မမေ့နိုင်သည့်ထမင်းစားပွဲ
နယူးယောက်မြို့ကိုသာ ရောက်ရှိနေသော်လည်း လန်ဒန်မြို့ရဲ့ ရှုခင်းအလှတွေနဲ့ သူတို့ နိုင်ငံရဲ့ ရာသီဥတု အခြေအနေ အပြင်၊ လန်ဒန်ကို ရောက်ရှိနေကြတဲ့ မြန်မာပြည် မှ မိတ်ဆွေတစု တို့ရဲ့ အရေးအယူ ပြုစု ယုယ ဧည့်ခံမှုတွေကိုလဲ မမေ့နိုင်သော ကျေးဇူးတင်ခြင်းဖြင့်၊ မှတ်တမ်း အဖြစ် တင်လိုပေ သေးသည်။
လန်ဒန်မြို့မှာ ပူအိုက်သော နွေရာသီဟုခေါ်စေကာမူ မမခင်တို့ ဗမာပြည် ဆောင်းဥတုရဲ့ နံနက် ချိန်လောက် အေးပါသည်။ မကြာခဏ နေရောင်ကိုမြင်ရပါ၏။ သို့နှင့်နေခြည်ဖြာပါသော် လည်း ကား တလှည့် မီးရထားတလှည့် ခြေကျင်တလှည့် မနားမနေ သွားနေကြရာတွင် မပင်ပန်းဘဲ အလွန်ခရီး တွင်ပါ ပေသည်။
လန်ဒန်မှာ နေ့စဉ် မမခင်တို့တည်းခိုသော ဟိုတယ်မှာ ဆောက်(သ်) ကင်စင်တန် ရပ် ကွက်ရှိ၊ (ရဲင်ဗရင့်) ဟိုတယ်ဖြစ်၍ ၀ိတိုရိယ အယ်လဘတ် မြူးစီယာန် အဆောက်အဦးကြီးနှင့် မျက် နှာချင်းဆိုင် နေသော ကြောင့် ပြတိုက်ကြီးသို့ မကြာခဏ၀င်ကြည့်နိုင်သော အခွင့်အရေးတခုကို ရရှိ နေရပေသည်။
၎င်းဟိုတယ်မှာ ကမ္ဘာကျော် ပန်းချီဆရာကြီး(ရဲင့်ဗရင့်)ကို အစွဲပြု၍ မှည့်ခေါ်ထားသော နာမည်ကြီး စာရေးဆရာ ပန်းချီဆရာစတဲ့ အနုပညာသည်တို့ နားနေရာ တိတ်ဆိတ်ငြိမ်သက် ဣနြေ္ဒသိက္ခာရှိ လူကြီး လူကောင်း များအကြိုက် ဟိုတယ်ကြီးဖြစ်သည်ဟု အဆိုရှိသည်နှင့်ကိုက်ညီ အောင် တိတ်ဆိတ် ငြိမ်သက် လှပါ ပေသည်။
အင်္ဂလိပ် မြန်မာမိတ်ဆွေများ၏ တလှည့်စီဘိတ်ခေါ်ကျွေးမွေးဧည့်ခံကြခြင်း။ ရောက်ထိုက်၊ ကြည့်ထိုက် သော နေရာမှန်သမျှ လိုက်လံပြသကြခြင်းကြောင့် (၁ဝ)ရက်မျှသာ ကြာခဲ့သော်လည်း လန်ဒန်မြို့ကြီးကို ခြေရာထပ် နေပြီဟုပင် အထင်မှားလောက်အောင် နေ့ရာညပါရပ်နားခြင်း မရှိခဲ့ပါ။
ကျမ္မာရေးမှာ လန်ဒန်ရာသီဥတုနှင့် အစားအစာအသွားအလာကို ထောက်ခံနေသလို အံ့အားသင့် လောက်အောင် ကောင်းလာသည်ကို တွေ့ရပေသည်။ ရန်ကုန်တွင် နေ့စဉ်က ကြက်ဆွတ်ပြုတ်၊ ငါး ကက်ထလိပ်၊ လိမ္မော်သီး၊ ပန်းသီးလောက်နဲ့ တနေ့တကြိမ်သာ လက်ခံခဲ့သော အစာအိမ်မှာ အတော် တိုးတက် လာပါသည်။
ဟိုတယ်မှကျွေးသော ဘရိပ်(ခ)ဖတ်(စ်)နံနက်စာ၊ လန့်(ချ)နေ့လည်စာ။ ဒင်းနားညစာ တို့ကို သုံးကြိမ် စလုံး စားနိုင်လာသည်။
တနေ့လည် သံအမတ်ကြီး ဦးကာစီ ဘိတ်ကြားသော နေ့လည်စာတွင် အာလူးနှင့် ပေါင်မုန့်ကို အတော် ကလေး စားနိုင်သည်။ ထိုနေ့မှာပင် ညစာကို ဘီ-ဘီ-စီ-အသံလွှင့်ဌာန ဦးတင်မောင်အိမ်မှ မြန်မာထမင်း ချက်ပြုတ် ကျွေးမွေးဧည့်ခံပြန်ရာတွင် ထမင်းသာမက ဘယ်သော အခါကမှ မတဲ့သော ပြောင်းဖူးကြော် ကိုပင် တ၀ စားခဲ့မိသည်။
နောက်နေ့ဘာမှမဖြစ် ဆေးလည်းမသောက်ရ ရန်ကုန်တုန်းကဆိုလျှင် တကြိမ်အစားမှား သွားက ဆရာဝန် ပြေးခေါ်ရ၊ ဆေးဆိုင်လွှတ်ရ၊ ဆေးပုလင်းစင်နား ရှာရဖွေရနှင့် အတော်လေး ဒုက္ခ ပေးသော အစာအိမ် ပေါ့။
ယုဝတီဂျာနယ်နှင့် အိမ်ရှင်မများအတွက် (ဘီ-ဘီ-စီ) ဦးတင်မောင် ထမင်းပွဲအကြောင်း နဲနဲ ရေးစရာ ရှိသေးသည်။ ဦးတင်မောင်တို့ရဲ့ နေအိမ်ဟာ သိမ်းမြစ် တဘက်ကမ်းမှာရှိပြီး မမခင်တို့ တည်းခိုတဲ့ နေရာ နှင့် မိနစ်၂၀မျှ သွားရသည်။
တယ်လီဖုံးနှင့် မမခင်တို့ရှိမရှိမေးပြီးမှ သူတို့ထမင်းစားဘိတ်ကြားခြင်းဖြစ်သည်။ လာနိုင် ပါသည်။ ယခု လာခဲ့ပါပြီဟု စကားပြန်လိုက်မှ ကောက်ခါငင်ခါ ချက်သည့် ထမင်းပွဲတဲ့။
အငွေ့ တထောင်းထောင်းထသော ဘဲဥပုံဟင်းပန်းကန်ကြီးတွေ သယ်လာလိုက်သည်မှာ အံ့သြစရာပင် (ဘိလပ် ငါးဆီပြန်ချက် ကို ငြုတ်သီးရဲရဲနှင့် တမျိုး)၊ အုန်းသီးနှင့်ကြက်သား။ အမဲသား ခါးပတ်ကြော်၊ အလွန် ချိုသည့် ပြောင်းဖူးကြော်ဟင်းချို၊ ငါးပိချက် သီးစုံရွက်စုံ တို့စရာ တဗန်းကြီးနှင့် တခမ်းတနား တွေ့ရသည်။
နာမည်ကျော် စားတော်ကဲကြီး ဦးတင်အောင် ကိုယ်တိုင် မိနစ်အနည်းငယ်အတွင်း ချက်ပြုတ် ဖန်တီး လိုက်သော ထမင်းပွဲကြီး ကို အတော်ချီးကျူးမိကြသည်။
မမခင်တို့သာမဟုတ်သေး၊ ဗမာပြည်မှရောက်သည့် ဧည့်သည်တော်များဖြစ်ကြတဲ့ ဦးဘအေး၊ ဆရာဦးဘခို၊ ဆရာဦးအေးမောင်၊ ဆရာမြင့်ရှိန်စသည်ဖြင့် တပျော်တပါး စားကြသည်။ မမခင် က ဒီ ထမင်း စားပွဲ ကို အမြန်ဆုံး ဘယ်ပုံဘယ်နည်း ဖန်တီးပါသလဲ...ဟု စောဒကတက်မိရာ၊ ပြောင်းဖူး၊ ကြက်သား၊ အမဲသား၊ ငါး...အားလုံး ခုတ်ပြီးလှီးပြီးတွေကို သွတ်ဘူးကြီးတွေထဲမှာ ဖေါက်ယူပြီး ဆီသတ်ရုံလေးပါဘဲ ဟု ပြောပြတော့မှ ပြဿနာရှုင်းလေတော့သည်။
ဗမာပြည်မှ အိမ်ရှင်မတွေရဲ့ အလွန်သနားစရာ ကောင်းသည် မီးဖိုဆောင်အခက်အခဲကို ပြေး သတိရ မိလေ တော့သည်။
မြန်မာပြည်မှာသာ အခုလို သစ်သီးသစ်ရွက် သားငါးပုဇွန်၊ ရာသီလိုက်ပေါ်သော အစားအစာတွေကို အဲဒီလို စည်သွတ်ဗူး တွေ ပြုလုပ်ထားနိုင်မည်ဆိုပါက အိမ်ရှင်မများ ဘယ် လောက်သက်သာမလဲနော်။
ရှားသည့်အခါလည်း အဖိုးကြီးပေးဝယ်ရသော အခက်အခဲမျိုးလည်း တွေ့ရမည်မထင်။ အချိန်မရွေး ဈေးပြေးဝယ်၍ မရနိုင်သော ဒုက္ခမျိုးလဲမရှိအောင် ပြည်တော်သာ စီမံကိန်းထဲမှာ ဒါမျိုး တွေပါ ထည့်စီစဉ် ပေးနိုင်မယ် ဆိုရင် ဗမာအိမ်ရှင်မများဟာ မီးဖိုချောင်တာဝန်အတော်ပင် ချောင် လည်လာမည်။ အချိန်ပို ရလာမည်။ စရိတ်စက သက်သာလာမည်။
အချိန်ပိုရသည့် အတွက် တိုင်းပြည်အတွက်သော်၎င်း၊ တဖက်တလမ်းက ငွေဝင်မည့် လုပ်ငန်း တခုခု ကို၎င်း၊ ယခုထက် ဆောင်ရွက်လုပ်ကိုင်နိုင်ကြမည်ဟု မျှော်မှန်းမိပေသည်။ မမခင် တို့ လန်ဒန်ကနေပြီး ပြင်သစ်ရဲ့ မြို့တော်ပဲရစ်မြို့ကို တဖန်ကူးခဲ့ကြပြန်ရာ တည်းခိုတဲ့လမ်းမှာ စာရေးဆရာ အနုပညာ သမား များနဲ့ ပတ်သက်တဲ့လမ်းကို ရောက်ခဲ့ရပြန်သည်။
မမခင်တို့တည်းတဲ့ ဟိုတယ်ရှိရာလမ်းရဲ့အမည်မှာ (ဗစ်တာဟူးရိုးလမ်း)တဲ့။ ဗစ်တာဟူးရိုး ဆိုတာ ကမ္ဘာကျော်ပြင်သစ်လူမျိုး စာရေးဆရာကြီးပေါ့။ သူ့မွေးနေ့ကျရင် ဒီလမ်းတလမ်းလုံးမှာ ရှိ တဲ့ ဆိုင်တွေ တိုက်တွေဟာ တညလုံး မီးတွေထွန်းပြီး ရိုသေတဲ့ အထိမ်းအမှတ် ပြုကြတယ်တဲ့။ ပန်း ခြံတခုလဲ လမ်းထိပ်မှာ အမှတ်တရ လုပ်ထားတာတွေ့ရတယ်။
ပြင်သစ်လူမျိုးတွေဟာ ဗမာများနဲ့ သိပ်တူတယ်။ မသိတာသိတာ အပထား၊ လူချင်းတွေ့ ရင် ပြုံးတယ်။ စကား ပြောတယ်။ အင်္ဂလိပ်လူမျိုးများရဲ့ စည်းကမ်းကတော့ တဦးနှင့်တဦး မိတ်ဆက် ပေးတဲ့သူမရှိရင် ဖါသိ ဖါသာ နေတယ်။ တမျိုးစီပေါ့လေ။
ပဲရစ်မှာ ၄ရက်နေခဲ့ပြီး အမေရိကလေကြောင်းနှင့် နယူးယောက်ကို ကူးခဲ့ကြတယ်။ နယူး ယောက်ကို ရောက်ခဲ့ပြန်တော့လဲ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး၊ အချွန်အတက် အမြင့်ဆုံး အဆောက်အဦးကြီးတွေ ပေါများ လှတဲ့ မြို့ပြဿဒ်ကြီးတွေ မှိုလိုပေါက်ပြီး ဓါတ်မီးရောင်တွေ တဖြတ်ဖြတ်နဲ့ နတ်ဘုံ နတ်နန်း ကျနေတာပါဘဲ။ ချမ်းသာသည့် တိုင်းပြည်ပေဘဲကိုး။
မိုးခေါင်လို့လဲ အတော်ပူအိုက်နေတယ်။ ဒါပေမဲ့ ဒီနေ့တော့ မိုးရွာနေတယ်။ အချွန်အတက်ကြီး တွေ ဟာဖြင့် မိုးသားတိမ်တိုက်တွေကြားမှာ ပျောက်နေပါတယ်။
အေးတဲ့ ရာသီမှာတော့ လန်ဒန်လိုဘဲ အေးသတဲ့။
မမခင်တို့ နယူးယောက်မှာ တည်းခိုတဲ့ ဟိုတယ်ဟာ 'ဟတ်ဆင်'မြစ်ကမ်းဘက်နဲ့ နီးကပ် နေတယ်။ ကွင်းမေရီ သင်္ဘောကြီးလဲ အနားကတံတားမှာ ကပ်ဆိုက်ထားလို့ တိုက်ပေါ်ကနေပြီး ကြည့်ရင် အတိုင်းသား မြင်ရ ပါတယ်။ အခု နယူးယောက်မှာ တည်းခိုတဲ့ ဟိုတယ်နာမည်ကတော့ (ဟင်နရီဟတ်ဆင် ဟိုတယ်) ခေါ်တယ်။ ကြီးကျယ်သည့် အဆောက်အဦးကြီးတခုဘဲပေါ့။
အထပ်ပေါင်း ၄၀ ရှိတယ်၊ မမခင်တို့နေတဲ့အထပ်က ၁၉ထပ်မှာဆိုတော့ လမ်းပေါ်မှာသွား လာနေကြသည့် လူတွေ ကားတွေဟာ ရွရျွတက်နေတဲ့ ပုရွက်ဆိတ်လမ်းကြောင်းလိုပါဘဲ။ မမခင် တော့ အားတဲ့ အချိန်ကလေး မှာ တယောက်ထဲဆင်းပြီး လမ်းလျှောက် ဟိုဆိုင်ဝင်၊ ဒီဆိုင်ထွက် ကြည့်တာဘဲ၊ ကုန်ပစ္စည်း တွေဟာ အလွန်ပေါပါတယ်။
ရန်ကုန်မှာ ရေဖလ်ခွက်ပန်းစုံချယ် ဖန်ချိုင့်တစုံကို ၇၀ ၈၀ရောင်းတဲ့ အဲဒီပစ္စည်းဟာ ဒီမှာ ဖလ်ခွက် တလုံးမှ ၁၀ဆင့် သာပေးရဒါတွေတွေ့ရတော့ ကုန်သည်ကြီးတွေ ဘယ်လောက်ပွကြဘူး သလဲလို့ တွက်ကြည့် မိတယ်။
နောက်ပြီး ရန်ကုန်မှာ အလုအယက်အမျိုးသမီးတွေ အသဲစွဲမက်ကြတဲ့ ဖလ်နိုင်လွန် မှန်နိုင်လွန်နဲ့ ဇာ စကာနိုင်လွန် ဆိုတာတွေ လန်ဒန်မှာရော ပဲရစ်မှာရော၊ နယူးယောက်မှာရော ၀တ်တာ မတွေ့ရဘူး။
ဆိုင်ကြီးတွေမှာလဲ ရှိုးပြမထားဘူး၊ မြန်မာပြည်ကနေပြီး မမခင်အသိတယောက်အတွက် လက်ဆောင် ပေးဘို့ ယူလာခဲ့တဲ့ အင်္ကျီကို သူတို့ကကိုင်ကြည့်ပြီး 'ကောင်းလိုက်တာ ဘယ်တိုင်း ပြည်ကထွက်သလဲ'လို့ မေးကြ လို့ မမခင်အံ့သြနေတယ်။
"မစ္စပါးလ်ဘတ်နှင့် တွေ့ခဲ့စဉ်က"
သို့ .......... မှ .........
အယ်ဒီတာ ဒေါ်ဒဂုန်ခင်ခင်လေး
ယုဝတီဂျာနယ် စံဖရန်စစ္စကိုမြို့။
အမေရိကန်ပြည်။
ရေးပို့သော စာများ ရန်ကုန်သို့ အစီအစဉ်အတိုင်း မရောက်ကြောင်း သိရ၍ စိတ်ပျက်မိပါ သည်။ မအား မလပ် ရာက တတ်အားသလောက် ကြိုးစားရေးပို့နေရာတွင် အစီအစဉ်အတိုင်း မဖတ် ကြရတဲ့အတွက် မထူးတော့ သဖြင့် ယခုစာကိုလဲ ရေးလိုရာအကြောင်း အနည်းငယ်လောက်သာ ကောက်နှုတ် ရေးပို့ လိုက်ပါတယ်။ ပြန်ရောက်သောအခါမှ တွေ့မြင်သမျှနဲ့ ရိုက်လာခဲ့သမျှ ဓာတ်ပုံ များကို အသေးစိပ် ရေးသားပြီး မပျောက်မပျက်ရှိအောင် စာအုပ်တအုပ် ထုတ်ထားတော့မည်ဟု စိတ်ကူးပါသည်။
သို့အတွက် ယခုအမေရိကန်ပြည် နယူးရောက်မြို့မှ ကမ္ဘာကျော် စာရေးဆရာမကြီး "မစ္စပါးလ်ဘတ်"နှင့် တွေ့သော အကြောင်း "နရာဂရောရေတံခွန်"ကြီးနှင့် "လော့စ်အိန်ဂျယ်" ဟော်လီဝုမှ၊ အမ်-ဂျီ-အမ် ရုပ်ရှင် ကုမ္ပဏီကြီး ကို သွားရောက် ကြည့်ရှုခဲ့ရသော အကြောင်းသုံးခုကို ဘဲ ရေးပို့လိုက်ပါသည်။
ယခု စာကို ရေးသော အချိန်မှာ "စံဖရံစစ္စကိုမြို့" မန့်စ်ဟော်တယ်"မှာ ရော်ကနေပါပြီ။ သည်ဟော်တယ်ဟာ မမခင် တို့ အမေရိကန်ပြည်ရဲ့ နောက်ဆုံးစခမ်းပါဘဲ။ ဒီကနေပြီး ဟာ ဝေယံ ကျွန်းကို ကူးတော့မည်။ ဟာဝေယံ ကျွန်းမှာ တပါတ်လောက်လှည့်လည်ကြည့်ရှုပြီး ဂျပန်ပြည် တိုကျိုမြို့သို့ ကူးပါမည်။ တိုကျိုမှာ လယ်စရာ ရှိသမျှ ရောက်ပြီးတဲ့နောက် ကိုရီယား ဖေါ်မိုဆာ၊ မနီလာ၊ ဟောင်ကောင်၊ စင်္ကာပူ၊ ယိုးဒယား တို့ကို ၀င်၍ မြန်မာပြည်သို့ ပြန်လာပါတော့မည်။
မစ္စပါးလ်ဘတ်
နယူးယောက်မြို့မှာ ၂လကျော်ခဲ့သဖြင့် အတော်စုံအောင် စပ်စပ်စုစု လုပ်ခဲ့ရပါ၏။ လူထု အသဲစွဲ ကမ္ဘာကျော် စာရေးဆရာမကြီး (မစ္စပါးလ်ဘတ်)အား သူ့ထံသို့ ရောက်စက အကြောင်း ကြားရာ (မစ္စပါးလ်ဘတ်) မှာ ကျမ္မာရေးကြောင့်၊ နယူးယောက်မြို့တွင်မရှိ၊ အခြားတောမြို့ကလေး တမြို့သို့ ရောက်နေ ကြောင်း။ သူပြန်ရောက်မည့် နေ့ရက်ကို ဆက်ဆက်လာလည်ရန် စာပြန်လိုက် ပါသည်။ ထို့ကြောင့် ချိန်းဆိုသောရက်တွင် (မစ္စပါးလိဘတ်) နေအိမ်သို့ သွားရောက်ပါသည်။
ရောက်တယ် ဆိုရင်ဘဲ၊ သူကိုယ်တိုင် တံခါးဖွင့် ကြိုဆိုပြီး အပေါက်ဝကစ၍ ပြုံးရွှင်ဖေါ်ရွေစွာ နှုတ်ခွန်း ဆက်ပါသည်။ ကမ္ဘာကျော် အမျိုးသမီးကြီးပြီပြီ ညက်ညောညင်သာသော အပြော၊ မုဒီတာ လွမ်းသော မျက်နှာ နှင့် အတော် ချစ်စရာ ကောင်းပါသည်။
ဒီလိုရေးခြင်းဟာ သူ့ကိုမြင်မြင်ခြင်း ဝေဖန်တာ မဟုတ်ပါ။ ဝေဖန်တယ်ဆိုတာ ကိစ္စတခုခုကို ဖြစ်စေ၊ လူတဦးဦး ရဲ့ အကြောင်းကိုဖြစ်စေ၊ အားလုံးငုံ့မိမှ ပယ်ပယ်နယ်နယ် သိမှ ဝေဖန်လို့ ကောင်းပါ တယ်။ မတောက်မှီဘဲနဲ့ ဝေဖန်မိရင် ဘ၀င်မြင့်နေတဲ့ အရူးတမျိုးနဲ့ တူတတ်တယ်လို့ ဘကြီး တယောက်က ပြောဘူး တာ ကို သွားပြီး သတိရမိလို့ပါ။
သူ့ဧည့်ခန်း ဟာလဲ ရိုးရိုးနဲ့ ခန့်ညားပါတယ်။ မမခင်တို့အတွက် ဖွယ်ဖွယ်ရာရာ ပြင်ထားတဲ့ လဘက်ရည် စားပွဲ ကလဲ ဧည့်ခန်းထဲမှာဘဲ အသင့်တွေ့ရပါတယ်။ ပြောလိုက်ကြတဲ့ စကားတွေက တော့စုံသွားဒါပါဘဲ။ အကုန် လုံးသာ ရေးရင် ဒီစာရွက်ကလေးတွေနဲ့ ဆန့်မှာ မဟုတ်ပါ။
တွေ့ရတာ ၀မ်းသာတဲ့ အကြောင်း သူနယူးယောက်မှာ မရှိလို့ ရောက်ရောက်ခြင်း မတွေ့ရတာကို ဘဲ ပြောလို့ မပြီးနိုင်ရှာဘူး။ ဗမာပြည်က အမျိုးသမီးများ အကြောင်းကိုလဲ အတော်စုံလင်အောင် ပြောပြ ခဲ့ရ ပါတယ်။ သူဟာ တရုပ်ပြည် အကြောင်းကို ခယားစေ့တွင်းကျ နားလည်နေသလောက် တရုပ်ပြည် နားကပ် နေတဲ့ ဗမာပြည်ရဲ့အကြောင်းကိုတော့ နားမလည်ရှာသေးဘူး။ ဗာလီတို့၊ အင်ဒိုနီရှား၊ ယိုးဒယား တို့လို တိုင်းပြည် တခုလို့ သာမည သိထားပုံရပါသည်။
"မစ္စပါးလ်ဘတ်" က သူ သုံးလ သမီးက တရုပ်ပြည်ကို ရောက်ခဲ့ရကြောင်း။ သူစကားစ၍ တတ်တတ်ခြင်း တရုတ် စကားကိုသာ ပြောတတ်ကြောင်း သူ့ သားချင်းတွေ အားလုံး တရုတ်ပြည်မှာ မွေးပြီး၊ သူတယောက် သာ အမေရိကန် မှာ မွေးကြောင်း၊ ဒါပေမဲ့ သူသာ တရုတ် စကားတတ်၊ တရုတ် လူမျိုးတွေရဲ့ စရိုက်ကို အသိဆုံး ဖြစ်နေတယ်လို့ ပြောပြပါတယ်။
"မစ္စပါးလ်ဘတ်" ဟာ ယခုအထိ အသက် ငါးဆယ်ကျော် ခြောက်ဆယ်ရွယ် အတော်အိုပြီလို့ ထင်မိသော်လဲ လူကိုယ်တိုင် တွေ့တဲ့ အခါ စိုစိုပြေပြေ ၀၀ဖြိုးဖြိုးနှင့် အတော်နုပျို ကျန်းမာလျက် တွေ့ရပါတယ်။
"မစ္စပါးလ်ဘတ်" ဆိုတော့ အင်္ဂလိပ်ထုံးစံအရ အပျိုကြီး လေလားလို့ တွေးမှားစရာဘဲ။ သို့ပေမဲ့ အပျိုကြီး မဟုတ်ပါ (မစ္စတာဝေါလ်) ဆိုတဲ့ ခင်ပွန်းဘယ်နှင့်ပါ။ သမီးတယောက်လဲ ရှိပါသေးတယ် (မစ္စတာဝေါလ်)ရဲ့ ဇနီး ဆိုတော့၊ ပါးလ်ဘတ်ဘာ မစ္စ်ဝေါလ်လို့လဲ ခေါ်နိုင်ပါတယ်။
သို့ရာတွင် နာမည်ကျော် စာရေးဆရာမကြီး (မစ္စပါးလ်ဘတ်)လို့သာ လူတကာ သိပါတယ်။ ပြော ရင်း ဆိုရင်း ဘဲ၊ "မစ္စတာဝေါလ်"ဟာ အလုပ်က ပြန်ရောက်လာတယ်။ ဖေါ်ဖေါ်ရွေရွေ မိတ်ဆက်ပြီး စကားဝိုင်းဖွဲ့ ကြပြန်တယ်။ မစ္စတာဝေါလ်ဟာလဲ တကဲ့အလုပ်သမားကြီးပါဘဲ။
ဂျွန်ကစ်ဆိုတဲ့ စာအုပ်ကုမ္ပဏီကို ဦးစီးလုပ်နေတဲ့ ပါတ်ဗလစ်ရှား၊ ပရက်စ်အုံနာကြီးပေါ့၊ စာရေး ဆရာမကြီး မစ္စပါးလ်ဘတ် ရေးသမျှ စာအုပ်တွေလဲ သူချည်းဘဲ ကန်ထရိုက်ခံပြီး ပုံနှိပ်ထုတ်ဝေပေး နေဒါဘဲ။ မမခင် နောက်ခံ ထားရေးတဲ့ ဆိုတော်နန်းတွင်းဝတ္ထုကြီးလို အင်္ဂလိပ်လို ထုတ်ဝေပေးလို ကြောင်းလဲ ပြောတယ်။ ဗမာ အကြောင်း ကမ္ဘာသိအောင် ဗမာပြည်အလေ့အထ နောက်ခံထားရေး တဲ့ ၀တ္ထုတခုကိုလဲ ထုတ်ဝေ ပေးချင် ပါတယ်။
မမခင်ရေးတဲ့ တခြားဝတ္ထုထဲကလဲ အင်္ဂလိပ်လိုပြန်၍ ပို့ပေးပါလို့ တိုက်တွန်းတဲ့အတွက် ပို့ပါမယ်လို့ အာမခံ ခဲ့ရပါတယ်။ မစ္စပါးလ်ဘတ်က ဗမာအမျိုးသမီး ထဲက ဆရာဝန်မတွေ...။ ကျောင်းဆရာမတွေ...။ ရှေ့နေတွေကော ရှိပါသလားလို့ မေးလို့ အများ ကြီးရှိကြောင်း။ ပညာတတ် ဒီဂရီရ အမျိုးသမီးတွေလဲ နိုင်ငံနဲ့ စာရင် အလွန်များပြားနေကြောင်း။ ဗမာအမျိုးသမီးများရဲ့ လွတ်လပ်မှု မည်မျှရှိကြောင်းတွေကို အတော် စုံအောင် ပြောပြီးမှ ဒီလို လွတ်လပ်တဲ့ အမျိုးသမီးတွေရဲ့ အကြောင်းကို ကိုယ်တွေ့သိရှိရန် ဗမာပြည်သို့ လာလယ် ဘို့ ဘိတ်ကြားပါတယ်။ မမခင် တဦးထဲကလဲ ဖိတ်ပါတယ်။ အမျိုးသမီးက လောင်အဖွဲ့ကိုယ်စားလဲ ဖိတ်ပါတယ်။
သူကလဲ အမျိုးသမီးဘ၀တူချင်း အခုလို သိကြားရဒါ အများကြီး ၀မ်းသာကြောင်း။ ခင်မင်ကြောင်း။ နောင်ကိုလဲ နယူးယောက်ကို လာတဲ့အမျိုးသမီး ကလောင် အဖွဲ့ဝင်များ သူ့ထံဝင်လာကြဘို့ ဖိတ် လိုက် ပါတယ်။ သူကလဲ လာလယ်ပါမယ်။ သို့ရာတွင် ယခုလောလောဆယ် သူရေးနေတဲ့ စာအုပ် တခုက၊ ဂျပန် လူမျိုးများ အတွက် အတော်အရေးကြီးနေပါတယ်။ ဒီစာအုပ်ပြီးရင်တော့ နည်းနည်း အားလပ်ခွင့် ရ ပါလိမ့်မယ် လို့ ပြောတယ်။
နောက်ပြောကြတဲ့စကားတွေဟာ ဗမာပြည်ရဲ့ နိုင်ငံရေးရော၊ အမေရိကန်ပြည်ရဲ့ အကြောင်းရော။ တရုပ်ပြည်၊ ဂျပန်ပြည်ရဲ့ အကြောင်းအရာစုံသွားဒါဘဲ၊ ဒီစကားတွေထဲကနဲနဲ ဆွဲထုတ်ရမယ်ဆိုရင် ကိုရီးယား စစ်ပွဲ အကြောင်းက စပြီး ကိုရီးယားကို နှစ်ခြမ်းခွဲလိုက်တာဟာ အသဲကို နှစ်ခြမ်း လှီးပစ် လိုက်ထာ နှင့်တူတယ်။ ဒီအကြောင်းသိစက သူဟာ ၃-၄ရက် အိပ်လို့ မပျော်ဘူးတဲ့။ တနေ့ဒီလို ဖြစ်လာလိမ့် မယ်လို့ဆိုပြီး စိတ်ပူမိတယ်။ ယခုတော့ သူပူသလိုဖြစ်လဲ ဖြစ်တာပါဘဲလို့ ပြောပြတယ်။ သူဟာ တရုပ်ပြည် အကြောင်း ကောင်းကောင်းသိပြီး တရုပ်လူမျိုးတွေ ဘယ်လိုဆင်းရဲတယ်ဆိုဒါ ကိုယ်တွေ့ မြင်လာ ရလို့ တရုတ် ဆင်းရဲသားရဲ့ အကြောင်းတွေကို ရေးရေးပြနေတယ်။
တချို့က သူကို ကွန်မြူနစ်ထင်ကြတယ်။ ဒါပေတဲ့ သူ ကွန်မြူနစ် မဟုတ်ပါဘူး။ ဆင်းရဲနေတဲ့ တရုပ်လူမျိုးတွေရဲ့ အခက်အခဲကို နားလည်အောင် ဒီပြဿနာကို ဖြေရှင်းနိုင်ကြအောင် လူတွေသိ ဘို့ ရေးပြ နေဒါပါတဲ့။ တကယ်ဆိုတော့ ကွန်မြူနစ်ဝါဒလဲ တရုပ်လူမျိုးတွေကို ချောင်လယ်အောင် မကယ်တင် နိုင်ပါဘူး လို့ သူက ပြောပါတယ်။
နောက်ဆုံးသူ ယခုရေးနေတဲ့ စာအုပ်ဟာလဲ ဂျပန်ပြည်အတွက် ပြဿနာဆိုးကြီးတခု မကြာမှီ ပေါ်ပေါက် လာမှာစိုးလို့ လူတွေရော၊ အစိုးရရော နားလည်အောင်တကဲ့ ဖြစ်စဉ် အကြောင်းသရုပ်ကို ဇာတ်ထုပ်နဲ့ ကမ္ဘာ ကို တင်ပြမယ်လို့ပါဘဲတဲ့။
အဲဒီဝတ္ထုရဲ့ အခြေခံကတော့ ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန် စစ်သားတွေနဲ့ ဂျပန်အမျိုးသမီး တွေ ညားပြီး ပေါက်ဖွားခဲ့တဲ့ ခလေးပေါင်း သိန်းသန်းကျော် တွေပေါ့။
ဒီကလေး တွေဟာ အလေ့ကျပေါက်သလို အမေရိကန် စစ်သား အဖေဆိုဒါလဲ ရေရေရာရာမမှတ်မိ၊ အမေဖြစ်တဲ့ ဂျပန်မကလဲ မတတ်နိုင်၊ ဂျပန်အစိုးရကလဲ မသိမ်းကောက်၊ အမေရိကန် အစိုးရကလဲ မထောက်ပံ့၊ လမ်းပေါ်မှာ လေလွှင့်နေတဲ့ ဒီခလေးတွေဟာ အရွယ်ရောက်လာရင် ဘာဖြစ်မလဲ၊ လူဆိုး လူတေ လူမွှေ လူမီးထုတ်ကလေးတွေ ဖြစ်သွားမယ်။ သူတို့အရေးအတွက်ကလဲ သိန်းသန်း ချီပြီး များနေတယ်။ ဒီကောင်လေးတွေဟာ နောက်ဆုံး ဂျပန်ပြည်ကို ဒုက္ခပေးမဲ့ လူဆိုးမီးခဲကလေး တွေ ဖြစ်မသွား ဘူးလားတဲ့။
ဒါကို ကမ္ဘာက သိအောင် ဆိုင်ရာတာဝန် မကင်း သူတို့က အချိန်ရှိတနုး ထိမ်းသိမ်းစောင့်ရှောက်ပြီး။ ဒီခလေး တွေ လူကောင်းဘ၀ ရောက်အောင် ပို့ဆောင်ပေးဘို့ ၀တ္ထုအကြောင်းနဲ့ သရုပ်ဖေါ်ရေးနေပါ တယ်တဲ့။ အင်မတန်မြတ် တဲ့ ရည်ရွယ်ချက်ကြီးပါဘဲ။
အဲဒါတွေ ပြောရင်း ဆိုရင်း တည်ခင်းဧည့်ခံတဲ့ လဘက်ရည်ကိုလဲ သောက်ရဒါ မနားရပါဘူး။ တော်ကြာရင်း သူကိုယ်တိုင် ထထည့်ပေးရင်း မစ္စပါးလ်ဘတ်ဟာ တရုပ်ပြည်ကို ဘယ်လောက်များ မျက်နှာမူသလဲဆိုရင် ဒီနေ့ လဘက်ရည်ပွဲမှာတောင် တရုပ်လဘက်ရည်ကြမ်း၊ သံပုရာညှစ် မြေပဲ ကြော်နဲ့ ဧည့်ခံ လိုက်သေးတယ်။
စကားပြော ကောင်းဒါနဲ့ ဓာတ်ပုံရိုက်ဘို့ မေ့နေလိုက်တာ သတိရတော့ မှောင်နေပြီ။ ဧည့်ခန်းထဲက မီးရောင် မှာဘဲ ရိုက်ရတယ်။ အစက ကုလားထိုင်တလုံးစီနဲ့ ထိုင်ရိုက်တာ၊ မစ္စပါးလ်ဘတ်က နီးနီး ကပ်ကပ် ထိုင် ရိုက်ချင် တယ်ဆိုလို့ သူ့ဆိုဖါကို ရွှေ့ဖယ်ပေးရဒါ မစ္စတာပေါလ် ခမြာတော့ အတော် ဖားသွားရှာသေးတယ်။ ဒါနဲ့ဘဲ မစ္စပါးလ်ဘတ်နဲ့ တွေ့တဲ့အကြောင်း တော်လောက်ပါပြီ။
ဆက်ရန်
.

1 comment:
if u don't post with pdf to get download, it's just useless.as u know, nobody can afford to read on line.just don't throw your time like a such useless things.thanks.it's my frankly advice.
Post a Comment