အခန်း (၆) ရှာဖွေရေး
မစ္စတာရှယ်လဗီမောင်နှံသည် မနက် အိပ်ရာမှထလျှင်ပင် အယ်လစ်ဇာ မရှိတော့သော အဖြစ်ကို သိကြ ရလေသည်။
မစ္စတာရှယ်လဗီသည် စိတ်အပျက်ကြီး ပျက်သွားသည်။ တအိမ်လုံးမှာလည်း အယ်လစ်ဇာ ပျောက်သွား သဖြင့် ချောက်ချောက်ချားချား ဖြစ်သွား၏။
မကြာမီပင် မစ္စတာ ဟာလေ ရောက်လာလေသည်။ သူသည် ၀ရန်တာ၌ ရုံးစုရုံစုဖြစ်နေ သော လူများကို တွေ့ရ သည်။ အယ်လစ်ဇာ ထွက်ပြေးပြီဟူသော သတင်းကိုလည်း ကြားရ၏။ ဟာလေသည် ဒေါသ ထောင်းကနဲ ထွက်ကာ အိမ်ထဲသို့ တန်းတန်းမတ်မတ် ၀င်လာသည်။
"ခင်ဗျား ဘယ်လို လုပ်တာလဲဗျ မစ္စတာရှယ်လဗီ။ ခင်ဗျား တယ်တော်ပါလား။ ခု ဟို ကောင်မလေး သားအမိ ထွက်ပြေးပြီဆို"
"ဒီမယ် မစ္စတာဟာလေ။ မစ္စက် ရှယ်လဗီရှိနေတာကိုလဲ သတိပြုပါအုံးဗျာ"
သည်တော့မှပင် ဟာလေသည် မစ္စက်ရှယ်လဗီကို သတိပြုမိကာ မစ္စက်ရှယ်လဗီဘက် လှည့်၍ ခေါင်းညွှတ် အလေးပြုရင်း "ခွင့်လွှတ်ပါ မစ္စတာရှယ်လဗီ" မစ္စက်ရှယ်လဗီကး အားတုံ့ အားနာဟန်ဖြင့် ခွင့်တောင်း ပြီး မစ္စတာရှယ်လဗီဖက်သို့ လှည့်ကာ "အဟုတ်ပဲလား။ ကျုပ်ကြားတဲ့ အတိုင်း အဟုတ်ပဲလား" ပြောချ လိုက်သည်။
"ထိုင်ပါအုံးလေ။ ကျနော် အဖြစ်ကို ပြောပြမယ်။ အယ်လစ်ဇာဟာ ကျနော်တို့ အစီအစဉ်ကို သိသွား ပုံရပါတယ်။ ဒါ့ကြောင့် ထွက်ပြေးသွားတာ ဖြစ်မှာဘဲ"
"ဒီလိုဘဲ ဖြစ်လိမ့်မယ်လို့ ကျုပ် အထင်သားဘဲ"
"နေပါအုံးဗျာ။ မစ္စတာဟာလေရဲ့ စကားက ဘယ်သဘောပါလိမ့်. ကျနော့်ကိုများ မယုံရော့ လား"
သို့တိုင်အောင် မစ္စတာဟာလေသည် အယ်လစ်ဇာ ထွက်ပြေးသွားခြင်းနှင့် ပတ်သက်၍ မစ္စတာ ရှယ်လဗီ ကို မယုံနိုင်ဘဲ ရှိနေ၏။ မစ္စက်ရှယ်လဗီကမူ ဟာလေ၏ အပြောအဆို ဟန်ပန် အမူအရာများကို မနှစ်သက် နိုင်။ ထို့ကြောင့် နံနက်စာ စပွဲသို့ မစ္စတာဟာလေ ၀င်လာလျှင်ပင် အခန်းတွင်းမှ ထွက်သွားလေသည်။
မစ္စတာရှယ်လဗီသည် သူဝတ္တရားရှိသည့်အတိုင်း အယ်လစ်ဇာကို ရှာဖွေရေးအတွက် မစ္စတာဟာလေ အား အကူအညီပေးမည်ဖြစ်ကြောင်း၊ ဤကိစ္စအတွက် သူ့ထံမှ လူ၊ မြင်း လိုသမျှ အကူအညီ ယူနိုင်ကြောင်း ကို လည်း ပြောပြ၏။
သို့ဖြင့် ဤကိစ္စအတွက် ဗလက်ဆမ် အား မြင်းများ အသင့်ပြင်ထားရန် အင်ဒီအား အပြော စေလွှတ် လိုက်သည်။
ဗလက်ဆမ်သည် ဦးလေးတွမ် မရှိတော့သည့် နောက်တွင် မစ္စတာရှယ်လဗီ၏ အားအထား ရဆုံး လက်ရုံး တဆူ ဖြစ်လာမည့် နီးဂရိုးကြီး ဖြစ်သည်။ သူတို့သည် စောစောကပင် အယ်လစ်ဇာ ထွက်ပြေးသွားခြင်းနှင့် ဦးလေးတွမ် ဤနေရာမှ ထွက်ခွာ သွားရမည့်အကြောင်းများကို ပြောဆိုနေခဲ့ ကြ၏။
"ဒါဘဲကွ။ မကောင်းမှုများ ဘတူမှ ကောင်းကျိုးမပေးဘူး ဆိုတာ" ဆမ်သည် သူ့ဘာသာ ညည်းတွား နေသည်။
ထိုအခိုက်မှာာပင် အင်ဒီရောက်လာကာ မစ္စတာ ဟာလေနှင့်အတူ အယ်လစ်ဇာကို လိုက်လံ ရှာဖွေရန် အသင့် ဖြစ်နေဖို့ ပြောလာသည်။
"ဟုတ်ပဟေ့။ ငါ အစွမ်းပြလှည့်ကြုံပကွ" ဆမ်သည် ဦးလေးတွမ်၏ နေရာတွင် ဆက်ခံ ရမည့်အတွက် ၀င့်ကြွား ဟန်ဖြင့် ပြောလိုက်သည်။
"အင်း။ ဒါပေမယ့် သခင်မတော့ အယ်လစ်ဇာကို မမိစေချင်ဘူးနော်" အင်ဒီက ပြောသည်။
"ဟေ" ဆမ်သည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကာ
"မင်းက ဒါကို ဘယ်လိုလုပ်သိရတာလဲ"
"ကျုပ်ကြား တာပေါ့ဗျ။ မနက်က ကျုပ် သခင့်အတွက် အလုပ်ဝင်တော့ သခင်မက အယ်လစ်ဇာကို အခေါ် လွှတ်တယ်ဗျာ။ အယ်လစ်ဇာ မရှိတော့ဘူးဆိုတာလဲ တိရော သခင်မက အတော်ဘဲ ကျေနပ်တွားပုံရတယ်"
"အော၊ ဒီလိုတဲ့လား။ ဒါဖြင့်လဲ ပြီးရောပေါ့ကွာ" ဆမ်သည် ပြောပြောဆိုဆို မြင်းစောင်းသို့ ထွက်လာ ခဲ့သည်။ မြင်းနှစ်ကောင်ကိုဆွဲ၍ ပြန်လာသည်။ ထိုမြင်းများမှာ သူ့နှင့်အင်ဒီ စီး၍ မစ္စတာ ဟာလေကို အကူ အညီ ပေးရန် ဖြစ်သည်။
ဆမ်သည် သူ့မြင်းများကို ဟာလေ၏ မြင်းအနီးသို့ ဆွဲခေါ်လာသည်။ ဟာလေ့မြင်းသည် ခုန်ဆွခုန်ဆွ ဖြစ်လာသည်။ ဆမ်သည် ဟာလေ့မြင်းကို လက်ဖြင့် သပ်ပေးလိုက်သည်။ ထို့နောက် မြင်းကုန်းနှီး အောက် တွင် ခပ်ချွန်ချွန် သ်စအယ်သီတလုံးကို မသိမသာ ထည့်ထားလိုက်သည်။
ထိုအခိုက်မှာပင် မစ္စက်ရှယ်လဗီ ရောက်လာသည်။
"ဆမ်းရေ။ မင်း မစ္စတာဟာလေကို လမ်းပြလိုက်ရမယ်။ မြင်းတွေကိုတော့ ဂရုစိုက်ဟေ့။ အရင် တပတ်ထဲကဘဲ ဟိုဂျယ်ရီဆိုတဲ့ အကောင်က ကျိုးထားတာကွယ်။ သိပ် အကြမ်းအတမ်း မစီး နဲ့ ပေါ့ကွယ်" မစ္စက် ရှယ်လဗီသည် နောက်ဆုံးစကားကို ခပ်တိုးတိုး အသံဖြင့် အလေးအနက်ပြု ပြော လိုက်သည်။
ဆမ်သည် သူ့သခင်မ ဘာဆိုလိုသည်ကို သဘောပေါက်သွားပြီး ဖြစ်၏။
ထို့နောက် မကြာမီပင် မစ္စတာဟာလေ အပြင်သို့ ရောက်လာသည်။
"ကဲဟေ့၊ အချိန်မရှိဘူး။ ခပ်သွက်သွက်လုပ်ကြကွာ" ပြောပြောဆိုဆိုပင် မစ္စတာဟာလေ သည် သူ့မြင်းပေါ် သို့ ခုန်တက်လိုက်သည်။ မြင်းသည် ကုန်းနှီးနှင့် ကျောခုံးကြားရှိ သစ်အယ်သီး ချွန်ချွန်၏ ဆူးချက် ကြောင့် ဆိတ်ကနဲ ခုန်ပေါက်ထွက်ပြေးသည်။ ဟာလေသည် မြင်းပေါ်မှ ပက်လက်လန် ကျကျန်ရစ်သည်။ ဆမ်က ဟာလေ့မြင်းနောက်သို့ အပြေးလိုက်သည်။ တချိန်တည်း မှာပင် အင်ဒီသည် အသင့်ပြင်ထားသော မြင်း နှစ်ကောင်ကို ကြိုးဖြေလွှတ်လိုက်သည်။ မြင်း နှစ်ကောင်သည်လည်း ဟာလေ့မြင်းနောက်သို့ အပြေး လိုက်လေသည်။
ထိုမြင်းများနောက်မှ အင်ဒီ ပြေးလိုကသ်ည်။ ခြံဝင်းတွင်းရှိ အခြားနီးဂရိုးများသည် ဆူဆူညံညံ ဖြစ်သွား၏။ အားလုံး ပင် မြင်းများ နောက်သို့ ပြေးလိုက်ကြသည်။ အချို့က အော်ဟစ်သည်။ အချို့က လက်ခုပ် လက်ဝါး တီးသည်။ မြင်းတွေမှာ လန့်ဖြတ်ကာ ဒုန်းစိုင်းပြေးကြလေတော့သည်။
ဟာလေသည် ၀ရန်တာမှာပင်နေ၍ မြင်းများ ပြန်မိအလာကို စောင့်နေ၏။ သို့သော် မြင်း လိုက်ဖမ်းသူ များသည် အတော်နှင့် ပြန်မလာကြပေ။ ဟာလေ စိတ်မရှည်နိုင်တော့ပေ။
သုံးနာရီခန့်ကြာမှပင် ဆမ်နှင့်အင်ဒီသည် မြင်းသုံးကောင်ကို ဆွဲ၍ ပြန်လာသည်။ သူတို့ တကိုယ်လုံးမှာ ချွေးဒီးဒီး ဖြစ်နေ၏။ မြင်းရောလူပါ ပင်ပန်းမောဟိုက်လာဟန် ရှိသည်။
မစ္စတာဟာလေသည် မြင်းများ ပြန်မိလာသဖြင့် ချက်ချင်းပင် ခရီးစရန်ပြင်သည်။
"ဖြစ်ပါ့မလား သခင်။ မြင်းတွေရော ကျုပ်တို့ရော မောလာတာ အားလုံးသေကုန်မှာပေါ့" ဆမ်က ရုတ်တရက် ခရီးစရန်ကို ကန့်ကွက်ပြောဆိုသည်။
ထိုအခိုက် မှာပင် မစ္စတာရှယ်လဗီရောက်လာကာ ဟာလေအား နံနက်စာစားရန် ဖိတ်ခေါ် လေသည်။
ဟာလေ မငြင်းသာတော့ပေ။
ဆမ်သည် မြင်းများကို မြင်းစောင်းသို့ ပြန်လည်ယူလာရင်း အင်ဒီအား
"ဟုတ်ပလားဟေ့။ ဒို့တော့ သခင်ကျွေးမတဲ့ အထူး ညစာလေးတော့ စားရအုံးတော့ မှာဘဲကွ" ဟူ၍ ပြောလိုက် လေသည်။
အခန်း (၇) ဆက်ရန်
.

No comments:
Post a Comment