Sunday, June 20, 2010

ပန်းသတင်း (ဂျွန် ၂၀)

ကောင်းကင်မရှိတဲ့ကြယ်
နတ်မှူး

ဘယ်သူမှ မပြောဖြစ်ခဲ့တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ခင်ဗျားစိတ်ဝင်စားမလား မသိဘူး။ ဒီလိုဗျာ လွန်ခဲ့တဲ့ နှစ် အတော်ကြာ က အင်္ဂလန်နိုင်ငံကို ဆေးပညာဘွဲ့လွန်သင်တန်းတက်ဖို့ ကျွန်တော်ရောက်ခဲ့တယ်။ အဲဒီမှာ တရုတ် ပြည် က လာတဲ့ စီဆိုတဲ့အကောင်ရယ် ၊ အိန္ဒိယက လာတဲ့ အိုင် ဆိုတဲ့အကောင်ရယ် ကျွန်တော်ရယ် အာရှတိုက်သားတွေ လုံးမိပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ သုံးယောက်သား အဆောင်ကို စုငှား နေကြပြီး နေအတူ သွားအတူ စားအတူ စာကျက်တော့လည်း အတူ။ နောက်ဆုံး အမ်အာစီပီ ဆိုတဲ့ ဆေးပညာ ပါရဂူ စာမေးပွဲကိုလည်း အတူတူ အောင်ခဲ့ကြတယ်။

ဒီတော့ ကျွန်တော်တို့လည်း ၀မ်းသာအားရ ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ ပြင်ဆင်ရတော့တာပေါ့။ ကျွန်တော် တို့ငှားနေတဲ့ အဆောင်ပိုင်ရှင်က မစ္စတာ ပီရက်စ်တဲ့။ ဂျူးအဘိုးကြီးဗျ။ လင်မယားနှစ်ယောက်ထဲ ရှိတယ်။ သားသမီး မထွန်းကားဘူး။ သူ့အဆောင်မှာ အနေကြာ လာတော့ သူက ကျွန်တော်တို့ သုံးယောက်ကို သားအရင်း လို သံယောဇဉ် ဖြစ်နေရှာတယ်။ ဒါနဲ့ မစ္စတာပီရက်စ်က ကျွန်တော်တို့ သုံးယောက်ကို ခေါ်ပြီး-

ငါ့သားတို့ မင်းတို့ ဒီနိုင်ငံကနေ အမ်အာစီပီဆိုတဲ့ ပါရဂူဘွဲ့ရပြီးလို့ မနက်ဖြန်ဆို ကိုယ့်နိုင်ငံကို ပြန်ရ တော့မယ်။ မင်းတို့ မိသားစုတွေနဲ့လည်း ပြန်ဆုံရတော့မယ်။ ဒီအတွက် မင်းတို့ကိုယ်စား ၀မ်းသာပေမယ့် ကာလ ရှည်လျားစွာ အတူနေခဲ့တဲ့ မင်းတို့နဲ့ ခွဲခွာရမှာ ဖြစ်တဲ့အတွက် တစ်ဖက်ကလည်း ၀မ်းနည်းစရာပဲ။ ဒါပေမဲ့ မင်းတို့လည်း သိတဲ့အတိုင်းပဲ။ လူဆိုတာ ကံစီမံရာ က ကြရတာပဲ။ တွေ့ဆုံကြုံကွဲ၊ ဖြစ်မြဲဓမ္မတာကိုး သူက သူ့မိန်းမ မစ္စက်ပီရက်စ်ကို မေးငေါ့ပြီး -
မင်းတို့ အမေက မင်းတို့ကို နှုတ်ဆက်ညစာလေး ကျွေးချင်တယ်။ ဒီည အပြင်ထွက်မစားဘဲ ဒီမှာ လာစား ကြပေါ့

ဒီလိုနဲ့ ကျွန်တော်တို့လည်း အဲဒီညက မစ္စတာပီရက်စ်တို့ ဇနီးမောင်နှံတည်ခင်းတဲ့ ညစာကို စားကြရတယ်။ အဲဒီ ညစာ စားပွဲမှာ မစ္စတာပီရက်စ်က-
ငါ့သားတို့၊ မင်းတို့ဟာ ဆရာဝန်ရင့်မကြီးတွေ ဖြစ်လာပြီဆိုတော့ လူနာတွေအများကြီးနဲ့ တွေ့ရတော့မယ်။ မမှားသော ရှေ့နေ၊ မသေသောဆေးသမား မရှိဘူးဆိုတဲ့စကား မင်းတို့လည်း ကြားဖူးတာပဲ။ လူနာ တွေထဲမှာ မင်းတို့ကုသလို့ မပျောက်နိုင်တဲ့ ရောဂါတွေ လည်း ပါလိမ့်မယ်။ ဥပမာ- ကင်ဆာ လို ရောဂါမျိုး ပေါ့။ ဘာပဲဖြစ်ဖြစ် လူဆိုတာ သူ့ကံနဲ့သူ တိုင်းထွာလာတာဆိုတော့ ကယ်နိုင်တဲ့လူ ကယ်ပြီး မကယ်နိုင်တဲ့ လူကျ ကံကိုပဲ ပုံချရလိမ့်မယ်။ အရေးကြီးတာက လူနာတစ်ယောက်ဟာ သူ့ရောဂါကြောင့် သူသေတာ မဟုတ်ဘဲ ဆရာဝန်ရဲ့ ပေါ့ဆမှု၊ ဒါမှမဟုတ် ဆရာဝန်ရဲ့ ပယောဂကြောင့် သေဆုံးတာမျိုး မဖြစ်ပါစေနဲ့

အဖေ (ကျွန်တော်ကို့က သူ့ကို အဖေလို့ခေါ်တယ်) ပြောတာ သိပ်မှန်တယ်။ တိုက်ဆိုင်လို့ တရုတ်ပြည်မှာ ကျွန်တော် ကြုံခဲ့ဖူးတဲ့ အဖြစ်ကလေးတစ်ခု ပြောပြဦးမယ်
စီက ဘီယာတစ်ကျိုက် မော့သောက်လိုက်ပြီး စကားဆက်လိုက်တယ်။
တစ်နေ့ ညကြီးသန်းခေါင် ကျွန်တော်အိပ်ပျော်နေတုန်း “ဆရာ….ဆရာ ထပါဦး၊ လူနာအရေးကြီးလို့ပါ” ဆိုပြီး အိမ်တံခါးကို တ၀ုန်းဝုန်းထုသံ ကြားရတယ်။ လန့်နိုးလာပြီး တံခါးဖွင့်ကြည့်လိုက်တော့ ကျွန်တော့် ဆီလာနေကျ ရင်ကျပ်ပန်းနာ အဘွားကြီး။ အဆုတ်က တရွှီရွှီ အသံပေးပြီး ဖားဖိုထိုးသလို မောနေတယ်။ ဒါနဲ့ ထိုးနေကျတဲ့အတိုင်း အမိုင်နိုင်ဖိုင်လင်း ခေါ်တဲ့ ရင်ကျပ်ပျောက်ဆေးကို ၂၅ရာခိုင်နှုန်း ဂလူးကို့စ် နဲ့ ရောပြီး ထိုးလိုက်တယ်။ ထိုးနေရင်း တန်းလန်း လူနာက -

အမလေး… ဆရာ၊ တစ်ကိုယ်လုံး ပူလာပြီး ရင်က ပိုကျပ်လာတယ်…လို့ပြောတယ်။ အိပ်လို့ ကောင်းတုန်း အနှိုးခံ ထားရတော့ လူကစိတ်တိုနေတယ်။ ဒါကြောင့် -
ဒီမှာ အဘွားကြီး၊ ဒီဆေးက ဒီလိုပဲ။ ခင်ဗျားလည်း ထိုးဖူးသားနဲ့
လို့ ငေါက်ပြော ပြောလိုက်တယ်။ အဘွားကြီးက စကားပြန်မပြောနိုင်ဘူး။ ကြည့်လိုက်တော့ ဇက်က ကျိုးနေပြီ။ ကျွန်တော်က သူ့နှလုံးကို နားကြပ်နဲ့ ထောက်ကြည့်တယ်။ နှလုံးခုန်သံ မကြားရတော့ဘူး။ မျက်လုံး ကိုဖြဲပြီး ဓာတ်မီးနဲ့ ထိုးကြည့်တော့ သူငယ်အိမ် မကစားတော့ဘူး။ ဒီတော့မှ ကျွန်တော်လည်း ချွေးပြန် လာပြီး ‘လူနာအသက်မရှိတော့ဘူး’လို့ပြောလိုက်တယ်။ လူနာရှင်တွေလည်း ငိုယိုပြီး အလောင်း  ကြီး ကို ပွေ့ပြီး ပြန်သယ်သွားကြတယ်။

စောစောက အိပ်ချင်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်။ ခါတိုင်း ဒီဆေးထိုးရင် ဒီအဘွားကြီး သက်သာနေကျပါ။ ဒီတစ်ခါ ဘယ်လိုဖြစ်တာပါလိ့မ်ဆိုပြီး မကျေ မနပ် ဖြစ်မိတယ်။ ဒါနဲ့ စောစော က ထိုးခဲ့တဲ့ အမိုင်နိုပုလင်းခွံကို ပြန်ရှာကြည့်တယ်။ ဘုရား… ဘုရား ကြက်သီးထလာပြီး ကျွန်တော့် တစ်ကိုယ်လုံး မှာရှိတဲ့ အမွေးတွေ ထောင်လာတယ်။ ဒီ ထိုးဆေးပုလင်းက အမိုင်နိုထိုးဆေး မဟုတ် ဘူးဗျ။ ကယ်လ်စီယမ် ဂလူးကိုနိတ် ထိုးဆေး ပုလင်း။ ကြွက်တက် တဲ့ ရောဂါမှာ ထိုးရတာ။

ပုလင်းပုံစံ က တူတော့ အိပ်ချင်မူးတူးနဲ့ မှားယွင်းပြီး ထိုးလိုက်မိတာ အဘွားကြီး မသေခံနိုင်ရိုးလား။ ခေါင်းနားပန် တွေ ကြီးသွားပြီ။ “ငါဆေးထိုး မှားလို့ အဘွားကြီးသေတာ။ သူသေတာ ငါ့ကြောင့်။ ငါဟာ အလကား ဆရာဝန်” ဆိုပြီး ဆရာဝန်လုပ်ချင်စိတ် ကုန်သွားတယ်။ အချိန်တွေ ကြာလာလို့ မေ့မေ့ ပျောက်ပျောက် ဖြစ်သွား ပေမယ့် ဒီအဘွားကြီးမျက်နှာ အိပ်မက်မက်ပြီး လန့်နိုးရတာ မကြာခဏပဲ။ ဒီအဖြစ် ကို ပြန်တွေးမိတိုင်း ကျွန်တော်ဟာ အပြစ်ရှိသူတစ်ယောက်လို ခံစားနေရတုန်းပဲ အတော် စိတ်မကောင်း ဖြစ်နေပုံရတဲ့ စီ က ဘီယာကို တစ်ရှိန်ထိုး မော့သောက်ပစ်လိုက်တယ်။

ကျွန်တော့်မှာလည်း ပြောစရာတစ်ခု ရှိတယ်ဗျ
ကုလားလေး အိုင် က စကားစပြန်တယ်။
ဒီလိုဗျ၊ ကျွန်တော် ဆေးခန်းဖွင့်တဲ့ ပြည်နယ်က စိုက်ပျိုးရေးအဓိက လုပ်တာဆိုတော့ ဆေးခန်းကို လာတဲ့ လူနာအများစုက တောင်သူလယ်သမားတွေပဲ။ တစ်နေ့တော့ ကျွန်တော့် ဆေးခန်းကို လာနေကျ လယ်သမား တစ်ဦး ရောက်လာတယ်။

ဖနောင့်ငုတ်စူးလို့ ဆရာရေ။ ဟိုအရွက်အုံ၊ ဒီအရွက်အုံနဲ့ ငါးရက်လောက် ရှိသွားပြီ။ အခု တအားရောင်ပြီး ကိုက် လာတာ ညဆို မအိပ်နိုင်ဘူး
ခုတစ်လော အနာတွေနဲ့ အကျိုးပေးသန်နေပါလား ဟုတ်ပါ့ ဆရာရေ။ ဘယ်လိုဖြစ်နေမှန်းကို မသိပါဘူး
ဟုတ်တယ်ဗျ။ လွန်ခဲ့တဲ့ ၁၅ရက်လောက်က လက်ကို ဖက်လှီးဓားပြတ်လို့ ကျွန်တော် ချုပ်ပေး လိုက်ရ သေးတယ်။ ကြည့်လိုက်တော့ သူ့အနာက ပြည်တည်နေပြီ။ ဒါနဲ့ ကျွန်တော့်က -
ဟာ….ခင်ဗျားအနာက တော်တော်မှည့်နေပြီ။ ခွဲမှဖြစ်မယ် ခွဲဆိုလည်း ခွဲရမှာပေါ့ ဆရာရယ်။ ဒါပေမဲ့ ထုံးစံ အတိုင်း မနာအောင် ထုံဆေးနဲ့ခွဲပေးပါ။

ဆရာလည်း သိတဲ့အတိုင်း ကျုပ်က လူကြမ်းသလောက် အသည်းက နုတယ်ဗျ တိုတိုပြောရရင် သူ့ ခြေထောက် ကို ထုံဆေးပေး၊ အနာကို ဓားနဲ့ခွဲပြီး ပြည်တွေ ညှစ်ပေးလိုက် တယ်။ လူနာလည်း ရယ်ရယ် မောမော နဲ့ အိမ်ပြန်သွားတယ်။ မကြာပါဘူး၊ လူနာအိမ်က လူတစ်ယောက် ပြေးလာပြီး -  ဆရာ အမြန် လိုက်ခဲ့ပါဦး၊ လူနာက မူးတယ် မူးတယ် ပြောပြီး ဘယ်လိုဖြစ်သွားမှန်း မသိဘူး

ဒါနဲ့ ကျွန်တော်လည်း ဆေးအိတ်ဆွဲပြီး ထလိုက်သွားတယ်။ ဟိုအိမ်ရောက်တော့ လူနာက အသက် မရှိတော့ဘူး။ အိမ်အပြန်လမ်းမှာ -
အရင် ဖက်လှီးဓားပြတ်တုန်းကလည်း ထုံဆေးထိုးပြီး ချုပ်ပေးခဲ့တယ်။ ဘာမှမဖြစ်ခဲ့ဘူး။ ဒီတစ်ခါ ဘာများ မှားပါလိမ့်။ ထုံဆေးပဲ မတည့်လို့လား၊ ဒါမှမဟုတ် ထုံဆေးက သွေးကြောထဲ ၀င်သွားလို့လား။ ငါ့နှယ် ကံဆိုးလိုက်တာနော် ဆိုပြီး စိတ်ထဲမှာ တနုံနုံ ဖြစ်နေတယ်။

ဒီအနာ ကို ငါမခွဲဘဲ သူ့ဘာသာ ပြည်အပေါက် စောင့်လိုက်ရင် ဒီလူ မသေဘူး။ ငါသွားခွဲလိုက်သာ သူ့ခမျာ သေရတာ။ သွားခွဲတာကိုက ငါ့အမှား။ အို…..ငါဆရာဝန် ဖြစ်လာတာကိုက မှားနေပြီဆိုပြီး လူနာတွေကို နောက်ထပ် ခွဲစိပ်ဖို့ ကြောက်လာတယ်။ နဂိုက ခွဲစိတ်မှု ၀ါသနာပါတဲ့ ကျွန်တော်ဟာ ဆေးကုသမှုကိုပဲ လုပ်တော့မယ်ဆိုပြီး ဒီအမ်အာစီပီဘွဲ့ ကို ယူဖြစ်သွားတယ်
အိုင် ရဲ့ မျက်လုံးတွေက ၀မ်းနည်းမှု အရိပ်အယောင်တွေနဲ့ ရီဝေနေတယ်။

ကျွန်တော်အဖြစ်ကလည်း ဆိုးလွန်းပါတယ်ဗျာ
ကျွန်တော်က စကားစလိုက်တယ်။
အဲဒီတုန်းက ကျွန်တော့်အထက်မှာ မြို့နယ်ဆရာဝန် တစ်ယောက်ရှိတယ်။ သူက ကျွန်တော့်ကို ညီအရင်းလို ချစ်တယ်။ ကျွန်တော် တာဝန်ထမ်းဆောင်တဲ့မြို့က အကြေမြို့ ကလေးတစ်မြို့။ ကြံခင်းတွေ၊ ဖရဲခင်းတွေ ပေါမှပေါ။ တစ်နေ့ နေ့လယ်မြို့နယ်ဆရာဝန်ကြီး က ခေါ်ခိုင်းလို့ ဆေးရုံကို လာခဲ့တယ်။ ဆေးရုံ ရုံးခန်း ရောက်တော့ မြို့နယ်ဆရာဝန်ကြီးကို အိပ်ရာပေါ် ခွေခွေလေး လှဲနေတာ တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်က -  အစ်ကို က ဘာဖြစ်တာလဲ၊ နေမကောင်းဘူးလား အေးကွာ၊ လူနာအိမ်တွေ လည်ကြည့်ရင်း နေကပူတော့ အားနည်း သွားသလား မသိဘူး
မှန်းစမ်း၊ ကျွန်တော့် စမ်းကြည့်ရအောင် စစ်ကြည့်လိုက်တော့ သွေးပေါင်နည်းနည်းကျနေတယ်။ ကျန်တာတွေ အကုန်အကောင်း။

ဟာ…သွေးပေါင်ကျ နေတာပဲ။ နေပူလို့နဲ့တူတယ်။ ချိငန်တစ်လုံးလောက် ဆက်လိုက်ရအောင် အေး… အေး…. မင်းကောင်းသလို ကြည့်လုပ်ကွာ
ဒါနဲ့ ကျွန်တော်လည်း ချိုငန်ပုလင်းကြီးထဲ အားဆေးတွေထည့်ပြီး ဆက်ပေးလိုက်တယ်။ သူနာပြုဆရာမ တစ်ယောက် ကို ဂရုစိုက်ဖို့မှာခဲ့ပြီး ဆေးရုံက လူနာတွေကြည့်ဖို့ ထွက်ခဲ့တယ်။ မကြာပါဘူး၊ အဲဒီဆရာမ အူယား ဖားယား ပြေးလိုက်လာတယ်။

ဆရာ…..ဆရာ၊ ဆရာကြီး သတိလစ်သွားပြီ တဲ့။
ဒါနဲ့ ကျွန်တော်လည်း မသင်္ကာလို့ Glucometel ခေါ်တဲ့သွေးချိုစစ်တဲ့ စက်ကလေးနဲ့ စမ်းကြည့်လိုက်တယ်။ မြတ်စွာဘုရား…. .သွေးချိုတွေ အရမ်းတက်နေပါလား။
မြို့နယ်ဆရာဝန်က Diabetes Coma (သွေးချိုတက်၍ သတိလစ်ခြင်း)ရပြီး စန့်စန့်ကြီးကြီး ဖြစ်နေပြီ။ နောက်ဘယ်တော့မှ သတိပြန်မရဘဲ ဒီရောဂါနဲ့ သူကွယ်လွန်သွားတယ်။ ခက်တာက ကျွန်တော်သိရသလောက် သူ့မှာ ဆီးချိုသွေးချိုရောဂါ ရာဇ၀င်မရှိဘူး။ နောက်ပြီး သူက ဆေးလည်ကုရင်း ကြံရည် သောက်၊ ဖရဲသီး စားလာခဲ့သေးတယ်တဲ့။ ဒါတွေကြောင့် သွေးချို တက်ပြီး မအီမသာဖြစ်နေတာ။ ဒါကို မသိဘဲ အားနည်းတယ်ထင်ပြီး ပုလင်းကြီး ဆက်လိုက်တော့ သူ့ခမျာ မြန်မြန်သေသွားတာပေါ့။

ကျွန်တော်တော့ ‘ငါ တော်တော်အသုံးမကျတဲ့ ဆရာဝန်။ ဒီလူသေတာ ငါ့ပယောဂ မကင်းဘူး’ တဖျစ် တောက်တောက် နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဆရာဝန်ကတော်ကိုလည်း ဘယ်လို မျက်နှာချင်း ဆိုင်ရမှန်း မသိတော့ဘူး။ ခုချိန်မှာ ဆရာဝန်ကတော်ကို မြင်ယောင်ရင်း စိတ်မသက်မသာ သက်ပြင်း ချလိုက်မိတယ်။

‘ငါ့သားတို့၊ လူတစ်ယောက် သေဆုံးသွားတာ ၀မ်းနည်းစရာဆိုတာ သေချာပေမယ့် လူတစ်ယောက် အသက်ရှင်လာတာ ၀မ်းသာစရာ သေချာရဲ့လား’
မစ္စတာပီရက်စ်က ကောက်ခါငင်ကာ မေးခွန်းထုတ်လိုက်တယ်။ ကျွန်တော်တို့ကလည်း မဆိုင်းမတွဘဲ -
သေမင်း လက်က လူတစ်ယောက်ရဲ့ အသက်ကို လုယူနိုင်ခဲ့ရင် ဒီထက် ၀မ်းသာစရာကောင်းတဲ့ အောင်မြင်မှု ရှိဦးမလား

မစ္စပီရက်စ်က -
ကောင်းပြီလေ၊ ကျုပ်ကို မောင်ရင်တို့လိုပဲ ပြောခဲ့ဖူးတဲ့ဆရာဝန်တစ်ယောက်ရဲ့ ၀မ်းနည်းစရာ ဇာတ်ကြောင်း လေးကို ပြောပြချင်ပါတယ်
အလို ... ဆေးလောကနဲ့ မပတ်သက်တဲ့ အဘိုးကြီးမှာလည်း ရင်ဖွင့်စရာနဲ့ပါကလား
သူက စကားဆက်လိုက်တယ်။
အဲဒီဆရာဝန်က တခြားသူမဟုတ်ဘူး။ ကျုပ်ရဲ့ အဖေ ဒေါက်တာ ပီရက်စ်ပဲ။ ဒုတိယကမ္ဘာစစ် မဖြစ်မီ ကျုပ်တို့သားအဖက ဂျာမနီပြည်ရဲ့ တောမြို့လေးတစ်မြို့မှာ နေတယ်။ အဖေက ဆေးခန်း လေး ဖွင့် ထားတယ်။ လူနာရှိလို့ လာခေးရင် အနီးအနားက ကျေးရွာတွေကို မြင်းရထားတစ်စီးနဲ့ ဆေးလိုက် ကုတယ်။ ငွေကြေးကို အ ဒိကမထားဘဲ စေတနာအရင်းခံနဲ့ ကုတော့ အဖေ့ကို လူတွေက သိပ်ချစ်ကြတယ်။ တစ်နေ့ အဖေ ဆေးကုသွားရာကအပြန် မြင်းရထားပေါ်မှာ သတိလစ် နေတဲ့ လူငယ် တစ်ယောက် ပါလာတယ်။

တောထဲမှာ အအေးမိပြီး သတိလစ်နေတာတွေ့လို့ခေါ်လာတာ သားရေ။ ငါတို့ သူ့အသက်ကို မရရအောင် ကယ်ရ မယ်ကွ '
ဒါနဲ့ အဖေက အဲဒီလူငယ်ကို နေ့မနား ညမနား ပြုစုတယ်၊ ကျုပ်ကတော့ အဖေ့ကို ကူလုပ်ပေးရတာပေါ့။ ပုလင်းကြီး တွေဆက်၊ နာခေါင်းပိုက်ကနေ အစာတွေသွင်း၊ ပဋိဇီဝ ဆေးတွေထိုးနဲ့၊ နောက်ဆုံးတော့ အဖေ ဟာ ဒီလူငယ်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ လူငယ်က ကောင်းကောင်းကြီး နားလန်ထ လာတယ်။ သူ့နာမည်က အဒေါ့ဖ်တဲ့ '
အဒေါ့ဖ်... '

ဟုတ်တယ်၊ သူက ဂျာမန်လူငယ်တစ်ယောက်ပေါ့။ နေကောင်းလာတဲ့အခါ အဒေါ့ဖ်က ကျုပ်တို့ရဲ့ အိမ်မှုကိစ္စတွေကို ကျုပ်နဲ့အတူ ၀ိုင်းလုပ်ပေးတယ်။ ပြောင်းခင်းတွေကို ကူရိတ်ပေးတယ်။ နွားကျွေးတယ်။ အဖေ ဆေးကုသွားရင် ဆေးအိတ်ကိုင်ပြီး နောက်ကလိုက်တယ်။ အဖေက အဒေါ့ဖ် ကို သား တစ်ယောက် လိုချစ်တယ်။ ကျုပ်ကတော့ အဒေါ့ဖ် ရောက်လာတာ ကောင်းကင်ဘုံက အစ်ကို တစ်ယောက် ကျလာ သလိုပါပဲ။

အဒေါ့ဖ်ဟာ လူကောင်းတစ်ယောက်ပဲဟေ့။ ဒီလို လူငယ်တစ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့ရ တာ တော်တော် ကျေနပ်စရာကောင်းတယ် ' လို့ အဖေက မကြာခဏ ပြောလေ့ရှိတယ်။ တစ်နေ့ မနက်မှာ အဒေါ့ဖ် အိမ်ကပျောက်သွားတယ်။
အဘ ဒေါက်တာ ...
အဖ ဂျာမနီပြည်ကြီးအတွက် လုပ်စရာတွေရှိသေးလို့ ကျွန်တော်သွားပြီ။
ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကံမကုန်ရင် ပြန်ဆုံသေးတာပေါ့။

ဆိုပြီးစာလေးတစ်စောင် ချန်ထားခဲ့တယ်။ အဖေကတော့ အဒေါ့ဖ် ပြန်လာနိုးနဲ့ နေ့စဉ် မျှော်နေတတ် တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာပြီး ဂျာမနီပြည်မှာ နာဇီပါတီခေါင်းဆောင် ဟစ်တလာ အာဏာ ရလာတယ်။ သူက မဟာအင်အားကြီး နိုင်ငံ ထူထောင်ဖို့အတွက် စစ်ပြင်နေပြီ။ ဥရောပမှာ စစ်ရိပ် စစ်ငွေကတွေ သမ်း လာတယ်။ တစ်နေ့တော့ အဖေ ဆေးကုရာက အပြန် ဟစ်တလာပုံ ပါတဲ့ သတင်းစာကို ကိုင်ပြီး -

ဟေ့... ပီရက်စ်၊ မင်းဟစ်တလာကို မင်းမြင်ဖူးတယ်လို့ မထင်ဘူးလား ဆိုပြီး မေးတယ်။
'ဟာ ... အဖေကလည်း သူ့ပုံသတင်းစာထဲ ခဏခဏပါနေတာ မြင်ဖူးတာပေါ့ဗျ။ ဒါ အဆန်းလား '
'အေး ... ငါလည်း အစကတော့ မင်းလို ခပ်ပေါ့ပေါ့ပဲ၊ ဟစ်တလာကို သေချာမကြည့်မိဘူး။ နောက်မှ ကြည့်ရင်း ကြည့်ရင်းနဲ့ ရင်းရင်းနှီးနှီးထဲက တစ်ယောက်ယောက်နဲ့ တူပါတယ်လို့ အောက်မေ့မိတယ်။ သူ့နှုတ်ခမ်းမွှေး ကို ဖယ်ပြီး အသက်ငယ်ကြည့်လိုက်စမ်းကွာ။ သူ ဘယ်သူနဲ့ တူသလဲ'

စူးရှတောက်ပြောင်တဲ့ မျက်လုံးး၊ ထင်းနေတဲ့ နှာခေါင်း၊ ပါးလျလျနှုတ်ခမ်း၊ ခိုင်မာတဲ့ မေးရိုး။ ဒါ .. အဒေါ့ဖ်မှ .. အဒေါ့ဖ် အစစ်။
အဖေ သူက ကျွန်တော်တို့ ကယ်ခဲ့တဲ့ အဒေါ့ဖ်နဲ့ တူသလိုပဲ
အေး ... ဟုတ်တယ်။ ငါလည်း ဒီလိုထင်တာပဲ။ နောက်ပြီး သူ့နာမည်က အဒေါ့ဖ် တလာဆိုတော့ ငါတို့ အဒေါ့ဖ်ဖြစ်ဖို့ နီးစပ်တယ်။ ဟုတ် မဟုတ် ငါတို့ သွားတွေ့ကြည့်ရအောင်
ဒါနဲ့ ကျုပ်တို့ သားအဖ မြို့တော်ဘာလင်ကို လာခဲ့ကြတယ်။ ဂျာမနီပြည်ရဲ့ အဓိပတိ ခေါင်းဆောင်ကြီး ဟစ်တလာ နဲ့ တွေ့ဖို့ ဆိုတာ ပြောသလောက်မလွယ်ဘူး။

တွေကချင်သူ ဒေါက်တာပီရက်စ်နှင့် သား ဂျူနီယာပီရက်စ်ဆိုတဲ့ နာမည်ကတ်လေးက အဆင့်ဆင့် ဖြတ်သန်းပြီးမှ နောက်ဆုံးကျုပ်ဆု့ သားအဖ ဟစ်တလာရှေ့ရောက်ခဲ့တယ်။
'ဟဲလို... အဘ ဒေါက်တာ၊ ဟဲလို... ညီလေး ပီရက်စ် နေကောင်းကြရဲ့လား' ဆိုပြီး ဟစ်တလာက ၀မ်းသာအားရ ထ နှုတ်ဆက်တယ်။ နောက် သူက -
'ဒီမှာ အဘ၊ ကျွန်တော်ဟာ အဘအိမ်မှာ တောက်တိုမည်ရ ကူလုပ်ပေးတဲ့ အဒေါ့ဖ် မဟ်ုတ်တော့ ဘူး။ အခု ဂျာမနီပြည် ရဲ့ လက်ညိုးညွှန်ရာ ရေဖြစ်တဲ့ ခေါင်းဆောင်ကြီးဟစ်တလာ ဖြစ်နေပြီ။ အဘ မအံ့သြဘူးလား '

'အဖေက ပါးစပ်ဟောင်းလောင်း ဖြစ်နေတယ်။ နောက်မှ -
'အိပ်မက်တစ်ခုလို့ အောက်မေ့ရတယ်။ အဒေါ့ဖ်က ဟစ်တလာတဲ့။ မယုံနိုင်စရာပဲ '
'ဘာမှ မယုံမရှိပါနဲ့။ ကျွန်တော်က အဘ ကယ်တင်ခဲ့တဲ့ အဒေါ့ဖ် အစစ်ပါ။ အဘဟာ ကျွန်တော့်ရဲ့ အသက်သခင်ပဲ။ ပြော အဘ၊ ဘာလိုချင်သလဲ။ လိုချင်တာ အကုန်ရစေရမယ်'
'အဖေက လေးလေးနက်နက် စဉ်းစားလိုက်ပြီး -

'အဒေါ့ဖ် ရေ တကယ်ရမှာ ဆိုတာ သေချာရဲ့လား '
ဟာ ... စိတ်ချ အဘ။ မြေလား၊ ရွှေလား၊ ငွေလား၊ ရာထူးလား '
အဖေက ခေါင်းခါလိုက်ပြီး -
ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ ငါလိုချင်တာ ငြိမ်းချမ်းရေးပါ
ငြိမ်းချမ်းရေး...
ဟုတ်တယ် အဒေါ့ဖ်။ အခု မင်းက တခြားနိုင်ငံတွေကို သိမ်းပိုက်ဖို့ စစ်ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ပလူပျံနေတယ်။ ဒီသတင်း အမှန်တကယ်ဆိုရင်တော့ လူတွေအတွက် မကောင်းဘူး။ စစ်ကို အကြောင်းပြုပြီး အသက်အိုးအိမ် စည်းစိမ်တွေ သေကျေပျက်စီးကြလိမ့်မယ် '

အဲဒီတော့
အဲဒီတော့ မင်းရဲ့ စစ်ရေး အစီအစဉ်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့ မေတ္တာ ရပ်ခံပါရစေ '
တော်တိတ် ... လုံးဝ မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် အဘလှည့်ပြန်ပါ။ ဒါမှမဟုတ် အခြား တစ်ခုခု နဲ့ အစားထိုး တောင်းလိုက်စမ်းပါ”
မင်းပြောတော့ တကယ်ရမှာ ဆို ဟုတ်တယ်လေ၊ ငြိမ်းချမ်းရေးက လွဲရင်ပေါ့
ငြိမ်းချမ်းရေး က လွဲပြီးငါ ဘာမှ မလိုချင်ဘူး၊ ဘာနဲ့မှလည်းအလဲအလှယ် မလုပ်နိုင်ဘူး ခေါင်းမာလှချည်လား
ဟုတ်တယ် အဒေါ့ဖ်၊ မင်း လူတွေရဲ့ ရင်ထဲက လာတဲ့အသံကိုကြားအောင် နားထောင် ကြည့်စမ်းပါ။ ငြိမ်းချမ်းရေး ဆိုတာ ပဲ့တင်ထပ်လာမယ်
ဟစ်တလာ ရဲ့မျက်နှာဟာ ချက်ချင်း တင်းမာလာတယ်။

ဟေ့...သူတို့ကိုခေါ်သွားလိုက်စမ်း ဆိုပြီး အစောင့်စစ်သားကို အမိန့်ပေးလိုက်တယ်။ ကျုပ်တို့ သားအဖ အခန်းတံခါးနား ရောက်ခါနီးမှာ “နေဦး”ဆိုတဲ့ အော်သံ နောက်ကျောဘက်က ထွက်လာ တယ်။ လှည့်ကြည့် လိုက်တော့ ဟစ်တလာက-
ဒီမှာ ဂျူးအဘိုးကြီး၊ ခင်ဗျားက ကျုပ်အသက်ကို ကယ်ခဲ့တော့ ခင်ဗျားကို နောက်ဆုံးအခွင့် အရေးပေး လိုက်မယ်။ ခင်ဗျားတို့သားအဖ ဒီနိုင်ငံကနေ အမြန်ဆုံးထွက်သွားပါ”
ဘာဖြစ် လို့လဲကွ

ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားတို့ဂျူးတွေ ကျုပ်တို့ ဂျာမန်တွေအပေါ် ကုပ်သွေးစုပ်နေတာ ကြာပြီ။ အခု ဂျူးတွေရဲ့သွေးနဲ့ ကျုပ်တို့ ခြေဆေးတော့မလို့ဘဲ
”ဘုရားသခင်”
ဒီလိုနဲ့ သားအဖနှစ်ယောက် စိတ်မသက်မသာနဲ့ အိမ်ပြန်ခဲ့ကြတယ်။

အင်း...ငါ ကယ်တင်ခဲ့တာ လူတစ်ယောက် မဟုတ်ဘဲ မိစ္ဆာတစ်ကောင် ဖြစ်နေပါလား။ အခု ဒီမိစ္ဆာက သွေးဆာနေပြီ။ လူတွေ သေကျေပျက်စီးတော့မယ်။ ဒါကို ငါ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ဘူး ဆိုပြီးတော့ အဖေက တဖျစ်တောက်တောက် ပြောလာတယ်။ နောက်တစ်နေ့မှာ အဖေ က ကျုပ်ကိုအင်္ဂလန်ကို အတင်း လွှတ်တယ်။

ငါတို့ ဂျူးတွေ အတွက် ဒီနိုင်ငံကမလုံခြုံတော့ဘူး။ ငါ့သား မင်းသွားမှဖြစ်မယ်
ဟုတ်ကဲ့၊ ကျွန်တော်သွားမှာပါ။ ဒါပေမဲ့ အဖေမပါဘဲနဲ့တော့ မသွားနိုင်ဘူး

ဒီမှာ ပီရက်စ်၊ အဖေဟာ ဆရာဝန်တစ်ယောက်ပါ။ အဖေ့လူနာတွေကို ဒီအတိုင်း မထား ရက်နိုင်ဘူး။ လေဖြတ်နေတဲ့ ရှရိုဒါ၊ ရင်ကြပ်ပန်းနာသည် နာတာလျှာ၊ ကလေးတီဘီဖြစ်နေတဲ့ မူလာ အစရှိတဲ့ ဒီလူနာတွေ အဖေမရှိတော့ရင် ဒုက္ခရောက်မှာပေါ့။ ဒီမြို့ကလေးမှာ ဆရာဝန်ဆိုလို့ အဖေ တစ်ယောက်ပဲရှိတာ။ အဖေမရှိရင် သူတို့ အားကိုးရာမဲ့သွားလိမ့်မယ်။ နောက် အဖေက အသက်ကြီး ပါပြီကွာ။ အဖေသေရင်လည်း မင်းအမေ ခေါင်းချခဲ့တဲ့ ဒီဂျာမနီမှာပဲ သေချင်တယ်။ ဒီ တော့ ငါ့သား အဖေ့ အတွက် မနှောင့်နှေးပါနဲ့။ မင်း အမြန်သွားပါ။

 ကြာရင် အထွက်ခက်လိမ့်မယ်”
ဒါနဲ့ အဖေ့စကားကို နားထောင်ပြီး ကျုပ်လည်း အင်္ဂလန်ကို ထွက်ခဲ့တယ်။ နောက် အဖေ့ ရဲ့ လောဆော်မှုနဲ့ ဂျူး တချို့ တ၀က်ကိုလည်း အပါခေါ်နိုင်ခဲ့တယ်။ ဂျူးအများစုက ကျုပ်တို့စကား ကို မယုံကြဘူး။ မကြာပါဘူး၊ ဟစ်တလာ က ဂျူးသုတ်သင်ပွဲကြီး စတော့တယ်။ နောက် ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာတော့ အဖေ့သတင်းကို ဘာမှ မကြားရတော့ဘူး။ နောက်မှ အင်္ဂလန်ရောက် လာတဲ့ ဂျာမန် ဂျူးတစ်ယောက် ပြောပြ လို့ အဖေဟာဂျာမန်တပ်တွေ အဖေမ်းခံရပြီး အော့ဇ်ဝစ်ခ်ျ အကျဉ်းထောင်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရတယ်။ နောက်ဆုံးတော့ အဖေဟာ သူကယ်တင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ပယောဂနဲ့ သေဆုံးခဲ့ရတယ်”

မစ္စတာပီရက်စ်ရဲ့ မျက်ဝန်းအစုံမှာ မျက်ရည်တွေ ဝေ့နေတယ်။
ဒီ အင်္ဂလန် ကို မလာခင် ကျုပ်အဖေကို မေးကြည့်ဖူးတယ်။
အဖေ အဒေါ့ဖ်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် နောင်တရမိသလားလို့။

ဒီမှာ ငါ့သား၊ လူတစ်ယောက်က လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်တယ်ဆိုတာ ဘယ်ဘုရားသခင်ရဲ့ အလိုနဲ့မဆို ကိုက်ညီတယ်။ ဒီတော့ အဒေါ့ဖ်ရဲ့ အသက်ကို အဖေကယ်ခဲ့တာ လုံးဝနောင်တမရဘူး။ ဆရာဝန် တစ်ယောက်အနေနဲ့ဆို သေကောင်ပေါင်းလဲ ဖြစ်နေတဲ့ လူတစ်ယောက် ရဲ့ အသက်ကို ကယ်တင် နိုင်ခဲ့တာ ဂုဏ်တောင်ယူရဦးမယ်။ အဒေါ့ဖ်ဆိုတဲ့ ရိုးရိုးသားသား ကောင်လေးက ဟစ်တလာဆိုတဲ့ ဂျာမန် အဓိပတိ ဖြစ်သွားတာကတော့ ငါတို့ ကံဆိုးလို့ပဲလို့ ပြော ရလိမ့်မယ်

အဲဒီညက ကျွန်တော်တို့ ဆရာဝန်သုံးယောက်စလုံး အိပ်မပျော်ဘူး။ နာဖီအကျဉ်းစခန်း တစ်ခုမှာ မထင်မရှား သေသွားရှာတဲ့ ဒေါက်တာပီရက်စ်ဆိုတဲ့ လူတစ်ယောက်ကို မြင်ယောင်နေမိ တယ်။ သူဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ စစ်ကြီးမဖြစ်အောင် သူစွမ်းနိုင်သမျှ တားဆီးခဲ့တယ်။ နောက် ဆရာဝန်ပီသစွာနဲ့ သူချစ်တဲ့ လူနာတွေအတွက် အသက်စွန့်ခဲ့တယ်။ တကယ်တော့ သူဟာ သူရဲကောင်းတစ်ယောက်၊ ကျွန်တော် တို့ လေးစား အတုယူ စရာကောင်းတဲ့ သူရဲကောင်းတစ် ယောက်ပါ။

သမိုင်းစာမျက်နှာကို မိုးကောင်းကင်နဲ့ တင်စားရရင် ကြယ်စင်တွေက သူရဲကောင်းတွေ ပေါ့။ ကောင်းကင် ကို မော့ကြည့်ရင် မရေတွက်နိုင်တဲ့ ကြယ်စင်တွေ သူ့နေရာနဲ့သူ အခိုင်အမာ ရပ်တည်နေတာ ခင်ဗျား တွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဒေါက်တာပီရက်စ် လို ကောင်းကင်မရှိတဲ့ အညတရ ကြယ်စင်တွေအများကြီး ရှိနေတယ် ဆိုရင် ခင်ဗျား ယုံမလား။ ဘယ်သူ့မှ မပြောဖြစ်တဲ့ ဇာတ်လမ်း လေးပေါ့ဗျာ။ ခင်ဗျား စိတ်ဝင်စား မလားတော့ မသိဘူး။

(Ref: Visions.)
စာရေးသူ - နတ်မှူး
ရနံသစ် ဖေဖော်ဝါရီ ၂၀၀၆

.

6 comments:

Anonymous said...

ဖတ်သွားပါတယ် အစ်မရေ။ ဒီတစ်ပုဒ်လည်း သိပ်ကောင်းတယ်။စာရေးဆရာ နတ်မှူးရေးတဲ့စာကို ပထမဆုံး ဖတ်ဖူးတာပဲ။ ဒီအပုဒ်က ဘာသာပြန်ဝတ္ထု မဟုတ်ဘူးနော်။ မြန်မာပြည်က ဆရာဝန်က တကယ်ပဲ ဟစ်တလာကို ကယ်တဲ့လူနဲ့တွေ့ခဲ့တာလား၊ စာရေးဆရာတို့ အတတ်ပညာနဲ့ရေးထားတာလားပဲ။

sdl

SHWE ZIN U said...

အမလည်း သေချာမသိဘူး ညီမရယ် ကြည့်ရတာ ref:လည်းပါတော့ တကယ်ဖြစ်ခဲ့ တာကို ဇာတ်လမ်းများ ဆင်ရေးထားလားမသိဘူး

စာဖတ်တဲ့ အတွက်ကျေးဇူပါနော်

ရွှေစင်ဦး

Anonymous said...

အမ..မအိပ်ခင်လေးလာဖတ်၏။

မဖတ်ရမနေနိုင်သောအခါ....


မြတ်နိုး

သူကြီးမင်း (တုံးဖလား) said...

စိတ်ဝင်စားဖို့ အရမ်းကောင်းတဲ့ အကြောင်းအရာလေးဘဲ။ ဟစ်တလာဟာ ကျေးဇူးကန်းတယ်ပြောရမလား။ ပြတ်သားတယ်ပြောရမလားမသိဘူး။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ဂျူးပေါင်းများစွာကို သုတ်သင်ခဲ့တာကိုတော့ ဘယ်သူမှ ခွင့်လွတ်နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။

ကိုဇော် said...

ဒီလို စာလေး ဖတ်ရတာ အရမ်းကောင်းတယ်ဗျာ။
ကြိုက်တယ်။
နာမည်သာ မကြီးတာ သူ့နည်း သူ့ဟန်နဲ့ သူရဲကောင်းတွေ အများကြီးပါဗျာ။

Anonymous said...

Thank u for sharing . Very nice to read it and i always like series of U SAE YOE.I like to write in burmese but i don't know how to do it.Anyway thank u.