' ဂျပန်ပြည်မှာ '
သို့ မှ
အယ်ဒီတာ ဒေါ်ဒဂုန်ခင်ခင်လေး
ယုဝတီဂျာနယ် တိုကျိုဟော်တယ်
ခေတ္တတိုကျိုမြို့။
သာယာပျော်မွေ့စရာကောင်းလှတဲ့ ဟာဝေယန်ကျွန်းဝေကီကီကမ်းခြေတွင် ငါးရက်ခန့် နေထိုင်ပြီး၊ လေယာဉ်ပျံရက်ချိန်း အစီအစဉ်အတိုင်း ရှုခင်းသာတို့ကို မခွာချင်သေးပဲနှင့်ပင် ဂျပန် ပြည်သို့ ခရီး ဆက်ခဲ့ရပါသည်။
နိုဝင်ဘာလ ၂၂-ရက်နေ့ည ၇ နာရီခွဲတွင် ဟာဝေယန်မှ လေယာဉ်ထွက်ခွာခဲ့ပြီး၊ ပစိဖိတ် သမုဒ္ဒရာ ပြာလဲ့လဲ့ကြီး ကို တညလုံး ဖြတ်ကျော်ပျံသန်းလာခဲ့ရာ၊ နံနက် ၆ နာရီလောက်တွင် (၀ိတ်) ကျွန်းပေါ်သို့ လေယာဉ်ဆင်း ၍ ခေတ္တရုပ်နားကာ ဓါတ်ဆီထည့်ပါသည်။
ခရီးသည်များအား ၀ိတ်ကျွန်းရှိ စားပွဲရုံတွင်၊ နံနက်လဘက်ရည်နှင့် မုန့်သစ်သီးများ ကျွေးပြီးဆက် လက်ထွက်ခွာခဲ့ပါသည်။
ဝိတ်ကျွန်းမှာ ပြာလဲ့သော သမုဒ္ဒရာရေလွှာပြင်ကြီးပေါ်တွင် အတောင်ဖြန့်ကားနေသော ဇင်ယော် ငှက်သေကောင် ကလေးပမာ ၃-ထောင့်ချိုးပုံနှင့် အလွန်ပင်သေးငယ်လှသည်။ သမုဒ္ဒရာကြီး အလယ်တွင် ရေ၀ိုင်းလျှက် ရှိသော်လည်း ရေချိုမရှိ၊ သောက်ရေသုံးရေကို ဟာဝေယန် ကျွန်းမှ သယ်ယူရသည်။
ဝိတ်ကျွန်း မှ ထွက်ခွာလာရာတွင်လည်း ပစိဖိတ်ရေပြာလောကကြီးကို တနေကုန်ကျော်ဖြတ်လာခဲ့ရ ပြန်ပါ သည်။
နိုဝင်ဘာလ ၂၄ ရက် ညနေ ၅ နာရီအချိန်တွင် နှင်းမြူတွေဆိုင်းနေသော ဂျပန်ပြည်တိုကျိုမြို့သို့ ဆိုက်ရောက် ပါသည်။
လမ်းမှာ နာရီ လျှော့လျှော့လာရသဖြင့် ၂၃ ရက်နေတနေ့ပျောက်သွားတော့သည်။
သို့နှင့် တိုကျိုလေဆိပ်တွင် ခရီးသည်များပြုမြဲဝတ္တရားအတိုင်း နိုင်ငံကူးလက်မှတ်နှင့် ပစ္စည်းများ ကြည့်ရှု စစ်ဆေး ရာတွင် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားဘက်မှ ၀ယ်လာသော မက္ကဇီကိုနှင့် အာရိဇိုးနားနယ် ထွက် တဇောင်းပင် ပုကလေးများကို ပိုးမွှားစစ်ဆေးရေး အရာရှိဖြစ် သောဂျပန်အရာရှိက ကြည့်ရှုစစ်ဆေး၍ သယ်ယူ ခွင့်ပြုပြီးမှ ထိုအရာရှိက ဒါတွေကို တကူးတက သယ်ယူလာဒါအံ့သြစရာဘဲ။
ဘယ်သူမှ ဒီလိုသယ်ယူလာဒါ မတွေ့ဘူးဘူး ခင်ဗျားတို့ဟာ ရုက္ခဗေဒပညာကို လိုက်စားတဲ့သူတွေ လားဟု အမေးခံရသဖြင့် မဟုတ်ကြောင်း။ သတင်းစာသမား ' နယူးစ်ပေပါးမင်း' ပါဘဲဟု ပြောခဲ့ရပါ သည်။
လေဆိပ် မှ ကိစ္စများပြီးစီးသောအခါ တည်းခိုရန် သီးသန့်အကြောင်းကြားထားသော တိုကျိုမြို့တွင်းရှိ (နိကပ်တဆု) ဟော်တယ်သို့သွားရသည်။ လေဆိပ်နှင့် ဟော်တယ်မှ ကားနှင့် မိနစ်နှစ်ဆယ်ခန့် သွားရ ပါသည်။
ဟော်တယ်မှာ နောက်ဆုံးပေါ် အမေရိကန် စံနစ်အတိုင်း ခန်းခန်းနားနား ဆောက်လုပ်ထားသော အဆောက် အဦးကြီးဖြစ်၍ မြေအောက်တွင် ၃ ထပ်၊ မြေပေါ်တွင် ၉ ထပ် ပေါင်း ၁၂ ထပ်မျှရှိသည်။
ဟော်တယ် အတွက်သာ မက လေကြောင်းဌာန အလုပ်ရုံးတွေ၊ ဘဏ်တိုက် ဗြိတိသျှကောင်စစ်ဝန် ရုံးတွေ အခြားသော ကုန်တိုက်အလုပ်ရုံတွေလည်း ရှိသေးသည်။
မြေအောက် ပထမထပ်တွင် ဂျပန်ပြည်ထွက် စစ်မှုလက်မှု ကုန်ပစ္စည်းမျိုးစုံနှင့် အိန္ဒိယတရုပ် အမေရိကန် စသော နိုင်ငံများက ကုန်ပစ္စည်းတွေပါ တည်ခင်းရောင်းချသော ကုန်ဆိုင်ကြီးများ၊ ဆေးဆိုင်ကြီးများ၊ စားစရာ ရောင်းသော ရက်(စ်)တော့ရင့်ကြီးများမှ အစလိုလေသေးမရှိ အပြည့်အစုံ ရှိ၍ တခြားကို ထွက်မလယ်ချင် လျှင် ဤတနေရာတွင်ပင် အပြည့်အစုံ တွေ့နိုင်ရနိုင်လေသည်။
ဟော်တယ် နှင့် တလမ်းခြား မျက်နှာချင်းဆိုင်မှာ 'အင်ပီးရီဖဲ့လေ့' ခေါ်တဲ့ ဂျပန်ဘုရင်များ စံမြန်းတဲ့ နန်းတော်မြို့ရိုးကြီးရှိသည်။
ရေကျုံးပတ်လည်ဝိုင်းရံလျက်ရှိသော မြို့ရိုးကြီးအတွင်း သာယာစိုပြေသော သစ်ပင်များနှင့် နန်းတော် အမိုးကို မြင်ရသောအခါ ကျုံးပတ်လည်ရံစိုင်းအော မြန်မာဘုရင်တို့ နန်းတော်ကြီးကို ပြေးပြီးသတိရမိသည်။
အရှေးနိုင်ငံသားတို့၏ ယဉ်ကျေးမှုရှေးဟောင်းအဆောက်အဦးများမှာ အချင်းချင်း မတိမ်းမယိမ်းရှိ ကြပါသည်။
ဟော်တယ် နှင့် မျက်စောင်းထိုး အခြားတဘက်မှာတော့ (ဟီဘီရပါတ်)ခေါ်တဲ့ ဥယျာဉ်ကျယ်ကြီးရှိ သည်။
နန်းတော်မြို့ရိုးကြီးအတွင်းမှာ ကားတွေ တစီစီဖြတ်သန်းမောင်းနှင်နေသလောက် 'ဟီဘီရပါတ်' ပန်းခြံ ကြီး အတွင်း ၌ ခြေလျင်သမားတွေ ဖြတ်သန်းသွားလာလျက် ရှိသည်မှာ ပရွက်အုံကဲ့သို့ တရွရွ ဖြစ်နေသည် ကို တွေ့ရသည်။
တနေ့နှင့် တညလုံး လေယာဉ်ပျံပေါ်တွင် လိုက်လာရသောကြောင့် ခေတ္တအနားယူပြီး မမခင်တော့ အနီး တ၀ိုက် လျှောက်ကြည့်ချင်သည်နှင့် နောက်တနေ့ ထုံးစံအတိုင်း တယောက်ထဲ ရှော့မင်း ဆင်တာ ကုန်ဆိုင်ကြီး များ ရှိရာလမ်းသို့ ထွက်လည်ရာ မိုးကလည်းရွာ၊ အေးလိုက်တာကလည်း ဘိလပ် အမေရိကန် နှင့် နင်လား ငါလားဆိုသလိုဘဲ။
ဒါကြောင့် ခရီးသိပ်မတွင်၊ နောက်အခက်အခဲတခုကလည်း ဂျပန် တက္ကစီ မောင်းသမားတွေဟာ အများ အားဖြင့် ဂျပန်စကားသာပြောတတ်သည်။ အင်္ဂလိပ်လို နဲနဲပါးပါး နားလယ်တဲ့ ကားမောင်း သမားဟာ ဆယ်ယောက် မှာ တယောက်လောက်သာရှိမည်ထင်သည်။
ဟော်တယ် မှာ အလုပ်လုပ်တဲ့ (ရုမ်းဘွိုင်း)တို့ စာရေးစာချီတို့၊ ဓါတ်လှေခါး မောင်းသမားတို့ ထမင်း စားခန်း က ' မိတ်မကလေးတွေနဲ့ စားပွဲထိုးသမားတို့မှာ အင်္ဂလိပ်စကားပြောတတ်သူတွေသာဖြစ်လို့ ဆက်ဆံ ပြောဆို မှု မခဲယဉ်းပါ။
ကုန်တိုက်ကြီးတွေရက်(စ်) တောရင့်ကြီးတွေကယောက်ျားကလေး မိန်းမကလေးတွေဆိုရင်လည်း အားလုံးအင်္ဂလိပ်စာတတ်ဖြစ်လို့ ၀ယ်ခြမ်းပြေဆိုလို့ ဖြစ်သေးတယ်။
ဂျီပန်ကုန်ဆိုင်ကလေးတွေနဲ့ ဂျပန်စားစရာ ဆိုင်ကလေးတွေမှာတော့ ဂျပန်လို မခေါ်တတ်တာနဲ့ လက်ပြ ခြေပြနဲ့ ကိစ္စပြီးရဒါဘဲ၊ ဂျပန်ခေတ်တုန်းက ၀ါးတားကုရှိတို့တအိအုံ အေအောတို့မှာ မသင့်ခဲ့ ဘူးတော့ ခက်တာ ဘဲ။
ဂျပန်ခေတ်ဆိုလို့ တိုကျိုရောက်မှ ဘာဖြစ်လို့လည်း မပြောတတ်ဘူး။ ခေါင်းထဲမှာ ' မာစတာကြီး တိုကျိုပြန် ဗိုက်တလုံး နဲ့ ကျန်' ဆိုတဲ့ သီချင်းဟာ ခဏခဏ ပေါ်လာတယ်။ ပြီးတော့ ဂျပန်တဦးကို ရုတ်တရက် မြင်လိုက်ရင် ဒေါသကြီးတဲ့ မျက်နှာထားကြီးနဲ့ အတင်းအဓမ္မကျောက်ဆေးထိုးတတ်တဲ့ ဂျပန်တွေကို မျက်စိ ထဲ ပြေးပြေးမြင်ပြီး ကြောက်သလိုလိုကြီး ဖြစ်ဖြစ်သွားမိသေးတယ်။
ဒါပေတဲ့ ခုတွေ့ရတဲ့ဂျပန်လုလင်နဲ့ လုံမတွေဟာ အပြုံးချိုချို မျက်နှာထားကလေးနဲ့ ချည်းဘဲ မျက်နှာ ထားဆိုး ဂျပန် ဆိုလို့ တယောက်မှမတွေ့ခဲ့ရဘူး။
ခုရခါးဆိုပြီး လက်သဲခွာတဲ့ ဂျပန်တွေ အနုမြူ ဗုံးထဲပါကုန်ရှာပြီထင်ပါရဲ့။ ဘယ်ဆိုင်ဘဲ သွားသွား ဆီးပြီး ဦးညွတ် အရိုအသေပေး နှုတ်ဆက်တယ်။ ထွက်လာတယ်ဆိုရင်လည်း ဦးညွတ်ပြီး အာရိဂတိုးကို ဆိုင်မဆုလို့ ပြောကြဒါ အလုပ်ဝတ္တရားကြီးတခုပါဘဲ။
သူတို့ ခါကိုင်းကိုင်း ကိုယ်ကပြန်ကိုင်းရဒါ ကြာတော့ ခါးညောင်းလာဒါနဲ့ တချို့နေရာမှာ သူတို့ နှုတ် မဆက်သေးခင် ကပြာကရာ လစ်လစ်လာခဲ့ရတယ်။
နိကပ်ဆု
ဒီဟိုတယ်မှာ ဥရောပ စံနစ်သပ်သပ်ဖြစ်နေပြီး လာရောက်တည်းခိုတဲ့ ဧည့်သည်တွေကလည်း အများ အားဖြင့် ကိုးရီးယားစစ်ကိုအကြောင်းပြုပြီး ရောက်လာကြတဲ့ အမေရိကန်စစ်၏ဗိုလ်တွေသာ များတယ်။ ဂျပန်စစ်စစ် ဓလေ့ထုံးစံကို ရောက်တဲ့အခါ လေ့လာချင်သေးဒါနဲ့ ဂျပန်မိတ်ဆွေနဲ့ တိုင်ပင်ပြီး ဂျပန်ဟိုတယ် စစ်စစ် တခုကို နေ့ခြင်းရွေ့လာတယ်။
ဟိုတယ်ရောက်တယ်ဆိုရင်ဘဲ ဂျပန်မကလေးတွေက သူတို့ရှေ့ထိုးဘိနပ်ကို ပထမဆုံး ဆီးပေးတယ်။ စီးလာတဲ့ ဘိနပ်ကို အ၀င်အ၀မှာ ချွတ်ခဲ့ပြီး၊ ရှေ့ထိုးဘိနပ်နဲ့ အပေါ်ထပ်တက်ရတယ်။
အခန်းကို လိုက်အပ်ပြီး ဂျပန်လဘက်ရည်ကြမ်း သုံးခွက်လာပို့သွားတယ်။ အခန်းကတော့ ပြင်ဆင် ထားဒါ မညံ့ပါဘူး။ စားပွဲကုလားထိုင် အိပ်ရာအိပ်ခင်း၊ တယ်လီဖုန်း၊ အပူငွေ့ပေးတဲ့ ဓါတ်မီးဖိုအစုံ အလင် လိုလေသေး မရှိပါ။ သို့ရာတွင် ၀င်လျှင် ၀င်ခြင်း ဆောကနဲ့တွင်းဆိုဒါလို မခံမရပ်နိုင်တဲ့ အနံ့ ဆိုးကြီးတခုက ရုတ်တရက် နှာခေါင်းဝသို့ ဆောင့်ထိုးလိုက်ပါသည်။
ဘာနဲ့ပါလိမ့်။ ပုပ်ဟောင်ဟောင်နဲ့ ငံပြာရည်ပုပ်နံ့ ငပိနံ့မျိုးလဲမဟုတ် အခန်းကလေးက လှလှပပ သပ်သပ်ရပ်ရပ် မို့ ကြွက်သေကောင် အိမ်မျှောင်သေကောင်ပုပ်များ ညပ်နေစရ နေရလည်းမရှိပါ။ မှန်တံခါး တွေ ဖွင့်ပစ်လို့လည်း ဒီအနံ့ထွက်မသွားတဲ့အပြင် တချက်တချက် ထောင်းခနဲ စူးရှထက် မြက်စွာ ပေါ်လာတတ်ပြန်သည်။
ထွက်သက် ၀င်သက် ရှူတိုင်း ဒီအနဲ့မခံနိုင်လွန်း၍ ပြင်သစ်က ၀ယ်လာတဲ့ ' ချာနယ် ' နံပါတ် ၅ ရေမွေးကို နှာခေါင်းရော လက်ကိုင်ပုဝါပါ ရွဲရွဲစိုအောင် ဆွတ်၍ ကာကွယ်ပါသော်လည်း နှာခေါင်းကို တချိန်လုံး ဖုံးမထား နိုင်ပါ။ မွန်း၍ မွန်း၍ လာပါသည်။
ခက်ရချေရဲ့။ ဒီမှာ တညသာအိပ်ရမယ်ဆိုလျှင် မွမ်းပြီး အသက်ထွက်ရတော့မည်။ ဆပ်ဆော့ပြီး ဂျပန် စရိုက် လေ့လာ ချင်အုံးလေဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ ကိုင်း မတတ်နိုင်တော့ပါ၊ ဂျပန် စစ်တို့၏ အနေအထိုင်မျိုးကို တခြားနည်းနှင့် လေ့လာတော့မည်။ သည်ဟော်တယ်ကတော့ ညတွင်းချင်း တခြားဟော်တယ်ကို ပြောင်းကြပါသည်။
မပြောင်းမှီ ဟော်တယ်သစ်ရှာရင်း ညနေ သုံးနာရီ အချိန်လောက်အထိ နှာခေါင်းကို လုံအောင်ပိတ်၍ ကြိတ်ပြီး စောင့်နေရတော့သည် ကမ္ဘာကျော်တယ်ဆိုတဲ့ ချာနယ်နံပါတ် ၅ေ၇မွေးဟာ ပုလင်းဝက် လောက် ချောသွားသော်လည်း ဒီအပုတ်နံ့ကိုတော့ အရှူံးပေးရပါသည်။
ညနေ ၃ နာရီက ညနေ ၅ နာရီအထိ၊ နာရီကြာ ကြိတ်မှိတ်အောင့်အည်းနေရင်း၊ အပုပ်နံ့၏ သဘောကို သုံးသပ် ဝေဖန်ခဲ့ရာ နောက်ဆုံးအဖြေထွက်လာပါသည် ဘာသေကောင်ပုပ်မျှမဟုတ်။ ဂျပန် လဘက် ရည်ကြမ်း မှ မှိုင်းကြပ်ခိုးစွဲပြီး အပုပ်ကြီးပုပ်နေသော အနံ့ဖြစ်ပါသည်။
အကောင်အထည် ဒြပ်မရှိ၊ အိမ်သာထဲမှာ ဆေးပြင်းလိပ်သောက်သွားသော အနံ့ဆိုးမျိုး၊ သို့မဟုတ် လေထဲ က အသံခေါ်မလား...။ လေထဲက အပုပ်နံ့ ခေါ်ရမလား။ မှန်၊ ထင်းရှူးသား ပန်းစက္ကူတို့နဲ့ ချယ်လှယ် ထားတဲ့ အခန်းလှလှကလေးမှာ အနှစ်နှစ်အလလက ဂျိုးစွဲနေတဲ့ လဘက်ရည်ကြပ်ခိုးမှိုင်းနဲ့ဟာ ကြာတော့ ပုပ်သိုး ဟောင်စပ် နေခြင်းဖြစ်ပါသည်။
ဂျပန်လက်ဘက်ရည်ကြမ်း ပူပူနွေးနွေးကိုလာပေးစဉ်က ဟောက်လိုက်တော့လည်း ဒီအပုပ်နံ့မျိုး မရပါ။ အတော် ဆန်းကြယ်စွာ ဆိုးဝါးတဲ့ အပုပ်နံ့ပါဘဲ။
သို့နှင့် ၅ နာရီကျော်လောက်မှာ တယ်လီဖုန်းလာသဖြင့် ကောက်နားထောင်လိုက်ရာ၊ အရင်နေသော ' နိကပ်တဆု' ဟိုတယ်မှာ အခန်းအား မရှိတော့၍ တိုကျိုဟိုတယ်မှာ အခန်းတခုရပြီ ဖြစ်ကြောင်း။ ပင်အေရှား သတင်း ဖြန့်ချီရေးဌာနမှ ကြီးမှူးသူ မစ္စတာ လာဟီဒီနှင့် မစ္စတာ ဂျွန်တာဂျီ တို့ကလည်း သံကြိုးမပို့၍ လာမကြိုရ သည်ကို မကျေမနပ်ဖြစ်နေကြသည်နှင့် ယခုအတူလိုက်လာမည် ဖြစ်ကြောင်း သိရတော့၊ အခန်းပြောင်း ရတော့မည်ကို ၀မ်းသာသွားမိပါ သည်။
များမကြာမီ ရောက်လာကြပြီး ပစ္စည်းများ သူတို့ကို ကိုယ်တိုင် သယ်ပိုးချကာပေါ်တင်ပေးနေစဉ် ဂျပန် အမျိုးသမီးဟော်တယ် မန်နေဂျာအား တနေ့ထွက် ယန်းဒင်္ဂါး ၂၈၀၀ ပေးချေခဲ့ပြီး တိုကျို ဟော်တယ်သို့ ရွှေ့ခဲ့ပါသည်။
တိုကျို ဟော်တယ်မှာ နိကပ်တဆု ဟော်တယ်သို့ ဥရောပ စံနစ်အတိုင်း ခင်းကျင်းပြင်ဆင်ထားသည်။ ဟော်တယ် အလုပ်သမား ဂျပန်လုလင်လုံမ အားလုံး အင်္ဂလိပ်စကားပြောတတ်သူများသာဖြစ်၍ ဆက်ဆံမှု ချောင်ချိ သွားသည်။
ဂျပန်မှုကို ဂျပန် ဟော်တယ်မှာ တဲပြီး လေ့လာချင်ပါ၍ ဒုက္ခများရပုံကို မစ္စတာလာဟီဒီနှင့် ဂျွန်တာဂျီ တို့ကို ပြောပြပြီး ရယ်မောကြရပါသေး၏။
သူတို့က ဂျပန် စရိုက်ဓလေ့ ကျကျနနသိရအောင် တင်ပူရာဆိုင်၊ ထမင်းဆိုင်၊ ကပွဲမှ အစအနေအထိုင် စုံလင် အောင် မြင်ရစေရန် တောရွာကလေးများအထိ လိုက်ပြပါမည်ဟု ဂတိပေးကြပါသည်။
မစ္စတာလာဟီဒီ ၏ ဇနီးမှာ ဂျာမဏီအမျိုးသမီးဖြစ်၍ သမီးကလေး ' ဟာနာ ' မှာ ဒီဂရီရပြီး ခေတ်ပညာ တတ်ဖြစ်သည်။ မိသားတစုလုံး ဗမာစကားမတတ်သော်လည်း ဂျပန်စကား...၊ ဂျပန်စာ များကို မွှတ်မွှတ်ကြေ တတ်နေသူများဖြစ်သည်။
မစ္စတာဂျွန်တာဂျီ မှာ အမိအင်္ဂလန်သူ၊ အဖ ၈ျပန်အမျိုး အမျိုးသား အင်္ဂလိပ်ဂျပန်ကပြားဖြစ်၍ ' ဂျပန်ကမ္မ၀ါ ' ကိုပင် ဖတ်နိုင်သူဖြစ်သည်။
နောက်နေ့ များမှာတော့ တယောက်ထဲမထွက်နိုင်တော့ဘဲ ယောက်ျားသပ်သပ်၊ မိန်းမသပ်သပ်ဆို သလို ယောက်ျား တစုက သတင်းစာတိုက် ပုံနှိပ်တိုက်တွေမှာ တရုံးရုံးဖြစ်နေချိန်တွင် မမခင်အား ' ဟာနာ ' က သူ့ ကားနဲ့ ကိုယ်တိုင်မောင်းပို့သူ မိခင်က ဂျပန်စကားပြန်လုပ်ပြီး ဆိုင်တကာ လမ်းတကာနဲ့ ကြည့်စရာမှန်သမျှ လိုက်ပြကြသည်။
' မစ်ဆုကိုရှီ ' ဆိုသော ဂျပန်ကုန်တိုက်ကြီးနှင့် ၎င်းနှင့် အတူ ကုန်တိုက်ကြီးပေါင်း ၄..၅ တိုက်ရှိသည်။ ၎င်း တိုက်ဆိုင်ကြီးများမှာ လန်ဒန်၊ ပဲရစ်၊ နယူးယောက်တို့မှာ ရှိသော ကုန်တိုက်ကြီး များ၏ အဆင့်အတန်း အတိုင်း အထပ်ပေါင်း ၇ ထပ်၊ ၈ ထပ်ရှိ၍ စက်လှေကား၊ အထစ်လယ် လှေကားများ ရောင်းချနည်း စံနစ်များ ထပ်တူထပ်မျှ ဖြစ်ပါသည်။
တိုကျိုမြို့၏ လူဦးရေနှင့် ကူးသန်းသွားလာရေးမှာ ကြီးလေးလှသည်။ ဓါတ်ရထား၊ မြေအောက် မီးရထားတို့မှာ အချိန်ရှိသရွေ့ ငါးပိသိပ် ငါးချဉ်သိပ် ကြောက်ဖွယ် ကောင်းအောင် လူများလှသည်။
လမ်းဘေးပလက်ခေါင်းမှ ခြေလျှင် သမားတစုံကလည်း သွားလာနေကြသည်မှာ အလျှင်မပြတ် နိုင်သော ပရွက်ဆိပ် လမ်းကြောင်းကဲ့သို့ရှိသည်။
လူဦးရေများသလောက် ကူးသန်းရောင်းဝယ်မှု၊ စက်မှု လက်မှုကြီးကျယ်များပြား၍ ဇွဲနှင့် လုံ့လရှိသည် မှာလည်း ခြ၊ ပရွက်တို့ ဥပမာအတိုင်းပင်။ စစ်ဘေးစစ်ဒဏ်ကြောင့် မွမွကြေ ပျက်စီး ကုန်သော အဆောက် အဦး များကို အရေးတကြီး ပြန်လည် ထူထောင်လျက်ရှိရာ၊ ဆောက်လုပ်ပြီးစီး သော အဆောက် အဦးကြီး များကို ကြည့်လိုက်လျှင် နောက်ဆုံးပေါ် ခေတ်ရှေ့ပြေး အမေရိကန်ပုံစံ များသာတွေ့ရသည်။
' ဂင်ဇာ ' လမ်းကြီးမှာ အစည်ကားဆုံး လမ်းကြီးဖြစ်ပြီး စစ်အတွင်းက ဗုန်းဒဏ်ထိ၍ တလမ်းလုံး ပြောင်သလင်းခါ သွားသောကြောင့် ယခုထပ်မံ ဆောက်လုပ်ထားသော အဆောက်အဦးများမှာ အဟောင်း အဖာအထေး နှင့် အသစ်ရောကာ မညီမညာ ရှိနေတော့သည်။
ရိုးကိုးဟာမားမြို့ကြီးတခုလုံးလဲ ဖွဲပြာ ကျနေတော့သည်။ အင်မတန် ကြီးကျယ်တိုးတက်လာခဲ့သော ဂျပန်ပြည်ကြီး တခုလို ပျက်စီးကြေပြုန်းဆင်းရဲသွားရသည်မှာ အရင်းစစ်လိုက်တော့ ဘယ်သူမပြု မိမိမူဆိုတဲ့ စကားအတိုင်း ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပြီး ဒုတိယ နယ်ချဲ့ကမ္ဘာစစ်မီးကြီးကို စတင် မွှေးခဲ့တဲ့အတွက်ဘဲလို့ စွပ်စွဲမိသည်။
ဟိုအချိန်အခါတုန်းက ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ဟာ တရှိန်တည်းထိုးတက်လာတဲ့ နိုင်ငံအကျော် အမော် တွေဘဲ။
တကမ္ဘာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတဲ့ ၀န်ရိုးတန်းနိုင်ငံဆိုတာတွေပေါ့။ ခုတော့ သူတို့ သုံးဦး စလုံး နယ်ချဲ့စစ်မီး အမွှေးကောင်းလို့ ထောင်းလမောင်းကြေပြီး ရှိတာကလေးတွေတောင် ဆုံးပါးပျက်စီး ကုန်ခဲ့ ရရှာတယ်။ တမျိုးတွေးကြည့်မယ် ဆိုပြန်တော့လည်း ဂျပန်ရဲ့ လူဦးရေဟာ ကြောက်စရာ ကောင်းအောင် တိုးတက်နေရာ တိုင်းပြည်က ကျဉ်းကြပ်တော့ မတတ်သာလို့ နယ်ချဲ့ရဒါဘဲ။
ဒါပေမဲ့ လည်း သူ့ခမြာ ကျယ်အောင်ချဲ့လိုက်ခါမှ သာပြီး ကျဉ်းသွားသလိုဖြစ်ရတော့တယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက သေလို့ ရော့သွားတဲ့ လူဦးရေတွေ ယင်းစားပြန်တက်လာရုံမက စစ်မဖြစ်ခင် အချိန် ကထက် ပိုပြီးများနေပြန်ပြီလို့ သိရပြန်တယ်။
အဲဒီလောက် လူအင်အား လုလ္လ၀ိရိယ အင်အား ရှိနေတဲ့အတွက် ဆင်းရဲသွားပေမဲ့ စီးပွားရေးမှာလည်း အမေရိကန် ရဲ့ ထောက်ပံ့မှုကြောင့်၊ ခြတောင်ပို့ကြီး အဖြိုခံရသော်လည်း နေ့ချင်း ညချင်းခြတောင်ပို့ကြီး ပြန်ဖြစ် လာအောင် ဖန်တီးနိုင်သလို၊ အဆမတန်များပြားတဲ့ ဂျပန်လူမျိုးများရဲ့ လူထုအင်အား စက်မှု လက်မှု ပညာအင်အား၊ လုလ္လ၀ိရိယ အင်အားတွေနဲ့ ပျက်စီး သွားတဲ့ သူတို့ရဲ့ အဆောက်အဦးတွေကို မကြာခင် ပြန်ပြီး အစားထိုးနိုင်စရာ ရှိပါသည်။
ရိုးကိုးဟားမား မြို့ကြီး ပျက်စီးနေဒါ တွေ့ရခြင်းကတော့ ကမာကုရ ဘုရားကြီးကို သွားရင်း တွေ့ခဲ့ရဒါ ဖြစ်ပါတယ်။ ကမာတုရ ဗုဒ္ဓကြေးဆင်းတုတော်ကြီးကို ရောက်တော့ အားပါးတရ ဖူးလိုက် မယ်လို့ အလုပ်မှာ ထိုင်စရာ ဘုရားဝတ်ပြုစရာ နေရာရယ်လို့မရှိ ခင်းထားတဲ့ ကျောက်ပြားပေါ် ထိုင်ချပြီး ဖူးရပါတယ်။
အနားပတ်လည် မှာလည်း နိုင်ငံခြားဧည့်သည်တွေ အင်္ဂလိပ်စစ်သားတွေ၊ ဂျပန်လူမျိုးဧည့်သည်တွေ ဘုရားကြီး လာကြည့်ကြဒါ ပြည့်နေဒါဘဲ။
သို့သော်လည်း ဂျပန်လူမျိုးရော နိုင်ငံခြား ဧည့်သည်လူမျိုးစုံပါ ဘုရားကြီးအနီးမှာ ဘိနပ်မချွတ်ကြရပါ။ ဘိနပ်မချွတ်ကြရုံမက၊ ဘုရားကြီး ပလ္လင်တော်အောက်က လူဝင်ပေါက်မှနေပြီး ဘုရား ကိုယ်တော် ပခုံးတော် အထိ အတွင်းကသံလှေခါးနဲ့ တက်ကြရာမှာလည်း ဘိနပ်မချွတ်ရ။ တယောက်လျှင် ၀င်ခယန်းတဆယ်စီ ပေးရသည်။
ဂျပန်မကလေးတွေ စစ်သားကိုယ်စီစုံတွဲနှင့် ဘုရားပေါ်တက်လိုက်ကြသည်မှာ ၀င်ခသိမ်းသူ လက်မလယ် နိုင်အောင် ရှိသည်။
ဒီလို ဘုရားပခုံးပေါ်အထိ ဘိနပ်ဂေါက်ဂေါက်နဲ့ တက်တာကို ဗုဒ္ဓဘာသာမျက်စိနဲ့ ကြည့်လိုက်ရင် အတော် စိတ်မချမ်းမသာဖြစ်စရာဘဲ။ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ နေအိမ် ဟော်တယ် အ၀င်ဝများ တွင်ပင် ဘိနပ်ချွတ်မှု ကို အရေးတကြီး စည်းကမ်းထားကြပါလျှက် ကိုးကွယ်ရာ ဗုဒ္ဓဆင်းတုပေါ် ဘိနပ်စီး တက်သည် ကို နားမလည်နိုင်အောင် ရှိပါသည်။
အေးလှတဲ့ အရပ်ဒေသဖြစ်လို့ ရင်ပြင်တော်မှာ ဘိနပ်ခြေအိတ်မချွတ်နိုင်လျှင်ထားဦး။ ဘုရားကြီး ပခုံးတော် ပေါ်ကိုဖြင့် ဘိနပ်စီးမတက်သင့်ဘူးလို့ ဆိုချင်ပါသည်။
တလောကဘဲ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်ကြီး ကျင်းပခဲ့သော တိုကျိုမြို့သို့ ရောက်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်များ မမြင်ခဲ့။ သတိမထားမိခဲ့လေသလား။ ဗုဒ္ဓဘာသာ အသင်းအဖွဲ့ဝင်များနှင့် ဆက်ဆံလျက် ရှိချိန်ဖြစ်၍ ဘုရားပခုံးပေါ်အထိ ဖိနပ်စီးတက်ခွင့်မပြုပါရန် ဆိုင်ရာသို့ မေတ္တာရပ်ခံ လျှင် မရနိုင်စရာ အကြောင်း မရှိပါ။
ရှေးနှစ်ပေါင်း (၇၀၀)ကျော်က ' ရှိမူ ' ဂျပန်ဧကရာဇ် ဘုရင်ကြီး ဗုဒ္ဓသာသနာပြု တည်ထားခဲ့တဲ့ အဆိုပါ ကမာကုရ ကြေးဆင်းတုရုပ်ပွားတော်ကြီးမှာ အမြင့်ဥာဏ်တော် ၄၃ ပေ မျက်နှာတော် ၇ ပေ၊ ၆ လက်မ၊ နှာတန်တော် ၂ ပေ၊ ၈ လက်မ ပါစပ်တော် ၂ ပေ၊ ၈ လက်မ။ ဒူးတော် စွန်းတဖက်မှတဖက်သို့ ပေ ၃၀ ရှိ၍ ကြေးပေါင်ချိန် နှစ်သိန်းတသောင်းဖြင့် သွန်းလုပ်ထားပါသည်။
ရုပ်ပွားတော်ကြီးအတွင်းတွင် သံလှေခါးဖြင့် ပခုံးတော်အရောက်တက်သွားနိုင်ရန် စီမံထားပြီး 'နောက်ကျော' တော်မှာ ပြူတင်း ၂ ပေါက်ဖေါက်လုပ်ထားပါသည်။
ဂျပန်လူမျိုး တို့ ရှေးနှစ်ပေါင်းများစွာက ကျောက်ဆစ်ပညာ ပန်းပုပညာ ကြေးသွန်းပညာ ကျွမ်းကျင် ထင်ရှား ခဲ့ရာ ထိုဆင်းတုတော်ကြီးမှာလည်း ကြေးသွန်းပညာမည်မျှ ထွန်းကားလက်မြောက်ခဲ့ကြောင်း အံ့တပါး အဖြစ်နှင့် နိုင်ငံခြားသား ဧည့်သည်များ အမြဲဝင်ရောက် ကြည့်ရှုလေ့ရှိကြရာ ရင်ပြင်တော်၌ ဘုရား ပုံတော် အမှတ်အသားပါသော ဂျပန်ပစ္စည်း တိုတိုထွာထွာ ရောင်းချသည့်ဆိုင်ငယ်များမှာလည်း ဘုရား ပွဲတော် ဈေးတန်း ကဲ့သို့ စည်ကားစွာ တွေ့ရပါသည်။
ဆက်ရန်
.
No comments:
Post a Comment