Sunday, June 6, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၃)

အခန်း(၃၃)
အေဘယ်နှင့် ဂျော့တို့သည် ဖလော်ရီတီနာနှင့် ရစ်ချတ်တို့ လေဆိပ်သို့ ထွက်သွားပြီးနောက် မိနစ် ပိုင်းအတွင်း အရှေ့ ၅၇လမ်းမှ ဖလော်ရင်တီနာ၏ တိုက်ခန်းသို့ ရောက်လာကြသည်။ လက်ဖျားနှင့် ပင် တစ်ခါမျှ မထိဖူးသော သမီးဖြစ်သူအား ပါးကို ရိုက်လိုက်မိသည့်အတွက် အေဘယ်သည် အလွန်ပင် နောင်တရမိသည်။ သူ၏ တစ်ဦးတည်းသော သမီးကလေး ထွက်သွားလျှင် သူ့ဘ၀ ဘယ်လို နေလိမ့်မည် ဆိုသည်ကို တွေး၍လည်း အထူးပင် စိတ်မချမ်းမသာ ဖြစ်မိရလေသည်
သမီဖြစ်သူအား တွေ့လျှင် ချော့မော့ဖျောင်းဖျပြီး ၀ီလျံကိန်း၏သားနှင့် လက်မထပ်နိုင်ရန် အချိန် မနှောင်းမီ တားဆီးရတော့မည်။ မိမိစကားကို နားထောင်လျှင် သမီးဖြစ်သူလိုချင်တာကို ဘာမဆို လုပ်ပေး မည် ဆိုသည်ကိုလည်း ဆုံးဖြတ်လိုက်သည်။

ဂျော့က အခန်းတံခါးကို ခေါက်လိုက်သည်။ အတွင်းမှ ဘာသံမှ မကြားရ။ နောက်ထပ် တစ်ကြိမ် ခေါက် လိုက်ပြန်သည်။ နှစ်ယောက်သား နားစွင့်နေကြသည်။ သည်တစ်ကြိမ်တွင်လည်း ဘာသံမှ မကြားရ။
နောက်ဆုံးတော့ အေဘယ်က ဖလော်ရင်တီနာ ပေးထားသော အပိုသော့ဖြင့် တံခါးကို ပွင့်လိုက် သည်။
နှစ်ယောက်သား အခန်းထဲ အနှံ့အပြား လိုက်ရှာကြသည်။ မျှော်လင့်ချက်တော့ လုံးဝမထားကြ။

"သူထွက်သွားပြီပြီ"
ဂျော့က အိပ်ခန်းထဲ လိုက်ရှာနေသော အေဘယ်ထံသို့ ရောက်လာသည်။
"ဟုတ်တယ်၊ ဘယ်များ ထွက်သွားပါလိမ့်"
အေဘယ်သည် စားပွဲပေါ်မှစာအိတ်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူက စာအိတ်ကို ကမန်း ကတန်း ဖောက်ဖွင့်လိုက်သည်။

"လေးစားပါသော ဖေဖေ...

အခုလို သမီးထွက်ပြေးသွားခြင်းအတွက် သမီးကို ခွင့်လွှတ်ပါရန် အနူးအညွတ် တောင်းပန်ခဲ့ပါ တယ် ဖေဖေ၊ သမီး ရစ်ချတ်နဲ့ ဘယ်လိုမှ မခွဲနိုင်တော့ပါဘူး ဖေဖေ၊ သူ့ဖေဖေကို ဖေဖေ မုန်းတဲ့ အကြောင်း ကြောင့် သူ့ကို သမီး မစွန့်လွှတ်နိုင်ပါ ဖေဖေ၊ ဘယ်နည်းနဲ့မဆို သမီးနှစ်ယောက် လက်ထပ်ကြမှာ ဖြစ်ပါ တယ်။ ဖေဖေ ဘယ်လို တားတား တားလို မရနိုင်တော့ပါ။

ကိန်းမိသားစုအပေါ် ဖေဖေရဲ့ အဓိပ္ပာယ်မရှိသော အကျိုးမဲ့သော ရန်ငြိမ်းဖွဲ့မှုကို ရပ်တန်းက မရပ် မခြင်း သမီးတို့နှစ်ယောက်က နယူးယောက်မြို့ကို ဘယ်တော့မှ ပြန်လာကြတော့မည် မဟုတ်ပါ။ သမီးဟာ ဖေဖေ့ကို အလွန်ချစ်ပါတယ် ဖေဖေ၊ ဖေဖေ ထင်တာထက် ပိုချစ်ပါတယ် ဖေဖေ၊ သမီးကို လူလား မြောက်အောင် ပြုစုကျွေးမွေး ပညာသင်ပေးခဲ့သော ဖေဖေ့ကျေးဇူးတွေကို သမီးတစ်သက် မမေ့နိုင်ပါ။

ဖေဖေနဲ့ သမီးတို့ရဲ့ ဆက်ဆံရေးဟာ သည်မျှနဲ့ပဲ အဆုံးမသတ်ပါစေနဲ့ဟု သမီး ဆုတောင်းမိပါ သည်။ သို့ပေမယ့် ဖေဖေ့ဘက်က စိတ်ထားမပြောင်းရင်တော့ သည်ဘ၀ သည်မျှနဲ့ပဲ အဆုံးသတ် ရတော့မှာ ဖြစ်ပါ တယ်။ လယ်ကွင်းပြင်တွင် လေကို လိုက်ဖမ်းမနေပါနဲ့ ဖေဖေ။ မရှိသော အရာကို လိုက်ရှာရင် အချိန်သာ ကုန်ပါ လိမ့်မယ် ... ဖေဖေ"

ဖေဖေရဲ့ ချစ်သမီး
ဖလော်ရင်တီနာ

အေဘယ်သည် ခုတင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး စာကို ဂျော့အား ကမ်းပေးလိုက် သည်။ ဂျော့က စာကို ဖတ်ကြည့်ပြီးနောက် အားလျော့ညှိုးငယ်စွာဖြင့် မေးလိုက်သည်။

"ဒီတော့ ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော် ဘာလုပ်ပေးရမလဲ"
"ဒီလိုလုပ်ပါ ဂျော့၊ သမီးလေးကို ကျွန်တော် မခွဲနိုင်ဘူး၊ သူ့ကို ဖြစ်တဲ့နည်းနဲ့ ပြန်ခေါ်ရမယ်၊ မလွှဲ သာရင် ၀ီလျံကိန်းနဲ့ တိုက်ရိုက်ဆွေးနွေးသင့် ဆွေးနွေးရမှာပဲ၊ ငါ သေချာတာ တစ်ခုတော့ ရှိတယ်၊ သူကလဲ ဒီကိစ္စ ဘယ်နည်း နဲ့မှ သဘောတူမှာ မဟုတ်ဘူး၊ အဲဒီတော့ သူ့ဆီ ဖုန်းဆက်စမ်းပါ ဂျော့"
ဂျော့သည် ၀ီလျံကိန်း၏ စာရင်းသွင်းမထားသော ဖုန်းနံပါတ်ကို တော်တော်ကြာကြာ ရှာယူရသည်။

လက်စတာဘဏ်တိုက်မှ ညစောင့်လုံခြုံရေးအမှုထမ်းနှင့် အဆက်အသွယ်ရသည်။ အရေးပေါ် မိသားစု ပြဿနာဖြစ်ကြောင်း ဂျော့က ပြောလိုက်သည်။
အေဘယ်က ခုတင်ပေါ်တွင် မတုန်မလှုပ် ထိုင်နေသည်။ ဖလော်ရင်တီနာ၏ စာကို လက်ထဲတွင် ကိုင်ထားသည်။ ဖလော်ရင်တီနာ၏ စာကို လက်ထဲတွင် ကိုင်ထားသည်။ ဖလော်ရင်တီနာ ငယ်ငယ် တုန်းက ပိုလန်စကားပုံတွေကို အေဘယ်က သင်ပေးခဲ့သည်။ ယခု သူ့သမီးကို သူ့ကို ပြန်ပြီး စကားပုံနှင့် ဆုံးမနေပြီး။
ဂျော့အား ဘဏ်တိုက်မှတစ်ဆင့် ၀ီလျံကိန်း၏ အိမ်သို့ ဆက်ပေးသည်။

"မစ္စတာဝီလျံကိန်းနှင့် စကားပြောချင်လို့ပါ ခင်ဗျား"
"ဘယ်သူလို့ ပြောရမလဲ" တစ်ဖက်မှ ယောက်ျားသံ ပြန်မေးသည်။
"မစ္စတာ အေဘယ်ရို့စနော့စကီးလို့ ပြောလိုက်ပါ"
ဂျော့က အေဘယ်အား ဖုန်းကို လှမ်းပေးရင်း
"သူ့အိမ်ဖော်မှူးနဲ့တူးတယ်၊ သူ့ကို သွားရှာနေတယ်"

အေဘယ်က ဖုန်းကိုကိုင်ပြီး စောင့်နေသည်။ သူ့လက်ချောင်းတွေက စားပွဲကို တစ်ဒေါက်ဒေါက် ခေါက်နေသည်။
"ဟုတ်ကဲ့ ... ၀ီလျံကိန်း ပြောနေပါတယ်"
"ကျွန်တော် အေဘယ်ရို့စနော့စကီးပါ"
"အို ... ဟုတ်လား" ၀ီလျံ၏အသံ အေးစက်နေသည်။ "ဒါနဲ့ ကျွန်တော့် သားနဲ့ ခင်ဗျားသမီးနဲ့ ဘယ်တော့ မင်္ဂလာဆောင်မလဲဗျ၊ ကျွန်တော့်ဘဏ်ကို ပျက်စီးအောင် လုပ်လို့ မရတဲ့နေ့မှာ ဆောင်မှာ မဟုတ်လား"

"စကားကောင်း ပြောကြရအောင် မစ္စတာကိန်း" အေဘယ်က စိတ်ကိုထိန်း၍ ပြောသည်။ "ခင်ဗျား လိုပဲ ကျွန်တော်ကလဲ ဒီကိစ္စ အမြန်ဆုံးဖျက်သိမ်းချင်လို့ပါ၊ ခင်ဗျားသားကို ကျွန်တော် ဘယ်တော့မှ အပိုင်သိမ်းဖို့ စိတ်မကူး ပါဘူး၊ ခင်ဗျားမှာ သားရှိမှန်တောင် ကျွန်တော် ဒီနေ့မှ သိရတာပါ၊ ခင်ဗျားကို ကျွန်တော် မုန်းတာ ထက် ကျွန်တော့်သမီးကို ကျွန်တော် ပိုချစ်တယ်၊ ကျွန်တော်သမီးကို လက်လွှတ်မခံနိုင်ဘူး၊ အဲဒီတော့ နှစ်ဖက် စလုံး ပြေလည်သွားအောင် ကျွန်တော်တို့ချင်း အဖြေရှာ ကြရင် ကောင်းလိမ့်မယ်"
"မဖြစ်နိုင်ဘူးဗျ၊ ဒီမေးခွန်းမျိုးကို ဟိုတုန်းက ခင်ဗျားကို ကျွန်တော် တစ်ခါမေးခဲ့ဖူးပြီး မစ္စတာရို့ စနော့စကီး၊ ခင်ဗျား ကောင်းကောင်း မှတ်မိဦးမှာပါ"
"ဖြစ်ခဲ့ပြီး တာတွေ ပြန်ဖော်နေလို့ အကြောင်းမထူးပါဘူး မစ္စတာကိန်း၊ သူတို့နှစ်ယောက် ဘယ်မှာ ရှိတယ် ဆိုတာသိရင် တားလို့ ရပါသေးတယ်။ ခင်ဗျားကလဲ ဒါပဲ လိုချင်တယ် မဟုတ်လား"

တစ်ဖက်မှ တယ်လီဖုန်း ပြန်ချသွားသည်။ အေဘယ်က မျက်နှာကို လက်ဝါးအုပ်ပြီး ယောက်ျားကြီး တန်မဲ့ အသံထွက် ၍ ငိုလေတော့သည်။
ဂျော့က သူ့မိတ်ဆွေကို နယ်စားဟိုတယ်သို့ ပြန်ခေါ်လာခဲ့သည်။
အေဘယ်သည် ဖလော်ရင်တီနာရှိနိုင်မည့် နေရာများကို ထိုည တစ်ညလုံးနှင့် နောက်နေ့တစ်နေ့ လုံး မနားမနေ စုံစမ်းနေခဲ့သည်။ သူက ဇာဖီယာထံသို့ပင် ဖုန်းဆက်သေးသည်။ ဖလော်ရင်တီနာက ရစ်ချတ် အကြောင်း ကို သူမအား အားလုံး ပြောပြခဲ့ပြီးပြီဟု ဇာဖီယာက ပြန်ပြောသည်။
"ကောင်းလေး က မဆိုးပါဘူး၊ လူတော်ကလေးပါ"
ဇာဖီယာက အေဘယ်အား ရိသဲ့သဲ့လေသံဖြင့် ပြောသည်။

"သူတို့ ဘယ်မှာရှိတယ်ဆိုတာ မင်းသိသလား" အေဘယ်က စိတ်မရှည်စွာဖြင့် ပြန်မေးလိုက်သည်။
"သိတာပေါ့"
"ဘယ်မှာလဲ"
"ရှင့်ဘာသာ လိုက်ရှာပေါ့"
ဇာဖီယာက တယ်လီဖုန်းကို ပြန်ချသွားသည်။
နောက်ဆုံး မကြံတတ်သော အေဘယ်က သတင်းစာများတွင် ကြော်ငြာထည့်၍ သမီးကို ပြန်ခေါ် သည်။ ရေဒီယိုမှလည်း ကြော်ငြာသည်။ ရဲကို သွားတိုင်တော့ မိန်းကလေးက ၂၁နှစ်တောင် ကျော် နေပြီဆိုတော့ အမှုမဖွင့်ဘဲ ပယ်ချလိုက်သည်။

အေဘယ်က သမီးဖြစ်သူ၏ စာကို ခဏခဏ ပြန်ဖတ်နေမိသည်။ နောက်ဆုံးတော့ ရစ်ချတ်ကိန်း အား သူ့ အနေဖြင့် ဘယ်လိုမှ အန္တရာယ်မပြုရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အဖေ့ကိစ္စကတော့ တခြား ဖြစ်သည်။ အဖေဖြစ်သူကိုတော့ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်။ သူက ဒူးထောက် တောင်းပန် တာကို တောင်မှ ရက်ရက်စက်စက် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် အခွင့်သာလျှင် ၀ီလျံ ကိန်းအား အလဲထိုး ခံရမည် ဟု သိန္နိဋ္ဌာန်ချလိုက်သည်။ ဂျော့က သူ့မိတ်ဆွေ၏ ပြင်းထန်သော အာဃာကစိတ်ကို တွေးကြောက်မိသည်။
"ခင်ဗျား ဥရောပသွားမယ့် ခရီးစဉ်ကို ပြန်ဖျယ်လိုက်ရမှာလား"
ဂျော့က မေးလိုက်သည်။

ဟုတ်ပါရဲ့။ အေဘယ်က သည်ကိစ္စလုံးဝ သတိမေ့နေခဲ့သည်။ လကုန်လျှင် ဖလော်ရင်တီတနာ သည်  ဘလူမင်ဒယ်ကုန်တိုက်မှ (နှစ်နှစ်စေ့၍) ထွက်ရတော့မည်။ နယ်စားကုမ္ပဏီတွင် တာဝန် မပေးမီ သမီး ဖြစ်သူ အား ဥရောပသို့ တစ်ခေါက်ထပ်၍ ခေါ်သွားရန် အေဘယ်က အစီအစဉ်အားလုံး လုပ်ထားပြီးပြီ။ သူမ သည် အင်္ဂလန်နိုင်ငံ၊ အီဒင်ဘာရာမြို့မှ နယ်စားဟိုတယ်နှင့် ပြင်သစ်နိုင်ငံ ကိန်းမြို့မှ နယ်စား ဟိုတယ် များ ကို ဖွင့်ပေးရမည် ဖြစ်သည်။

"မဖျက်ပါဘူး၊ ကျွန်တော်တစ်ယောက်တည်း သွားမယ်၊ ဟိုတယ်သစ်တွေကိုလဲ ကျွန်တော်ပဲ ဖွင့်မယ်၊ ဒါပေမယ့် ကျွန်တော်မရှိတုန်း ဖလော်ရင်တီနာကြောင်းတော့ တတ်နိုင်သမျှ စုံစမ်းထားပါ ဦး ဂျော့၊ အဲဒီလို စုံစမ်းတာ ကိုလဲ သူမသိပါစေနဲ့၊ သူ သိသွားရင် ကျွန်တော်က သူ့ကို ခြေရာခံပြီး အမြဲတမ်း ထောက်လှမ်း နေတယ်လို့ သူမထင်စေချင်ဘူး၊ အဲဒီလိုဆိုရင် သူက ကျွန်တော့်ကို ဘယ်တော့မှ ခွင်လွှတ်တော့မှာ မဟုတ်ဘူး၊ ဇာဖီယာဆီက မသိမသာနှိုက်ယူရင် အားလုံး သိနိုင် မယ် ထင်တာပဲ၊ ဒါပေမယ့် ဒါကို အကြောင်း ပြုပြီး သူက အခွင့်အရေးတောင်းလာမှာကိုလဲ သတိ ထားပါ၊ သူက သူ့သမီးနဲ့ အဆက် အသွယ် ရှိနေတာကတော့ သေချာပါတယ်"
"ဒါနဲ့ လက်စတာဘဏ်က ရှယ်ယာကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားက အော့စဘွန်းကို တစ်ခုခု လုပ်စေ ချင်သလား"

"မလုပ်ပါနဲ့၊ လောလောဆယ် ဘာမှမလုပ်ပါနဲ့၊ ဒီအချိန်ဟာ ၀ီလျံကိန်းကို အပြတ်ရှင်းဖို့ သင့်တော် တဲ့အချိန် မဟုတ်သေးဘူး၊ ကျွန်တော်က ပိုင်တဲ့အချိန်ကျမှ တစ်ခါတည်းနဲ့ အလဲထိုးချင်တယ်၊ ဒီတော့ လောလော ဆယ် ၀ီလျံကိန်းကိစ္စ မေ့ထားလိုက်ပါဦး၊ ဖလော်ရင်တီနာကို တွေ့အောင် ရှာဖို့ သာ ကြိုးစားပါ"
နောက် ရက်သတ္တသုံးပတ်အကြာတွင် အီဒင်ဘာရာနယ်စားဟိုတယ်ကို အေဘယ်ကိုယ်တိုင် ဖွင့် လှစ်သည်။ ဟိုတယ်မှာ တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် ရှုခင်းရှုကွက် ကောင်းသလောက် အဆောက်အအုံ ပုံစံ ကလည်း အလွန်ပင် ခေတ်မီလှပသည်။ ပထမတွင် ဟိုတယ်ပိုင်ရှင်၏ သမီး ချောကလေး ဖလော်ရင်တီနာ ကိုယ်တိုင် ဖွင့်လှစ်ကြောင်း သတင်းသာ ပါလာသည်။ သည် အကြောင်းနှင့် ပတ်သက်၍ ထွေထွေထူးထူး မရေးကြသော်လည်း အေဘယ်သည် ခါတိုင်းကဲ့သို့ မျက်နှာကြည်လင်ရွှင်လန်းမှုမရှိကြောင်း၊ အသက် ၅၀ ကျော် သော်လည်း အရွယ်တင်၍ အမြဲတမ်း ရွှင်ရွှင်ပျပျ ရှိခဲ့သူတစ်ယောက်တည်း ဟိုတယ်သစ်ဖွင့်ပွဲတွင် တစ်မူ ပြောင်းလဲနေကြောင်းလောက် ကိုသာ "ဆန်းဒေးအိက္ကစ်ပရက်" သတင်းစာက အရိပ်အမြွက် ရေးသား ဖော်ပြသည်။

သို့သော် "ဒေးလီးမေးလ် သတင်းစာကမူ
"ဒီဒင်ဘာရာနယ်စားဟိုတယ်
၁၉၇၅ ခုနျစ်၊ အောက်တိုဘာ ၁၇ရက်တွင်
ဖလော်ရင်တီနာ ရို့စနော့စကီးက ဖွင့်လှစ်သည်" ဟူသော ကြေးထွင်းဆိုင်းဘုတ်ကို အမှိုက်ပုံထဲ တွင် တွေ့ရှိ ရကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
အေဘယ်သည် ကိန်းမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ ကိန်းနယ်စားဟိုတယ်မှာလည်း မြေထဲ ပင်လယ် ကို လှမ်းမြင်နေရသဖြင့် အလွန်ရှုခင်းလှသည်။ ဖွင့်ပွဲနေ့တွင် အေဘယ်က သမီးဖြစ် သူကို သတိရ မိသည်။ သည်တစ်ကြိမ်တွင်လည်း ပြင်သစ်လို ရေးထားသော ကြေးဆိုင်ဘုတ်ကို လွှင့်ပစ်လိုက်ရပြန်သည်။
တစ်ဦးတည်း သော သမီးချစ်ကလေးနှင့် တစ်သက်လုံး ခွဲခွာနေသွားလို့ ဖြစ်ပါမလားဟူသော အတွေးသည် အေဘယ် ၏ ဦးနှောက်ထဲသို့ ၀င်ရောက်လာသည်။ သူ့ကိုယ်သူလည်း အဖော်မဲ့ အထီးကျန်တစ်ယောက်လို ခံစား လာရသည်။

သူ သည် ပိုက်ဆံကို ရေလိုသုံးကာ အပျော်မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် တွဲသည်။ သို့သော် လည်း ခဏတာ မျှသာ ဖြစ်သည်။ သူ့စိတ်ကို ရေရှည် ဖျော်ဖြေနိုင်စွမ်း မရှိကြ။
တစ်လောကလုံးတွင် သူ့အဖို့ တစ်ယောက်တည်းသာ အချစ်ဆုံးသမီးဖြစ်သူကို သူ မပိုင်တော့။ သူ၏ ကမ္ဘာရန် ဖြစ်သူ ၀ီလျံကိန်း၏ သားတော်မောင်က အပိုင်ယူသွားလေပြီ။
လောက နတ်ဘုံ အဖြစ် အလုပ်ကိစ္စများ ပြီးပြတ်သောအခါ ဂျာမနီနိုင်ငံသို့ ဆက်လက် ထွက်ခွာလာ ခဲ့ပြန် သည်။ ဘွန်းမြို့တွင် နယ်စားဟိုတယ် တည်ဆောက်ရေးအတွက် နေရာရှာဖွေသည်။

သူသည် ဥရောပသို့ ခရီးထွက်နေသော်လည်း ဂျော့နှင့် တစ်နေ့မှ အဆက်အသွယ်မပြတ်။ အမြဲ တမ်း ဖုန်းဆက်နေသည်။
ယနေ့ထိ ဖလော်ရင်တီနာ ဘယ်မှာ ရောက်နေကြောင်း လုံးဝ သတင်းမရသေး။ သို့သော် ဟင်နရီ အော့စဘွန်း အကြောင်းနှင့် ပတ်သက်၍တော့ အလွန်စိတ်မကောင်းစရာ သတင်းများ ကြား ရလေသည်။

"ဒီလူက အကြွေး လည်ပင်းခိုက်နေပြီဗျ" ဂျော့က ပြောသည်။
"ကျွန်တော်က  သူ့ကို နောက်ဆုံးအကြိမ် သတိပေးထားခဲ့ဖူးတယ်၊ အလျင်အခါကလဲ ကျွန်တော်ပဲ သူ့အကြွေးတွေ စိုက်ဆပ်လိုက်ရတယ်။ လွှတ်တော်အမတ် ရာထူးလဲ မရှိတော့ဘူးဆိုတော့ သူ့ကို ဘယ်သူမှ အထင်မကြီးကြတော့ဘူးပေါ့၊ အေးလေ ကျွန်တော်ပြန်ရောက်မှ ကြည့်လုပ်ကြတာပေါ"
"သူက ဒီအတိုင်းနေတာ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ကို ခြိမ်းခြောက်လာတယ်"
"ဒါက မဆန်းပါဘူး၊ ဒီအတွက်တော့ ကျွန်တော် ဘာမှ မပူတော့ပါူး၊ ကျွန်တော်ရောက်တဲ့ အထိသာ စောင့်ပါလို့ သူ့ကို ပြောထားပါ"

"ခင်ဗျားက ဘယ်တော့မှ ပြန်လာမှာလဲ"
"သုံးပတ်၊ လေးပတ်လောက်တော့ ကြာဦးမယ် ထင်တယ်၊ ကျွန်တော်က တူရကီနဲ့ အီဂျစ် ဆက်သွားပြီး၊ နေရာလိုက်ကြည့်ချင်သေးတယ်၊ အဲဒီမှာ ဟစ်လ်တန်ကုမ္ပဏီဟိုတယ်တွေ ဆောက်နေကြပြီ၊ အဲဒီတော့ ခင်ဗျားသာ အဆင်ပြေအောင် ကြည့်လိုက်ပါတော့ ဂျော့"
အေဘယ်သည် အာရပ်နိုင်ငံများတွင် ဟိုတယ် နေရာရှာရင်း သုံးပတ်ကျော်ကျော် ကြာသွားပြီ။ သူ၏ အကြံပေးအရာရှိများက သူတို့ကိုယ် သူတို့ ဆွေတော်မျိုးတော်၊ မင်းညီ မင်းသားများဟု ပြော ပြီး အချို့က ဟိုတယ် နေရာကောင်းရရေးအတွက် ချဉ်းကပ်ရမည့် ၀န်ကြီးနှင့် ရင်းနှီးသော မိတ်ဆွေ များဖြစ်ကြပြီး တချို့ မှာ ဆွေမကင်း မျိုးမကင်း ဖြစ်ကြကြောင်း ပြောကြသည်။

သို့သော် နောက်ဆုံးကျတော့ ဘာတစ်ခုမျှ မမှန်။ ချဉ်းကပ်သည့် ၀န်ကြီးလည်း မမှန်။ ဆွေမကင်း မျိုးမကင်း ဆိုတာ လည်း မဟုတ်။
သို့ဖြင့် နေပူရှိန်ပြင်းလှသည့် သဲဖုန်များအကြားတွင် ရက်ပေါင်း ၂၃ရက် နေထိုင်ပြီးသောအခါ အေဘယ်က တစ်ခုကိုတော့ သေချာပေါက် ဆုံးဖြတ်လိုက်သည်။ ယင်းမှာ တခြားမဟုတ်။ သူ၏ အကြံပေးအရာရှိများ ခန့်မှန်း သည့်အတိုင်း သည်ဒေသတွင် မကြာမီအတွင်း ရေနံအမြောက်အမြား ထွက်လာရိုးသာမှန်ခဲ့လျှင် ဟိုတယ်သစ် များ ဆောက်လုပ်ရန် တကယ်ပင် လိုအပ်လာလိမ့်မည် ဟူသော အချက်ပင် ဖြစ်သည်။

ထို့ကြောင့် တခြားလူတွေ လက်မဦးခင် နယ်စားကုမ္ပဏီက ခြေမြန် လက်မြန်လုပ်မှ ဖြစ်တော့မည်။
အေဘယ်က ဟိုတယ်ဆောက်ရန် နေရာကောင်း တွေ့တော့ တွေ့ပါ၏။ သို့သော် ဆောက်လုပ်ခွင့် ရရန် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ချဉ်းကပ်ရာတွင် သူ၏ အကြံပေးပုဂ္ဂိုလ်တွေက မကျွမ်းကျင် သောကြောင့် မကြာ သင့်ဘဲ ကြာနေရသည်။ တချို့ဌာနများအား တံစိုးလက်ဆောင်ပေးပြီးမှ ဌာန မှားနေကြောင်း သိရသည့် အဖြစ်မျိုးတွေလည်း ကြုံနေရသည်။ အမေရိကမှာဆိုလျှင် သည်တာဝန် ကို ဟင်နရီအော့စဘွန်း အား လွှဲအပ်လိုက်လျှင် အချိန်တိုအတွင်း ပြီးပြတ်နိုင်သည်။
နောက်ဆုံးတွင် အေဘယ်က ဘာရိန်းနိုင်ငံတွင် ယာယီရုံးခန်းကလေးတစ်ခု ဖွင့်လိုက်သည်။ ဒေသ ခံ ကိုယ်စားလှယ် များ ခန့်ထားပြီး စရိတ်စက သက်သာစွာဖြင့် ဟိုတယ်နေရာကောင်းများ ရရှိရေး အတွက် ကြိုးစား ဆောင်ရွက်ကြရန် တာဝန်ပေးခဲ့သည်။

ထို့နောက် အီစတန်ဘူမြို့သို့ ထွက်ခွာလာခဲ့သည်။ အီစတန်ဘူတွေ လွယ်ကူစွာပင် နေရာကောင်း တစ်ခု တွေ့သည်။ ထိုနေရာမှာ ဗြိတိသျှ သံရုံးဟောင်းနှင့် ကိုက်တစ်ရာခန့်သာ ကွာဝေးပြီး ဘော့စ်ဖိုးရပ်စ် ပင်လယ် ကို စီးမိုး၍ မြင်နေရသည်။ သူသည် မြေနေရာကွက်လပ်တွင် ရပ်နေရင်းမှ သည်မြို့သို့ သူ နောက်ဆုံး ရောက်ခဲ့သည့်အဖြစ်ကို သွား၍ သတိရမိသည်။ သူက ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက် သည်။ သူ့နားထဲတွင် လူအုပ်ကြီး၏ တခဲနက်အော်သံကို ကြား ယောင်လာသည်။ မျက်စိထဲတွင် ပါးကွက် အာဏာသား၏ ဓားရှည်ကြီးကို မြင်ယောင်လာသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်က ဖြစ်ရပ် ကို ပြန်တွေးမိတော့ သူသည် ကြက်သီးများပင် ထလာခဲ့ သည်။
အီစတန်ဘူမြို့တွင် လုပ်ငန်းအစီအစဉ်များ အသေအချာရခဲ့ပြီးနောက် နယူးယောက်သို့ ပြန်လာခဲ့ သည်။

ဂျော့သည် ထုံးစံအတိုင်း လေဆိပ်ဂိတ်ဝတွင် ရပ်စောင့်နေသည်ကို တွေ့ရသည်။ ဂျော့၏မျက်နှာ တွင် ထူးခြား သော အရိပ်ရောင် ဘာမျှ မမြင်ရ။
"ဘာထူးသေးသလဲ"
အေဘယ်က ကာဒီလက် ဇိမ်ခံကားကြီးထဲသို့ ၀င်ထိုင်ရင်း မေးလိုက်သည်။ ဒရိုင်ဘာက ပစ္စည်းများ ကို ကားနောက်ခန်းတွင် ထည့်နေသည်။
"သတင်းတော့ထူးတယ်၊ အဆိုးအကောင်း စုံလို့ပဲ" ဂျော့က ကားမှန်ပြတင်းဘေးမှ ခလုတ်တစ်ခုကို နှိပ် လိုက်သည်။ ဒရိုငဘာခန်းနှင့် လူစီးခန်းကြားမှ အသံလုံ မှန်တစ်ချပ် မြင့်တက်လာသည်။ သူက ဆက်ပြောသည်။ "ဖလော်ရင်တီနာက သူ့အမေနဲ့ အဆက်အသွယ်မပြတ် ရှိနေတယ်။ နေတာ ကတော့ ဆန်ဖရန်စ္စကိုမြို့ထဲက အခန်းကလေးတစ်ခန်းမှာ"
"လက်ထပ်ပြီးပြီလား"
"ထပ်ပြီးပြီ"
နှစ်ယောက်သား စကားမပြောဘဲ အတန်ကြာမျှ ငြိမ်နေကြသည်။

"ဟိုကောင်လေးက ဘာလုပ်သလဲ"
"ဘဏ်တိုက်တစ်တိုက်မှာ ၀င်လုပ်နေတယ်၊ အလုပ်တွေ အတော်တော်များများ ၀င်လျှောက်တယ်၊ ဒါပေမယ့် ဟားဗတ်စီးပွားကုန်သွယ်ရေးကျောင်းက သင်တန်းမပြီးခဲ့လို့ တချို့ဌာနတွေက လက်မခံ ကြဘူး။ တချို့ ကလဲ သူ့အဖေနဲ့ စီးပွားရေး ဆက်စပ်နေလို့ လက်မခံရဲကြဘူး။ နောက်ဆုံးတော့ အမေရိကဘဏ်မှာ ငွေကိုင် စာရေး ရတယ်၊ သူ့အရည်အချင်းနဲ့တော့ တခြားစီပဲ"
"ဖလော်ရင် တီနာကရော ဘာလုပ်နေသလဲ"

"သူက ဖက်ရှင်တိုက်တစ်ခုမှာ လက်ထောက်မန်နေဂျာ ၀င်လုပ်နေတယ်၊ ဂိုးလ်ဒင်းဂိတ် ပန်းခြံနား က "ကိုလံဘတ် ဖက်ရှင်တိုက်"မှာ သူက ဘဏ်တိုက်တွေကလဲ ငွေလိုက်ချေးနေတယ်"
"ဘာလုပ်ဖို့လဲ၊ တော်တော်ကျပ်တည်းနေလို့လား"
အေဘယ်က စိုးရိမ်သံဖြင့် မေးလိုက်သည်။
"မကျပ်တည်းပါဘူး၊ သူက ကိုယ်ပိုင်ဖက်ရှင်တိုက်ဖွင့်ဖို့ အရင်းအနှီးရှာနေတာ"
"သူက ဘယ်လောက်လိုချင်လို့လဲ"
"သိပ်မများပါဘူး၊ ဒေါ်လာ ၃၄၀၀၀ တည်းပါ၊ နော့သ်ဖစ်လ် ရပ်ကွက်က တိုက်ကလေးတစ်လုံး ကို ငှားမလို့တဲ့"

အေဘယ်က ဘာမှ ပြန်မပြောဘဲ ဂျော့ ပြောတာတွေကို ပြန်လည်စဉ်းစားနေသည်။ သူ့လက် ကလည်း ကားမှန်ပြတင်းကို တဖုတ်ဖုတ်နှင့် ပုတ်ကစားနေသည်။
"အဲဒီငွေရအောင် လုပ်ပေးလိုက်ပါဂျော့၊ ဒါပေမယ့်  ဘဏ်ချေးငွေလို့ပဲ ထင်ပါစေ၊ ကျွန်တော်တို့က ထုတ်ပေး တယ်ဆိုတာ လုံးဝမရိပ်မိပါစေနဲ" သူက လက်ကို ဆက်လက် ပုတ်ကစားနေပြန်သည်။ "နောက်လဲ လိုအပ်ရင် ဒီလိုပဲ ကူညီသွားကြတာပေါ့... " 
ခင်ဗျား ဘာပြောလိုက်တာလဲ အေဘယ်လ် ကျနော် သိပ်ပြီး နားမရှင်းလိုက်လို့ပါ ....... ဂျော့က မယုံကြည် နိုင်စွာ ဖြင့် တမင် ပြန်မေး လိုက် သည်။
"သြော် ... သူဘာပဲလုပ်လုပ် မျက်ခြည်မပြတ်စောင့်ကြည့်နေဖို့ ပြောတပါ။ ပြီးတော့ ကျွန်တော့်ကို အမြဲတမ်း အသိပေးပါ"

"ဒါနဲ့ ကောင်လေးအတွက်ရောက် ဘယ်လိုစီစဉ်ပေးမလဲ"
"ဘာမှ မစီစဉ်ပါဘူး၊ သူ့ကို ကျွန်တော် စိတ်မ၀င်စားဘူး၊ ကဲ မကောင်းတဲ့ သတင်းဆိုတာကလ ဘာလဲ၊ ပြောပါဦး"
"ဟင်နရီအော့စဘွန်း သတင်းပဲပေါ့၊ သူက လူတိုင်းဆီမှာ အကြွေးတင်နေပြီ၊ သူ့မှာ ၀င်ငွေဆိုလို ဘယ်နေရာ ကမှ ရစရာမရှိတော့ဘူး၊ ခင်ဗျားတစ်ယောက်တည်းဆီကပဲ ရစရာရှိတယ်၊ ကျွန်တော်တို့ ကုမ္ပဏီ လုပ်ငန်းစတုန်းက ဌာနဆိုင်ရာတေါကို လာဘ်ထိုးခဲ့တာနဲ့ ပတ်သက်ပြီး သူက ကျွန်တော် တို့ အပေါ်မှာ မသိမသာ ငွေညှစ်ဖို့ ကြိုးစားလာတယ်၊ သူ့မှာ သက်ဆိုင်ရာ စာရွက် စာတမ်း အထောက်အထား အပြည့်အစုံ ရှိတယ်လို့ ပြောတယ်၊ ရှီကာဂိုရစ်ခ်ျမွန့်ဟိုတယ် မီးလောင် တုန်းက မီးအာမခံငွေအပိုရအောင် လုပ်ခဲ့တာ ကိုလဲ သူက အခွင့်ကောင်းယူလိမ့်မယ်"

"ကျွန်တော် သူနဲ့ မနက်ဖြန် တွေ့လိုက်မယ်"
သူတို့ကားသည် မင်ဟတ်တန် နယ်မြေသို့ ၀င်လာသည်။ တစ်လျှောက်လုံးတွင် ဂျော့က ဟိုတယ် လုပ်ငန်းများကို ပြောပြလာသည်။ ဟိုတယ်လုပ်ငန်းမှာ အားလုံးလိုလို ချောမောစွာ လည်ပတ်နေ သည်။ လာဂို့စ်နယ်စား ဟိုတယ်တစ်ခုသာ အရှုံးပြနေသည်။ သည်လောက်ကိုတော့ အေဘယ်က ထည့်၍ပင် မထွက်။
နောက်တစ်နေ့မနက်တွင် ဟင်နရီအော့စဘွန်းနှင့် တွေ့သည်။ သူတော်တော် အိုစာသွားပြီး။ ဟိုတုန်းက လူချောလူခန့်တစ်ယောက်။ ယခုတော့ မျက်နှာတွင် ဇရာကြောင်းများပင် ထင်နေကြပြီ။

သူက လိုအပ်ချက်ကို တဲ့တိုးပင် ပြောသည်။
"ကျုပ် ပိုက်ဆံနည်းနည်း လိုနေတယ်၊ ခုတလော သိပ်ကံမကောင်းချင်ဘူး"
"အသက်အရွယ်ကိုလဲ ပြည်ကြည့်ပါဦး ဟင်နရီ၊ ခင်ဗျားက တစ်သက်လုံး အရှုံးသမားချည်း ဖြစ်နေ ပြီ၊ မြင်းလောင်းလဲ ရှုံး၊ မိန်းမလိုက်လဲ ရှုံး၊ ဘာကောင်းစားဦးမှာလဲ၊ ပိုက်ဆံက ဘယ်လောက်လိုလို့ လဲ"
"ဒေါ်လာ တစ်သောင်းလောက်ပါ၊ အဲဒါဆိုရင် အဆင်ပြေပါပြီ"
"ဒေါ်လာ တစ်သောင်းဟုတ်လား၊ ဘာလဲ ခင်ဗျားက ကျွန်တော့်ကို ငွေတ်ငးအောက်မေ့နေလို့လား၊ ကျွန်တော် တိုတိုပဲ ပြောလိုက်မယ်၊ ငါးထောင်ယူသွားပါ၊ ဒါနောက်ဆုံးအကြိမ်ပဲ"
"ငွေတန်းဖိုး ကျနေတာလဲ တွက်ပါဦး"
သူက ပြောပြီး ရယ်နေသည်။

"ဒါ နောက်ဆုံးအကြိမ်ပဲ၊ ကျွန်တော်ပဲပြောတာ သေသေချာချာ မှတ်ထားပါ" အေဘယ်က စားပွဲ အံဆွဲထဲမှ ချက်စာအုပ်ထုတ်ယူလိုက်သည်။ "နောက်တစ်ကြိမ် ဒီလိုလာတောင်းရင်တော့ ခင်ဗျားကို ဒါရိုက်တာအဖွဲ့က ထုတ်ပစ် ရမှာပဲ ဟင်နရီ၊ အဲဒီလိုဆိုရင်တော့ ပိုက်ဆံတစ်ပြားမှ မရဘဲ လက်ချင်း ပွတ်ပြီး ပြန်ရပြီလို့သာ မှတ်ပေတော့"
"ခင်ဗျားက တကယ်တော်တဲ့ မိတ်ဆွေကောင်းပါ အေဘယ်၊ စိတ်ချပါ၊ ကျုပ်ဘယ်တော့မှ ဒီလို လာမတောင်းတော့ပါဘူး၊ ကျွန်တော် ကတိပေးပါတယ်" သူက စားပွဲပေါ်ရှိ ဆေးလိပ်သေတ္တာထဲမှ ဟားဗားနား ဆေးပြင်းလိပ်တစ်လိပ် ထုတ်ယူပြီး မီးညှိလိုက်သည်။ "အများကြီး ကျေးဇူးတင်ပါတယ် အေဘယ်၊ ခင်ဗျား စေတနာ အလကားမဖြစ်စေရပါဘူး၊ စိတ်ချပါ"
ဟင်နရီ ဆေးလိပ်ဖွာရင်း ပြန်ထွက်သွားသည်။ ဂျော့ ၀င်လာသည်။

"ဟင်နရီကိစ္စ ဘယ်လိုလဲ"
"ကျွန်တော်က နောက်ဆုံးအကြိမ်အဖြစ် ထပ်ပေးလိုက်တယ်၊ ဘာကြောင့် ပေးလိုက်မိတယ်ဆိုတာ လဲ ကျွန်တော့်ကိုယ် ကျွန်တော် မစဉ်းစားတတ်တော့ဘူး၊ ဒါပေမယ့် တစ်သောင်းတော့ ထွက်သွား ပြန်ပြီ"
"ဘုရားရေ၊ တစ်သောင်းတောင်မှ ဟုတ်လား၊ ခင်ဗျားတော့ တော်တော်ခက်တဲ့ လူပါလား အေဘယ်၊ မယားတောင်းတောင်မှ ပေးပစ်မယ့် လူစားမျိုးပါလား၊ ခင်ဗျား မယုံရင် စောင့်သာ ကြည့်ပါ၊ ဒီလူ နောက်ထပ် လာဦးမှာ သေချာတယ်"
"မလာတော့ပါဘူး၊ ကျွန်တော်ကလဲ နောက်ဆုံးအကြိမ်ပဲဆိုတာ တင်းတင်းကပ်ကျပ် ပြောလိုက် တယ်၊ သူကလဲ လေးလေးနက်နက် ကတိပေးသွားပါတယ်၊ တစ်ချိန်တုန်းက သူ အကျိုးဆောင် ပေးခဲ့တဲ့ ကျေးဇူးတွေထောက်ရင် ဒီလောက်တော့ တန်ပါတယ်၊ ဒါနောက်ဆုံးပါပဲ၊ ဒါနဲ့ ဖလော်ရင်တီနာသတင်း ဘာကြားသေးသလဲ"
"သူ့အခြေအနေက ကောင်းပါတယ်၊ ဇာဖီယာကို ခင်ဗျားထင်တာ မမှားပါဘူး၊ သူက သူ့သမီးဆီ လစဉ် မှန်မှန် သွားလည်နေတာဗျ"

"ခွေးတိရိစ္ဆာန်မ"
"ပြီးတော့ မစ္စကိန်းကလဲ သွားလည်တာ နှစ်ခေါက်တောင်ရှိပြီ"
"သူ့ယောက်ျားကရော"
"ဒီအချက်မှတော့ ကျွန်တော်နဲ့ အတူတူပဲဗျ"
"ကျွန်တော်က ခင်ဗျားပြောတဲ့အတိုင်း ဆန်ဖရန်စစ္စကိုက ကရော့ကား အမျိုးသားဘဏ်နဲ့ တိုင်းပင် ပြီး အစီအစဉ်တစ်ခု လုပ်ပေးလိုက်တယ်၊ ဖလော်ရင်တီနာက အဲဒီဘဏ်မှာ လွန်ခဲ့တဲ့ တစ်ပတ် လောက်က ငွေလာချေး သေးတာကိုး၊ ကျွန်တော်တို့က သာမန် ဘဏ်ချေးငွေပုံစံမျိုးနဲ့ ထုတ်ချေး လိုက်တယ်၊ ဘာအခွင့် အရေးမှ အထူးမပေးဘူး၊ အဲဒီတော့ သူ့အနေနဲ့ ဘာမှ သံသယဖြစ်စရာ မရှိ နိုင်ပါဘူး"

"ကျေးဇူးပါပဲ ဂျော့၊ သိပ်ကောင်းပါတယ်၊ ဒီငွေကို သူ့အနေနဲ့ နှစ်နှစ်အတွင်း အပြေအလည် ပေးဆပ် နိုင်မယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်၊ နောက်ထပ် ကျွန်တော်တို့က ကူညီစရာမလို တော့ပါဘူး၊ ခင်ဗျား မယုံရင် ကျွန်တော်နဲ့ အလောင်းအစား လုပ်မှာလား၊ ၁၀ဒေါ်လာကြေးလေ"
"လောင်းရင် လဲ ငါးဆ တစ်ဆ ကြေးလောက် လောင်းမှပေါ့ဗျ၊ ကျွန်တော်က ဖလော်ရင်တီနာနဲ့ ပတ်သက် လို့တော့ မလောင်းရဲဘူးဗျ၊ ဟင်နရီနဲ့ ပတ်သက်လို့သာ လောင်းချင်တာ၊ ဒီလူက တကယ့် ငါးမန်းပဲဗျ"
အေဘယ် က ရယ်နေသည်။
"အေးဗျာ သမီးကိစ္စနဲ့ ပတ်သက်လိုတော့ ဒီလိုပဲ မကြာခဏ ကျွန်တော့်ကို အသိပေးစမ်းပါ၊ သူ ဘာတွေ လုပ်လို့ ဘာတွေဖြစ်နေတယ်ဆိုတာ အမြဲတမ်းသိနေပါရစေဗျာ"

အခန်း (၃၄) ဆက်ရန်

.

No comments: