နုသော
ဆင်ဖြူကျွန်းအောင်သိန်း
မှေးစင်းလေးလံနေသော မျက်လုံးအစုံကို ကြိုးစားဖြဲဖွင့်ကာ ကိုဆေးရိုးမှာ အိပ်ယာမှ ထထိုင်လိုက်ရသည်။ ရွာထဲမှ အုတ်အုတ်ကျက်ကျက်အသံများသည် ကိုဆေးရိုး၏ နားထဲသို့ ၀ဲပျံဝင်ရောက်လာ၏။
သံဃာတော်တွေ ကြွလာပြီဗျို့။
ရွာထိပ်တံခါးမှ ကာလသားခေါင်း၏ အသံကြီးကိုပါ တစ်ဆက်တည်း ကြားရသည်။
ဘုန်းကြီးတွေ ကြွလာပြီတဲ့ဟေ့။
သတင်းစကားသည် နှုတ်ဆင့်ကမ်း၍ ရွာလယ်သို့ရောက်လာ၏။ ရွာလယ်မှတစ်ဆင့် ရွာတောင်ဖျား ဘက်သို့ ရွေ့သွားကာ ဟေ့ ဆေးရိုးတို့ ကျီးဒန်တို့ ဘုန်းကြီးကြွလာပြီ။
မြောက်ဘက် အိမ်မှ ဒေါ်အေးဘုံသည် အိမ်နီးချင်းများကို လိုက်လံနှိုးဆော်နေလေသည်။ ကိုဆေးရိုးမှာ ပုဆိုး ကို ပြင်ဝတ်ကာ တဲနောက်ဖေး ရေအိုးဆီသို့ အပြေးအလွှားထလာခဲ့ရသည်။
မိန်းကလေးရေ ညည်းအဖေကို နှိုးလိုက်စမ်းဟေ့ ဟူသော မကျီးဒန်၏ အသံက အိမ်ရှေ့မှ ထွက်ပေါ် လာပြန် ၏။
ငါ နိုးနေပြီဟေ့ ကိုဆေးရိုးက မျက်နှာသစ်ရင်း အော်လိုက်ကာ မျက်နှာကို ပုဆိုးဖြင့် သုတ်ရင်း အိမ်ရှေ့သို့ ထွက်လာ သည်။ အေးမြသော ရေကြည်ဖြင့် ဆေးကြောသုတ်သင်ရသည့်တိုင်အောင် မျက်လုံးအစုံမှာ ကျိန်း စပ်စပ် ဖြင့် နေဆဲရှိသေး၏။
"ဖြည်းဖြည်းလုပ်ပါ ကိုဘကျော်ရဲ့။ သံဃာတော်တွေက ရွာပြင်မှာပဲရှိပါသေးတယ်"
မမြက ခင်ပွန်းသည် ကိုဘကျော် အလဲလဲအကွဲကွဲ လုပ်ကိုင်နေသည်ကို ကြည့်ပြီး ပြောလိုက်သောအသံ။
"ဟဲ့ ဒီနားက မြင်းခုံကလေး ဘယ်ရော်သွားလဲ။ တယ်ငါသေသေချာချာ ထားခါမှ"
မအေးကြွယ် တို့အိမ်ဘက်မှ ဆွမ်းတောင်းတင်စရာခုံ ရှာမတွေ့သောကြောင့် ဆူပူသံ။
"လှအောင်ရေ တံခါးပိတ်ထားဦးဟေ့၊ ဆွမ်းခူးတုန်းမို့ပါဟဲ့"
အဘွားချစ်ဆုံ၏ ရွာတံခါးဝမှနေပြီး သံဃာတော်များကို ဆီးတားထားသော ကာလသားခေါင်းထံ လှမ်းအော် သံ စသည်တို့ ဖြင့်တစ်ရွာလုံးမှာ ဆူညံနေလေ၏။ လူသံများသာလျှင် ဆူညံသည်မဟုတ်၊ ခွေးဟောင် သံ၊ တစ်ကောင်နှင့်တစ်ကောင် ကိုက်သံများလည်း လူသံနှင့် ရောပေါ်လာသော အိပ်တန်းမှ လန့်ပျံ ဆင်းလာ ကြသော ကြက်များ၏ အော်သံများကပါ ရောနှောထွက်ပေါ်လာလေ၏။
အရုဏ်ဦး၏ အမှောင်ရိပ်မှာ မပြယ်သေးချေ။ ကိုဆေးရိုးသည် မကျီဒန်နှင့် ချောစိန်၏ကြားတွင် ဆောင့်ကြောင့်ထိုင်လျက် ရှေ့တူရူရှိ ရွာစည်းရိုးကို ငေးကြည့်နေ၏။ ရွာပြင်ရှိ ဘုရားပျက်တောကြီးမှာ မည်းနက် သော ကုန်းတန်းကြီးအဖြစ် နောက်ခံ ထားသဖြင့် ရွာစည်းရိုးမှာ တွယ်ကပ်နေသော နွယ်ပင်များကို သဲသဲ ကွဲကွဲ မမြင်ရပေ။ အပေါ်သို့မော်ကြည့်လျှင်ကား ကောင်းကင်မှာ ပွင့်နေပြီ။
အောက်ခြေ တွင်ကား မှောင်ဆဲပင် ရှိသေး၏ ကိုဆေးရိုးသည် မည်းမည်းအရိပ်မျှသာမြင်ရသော ရွာစည်းရိုး ပေါ်က 'ဆီချွဲပင်' ကလေးများ၊ 'ကြွက်နားပေါင်း'ပင် ကလေးများကို စိုက်ကြည့်နေမိလေသည်။ နွယ်ညွန့် ကလေး များသည်အတာကာလကို ကြိုဆိုနေသည်သို့ ညွန့်ရှင်လန်းလန်း စွင့်ထောင်နေလေသည်ဟု ထင်ရ၏။ ပူအိုက်သောရာသီ ဖြစ်ပေးမင့် သင်္ကြန်ကာလသို့ရောက်လျှင် ရင်ထဲကကိုအေးချမ်းလာ၏။ မြူမှုန် မွဲမွဲ နှင့် အုံမှိုင်းနေသော သစ်ပင်ကြီးများကို ပင်အလိုလို လန်းရွှင်ကော့ထောင်လာသည်ထင်၏။
"ကိုဆေးရိုး ငိုက်နေသလား"
မကျီးဒန်က လှမ်းမေးလိုက်လျှင် ကိုဆေးရိုးက ခွေးခြေပေါ်မှ ခြေတွဲလွဲချ၍ ပြင်ထိုင်လိုက်သည်။
"မငိုက်ပါဘူးအေ။ ညည်းကလည်း ငါ့ကိုပဲ အပြစ်တင်ဖို့ စောင့်ကြည့်နေတာပဲ"
"သံဃာတော်တွေ ကြွလာပြီဗျို့"
ရွာထိပ်မှ အသံထွက်ပေါ်လာလေ၏။ ကိုဆေးရိုးသည် ရွာတံခါးဝဆီသို့ လည်းပင်းဆန့်တန်းကြည့်လိုက်၏။ မှောင်ရိပ် မပြယ့်တပြယ်တွင် တရွေ့ရွေ့လှုပ်ရှားနေသော မည်းမည်း အရာများမြင်ရ၏။ ဘုန်းကြီးက၊ တောင်းထမ်း သော ကျောင်းသား တွေလား၊ ရွာသားတွေလား ဟူ၍ကား မကွဲပြားပေ။ သို့ရွာတွင် ကိုဆေးရိုး က တောင်ဘက်ပိုင်းသို့ လှည့်ကာ "ဟေ့ဘုန်းကြီး ကြွလာပြီးတဲ့ဟေ့"ဟု သံကုန်ဟစ်လိုက်လေ၏။ တောင်းပိုင်း မှလည်း အလားတူအော်ဟစ်သံများ တစ်ယောက်တစ်ပေါက် ပေါ်လာကာ တဖြည်းဖြည်း ဝေးသွား လေသည်။
"သမီးက ဆွမ်းအဆင့်သင့်ခူးထားဟေ့"
"လောက်ပါတယ် ကျီးဒန်ရယ်၊ ဒီမှာတစ်ဇလုံ၊ ခုံပေါ်မှာလည်း တစ်တောင်း ခူးထားတာပဲ၊ နေပစေ မိန်းကလေး၊ မသွားနဲ့ တော့"
ကိုဆေးရိုးက မကျီးဒန်ကိုပြောရာက ချောစိန်ကို လှည့်ပြောလိုက်ပြီးနောက် တရွေ့ရွေ့နီးကပ်လာသော သံဃာတော် များကို လှမ်းမျှော်ကြည့်နေမိ၏။
"တော်တော် ကြာ မလောက်မငဖြစ်မှ သားအဖနှစ်ယောက် ကျွတ်စီကျွတ်စီ မလုပ်နဲ့"
မကျီးဒန်က မုန့်ဖက်ထုပ်ဇလုံကြီးကို လက်တစ်ဖက်က ပွေ့ပိုက်ထားလျက် လက်တစ်ဖက်က 'တဘက်'ကို ရင်ဘတ် ပေါ်သို့ နေရာတကျ ဆွဲချရင်း ထပ်ကွန့်လိုက်ပြန်ရာ
"မလောက် လည်း မတတ်နိုင်ဘူးဟေ့၊ အကုန်ခူးလာတာပဲ"
ကိုဆေးရိုးက ပြောပြောဆိုဆိုနှင့် ဆွမ်းစေ့များထဲသို့ လက်ဖက်ရည်ပန်းကန်ကို တိုးခပ်လျက် မိမိရှေ့သို့ ရောက် နေပြီဖြစ် သည့်သံဃာတော်တစ်ပါး၏ သပိတ်ထဲသို့ လောင်းထည့်လိုက်လေ၏။ သို့သော်လည်း မကျီးဒန် မှာ အမျှင်မပြတ်နိုင်သေးဘဲ "မကျန်တော့ဘူးဟေ့လို့ စောစောကပြောပါတော့လား"ဟု ထပ်ဆင့် လိုက်ရင်း မုန့်တစ်ထပ်ကို ကိုင်မြှောက်ထားလိုက်စဉ် သံဃာတော်အရှင်မြတ်မှာ မကျီးဒန်ရှေ့သို့ ရောက်ရှိ တော် မူလေ၏။
ထိုကိုယ်တော်သည် သပိတ်ဖုံးကိုဖွင့်ပေးကာ "အခါကြီးရက်ကြီးမှာ ရန်ဖြစ်နေကြသလား။ ဒေါသရံသော ဒါန ဖြစ် နေမယ်လေ" ဟု မိန့်တော်မူလိုက်ပြီး ကြွှသွားတော်မူလေ၏။
"တင်ပါ့ဘုရား"
မကျီးဒန်မှာ ယောင်၍ အော်လိုက်မပြီးနောက် ပါးစပ်ဟောင်းလောင်းကျန်ရစ် ခဲ့သည်။
"သရက်ချင်ကျောင်း က ဦးဇင်းကြီးရယ် အမေရဲ့"
"ဒီမှာ နေ့တိုင်းဆွမ်းခံကြွ နေတာပဲဟာ တို့ကိုသိနေတာပေါ့"
ကိုဆေးရိုး က ဆွမ်းတစ်ပန်းကန်ကိုခပ်၍ အသင့်ပြင်ရင်း လှည့်ပြောလိုက်သည်။
ဦးပဉ္စင်းကြီးဆိုသည်မှာ ဦးပဉ္စင်းပင်းဖြစ်၏။ သို့ရာတွင် အသက်ကြီး၍ အသက်နှင့်မမျှအောင် ၀ါငယ်သော ဦးပဉ္စင်း မျိုး ဖြစ်ကာ အသက်ကိုထောက်ပြီး 'ကြီး' တပ်ခေါ်ဝေါ်ခြင်းဖြစ်ပေးသည်။ ၀ါငယ်သော ပဉ္စင်းတစ်ပါး က ရှေ့ဆုံးမှကြွရောက်လာခြင်း မှာကားသံဃာတော်များ တစ်နေရာတွင် စုရုံးပြီးမှ ကြွလာခြင်း မျိုး မဟုတ်သော ကြောင့် ထေရ်ကြီးဝါကြီး ဆရာတော်များက နောက်ဆုံးမှ ရောလာချင်လည်း ရောလာ၏။ သာမဏေ ကလေး က ရှေ့ဆုံးရောက်ချင်လည်း ရောက်နေပေးသည်။
သံဃာတော် အပါး ငါးဆယ်လောက်ကို ဆက်တိုက်လေင်းလှူလိုက်ရပြီနောက် သံဃာတော်ပြတ်သွား၏။
အလင်းရောင်လည်း ပြေပြေလာနေပြီး။ ကိုဆေးရိုးသည် ခေါင်းကိုလမ်းမလယ်ဆီသို့ တိုးကာဝဲယာ၌ စီတန်း နေသော ကုသိုလ်ရှင်များကို လှမ်းကြည့်သည်။ မြင်ရသည်မှမကြည့်လင်လှပေ။ ကိုဆေးရိုးသည် နောက်သို့ ဆုတ် ၍ ခွေးခြေပေါ်မှာ ထိုင်နေမိ၏။ ရွာစည်းရိုးရှိ မိုးနှံချုံများကို ကြည့်ရသည်မှ မှုန်ဝါးဝါး နေသည် ထင်သဖြင့် မျက်လုံး ကိုလက်ဖနောင့်ဖြင့် ပွတ်နေမိသည်။ မျက်လုံးမှာ ပို၍ကျိန်းစပ်လာ၏။
ကျိန်းမည်းဆိုက ကျိန်လောက်ပေသည်။ ကိုဆေးရိုးမှာ ညကကြက်ဦးတွန်မှ တစ်မှေးဝင်လှဲနိုင်သည်။ ညည့်ဦးပိုင်း တွင် မုန့်အပေါက်အပြဲကလေးများရှိလျှင် ပေးကြပါဟူ၍ မုန့်ဖက်ထုပ်ထက် ချော်စိန်ကိုသာ လာရောက် အုံးဝိုင်းရစ်လှည့် လာသော ကာလသားများ တအုန်းအုန်းမှာ သန်းခေါင်ကျော်မှ ရှင်းသွား၏။
"ဆေးရိုး အိပ်ပြီးလားဟေ့"
ကာလသားများ စဲသွားသော် ကိုဆေးရိုးမှာ ပေါင်းချောင်နှင့် ပေါင်းခံများကို တဲထဲသို့သွင်းပြီးနောက် ဆွမ်းအိုး တည်ရန် ပြင်ဆင်နေစဉ် ကိုပိတ်စက တဲနောက်ဖေးချောင်းဘက်မှ တက်လာသည်။
"မအိပ်သေးဘူးဟေ့၊ ဆွန်းအိုးတည်းပြီးတာနဲ့ လင်းမှာပဲ"
ကိုဆေးရိုးက ဆန်ဆေးရာမှ ပြန်၍အသံပေး၏။ ကိုပိတ်စက ကိုးဆေးရိုးအနားသို့ လာထိုင်၏။
"ဘာလုပ်ကြသေးလဲကွ"
"မုန့်ဖက်ထပ် လုပ်တယ်ကွ၊ စားချင်ရင်တော့ အပေါက်တွေရှိတယ်"
"မစားချင်ပါဘူးကွာ။ ကြက်သွန်ခင်းကို သွားကြည့်ရာက ပြန်လာတာ"
ကိုပိတ်စ က တခြမ်းလောင်နေသော သူ့ဖက်ဖြူလိပ်ကို မီးခွက်တွင်ရှို့မြှိုက်ရင်း ပြောလိုက်ရာက
"ဒီပြင် အချိန်မှာ မုန့်ဖက်ထုပ်ဟာ စားကောင်းတယ်။ ဟောဒီတန်းခူးလတို့၊ သီတင်းကျွတ်လတို့ဆိုရင် အနံ့ နံတာ နဲ့ အီနေတယ်"
"အေးကွ"
ကိုဆေးရိုးသည် ရေဆူမှ ဆန်ခပ်ရန်အတွက် ဆန်ကိုအင်တုံထဲမှ စိမ်ပစ်ခဲ့ပြီး ထမင်းအိုးထဲမှာ ရေထည့်လျက် မီးဖိုဆီသို့ သယ်ယူလာသဖြင့် ကိုပိတ်စက နောက်ကလိုက်လာသည်။
"မုန့်ဖက်ထုပ် နဲ့၊ ပဲကြီးဟင်း ကတော့ ဒို့ငယ်ငယ်တုန်း ကလည်း ပေါတာကွ"
"အေးကွ၊ မုန့်ဖက်ထုပ်ကို ကျောင်းလက်ရန်းမှာ ရုပ်စုံခင်းထားတဲ့ အရုပ်တွေ့ရဲ့ ပါစပ်ထဲ ထည့်ထားတာ အရုပ် တွေ ပါး စမ်မှာ မုန့်ချည်းပဲ"
ကိုဆေးရိုး က ကျောင်းသားဘ၀ကို လွမ်းဆွတ်တသ သံ ကြီးဖြင့် ပြောလိုက်မိသည်။ ထမင်းအိုးအောက်မှ ဖြာထွက် လာသော မီးညွန့်၏ အရောင်အောက်တွင် ကိုဆေးရိုးးမှာ မှောင်ထဲသို့ ငေးကြည့် နေသည် ကိုတွေ့ရ၏။
"ပဲကြီးဟင်းကတော့ကောကွာ တစ်ကျောင်းလုံးပဲကြီးဟင်းချည်းပဲ။ ဟိုကျောင်းသားကလည်း ဘတ်ခနဲ၊ ဒီကျောင်းသား က လည်းဘတ်ခနဲ"
ပဲကြီးဟင်းကို ကျောင်းအနီးရှိ ဆူးပုပ်ရွက်နှင့် အခြားဟင်းရွက်များ ခူးထည့်ရောနှောပြီး အိုးကြီးအိုးငယ်ဖြင့် အရည်သောက် ချက်ကြရသည်။ ဟင်းချိုချက်ပြီးသည့်နောက် ကျောင်းသားလေးငါးဆယ် စား၍မကုန်သော ပဲကြီးဟင်းခြောက်ခြောက်ချက် (ဆီပြန်)ကို ဆရာတော် မမြင်နိုင်သော ချုံများဘက်သို့ လက်ရန်းကို ကျော်ကျော်ပြီးလွှင့်ပစ် ကြသဖြင့် ပဲကြီးဟင်းမှာ လက်ရန်းကျော်ဟူ၍ အမည်ပေးခြင်း ခံရလေသည်။
ကိုဆေးရိုးနှင့် ကိုပိတ်စတို့သည် မုန့်ဖက်ထုပ်နှင့် လက်ရန်းကျော်အကြောင်းပြောရာက လယ်မြေ၊ ဝေခြမ်းရေး တရုတ်ဖြူနှင့် အမေရိကန်တို့၏ ဖက်စပ်ကျူးကျော်မှု၊ ဘုန်းကြီးမရှိသော လေးထပ်ကျောင်း၊ ကြက်သွန် ပေါ်ခါနီးမှ ကြက်သွန် ဈေးကျသည့်အကြောင့်များ စသည့်ဖြင့်မိမိတို့နှင့် သက်ဆိုင်ရာ ပြဿနာ များကို ကရွတ်ကင်းလျှောက် ပြောဆိုဆွေးနွေးနေကြ သည်။ သည်အထိကား ကိုပိတ်စမှာ မည်သို့မျှ ဖောက်ပြန်ခြင်း မရှိပေ။
ကိုဆေးရိုးကသာ ရေးနွေးဆူလျှင် ဆန်ကိုရေစစ်ပြီးထည့်၊ ထမင်းအိုးပွတ်လျှင် ထမ်းရည်ငှဲ့ စသည်ဖြင့် စကား ပြောရင်း၊ တစ်ဖက်က လုပ်စရာများကို လျှောက်လုပ်နေရာက စပါးဈေး ၃၅၀ဈေးပေးတော့မည် ဟူသော သတင်းကို ကိုဆေးရိုးက ထမင်းအိုးနှပ်ရင်း ပြောလိုက်လျှင်ကား ကိုပိတ်စမှာ ဟားတိုက် လေတော့ သည်။
"တို့က ငါးရာဈေးလောက်ပေးမှ ရှူသာရှိုက်သာရှိမယ်၊ အစိုးရက ၃၅၀ဈေးတင် ပေးတယ်ဆိုတော့ မထူး ပါဘူးကွာ"
"ဟ ၃၅၀လည်း နည်းသလားဟ"
ကိုဆေးရိုးက လှမ်းအော်လျှင်
"မထူးပါဘူးကွာ၊ ငါးရာဈေး မပေးမယ်အတူတူ မင့်ကိုပဲ ရေနဲ့ပတ်တော့မယ်"
ကိုဆးရိုးမှာ ကိုပိတ်စအား ဟန့်တားချိန်ပင်မရ၊ မျက်နှာတည့်တည့်သို့ ထိုးပစ်သွားသော ကိုပိတ်စ၏ ဆန်ဆေးရည်များကို သာလက်ဖြင့်ပွတ်သပ်ပစ်နေရလေ၏။
ဆွမ်းအိုးနပ် လောက်သည့် အချိန်တွင်ကိုပိတ်စ နောက်တစ်ခေါက်ရောက်လာပြန်ပြီး သူငယ်ပြန် နေသည့် အတွက် ကိုဆေးရိုး မှာစိတ်မရှည်နိုင်တော့ပဲ ရေတစ်ပုံးကိုဆွဲပြီး ကိုပိတ်စနောက်သို့ ထလိုက်တော့သည်။ တစ်ရွာလုံး မှာကိုပိတ်စနှင့် ကိုဆေးရိုး၏ ရယ်မောသံနှင့် ခွေးဟောင်သံများ ဖုံးလွှမ်းသွားလေ၏။
ကိုပိတ်စ က အိမ်ကြိုအိမ်ကြား ၀င်ပြေး၏ ကိုဆေးရိုးကလည်း ၀င်လိုက်သည်။ အိုးတွေ၊ ခွက်တွေကိုတိုလဲ၏ ကြိုးတန်း နှင့် လည်ပင်ချိတ်မိ၏။ နောက်ဆုံးတွင်ကား ကိုပိတ်စ မှာ တဲထဲသို့ဝင်ပြေးသဖြင့် ကိုဆေးရိုးက အိပ်နေသော ကိုပိတ်စ၏ ဇနီးနှင့် ကလေးငါးယောက် ကို ရေဖြင့်လောင်းပစ်ခဲ့ရာ ကိုပိတ်တို့လင်မယားမှာ ကလေးတွေ၏ ငိုသံကြားမှာ အချီအချရန်ဖြစ်ကျန် ခဲ့လေ တော့၏။ အိမ်သို့ကိုဆေးရိုးပြန်ရောက်သော အချိန် တွင် ကြက်ဦးတွန်ပေပြီ။
ကြက်ဦးတွန်ချိန် ကျမှ အိပ်ရသည့်အတွက် ကိုဆေးရိုး၏ မျက်လုံးများမှာ ကျိန်းစပ်နေကာ အလင်းရောင် ကိုပင် စူးစူးစိုက် ၍ မကြည့်နိုင်ပေ။ သံဃာတော် တစ်ကြိမ်ပြတ်သွားပြီးနောက် စောစောကလို သံဃာတော် တစ်စုတစ်ဝေးကြီး မကြွလာတော့ပေ။ ငါးပါးတစ်စု၊ တစ်ခါတစ်ရံ တစ်ပါတည်း။ ကိုးဆေးရိုးတို့မှာ ရွာတံခါးဝ ဆီသို့ ခေါင်းတငဲ့ငဲ့စောင့်ကြည့်ရင်း လက်ကျန်ဆွမ်းနှင့် မုန့်များကို ငုံ့ကြည့်နေကြရလေသည်။
"ကုန်ပြီ ထင်ပါတယ်၊ အဖေရယ်၊ ကျူပ်ရေကြည့်လိုတာ ၇၃ပါးရှိတယ်"
ချောစိန်က ဆွမ်းတောင်းကို သိမ်းရန်ဟန်ပြင်ရင်း ပြောလိုက်ရာ "သီတင်းကျွတ်တုန်းကတော့ တစ်ရာ့ငါးပါး တောင် ရှိတာပဲသမီးရဲ့"ဟု ပြန်ပြောလိုက်သည်တွင် မကျီးဒန်က
"သီတင်းကျွတ် မှာတော့ ၀ါဆိုတဲ့ကိုရင်တွေဘာတွေ ရှိတာကိုးတော့်"ဟု ၀င်ထောက်လိုက်ရာက "သိမ်းကြ ပါစို့ မိန်းကလေးရယ်" ဟု ချောစိန်ကို တစ်လှည့်ပြောကာ မုန့်ဖက်ထုပ်ဇလုံးကြီးကို ခေါင်းပေါ်သို့တင်လျက် အိမ်ဝိုင်း ထဲသို့ ၀င်သွားလေ၏။ ချောစိန်ကလည်း ဆွမ်းတောင်းနှင့် ဆွမ်းဇလုံကို သယ်ယူသွားပြန်သဖြင့် ကိုဆေးရိုး မှာ ခွေးခြေများကို သိမ်းဆည်းယူင်ပြီး အိမ်ထဲသို့ ၀င်လိုက်လာခဲ့သည်။
"ကဲ ရေမိုးချိုးကြ။ ဥပုသ်စောင့်ရာက ပြန်လာမှ ထမင်းစားမယ်"
တဲတံစက်မြိတ် အောက်သို့ ခေါင်းငုံ့ဝင်လိုက်သည်နှာင့် တစ်ပြိုင်နက် မကျီးဒန်က ဆီးကြိုအမိန့်ပေးလိုက် လေသည်။
"ညည်းတို့ သားအမိပဲ သွားစောင့်ကြပါအေ။ တလင်းထဲမှာလည်း စပါးပုံကြီးနဲ့ နွားကျွေးဖို့ဘာဖို့ ကလည်း ရှိသေး တယ်။ ငါနေခဲ့မယ်"
"တခင်းစောင့်ဖို့နဲ့ နွားစာကျွေးဖို့ကိုလည်း ဘညိန်းထားပစ်ခဲ့တာပေါ့။ တော့မှာလည်း အားတုန်း လပ်တုန်း ကလေး ဥပုသ် စောင့်ရတာ"
မကျီးဒန်က ကိုဆေးရိုးအတွက် လုံချည်၊ အင်္ကျံထုတ်ပေးရင်ပြောသည်။ သူတို့မှာ ၀ါဦးကျတော့လည်း ထွန်ချိန် ယက်ချိန်မို့၊ ၀ါးတွင်းကတော့လည်း စိုက်ချိန်မို့ သပုသ်မစောင့်နိုင်ကြ။ တစ်နှစ်လုံးတွင် နှစ်သစ်ကူး သင်္ကြန် ကာလ များမှာသာ မည်မည်ရရ ဥပုသ်စောင့်နိုင်ကြသည်။
အုပ်ဆိုင်းထားသည်ဆိုပေသည့် လုံလုံခြုံခြုံမဟုတ်ရကား လူထက်နွားလွတ်တွေ ၀င်စားမှာကို စိုးရိမ်ခြင်း ဖြစ်ရ၏။ ထိုးနွားလွတ်တွေမှာ စပါးကိုစားရုံသာမက ချည်တိုင်မှာ ချည်ထားသောနွားတွေကိုပါ ၀င်ဝှေ့မှာ စိုးရိမ်ရသည်။ စိုးရိမ်စရာ၊ ကြောင့်ကျစရာတွေကိုချည်း တွေးနေလျှင်ကား ကောင်းမှုကုသိုလ်ကို လုပ်ရတော့ မည် မဟုတ်ပေ။
လယ်ကိစ္စတွေ မပြီးမပြတ်သေးသော ၀ါကျွတ်ချိန်မှာပင် သီတင်းသီလကို စောင့်ထိန်းနိုင်သေးလျှင် လုပ်စရာ ဟူ၍ နွားကျွေး ဖို့နှင့် တလင်းစောင့်ဖိုမှတစ်ပါး ဘာမျှမရှိတော့သော နှစ်ဦးတွင်ပို၍ သီလ ယူနိုင် ရမည် မဟုတ်လား။
ကိုဆေးရိုးမှာ ကျောင်းသို့ရောက်၍ သီလမယူမီကာလအထိကား တလင်းထဲမှာသာ စိတ်ကစောနေခဲ့၏။ သို့ရာတွင် "ကဲ ကန်တော့ကြရအောင်ဗျို့"ဟူ သောအသံထွက်ပေါ်လာသည့် အချိန်မှာစ၍ သီလခံ ယူနေသောအချိန် တစ်လျှောက်လုံး ၀ိတက်ဝိစာရများကို ရှင်းလင်းပစ်ထားနိုင်ချေသည်။
"ဒါယကာကြီး၊ ဒါယိကာမကြီးတို့ သီလမခံယူခင် ရတနာသုံးပါးကို ကန်တော့ကြတဲ့အခါမှာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်း သာတရားတော်မြတ်ကို ရရပါလို့၏လို့ ဆုတောင်းကြတယ်မဟုတ်လား"
သီလခံယူပြီး၍ သီလယူသူ အသီးသီး ၀တ်ဖြည့်ရင်း နေရာပြင်ထိုင်နေကြစဉ် သီလပေးသော ဆရာတော်၏ အသံ ထွက်ပေါ် လာခြင်း ဖြစ်သည်။
"မဂ်တရား ဖိုလ်တရားဆိုတာဟာ တခြားမှာမရှိဘဲ ဒကာကြီးတို့ ကိုယ်တွင်းမှာပဲ ရှိတယ်။ လူတိုင်း နှုတ်တက် ရထားတဲ့ ၃၂ကောဋ္ဌာသကို သေသေချာချာ ရွတ်ဖတ်ပွားများကြရင် ဘ၀တဏှာ ကင်းပြတ် နိုင်သလို ကိုယ်ခန္ဓာရဲ့ ဖြစ်ခြင်းပျက်ခြင်းကို ပွားများနိုင်လို့ ဘ၀င်ကျရင်မဂ်ဆိုက်တာပဲ"
ကိုဆေးရိုးသည် ငြိမ်သက်နေသော လူအုပ်ကြီးကျော်၍ ဆရာတော်ကို လှမ်းကြည့်လိုက်သည်။ ဖြစ်ခြင်း ပျက်ခြင်း ဟူသည်ကို ကြားဖူးသော်လည်း ဘ၀င်ကျအောင် ပွားများရမည်ဆိုသည်မှာ ဘယ်လိုနည်း။ ကိုဆေးရိုး မှာ နားမလည်တိုင်း ဆရာတော်ကို သာ မော့မျှော်ကြည့်နေမိခြင်း ဖြစ်၏။
"အဲဒီလို တစ်မဂ်တစ်ဖိုလ်ကို မရမီကြားမှာ အကုသိုလ်ကင်းအောင်နေကြရမယ်။ တစ်မဂ်တစ်ဖိုလ်ကိုလည်း မရ၊ အကုသိုလ် ကိုလည်း ကင်းအောင်မနေနိုင်ကြရင် လူပြန်ဖြစ်ဖို့ မလွယ်ဘူး။ ကဲ ငါးတစ်ကောင်ကို သေစေ လိုတဲ့ စေတနာနဲ့ သတ်မိလိုက် တယ်ဆိုပါတော့။ အဲဒါကို ပါဏာတိပါတကံလို့ခေါ်တယ်။ အဲဒီကံကို ကျူးလွန် မိသူတိုင်း ဟာ ငရဲမှာ နှစ်ပေါင်းများစွာ ခံရ တယ်။ ငရဲသက်ဟာ လူ့သက်ထက်ရှည်တယ်။ ငရဲပြည်မှာ တစ်ရက် ဟာ လူ့ပြည်က တစ်နှစ် နှစ်နှစ် ဆိုတာထက်မက ရှည် ကြာတည်။
ကိုဆေးရိုးမှာ ခါးကို မတ်ပစ်လိုက်၏။ ငရဲသံကြား၍ လန့်ခြင်းကား မဟုတ်။ စိတ်နှလုံးစင်ကြယ်နေဆဲ၌ အကြောင်း ဆိုက်လာ သော ပါဏာတိပါတကံက ဖြတ်သွားခြင်းသာ ဖြစ်၏။ ဆင်းရဲသားဆိုတော့လည်း ဟင်းစား တစ်နပ်စာ ရလည်း မနည်းပေ။ လက်ထဲတွင် တွေ့သော ငါးကလေးကိုကို ဖမ်းယူမိခဲ့သည်။ ဒူလာ ကောင်းသည် ဆိုသောကြောင့် လင်းမြွေကိုတွေ့လျှင် သတ်ပြီး မီးမြှိုက်ကာ အိမ်သို့ ယူလာခဲ့၏။ သွားရင်း လာရင်း တောကြောင်များကိုတွေ့လျှင် ဟင်းလျာအတွက် အဖော်စုပြီး အောက်ကခွေးနှင့် လိုက်သူလိုက်၊ ကြောင်ပြေး လမ်းတွင် ပိုက်ချသူကချ။ သစ်ပင်ပေါ်တက်ကာ ကြောင်ကို ရိုက်ချသူက ရိုက်ချဖြင့် ဟင်း တစ်နပ် စာအတွက် လုပ်ခဲ့ဖူး၏။
"သြော် အသက်ချင်း ကိုယ်ချင်းစာသင့်ပါကလား"
ကိုဆေးရိုး မှာ ရင်တွင်းက မြည်တမ်းရင်း မကျီးဒန်ကိုလှည့်ကြည့်ရာ၊ မကျီးဒန်က "ပြန်ရအောင်"ဟု ဆိုသဖြင့် ဆရာတော် ကို ၀ပ်ချပြီး ထလာခဲ့လေ၏။ ကျောင်းဝိုင်းပြင်ဘက်သို့ ရောက်လျှင် လင်းကွင်းသံ တညံညံ၊ သံချပ်သံ တညံညံဖြင့် ဖြတ်သွား သော ရေပက်ခံကားတစ်စင်းကို လှမ်းမြင်လိုက်ရသည်။ ဟေးခနဲ ဟေးခနဲ ညာသံ ပေးကာ ၀ိုင်းပက်သော ကျောင်းသားများ၏ ကိုယ်မှာလည်း ရေများဖြင့် ရွှဲစိုနေ၏။
"ကလေး တွေဆိုတော့လည်း သင်္ကြန်ကို ဘယ်တော့မှ မတက်စေချင်အောင် ပျော်ကြတာပဲနော်"
မကျီးဒန် က နောက်မှကပ်လိုက်လာရင်း ပြောလိုက်သည်တွင် "အေးပေါ့ဟာ ကလေးတွေတင်လား၊ လူကြီးတွေ လည်း ပျော်ကြတာပဲ။ ပုထုဇဉ်ဆိုတော့လည်း ဒုက္ခကို ဒုက္ခဘယ်မြင်ကြမလဲ" ဟု ပြန်ပြောကာ လက်ကို ပါးစပ်ဆီသို့ မြှောက်ရွယ် လိုက်လေ၏။
သို့ရာတွင် ကိုဆေးရိုး၏လက်မှာ လေထဲတွင် တန့်ရပ်သွားချေသည်။ အဘယ်ကြောင့်ဆိုသော် စကား ပြောနေသည့်ကြားက ပါးစပ်တွင် တရွရွလာနားနေသော ယင်ကောင်ကို ပုတ်ချရန် လက်က ရွယ်လိုက်ခြင်း ဖြစ်၏။ သို့ရာတွင် "ငါ့မှာ သီလကြီးနဲ့ ပါကလား"ဟူသော သတိသမ္ပတရားက ၀င်လာသည့်အတွက် လက်မှာ လမ်းခုလတ် တွင် တုံ့ဆိုင်းသွားရလေ၏။
သရက်ချင်၊ လင်းပင်စု၊ ပုရပိုက်တန်းစသော ရွာများမှ ကာလသားသူငယ်များသည်ကား လမ်းဘေးတွင် စဥ့်အိုးကြီး တွေချလျက် လာသမျှ လူသူ၊ မြင်းလှည်း၊ ကား စသည်တို့ကို ရေဖြင့် ဆီးကြိုကြလေသည်။ ရမ်းဘိုကုန်း ရွာမရောက်မီ ခုတင်ကြီးစု ရွာပျက်ကုန်းတည်ရာ မန်ကျည်းပ်ငအုပ်ကြီးအစပ်သို့ ကိုဆးရိုးတို့ သားအမိ သားအဖ သုံးယောက် ရောက်လာသောအခါတွင် မန်ကျည်းတောထဲမှ ညာသံပေးသံများ ထွက်ပေါ် လာလေ၏။ တစ်ဆက်တည်းပင် ခွေးသံများ ထွက်ပေါ်လာကာ စကားပြောသံများ ထွက်ပေါ် လာ၏။
"အခါကြီးရက်ကြီးများ သူတို့မို့ သူများအသက်ကို သတ်ချင်၊ ကြောင်လိုက်ချင်ရတယ်တော်"
မကျီးဒန်က မန်ကျည်းပင် ညို့ညို့ကြီးများကို လှမ်းမျှော်ကြည့်ရင်း ညည်းတွားလိုက်သည်တွင်
"မြောက်စုရွာက ကယ်ပါတေ ပါဟာ။ သူတို့လည်း အန္ဓပုထုဇဉ်တေပဲမဟုတ်၊ ဟာနင့်အမေကလွှား"
ကိုဆေးရိုး၏ စကားမဆုံးမီ ချုံဖုတ်ကလေးတစ်ခုဘေးတွင် ထောင်ထားသော ပိုက်ကို လွှားကနဲ ခုန်ကျော် လျက် တစ်တောင်ကျော်ကျော် ရှည်လျားသော တောကြောင်ကြီး တစ်ကောင်က ကိုဆေးရိုးရှေ့သို့ ကျရောက် လာသဖြင့် ကိုဆေးရိုးမှာ လှမ်းကန်ရင်း စကားပြတ်သွားရာက ကြောင်ကြီးဝင်ရောက် ပျောက်ကွယ် သွားရာ ကလိမ် ဆူးချုံကြီး သို့ လည်ဆန့်ငေးမောကြည့်ရင်း ရေရွတ်လိုက်လေ၏။
"ဝလိုက်တဲ့ တောကြောင်ကြီး။ ဖီးလို့ဟ။ မီးမြှိုက်ပြီး ဆီပြန်ချက်စားလိုက်ရရင် ရွှီး"
ကိုဆေးရိုးမှာ ကျလာသော သွားရည်စကို ရှုံ့၍သိမ်းရင်းဖြင့် အားရပါးရ အော်လိုက်ပြီးမှ ကွက်ခနဲ မျက်နှာပျက် သွားကာ မကျီးဒန်ကို ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် လှည့်ကြည့်မိရှာလေသတည်း။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
No comments:
Post a Comment