တချက် မျှကြည့် ၍ အကဲခတ်သည်။ သူ့မျက်နှာထားနှင့် အမူအရာသည် ' ကျွန်တော် ရောက်လာပြီပဲ၊ မပူ ပါနဲ့တော့ ' ဟု ပြောနေသည့် နှယ် ရှိသည်။
ရာသီဥတုမှာ စိမ့်၍ အေးလျက်ရှိသည်။ သူတို့ကားထဲရောက်သည်နှင့် တပြိုင်နက် မိုးတဖွဲဖွဲကျလာ သည်။ ဆိပ်ကမ်းနှင့် ပင်လယ်ပြင်ကို ပြက်ပြက်ထင်ထင် မမြင်ရ။ အားလုံး မှုန်ဝါးဝါး ဖြစ်သွားလေပြီ။
' ကျွန်တော် ခင်ဗျားရေးလိုက်တဲ့စာရတယ် ' ဟေးလီးဗီးက မျက်နှာကို မလှည့်။ ကားရှေ့တည့် တည့်သို့ ကြည့်နေရာ မှ စ၍ စကားပြောသည်။ ' ဒါပေမယ့် အခုတော့ ... ခင်ဗျား အခြေအနေက သိပ်ဆိုးလာသလား '
' အတော်ကြီးကို ဆိုးလာတယ် ' ဟု ဘရန်းဒီးက ခပ်တိုးတိုးရေရွတ်သည်။ စကားဆက်ပြောရန် ဟန်ပြင်သည့် အခါ ဟေးလီဗီးက သူ့လက်ဖြင့် ဘရန်းဒီး၏ ပေါင်ကို လှမ်း၍ ညှစ်သည်။
' ခု မပြောပါနဲ့ဦး၊ ကျွန်တော်တို့ အချိန်တွေ အများကြီးရှိနေပါသေးတယ်၊ စိတ်ကို အေးအေးထား စမ်းပါ မိတ်ဆွေကြီး ရယ်၊ ခင်ဗျားရဲ့ ဆန္ဒအတိုင်း ကျွန်တော် ရောက်လာပြီပဲဟာ '
အိမ်ဝင်း ထဲ ရောက်လာချိန်အထိ နှစ်ယောက်သား စကားမပြောကြ။
ခြံဝင်းအတွင်းရှိ ထိက`ရုံးပင် အခက်အလက်များသည် တွဲလောင်း ကျလျက်ရှိကြသည်။ မိုးရေစက် များသည် ထိုအကိုင်းအခက် များပေါ်ဝယ် တွဲလွဲခိုနေကြ၏။ တိမ်များ ဖုံးအုပ်လျက်ရှိသော တောင်တန်းကြီး များဆီမှ မတ်စောက် မြင့်မားသော ကျောက်ဆောင် ကျောက်သားများသည် အခိုးအငွေ့များ အကြားတွင် မြုပ်နေကြလေ သည်။ အသက်ဝင် လှုပ်ရှားလျက်ရှိနေသော လေသည် တီးတိုး ညည်းတွားလျက် ရှိ၏။ အုံ့ဆိုင်းနေ သော မြူနှင်းကြားမှ နေ၍ ဟိုအဝေးရေပြင်ပေါ်ရှိ တံငါလှေတစီးကို လှမ်းမြင်နေရသည်။ လှေသည် အပေါ်သို့ မြောက်သွားလိုက်၊ အောက်သို့ ပြန်ကျလိုက်နှင့် နိမ့်တုံ့မြင့်တုံ ဖြစ်လျက်ရှိသည်။
အိမ်ထဲတွင်လည်း အပြင်အဆင် အမွမ်းအမံ များကြောင့် ထူးထူးခြားခြား ပြောင်းလဲလျက်ရှိ၏။ ထမင်းစားခန်းထဲဝယ် မီးများဖြင့် ထိန်ထိန်ညီးလျက်ရှိသည်။ ကြီးမားကျယ်ဝန်းသော ဧည့်သည် အိပ်ခန်းမှာ လည်း တခမ်းတနား။ မီးဖိုထဲမှ မက်ဂ်ဒါလီးနား တယောက်မှာလည်း နားအေးပါးအေး ထိုင်နေရသည်မရှိ။ အလုပ်နှင့် လက်နှင့်မပြတ်အောင် လှုပ်ရှားလျက်ရှိသည်။ ဂရေစီယာကတော့ အပေါ်ထပ် တက်သွားလိုက် ပြန်ဆင်းလာလိုက်...။ အကြိမ်ပေါင်းများစွာ ဆင်းလိုက် တက်လိုက်...။ ကိုလည်း မကြာခဏ အကဲခတ် သည်။ ဖယောင်းတိုင် မီးရောင်အောက်ဝယ် ကျောက်ပုစွန်ကို တမြုံ့မြုံ့ အရသာခံ၍ ၀ါးရင်းက ဘရန်းဒီး စိတ်ခံစားမှု အခြေအနေကို လေ့လာသည်။ သို့သော် လည်း အရေးတကြီး မေးဖို့မြန်းဖို့၊ လုပ်ဖို့ ကိုင်ဖို့ စိတ်မကူး။ စောစောကတည်းက ဤကိစ္စကို အလျင်စလို မပြုရန် သူဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ အချိန်ဆွဲ၍ လေ့လာခြင်းသည်ပင်လျှင် သူ၏ နည်းပညာတရပ်ဖြစ်သည်။ ဤနည်းပညာဖြင့် အခြေအနေ အရပ် ရပ်ကို သူ စိုးမိုးခြယ်လှယ်နိုင်ခဲ့သည်မဟုတ်ပါလား။
*
ယူဂျီနီးဟေးလီးဗီးသည် သင်္ဘောပေါ်၌ တိုလီမိုလီ အသုံးအဆောင်ပစ္စည်းများ ရောင်းချသော ဈေး သည် တဦး၏ သား...။ ပါရီမြို့တော်သို့ လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က တက်လာခဲ့သူ...။ အတွေ့ အကြုံ အလွန်နုသော လူငယ်တဦး ဘ၀..။ ပါရီကို လာခဲ့သည့် ရည်ရွယ်ချက်မှာ ဆေးပညာ သင်ဖို့...။ သို့သော် လည်း ပဏာမ ပြုလုပ်သည့် စာမေးပွဲများတွင် အကြိမ်ကြိမ် များစွာ ကျရှုံးခဲ့ရပြီး နောက် သူရည်မှန်း ထား သော ဘွဲ့ကို မရပဲ ဒီပလိုမာရရုံမျှဖြင့် ကျေနပ်ခဲ့ရ၏။
ထိုအချိန်ခန့်တွင် ချားကော့၏နာမည်သည် အမြင့်ဆုံးသို့ ရောက်နေပြီ။ ချားကော့ကလည်း သူ့ပရိသတ်ထဲ၌ပါလာ သော ဒေါက်တာဟေးလီးဗီးကို စိတ်ဝင်စားခဲ့သည်။ ဟေးလီးဗီးကလည်း အလွန် ထင်ရှားကျော် ကြားနေသော ဤပုဂ္ဂိုလ်ကြီး၏ ဟောပြောပို့ချချက်ဟူသမျှကို မလွတ်တမ်း တက်ရောက် နာယူခဲ့ သည်။ ထိုပုဂ္ဂိလ်ကြီးရှိရာ ဆယ်လ်ပက်ထရီးဟား ဆေးရုံရှိ လူနာဆောင်များသို့ အမြဲတစေသွား ရောက် လေ့လာခဲ့မိသည်။ တကြိမ် နှစ်ကြိမ်မျှ ဟစ်စတီးရီးယားခေါ် စိတ်ချောက်ချား လှုပ်ရှားမှု ဝေဒနာ သည် များ ကုသရေးတွင် ပါဝင်ကူညီခဲ့သည်။ ထို့နောက်တော့ သူ့စိတ်ရောဂါ အထူးကု ဆေးပညာ ကို သင်ကြားတော့မည်ဟု ဆုံးဖြတ်ခဲ့လေ၏။
သို့သော်လည်း ဟေးလီးဗီးသည် သူ၏ တောဆန်လွန်းသော အပြုအမူ အပြောအဆိုနှင့် အလေ့ အကျင့်များကို ဖျောက်၍ မရခဲ့ပေ။ သူ့ဆရာ ချားကော့က သူ့လေယူ လေသိမ်းမျိုး၊ သူ့ဟန်ပန် အမူ အရာမျိုးကို ရအောင် သင်ကြားပေးခဲ့ပါ၏။ မရ။ သူ့မှာ ဤအလုပ်မျိုး လုပ်နိုင်ဖို့ အရည်အချင်း မရှိ ဖြစ်ခဲ့ ရရှာ၏။
ကံအားလျော်စွာပင် သူ့အဖေထံမှ အမွေ အသင့်အတင့် ရခဲ့သဖြင့် ထိုငွေဖြင့် သြစတီးယားနိုင်ငံ ဗီယင်နာမြို့သို့ သွားရောက်ပြီး ဂျန့်၏ လက်အောက်၌ ပညာဆည်းပူးခဲ့ပြန်သည်။ ဟေးဒဲလ်ဘတ်ဂ် တွင် ပြုလုပ် သည့် သင်တန်းတခုသို့ တက်ရောက်ခဲ့သည်။ မက်ကလင်းဘတ်ဂ် စိတ္တဇ ဆေးရုံတွင် ဆယ့်ရှစ်လ ကြာမျှ ပညာရှာခဲ့သည်။ ထို့နောက် သူ ပါရီသို့ ပြန်သည်။ ဗီယင်နာမြို့မှ လာခဲ့သည့် အတွေ့ အကြုံ များ အပေါ် အထင်အမြင်ရှိသဖြင့် မက်စီဘက်၌ ဖွင့်လှစ်ထားသော ' နာဗောစ် သီနစ် ဆေးကုဌာန' ဟု အမည် ပေးထားသော ဆေးခန်းငယ်လေးတခုမှ သူတို့၏ ဆေးကုခန်း၏အဖွဲ့ဝင် ဆရာဝန်တဦးအဖြစ် သူ့အား လက်ခံ ခဲ့သည်။ တချိန်တည်းမှာပင် သူသည် စိတ်ကျန်းမာရေး ပညာ ဌာနသို့ သွားရောက်၍ စိတ်ကျန်းမာ ရေးဆိုင်ရာ ဘာသာရပ်များ ပို့ချပေးခဲ့သည်။
ဤတွင် သူ့နာမည်ကို အထိုက်အလျောက် လူသိများလာခဲ့ပြီး လူနာ အတော်အသင့် လက်ခံ ကုသ ပေးလာ ခဲ့ရသည်။ အများအားဖြင့် သူ့ထံ လာကြသည့် လူနာများမှာ နူးရိုးဆစ်ခေါ် ဝေဒနာမျိုး ခံစား နေကြရသည့် အမျိုးသမီးလူနာများဖြစ်၏။ ဤအချိန်တွင် ဟေးလီးဗီး၏ အပြုအမူသည် အတော်ကြီး တိုးတက် လာခဲ့ပြီဖြစ်၏။ သူ့မျက်လုံးများသည် အမြင်ထက်သန်လာသည်။ သူ၏ ဆက်ဆံမှုသည် လိမ္မာ ပါးနပ် လာသည်။ ကျွမ်းကျင်မှုလည်းရှိလာသည်။ နေ့စဉ်နှင့်အမျှ သူ့နားနှစ် ဘက်သည် လူနာများက ပြောပြ နေသည့် သူတို့၏ သောကများ၊ ဒုက္ခများကို နားထောင်နေရသဖြင့် ကြာလာတော့လည်း သူ့အတွေ့ အကြုံသည် ရှင်သန် ဖွံ့ဖြိုးလာသည်။ ဤသို့ဖြင့် သူသည် ရက်စက် လာတတ်သည်။
လိမ္မာပါးနပ်စွာဖြင့် ငွေညှစ်လာတတ်သည်။ လူနာကို ကြောက်လန့်အောင် ခြောက် လာတတ်သည်။
တခုသော နွေရာသီတွင် ဟေးလီးဗီးသည် ဘယ်လ်ဂျီယံ နိုင်ငံ နောကီးမြို့သို့ အပန်းဖြေခရီး ထွက် ခဲ့ပြီး ရက် အနည်းငယ်ကြာမျှ နေထိုင်ခဲ့သည်။ ဤတွင် ထိုစဉ်က ဘယ်လ်ဂျီယံနိုင်ငံသို့ တာဝန် တခုဖြင့် ရောက်နေသော ဟာရင်တန်ဘရန်းဒီးနှင့် ရင်းနှီးစရာ အကြောင်း ဖြစ်လာခဲ့သည်။ ထိုအချိန်က ကောင်စစ်ဝန် ဘရန်းဒီးသည် မကြာခဏ စိတ်ညိုးငယ်သော ဝေဒနာစွဲကပ်နေချိန် ဖြစ်သဖြင့် ပါရီမြို့သား စိတ်ကု ဆရာဝန်နှင့် ပြလျှင် ပို၍ ထိရောက်သည်ဟုသူထင်သည်။ ထို့နောက် အမျိုးအစားပုံစံချင်း တူသော်လည်း ပင်ကို စိတ်နေ စိတ်ထားချင်းကျတော့ အလွန်ကွာခြားသည့် လူ နှစ်ဦးသည် ဆုံမိခဲ့ကြ၏။ တကြိမ် ဆုံမိပြီးသည့်နောက်တွင် ဘရန်းဒီးသည် သူ၏ ဆရာဝန်အသစ်ထံသို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ သည်။ ဤဆရာဝန်နှင့်တွေ့မှ သူ့မှာ ပို၍အကျိုး ရှိသည်ဟု ယုံကြည်ထားသော ဘရန်းဒီးသည် ဟေးလီးဗီး နှင့် ပို၍ ရင်းနှီးလာသည်။
ဤသို့ဖြင့် ရာထူးဂုဏ်ရှိန်မြင့်မားသော၊ အရာရာကို စိတ်တိုင်းမကျဖြစ်နေသော ကောင်စစ်ဝန်နှင့် အနည်းငယ် မျှသာ မရိုးမသားပြုတတ်သော လူရိုးဆရာဝန်တို့ကြားတွင် ခင်မင်မှု့သည် တိုးတက် ခိုင်မာ လာသည်။ ထိုအချိန်မှစ၍ ဘရန်းဒီး၏ လျှို့ဝှက်ချက်ဟူသမျှကို လက်ခံ နားထောင်နေရသော ဟေးလီးဗီး သည် ဘရန်းဒီး၏ သခင်သဖွယ် ဖြစ်လာခဲ့ရလေ၏။
ညစာ စားပြီးသောအခါ လူနှစ်ယောက်သည် ဧည့်ခံခန်းမကြီးအတွင်းသို့ ၀င်ကာ ကျောက်မီးဖို ဘေး တွင် ကုလားထိုင် တယောက်တလုံးစီဖြင့် ထိုင်ကြသည်။ ထိုအခါကျမှပင် ဟေးလီးဗီးသည် ဘရန်းဒီး ၏ ပြဿနာ များကို အေးအေးဆေးဆေးနှင့် နားထောင်မည့် အရိပ်လက္ခာကို ပြသည်။ တင်းကျပ် စွာ စေ့နေသော ဘရန်းဒီး ၏ နှုတ်ခမ်းများသည် ပွင့်လာသည်။ သူ့အဖြစ်ကို စ၍ပြောသည်။ ဟေးလီး ဗီးလည်း ဘရန်းဒီး ပြော နေသမျှကို စေ့စေ့စပ်စပ် နားထောင်သည်။ ဘရန်းဒီး၏ မျက်နှာ အနေအထားကိုလည်း လေ့လာ သည်။ ဘရန်းဒီး၏ ခံစားမှုနှင့် စိတ်လှုပ်ရှားမှုများကို လွတ်မသွား အောင်လည်း ဂရုတစိုက်ကြည့်သည်။ သူ့အကြည့်မှာ စူးစူးရှရှ ရှိလွန်းလှ၏ သူ့မျက်လုံးအစုံသည် အရောင် တလက်လက် ထွက်နေသည်။
စကားဆုံး၍ ဘရန်းဒီးက သူ့အင်္ကျီ အိတ်ကပ်ထဲမှ စာရွက်ကလေး တရွက်ထုတ်၍ လှမ်းပေးလိုက် သောအခါတွင်မူ ဟေးလီးဗီး၏ မျက်လုံးများမှ ထွက်နေသော အရောင်သည် ဖြတ်ကနဲ ပျောက်သွားသည်။ ကောင်စစ်ဝန်သည် လူမော စိတ်မောဖြစ်သွားသည့်နှယ် သူ့နဖူး၌ စို့နေသော ချွေးစများကို သုတ်နေသည်။ ဟေးလီးဗီး ကတော့ စာကို နှစ်ခေါက်တိတိ ဖတ်သည်။ ထို့နောက် သူ့ခေါင်းကို ဆတ်လိုက်လေသည်။
' ကျွန်တော့်အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး မတွေးဘူးလို့တော့ မထင်စေချင်ဘူး ' ဟု ဟေးလီးဗီးက ပြောသည်။ ' ခင်ဗျားအပေါ်မှာ သိပ်ပြီး သံယောဇဉ်မရှိတဲ့ လူတယောက် အနေနဲ့ဆို ရင်တော့ ဒီကိစ္စကို သိပ်ပြီး အရေးကြီးတဲ့ ကိစ္စကြီးတခုလို ဟန်ဆောင်ပြီး ပြောနေမှာပဲ၊ ကျွန်တော် အဲသလို မလုပ်ချင်ဘူး... ဘရန်းဒီး၊ ခင်ဗျားရဲ့ အသိဥာဏ်ကို အထင်အမြင်သေးလို့ပြောတာတော့ မဟုတ်ဘူးနော်၊ ဒီကိစ္စ နဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ခင်ဗျားရဲ့အမ်ြဟာ တဘက်သတ်ဖြစ်နေတယ် လို့ကျွန်တော် ယူဆ တယ်၊ ခင်ဗျားဟာ ကျွန်တော့်ရဲ့မိတ်ဆွေ၊ အမြင့်ဆုံးဆိုတဲ့ရာထူး ဂုဏ်ထူးနဲ့ နေတဲ့လူတယောက်၊ နိုင်ငံတကာ က ထိတ်ထိတ်ကြဲဆိုတဲ့ လူတွေရဲ့ အသိုင်းအ၀ိုင်းမှာ ကျက်စား နေရတဲ့အတွက် လောက အကြောင်း ကို ကောင်းကောင်းကြီး သိနေတဲ့ လူတယောက်ပါ။
ခင်ဗျားက လည်း သိပါတယ်လေ၊ အညစ်အကြေးဆိုတာ မထင်မှတ်တဲ့ နေရာတွေမှာလည်း ရှိတတ်ပါတယ်၊ လုံးဝမရှိနိုင်ဘူးလို့ထင်ရတဲ့ လူတန်းစားတွေထဲမှာလည်း ညစ်ညမ်းယုတ်မာတဲ့ ဖောက်ပြန် မှုမျိုး တွေဟာ ရှိတတ်တယ်၊ အလှဆုံးဆိုတဲ့ပန်းတွေ နောက်ချေးပုံပေါ်မှာ ပေါက်နေတာမျိုး၊ အင်မတန် သန့်စင် လှပတဲ့ ပန်းကလေးတွေ ပေါက်နေတဲ့ ကန်ရေပြင်ဟာ အပေါ်ယံက ကြည်လင်နေပေမယ့် အောက်ခြေ မှာကျတော့ အလွန် ညစ်ပတ်စုတ်ပဲ့တဲ့ အမှိုက်သရိုက်အညစ်အကြေးတွေနဲ့ ပြည့်နေတာမျိုး၊ ဒါမျိုး တွေလည်း ခင်ဗျားတွေ့ဖူးမှာပါ '
ကောင်စစ်ဝန်က အလန့်တကြား မော့်ကြည့်သည်။ ဟေးလီးဗီးကတော့ သူ့စကားကို မရပ်။
' ဒီလိုညစ်ညမ်းမှုမျိုးတွေ ဖြစ်ပေါ်လာရတာဟာ ရိုးသားဖြူစင်မှုကြောင့်ပါလို့ ပြောကြတယ်၊ ကျွန်တော်တို့ စိတ်ကုဆရာဝန်တွေကတော့ ဒီစကားလုံးအပေါ်မှာ အယုံအကြည် မရှိဘူး၊ ရယ်ချင် တယ်၊ ဒီစကားလုံးမျိုးတွေဟာ ခေတ်မမီတော့တဲ့ ယုံကြည်မှုတခုရဲ့ အမှတ်အသား နေ့စဉ် နေ့တိုင်း နာကျည်းစရာ အသစ်အသစ်တွေကို တွေ့နေကြရတယ်၊ လူတွေရဲ့ ဆိုးသွမ်းယုတ်မာမှု အသစ် အသစ်တွေကို တွေ့နေ ကြရတယ်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကိုယ်ခန္ဓာရဲ့ ကျေးကျွန်တွေ မဟုတ်ဘူး၊ ကြောက်စရာ၊ လန့်စရာ ၊ စက်ဆုပ်စရာ၊ နှလုံးနာစရာကောင်းလှတဲ့ ကျွန်တော်တို့ အလိုဆန္ဒတွေရဲ့ သားကောင်ဘ၀ ရောက်ကြတာပါ၊ မွေးကင်းစ ကလေးပေါက်စတွေဟာ ဖက်ကြ တယ်၊ ဆုပ်ကိုင်ကြတယ်၊ ဘာကြောင့် အဲသလို လုပ်ကြတာလဲ၊ ခင်ဗျား စဉ်းစားကြည့်လေ၊ အရှင်း ကြီးပါ '
သူသည် စကားကိုဖြတ်၍ ပခုံးတချက် တွန့်လိုက်သည်။
' အခု ခင်ဗျား သားကိစ္စဆိုပါတော့၊ ခင်ဗျား သားရဲ့အသက်အရွယ်က အလွန်နုနယ်သေးတဲ့အရွယ်၊ ဘာမဟုတ် တဲ့ စွဲလမ်းမှုကလေးတွေ၊ တောင့်တမှုကလေးတွေ၊ မက်မောတွယ်တာမှုကလေးတွေ ရှိတတ်တဲ့ အရွယ် ဖြစ်နေတယ်၊ အဲဒီအချိန်မှာ မမျှော်လင့်ပဲနဲ့ သူ့ထက် အသက်အရွယ်ကြီးတဲ့ ဒီစပိန်လူငယ်နဲ့ လာတွေ့ပြီး အပေါင်းအသင်း ဖြစ်လာရတယ်ဆိုတော့... '
ကောင်စစ်ဝန် ထံမှ ညည်းသံတချက်ထွက်လာသည်။ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားသည်။
' နီကိုလတ်စ်ရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကို ပျက်ပြားသွားနိုင်တောက်တဲ့ အဖြစ်မျိုး ရောက်နေပြီ လို့တော့ ခင်ဗျား မထင်သေးဘူး မဟုတ်လား '
' ဖြစ်များ ဖြစ်နေပြီလားဆိုတဲ့ သံသယကတော့ ရှိနေမိတာ အမှန်ပဲ ' ဟု ဟေးလီးဗီးက ပွင့်ပွင့်လင်း လင်းပင် ဖြေသည်။ ဘယ်အခြေအနေရောက်နေသလဲ၊ များသလား နည်းသလားဆိုတာ တွေ့အောင် ရှာယူရမယ် '
' တွေ့အောင် ရှာမယ် '
' ဟုတ်တယ်၊ တွေ့အောင်ရှာရမှာပဲ၊ ခင်ဗျားသားရဲ့ စိတ်အခြေအနေကို စိစစ် ခွဲခြမ်းစိတ်ဖြာ ကြည့်ရ လိမ့်မယ် '
ဘရန်းဒီးသည် ထိတ်လန့်တကြား ဖြစ်သွားပြန်သည်
' ဒါပေမယ့် ... ' သူသည် ထစ်ထီးထစ်ငေါ့ ဖြစ်လျက်ရှိသည်။ ' ကလေးက ငယ်လည်း ငယ်သေးတယ်၊ အခု လောလော ဆယ် စိတ်လဲ သိပ်ထိခိုက်နေတယ်၊ သူ့ရဲ့ အာရုံခံစားမှုတွေကလည်း သိပ်ပြီး နုနယ် သိမ်မွေ့ လွန်းတော့ ... '
ဟေးလီးဗီးက အေးစက်တည်ငြိမ်သော မျက်နှာထားဖြင့် ကောင်စစ်ဝန်အား ကြည့်သည်။
' ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုအပေါ်မှာ ခင်ဗျားက သံသယရှိတယ် ဆိုပါတော့၊ ဟုတ်လား '
' အို ... အို ... ဒီလိုမဟုတ်ပါဘူး၊ ကျွန်တော်က ...၊ ဒါပေမယ့် ခင်ဗျား အနေနဲ့ လိုအပ်တယ်ထင်ရင် ... လုပ်ပါ '
' လုပ်ရမှာပဲ ' ဟေးလီးဗီးက အခိုင်အမာပြုသော လေသံဖြင့် ပြန်ပြောသည်။ 'ညပိုင်း အတူတူအိပ် ကြတဲ့ အချိန် မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သူ့ရဲ့အတွင်းစိတ်ကို လေ့လာကြည့်ရင် သိရမှာပေါ့ '
တော်ပါတော့ ... ဟေးလီးဗီး၊ ဒါကို ထပ်မပြောပါနဲ့တော့ ' ကောင်စစ်ဝန်က မျက်လွှာကိုချလိုက်ပြီး လေသံဖြင့် ပြောသည်။ ' ကျွန်တော့်ရဲ့ ကျန်းမာရေးအခြေအနေကို ခင်ဗျား အသိပါ။ အိမ်ထောင်ရေး မပြေလည် မှုကြောင့် ဘယ်လောက်ထိ စိတ်ဆင်းရဲခဲ့ရတယ်ဆိုတာလည်း ခင်ဗျားအသိပါ၊ အလုပ်ခွင် မှာ ရင်ဆိုင် နေရတဲ့ ဒုက္ခကိုလည်း ခင်ဗျား အသိပါ၊ ကိုယ်ဝါသနာပါလို့ လုပ်နေတဲ့ စာပေ လုပ်ငန်း ကျတော့လည်း အခုအချိန်ထိ မပြီးပြတ်သေးဘူး၊ ဒီအခက်အခဲတွေနဲ့ ဒုက္ခတွေကြောင့် ကျွန်တော့်မှာ ဒီသားလေး အပေါ် ပုံပြီးချစ်နေရတဲ့ဘ၀ဆိုတော့ ... '
' ခင်ဗျားရဲ့သားအပေါ်မှာ ကျွန်တော်ကလည်း သနားကရုဏာ အပြည့်ရှိပါတယ် မစ္စတာဘရန်းဒီး၊ ယုံပါ၊ ကျွန်တော်ဟာ အတွေ့အကြုံနည်းတဲ့ လူတယောက် မဟုတ်ပါဘူးဗျာ '
' ခင်ဗျားရဲ့ စိတ်နေသဘောထား အပေါ်မှာလည်း ကျွန်တော် ယုံကြည်ပါတယ် ဟေးလီးဗီး ဘရန်းဒီးသည် တနုံ့နုံ့တွေးကာ ဒေါသဖြစ်လာသည်။ ' ဒီအကောင်ဟာ တော်တော့်ကိုရဲတင်းပြီး တော့်တော့်ကို မျက်နှာ ပြောင်တယ် '
' ခင်ဗျား သူ့ကို အလုပ်ကထုတ်မပစ်သေးဘူးမဟုတ်လား ' ဟု ဟေးလီးဗီးက စိုးရိမ်တကြီး မေး သည်။
ကောင်စစ်ဝန်က အမှတ်တမဲ့ ခေါင်းခါပြသည်။
' တော်ပါသေးရဲ့၊ ဒီလိုလုပ်ထားတာ ကောင်းပါတယ် ' ဟု ဟေးလီးဗီးက စိတ်အေးသွားသည့် လေသံဖြင့် ပြောသည်။ ' ကျွန်တော်တို့ သူ့ကိုလည်း မေးရမြန်းရဦးမှာ၊ ပြီးတော့ ခင်ဗျားရဲ့ အခိုင်း အစေတွေကိုလည်း မေးရ လိမ့်ဦးမယ်၊ ခင်ဗျား သဘောမတူစရာတော့ မရှိဘူး ထင်ပါတယ်နော် '
' မရှိပါဘူး၊ အခိုင်းစေကတော့ အပြစ်ပြောစရာမရှိပါဘူး၊ အင်မတန် ယုံကြည်စိတ်ချရတဲ့ လင်မယား ပါ၊ အခု ပြဿနာလုပ်နေတာက ဒီအကောင် ... ဂျိုစီပဲ '
ဂျိုစီ၏နာမည်ကို ပြောလိုက်မိသောအခါ မုန်းတီးရွံရှာသောစိတ်သည် ဖြစ်ပေါ်လာပြန်သည်။ ထိုအခါ ဒေါသ အရှိန် တက်လာသည်။ သူသည် တင်းကျပ်စွာဆုပ်ထားသော လက်သီးတဘက်ဖြင့် ကုလားထိုင် လက်တင် ကို တအားထုလိုက်၏။
' ဒီအကောင်ကို အရေးယူမှဖြစ်မယ် '
ဟေးလီးဗီးက ဘရန်းဒီး၏ မျက်နှာကို လေ့လာစူးစမ်းသော အကြည့်ဖြင့် ကြည့်သည်။ သူသည် တဒင်္ဂမျှ ငြိမ်ဆိတ်နေသည်။ ထို့နောက် သူ့မျက်နှာပေါ်ဝယ် အပြုံးရိပ်ထင်လာသည်။ နွမ်းနယ်သော အပြုံး...။ သို့သော်လည်း လူ့လောက၏ လျှို့ဝှက်ချက်များဖြစ်သော စိတ်နေစိတ်ထား အဆင့်အတန်း နိမ့်ကျမှုများနှင့် ဟန်ဆောင်မှုများကို သိရသဖြင့် ကျေနပ်အားရသွားသည့်အပြုံး...။
' ခင်ဗျား ကျွန်တော့်ကို ခေါ်လိုက်တာဟာ မမှားပါဘူး၊ နည်းနည်းကလေးမှ သံသယမဖြစ်ပါနဲ့ '
............................
အခန်း (၁၅) ဆက်ရန်
.
2 comments:
အညစ်အကြေးဆိုတာ မထင်မှတ်တဲ့ နေရာတွေမှာလည်း ရှိတတ်ပါတယ်၊ လုံးဝမရှိနိုင်ဘူးလို့ထင်ရတဲ့ လူတန်းစားတွေထဲမှာလည်း ညစ်ညမ်းယုတ်မာတဲ့ ဖောက်ပြန် မှုမျိုး တွေဟာ ရှိတတ်တယ်၊ အလှဆုံးဆိုတဲ့ပန်းတွေ နောက်ချေးပုံပေါ်မှာ ပေါက်နေတာမျိုး၊ အင်မတန် သန့်စင် လှပတဲ့ ပန်းကလေးတွေ ပေါက်နေတဲ့ ကန်ရေပြင်ဟာ အပေါ်ယံက ကြည်လင်နေပေမယ့် အောက်ခြေ မှာကျတော့ အလွန် ညစ်ပတ်စုတ်ပဲ့တဲ့ အမှိုက်သရိုက်အညစ်အကြေးတွေနဲ့ ပြည့်နေတာမျိုး၊ ဒါမျိုး တွေလည်း ခင်ဗျားတွေ့ဖူးမှာပါ
ဒီစကားလေး ကြိုက်တယ် မရွှေစင်ရေ။
အသိတရားတွေ ၊ သတိထားစရာတွေ ရလိုက်တယ်ဗျ။
ကျေးဇူးပါပဲ။
အမရယ်..စာဖတ်ပီး ကောင်စစ်ဝန်ရင်ထဲမှာ ပူလောင်လွန်းအားကြီးလိုက်တာ..လို့..
သူ့ကို အဲ့ဆရာဝန် တရားပြနိုင်ရင်ကောင်းမှာပဲနော်။
မြတ်နိုး
Post a Comment