ခွန်းကြူပါ့ဖား
ဆင်ဖြူကျွန်းအောင်သိန်း
ဆင်ဖြူကျွန်းအောင်သိန်း
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသကဲ့သို့ မိုးမရွာလေလေ ကိုဆေးရိုးတို့က ကြိုက်လေလေဖြစ်သည်။ မိုးမရွာလို့ မြောင်းရေမလာ၊ မြောင်းရေမလာလို့ လယ်ထဲမဆင်းနိုင်သည့်အတူတူ အိုးကိုသာ ဖိလုပ်မဟ။ မကျီးဒန် က လက်မောင်းတပင့်ပင့်၊ ကိုဆေးရိုးက တ၀င့်ဝင့်နှင့် ရေအိုးတစ်လှည့် သပိတ်တစ်လှည့်ဖြင့် တစ်ရွာလုံး ကို အိုးပုတ်သော လက်ခတ်သံများ ဖုံးလွှမ်းသွားစေ၏။ သပိတ် နှင့် ရေအိုးရိုးရိုး ပုံနေ ပြန်လျှင် ဆီအိုး ဟုခေါ်သော အိုးအနက်ကို လှည့်ကိုင်ကြပြန်သည်။ ဆီအိုးပြီးတော့ ၀ါဆိုလအတွက် ကြိုတင်ကာ တာအိုး များ၊ ညောင်ရေအိုးများဘက်သို့ ဦးလှည့်ကြပြန်သည်။
"ဆေးရိုးရေ နေပူတိုန်း အိုးလှန်းရသဟ"
"ဟုတ်တာပေါ့မောင်ရာ၊ လသာတုန်းငင်စရာ ဗိုင်းမရှိတော့လည်း မိုးခေါင်တုန်း အိုးလုပ်ရတာပေါ့"
နေ၏ပူလျှံပြင်းသော နေအရှိန်အောက်ဝယ် ရမ်းဘိုကုန်းရွာစည်းရိုးနှင့် ရွာထဲရှိသစ်ပင်များ မှာ ညှိုးမွဲ နေ၏။ လမ်းမ၌ အပူရှိန်များသည် တလျှပ်လျှပ်တက်နေသည်။
တစ်ရွာလုံးမှာ အိုးပုတ်သံများမှတစ်ပါး ဘာသံကိုမျှ မကြားရ။ ရမ်းဘိုကုန်း၏ အသံများထဲမှာ အိုးပုတ်သံကို နုတ်လိုက်သော် တိတ်ဆိတ်ခြင်းသာ ကျန်ခဲ့ပေမည်။ မိမိတို့၏ တဲပုတ်ကလေးထဲတွင် ချွေးတလုံးလုံးနှင့် အိုး ကိုသာ သဲကြီးမဲကြီးပုတ်နေလျှင် ဒါလောက်ပူမှန်းမသိသော်လည်း တစ်ချက်ကလေးမျှော်လိုက်က ပို၍ ပူလာ သည် ထင်ရ၏။
ပို၍ဆိုသည်ကား ချောင်းပြင်ဘက်သို့ လှမ်းကြည့်မိခြင်းပင်တည်း။ ချောင်းပြင်ထဲမှ ကျောက်သဲများသည် အလျှံ တပြောင်ပြောင်ထနေ၍ သဲပြင်၏မြောက်ဘက်အစပ်၌ ကြေးနီရောင် ဆောင်းနေသော ကိုင်းတော အခြောက်ကြီး ကြည့်မြင်ရသူတို့အား ပို၍ ပူလောင်းခြင်းသို့ ပို့ဆောင်နေသည် ထင်ရ၏။
နေ့အချိန်တွင် တဲထဲ၌တကုပ်ကုပ်ထိုင်ကာ ရွံ့နင်းစရာရှိ နင်း၊ ရွှံ့နင်းစရာမရှိက အိုးများကို ကျောက်ခဲ နှင့် ချော။ ဒါမှမရှိသေးလျှင် အိုးကြမ်းကြီးတွေကို လက်ခတ်ကြမ်းဖြင့် ပုတ်ပေးကာသာ နေခိုနေခဲ့ရသော ကိုဆေးရိုး မှာ ပိုပူသည်ထင်သောကြောင့် ဝေးဝေးက ခွာနေကာ၊ နေ့၏အပူဟုန်က မကုန်သေးသော ကြောင့် အိုးဖို မှ မီးကို ခါတိုင်းထက် ပိုပူသည်ထင်သောကြောင့် ဝေးဝေးကခွာနေကာ၊ မဖြစ်သော ကြောင့် သာ အိုးဖိုနားသို့ ကပ်လာရပြန်လျှင်လည်း သူ့မျက်နှာကြီးမှာ ရှုံ့နေပြီး သေမင်းအပါးသို့ မ၀ံ့တ၀ံ့နှင့် တိုးကပ် ခစား ရသူပမာ ခေါင်းက နောက်သို့လန်နေသည်။
"ဆေးရိုးရေ….ကြိုးစားဟ"
အိမ်နီးချင်းနှင့်လည်း ညကျမှ စကားပြောနိုင်တော့၏။ ပထမတော့ မိုးမရွာခြင်းကိုပင် နှစ်သက် သလို ဖြစ်ခဲ့သော ကိုဆေးရိုးမှာ ချောင်းထဲရှိလက်ယက်တွင်းကလေးတွေ၊ တနေ့တခြား ရေဆုတ်သွားကာ ရင်ဆို့ခန့်၊ လည်ပင်းခန့်အထိ နက်သွားကုန်သည်ကို မြင်ရသောအခါ၌ မပြုံးနိုင်တော့ချေ။ ဖိုးကျိုင်းဒုတ် လည်း မဖြစ်နိုင်တော့။ သူသာ မျက်ကလဲဆန်ပျဖြစ်သလော၊ မဟုတ်ပေ။ တစ်ရွာလုံးသည် တညီတညွတ် တည်း မတိုင်ပင်ရဘဲနှင့် ထိတ်လန့်ကြလေ၏။
"ဘုရား…ဘုရား၊ ဒီလိုချည်းသာ မိုးမရွာရင် တို့အထ်ကမှာ ရှိတဲ့ဆည်ကြီးမှာ ဘယ်ကရေရပါ့မလဲဟင်" ကိုဆေးရိုး က မရှူနိုင်မကယ်နိုင်နှင့် မြည်သည်။
"ဒီဆည်ကြီးမှာရေမရှိရင် ကျုပ်တို့လယ်တွေသောက်တဲ့ မြောင်းထဲကို ဘယ်ကရေတွေလာတော့မှာလဲ" မကျီးဒန် ကပါ ထောက်ခံ၏သ။
"တို့သောက်တဲ့မြောင်းထဲကို ရေမလာရင် တို့လယ်တွေ ဘယ်ကရေရမလဲ"
"ရေမရရင် လယ်တွေမစိုက်နိုင်"
"လယ်တွေမစိုက်နိုင်ရင် ရှေးနှစ်ကျရင် တို့တစ်တွေ ဘာကိုစားကြမလဲ၊ အမယ်လေး… ဘုရား ဘုရား" တစ်ရွာလုံး မှာ ခြေကလန် လက်ကလန်ဖြစ်ကာ လွန်ဆွဲ ပြီး မိုးခေါ်ဖို့ စီစဉ်ကြတော့သည်။ တောသို့တက်ပြီး လွန်ပွဲဖို့ နွယ်ခုတ်သူက ခုတ်၊ ဆိုင်းငှားသူကငှားနှင့် တစ်ရွာလုံးမှာ မအားမလပ်နိုင်အောင် အလုပ်ရှုပ် သွားကြ သည်။ လွန်ဆွဲမည့်နေ့ နံနက်တွင် စနေထောင့်မှာ မိုးသားများ လှိမ့်လှိမ့်၍တက်လာ၏။ မိုးသည် တစ်နေ့လုံး အုံ့ဆိုင်းနေသည်။
"ဟဲ့ ဟဲ့…ဆေးရိုးတို့၊ ပိတ်စတို့ရေ လုပ်ကြပါဟ"
နေကလေးစောင်းလာသည်နှင့် တစ်ပြိုင်နက် ရွာခေါင်းဖိုးပေတူး၏ အသံကဆူလာသည်။
"သာဒွန်းဖြူ တို့၊ ဒန်အိုးတို့ရေ… ကန်တော့ပွဲတွေ ထုတ်ပါဟ၊ လှဦးတို့ အုန်းမောင်တို့ကော"
ဖိုးပေတူး ၏ မယား ဒေါ်ညှက်ပိန်ကလည်း စာစာ စာစာနှင့်။
ဟုတ်တယ်ဟေ့ ဟုတ်တယ် ဟုတ်တယ်၊ ပေါက်တူးတို့ရ၊ ငပြားကြီးတို့ရ လာပါဟ၊ မိုးက တို့လွန်ဆွဲ အောင် စောင့်နေတာ"
"ဟုတ်တယ် ဟုတ်တယ်… တော်တော်ကြာရင် မိုးသားတွေ ငှက်ပျောတောရွာဘက်ကို ရောက်သွား ပါဦးမယ်"
တစ်စတစ်စနှင့် ရွာနီးချုပ်စပ်မှ လူများလည်း ရောက်လာကြ၏။ ဆိုင်းသံကလည်း နတ်ဒေ၀ါ အပေါင်းနှင့် မိုးခေါင်ကျော်စွာနတ် မိုးနတ်သားတို့ကို ဆူညံစွာပင့်ခေါ်နေချေပြီ။
လွန်ပေါ် မှာ ဖိုးပေတူး၏ မြှောက်ကိုင်ထားသော ပ၀ါကလေး အောက်သို့ကျသွားသည်နှင့် တစ်ပြိုင်နက် 'ဟေး'ခနဲ ညာသံကြီးထွက်လာကာ လွန်ပွဲကြီး စလေ၏။ လွန်ပေါ်မှ ဆိုင်းဝိုင်းကြီးကလည်း အားတက် သရောတီး နေသည်။ လွန်မှာ ရွာလယ်လမ်းမအတိုင်း မြောက်ဘက်ရှိ မိန်းမများဘက်သို့ ပါသွားလိုက်၊ တောင်ဘက် ရှိ ယောက်ျားများအုပ်စုဘက်သို့ တရွတ်ရွတ်နှင့်ပါသွားလိုက် ဖြစ်နေလေ၏။ ကိုဆေးရိုးမှာ ရှေ့သို့ တရွတ်လျှောကာ ပါသွားရင်းက သိချင်ဇောနှင့်အပေါ်သို့ မော့ကြည့်လိုက်မိရာ ရင်ထဲတွင် ဟာ သွား လေသည်။ ဒါနှင့်အတူ လွန်ကိုကိုင်ထားသော သူ့လက်မှာလည်း ပြေကျသွားကာ ကိုယ်ကြီးကို မြေပေါ် သို့ အွတ်ခနဲ ပက်လက်လန်လဲကျသွားလေသည်။ ကံကောင်းချင်တော့ သူက အဖျားဆုံးတွင် ရောက်နေ သော ကြောင့် လူနင်းမခံလိုက်ရပေ။
သူမြင်လိုက်ရသောအရာကား စောစောကပြိုတော့မည့်ပမာ ချိပ်မှောင်နေသော မိုးသားများ လုံးဝ မရှိတော့ ဘဲ စင်ကြယ်သော အာကာသ လဟာပြင်ကြီးကိုသာ ဟာခနဲမြင်လိုက်ရသောကြောင့် တည်း။
"ကဲ…ကိုအ၀ှာ၊ မိုးရွာရင် အဆင်သင့်ဖြစ်အောင် ထန်းရွက်ကလေးဘာကလေး မရှာတော့ဘူးလား"
"ရွာစမ်းပါစေဟာ… မိုးသာရွာမယ်ဆိုရင် အကုန်လုံးစိုရုံမကသေးဘူး အိမ်ကြီးပါ ကျွတ်ပါပါ"
စကားမို့သာ ဆိုလိုက်ခြင်းဖြစ်၏။ တကယ်သာ အိမ်ကြီးကျွတ်ပါမည်ဆိုလျှင်တော့ ကိုဆေးရိုး ကြောက်မည် မှာ မုချဖြစ်သည်။ သို့သော်သူ့စကားက မိုးသာရွာပါ၊ ပစ္စည်းဥစ္စာကို စွန့်လွှတ်လိုက်မှ မိုးရွာမည် ဆိုလျှင် စွန့်ပါမည် အနစ်နာခံပါမည်ဟု ဆိုရာရောက်၏။
တောင်သူလယ်သမားများမှာ အဲဒါလောက်တောင် မိုးကို တောင့်တနေကြသည်။ ရွာစေချင်နေသည်။ မိုးသည် သူတို့အသက် မိုးသည်သာ သူတို့၏ ကိုးကွယ်ရာမဟုတ်ပါလား။
သို့လျှင် မိုးရွာစေချင်လွန်းသောကြောင့် ရှေးထုံးနည်းနာ ကြားဖူးနားဝရှိသမျှနှင့် မိုးရွာအောင် ကြောင်ကို ရေချိုးလိုချိုး၊ ပေါင်းချောင်ကို တံစက်မြိတ်အောက်တွင် ပက်လက်လှန်ထားကာ မီးထွန်းလိုထွန်းဖြင့် လုပ်ကြ၏။ စင်စစ်မူ ဘာမျှ အဓိပ္ပာယ်မရှိပေ။ အဓိပ္ပာယ်မရှိကြောင်းကို ဖ-ဆ-ပ-လနှင့် ဗ-တ-လ-စတို့သည် လည်းကောင်း၊ ပ-မ-ည-တနှင့် တ-လ-ည-စတို့သည် လည်းကောင်း၊ ပ-မ-ည-တနှင့် တ-လ-ည-စတို့သည်လည်းကောင်း၊ မည်သူကမျှ ရှင်းလင်းမပြကြရုံသာမက ရေယောင်ကာ မသိနားမလည်သူတို့၏ နောက်မြီး မှ ပင် ခို၍ လိုက်နေကြရခြင်းမှာ ၀မ်းနည်းစရာကောင်းလှသည်။
ကိုဆေးရိုးမှာ မကျီးဒန်ကို ကန္တကောစ လုပ်ရသည်ကို လန့်၏။ ထို့ကြောင့် အကဲခတ်သော သဘောဖြင့် မကျီးဒန်ကို ငဲ့ကြည့်လိုက်ရာ မျက်စောင်းကြီးထိုးပြီး ပွင့်လာသော ပါးစပ်ကို မြင်ရသဖြင့် တဲပြင်ဘက်သို့ ပြေးထွက်ခဲ့သည်။ ဒါတောင်မှ မကျီးဒန်၏ အသံကိုကား ကြားလိုက်ရလေသေး၏။
"အိမ်ကြီးကျွတ်ပါတော့ ဘယ်သင်္ချိုင်းသွားနေမလဲ"
တဖြည်းဖြည်း နှင့် သရက်ချင်ရွာ၏ မြောက်ဘက်ဘေးရှိ လမ်းကလေးမှ အနောက်ဘက်သို့ သူ၏ဆရာ ဒါယကာရင်း ဖြစ်သော သရက်ချင်အနောက်ကျောင်း ဆရာတော်၏ ကျောင်းသို့ သွားရာလမ်းအတိုင်း လျှောက်လာရာ အသက်အလွန်ပြင်းသော နဘူးချုံများ ပင် ညှိုးခွေခြောက်သွေ့နေသည်ကို စိတ်မကောင်း စွာ တွေ့ရ၏။
ကျောင်းဘက်သို့ နီးလာသောအခါတွင် လူက ရေလောင်းပေးထားသဖြင့် စိုပြည်နေသော ကျောင်းဥယျာဉ် ၏ အာဝါသကို တွေ့မြင်နေရသဖြင့် အေးမြကြည်နူးသွားလေသည်။
ကျောင်းပေါ်မှ ၀မ်းလျားထိုးပြီးဆင်းလာသည့် အုတ်နဂါးနှစ်ကောင် ညှပ်ထားသော လှေကားအိုအတိုင်း ကျောင်းပေါ် သို့တက်လာမိသည်နှင့် တစ်ပြိုင်နက် ရွာခေါင်းဖိုးပေတူး၏ အသံကို ကျယ်လောင် ကျယ်လောင် နှင့် ကြားရ၏။
"လွန်ဆိုတာကို ဘာ့ကြောင့်ဆွဲသလဲ ဒကာကြီး"
"မိုးခေါင်ကျော်စွာနတ် ကို ပင့်တာပါပဲ ဘုရား၊ ဒီနတ်က မိုးရွာအောင် လုပ်ပေးနိုင်တဲ့အတွက် လွန်ဆွဲပြီး ပင့်တာပါပဲ ဘုရား၊ ဒီနတ်က မိုးရွာအောင် လုပ်ပေးနိုင်တဲ့အတွက် လွန်ဆွဲပြီး ပင့်တာပါပဲ"
ဟုတ်သည်၊ မဟုတ်သည်ကို အပထားကာ ပွာလောင် ပွာလောင်နှင့် ပြောနိုင်သောကြောင့် ရွာ့မိရွာ့ဘ ဖြစ်နေရသော ဖိုးပေတူးက မှင်နှင့်မောင်းနှင့် ပြောချလိုက်သည်။ ကိုဆေးရိုးကား ကျောင်းပေါ်သို့ ခပ်ဖွဖွ ကလေး တက်လာကာ ၀တ်ဖြည့်ပြီး ထိုင်နေလိုက်သည်။
"လွန်ဆွဲတယ်ဆိုတာ ဒီလိုဒကာကြီး၊ ရှင်မထီးတို့လက်ထက်မှာ ကျော်စွာဆိုတဲ့ သူဌေးကျတစ်ယောက်ကို ပုဂံမင်း က သတ်ပစ်လို့ နတ်အဖြစ်နဲ့ ပုပ္ပါးတောင်ကို ရောက်သွားသတဲ့" ဆရာတော်က ကွမ်းထွေးကို ပစ်ခနဲ ထွေးကာ "ဒါ… ဘုရားဟော မဟုတ်ဘူးနော်၊ ရှေးစကားကို ပြော်နေတာ" ဟုစကားပလ္လင်ခံနေပြန်၏။
"တင်ပါ့ဘုရား"
"အဲဒါနဲ့ ကျော်စွာနတ်က သူ့ကို မတရားသတ်တဲ့ ဘုရင်ကို စိတ်နာတာနဲ့ ပုဂံမှာရွာမယ့်မိုးကို သူနေရာ ပုပ္ပါးတောင် က နေပြီး ဆီးဆီးတားတော့ ပုဂံမှာမိုးခေါင်ပါရော။ ဘုရင်က ပုဏ္ဏားတွေကို ခေါ်မေးတော့ ကျော်စွာနတ် စိတ်ဆိုးပြေအောင် မင်း၊ မိဖုရား၊ မှူးမတ်တွေဟာ ဒဏ်ခံတဲ့သဘောနဲ့ မောအောင် လွန်ဆွဲ ခိုင်းသတဲ့။ ကျော်စွာနတ်က လွန်ပေါ်မှာ တက်စီးပြီး စိတ်ပြေမှ မိုးရွာအောင် လုပ်ပေးလိုက်တော့ ပုဂံမှာ မိုးရွာလာ ပါရောတဲ့"
"တင်ပါ့ဘုရား"
"ဒါပေမဲ့" ဆရာတော်က ကွမ်းဖက်တွေကို ထွေးနေပြန်သည်။ "ဒါပေမဲ့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာက မိုးရွာတယ် ဆိုတာဟာ မိုးနတ်သားက တိမ်ပုဆိုးခြုံပြီး မိုးသီချင်းကို ဆိုပြေးရင် မိုးရွာတယ်လို့ဆိုကြတယ်။ ဒီတော့ ကျော်စွာဆိုတဲ့နတ်ဟာ တကယ်ရှိရင် အဲဒီခြောက်ပြား တန်နတ်က အဓိပတိမိုးနတ်သားကို အံတုဝံ့ ပါ့မလား"
"စဉ်းစားစရာပါပဲ ဘုရား"
"ပြီးတော့ရှိသေးတယ်၊ ကျော်စွာနတ်က ဟိုခေတ်တုန်းကသာ ပုဂံမင်းကို စိတ်နာလို့ မိုးမရွာအောင် လုပ်တယ် ဆိုပါတော့၊ ဒီခေတ်မှာကော ဘယ်သူ့ကိုစိတ်ဆိုးလို့ မိုးမရွာအောင် လုပ်ရပြန်သတဲ့တုံး။ ဒါဟာ ဘုန်းကြီး စကား မဟုတ်ဘူးနော် ကျော်စွာနတ်ကို လူရာသွင်းသူတစ်ယောက်ဆီက ထွက်လာနိုင်တဲ့စကား"
"ဒါကတော့ ဒီလိုရှိပါတယ်ဘုရား" ဖိုးပေတူးက နေရာပြင်ထိုင်လိုက်ပြီး "အခုခေတ်မှာ တော့ လူတွေ ဟာ တရားပျက်ကြပါတယ်ဘုရား။ ငါးပါးသီလမြဲတဲ့သူက ခပ်ရှားရှားဆိုတော့ မိုးခေါင်ကျော်စွာနတ်က သတိပေး တာလည်း ဖြစ်နိုင်ပါတယ်ဘုရား"ဟု ကွန့်လိုက်လေသည်။
"ဒီ့ပြင်ကော မိုးခေါင်ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရှိသေးသလား"
ဆရာတော်ဘုရားက ပြုံးပြုံးကြီးမေး၏။
"တင်ပါ့ဘုရား၊ ဒီနှစဟ်ဟာ ၁၃၁၉ ခုနှစ်ဆိုတော့ ကိုးကွယ်ရာမရအောင်ကျပ်မဲ့ နှစ်ဆိုးကြီးဖြစ်တာလည်း တစ်ကြောင်း ပါဘုရား"
"ဒကာကြီး"
"ဘုရား"
"ဒါဖြင့် ကိုး ဟာ တယ်ဆိုးတာပဲနော်"
"တင်ပါ၊ ဆိုးပါသဘုရား"
"တို့ဘုရားဂုဏ်တော် ကိုးပါးကျတော့ ဘာဖြစ်လို့မဆိုးသလဲဟင်"
ဖိုးပေတူးမှာ ဘာမျှပြန်မပြောတတ်တော့သဖြင့် ဆရာတော်ဘုရားနှင့် ရောပြီးကျယ်လောင်စွာ ရယ်မော၏ ကိုးဆေးရိုးမှာ တတ်ယောင်ကားလုပ်နေသော ဖိုးပေတူးကို သရော်ချင်သဖြင့် အော်ပြီး ရယ်သည်။ ဒီလိုတတ်ယောင်ကားတွေကို ဒီလိုလုပ်ပေးမည့်သူရှိမှ ငြိမ်မည်ဟူ၍လည်း တွေးမိကာ သဘော အကျကြီး ကျနေလေ၏။
"ကဲ…ဆက်ပါဦး ဒကာကြီးရဲ့၊ ဒီလိုပဲ ဆွေးနွေးမှ အကျိုးရှိတော့မပေါ့"
"တင်ပါ့ဘုရား"
"လူတွေတရားပျက်လို့ မိုးခေါင်ကျော်စွာနတ်က သတိပေးဟန်တူပါတယ်ဘုရား"
"တို့ဘယ်လိုလုပ်ရင်ကောင်းမလဲ"
ဆရာတော်ဘုရားက လက်မှ ကွမ်းသီးကို ကွမ်းညှပ်နှင့် တတောက်တောက်စိပ်ရင်းက ရှေ့သို့ ကိုင်းပြီး မေး၏။
"လူတွေရဲ့ ထက်ဝက်လောက်က ငါးပါးသီလမြဲကြမယ်ဆိုရင် မိုးဟာရွာလာလိမ့်မယ် ထင်ပါတယ်ဘုရား။ တပည့်တော် တို့တောင်မှ အဓိဋ္ဌာန်နဲ့ ဆယ်ပါးသီလကလေးဘာလေး စောင့်မယ်စိတ်ကူးပါတယ်ဘုရား။ ဒါပေမဲ့ လူတွေက ဒါလောက်တောင် ခိုးဆိုးတိုက်ခိုက် သတ်ဖြတ်နေကြတော့ တပည့်တော်ဖြင့် စတ်တောင် ပျက်မိပါတယ် ဘုရား"
ဆရာတော်ဘုရားက ဖိုးပေတူး၏ စကားဆုံးခါနီးကတည်းက ပြုံးပြုံးပြုံးပြုံးနှင့် ဖြစ်နေရာက ကားဆုံးသည် နှင့် တစ်ပြိုင်နက် အော်ဟစ်ကာရယ်လေ၏။
"ဒကာကြီး"
"ဘုရား"
"အခုခေတ် ကလေးတွေပြောတဲ့ စကားတစ်လုံးရှိတယ်"
"သိပါရစေဘုရား"
"ဘ၀င်မမြင့်နဲ့ ရူးတတ်တယ်တဲ့"
ဒီတစ်ခါတော့ ဖိုးပေတူး မရယ်နိုင်တော့ပေ။ 'ဘယ်လိုဘုန်းကြီးစားပါလိမ့်'ဟူ၍သာ တွေးမိတော့သည်။
"ဒကာကြီး"
ခေါ်ပြန်ချေပြီ။
"ဘုရား"
"ဒကာကြီးရမ်းဘိုကုန်းရွာထဲမှာ ငါးပါးသီလမြဲလိမ့်မယ်လို့ ထင်ရတဲ့လူဘယ်နှယောက် ရှိလဲ"
သူ့ကို နှိပ်နင်းသော စကားတစ်လုံးတော့ လာပြန်ပြီဟု ထင်မှတ်နေရာက အားရ၀မ်းသာစွာဖြင့်
"တစ်ယောက် မှ ရှိမယ်မထင်ပါဘူး ဘုရား"
ဟုပေါ့ပါးစွာဖြေ၏။
"နို့ ဒကာကြီးကော မြဲလို့လား"
ဖိုးပေတူးမှာ ဆုတ်ဆိုင်းဆိုင်းဖြစ်နေပြီးမှ
"မမြဲပါဘုရား"
ဟု အမ်းတမ်းတမ်း မျက်နှာထားဖြင့် ဖြေသည်။
"ဒကာကြီး"
"ဘုရား"
"ဒကာကြီးရဲ့အိမ်ကို ဘာလို့ခေါင်ချုပ်သလဲ၊ ဒီပြင်နေရာတွေမှာ မိုးထားရက်သားနဲ့"
"ဟာ… ကိုယ်တော်ကလဲ ဘယ်က ဘယ်လောက်ပဲမိုးမိုး၊ ခေါင်မလုံရင် အကုန်စိုကုန်မှာပေါ့"
ဆရာတော် ၏ ပြုံးနေသော မျက်နှာက ချက်ချင်းတည်သွား၏။
"အဲဒီစကားကို မြဲမြဲမှတ်ထားပါ ဒကာကြီး၊ ဒကာကြီးတို့လို ရွာမိ ရွာဘ အမည် ခံထားတဲ့ ရွာရဲ့ ဦးစီး ဦးကိုင် ကြီး ကိုယ်တိုင် က မှ ငါးပါးသီလ မမြဲဘဲနဲ့ သူတစ်ပါးကို တရား ပျက်သလေး၊ ဆိုးသွမ်း ယုတ်မာ နေကြ သလေး၊ ငါးပါးသီလမမြဲဘူးလေးနဲ့ မပြောချင်ပါနဲ့။ ကိုယ်ကိုယ်တိုင်က ငါးပါးသီလမြဲပြမှ သည့်ပြင် လူတွေက၊ ဒကာကြီး ရဲ့အရိပ်အခြည် ကို ကြည့်နေတဲ့လူတွေက လိုက်ပြီးမြဲကြတော့မပေါ့။
"ဆွေးနွေးလို့တော့ကောင်းပါရဲ့ဘုရား၊ နေလေးလည်း အတော်မြင့်လာပြီ၊ ပြန်ပါဦးမယ်ဘုရား"
ဖိုးပေတူး ကသီကရီဝတ်ချစဉ် ဆရာတော်က ထပ်မှာလိုက်ပြန်၏။
"ခေါင်ကမိုးလုံပါစေ"
ကိုဆေးရိုးက မျက်နှာအိုအိုနှင့် ဆင်းသွားသော ဖိုးပေတူး၏နောက်သို့ ရောယောင်ထလိုက်သွားသည်။ ဆရာတော်ဘုရားက
"ဟေ့…ဆေးရိုး၊ ဘာကိစ္စနဲ့လာလို့ ဘာဖြစ်ပြီးပြန်သွားတာလဲဟကောင်ရ"
ဟု လှမ်းအော်လိုက်မှ သူ့အဖြစ်ကို သတိရကာ ကျိတ်၍ရယ်ရင်း ပြန်ထိုင်ဝတ်ဖြည့် လိုက်ရလေသတည်း။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
ဒီနှစ် ပူလွန်းအားကြီး တော့ ကျနော် တို့ အိမ်နားက မင်္ဂလာဈေး (မန္တလေး) မှာ လွန်ဆွဲ ပွဲ လုပ်ပါတယ်.. အားလုံး ဟာ ပျော်ပျော် ရွှင်ရွှင် ယုံယုံ ကြည်ကြည် နဲ့ပါ... ။
ကျနော် လည်း သွားကြည့်ပါတယ်...၊ ယောက်ကျား- မိန်းမ ၂ဘက်ခွဲ ပြီးဆွဲကြ ပါတယ်..၊ မိန်းမ ဘက် က အနိုင်များပါတယ်... မနိုင်ခဲ့ ရင် ကူဆွဲပေး မလို့ပါ နိုင်တော့ လည်း အသာကြည့် နေ ပါတယ်....။
နှစ်ပေါင်း များစွာက ဆရာကြီးရေးထားတဲ့ ဝတ္ထုလေး မှာပါ တဲ့ အကြောင်းအရာ တွေ နဲ့ လူတွေ ရဲ့ ခံယူချက် တွေဟာ အခုထိ ဒီတိုင်း ဒီတိုင်း ဘဲ လား ထူးခြားလာကြ လေသလား ဆိုတာတော့ ကိုယ်တိုင်ဘဲ ကြည့်ကြ ပါတော့.....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
4 comments:
အတော်ကောင်းတဲ့ ၀တ္ထုလေးပါပဲ...။ မန္တလေးကလူတွေကို ပြောလိုက်ပါဗျာ.... လွန်ဆွဲမနေပါနဲ့... ခေါင်ကမိုးပဲ လုံပါစေလို့..။
ဧရာ
အင်း.. ရေးထား တဲ့  အကြောင်း အရာ လေး ကတော့ 
အခု ခေတ် ချိန်ခါ မဟုတ်တော့ ပေမဲ့  ရှေးမြန်မာ
တို့ ရဲ့  ချစ်စရာ ဓလေ့  စရိုက် ကလေး တွေကို
ကြည်ကြည် နူးနူး ပဲ ဖတ် လိုက်ရပါတယ် ။
ရှေး ထုံးလဲ မပယ်နဲ့  ဆိုသလို တစ်ချို့  လဲ အခုချိန်ထိ
ဆက်လက် ဆောင့် ထိမ်း ကျင့်  သုံး နေဆဲ ဖြစ်မှာပါ။
တချို့ကိစ္စ လေးတွေက လွဲမှားတဲ့၊ခေတ်နဲ့မဆီလျော်တဲ့
အယူအဆ၊ယုံကြည်မှုတွေလို့ပြောလို့ရသလို၊တဘက်က
လည်း ချစ်စရာ ရိုးရာ ဓလေ့စရိုက်လေးတွေဖြစ်နေရောဗျ။
အစ်မပိုစ်လေး ဖတ်ရတော့ ဂျူး ရဲ့ မိုးခေါ်တဲ့ပွဲ(ထင်ပါရဲ့)
ဝတ္ထုလေးကိုသွားသတိရမိတယ်။
ဆင်ဖြူကျွန်းအောင်သိန်းရဲ့ ကိုဆေးရိုးဝတ္ထုတွေ မဖတ်ရတာအတော်ကို ကြာနေပြီ။ ပြန်တင်ပေးထားတာ ကျေးဇူးတင်လိုက်တာ မရွှေစင်ရေ။ အရင်ကတော့ မိုးခေါင်ရေရှား ရပ်ဝန်းဖြစ်တဲ့ အထက်အညာဒေသတွေမှာသာ အဲဒီလို ကြုံရတာနော်။ ခုတော့ မြစ်ချောင်းအင်းအိုင်ရှိတဲ့ ဒေသတွေမှာတောင် ရေရှားပါးမှုကြုံနေရပြီ။ တစထက် တစ ဆုတ်ယုတ်သွားတာတွေ သဘာဝ ပတ်ဝန်းကျင် ပျက်ယွင်းမှုတွေကို တွေးပြီး ကြောက်တောင် ကြောက်လာတယ်။
မိုးခေါင်လို့ လွန်ဆွဲတာ အဓိပ္ပါယ်မရှိဘူးလို့ တွေးမိပေမဲ့ ယုံကြည်ချက်နဲ့ အစွဲအလမ်း ကြီးလွန်းတဲ့သူတွေကျတော့လဲ ပြင်းပြင်းထန်ထန် ကန့်ကွက်လို့က မဖြစ်ပြန်ဘူး။
တော်သေးတာက သတ္တ၀ါတွေကို သတ်ပြီး ယဇ်ပူဇော်တာတို့ ဘာတို့ထက် လွန်ဆွဲတာက ဘယ်သူမှ မထိခိုက်မပျက်စီးလို့ ခံသာသေးတယ်။ တဖက်ကတွေးမယ်ဆိုရင်လဲ စုစုစည်းစည်းနဲ့ ပျော်စရာ ကစားပွဲတခု လုပ်တယ်လို့ ဆိုနိုင်ပါသေးတယ်။
ငယ်ငယ်က ဖတ်ဖူးတာ လယ်တီဆရာတော်ထင်တယ် မိုးခေါင်တဲ့ ဒေသတခုကပင့်လို့သွားတာ တလမ်းလုံး ငရံ့မင်းပရိတ်ရွတ်တာ အဲဒီမြို့ဆိပ်ကမ်းမှာ မကပ်ခင်ဘဲ မိုးတွေအရမ်းရွာလာတယ်တဲ့။ ဆိပ်ကမ်းတောင် ချက်ချင်း ကပ်လို့မရဘူးတဲ့။
ကျမကတော့ အဲဒီလို ဘုရားကုကုတာကိုပဲ ပိုသဘောကျပါတယ်။ အကျင့် သိက္ခာ သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတွေ အဓိဋ္ဌာန်ပြုရင် ပြည့်မှာပါ။
Post a Comment