အခန်း (၂၁)
ကာဆာဘရီဇာ ဂေဟာသို့ ဦးတည်နေသော သဲမြေထူထပ်ရာ လမ်းကြားကလေးပေါ်သို့ ကောင်စစ်ဝန် ဘရန်ဒီးလျှောက်လာနေသည့်အချိန်သည် ညဆယ်နာရီထိုးလုနီးနေပေပြီ။ ကောင်စစ်ဝန်သည် အဆမတန် ပင်ပန်းမောဟိုက်လျက်ရှိ၏။ ဆန်ဂျော်ဂျီသို့ မီးရထားနှင့် ပြန်၍ ရနိုင်တော့မည် မဟုတ်ဟူသော အတွေးဖြင့် ကောင်စစ်ဝန်သည် ခြေကျင်လျှောက်၍ ပြန်လာခဲ့ခြင်းဖြစ်သည်။
သူသည် မီးရထားလမ်းနှင့် ဝေးနိုင်သမျှ ဝေးအောင် ခွာ၍ လျှောက်ခဲ့ခြင်း ဖြစ်သည်။ တကြိမ်တခါမှ ရောက်ဖူးသော နေရာများ မဟုတ်။ လမ်းကိုလည်း မည်မည်ရရ မသိ။ ကြုံသလို ကျသလို အမှန်းအဆနှင့် လာခဲ့ခြင်းဖြစ်ရာ လယ်ကွင်းများ၊ ရေမြောင်းများ၊ ကျောက်နံရံ များ စသည့် လမ်းမဟုတ်သော နေရာပေါင်း များစွာကို ကျော်ဖြတ်ခဲ့ရသည်။ ခက်ခက်ခဲခဲနှင့် ကုပ်ကုပ်ကပ်ကပ် ကျော်ဖြတ်သွားလာနေရသဖြင့် ပင်ပန်းလွန်း လှသော်လည်း ပင်ပန်းမှန်း မသိ။ သူ့အာရုံသည် အဖြစ်ဆိုးလွန်းလှသော ထိုနေရာနှင့်ဝေးရာ ကာဆာဘရီဇာ သို့ အမြန်ဆုံး ပြန် ရောက်ရန်ဟူသော ဦးတည်ချက်တခုတည်း အပေါ်၌သာ ရှိသည်။
ညနေ ငါးနာရီ ကျော်ကျော်ခန့်တွင် အော့ဖားရီနိုးဟု ခေါ်သော ရွာကလေးတရွာသို့ ဆိုက်ရောက် သည်။ ကျေးရွာ ကုန်စုံဆိုင်တဆိုင်အတွင်း၌ ဖွင့်လှစ်ထားသည့်စာတိုက်မှ တယ်လီဖုန်းဖြင့် ကောင်စစ်ဝန်ရုံးသို့ လှမ်း၍ ဖုန်းဆက်သည်။ သို့သော်လည်း ထူးမည့်သူ တဦးတယောက်မျှ မရှိ။ ရုံးတံခါး ပိတ်ပြီး အားလုံး အိမ်ပြန်ကုန် ကြပြီ။ ထိုအခါ သူ့အိမ်သို့ ဆက်ကြည့်ပြန်သည်။ ဆက်၍ ရပါက သူ့ကို မော်တော်ကား နှင့် လာခေါ်ဖို့ ဂရေစီယာအား ခိုင်းမည်ဟု စိတ်ကူးသည်။
သို့သော် လည်း ... မရ။ ပထမတော့ တယ်လီဖုန်းကို ကောက်ကိုင်မည့်သူ မရှိ။ နောက်တော့ လိုင်းမအား ဟူသော အသံမျိုးကို ကြားရသည်။ နောက်ဆုံးကျတော့ အသံက တယ်လီဖုန်းပျက်နေပြီ ဟူသော အသံမျိုး ဖော်ပြသည်။
ဘရန်းဒီး အကြီးအကျယ် ဒေါသ ဖြစ်သည်။ သို့သော်လည်း သူတတ်နိုင်သော ကိစ္စမဟုတ်။ ချက်ချင်းပင် ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။ ရွာသားအချို့က ရှစ်နာရီတွင် ဆန်ဂျော်ဂျီ သွားမည့် ဘတ်စ်ကား တစီး ရှိသည်ဟု ၀ိုင်းပြောကြသည်။ သူသည် ဆိုငအပြင်ဘက်ရှိ ခုံတန်းလျားတလုံး ပေါ်တွင် ဦးခေါင်းငိုက်စိုက်ဖြင့် ငြိမ်ဆိတ်စွာ ထိုင်သည်။ ထမင်းဆိုင်ရှင်က သူ့အား အထဲဝင်နားဖို့ ပြောသော်လည်း လက်မခံ။ သူ့အား ရွာသူ ရွာသားများက အထူးအဆန်းတခုသဖွယ် ၀ိုင်းအုံကြည့် နေကြသည်ကိုလည်း သတိမထားနိုင်။ သူသည် သူ့အတွေး နှင့် သူ ငေးငိုင်လျက် ရှိလေသည်။
သူ့တကိုယ်လုံး အားအင်ကုန်ခန်းလျက် ရှိသည်။ အကြောအခြင်များမှာ ထုထောင်းရိုက်နှက် ခံထား ရသည့်နှယ် နာကျင်ကိုက်ခဲလျက် ရှိသည်။ သူသည် လှုပ်ရှားချင်စိတ် ကင်းမဲ့လျက် ရှိသည်။ သို့သော်လည်း သူ့ ဦးနှောက်ကတော့ လှုပ်ရှားဆဲ...။ ကိုက်လိုက်သည့်ခေါင်း...။ ကွဲသွားမလားဟု ပင် ထင်ရသည်။ ဂျိုစီ တယောက် ကတော့ သေဆုံးခဲ့ရလေပြီ။ ဤမျှလောက် ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားရသည်မှာ ယုံကြည်နိုင် စရာပင် မရှိ။
ဟုတ်မှ ဟုတ်ရဲ့လားဟူသော သံသယသည် သူ့ ရင်ထဲ၌ ဖြစ်ပေါ်ခဲ့ရ၏။ သို့သော်လည်း စြဖ်လာသည့် အဖြစ်က အဖြစ်မှန်။ မည်သူမှ ငြင်းနိုင်သော အရာမဟုတ်။ သူ့အတွေးများသည် ချာချာလည်လျက် ရှိ၏။ ဂျိုစီ၏ အဖြစ်မှာ မတော်တဆဖြစ်ရ ခြင်းဟု ခေါ်ရမည်ထင်၏။ သူသည် လုံလောက်သော အကြောင်း ပြချက် များကို ရှာဖွေကြည့်သည်။ တကယ်တော့ အလွန်ဝမ်းနည်းကြေကွဲဖို့ ကောင်းလှသည့် မတော်တဆအဖြစ်။ သို့သော်လည်း မည်သူမျှ မရှောင်လွှဲသာသည့်အဖြစ်ဟုပင် သူထင်၏။ သူတတ်အားသရွေ့ တားမြစ်နိုင်ဖို့ ကြိုးပမ်း အားထုတ်ခဲပါသေး၏။
သို့သော်လည်း အခြေအနေက မည်မျှပင် သက်သာအောင် တွေးသော်လည်း မရ။ လုံးဝ မဖြေသာ သည့်အဖြစ်...။ သူ၏ မုန်းတီးမှု၊ ရန်ရှာမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ဂျိုစီသည် စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားခဲ့ရလေသလော...။ အသံမထွက်သော ညည်းသံတချက်သည် ကောင်စစ်ဝန် ၏ နှုတ်ဖျားမှ ထွက်လာသည်။ ၀မ်းနည်းကြေကွဲခြင်းနှင့် ယူကျုံးမရ ဖြစ်ခြင်းတို့သည် ကောင်စစ်ဝန် ၏ နှလုံးသားကို ပြင်းထန်စွာ နာကျင်စေသည်။
ထိုအခိုက်တွင် ဘတ်စ်ကား ရောက်လာသည်။ ရီဝေသော မျက်လုံးများဖြင့် မော့်ကြည့်သည်။ ကား ပေါ်သို့ လှမ်းတက်သည်။ လူအများနှင့် ဝေးရာ တနေရာတွင် ၀င်ထိုင်သည်။ ထို့နောက် သက်ပြင်းချ သည်။ ဘတ်စ်ကား ထွက်လာသည့် အချိန်တွင်မူ အမှောင်ရိပ်များသည် ကျဆင်းစပြုလေပြီ။ ဆန်ဂျော်ဂျီဘက်ကို နီးလာလေလေ ... သူ့နှလုံးခုန်သံသည် ပြင်းထန်လေ...။
လမ်းကြားထိပ်ရောက်ရင် ဘတ်စ်ကားပေါ်မှ ဆင်းမိသည့် အချိန်တွင်မူ သူ့စိတ်သည် ပို၍ ပြင်းထန်စွာ လှုပ်ရှားလာသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့အိမ်ဘက်ကိုပင် မလျှောက်ဝံ့ မလျှောက်ရဲ ဖြစ်လာသည်။ သူ့ရှေ့မှလမ်းသည် အမှောင်ရိပ်အောက်တွင် မှုန်ဝါးဝါး...။ သူသည် စိတ်ကိုတင်း၍ ခပ်ဖြည်းဖြည်း လျှောက်သည်။ ဖြည်းဖြည်းမှန်မှန် လျှောက်နေပါလျက်နှင့်ပင် အသက်ရှု၍ မ၀နိုင်လောက်အောင် မောနေ သေးသည်။
သူသည် ဆက်၍ လျှောက်နိုင်ရန် မနည်း အားစိုက်နေရ၏။
ရုတ်တရက် လရောင်သည် ဖြာဆင်းကျလာသည်။ ကာဆာဘရီဇာ အိမ်ကြီးကို ပြတ်ပြက်ထင်ထင် မြင်လာရ၏။ အေးမြသောလေသည် သူ့အသားများ အတွင်းသို့ ထိုးဖောက်စိမ့်ဝင်လာသည်။ ထို့နောက် လရောင်သည် ဖြတ်ကနဲ ပျောက်သွားသည်။ ပို၍နက်ရှိုင်းသော အမှောင်ထုသည် ပြန်၍ စိုးမိုးလာသည်။ ထိုအချိန်တွင် ဘရန်းဒီးသည် အိမ်ရှေ့ဆင်ဝင်ရိပ်ဟု ခိုမခဲ့ပြီး ဖြစ်၏။ သူသည် ခေတ္တမျှရပ်၍ အသံဗလံကို နားစွင့်သည်။ ဘာသံမှ မကြားရ။ ပကတိ တိတ်ဆိတ်ခြင်း။ သူသည် အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်သည်။
အတွင်းဘက်တွင် ခန်းမကြီးတခုလုံး မှောင်မည်းလျက် ရှိသည်။ ထူးဆန်းသော အနံ့တခုသည် သူ့နှာခေါင်းဆီ ရောက်လာသည်။ အနံ့မှာ စူးရှပြင်းထန်လွန်းလှသဖြင့် မျက်ရညများပင် ထွက်လာ သည်။ သူသည် ရုတ်တရက် လှုပ်ရှားခြင်း မပြုပဲ အသံကြားလိုကြားငြား နားစွင့်မိပြန်သည်။ သူသည် မီးခြစ်ကို ထုတ်၍ ခြစ်သည်။ မီးခြစ်ဆံမီးတောက်သည် တုန်ယင်လှုပ်ရှားနေသော သူ့လက်ချောင်းများကြားမှ ဖြာကနဲ လင်းလက်လာပြီး ချက်ချင်းလိုလိုပင် ပြန်ငြိမ်းသွားသည်။
ထိုအခိုက်မှာပင် အသံတသံသည် လေနှင့် ပါလာသည်။ ငိုကြွေးသံ...။ အသံလာရာဘက်သို့ ဆတ်ကနဲ လှည့်ကြည့်သည်။ ဘာကိုမှ မမြင်ရ။ သို့သော်လည်း ငိုသံကတော့ ဆက်၍ပေါ်လာနေ သည်။ သူသည် မီးဖိုခန်းတံခါးဆီသို့ လျှောက်သွားကာ ဆွဲဖွင့်လိုက်၏။ သူ့ရှေ့မှောက်တွင် မက်ဂ်ဒါလီးနား...။ စားပွဲတလုံးတွင် ထိုင်၍ ရှိုက်ကြီးတငင် ငိုကြွေးလျက် ရှိလေသည်။
"မက်ဂ်ဒါလီးနား" ဟု သူက လှမ်း၍ အသံပေးသည်။
မက်ဂ်ဒါလီးနားက မော့်ကြည့်သည်။ သူ့မျက်နှာမှာ ရုတ်တရက် မမှတ်မိနိုင်လောက်အောင်ပင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေသည်။ ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် အိုစာခြင်းတို့သည် မက်ဂ်ဒါလီးနား၏မျက်နှာကို လွှမ်းခြုံ ထားလေသည်။
"ဘာဖြစ်နေတာလဲ" ဟု ဘရန်းဒီးက မေးသည်။
သူ့အား ပြူးတိပြူးကြောင်နှင့် ကြည့်နေသော မက်ဂ်ဒါလီးနားသည် စုတ်ပြဲနေသော သူ၏ အတွင်းခံ အင်္ကျီကို လက်နှစ်ဘက်နှင့် ကပျာ်ကယာ ဆွဲဖုံးသည်။
"ဘာတွေဖြစ်နေကြတာလဲ"
"သူ ထွက်သွားပြီး" ဟု မက်ဂ်ဒါလီးနားက ရေရွတ်သည်။
"ဘယ်သူလဲ ထွက်သွားတာ"
"ဂရေစီယာပေါ့၊ ကျွန်မ ... သူ့အတွက် အနစ်နာခံထားရသမျှ နောက်ဆုံးကျတော့ အလကားပဲ"ဟု ပြောကာ တခါ ထပ်၍ ငိုပြန်သည်။
ကောင်စစ်ဝန်၏ ဒေါသည် တရှိန်ထိုးတက်လာသည်။ သူသည် မက်ဂါဒါလီးနား၏ ပခုံးနှစ်ဘက်ကို ကိုင်ဆွဲ ခါယမ်း လိုက်၏။
"ပြောစမ်း ... မြန်မြန်၊ ဒီအကောင် ဘယ်ထွက်သွားတာလဲ"
မက်ဂ်ဒါလီးနား က ချက်ချင်းအဖြေမပေး။ ငိုရှိုက်နေရာမှ အဖြစ်အပျက်ကို ပြန်၍ စဉ်းစားနေဟန် ရှိသည်။
"ဘယ်သူမှ လိုက်ရှာလို့ မတွေ့နိုင်တဲ့နေရာကို ထွက်သွားပြီ၊ ရှင့်မော်တော်ကားကြီးနဲ့ဆိုတော့ သူမြန်မြန် ဆန်ဆန် သွားနိုင်တာပေါ့၊ ရှင့် ကားကိုလဲ ဘယ်လိုနည်းနဲ့မှ ရှင် ရှာလို့မတွေ့နိုင်တော့ ဘူး"
မက်ဂ်ဒါလီးနား က ဘရန်းဒီး၏ မျက်နှာကို ရွံရှာစက်ဆုပ်သော မျက်နှာထားဖြင့် မော့်ကြည့်သည်။
"ရှင်က ဘယ်လိုများ မျှော်လင့်ထားလို့လဲ သခင်ကြီးရဲ့၊ ရော့ဒရီးဂိုး ဆိုတဲ့လူက သူ့ကို ရဲလာဖမ်း တဲ့အထိ ထိုင်စောင့် နေရမှာလား၊ ရော့ဒရီးဂိုး ဆိုတာက သူ့နာမည်လေ၊ ရော့ဒရီးဂိုးအီစပန်တာရိုး တဲ့၊ သူဟာ သူခိုး၊ ဒမြ၊ ရာဇ၀တ်ကောင်၊ အရူး သိလား၊ သူက ရှင့်ကို လှလှပပ ပိပိရိရိကလေး အရူး လုပ်သွားတာ...၊ ကျွန်မ ကိုလဲ ဒီလိုပဲ လုပ်သွားတာပဲ၊ သူ လူတိုင်းကို လုပ်နေကျပဲဟာ...။
သူဟာ ကျွန်မလင်မဟုတ်ဘူး၊ ကျွန်မကသာ သူ့မိန်းမဖြစ်နေတာ၊ မက်ဒရစ်မြို့ မှာ လူချင်းတွေ့ပြီး ကျွန်မတို့ အဖွဲ့ဖြစ်လာကြတာ၊ ပြောတုန်းကတော့ ကျွန်မအပေါ်မှာ သစ္စာ မဖောက်ပါဘူးတဲ့၊ ကောင်းကောင်း လှည့်စား ပြီး ကျွန်မကို ခိုင်းစားသွားတာ၊ သူ့အလုပ်မှန်သမျှ ကျွန်မကချည်း ဒိုင်းခံလုပ်ပေးခဲ့ရတယ်၊ လူပျင်း လူညစ် တစ်ယောက်အတွက် ကျွန်မက ကျွန်တပိုင်း ဖြစ်ခဲ့ရတယ်၊ အခုတော့ မရှိတော့ဘူး၊ လစ်သွားပြီ"
ပြောယင်း ပြောယင်းနှင့်ပင် မက်ဂ်ဒါလီးနား၏ အသံသည် ကျယ်လောင်လာသည်။
"ရဲတွေ သူ့နောက်လိုက်နေပြီဆိုတာ ရှင်က ဘာပြုလို့ သူ့ကို အသိပေးရတာလဲဟင်၊ ကွယ်ရာကနေ ပြီး ရှင့်ကို သူသရော်ခဲ့တဲ့ စကားတွေများ ရှင် ကြားရယင် ဘယ်လိုနေမလဲ မပြောတတ်ဘူး၊ ရှင့်ကို ရော၊ ရှင့်ရဲ မိတ်ဆွေ လူဖလံ ပါမောက္ခကိုရော၊ သူက သရော်ခဲ့တာ၊ ရှင့်ကိုကျတော့ စည်သွတ်ငါး ကြီးတဲ့၊ ဟို ပါမောက္ခ ကိုတော့ ပုစွန်ဆိတ်တဲ့၊ ရှင်တို့စုံတွဲကို သူပေးထားတဲ့ နာမည်ပေါ့၊ ဂျိုစီကို မကောင်းကြံတာ သူပဲ၊ ရှင် တွေးမိရဲ့လား၊ သူက ဂျိုစီကို သိပ်မုန်းတာ၊ ဒါကြောင့် ဂျိုစီကို ထောင်ထဲ ရောက်အောင် ပို့မယ်လို့ အမြဲ ကြိမ်းမောင်း နေတာ၊ ရှင့်သား နီကိုလတ်စ်ကိုလဲ သူ သိပ်မုန်းတယ်၊ အခုလောလောဆယ်တော့ ရှင့်ရဲ့ စိန်ရွှေ တွေကို သူပိုင်သွားတာပေါ့ရှင်၊ ကဲ ရှင် ဘာများ တတ်နိုင် သေးလဲ"
မက်ဂ်ဒါလီးနား ၏ တကိုယ်လုံး သိုးသိုးသိမ့်သိမ့် တုန်လှုပ်တာသည်။ ပြီးတော့ အရူးတယောက် သဖွယ် ငိုနေယင်း မှ အူလှိုက်သည်းလှိုက် ထ၍ ရယ်သည်။
"အခုဆိုယင် သူပစ္စည်း အများကြီးရသွားတာပဲ၊ ရှင်တော့ ကောင်းကောင်းကြီး အထိနာသွားပြီ၊ အသာ ကလေး စောင့်ပြီး ကြည့်ဦးပေါ့လေ"
မက်ဂ်ဒါလီးနားသည် ငိုတခါ ရယ်တလှည့် ဖြစ်နေဆဲ...။ ပါးစပ်ကလည်း တောင်စဉ်ရေမရ စကား တွေ ပြောနေသည်။ မျက်ရည်များသည် ပါးပြင်နှစ်ဘက်ပေါ်သို့ စီးဆင်းကျနေသည်။ ဤမိန်းမ၏ အခြေအနေမှာ သူ့ကိုယ်သူ ထိန်းနိုင်သည့် အခြေအနေမျိုး မဟုတ်။
ဘရန်းဒီးသည် ဤမိန်းမနှင့် စကားပြောချင်စိတ် မရှိတော့။ သူ့ဘက်က ချက်ချင်းပင် လက်မြှောက် အရှုံးပေး လိုက်သည်။ သူသည် စားပွဲပေါ်မှ ဖယောင်းတိုင်ကို ယူ၍ ထွန်းညှိလိုက်ပြီး မီးဖိုခန်းထဲမှ ထွက်လာခဲ့၏။ သူ့လက်ထဲမှ ဖယောင်းတိုင်မီးရောင်သည် တလက်လက်...။ ခန်းမထဲမှာတော့ အခြေအနေမပျက်။ အားလုံး နဂိုအတိုင်း။ အပေါ်ထပ်သို့ တက်ကာ သူ့အိပ်ခန်းထဲသို့ ၀င်ပြီး ဓာတ်ငွေ့ မီးကို ထွန်းသည်။
အိမ်ခန်းတခန်းလုံး ကျွမ်းထိုးဖောက်ခုံ ဖြစ်လျက် ရှိသည်။ အံဆွဲဟူသမျှ ဆွဲထုတ်ပြီး ကြမ်းပေါ်၌ ချထားသည်။ အ၀တ် အစားများမှာလည်း ဟိုတထည် သည်တထည် ပြန့်ကြဲလျက် ရှိ၏။ ကောင်းပေ့ ဆိုသည့် အင်္ကျီ ဘောင်းဘီ ၀တ်စုံများမှာ အခန်းထဲတွင် မရှိတော့။ မှန်တင်ခုံအံဆွဲထဲ၌ ထည့်ထား သည့် ငွေထည် ပစ္စည်းများ မှာလည်း တခုမျှ မကျန်။ တခန်းလုံးမြေလှန် ရှာပြီး အဖိုးတန်ပစ္စည်း ဟူသမျှကို ယူသွားခြင်း ဖြစ်၏။ သို့သော်လည်း ဤပစ္စည်းများအတွက် ၀မ်းနည်းခြင်းလည်း မဖြစ်။ နှမြောခြင်းလည်း မရှိ။ ကြမ်းပြင် တနေရာတွင် မီးလောင်ထားသော အထုပ်တထုပ်...။ ပထမတော့ ဘာပစ္စည်းမှန်း ခွဲခြား၍ မရ။ သေသေချာချာ ထပ်ကြည့်တော့မှ သူ့စာမူထုပ်ကြီး ဖြစ်နေသည်။ စာမူ ထုပ်တထုပ်လုံး ရစရာမရှိအောင် မီးလောင် ထားသည်။
သူသည် သက်ပြင်းတချက် ချလိုက်မိ၏။ အရောင်အဆင်း ကင်းမဲ့လျက်ရှီသော ဘရန်းဒီး၏ မျက်နှာ သည် စာမူ ထုပ်ပေါ်မှ ခွာ၍ မရ။ သူ့အတွက် ကြီးလေးသော အပြစ်ဒဏ်တခုပေတည်း။ ဘ၀ တသက်တာအတွက် အနှစ်နှစ် အလလ ကြိုးပမ်းထားခဲ့ သမျှသည် ပျက်စီးဆုံးရှုံးခဲ့ရလေပြီ။ သူ ရသင့်ရထိုက်၊ ခံစားသင့် ခံစား ထိုက်သော အပြစ်ဒဏ်တခုဟုပင် ယူမှတ်ရပေတော့မည်။ ကျလု နီးနီး ဖြစ်နေသော မျက်ရည်စများကို မကျ အောင် ထိန်းသည်။ သူသည် မေ့မေ့လျော့လျော့ ဖြစ်ကာ အတန်ကြာမျှ ငေးငိုင်၍ ရပ်နေမိသည်။ ထို့နောက် စောစော က ယူလာခဲ့သည့် ဖယောင်းတိုင်ကို ပြန်ကောက်ကာ သူ့သား၏ အိပ်ခန်းဘက်သို့ ကူးခဲ့လေ၏။
သူ့သား၏ အိပ်ရာသည် ခြေရာ လက်ရာမပျက်။ မူလခင်းထားသည့် ပုံစံအတိုင်း အရာမယွင်း။ တနေ့ခင်းလုံး သူ့သားအိပ်ခဲ့သည့် လက္ခဏာမရှိ။ အေးမြသော လေသည် သူ့နောက်ကျောကို လာရောက်ထိ တွေ့သည်။ နောက်သို့ လှည့်ကြည့်မိလိုက်၏။ ခြေရင်းဘက်မှ ပြတင်းပေါက်တံခါး အားလုံး ဖွင့်ထားပါကလား။ သူ့ ဒူးနှစ်ဘက် သည် လဲကျသွားတော့မည့်နှယ် ကွေးညွှတ် ကျလာ သည်။ သူ့ကိုယ်သူ မနည်းကြီး အားယူ၍ ထိန်းထား ရသည်။ သူ့လည်ချောင်းအတွင်းမှ ရှိုက်သံ တချက်ထွက်လာသည်။ သူသည် ကြောက်လန့် တကြား ဖြစ်ကာ အိမ်အောက်ထပ် မီးဖိုခန်းဆီသို့ အပြေးအလွှား ဆင်းလာခဲ့မိသည်။
"ငါ့သား ... " သူ့နှုတ်ဖျားမှ ထိတ်လန့်ဆို့နင့်စွာ ထွက်လာသည်။ "ငါ့သား ... နီကိုလတ်စ် ဘယ်မှာလဲ"
မက်ဂ်ဒါလီးနား မှာ အတော်ကလေး တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီ။ သို့သော်လည်း သူ ပြန်ရောက် သွားသည့်အခါ ပြူးတူးပြဲတဲ ဖြစ်လာသည်။ ဒေါသအရှိန်လည်း ပြန်တက်လာသည်။
"ဘယ်မှာလဲဟဲ့၊ ဟုတ်လား၊ ဟား...ဟား...ဟား၊ ဟို ... ဘီလူးသရဲက တအိမ်လုံး မွှေနှောက်နေတဲ့ အချိန်မှာ ရှင့်သား က ငြိမ်းချမ်းစွာနဲ့ အိပ်ပျော်နေနိုင်လိမ့်မယ် ရှင် ထင်နေသလား"
ကောင်စစ်ဝန် က ရှေ့သို့ တိုးလာသည်။ မက်ဂ်ဒါလီးနားအား စူးစူးရဲရဲ ကြည့်သည်။
"င့ါကို အခုပြောစမ်း"ဟု အော်သည်။
ပထမတော့ တင်းမာသော မျက်နှာထားဖြင့် ပြန်ကြည့်နေသေးသော်လည်း ကောင်စစ်ဝန်၏ အကြည့်ကို မြင်သောအခါ ငြိမ်သွားသည်။
"ဂရေစီယာက သူ့ကို လက်ဖျားနဲ့တောင် မတို့လိုက်ရဘူး" ဟု ဆိုသည်။ "ရှိနေယင်တော့ လုပ်ချင် လုပ်မှာ၊ ဒါပေမယ့် ... နီကိုလတ်စ်က ထွက်သွားနှင့်ပြီ၊ ဒီကနေ့ နေ့ခင်းပိုင်းမှာ အထုပ်ကလေး တထုပ်ယူပြီး ထွက်ပြေး သွားတယ်" ဘရန်းဒီး၏ ပါးစပ်မှာ ခြောက်သွေ့လာသည်။
"သူ ဘယ်သွားတာလဲ"
"ကျွန်မက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ" ဟု မက်ဂ်ဒါလီးနားက ဒေါသတကြီး ပြန်ပြောသည်။ "သူလမ်းမတိုင်း ပြေးသွား နေတာ မြင်လို့ ကျွန်မက မီးဖိုချောင် ပြတင်းပေါက်ကနေပြီး အော်ခေါ် သေးတယ်၊ ဒါပေမယ့် မရဘူး၊ ကျွန်တော်အရေးတကြီး သွားစရာကိစ္စတခု ရှိနေလို့ပါလို့ အော်ပြော သွားတယ်၊ ပြီးတော့ ... ကျွန်တော် ငါးမျှား သွားမလို့ပါလို့ ထပ်အော်သွားတာပဲ"
ပထမတော့ မကင်ဂ်ဒါလီးနား၏ စကားကို သူ မယုံ။ နားလည်မလည်။ သို့သော်လည်း ချက်ချင်းပင် သူ့ဦးနှောက်တွင်းသို့ အသိတခု ၀င်လာသည်။ ဟေးလီးဗီးက သူ့အား ပြောခဲ့ဖူးသည်။ နီကိုလတ်စ် သည် တော်ရီဒိုးဘက်သို့ ဂျိုစီနှင့် အတူတူသွား၍ ငါးမျှားခဲ့ဖူးသည် ဟူသောစကား...။ ယနေ့ ဂျိုစီ သည် မီးရထားပေါ်မှ ခုန်ချကာ လွတ်မြောက်ဖို့ အားထုတ်ခဲ၏။ အကယ်၍ လွတ်ခဲ့ပါမူ ဂျိုစီသွား မည် နေရာသည် တောင်တန်း များပေါ်မှ မြစ်ဆီသို့ပင် ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် သူ့သား နီကိုလတ်စ်သည် သူ၏ သူငယ်ချင်း ဂျိုစီနှင့် တွေ့ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အိမ်မှ ထွက်သွား ခြင်း ဖြစ်ပေလိမ့်မည်။
ဘရန်းဒီး၏ တကိုယ်လုံးပျော့ခွေ နုံးချည့်လာသည်။ ရထားပေါ်တွင် ကြုံခဲ့ရသည့်အတိုင်း ချောင်ချား သောစိတ် ဖြစ်လာသည်။ တချိန်တည်းမှာပင် ... သူ့သား၏ ရုပ်ပုံလွှာသည် သူ့မျက်စိထဲတွင် ပေါ် လာသည်။ တယောက်တည်း တောင်ကုန်းများကြား၌ တလည်လည် ဖြစ်နေသည့် သူ့သား...။ အခုလို မုန်တိုင်း ထန်မည့် ည...။ မှောင်ကြီးမည်းမည်းထဲတွင် တယောက်တည်း...။
တချက်မျှ ဝှေ့ယမ်းတိုက်ခတ်လာသည့် လေရှိန်ကြောင့် တရုတ်ကတ်များသည် ယမ်းခါသွားသည်။ သူသည် စိတ်ကို အေးအေးထားနိုင်အောင် ကြိုးစားသည်။ ထို့နောက် ခန်းမထဲသို့ ပြန်ဝင်လာခဲ့ သည်။
သူ့မှာ ဤမျှလောက် အထီးကျန်နိုင်လှသည့် အဖြစ်မျိုးနှင့် တကြိမ်တခါမျှ မကြုံစဖူး။ အခုလို အကူ အညီ လိုနေသည့် အချိန်မျိုးတွင် မည်သူ့ကို သူ အားကိုးရပါမည်နည်း။ သူ့ခေါင်းထဲသို့ တခုသော အမည်သာလျှင် ၀င်လာသည်။ တခြား လူမဟုတ်။ သဘောကောင်းရှာသော အေလ်ဗင်ဘာတန်...။ မကြာသေးခင်ကပင် သူ့အား အကြံကောင်း ဥာဏ်ကောင်းများ ပေးခဲ့ဖူး၏။ သူကတော့ တဘက် သတ် အမြင်ဖြင့် ဘာတန် ပေးသည့် အကြံဥာဏ်များကို ပယ်ချပစ်ခဲ့သည်။ မည်သို့ပင် ဖြစ်စေ အခုအချိန်မှာတော့ ဘာတန်မှ တပါး အားကိုး စရာလူမရှိ။ သူသည် တယ်လီဖုန်းကို ကောက်ယူ သည်။ လိုသောနံပါတ်ကို တောင်းသည်။ တဘက် မှ ဘာတန်၏ အသံ...။ အဖြစ်အပျက်ကို အကျဉ်း ရုံး၍ ရှင်းပြပြီး သူ့အိမ်သို့ ကားတစီးနှင့် အမြန်ဆုံး လာဖို့မှာသည်။
ဘရန်းဒီးသည်မိုးတဖြန်းဖြန်းပက်နေသည့် ဆင်ဝင်အောက်မှ ရပ်ကာ ဘာတန်ရောက်အလာကို စောင့်သည်။ အချိန်က ကုန်ခဲပါဘိခြင်း...။ မကြာခင် မော်တော်ကားဟွန်းသံသဲ့သဲ့ ကြားရသည်။ အငှားကား တစ်စီး...။ အိမ်ခြံဝင်းအတွင်းသို့ အရှိန်ပြင်းစွာ မောင်းဝင်လာသည်။ ဘရန်းဒီးက မော်တော်ကား သူ့အနား ရောက်လာ သည်အထိ မစောင့်။ ကားဆီသို့ အေ အပြေးအလွှားသွားကာ ကားတံခါးကို ဖွင့်၍ ၀င်ထိုင်သည်။
"ကားသမားကို လော်ရီဒိုဘက် မောင်းခိုင်းပါ" ဟု သူက ဘာတန်အား လှမ်းပြောသည်။
မော်တော်ကားသည် နောက်သို့ ပြန်ကွေ့ကာ လာလမ်းအတိုင်း ပြန်ထွက်သည်။ ဘရန်းဒီးသည် စိတ်မော လူမောဖြစ်ကာ နောက်သို့ မှီထိုင်လိုက်သည်။ ဂျိုစီ သေဆုံးသွားသည့် သတင်းကိုတော့ ဘာတန် ကြားပြီး လောက်ပြီဟု သူတွေးမိသည်။ သို့သော်လည်း သူ မမေးရဲ။ ပြောလည်း မပြောဝံ့။ဘာတန်ကိုယ်တိုင်ကလည်း နှုတ်ဆိတ် လျက် ရှိသည်။ ပြောစရာ စကားရှာ၍ ရဟန်မတူ။ နောက်ဆုံးကျတော့ ဘာတန်သည် စကားမရှိ စကားရှာ ၍ စပြောသည်။
"မော်တော်ကား ငှားလို့ရတာ ကံကောင်းတယ် ... ခင်ဗျ၊ ၀န်မင်း ... နေကောင်းပါတယ် ... နော်"
ဘရန်းဒီးက အဖြေမပေး။ လက်ပြပြီး မော်တော်ကားကို အမြန် မောင်းဖို့သာ ခိုင်းနေသည်။
"မြန်မြန်မောင်း ... ကွာ။ မြန်မြန် ... " သူသည် အချိန်အတော်ကြာမျှ ညငိမ်နေပြန်သည်။ ပြီးမှ သူ့ကိုယ်သူ ပြောနေသည့် အလား စကားတခွန်း ပြောသည်။ "ငါ့သားကို လိုက်ရှာနေတာ"
"နီကိုလတ်စ် ... လား" ဟု ဘာတန်က တအံ့တသြ ရေရွတ်သည်။ "သူ အခု တော်ရီဒိုမှာ ရောက် နေသလား"
"အဲဒီကို သွားမယ်ဆိုပြီး နေ့လယ်ကတည်းက ထွက်သွားတယ်လို့ ပြောတယ်၊ ဟိုကိုရောက်မယ် မရောက်ဘူး ဆိုတာတော့ အတိအကျ မသိဘူး"
"ဒီလိုဆိုယင်တော့ ရှာလို့တွေ့မှာပါ၊ စိတ် သိပ်ပူမနေပါနဲ့ ခင်ဗျာ"ဟု ဘာတန်က နှစ်သိမ့်စကား ပြောသည်။
ဘာတန်၏ အားပေးစကားသည် သူ့နှလုံးသားကို ဓားထက်ထက်နျင့် ထိုးစိုက်လိုက်သည့်နှယ် ဖြစ် သွားသည်။ သူ့လက်တဘက်သည် ဘာတန်၏ လက်တဘက်ကို လှမ်း၍ ဆုပ်ကိုင် ဖျစ်ညှစ်ထား သည်။ "ငါ့မှာ ဒီလို ဖြစ်သွားစေချင်တဲ့ စိတ်မရှိခဲ့ပါဘူး ဘာတန်ရယ်၊ ယုံပါ၊ တကယ်ပြောတပါ"ဟု ယူကျုံးမရ ဖြစ်လွန်း သော အသံဖြင့် ရေရွတ်သည်။ ဘာတန်က သူ့မျက်နှာကို တအံ့တသြ မော့် ကြည့်သည်။ သူကတော့ ပြန်မကြည့်။ မိုးရေများ ရွှဲစိုနေသော ကားပြတင်းမှ အပြင်သို့ ငေးကြည့်နေ သည်။
မော်တော်ကားသည် ကားလမ်းမကြီးပေါ်မှ ဖဲ့ဆင်းကာ တော်လမ်းပေါ် ရောက်လာသည်။ ထို့နောက် တောင်ပေါ်လမ်းများပေါ်သို့ တက်စပြုနေသည်။ လမ်းချိုးလမ်းကွေ့များနှင့်လည်း မကြာ ခဏ ကြုံရသည်။ တခါတရံ ကားသည် ရွှံထူထပ်သော လမ်းပေါ်ဝယ် ချော်သွား တတ်သည်။ မော်တော်ကား ရှေ့မီးနှစ်လုံးဆီမှ ၀ါထိန်သော မီးရောင်သည် လူသူကင်းမဲ့နေသော လမ်းပေါ်သို့ ထိုးကျလျက် ရှိလေသည်။
တနေရာတွင် ဘာတန်၏နှုတ်မှ ၀မ်းသာအားရ ရေရွတ်သံတချက် ထွက်လာသည်။ ကောင်စစ်ဝန် က မျှော်လင့်ချက်ကြီးစွာဖြင့် ခေါင်းထောင် ကြည့်သည်။ ကားမီးရှေ့ မီးရောင်အောက်တွင် လူတယောက်...။ သို့သော်လည်း ထိုလူမှာ ညဘက် အလုပ်ဆင်းလာသည့် လယ်ယာလုပ်သား တဦး...။
နောက်ဆုံးတွင် မော်တော်ကား ရပ်သွားသည်။ "တော်ရီဒိုကို ရောက်ပြီ"ဟု ကားသမားက ပြော သည်။
"ကားကို ဘာပြုလို့ ရပ်ရတာလဲ"ဟု ကောင်စစ်ဝန်က မေးသည်။
"ဆီညော်က တော်ရီဒိုကို သွားမယ်လို့ ပြောခဲ့တာပဲ၊ အခု ကျွန်တော်တို့ တော်ရီဒိုကို ရောက်ပြီ" ဟု ကားသမား က ပြန်ဖြေသည်။
"ကိစ္စ မရှိဘူး။ ကားကို ဆက်မောင်း"ဟု ဘရန်းဒီးက ခိုင်းသည်။
"ကျွန်တော်တို့ ဒီမှာ ခဏတဖြုတ် ဆင်းပြီး သတင်းလေး ဘာလေးရလိုရငြား စုံစမ်းကြည့်ယင် မကောင်း ဘူးလား" ဘာတန်က လိမ္မာပါးနပ်စွာဖြင့် အကြံပြုသည်။ လက်မှ နာရီကိုလည်း တချက် မြှောက်ကြည့် သည်။ ဆယ့်တနာရီ ထိုးပြီး၍ ငါးမိနစ်ပင် ရှိလေပြီ။ "အချိန်ကအတော်ကြီးကို နောက်ကျနေပြီ"
"ဆက်သာ မောင်းပါကွာ"ဟု ကောင်စစ်ဝန်က ဆိုသည်။ ကားသမားသည် စိတ်ရှုပ်ဟန်ဖြင့် ပခုံး များကို တွန့်လိုက် ပြီး ဆက်မောင်းသည်။ မော်တော်ကားသည် ရွာငယ်ကလေးတရွာကို ကျော်ဖြတ် လာခဲ့လေ သည်။
ရွာငယ်၏ တဘက်သို့ ရောက်သောအခါ လမ်းသည် ပိုဆိုးလာသည်။ ရေတိုက်စားထားသဖြင့် ချိုင့်တွေ ခွက်တွေနှင့် ပြည့်လာသည်။ မော်တော်ကားမှာ ပက်ကျိလမ်းသွားသည့်နှယ် ဖြစ်လာ သည်။ လမ်းပေါ်တွင် ဘာမှ ထူးထူးခြားခြား မမြင်ရ။ ကားသမားက နောက်သို့ လှည့်ပြီး ဘာတန်ကို ကြည့်သည်။ ထိုအခိုက်မှာပင် လမ်း၏ အစွန်းတဘက်တွင် မည်းမည်းအရိပ်တခုကို လှမ်းမြင်လိုက်ရ ၏။
"ဟိုမှာ ... နီကိုလတ်စ်"ဟု ဘာတန်က အော်သည်။
ကောင်စစ်ဝန်သည် ကားပြတင်းမှနေ၍ အပြင်သို့ ကြည့်သည်။ သူ့မျက်နှာထားမှာ လူကောင်း တယောက် နှင့် မတူ။ ရုတ်တရက် စိတ်ဖောက်ပြန်သွားသူ တဦးနှင့် တူနေသည်။ သူ့အနေဖြင့် သူ့သားကို အသက်ရှင် လျက် ပြန်တွေ့ရတော့မည် မဟုတ်ဟု အခိုင်အမာ တွက်ထားသည်ဖြစ်ရာ ဘာတန်၏ စကားကို မယုံကြည် နိုင်အောင် ဖြစ်လျက် ရှိသည်။ အော်သံ ကြားလိုက်ချိန်မှစ၍ သူ့ အကိုယ်လုံး အေးစက် သွားသည်။ သူ့မျက်လုံးများမှာ အဆမတန် ပြူးထွက်လာသည်။ အထင်မဟုတ်...။ သူ့သားမှ သူ့သားအစစ်။ ကားရှေ့ တည့်တည့်မှ ရပ်၍ ကြည့်နေခြင်း...။ ကျောပိုး အိတ်ကလေးကိုလွယ်လျက်...။ သူ့သား မသေ...။
ကောင်စစ်ဝန် ၏ နှုတ်မှ အော်သံ တချက် ထွက်လာသည်။ သူသည် ကားတံခါးကို ဆောင့်ဖွင့် လိုက်ပြီး သူ့သား ရှိရာသို့ ပြေးသည်။
"နီကိုလတ်စ်...ဟု အော်ခေါ်သည်။ ပြီးတော့ ရှိုက်ကြီးတငင် ငိုသည်။ "သား...၊ သား၊ ငါ့သားလေး"
အခန်း (၂၂) ဆက်ရန်
.

2 comments:
တကယ်တော့ ကောင်စစ်ဝန်က သူ့အပြစ်သူခံရပေမဲ့..
သနားစရာအကောင်းဆုံး လူသားပါ။
သူ့လိုမဖြစ်အောင် အတုယူထိုက်ပါတယ်။
ကျေးဇူး..အမရာ..ဖတ်ရတာ ဆန့်ငင်င်ဖြစ်နေတ်..ပီးကာနီးလေ..ဇာတ်လမ်းက climax ကိုရောက်လေ.. ဘာဖြစ်မလဲဆိုတဲ့စိတ်နဲ့ဖတ်နေရတာ.. အရမ်းစွဲဆောင်မှုရှိတယ်။
မြတ်နိုး
နီကိုလတ်လေးကို ပြန်တွေ့ရလို့ တော်သေးတာပေါ့..
အော် လူဆိုးပဲဖြစ်ဖြစ် လူကောင်းပဲဖြစ်ဖြစ် ကိုယ့်သားကိုတော့ အသက်လောက်ချစ်ကြတာပဲနော်။ မိဘမေတ္တာကြီးမားလှပါပေတယ်..
အစ်မရေ ကျေးဇူးတင်ပါတယ်.
လသာည ဖြစ်ပါတယ်။
Post a Comment