အခန်း (၇) သားအတွက်မိခင်
အယ်လစ်ဇာ့စိတ်၌ လင်သားဖြစ်သူ ခံစားနေရသော ဒုက္ခနှင့် ဘေးအန္တရာယ်၊ သားဖြစ်သူ ရင်ဆိုင်ရအံ့သော ဘေးအန္တရာယ် တို့သည်သာ စွဲထင်နေ၏။
သို့ဖြင့် သူသည် သူ့တသက်သာလုံး ခိုမှီအားထားရာ သူ့အိမ် သူ့နေရာ သူ့မိတ်ဆွေ အများကို စွန့်ခွာခဲ့ ပေပြီ။ ထိုနေရာကား သူကြီးပြင်းခဲ့ရသောနေရာ၊ ထိုသစ်ပင်ရိပ်ကား သူ ငယ်စဉ်က ကစားမြူးတူးရာ အရိပ်ကောင်း၊ ထိုတောတန်းကလေးကား ညနေ ချမ်းတိုင် ချစ်သူနှင့်အတူ တွဲလျက် လမ်းရှောက်ခဲ့သော တောတန်း ကလေး စသည့် တမ်းတစရာနေရာများကို သူ စွန့်ခွာခဲ့ရ ပေပြီ။
ယခုမူ သူသည် ဘာကိုမျှ သတိမရနိုင်တော့။ မိခင်က သားကို မြတ်နိုးသောစိတ်၊ သား အတွက် ပူပန်သော စိတ်တို့ကသာ သူ့ကို စေ့ဆော်နေ၏။ သားငယ်သည် လမ်းရှောက်နိုင်သော အရွယ် ဖြစ်သည်။ သို့သော် သူ့သားကို သူလက်တွဲခေါ်ခဲ့သည့်တိုင်အောင် သူ စိတ်မချ။ ထိုကြောင့် ရင်ခွင်မှာ တင်းတင်းဖက် လျက် ပွေ့ချီထားသည်။ သားငယ်ခန္ဓာကိုယ် လေးလံသည်ကိုပင် ငှက်မွေး ကလေးတပင်မျှ မှတ်ထင် ထားသည်။ သားငယ်အတွက် ပူပန်သောစိတ်၊ ထိတ်လန်တုန်လှုပ်သော စိတ်က သူ့ခြေလှမ်းကို ပိုမို သွက်လက် စေသည်။
သားငယ်သည် သူ့ပခုံးထက်တွင် ခေါင်းတင်လျက် အိပ်မောကျနေ၏။ သားငယ်၏ ထွက်သက်ဝင်သက် ညင်းညင်းသည် သူ့လည်တံ၌ ထိတွေ့လာသည်။ သားငယ်၏ လက်မောင်း နွေးနွေးဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက် ထားသည့် အတွေ့အထိကိုလည်း သူ ခံစားရသည်။ ထိုအခါ နှင်းသိပ်သည်းသောည၏ အအေးဒဏ် ကို သူ မေ့လျော့နိုင်သည်။ သား၏အငွေ့အတွေ့တို့ ကသူ့တကိုယ်လုံးကို နွေးထွေးစေသည်။ အင်အားကို ပြည့်စေ သည်။ ထိုသား၏ အသွေးအသား တို့သည်ပင် အယ်လစ်ဇာအဖို့ အင်အားဖြစ်နေလေ၏။ သူသည် ဖုရား ကိုတလျက် ပြေးချေတခါ၊ ခပ်သွက်သွက် ရှောက်ချေတလှည့်ဖြင့် လာခဲ့သည်။
ညအမှောင်မှာပင် အယ်လစ်ဇာသည် မစ္စတာရှယ်လဗီ၏ စိုက်ခင်းခြံမြေများကို ကျော်လွန် လာသည်။ အမှောင်သည် တဖြည်းဖြည်း ပြယ်လာ၏။ နီကျင်သော နံနက်ခင်းအလင်းရောင်ကို မြင်ရချေပြီ။
အယ်လစ်ဇာသည် ရှေ့ခရီးတူရူကို မြင်ရပေပြီ။ ဤလမ်းသည် အိုဟိုင်းအိုး မြစ်တူရူသို့ ရှေ့ ရှု၏။ မြစ်မှ မလှမ်းမကမ်းနေရာရှိ ရွာကလေးကို သူ သိသည်။ ထိုရွာသို့ သူသည် သခင်မနှင့် အတူ ရောက်ပူး၏။ ထိုရွာမှ တဆင့် အိုဟိုင်းအိုးမြစ်ကို သူ ဖြတ်ကူးမည်။
ကလေးသည် အိပ်ရာမှ နိုးလာပြီဖြစ်၍ ကလေးကို ချီထားရာမှ ချသည်။ လက်မှာဆွဲ၍ ခရီး ဆက်ခဲ့သည်။ သို့ဖြင့် သူတို့သည် ချောင်းကလေးတခုသို့ ရောက်ခဲ့ကြ၏။
ကလေးသည် ဆာလောင်မွတ်သိပ်လာပြီ ဖြစ်သည်။ ထို့ကြောင့် အယ်လစ်ဇာသည် ကျောက်တုံး တခု အကွယ် တွင် ကလေးကို ချပြီး ပါလာသောအစာကို ကျွေးသည်။ အပြေးအလွှား လာခဲ့ရသဖြင့် မောနေ သည်။ လည်ချောင်းမှာ ခြောက်ကပ်နေ၏။ သို့ပေမယ့် သူ အစာ စားလိုစိတ် မရှိ။ သူ မြစ်သို့သာ အမြန်ဆုံး ရောက်ချင်သည်။ မြစ်တစ်ဖက်သို့ ကူးသွားချင်သည်။ ထို့ကြောင့် ခရီးဆက်ရပြန်သည်။
ဤခရီး၌ သူ့သခင်များနှင့်စပ်၍ သိကျွမ်းသူများ ရှိသည်ကို သူ သိသည်။ ယခုအခြေအနေ များ၌ ထိုလူများကို သူမတွေ့ချင်။ သူတို့နှင့် တွေ့၍ သူ့အပေါ်တစုံတခု အထင်မှား အမြင်မှား ဖြစ် မည်ကို သူမလိုလား လမ်းတွင် လူအများ ဖြတ်သန်း သွားလာကြသည်ကို၎င်း၊ ယာဉ်များ ဖြတ်သန်း သွားလာကြ သည်ကိုဩ သူတွေ့၏။
စင်စစ် သူသည် နီးဂရိုးကျွန်တယောက် ဖြစ်သည်ကား မှန်၏။ သို့သော် သူ့အသားအရေ မှာ အခြား နီးဂရိုး များနှင့် မတူပေ။ လူဖြူနှင့် သွေးစပ်ပေါက်ဖွားသူဖြစ်၍ အသားဖြူသည်။ သူ့သား သည်လည်း အသားဖြူ သည်။ ထို့ကြောင့်လည်း သာမန်အားဖြင့် သူ့ကို မြင်ရသူများသည် သူ့အား ထွက်ပြေးလာသော ကျွန်တယောက်အဖြစ် အလွယ်တကူ မမှတ်ယူနိုင်ကြပေ။ ထွက်ပြေးလာသော ကျွန်တယောက်အဖြစ် သိလျှင် တော့လည်း သူ့အဖို့ လွတ်မြောက်လမ်း မရှိနိုင်တော့ပေ။
မွန်းတည့် တွင် သူသည် ယာတဲတခုသို့ ရောက်လာ၏။ သူသည် ရန်သူနှင့်ဝေးလာပြီ ဟူသော အသိဖြင့် ကြောက်စိတ် လန့်စိတ်လျော့လာသည်။ သည်တော့မှပင် မောရပန်းရ ဆာလောင်မွတ်သိပ်ရသည်ကိုလည်း သတိရလာသည်။
ထိုယာတဲရှင် အမျိုးသမိးကြီးကား သူ့ထံသို့ ၀င်လာ အပန်းဖြေသဖြင့် သူ့အဖို့ စကားပြော ဖော် ရသော ကြောင့် ကျေနပ်နေ၏။ အယ်လစ်ဇာအား ဘာမျှ စုံစမ်းခြင်း မပြု။ အယ်လစ်ဇာ အလိုရှိ သော စားစရာ များကို သာ ရောင်းချသည်။
အယ်လစ်ဇာသည် ခဏ နားနေစားသောက်ပြီးနောက် ခရီးဆက်လေသည်။ အိုဟိုင်းအိုး မြစ်ကို ကူးမိဖို့ သာ စိတ်ကစောနေသည်။ မြစ်တဖက်ရောက်လျှင် မည်သို့ ခရီးဆက်ရဦးမည်ကိုကား သူ မသိသေး။
နေမ၀င်မီကလေးမှာပင် အယ်လစ်ဇာသည် အိုဟိုင်းအိုးမြစ်ကမ်းပါးသို့ ရောက်လာသည်။ ထိုအခါ သူ အားတက်လာသည်။ ဤမြစ်သည် သူ့လွတ်မြောက်လမ်းပင်ဟု သူ ယုံကြည်ထားသည်။
မြစ်တွင်း၌ မြစ်ရေသည် မျောလာသော ရေခဲတုံးများဖြင့် လျှံတက်နေ၏။ ရေခဲတုံးများသည် ကမ်းနှစ်ဖက် အပြည့် စီးဆင်းနေသည်။ ရေခဲတုံးများပေါ်မှ ဖြတ်သွားရန်မှာ မလွယ်ကူသည်ကို သူ သိသည်။ ရေခဲတုံး များသည် အချိန်မရွေး ပြုကွဲနိုင်လေသည်။ သို့ဖြင့် ရေတွင် စုန်းစုန်း မြုပ်နိုင်၏။
အယ်လစ်ဇာသည် ဤမြစ်ကို ကူးရန် ကူးတို့ရနိုင် မရနိုင် စုံစမ်းရန်အတွက် မြစ်ကလေး ဘေးရှိ စားသောက် ဆိုင် ကလေးသို့ လာခဲ့သည်။
ဆိုင်တွင်း ၌ ဆိုင်ရှင် အမျိုးသမီးသည် ညစာ ချက်ပြုတ်ခြင်းဖြင့် အလုပ်များ နေ၏။ အယ်လစ်ဇာ၏ နှုတ်ဆက် စကားသံကြောင့် အသံလာရာသို့ ခေါင်းထောင်ကြည့်လိုက်သည်။
"ဟိုဖက်ကမ်းသွားဘို့ ကူးတို့များ မရနိုင်ဘူးလားရှင်"
"ရေကြီးနေလို့ မသွားကြဘူးကွယ့်" ဆိုရင် အမျိုးသမီးသည် အယ်လစ်ဇာ၏ ပူပန် စိုးရိမ် သော သွင်ပြင်၊ ပင်ပန်း နွမ်းနယ်လာသော ဟန်ပန်ကို ဂရုပြုလိုက်မိသဖြင့် "ရှင် တော်တော ပင်ပန်း လာပုံရတယ်။ ခလေးများ နေမကောင်း လာရောလား။ ရှင့်ကြည့်ရတာ စိတ်ပူပန်နေပုံလဲရတယ်" စုံစမ်းစကားဆိုလာ၏။
"ဟုတ်ပါတယ်ရှင်။ ခလေးမှာ ဒုက္ခတွေ့လာလို့ပါ။ ဒီမှာဖြင့် ကူးတို့ရနိုင်ကောင်းရဲ့ဆိုပြီး တနေကုန် ရှောက်လာခဲ့ရတယ်"
"ကဲလေ၊ ခဏ ၀င်နားပါအုံး။ အင်း ကံကောင်းရင်တော့လဲ ရချင် ရပါလိမ့်မယ်။ နေအုံး နေအုံး" ဆိုကာ အမျိုးသမီးသည် ပြတင်းပေါက်မှနေ၍ အပြင်ဖက်သို့ "ဆော်လမွန်ရေ" လှမ်းခေါ် လိုက်သည်။
ခါးအောက်ပိုင်းတွင် ဒူးဆစ်အထိ သားရေပြား ပတ်ဝတ်ထားသော ယောက်ျားကြီး တယောက် ၀င်လာ သည်။
"ဒါထက် ဆော်လမွန်ရေ။ ဟိုလူက ကနေ့ညလာမတဲ့လား"
"လာမယ် ပြောတာဘဲ"
အမျိုးသမီးသည် အယ်လစ်ဇာဘက်လှည့်၍
"ကဲ လူတယောက်တော့ လာဘို့ရှိတယ်။ အဲဒီလူ လာရင်တော့ ဟိုဖက်ကမ်းကို ကူးဖြစ် ပါလိမ့်မယ် ထင်တယ်။ ဒီတော့ ရှင် ဒီမှာ ခဏနားနေပေါ့။ ခလေးကလဲ ချစ်စရာဘဲ" ကလေးအား မုန့်တခု လှမ်းပေးရင်း ပြောလိုက် ၏။
သို့ဖြင် အယ်လစ်ဇာသ်ည ထိုတညအို့ ဤအိမ်ကလေးတွင် နားနေရန် ဆုံးဖြတ်လိုက်လေ သည်။
စင်စစ် မစ္စတာ ရှယ်လဗီသည် မစ္စတာ ဟာလေအား နေ့လယ်စာ စားရန် ဖိတ်ခေါ်လိုက် စေကာမူ နေ့လယ်စာသည် အသင့် မဖြစ်သေးပေ။ ခါတိုင်း အစောလာလျှင် ပြင်ဆင်ပြီး နေကျ အစစ အရာရာ အဆင်မပြေသူများနှင့် ရင်ဆိုင်နေရ၏။ ဒေါ်ကြီးချလိုသည် ခါတိုင်းလို မြန်မြန် ထက်ထက် မချက်မပြုတ်။ ချက်ပြီး အိုး မှောက်သွားသဖြင့် ပြန်လည် ချက်ပြုတ်ရသေး၏။ ရေခပ် သွားသော သူငယ်သည်ပင် ဖြောင့်ဖြောင့်တန်းတန်း မရှိ။ လမ်းမှာတွင် ရေအိုးမှောက်၍ ပြန်ခပ်ရ၏။ ဤသို့ အလုပ်ကိစ္စများ နှောင့်နှေး သည့်အတွက်မစ္စတာ ရှယ်လဗီသည် အပြစ်မယူ။ မှန်သည်။ နေ့လယ်စာ နောက်ကျလေ အယ်လစ်ဇာ အရှာထွက်မည့် ဟာလေ့အဖို့လည်း နောက်ကျလေ ဖြစ်ရသည်ကို အားလုံး နားလည် ထားကြပြီး ဖြစ်၏။
ဟာလေသည်မူ အလုပ်ကိစ္စ နှောင့်နှေးရသည့်အတွက် စိတ်မရှည်နိုင်တော့ပေ။
မီးဖိုချောင်၌ ချက်ပြုတ်ပြီးလျှင် ဒေါ်ကြီးချလိုသည် အင်ဒီတို့ လူသိုက်နှင့်အတူ ဟာလေ၏ ရက်စက်ယုတ်မာမှုများကို စကားလက်ဆုံကျနေ၏။ ထိုအခိုက်မှာပင် ဦးလေးတွမ် ရောက်လာကာ ဟာလေ နှင့် ပတ်သက်၍ မပြောကြရန် တားမြစ်သေး၏။ ထိုအခိုက်မှာပင် မစ္စတာရှယ်လဗီထံမှ ဦးလေးတွမ့်အား လာရောက် တွေ့ဆုံရန် အခေါ်လွှတ်လိုက်သဖြင့် ဦးလေးတွမ်သည် မစ္စတာ ရှယ်လဗီထံသို့ ရောက်ခဲ့ လေသည်။
"ကဲ တွမ်။ ဟောဒီက ပုဂ္ဂိုလ်က ကျုပ်ကတိပေးထားရတယ်။ မင်းကို သူအလိုရှိတဲ့ အချိန် မှာ မင်းမရှိရင် ကျုပ်က ငွေတထောင် လျော်ပါ့မယ်လို့။ ကနေ့တော့ သူ့မှာ တခြားအလုပ်တွေ ရှိ သေးတယ်။ ဒါ့ကြောင့် ကနေ့တနေ့တော့ မင်းလွတ်လွတ်လပ်လပ် နေနိုင်သေးတယ်ပေါ့ကွာ" မစ္စတာရှယ်လဗီက ပြောပြသည်။
"ကျေးဇူးပါဘဲသခင်"
"ဟေ့၊ ဟေ့။ တခုတော့ သတိထားနော်။ မင်း ကလိန်ကျမယ်တော့မကြံနဲ့။ ငါကတော့ မင်းသခင်လို မင်းတို့ကို မယုံနိုင်ဘူး။ မင်း ထွက်ပြေးရင်တော့လား မင်းသခင် ရှိသမျှ စည်းစိမ် အပြုတ်ပဲမှတ်" မစ္စတာဟာလေက ၀င်ပြောသည်။
တွမ်သည် ခပ်မတ်မတ်ရပ်လိုက်ာ မစ္စတာရှယ်လဗီဖက်သို့ လှည့်၍ "သခင်၊ ကျုပ်ဟာ ရှစ်နှစ်သား လောက်ကတဲက သာခင့်အမေ့ဆီကို ရောက်ခဲ့တာပါ။ ဒီအချိန်က သခင်ဟာ တနှစ်သား မရှိသေးပါဘူး။ ဒီတုန်းက သခင်မကြီး ပြောခဲ့တာကို ကျနော် မမေ့ပါဘူး။ "ဒါဟာ မင်းသခင်ကလေးဘဲ။ မင်း ဂရုစိုက်ပါ"လို့ ပြောခဲ့ပါတယ်။ ကျနော် မေးပါရစေ သခင်။ ကျနော်ဟာ သခင့်စကားကို နားမထောင်ခဲ့တဲ့အခါရယ်လို့ ရှိဘူး ပါသလား။ သခင့်အလို ဆန္ဒကိုရော ဆန့်ကျင်ဘူးပါသလား"
ထိုစကားကို ကြားရသဖြင့် မစ္စတာရှယ်လဗီသည် မျက်ရည်လည်လာသည်။
"ကျုပ်နည်းလည်တယ်ကွယ်။ မင်း ဘယ်လောက်သစ္စာရှိတယ် ဆိုတာကိုလဲ ဖုရားသခင် အသိပါ။ ကျုပ် ဘာမှ မတတ်နိုင်လို့သာ ကြည့်နေရတယ်ကွယ်။ ကျုပ်ဟာ တတ်နိုင်ရင် တကမ္ဘာလုံး ရှိသမျှ ပစ္စည်းတွေ ပုံပေးပြီး မင်းးကို ၀ယ်တောင် ကျုပ် မရောင်းပါဘူး"
"ကျမ ပိုက်ဆံရှိတဲ့ တနေ့ ရှင့်ကို ပြန်ဝယ်ပါ့မယ် တွမ်။ စိတ်ချပါ" မစ္စက်ရှယ်လဗီက ၀င် ပြောသည်။
နေ့လယ်စာစားပြီးလျှင်ပင် ဟာလေသည် ဆမ်၊ အင်ဒီတို့နှင့်အတူ ခရီးစတင် ထွက်လေ သည်။
ထိုလမ်းခရီး၌လည်း ဟာလေအဖို့ ဖြောင့်ဖြောင့်ဖြူးဖြူး မရှိလှပေ။
လမ်းဆုံတခုသို့ ရောက်လျှင်ပင် ဆမ်က
"ဟောဒီမှာက လမ်းနှစ်ခွ ဖြစ်နေတယ်။ နှစ်လမ်းလုံးဟာ မြစ်ကို တွားတာဘဲ။ သခင် ဘယ်လမ်းက လိုက်မလဲ။ ကျုပ်အထင်တော့ အယ်လစ်ဇာဟာ လမ်းဆိုးတဲ့ဘက်က သွားမယ်ထင် တာဘဲ။ ဘာလို့လဲဆို အဲဒီလမ်းက လူသွားနိုင်တယ် မဟုတ်လား" ပြောလာသည်။
ဟာလေသည် ဆမ့်စကားကို ယုံရအခက် မယုံရအခက် ဖြစ်ရလေပြီ။
"သခင်ကြို့တဲ့လမ်းက သွားပါလေ။ ကျုပ်ထင်ကတော့ ဒီလမ်းရိုးလမ်းဖြောင့်အတိုင်း သွား တာက ပိုကောင်းမယ် ထင်တယ်" ဆမ်က သူ့ အယူအဆကို ဆက်ပြောသည်။ ဆမ့်စကားမှာ မပြတ်သားလှပေ။
ဟာလေ့စိတ်ကမူ အယ်လစ်ဇာသည် လမ်းဆိုးအတိုင်း သွားရမည်ဟု ယူဆသည်။ ထို့ကြောင့် လမ်းဆိုးအတိုင်းလိုက်ရန် ဆုံးဖြတ်သည်။ အတန်ငယ်သွားမိသောအခါ ဆမ်က ထိုလမ်း မှာ ရှေ့တွင် လမ်းပိတ်နေပြီဖြစ်ကြောင်း ပြောသေး၏။ သို့သော် ဟာလေသည် ဆမ့်ကို မယုံကြည် တော့ပေ။ ထို့ကြောင့် ဆက်သွာသည်။ လမ်းမှာ တနာရီခန့်သွားမိလျှင်ပင် ဆုံးလေသည်။
"ကဲ၊ ကျုပ်မပြောဘူးလား သခင်။ ဒီလမ်းက ရှေ့ဆက်သွားလို့ မရပါဘူးဆိုတာ" ဆမ်က ပြောသည်။
ဟာလေ ဒေါပွရလေပြီ။ သို့ဖြင့် ဟာလေသည် လာလမ်းအတိုင်း လမ်းမကြီးသို့ ပြန်ထွက်ရ ၏။ ထို့ကြောင့် မြင်းနှင့် လိုက်လာသည့်တိုင်အောင် ခရီးမှာ နှောင့်နှေးရလေသည်။ သို့ဖြင့် သူတို့ သည် မြစ်ကမ်းဘေးရှိ စားသောက် ဆိုင်သို့ အယ်လစ်ဇာရောက်ပြီးနောက် လေးဆဲ့ငါးမိနစ်ကြာမှ ရောက်လာခဲ့သည်။ ထိုသို့ ရောက်လာရာ တွင် ဆမ်သည် ရှေ့က လာခဲ့ခြင်း ဖြစ်၏။ အင်ဒီနှင့် ဟာလေတို့မှာ ဆမ့်နောက် နှစ်ကိုက် အကွာတွင် ရှိသည်။ ထို့ကြောင့် ဆမ်သည် ပြတင်းဝတွင် ရပ်နေသော အယ်လစ်ဇာကို အရင်မြင်ရခြင်း ဖြစ်၏။ ဆမ်သည် အယ်လစ်ဇာကို မြင်သည်နှင့် သူ့ဦးထုပ်ကို လေထဲတွင် လွင့်သွားအောင် လုပ်ပစ် လိုက်သည်။ ထို့နောက် အော်ဟစ်အသံပေးကာ မြင်းကို ဒုန်းစိုင်း၍ ဦးထုပ်နောက်သို့ လိုက်လေ၏။
ပြတင်းဝတွင် ရပ်နေသော အယ်လစ်ဇာသည် ဆမ့်အသံကြောင့် လန့်ဖြတ်သွားသည်။ ဆမ်တို့ လူသိုက်ကိုလည်း လှမ်းမြင်လိုက်မိသည်။ အယ်လစ်ဇာသည် ချက်ချင်းပင် ကလေးကို ကောက်ယူပွေ့ချီကာ တံခါး အတိုင်း မြစ်ဖက်သို့ အပြေးဆင်းခဲ့လေသည်။
ဟာလေသည် အယ်လစ်ဇာကို မြင်သည်နှင့် မြင်းပေါ်မှ ခုန်ဆင်းကာ အယ်လစ်ဇာ့နောက် သို့ လိုက်လေ၏။ ဆမ်နှင့် အင်ဒီလည်း ဟာလေ့နောက်က အပြေးလိုက်ကြ၏။
အယ်လစ်ဇာသည် ဘာကိုမျှ မမြင်နိုင် မသိနိုင်တော့ပေ။ သူ့အပါးသို့ မီလုမိခင်ဖြစ်လာ သော ဟာလေကိုပင် သူ သတိမထားနိုင်။ အဟုန်ဖြင့် စီးနေသော မြစ်တွင်းသို့သာ အရှိန်ဖြင့် ခုန်ချ လိုက်သည်။ ရေခဲတုံးတတုံးပေါ်သို့ ရောက်သွား၏။ ရေခဲတုံးကြီးများသည် မြစ်တွင်း၌ အဟုန်ဖြင့် စီးဆင်းနေ၏။ အယ်လင်္စဖာသည် ရေခဲတုံးများပေါ်တွင် ဖြတ်၍ ပြေးခဲ့သည်။ ခြေထောက်များ နာကျင် စုတ်ပြတ် ကုန်သည် ကိုပင် သူ အမှုမထား။ မြစ်တဖက်ကမ်းအရောက်သာ စွတ်၍ ပြေးလာ ခဲ့သည်။ ဘာကိုမျှ မမြင်။ ဘာကိုမျှ လည်း ခံစားရသည်မထင်။ အိပ်မက်တခုမှာ ပြေးလွှားနေရသည် နှင့် ဘာမျှ မခြား။
တဖက်ကမ်းအရောက်တွင် လူတယောက်က ဆီး၍ လက်လှမ်းကယ်တင်ရင်း
"အာဂသတ္တိပါလား။ မင်း ဘယ်သူပါလိမ့်" ပြောလာသော အသံကို ကြားမှပင် အယ်လစ်ဇာ သည် ထိုအသံကို ကြားဘူးယောင် ထင်လာသည်။ မျက်နှာကိုလည်း သတိ မူမိသည်။ ထိုသူကား သူတို့အိမ်နှင့် မလှမ်းမကမ်းရှိ ခြံပိုင်ရှင် တယောက် ဖြစ်သည်ကို အယ်လစ်ဇာ သတိပြုမိလေတော့ သည်။
"အို၊ မစ္စတာဆိုင်းပါလား။ ကျမကို ကယ်ပါရှင်။ ကျမကို ၀ှက်ထားပေးပါ"
"အလို၊ ရှယ်လဗီတို့အိမ် မိန်းခလေးပါရော။ ဘာဖြစ်ပါလိမ့်"
"ကျမခလေး ကျမ ခလေးကို သူတို့ ရောင်းလိုက်ကြတယ်။ ဟိုမှာ၊ ဟိုမှာ" အယ်လစ်ဇာ သည် ကင်တတ်ကီနယ်ဘက်ဖြစ်သော တဖက်ကမ်းကို လက်ညှိုးညွှန်လျက် "လိုက်လာဘီ။ ကျမကို ကယ်ပါ မစ္စတာဆိုင်း ရယ်" ပြောနေ၏။
သူတို့သည် ကမ်းပါးအတိုင်း ကမ်းပါးထိပ်ရောက်သည်အထိ တက်လာခဲ့ကြလေသည်။
"မင်းကို ငါ ကယ်ချင်ပါ တယ် မိန်းခလေးရယ်။ ဒါပေမယ့် မင်းကို ၀ှက်ထားနိုင်လောက် အောင် နေရာမျိုး ငါ့မှာ မရှိဘူး။ အကောင်းဆုံးကတော့ မင်း ဟောဟိုရွာနားက အိမ်ဖြူဖြူဆီသာ ပြေးပေတော့" မစ္စတာဆိုင်း သည် ရွာသို့ တူရူ ရှေ့ရှုသော လမ်းမကြီးဘေးရှိ အိမ်ဖြူဖြူကို လက်ညှိုး ညွှန်ပြရင်း "အဲဒီက လူတွေဟာ လူကောင်း တွေဘဲ။ အဲဒီမှာ မင်း အန္တရာယ် မတွေ့နိုင်ဘူး။ သူတို့ မင်းကို ကူညီကြမျာ အမှန်ဘဲ" ပြော၏။
"ရှင့်ကို ဖုရားသခင် ကယ်မပါစေရှင်။ ရှင် ကျမ ဘယ်ကို ထွက်ပြေးသွားတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောဘူး ထင်ပါရဲ့နော်"
"မင်း ငါ့ကို ဘယ်လိုလူစားများ မှတ်လို့လဲကွယ်။ စိတ်ချပါ။ မင်း လွတ်မြောက်မှုကို မင်း ရှာဖွေတာဘဲ။ မင်းမှာ ဒီလို အခွင့်အရေးမျိုး ရှိတာဘဲဟာ"
အယ်လစ်ဇာ သည် ကလေးကို ရင်ခွင်တွင် တင်းတင်းဖက်ကာ တူရူသို့ အပြေးထွက်ခဲ့၏။
ဟာလေသည်မူ တဖက်ကမ်းမှနေ၍ သူ့မျက်စိအောက်တွင် ထွက်ပြေးသွားသော အယ်လစ်ဇာကို သူ့မြင်ကွင်းမှ ပျောက်သွားသည်အထိ ငေးစိုက်ကြည့်နေ၏။ မြစ်ကို ဖြတ်ကူးသွား စဉ်ကလည်း သူ တအံ့တသြ ဖြစ်ခဲ့၏။ ထို့နောက် ဟာလေသည် ဆမ်နှ့် အင်ဒီဘက်လှည့်၍
"ဒီကောင်မလေး စုန်းတက်သလားမှ မဆိုနိုင်ပေဘူး။ ခုန်ကူးသွားလိုက်တာ တောကြောင် တကောင် ကျနေတာဘဲ" ပြောလိုက်၏။
"အင်း၊ ကျုပ်တို့လဲ တတ်နိုင်သလောက် လိုက်တာဘဲ။ ဒါကို သခင် ကျေနပ်မယ်ထင်ပါ တယ်" ဆမ်က ရယ်ရယ် မောမော ပြောသည်။
"ဘာလဲ၊ မင်း ငါ့ကို လှောင်တာလား"
"ကျုပ်တို့လဲ မတတ်နိုင်ဘူး သခင်။ တကယ်ဘဲ၊ အံ့စရာဘဲ။ ခုန်လိုက် လွှားလိုက်တာ မပြောနဲပတော့။ ရေခဲတွေ ကွဲကွဲနေတဲ့ ကြားကများ ဖြတ်သွားလိုက်တာ"
ဆမ်နှင့်အတူ အင်ဒီသည် အကျေနပ်ကြီး ကျေနပ်ကာ အားရပါးရ ရယ်လိုက်၏။
ဟာလေသည် မခံမရပ်နိုင် ဖြစ်သွားကာ သူ့လက်က ကြာပွတ်ဖြင့် ဆမ်နှင့် အင်ဒီအား လိုက်ရိုက် လေတော့သည်။ ဆမ်နှင့် အင်ဒီသည် မြင်းများပေါ်သို့ လွှားတက်ကာ ဟာလေအား နှုတ်ဆက်ပြီး သူတို့ သခင်ရင်း ရှိရာသို့ ပြန်ခဲ့ကြလေတော့သတည်း။
အခန်း (၈) ဆက်ရန်
.

No comments:
Post a Comment