Saturday, June 5, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၂)

အခန်း (၃၂)
ရစ်ချတ်သည် လက်ချာတွင် လုံးဝစိတ်မ၀င်စား၊ မှတ်စုစာအုပ်ကို ရှေ့မှာချပြီး စိတ်ကတခြား ရောက်နေ သည်။
သူ ဖလော်ရင်တီနာကို စွဲချစ်နေမိပြီ၊ သူသည်ပါမောက္ခ ပို့ချသော "၂၉ ခုနှစ်င်္စီးပွားရေးပျက်ကပ်" အကြောင်း ကိုပင် လုံးဝအာရုံမစိုက်နိုငအောင် ဖြစ်နေသည်။ ဘလူမင်ဒယ်ကုန် ပဒေသာတိုက်မှ အရောင်း စာရေး မလေးအား သူလက်ထပ်လိုကြောင်း သူ့ဖခင်ကြီးအား ဘယ်လိုဖွင့်ပြောရပါ့မလဲ ဟူသော မေးခွန်း က သူ့ဦးနှောက်ကို မနားတမ်း အလုပ်ပေးနေသည်။ တခြားတစ်ဖက်ကလည်း သူသည် ဖလော်ရင်တီနာ ကို သံသယ ၀င်နေမိသည်။ သည်လောက် သွက်လက်ထက်မြက်တဲ့ မိန်းကလေး တစ်ယောက် အနေနဲ့ အနာဂတ် ဘ၀ခရီးအတွက် ဘာမှ ကြီးကျယ်တဲ့မျှော်မှန်း ချက်မရှိတာ အံ့ပါရဲ့ ဟူ၍ လည်း အားမလို အားမရ ဖြစ်မိသည်။

သို့ပေမဲ့ သည်မိန်းကလေးအနေနဲ့ အခွင့်အလမ်းသာရမည်ဆိုပါက သည်အဆင့်အတန်းထက် ဧကန် မုချ တိုးတက် ကြီးပွားနိုင်သည်ဟုလည်း သူကယုံကြည်နေမိသည်။ ဘာပဲဖြစ်ဖြစ် သည်အပတ် တွင်တော့ သူမိဘ များကို ဖွင့်ပြောလိုက်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ရစ်ချတ် သည် သောကြာနေ့ညနေတိုင်း နယူးယောက်မှ မိဘများအိမ်သို့ ပြန်ရောက်လာတိုင်း ဘလူမင်ဒယ် ကုန်တိုက်သို့ သွားပြီတစ်ခုခုဝယ်လေ့ ရှိသည်။ ဘာရယ်လို့ မည်မည်ရရမဟုတ်ဘဲ ကြုံရာ ပစ္စည်း တစ်ခုခု ၀ယ်ယူလာပြီး မိဘဆွေမျိုး အပေါင်းအသင်းများအား လက်ဆောင်ပေးတတ် သည်။

ထိုနေ့သောကြာနေ့ကလည်း သူသည်ဘလူမင်ဒယ်ကုန်တိုက်သို့ မုတ်ဆိတ်ရိတ်ဓား ၀ယ်ရန်သွား မည်ဟု မိခင်ဖြစ်သူ ကို ပြောသည်။
'သွားနေစရာ လိုသေးလို့လား သားရယ်၊ ဖေ့ဖေ့မုတ်ဆိတ်ရိတ်ဓား ယူသုံးလိုက်ရင် ရတာပဲ'
'မဟုတ်ဘူး မေမေ၊ ဖေဖေနဲ့ ကျွန်တော်နဲ့က တံဆိပ်ချင်းမတူကြဘူး၊ ကျွန်တော်ကိုယ်တိုင် သွားမယ်မှ ဖြစ်မှာ၊ သိပ်မကြာဘူး၊ ခဏလေးပါမေမေ'
သို့ဖြင့် သူသည်ရှစ်လမ်းတိတိဝေးသော ကုန်တိုက်သို့ကမန်းကတန်း သုတ်ခြေတင်လာခဲ့သည်။ သူရောက် သွားသော အချိန်တွင် ဆိုင်ပိတ်ခါစ ရှိသေးသည်။

ဂျက်စီ၏ ကောင်တာဆီသို့ လှမ်းကြည့်လိုက်တော့ ဂျက်စီကိုမတွေ့ရ။ မယ်စီက အခန်းထောင့် တစ်နေရာ တွင် ထိုင်ပြီး လက်သည်ထိုင်နေသည်။ သူကဂျက်စီရှိသေးသလားဟု မယ်စီကိုမေးကြည့် သည်။
'သူ အိမ်ပြန်သွားပြီ ရစ်ချတ်၊ ခုလေးတွင်ပဲ ပြန်သွားတာ၊ စက္ကန့်ပိုင်းလောက်ပဲ ရှိသေးတယ်၊ သိပ်ဝေးဝေးကြီး မရောက်သေးပါဘူး၊ ဒီနားတွင်ပဲ ရှိဦးမှာပါ'
ရစ်ချက် က ဘာမှပြန်မပြောခဲ့တော့ပဲ လက်ဇင်တန်အဲဗင်းနယူး လမ်းပေါ်သို့တစ်ချိုးတည်း ပြေးထွက် လာခဲ့ သည်။ သူကလမ်းသွားလမ်းလာများကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်သည်။ လမ်းတစ် ဖက်တွင် ဂျစ်စီ ကို လှမ်းမြင်လိုက်ရသည်။

သူမသည် အိမ်သို့သွားနေပုံမပေါ်။ ထို့ကြောင့် သူမ၏အရိပ်အခြည်ကို နောက်မှတိတ်တိတ်ကလေး လိုက်ပြီး စောင့်ကြည့် ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ၄၈လမ်းထဲမှ စကရစ်ဘနား စာအုပ်တိုက်ထဲသို့ ၀င်သွားသည်။ ရစ်ချတ်က တစ်နေရာမှ ရပ်ကြည့် နေသည်။
သူမ စာအုပ်ဝယ်ချင်ရင် ဘလူမင်ဒယ်တိုက် မှာ ၀ယ်လည်းရတာပဲ။

ရစ်ချတ်က ဘာသဘောပါလိမ့်ဆိုပြီး မဝေခွဲတတ်အောင် ဖြစ်သွားသည်။ သူကမှန်ပြတင်းပေါက် မှ ကျော်ကာ အထဲ သို့လှမ်းကြည့်လိုက်သည်။
ဂျက်စီ သည် အရောင်းစာရေးနှင့် စကားပြောသည်။ အရောင်းစာရေးထွက်သွားပြီး  ခဏအကြာတွင် စာအုပ် နှစ်အုပ် ယူ၍ ပြန်ရောက်လာသည်။ ရစ်ချတ် က စာအုပ်များကို ဂရုတစိုက် လှမ်းကြည့်လိုက် သည်။

တစ်အုပ်က ပါမောက္ခဂျွန်ကက်နက်ဂါးလ်ဘရိတ် ရေးသားသော "ကြွယ်ဝကုံလုံ ဤလူ့ဘုံ"စာအုပ်၊ နောက်တစ်အုပ် က သတင်းစာဆရာကြီး ဂျွန်ဂန်သာ၏ "ယနေ့ရုရှပြည်အတွင်းရေး"စာအုပ်။
ဂျက်စီ က စာအုပ်များကိုယူပြီး အကြွေးစာရင်းစာအုပ်တွင် လက်မှတ်ထိုးပေးလိုက်သည်။ ပြီးတော့စာ အုပ်တိုက် ထဲမှ ပြန်ထွက်လာခဲ့သည်။ ရစ်ချက်က သူမမမြင်အောင် ဆိုင်ထောင့်ကပ်ပြီး ပုန်းနေလိုက် သည်။
သူဘယ်သူလဲ........၊ ဒီစာအုပ်မျိုးတွေ ၀ယ်ဖတ်တာ သာမန်မိန်းကလေး တစ်ယောက်တော့ မဟုတ်နိုင် ဘူး။
ရစ်ချတ် က ဂျက်စီ၏အရိပ်အခြည်ကို စောင့်ကြည့်နေရင်းမှ တွေးလိုက်မိသည်။

သူမသည် ဘင်ဒယ်ကုန်တိုက်သို့ ၀င်သွားပြန်ည်။ တံခါးစောင့်က သူမအားတလေးတစား အရိုအသေ ပြု၍ နှုတ်ဆက် သည်။ ရစ်ချက်က မှန်ပြတင်းနားကပ်ပြီး ချောင်းကြည့်လိုက်ပြန်သည်။ အရောင်းစာရေးမ ကလေး များက ဂျက်စီဆီသို့ ပျာပျာသလဲဝိုင်းအုံလာကြသည်။ သာမန်ဝယ်သူ တစ်ယောက်ထက် ထူးထူး ခြားခြား ကြိုဆိုဆက်ဆံနေကြသည်။
ကြည့်နေရင်းတွင်ပင် ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက်က စက္ကူသေတ္တာတစ်ခုယူပြီး ဂျက်စီဆီသို့ လျှောက် လာသည်။ ထိုအမျိုးသမီးက အထုပ်ကိုဖွင့်ပြသည်။ လှပသော ညနေ၀တ်စုံတစ်စုံ။
အမျိုးသမီး က ၀တ်စုံကို စက္ကူသေတ္တာထဲ ပြန်ထည့်သည်။ ဂျက်စီက စက္ကူသေတ္တာကို လှမ်းယူကာ ခေါင်းညိတ် ပြုံးပြပြီး 'ကျေးဇူးတင်ပါတယ်'ဟူ၍ ပြန်ပြောလိုက်သည်။ ပြီးတော့ အကြွေး လက်မှတ်ပင် မထိုးတော့ပဲ တံခါးဝသို့ပြန်ထွက်လာခဲ့သည်။

ရစ်ချက် က မြင်ကွင်းတစ်ခုလုံးကို မျက်လုံးအ၀ိုင်းသားနှင့် ငေးကြည့်နေမိသည်။ အခိုက်အတန့်အား ဖြင့်ကြောင် နေမိသဖြင့် ဂျက်စီနှင့်တံခါးဝတွင် ၀င်တိုးမလို့ သီသီကဘေးလွဲသွားသည်။ သူ က ရုတ်တ ရက် သတိဝင်လာပြီး တံခါးထောင့်တွင် ၀င်ကွယ်နေလိုက်သောကြောင့်သာ တော်ပေသေးသည်။

ဂျစ်စီသည် လမ်းမပေါ်ရောက်တော့ တက္ကစီတစ်စီးပေါ် တက်လိုက်သွားသည်။ ရစ်ချက်ကလည်း တစ်စီး ငှားပြီး ဒရိုင်ဘာအား ရှေ့ကားနောက်သို့ မသိမသာကပ်လိုက်ရန် ပြောလိုက်သည်။
ဂျက်စီ စီးသွားသောတက္ကစီကားသည် သူတို့နှစ်ယောက် လမ်းခွဲနေကျ တိုက်တန်းမှကျော်ပြီး မောင်း သွားသော အခါ ရစ်ချတ်မှာ နားမလည်နိုင်အောင် ဖြစ်ရပြန်သည်။ နောက်ကိုက်တစ်ရာခန့် အရောက်တွင် ရှေ့ကား ထိုးရပ်သွားသည်။

တိုက်တန်းသစ်တစ်ခု၏ တံခါးဝ မှ အစောင့်လုပ်သားထွက်လာပြီး ဂျက်စီအားတံခါးဖွင့်ပေးသည်။
ရစ်ချတ် က ဒေါသလည်းထွက်၊ အံ့လည်းအံ့သြလျက် ကားပေါ်မှခုန်ဆင်းပြီး တိုက်တန်းတံခါးကို ပြေးလိုက်သွားသည်။
'ဟိုး.........ဆရာလေး..........၉၅ဆင့် ပေးခဲ့ပါဦးဗျာ'

ကားဆရာက လှမ်းအော်လိုက်တော့မှ ရစ်ချတ်က ပြန်လှည့်လာပြီး ဒရိုင်ဘာလက်ထဲသို့ ငါးဒေါ်လာ တန် တစ်ရွက် ထိုးပေးလိုက်သည်။ ပြီးတော့ပိုငွေကို လုံးဝဂရုမစိုက်တော့ပဲ တိုက်တန်းတံခါးဝဆီသို့ ပြန်ပြေး သွား ပြန်သည်။

'ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီနေ့တော့ တစ်ယောက်ယောက် အကြီးအကျယ်ဝမ်းသာရမှာ ကျိန်းသေပဲ' ဒရိုင်ဘာ က ရစ်ချတ်အား လှမ်းပြောလိုက်သ်ည။
ရစ်ချက်က ဂျက်စီကို ဓာတ်လှေကားတွင် သွားမိသည်။ ရစ်ချတ်က ရုတ်တရက်မြင်လိုက်တော့ ဂျက်စီက ပါးစပ် အဟောင်းသားနှင့် ကြောင်ကြည့်နေမိသည်။
'မင်းငါ့ကို ညာတယ်၊ မင်းဘယ်သူလဲ မှန်မှန်ပြော'
ရစ်ချတ် က အသံမာကြီးနှင့် မေးလိုက်သည်။

'ရစ်ချတ်' သူမက တိုးတိုးပြန်ပြောသည်။ 'ဒီညနေရှင့်ကို အကြောင်းစုံကျွန်မ ဖွင့်ပြောတော့မလို့ပါ၊ ဟိုတုန်း က အကြောင်းမတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့တာပါ'
'အင်း...........မင်းတော့ တော်တော့်ကို တော်တဲ့ မိန်းကလေးပဲ၊ ငါ့ကို သုံးလလုံးလုံး လိမ်ညာပြီး လှည့်ပတ် နေခဲ့တယ်၊ အမှန်အတိုင်းဒီနေ့ဖွင့်မပြောရင်တော့လား'
ရစ်ချတ် က တော်တော် ဒေါသဖြစ်နေပုံရသည်။ ဒီလိုအဖြစ်မျိုးကို ဖလော်ရင်တီနာ သည်တစ်ကြိမ်သာ ကြုံရဖူး သေးသည်။

ရစ်ချတ် က သူမရှေ့မှ ကျော်တက်ပြီး တစ်ခန်းလုံးကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေသည်။ တစ်ခန်းလုံး တွင် အကောင်းစား ကော်ဇောအပြည့် ခင်းထားသည်။ ပရိဘောဂ အသုံးအဆောင်တွေ ကလည်း ခေတ်မီအကောင်းစားတွေချည်း ဖြစ်သည်။ ရစ်ချတ်တို့အိမ်က ဧည့်ခန်းထက်ပင် လှနေသေး သည်။

"အင်း............... အခန်းကတော့ ပျံနေတာပါပဲလား၊ ဒါအရောင်းစာရေးတစ်ယောကရဲ့ အခန်းတဲ့လား ဟင်၊ ဧကန္တတော့မင်းရဲ့ ချစ်သူ တွေဆီက ရထားတဲ့ပိုက်ဆံနဲ့ အလှဆင်ထားတဲ့ အခန်းမဟုတ်လား"
ဖလော်ရင်တီနာ က ရစ်ချတ်၏ပါးကို တအားလွှဲရိုက်လိုက်သည်။
"ဟင်.......ရှင်ဒီလိုမပြောပါနဲ့၊ ကျွန်မအခန်းက ခုချက်ချင်းထွက်သွား"

သူမက ရိုက်လိုက်ပြီးမှ လွန်သွားမှန်း သတိရပြီး ငိုပါလေတော့သည်။ တကယ်တော့ သူမက ရစ်ချတ် အား ထွက် မသွား စေချင်ပါ။ ဘယ်တော့မှ ထွက်မသွားစေချင်၊ ရစ်ချတ်က သူမအား သိုင်းဖက်လိုက်ပြီး-
'အို.........မငိုနဲ့ ဂျက်စီရယ်၊ ကိုယ်တောင်းပန်ပါတယ်ကွယ်၊ ကိုယ်က မင်းကို ချစ်လွန်းလို့ ပြောမိတာပါ၊ ကိုယ့်ကို ခွင့်လွှတ်ပါနော်၊ ကိုယ့်စကားကို ဗွေမယူပါနဲ့နော်'
'ရှင့်ကိုလည်း ကျွန်မအသက်တမျှ ချစ်ပါတယ် ရစ်ချတ်၊ ကျွန်မရှင့်ကို ရိုက်မိတာ ခွင့်လွှတ်ပါ၊ ရှင့်ကို ရိုက်မိတာ ခွင့်လွှတ်ပါ၊ ရှင့်ကိုကျွန်မ မညာတော့ပါဘူး၊ ကျွန်မမှာ ရှင်ကလွဲပြီး ဘယ်ချစ်သူမှ မရှိတာ အမှန် ပါ၊ ကျွန်မ သစ္စာဆိုရဲပါတယ်' သူမအသံကအက်ကွဲလာသည်။

'ကိုယ်ယုံပါတယ် အချစ်ရယ်၊ ကဲ....တိတ်ပါ တိတ်ပါ၊ ငိုမနေပါနဲ့တော့ ပြောရင်း ဆိုရင်း သူကနမ်း လိုက်သည်။'
ထို့နောက် တော့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကျစ်ကျစ်ပါအောင် ပွေ့ဖက်ပြီး စကား လုံးဝ မပြောပဲ ဆိုဖာပေါ်တွင်ထိုင်ရင်း အတန်ကြာမျှ ငြိမ်နေကြသည်။ ရစ်ချတ်က ဖလော်ရင်တီ နာ၏ နဖူးဆံစ ကို တယုတယ ညင်ညင်သာသာ ပွတ်ပေးနေသည်။ ဖလော်ရင်တီနာက ရစ်ချတ်၏ ရှပ်အင်္ကျီ အပေါ် ကြယ်သီးနှစ်ခုကြားသို့ လက်ချောင်းကလေးများထိုးကာ ကစားနေသည်။
'မင်းကိုကိုယ်သိပ်ပြီး ချစ်နေမိပြီ ဂျက်စီ၊ တကယ်တော့ မင်းကို စတွေ့တဲ့ နေကစပြီး ချစ်ခဲ့မိတာပါ၊ ကိုယ့်ကို လက်ထပ် နိုင်မှာလား အချစ်ရယ်၊ ကိုယ့်ကို ပြန်ချစ်နိုင်မယ်ဆိုရင် ရာသက်ပန် ရိုးမြေကျ ပေါင်းသင်း သွားဖို့ ကိုယ်ဆုံးဖြတ် ထားပြီးပါပြီကွယ်'

'ရှင့်ကိုလည်း ကျွန်မအသည်းစွဲအောင် ချစ်မိပြီရစ်ချတ်၊ ဒါပေမဲ့ကျွန်မရဲ့ ဘ၀မှန်ကို အလျင်ပြောပြ ပါရစေ ဦးလား'
ထို့နောက်တွင် ဖလော်ရင်တီနာက သူမ၏ဖြစ်ကြောင်း ရယ်ကုန်စင်ကို အစမှအဆုံး စီကာပတ်ကုံး ပြောပြ လိုက်သည်။ သူမစကားဆုံးသွားသောအခါ ရစ်ချတ်က ဘာမှပြန်မပြောပဲ တွေတွေကြီး ငိုင်နေ သည်။

'ဘယ်လိုလဲ၊ ကျွန်မအကြောင်းသိသွားတော့ ကျွန်မကို မချစ်နိုင်တော့ဘူးလားဟင်'
'အဲဒီလို မဟုတ်ပါဘူး အချစ်ရယ်၊ ဒါပေမဲ့ကိုယ့်ဖေဖေနဲ့ မင်းဖေဖေတို့က တစ်ယောက်မျက်နှာ တစ်ယောက် လုံးဝမကြည့်နိုင်ကြတဲ့ ကမ္ဘာရန်တွေ ဖြစ်နေကြတယ်ကွယ်'
'ဟင်.......ရှင် ဘာပြောတာလဲဟင်၊ ကျွန်မတော့ ဘာမှနားမလည်ဘူး'

'မင်းဖေဖေက ငါတို့မိသားစုတစ်ခုလုံး ပျက်စီးအောင် ကျိတ်ကြံနေတယ် ဆိုတာတစ်ခါက ဖေဖေပြော နေသံ ကိုယ်ကြားဖူးလို့ပါ အချစ်ရယ်'
'ဘာဖြစ်လို့လဲဟင်၊ ဖေဖေကအဲဒီလို  ဘာဖြစ်လို့ကြံစည်နေရတာလဲ မောင်၊ ကျွန်မတော့ ဖေဖေပြော တာတစ်ခါမှ မကြားဖူးပါဘူး၊ သူတို့နှစ်ယောက်ချင်းတောင်မှ မသိကြတာ၊ အဲဒီလို ဘာဖြစ်လို့ ရန်သူကြီး တွေဖြစ်နေ ကြရတာလဲဟင်'

သည်တစ်ကြိမ်တွင်တော့ ဇာတ်ကြောင်းပြန်ရန်တာဝန်မှာ ရစ်ချတ်၏ အလှည့်သို့ရောက်လာသည်။ ရစ်ချတ်က သူ့မေမေထံမှ တစ်ဆင့်သိရသမျှ အကြောင်းစုံကို ပြန်လည်ပြောပြလိုက်သည်။
'အို...........ဘုရား.......ဘုရား၊ ဖေဖေတစ်ခါက ဘဏ်စာရင်းပြောင်းတော့ ဒါဟာသစ္စာဖောက်မှု ကြီးပဲ လို့ ပြောတာ ကျွန်မနားစွန်နားဖျား ကြားလိုက်မိတာ ဒီကိစ္စပဲထင်ပါရဲ့၊ ဒီလိုဆိုရင် ကျွန်မတို့ ဘယ်လို လုပ်ကြမှာ လဲမောင်ရယ်၊ '

'ဘယ်လိုလုပ်ရမှာလဲ အမှန်အတိုင်း ပြောပြလိုက်ရုံပဲပေါ့၊ တို့ကတစ်ယောက် အပေါ်တစ်ယောက် မေတ္တာ သက်ဝင်ပြီးဖြူဖြူ စင်စင်ချစ်မိကြတာ၊ အဲဒါကြောင့် တို့နှစ်ယောက် လက်ထပ်ကို လက်ထပ်ကြ တော့မယ်လို့ ပြောပြလိုက်ရုံပဲပေါ့၊ တို့က သူတို့နှစ်ယောက် ကမ္ဘရန်ဖြစ်နေကြောင်း ဘာမှသိကြတာမှ မဟုတ်ပဲ၊ သတို့က ဘယ်လိုပဲတားတား....... တို့နှစ်ယောက်ကတော့ နောက်မဆုတ် စတမ်းပဲ'

"ဆန္ဒမစောပါနဲ့ဦးလား မောင်ရယ်၊ တစ်ပတ်နှစ်ပတ်လောက် စောင့်ကြည့်ကြပါဦးစို့လားနော်"
'ဘာဖြစ်လို့လဲ၊ ငါနဲ့လက်မထပ်ရဘူးလို့ မင်းဖေဖေက တားမယ်ထင်လို့လား'

'အဲဒီလို မဟုတ်ပါဘူး ရစ်ချတ်' သူမကသူမခေါင်းကို ရစ်ချတ်၏ ပုခုံးပေါ်မှာ အသာမှင်္ီလိုက်ပြီးနောက် 'ဒါပေမဲ့ ကျွန်မတို့ဘက်က ပိုင်ပိုင်နိုင်နိုင် ဖြစ်ပြီးမှ ပြောပြတာက ပိုကောင်းဘူးလား မောင်ရယ်၊ တကယ်တော့ သူတို့က မောင်ထင်သလို တင်းချင်မှတင်းမှာပါ၊ ပြီးတော့ မောင်ပြောတဲ့ လေယာဉ် ကုမ္ပဏီကိစ္စကလည်း ငါးနှစ်တောင်မှ ရှိသွားပြီးပဲ'
'သူတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြမှာကတော့ သေချာပါတယ်ကွယ်၊ ဒါကိုတော့ ကိုယ်သေချာ ပေါက်ပြောရဲပါတယ်၊ ကိုယ်တို့နှစ်ယောက် လက်ထပ်မှာကို မဆိုးထားနဲ့ အတူတူ တွဲသွားတာ မြင်တောင်မှ ကိုယ့်ဖေဖေကတော့ အကြီးအကျယ်ဒေါသူပုန်ထမှာပဲ'

'ဒါဆိုရင်လည်း ဒီကိစ္စခဏမေ့ထားလိုက်ကြပါစို့ မောင်ရယ်၊ ဒီကြားထဲမှာ ကျွန်မတို့နှစ်ယောက် ခေါင်း အေး ဆေးနဲ့ စဉ်းစားပြီး အဖြေရှာကြတာပေါ့ ဟုတ်လာ်း'
သူက သူမအား နမ်းလိုက်ပြန်သည်။
'မင်းကို ကိုယ်သိပ်ပြီး ချစ်တယ်ဂျက်စီ'
'ဖလော်ရင်တီနာပါ'

'ပါးစပ် အကျင့်ပါနေလို့ပါ အချစ်ရယ်၊ တကယ်ပြောတာပါ၊ မင်းကိုကိုယ်မခွဲ နိုင်တော့ဘူး ဖလော်ရင် တီနာ'
နောက်တစ်လ အတွင်းတွင် ဖလော်ရင်တီနာက မီခင်ကြီးနှင့် ဂျော့တို့အား မသိမသာလိမ္မာပါးနပ်စွာ မေးကြည့် ခြင်းဖြင့်လည်းကောင်း၊ ရစ်ချတ်က ဖင်ခင်ကြီး၏ လျှို့ဝှက်ဖိုင်တွဲကို တိတ်တဆိတ် ခိုးကြည့် ခြင်းဖြင့် လည်းကောင်း သူတို့ဖခင်နှစ်ယောက်၏ ကမ္ဘာမကြေမုန်းတီးမှုကြီး အကြောင်းရင်းကို ပြည့်ပြည့် စုံစုံ သိရှိခဲ့ကြရသည်။

သည်တော့မှ ဖခင်နှစ်ယောက်တို့၏ မုန်းတီးမှုတိုင်းအတာ မည်မျှကြီးမားကြောင်းကို ခန့်မှန်းမိကြတော့ သည်။ တစ်ချိန်တည်းတွင် ဖခင်နှစ်ယောက်တို့အား မည်သည့်နည်းဖြင့် ပြောပြ ပြောပြ၊ ပြော၍ ရနိုင်စရာ လုံးဝ မရှိသည်ကိုလည်း နှစ်ယောက်စလုံးပင် လက်ခံမိကြသည်။

သည်လိုနှင့် နောက်တစ်လအတွင်းတွင် သူတို့နှစ်ယောက် ယခင်အတိုင်းပင် အားလပ်ရပ်တိုင်း ချိန်းတွေ့မြဲ တွေ့နေကြသည်။ ရစ်ချတ်က လုံးဝအပြုံးမပျက်။ ယခင်အတိုင်းပင် အမြဲတမ်း ပျော်ရွှင်တက်ကြွနေသည်။ နှစ်ယောက် သား စကိတ်စီးထွက်ကြသည်။ ပြဇာတ်သွားကြည့်ကြသည်။ စင်ထရယ်ပတ်ခံပန်းခြံထဲတွင် လမ်းလျှောက် ကြသည်။ ဖလော်ရင်တီနာ၏ တိုက်ခန်းတွင် သီချင်းနား ထောင်ကြသည်။ ရစ်ချတ် တယော ထိုး ကောင်းသည်ဆိုသည်ကို ဖလော်ရင်တီနာက သိပ်ပြီးမယုံချင်။ ရစ်ချတ်က ဂျာမန်ဂီတစာဆိုကြီး ဘရမ်၏ တေးသွားအလိုက် လက်သံပြောင်ပြောင်နှင့် ထိုးပြလိုက်တော့ မှဖလော်ရင်တီနာက လက်ခုပ် လက်ဝါး တီးပြီး ချီးကျူးရတော့သည်။

ရစ်ချတ်က တယောကို ရင်ခွင်ပိုက်ကာ ဖလော်ရင်တီနာ၏ ရှုမ၀နှိုင်သော မျက်နှာလေးကို ရွှန်းရွှန်း စားစား စိုက်ကြည့်နေသည်။ အတန်ကြာတော့မှ သတိဝင်လာသည့်အလား-
'ဒါနဲ့ကိုယ်တို့ကိစ္စ ဖွင့်ပြောလိုက်ကြတော့မယ် အချစ်ရယ်'
သူက တယော ကို တင်ခုံတွင် ပြန်ချထားလိုက်ပြီး ဖလော်ရင်တီနာအား ပွေ့ဖက်ထားလိုက်သည်။

'ဟုတ်လား ဖွင့်ကိုဖွင့်ပြောရတော့မှာပဲ မောင်၊ ဒါပေမဲ့ဖေဖေစိတ်မချမ်းမသာ ဖြစ်မှာကိုတော့ ကျွန်မသိပ်ပြီး စိုးရိမ် မိတယ် မောင်ရယ်'
'ဟုတ်ပါတယ်၊ ကိုယ်သိပါတယ်၊ အချစ်ရယ်'
'လာမယ့် သောကြာနေ့မှာဖေဖေ ၀ါရှင်တန်က ပြန်လာတော့မယ်'
'ဒါဖြင့် အဲဒီနေ့မှာ ပြောဖြစ်အောင် ပြောကြတာပေါ့ ဟုတ်လား'
သူက သူမအား အသက်ရှူကျပ်မတတ် ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားလိုက်သည်။

ရစ်ချစ်သည် တနလာင်္လာနေ့တွင် ဟားဗတ်တက္ကသိုလ်သို့ ပြန်သွားသည်။ သို့ပေမဲ့ သူတို့နှစ်ယောက်သည် ညတိုင်း ပင် တယ်လီဖုန်းဖြင့် လှမ်း၍ စကားပြောနေကြသည်။ ဆုံးဖြတ်ထားပြီး သောရည်မှန်းချက်ကိုတော့ ဘယ်နည်း နှင့် မဆို ဖြစ်အောင် အကောင်အထည်ဖော်တော့မည်ဟု နှစ်ယောက်စလုံးပင် သဘောတူ ကြသည်။

သောကြနေ့တွင် နယူးယောက်သို့ ရစ်ချက်ပြန်ရောက်လာသည်။ ဖလော်ရင်တီနာက အလုပ်မှနေ့ဝက် ခွင့်ယူ လိုက်သည်။ နှစ်ယောက်သားစကားတပြောပြောနှင့် လျှောက်လာကြစဉ် ၇၅လမ်းနှင့် ပတ်ခ်အဲဗင်း နယူး လမ်းတောင့်ရောက်တော့''ခေတ္တရပ်နေပါ'' ဟူသော မီးနီဆိုင်းဘုတ်ကြောင့် နှစ်ယောက်သား ရပ်နေ ကြသည်။ ရစ်ချက်ကဖလော်ရင်တီနာ၏ မျက်နှာကို ရွန်းစားစားစိုက်ကြည့်ပြီး သူ့ကိုလက်ထပ်ရန် ခွင့်တောင်းပြန်သည်။ သူက အကျီင်္အိတ်ထဲမှ အနီရောင် သားရေကြုတ်ကလေး တစ်ခုကို ထုတ်ယူပြီး ကြုတ်ကို ဖွင့်ကိုဖွင့်လိုက်သည်။ ပြီးတော့ကြုတ်ထဲမှ စိန်ရံထားသော ဥဿဖယား လက်စွပ် ကလေး တစ်ကွင်း ကို ထုတ်ယူပြီး ဖလော်ရင်တီနာ၏ ဘယ်ဘက် လက်ခလယ်တွင် ၀တ်ပေးလိုက်သည်။

လက်စွပ်ကလေးက လှလွန်းသဖြင့် ဖလော်ရင်တီနာမှာ ၀မ်းသာလွန်း၍ မျက်ရည်ပင်လည်လာမိသည်။ လက်စွပ်ကလေးမှာ သူမ၏ လက်နှင့် အနေတော်ပင် ဖြစ်သည်။ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ လမ်းထောင့်တွင့် ရပ်ရင်း ချစ်ကြည်နူးနေကြသော သူတို့နှစ်ယောက်အား လမ်းသွားလမ်းလာများက စောင်းကြည့် သွားကြသည်။ ''ဆက်လျှောက် နိုင်ပြီ''ဟူသော ဆိုင်းဘုတ်ပေါ်လာတော့မှ နှစ်ယောက်သား အနမ်း ဖြင့် ခွဲခွာလိုက် ကြသည်။
ချစ်သူနှစ်ယောက်တို့သည် ဖခင်များနှင့် ရင်ဆိုင်ရန်ဆန့်ကျင်ဘက်အရပ်သို့ အသီးသီးဦးတည်၍ ထွက်ခွာ သွားကြသည်။ ကိစ္စပြီးပြတ်သောအခါ ဖလော်ရင်တီနာ၏ တိုက်ခန်းတွင် ပြန်လည်တွေ့ဆုံကြ ရန်ဖြစ် သည်။

ဖလော်ရင်တီနာသည် လက်စွပ်ကလေးကို ကြည့်ကာကြည့်ကာဖြင့် နယ်စားဟိုတယ်ဆီသို့ လျှောက်လာ ခဲ့သည်။ လက်စွပ်ကလေးက သူမ၏လက်ပေါ်တွင် အသစ်အဆန်းလို ဖြစ်နေသည်။ လမ်းသွား လမ်းလာ များက တောက်ပသော ဥပဿဖယားကျောက်ကလေးကို စောင့်ငဲ့၍များ ကြည့်သွားကြသလားဟု သူမက ထင်မိ သည်။ ရစ်ချတ်က သူမလက်တွင် ယင်းလက်စွပ်ကလေးကို ၀တ်ပေးသောအချိန်တွင် သူမ၏ ရင်သည် တထိတ်ထိတ်ခုန်မိခဲ့သည်။ သူမသည် ပတ်ပတ်လည် စိန်စီထားသော ဥဿဖယား ကျောက် ကလေး ကို အသာအယာ ပွတ်ကြည့်လိုက်သည်။
ဟိုတယ် နှင့် နီးလာလေလေ၊ ခြေလှမ်းနှေးလာလေလေ ဖြစ်သော်လည်း စိတ်ထဲကတော့ လက်စွပ် ကလေးကြောင့် အားတက်နေမိသည်။

ဟိုတယ်ဧည့်ခန်းစားပွဲသို့ ရောက်သောအခါ သူမ၏ဖခင်နှင့် ဂျော့နိုဗက်တို့နှစ်ယောက် သီးသန့်ခန်း တွင်ရှိနေကြောင်း ဧည့်လက်ခံစာရေးက ပြောသည်။
၄၂ထပ်သို့ ဓာတ်လှေကားရောက်သောအခါ သူမသည် ဓာတ်လှေကားထဲမှ ထွက်ရန်တုံ့နှေးနေမိ သည်။ သူမသည် စိတ်ကိုတင်းကာ အစိမ်းရောင် ကော်ဇောခင်းကြမ်းပြင် ပေါ်သို့လှမ်းထွက်လိုက် သည်။ နောက်ဘက်တွင် ဓာတ်လှေကားတံခါး ပိတ်သွားသံ ကြားလိုက်ရသည်။

စင်္ကြလမ်းပေါ်တွင် အတန်ကြာမျှ ရပ်နေမိသည်။ ပြီးတော့မှ ရှေ့သို့ဆက်လျှောက်လာပြီး အခန်းတံခါး ကိုခပ်ဖော့ဖော့ ခေါက်လိုက်သည်။ အေဘယ်ကိုယ်တိုင် တံခါးလာဖွင့်သည်။
'ဟလို.........သမီးပါလား၊ ကဲ..........လာ၊ ဖေဖေကသမီး ဒီနေ့လာလိမ့်မယ်လို့ လုံးဝမထင်ဘူး'
ဂျော့က ပြတင်းပေါက်နားတွင် ရပ်ကာ၊ ပတ်ခ်အဲဗင်းနယူးလမ်းမကြီးကို လှမ်းကြည့်နေသည်။ သူကသူ ၏ခေါင်းကိုင်သမီးကို နှုတ်ဆက်ရန် လှမ်းကြည့်လိုက်သည်။
ဖလော်ရင်တီနာက ဂျော့အား အခန်းထဲမှ ထွက်သွားစေလိုသော မျက်လုံးများနှင့် လှမ်းကြည့်နေသည်။ သွားပါ၊ ကျေးဇူးပြုပြီး ထွက်သွားပါ......၊ သူမရင်ထဲက အသံတိတ်တောင်းပန် နေမိသည်။ ဂျော့က သူမ၏ညှိုးငယ်သော မျက်နှာအမူအရာကို အကဲခတ်မိပြီး-

'ကဲ......အေဘယ်၊ ကျွန်တော်အလုပ်ထဲ သွားလိုက်ဦးမယ်၊ ဒီနေ့ညနေ အိန္ဒိယက မဟာရာဇာတစ် ယောက်လာတည်းဖို့ ရှိတယ်၊ ခင်ဗျားတို့ သားအဖနှစ်ယောက် အေးအေးဆေးဆေး စကားပြော ကျန်ရစ်ကြပေတော့'
'မဟာရာဇာကို ပြောလိုက်ပါဗျာ၊ သူ့ဆင်တွေကို ဒီကိုယူမလာပါနဲ့၊ ပလာဇာဟိုတယ်မှာပဲ အပ်ထားခဲ့ ပါလို့' အေဘယ်က ရယ်ပြီးပြောသည်။ 'ထိုင်ပါဦးလေဗျာ၊ ဒီမှာဖလော်ရင်တီနာ ရောက်လာတုန်း တစ်ခွက်လောက် သောက်လိုက်ပါဦးလား'
ဂျော့က ဖလော်ရင်တီနာဘက်သို့ လှမ်းကြည့်လိုက်သည်။

'နေပါစေ အေဘယ်၊ ကျွန်တော်သွားလိုက်ဦးမယ်၊ မဟာရာဇာ တစ်ခန်းတည်းဌားတာ မဟုတ်ဘူးဗျ၊ ၃၃ထပ်တစ်ထပ်လုံ့း ငှားထားတာ၊ အဲဒါအစီအစဉ်တွေ သွားလုပ်ရဦးမယ်၊ ပြီးတော့သူက သူတို့ အနည်းဆုံး ဟိုတယ်ဒုဥက္ကဋ္ဌလောက်က ကြိုဆိုစေချင်တာ၊ ကဲ.......သွားဦးမယ် ဖလော်ရင်တီနာ၊ ဂွတ်နိုက်'
ဂျော့က ဖလော်ရင်တီနာ၏ လက်ကလေးကိုကိုင်ကာ ပါးပြင်ကိုနမ်း၍ နှုတ်ဆက်လိုက်သည်။ ဖလော်ရင် တီနာသည် အားအင်လျော့နေသလို ဖြစ်နေကြောင်း ဂျော့ကအမှုအရာ ကြည့်၍အဲခတ်မိ လိုက်သည်။
ထို့နောက် သူအခန်းထဲမှ ပြန်ထွက်သွားသည်။

ဂျော့ထွက်သွားပြီးတော့ သူရှိနေရင် သိပ်ကောင်းမှာပဲဟု ဖလော်ရင်တီနာက တွေးလိုက်မိသည်။
အေဘယ်က သမီးငယ်၏ ဆံပင်ကို တယုတယပွတ်သပ်လိုက်ပြီး-
'ဘလူမင်ဒယ်မှာ လုပ်ရတာဘယ်လိုနေသလဲ သမီး၊ မကြာခင်သမီးအလုပ်က ထွက်ရတော့မယ်ဆို တာသူတို့ကို ပြောပြပြီးပြီးလား၊ ဂျယ်စီကိုဗက်ဆိုတဲ့ မိန်းကလေးက သူတို့ကုန်တိုက်က ထွက်ပြီးမကြာ ခင်မှာ ပြင်သစ်က "ကိန်းနယ်စားဟိုတယ်" သစ်ကြီးကို ဖွင့်ပေးရတော့မယ်ဆိုတာ သူတို့သိသွားရင် သိပ်ပြီး အံ့သြ ကြမှာပဲ သမီး'
သူက သူ့စကားသူ သဘောကျစွာဖြင့် တဟားဟားရယ်နေသည်။

'သမီး လက်ထပ်တော့မယ် ဖေဖေ'
သူမက လက်စွပ်ဝတ်ထားသော လက်ကိုမ၀ံ့မရဲ ကမ်းပေးလိုက်သ်။ သူမသည ရှေ့ကိုဘာမှ ဆက်မ ပြောတတ် အောင် ဖြစ်နေသည်။ ဖေဖေ့စကားကိုသာ ရင်တထိတ်ထိတ်နှင့် နားစွင့်လျက် ရှိသည်။
'ဆိုင်းမဆင့် ဗုံမဆင့်ကြီးပါလား သမီးရယ်'
အေဘယ် က အနည်းငယ် အံ့သြသွားသံဖြင့် ပြန်ပြောသည်။

'ကျွန်မသူနဲ့ သိနေတာတော့ တော်တော်ကြာပါပြီ ဖေဖေ'
'သူငယ်က ဘယ်ကလဲ၊ ဖေဖေသိတဲ့လူများလား၊ ဖေဖေတွေ့ဖူးသလား'
'ဖေဖေနဲ့မတွေ့ဖူးသေးပါဘူး'
'သူကဘယ်ကလဲ၊ မိသားစုအခြေအနေက ဘယ်လိုလဲ၊ ပိုက်လန်လူမျိုးပဲလား ဖေ့ဖေ့ကို စောစော ကတည်းက ဘာလို့မပြောရတာလဲ သမီးရယ်'
'သူက ပိုလန်လူမျိုး မဟုတ်ဘူး ဖေဖေ၊ ဘဏ်လုပ်ငန်းရှင်တစ်ဦးရဲ့သားပါ'

အေဘယ်က မျက်နှာတွင် သွေးဆုတ်သွားသည်။ အရက်ခွက်ကို ကောက်ကိုင်ပြီး တစ်ကျိုက်တည်း မော့ချ လိုက်သည်။ နောက်တစ်ခွက် ထပ်ထည့်ပြီး မော့ချလိုက်ပြန်သည်။ ဖလော်ရင်တီနာက ဖခင်ဖြစ်သူ၏ ရင်ထဲ ဘယ်လိုခံစားနေရမည်ကို မှန်းဆပြီးသိလိုက်သည်။ ပေါက်တဲ့နဖူး မထူးတော့ဘူး ဆိုကာသူမက ပြောင်ပြောင် ပင် ပြောလိုက်တော့သည်။
'သူ့နာမည်က ရစ်ချစ်ကိန်းလို့ ခေါ်ပါတယ်ဖေဖေ'
အေဘယ် က သမီးဘက်သို့ ဆက်ခနဲ လှည့်လိုက်ပြီး-
'သူက ၀ီလျံကိန်းရဲ့ သားလား၊ ဟင်….ဟုတ်လား'
'ဟုတ်ပါတယ် ဖေဖေ'

အေး…… ကောင်းကြရောပေါ့ကွာ၊ မင်းက၀ီလျံကိန်းရဲ့ သားကိုမှလက်ထပ်မယ်တဲ့လား၊ ဒီလူဟာ ငါ့အပေါ် မှာ ဘယ်လောက်ထိရက်စက်ထားတယ်ဆိုတာ မင်းသိရဲ့ လား…ဟင်၊ ဒီလူက ငါ့ရဲ့ကျေးဇူးရှင် ကိုသေအောင် လုပ်ခဲ့တဲ့လူ၊ ဟုတ်တယ်မစ္စတာလီရွိုင်းကို ကိုယ့်ကိုကိုယ်သတ်သေအောင် ဒုက္ခပေးခဲ့တဲ့လူ၊ အဲဒါနဲ့ မကျေနပ်သေးလို့ ငါကိုစီးပွားပျက်အောင်လုပ်ဖို့ ကြိုးစားခဲ့တဲ့လူ၊ မစ္စတာမတ်တွန်ကသာ ငါ့ကို မကယ် လိုက်ရင် သူ့ကြောင့်ငါဘ၀ တစ်ခါတည်း ရေစုံမျောပြီ၊ သူကငါ့ဟိုတယ်တွေကို အကုန်သိမ်းပြီး တခြား ရောင်းပစ်လိုက်မှာ ကျိန်းသေပဲ၊ ဒါတွေကို မင်းကလုံးဝထည့်မတွက်တော့ဘူးလား ဖလော်ရင်တီနာ'

'သမီးထည့်တွက်ပါတယ် ဖေဖေ၊ ရက်တော်တော်ကြာအောင် သမီးစဉ်းစားခဲ့ပါတယ်၊ ဖေဖေနဲ့ မစ္စတာဝီလျံကိန်း တို့ အချင်းချင်း အခုလိုကမ္ဘာရန်တွေ ဖြစ်နေကြတာသိရတော့ ကျွန်မနဲ့ ရစ်ချတ်တို ဟာ အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရပါတယ်ဖေဖေ၊ သူလည်းဒီအချိန်မှာ သူ့ဖေဖေကို ပြောပြ နေတုန်း ရှိပါလိမ့်မယ်'
'အေး….ဒီလူက ဘာပြန်ပြောမယ်ဆိုတာ ငါအားလုံးသိတယ်၊ သူကယမ်းပုံမီးကျ၊ ဒါသအိုးပေါက်ကွဲမှာ သေချာ တယ်၊ သူသားကို ရွှေပေါ်မြတင် တန်ဖိုးထားတဲ့လူ၊ ငါ့သမီးနဲ့ ဘယ်တော့မှ လက်ထပ်ခွင့် ပြုမှာ မဟုတ်ဘူး'
အေဘယ် အသံ က ဒေါသကြောင့် ပို၍ကျယ်လောင်လာသည်။

'သမီးတို့နှစ်ယောက်ဟာ ရိုးသားစွာ ချစ်ခင်မိကြတာပါ ဖေဖေ၊ သမီးကိုခွင့်လွှတ်ပါဖေဖေ၊ သမီးအနေနဲ့ ဖေဖေရဲ့ မေတ္တာကိုပဲ တောင်းခံချင်ပါတယ်၊ ဖေဖေရဲ့ဒေါသကို မလိုချင်ပါဘူး'
အေဘယ် ၏ မျက်နှာတစ်ပြင်လုံး နီရဲလာသည်။
'ဒီမှာဖလော်ရင်တီနာ။ ငါပြောတာကို သေသေချာချာ နားထောင်၊ မင်းဒီနေ့ကစပြီး အဲဒီကောင်နဲ့ လုံးဝ မတွေ့ရတော့ဘူး၊ ငါပြောတာနားလည်ရဲ့လား'
ဟုတ်ကဲ့၊ နားလည်ပါတယ်ဖေဖေ၊ ဒါပေမဲ့ သမီးသူ့ကို မတွေ့ဘဲမနေနိုင်ဘူးဖေဖေ၊ ဖေဖေက သူ့အဖေကို မုန်းတာကြောင့်တော့ ရစ်ချက်ကိုသမီး မခွဲနိုင်ဘူးဖေဖေ'
သူမက လက်စွပ်ဝတ်ထားသောလက်ကို တခြားလက်တစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။ သူမတစ်ကိုယ်လုံး တုန်ချင်သလိုခံစားရသည်။

' လုံးဝမဖြစ်နိုင်ဘူး၊ ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ ငါလုံးဝသဘောမတူဘူး။ ဘယ့်နှယ့်မဟုတ်တာပဲ၊ ငါသမီးက ၀ီလျံသားနဲ့ လက်ထပ်မယ်ဆိုရင် ရာဇ၀င်ရိုင်းတော့မှာပေါ့၊ ငါသဘောမတူဘူး လုံးဝသဘောမတူဘူး၊ ဒါ့ပဲ'
'သမီးဟာ ဖေဖေကို စွန့်ခွာသွးတာမဟုတ်ပါဘူး၊ ဖေဖေ၊ အဲဒီလိုလုပ်ချင်ရင် ဖေ့ဖေ့ကို မပြောဘဲ ဆင်းလိုက်သွားမှာပေါ့၊ ဒါပေမဲ့သမီး အဲလိုဘယ်တော့မှ မလုပ်ပါဘူး၊ သမီးက၂၁ နှစ်ရှိပါပြီ ဖေဖေ၊ ဒါပေမဲ့ရစ်ချက်ကို လက်ထပ်မယ်ဖေဖေ၊' သူ့ကိုသားလင်အမှတ်နဲ့ သမီးရာသက်ပန် ပေါင်းသွားတော့မယ် သမီးကို ကူညီပါဖေဖေ၊ ဖေဖေသူနဲ့ ခဏဖြစ်ဖြစ် တွေကြည့်ပါ့လား ဖေဖေ၊ သူနဲ့စကားပြောကြည့်ရင် ဖေဖေလည်း သူ့ကိုသဘောကျသွားမှာပါ၊ သမီးဘာလို့သူ့ကို ရွေးရတာကိုလည်း သဘောပေါက်သွားမှာပါ''

' ဒီကောင်ငါအိမ်ရိပ်ကို ဘယ်တော့မှ မနင်းရဘူး၊ ၀ီလျံကန်းရဲ့သားနဲ့ ငါမတွေ့နိုင်ဘူး၊ တစ်သက်မတွေ့ နိုင်ဘူး၊ ဒါပဲ၊ ငါပြောတာ နားလည်ရဲ့လား"
"အဲဒီလိုဆိုရင်လဲ သမီး အိမ်က ထွက်သွားရလိမ့်မယ် ဖေဖေ"
"အိုး ... မင်းက ဒီလိုလား၊ ဒီလိုဆိုရင် ... ငါ့ဆီက ကြေးပြားတစ်ပြားတောင် မရဘူးမှတ်၊ တစ်ပြားဆို တစ်ပြားမှ မရဘူး" သူက လေသံပျော့သွားပြီး "ဒီမှာ သမီး ဖေဖေ့စကားကို နားထောင်စမ်းပါ၊ သမီးက အသိဥာဏ်ရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ နည်းနည်းကလေးပြန်ပြီး စဉ်းစားကြည့်စမ်းပါဦး သမီးရယ်၊ သမီးလို မိန်းကေလးတစ်ယောက်အတွက် သူ့ထက်သာတဲ့ ယောက်ျားတွေ ခေါင်းခေါက်ယူလို့ ရနိုင်ပါ တယ်ကွယ်"

"အဲဒီ လူတွေကို သမီး မလိုချင်ပါဘူး ဖေဖေ၊ သမီးဟာ သမီးလက်ထပ်မယ့်လူကို တွေ့ထားပြီးပါပြီ၊ သူ့ အဖေရဲ့ သားဖြစ်ရတာ သူ့အပြစ်မဟုတ်ပါဘူး ဖေဖေ၊ သမီးတို့နှစ်ယောက်စလုံး ဘယ်သူမှ ကိုယ့် ဖေဖေ ကို ကိုယ် ရွေးခဲ့ကြတာ မဟုတ်ပါဘူး"
"အိုး ... မင်းက ဒီအထိတောင် အဖြစ်သည်းနေမှကိုး၊ ဒီလိုဆို မင်းလုပ်ချင်သလို လုပ်၊ မင်း ငါ့အိမ်မှာ မနေနဲ့တော့၊ ငါ့သမီးဖြစ်တဲ့ မင်း မထိုက်တန်တော့ဘူး" သူက တစ်ဖက်လှည့် သွားပြီး ပြတင်းပေါက်ကို ကျော်ကာ အပြင်သို့ ငေးကြည့်နေလိုက်သည်။ ခဏကြာတော့မှ ပြန်လှည့်လာပြီး "ကဲ ... ဒီမှာ ငါ နောက်ဆုံး စကား ပြောလိုက်မယ်၊ မင်း အဲဒီအကောင်နဲ့ ဘယ်တော့မှ လက်မထပ်ရဘူး ဒါပဲ"
"သမီးတို့ နှစ်ယောက် ဆုံးဖြတ်ပြီးသားပါ ... ဖေဖေ၊ သမီးက ၀တ္တရားအတိုင်း ဖေဖေရဲ့ သဘောတူညီ ချက်ကို တောင်းရတာပါ"

အေဘယ်က သမီးဖြစ်သူအနီးသို့ လျှောက်လာပြီး ...
"ဘာလဲ မင်းက ကိုယ်ဝန်ရှိနေပြီမို့လား၊ အဲဒါကြောင့် သူ့ကို လက်ထပ်ရမှာတဲ့လား"
"အဲဒီလို လုံးဝမဟုတ်ပါဘူး ဖေဖေ"
"ဒါဖြင့် မင်းသူနဲ့ ... "

ဖခင်၏ မေးခွန်းကြောင့် ဖလော်ရင်တီနာ လန့်သွားမိသည်။ သို့သော် မဆုတ်မနစ်ပင် ပြန်ဖြေလိုက် သည်။
"ဟုတ် ... ဟုတ်ပါတယ် ... ဖေဖေ"
အေဘယ်က စကားပြောမနေတော့ဘဲ လက်ကို မြှောက်ပြီး သမီးဖြစ်သူ၏ ပါးပြင်ကို တအားရိုက်လိုက် သည်။ သူ့လက်မှ ငွေလက်ကောက်ကွင်းက ဖလော်ရင်တီနာ၏ နှုတ်ခမ်းထောင့်ကို ရှသွားသည်။ သူမ ကြမ်းပြင် ပေါ်သို့ ပုံလျက်သား လဲနေရာမှ ရုတ်တရက် ကုန်းထကာ အခန်းထဲမှ ငိုယိုရင်း ပြေးထွက်လာ ခဲ့သည်။

ဓာတ်လှေကားကို မှီရပ်ရင်း သွေးစွန်းသော ပါးပြင်ကို ပွတ်ကြည့်နေမိသည်။ ဓာတ်လှေကား တံခါး ပွင့်လာပြီး ဓာတ်လှေကားထဲမှ ဂျော့ထွက်လာသည်။
သူမက ဂျော့ရှေ့မှ ဖြတ်ပြီး ဓာတ်လှေကားထဲသို့ ကမန်းကတန်း ပြေးဝင်လိုက်သည်။
ဂျော့က ကြက်သေသေပြီး ရပ်ကြည့်နေစဉ်မှာပင် ဓာတ်လှေကား ပြန်ပိတ်သွားသည်။

လမ်းမပေါ်ရောက်တော့ ဖလော်ရင်တီနာသည် တက္ကစီငှားပြီး သူမ၏ တိုက်ခန်းသို့ တန်းပြန်လာခဲ့ သည်။ လမ်းတွင် ကားကို ခဏရပ်ခိုင်းပြီး ပါးစပ်မှ ဒဏ်ရာကို ဆေးပလာစတာ ၀ယ်ကပ်လာသည်။
ရစ်ချတ်သည် တိုက်ခန်းဆင်ဝင်အောက်တွင် ခေါင်းငိုက်စိုက်နှင့် ရပ်နေသည်။
ဖလော်ရင်တီနာက ကားပေါ်မှ ခုန်ဆင်းပြီး ရစ်ချတ်ဆီသို့ ပြေးလာခဲ့သည်။ နှစ်ယောက်သား ပြန်ပိတ်ပြီး ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
"မောင့်ကို ကျွန်မအများကြီး ချစ်ပါတယ် မောင်ရယ်"

"ကိုယ်လဲ မင်းကို အများကြီးချစ်ပါတယ် ကွယ်"
ရစ်ချတ်က သူမတစ်ကိုယ်လုံး သိုင်းကျုံး ပွေ့ဖက်ထားလိုက်သည်။
"မောင့်ဖေဖေက ဘယ်လို ပြန်ပြောတယ်ဆိုတာ ကျွန်မ မေးနေစရာ မလိုတော့ပါဘူးကွယ်"
သူမက ရစ်ချတ်၏ ရင်ခွင်ထဲ ဆောကတည်ရာမရ တိုးဝင်းရင်း ပြောလိုက်သည်။

"သူ ဒီလောက် ဒေါသထွက်တာ ဒီတစ်ခါပဲ မြင်ဖူးပါတယ် အချစ်ရယ်၊ သူက မင်းအဖေကို လူလိမ်၊ လူညာဆိုပြီး အော်ဟစ်ပြီး စွပ်စွဲပြောဆိုတယ်၊ ကိုယ့်ကိုလဲ တခြားတစ်ယောက်ယောက်နဲ့ယူဖို့ အတင်း တိုက်တွန်းတယ်"
"အဲဒီတော့ မောင်က ဘယ်လို ပြန်ပြောခဲ့သလဲ ...ဟင်"
"နောက်တစ်ယောက်ဆိုရင် သိကြားမင်းသမီးတော်လဲ မယူနိုင်ဘူးလို့ ပြန်ပြောလိုက်တယ်၊ အဲဒီမှာ သူအကြီးအကျယ် ဒေါကန်တော့တာပဲ"
ဖလော်ရင်တီနာက ရစ်ချတ်ကို အတင်းပြန်ဖတ်ထားသည်။

"ပြီးတော့ မင်းကို ကိုယ်လက်ထပ်ရင် ပိုက်ဆံတစ်ပြားမှ မပေးဘူးလို့လဲ ပြောသေးတယ်၊ ကိုယ်တို့ နှစ်ယောက်က ပိုက်ဆံကို လုံးဝဂရုမစိုက်ဘူးဆိုတာ သူတို့မသိကြတာ ကိုယ်ဝမ်းနည်းမိပါတယ်၊ ကိုယ် က မေမေ့ဘက်လှည့်ပြီး အကူအညီတောင်းပါသေးတယ်၊ မေမေက ကိုယ့်ဘက်က၀င်ပြီး ဖေဖေ့ကို ဖျောင်းဖျပေမယ့် လုံးဝမရပါဘူး၊ ဖေဖေက မေမေ့ကို အခန်းထဲက မောင်းထုတ်တယ်၊ ဖေဖေဟာ မေမေ့ကို ဒီလို တစ်ခါမှ မဆက်ဆံခဲ့ဖူးပါဘူး၊ မေမေကတော့ ငိုရုံအပြင် ဘာတတ်နိုင်တော့မှာလဲ၊ မေမေ ငိုနေတာမြင်တော့ ကိုယ်က ပိုပြီး ဆုံးဖြတ်ချက်အတိုင်း လုပ်ဖို့ အားတက်လာမိတယ်၊ အဲဒါနဲ့ သူ့စကားတောင် ဆုံးအောင် နားမထောင်ခဲ့တော့ပဲ ကိုယ်အခန်းထဲက ပြေးထွက်လာခဲ့တယ်၊ မင်းက ရော ဘာတွေ ဖြစ်လာခဲ့သေးသလဲ"

"ဖေဖေက ကျွန်မပါးကို ရိုက်လွှတ်လိုက်တယ်၊ ကျွန်မ တစ်သက်မှာ ပထမဆုံးအကြိမ်ပဲ၊ ကျွန်မတို့ နှစ်ယောက် တွဲနေတာမြင်ရင် ဖေဖေဟာ မောင့်ကို တွေ့တဲ့နေရာမှာ သတ်ပစ်လိမ့်မလားလို့တောင် ထင်ရတယ်၊ အဲဒီတော့ မထူးတော့ပါဘူး မောင်ရယ်၊ ကျွန်မတို့ ဒီနေရာက အမြန်ဆုံး ထွက်ပြေးကြပါစို့၊ ဖေဖေ က ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး၊ ကျွန်မကို လိုက်ရှာမှာ သေချာတယ်၊ ရှာရင်လဲ ဒီနေရာ အလျင်ဆုံး ရောက်လာမှာပဲ၊ ကျွန်မ ကြောက်လှပါပြီ မောင်ရယ်"

"ဒီလောက်လဲ ကြောက်မနေပါနဲ့ အချစ်ရယ်၊ ကိုယ်တို့နှစ်ယောက် ဒီညပဲ ထွက်ပြေးကြမှာပါ၊ ပြေးရင်လဲ သူတို့နှစ်ယောက် လုံးဝ ရှာမတွေ့နိုင်တဲ့ နေရာကို ပြေးကြမှာပဲ"
"အဲဒီတော့ မောင့် အ၀တ်အစားတွေ ဘယ်လို လုပ်မလဲဟင်"
"မလိုပါဘူး၊ ကိုယ်ဘက်တော့မှ အိမ်ကို ပြန်မသွားတော့ဘူး၊ မင်းသာ ကိုယ့်ပစ္စည်းတွေ မြန်မြန်ထုတ်ပိုး ပြင်ဆင်ပေတော့၊ ပြီးရင် ချက်ချင်း ထွက်ပြေးကြမယ်၊ ကိုယ်မှာ ဒေါ်လာ ၁၀၀ လောက်တော့ ပါပါ တယ်၊ ဒေါ်လာတစ်ရာ ချမ်းသာတဲ့လူကို လက်ထပ်ရတာ ဘယ်လိုသဘောရသလဲဟင်"

"အရောင်းစာရေးမကလေးတစ်ယောက်အနေနဲ့ အဲဒီလောက်ပဲ မှန်းနိုင်မှာပေါ့မောင်ရယ်၊ ဒါပေမယ့် မပူ ပါနဲ့ မောင်၊ ကျွန်မမှာလဲ ခြေစောင့်လက်စောင့် ၂၁၂ ဒေါ်လာနဲ့ အမေရိကန် အိက်စ်ပရက်စ်ကတ် တစ်စောင်တော့ ရှိပါသေးတယ်၊ အဲဒီတော့ ကျွန်မက မောင့်အပေါ်အကြွေး ၅၆ဒေါ်လာ တင်လိမ့်မယ်၊ အဲဒါကို တစ်နှစ်တစ်ဒေါ်လာနှုန်းနဲ့ပဲ ပြန်ဆပ်ပါတော့ မစ္စတာရစ်ချတ်ကိန်းရယ်"
ဖလော်ရင်တီနာသည် နာရီဝက်အတွင်း အ၀တ်အစားများ ထုပ်ပိုးပြီး သွားသည်။

ထို့နောက် စာရေးစားပွဲတွင် ထိုင်ကာ စာတစ်စောင် ကမန်းကတန်း ရေးသည်။ ရေးပြီးတော့ စာအိတ်ထဲ ထည့်ပြီး စာအိတ်ကို အိပ်ရာဘေးမှ စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ရစ်ချတ်က ကားတစ်စီးသွားငှားသည်။ အရေးအကြောင်းကြုံလာလျှင် ဖျတ်လတ်လျင်မြန်စွာ ဆောင်ရွက်နိုင်စွမ်းရှိသော သူမ၏ ချစ်လင်အတွက် စိတ်ထဲမှ ကျိတ်ပြီး ဂုဏ်ယူဝမ်းသာမိသည်.။
လေယာဉ်ကွင်းရောက်တော့ ရစ်ချတ်သည် ဆန်ဖရန်စစ္စကိုမြို့သို့ လက်မှတ်နှစ်စောင် ၀ယ်လိုက်သည်။ အမေရိကန်ပြည်ထောင်စု မြေပုံပေါ်တွင် အစွန်အဖျား အကျဆုံး ဒေသဖြစ်သောကြောင့် သည်မြို့ကို တွေးချယ်လိုက်ခြင်း ဖြစ်သည်။

ည ၇း၃၀နာရီတွင် အမေရိကန်လေကြောင်းဌာနမှ ဂျက်လေယာဉ်ပျံကြီးသည် ခုနှစ်နာရီကြာ ခရီးကို ပျံသန်းရန် လေယာဉ်ပြေးလမ်းပေါ်တွင် စတင်ရွေ့လျားနေလေပြီ။
ရစ်ချတ်က ဖလော်ရင်တီနာအား ကုလားထိုင်ခါးပတ် ပတ်ပေးသည်။
ဖလော်ရင်တီနာက ပြုံးကြည့်နေရင်းမှ မေးလိုက်သည်။

"ရှင့်ကို ကျွန်မ ဘယ်လောက်အထိ ချစ်တယ်ဆိုတာ သိပါရဲ့လား မစ္စတာကိန်း"
"ဟုတ်ကဲ့ မစ္စက်ကိန်း၊ သိတယ်လို့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ် ခင်ဗျား"

အခန်း (၃၃) ဆက်ရန်

.

2 comments:

Anonymous said...

သိပ်ကြည်နူးစရာကောင်းတယ်..ချစ်သူ၂ဦးတူတူထွက်ပြေးတာကို ကျေနပ်ကြည်နူးစွာဖတ်ဖြစ်တယ်။
အောက်နားကိုရောက်တော့ ဖတ်နေရင်းနဲ့ကိုကျေနပ်ပြုံး ပြုံးမိတယ်။

အမကိုကျေးဇူးကုဋေကုဋာ

မြတ်နိုး

Anonymous said...

"ရှင့်ကို ကျွန်မ ဘယ်လောက်အထိ ချစ်တယ်ဆိုတာ သိပါရဲ့လား မစ္စတာကိန်း"
"ဟုတ်ကဲ့ မစ္စက်ကိန်း၊ သိတယ်လို့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ် ခင်ဗျား"

အရမ်းခိုက်တယ်.. ဟီး


း)

မြတ်နိုး