အခန်း (၁၁) လွတ်မြောက်လမ်းကို ရှာဖွေသူ
ညနေချမ်းသည် မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေ၏။ တည်းခို စားသောက်ခန်းတွင်း၌ လူအများ စုဝေးရောက် ရှိနေကြပြီး ဖြစ်သည်။ သူတို့သည် ကင်တတ်ကီ ပြည်နယ်သားများ ဖြစ်ကြ၏။ ကင်တတ်ကီ ပြည်နယ်သား များ ဖြစ်ကြောင်းကိုလည်း သူတို့၏ ၀တ်စား ဆင်ယင်ပုံများ၊ အမူအရာ ဟန်ပန်များ အားဖြင့် ဖော်ပြလျက် ရှိ၏။ ဤသို့ပင် ကင်တတ်ကီ ပြည်နယ်သားများသည် အမဲလိုက်ရင်း တည်းခို စားသောက်ဆိုင် တခုတွင် ၀င်ရောက် အပန်းဖြေကြကာ စုဝေးစားသောက် စကားဝိုင်းဖွဲ့လျက် ပျော်ပျော်ကြီးနေတတ်မြဲ ဖြစ်သည်။
မစ္စတာဝီလဆင်သည် တည်းခို စားသောက်ဆိုင်တွင်းသို့ ၀င်လာခဲ့သည်။ နံရံတနေရာ က ကြော်ငြာ စာရွက် သည် သူ့အဖို့ စိတ်ဝင်စားစရာ ဖြစ်နေ၏။
လူအများပင် ထိုကြော်ငြာစာကို ၀ိုင်းအုံကြည့်နေ၏။
"ကျွန်ုပ်၏ ဂျော့အမည်ရှိ အသားဖြူသွေးစပ် ကျွန်တယောက် ထွက်ပြေး သွားပါသည်။ အဆိုပါ ဂျော့သည် အသားဖြူ သည်။ အရပ်ခြောက်ပေ ရှိသည်။ ဆံပင်ညိုပြီး ကောက်သည်။ ဥာဏ် အလွန်ကောင်းသည်။ သိမ်သိမ် မွေ့မွေ့ ပြောတတ်သည်။ အရေးအဖတ် တတ်သည်။ အသားဖြူ တယောက်ထက်ပင် အရေး အဖတ် ကျွမ်းကျင်ဟန် ရှိသည်။ ပခုံးနှင့်ကျောတွင် အမာရွတ်စင်း ရှိ သည်။ ညာလက်၌ စာလုံးအမှတ် အသား ပါသည်။
"၎င်းကို အရှင် ဖမ်းမိလျှင် သော်၎င်း၊ အသေသတ်ပြီးကြောင်း ခိုင်လုံသော အထောက် အထား ပြနိုင် လျှင် သော်၎င်း ဒေါ်လာငွေ လေးရာ ပေးမည်။"
ဝီလဆင်သည် ကြော်ငြာကို ဖတ်ရင်း စိတ်ကသိကအောက် ဖြစ်လာသည်။ ဂျော့ကို သူ ကောင်းကောင်း သိသည်။ ဂျော့သည် ဟဲရစ် ဆိုသူ၏ ကျွန် ဖြစ်သည်။ ကြော်ငြာတွင် ဖော်ပြထား သည့် အတိုင်း ဥာဏ်ထက်၍ သွက်လက် ဖြတ်လတ်သည်။
ဟဲရစ်သည် ဂျော့ကို ၀ီလဆင်၏ လုပ်ငန်းအတွက် စက်ကရိယာတခုကိုပင် တီထွင်ပေးခဲ့ဖူး၏။ ၀ီလဆင် သည် ထိုကဲ့သို့ အလုပ် ကြိုးစား၍ လပ်မြင်သော အလုပ်သမားကောင်း တယောက်ကို လက်မလွတ်ချင်ခဲ့ပေ။ သို့သော် ဟဲရစ်သည် ကျွန်တယောက် ဤမျှအစွမ်းထက်ခြင်းကို မလိုလား။ ထို့ကြောင့် ဂျော့ကို ၀ီလဆင်ထံမှ ပြန်လည် ခေါ်ယူခဲ့သည်။ ထိုစဉ်ကပင် ၀ီလဆင်သည် ဂျော့နှင့် ပတ်သက်၍ ဟဲရစ်နှင့် စကားများခဲ့ ကြ သေး၏။
ယခုမူ သူသည် ဂျော့ထွက်ပြေးကြောင်း ကြော်ငြာကို ဖတ်ရပေပြီ။ သူ ဂျော့အကြောင်း စဉ်းစား နေစဉ်မှာပင် အရပ်ရှည်ရှည် လူကြီးတယောက်သည် သူထိုင်နေရာအနီးသို့ ဖျစ်တီး ဖျစ်တောက် ပြောလျက် ရောက်လာသည်။ ထိုလူကြီးသည် နွားကုန်သည်ကြီး ဖြစ်သည်။ သူသည် လည်း နံရံပေါ်က ကြော်ငြာစာကို ဖတ်ခဲ့ပြီး ဖြစ်၏။ ထိုကြော်ငြာနှင့် ပတ်သက်၍ သူသည်လည်း စိတ်မကောင်း ဖြစ်လာဟန် ရှိ၏။
သို့ဖြင့် သူတို့နှစ်ယောက်သည် နီးဂရိုးများကို ကျွန်ပြုနေသော စနစ်နှင့် ကြော်ငြာပေါ်က ကျွန်ကောင်း တယောက် ထွက်ပြေးလောက်အောင် ဆိုးရွားသော သခင်တယောက် အကြောင်းကို စကားလက်ဆုံ ကျမိကြ လေသည်။
ထိုအခိုက်မှာပင် မြင်းရထားတစီးသည် ဆိုင်ရှေ့သို့ ရောက်လာ၏။ ရထားပေါ်၌ လူတယောက် ပါလာ၏။ သူသည် ယဉ်ကျေးသိမ်မွေ့သော အသွင်ကို ဆောင်၏။ သန့်သန့် ပြန့်ပြန့် ၀တ်ဆင်ထား၏။ မြင်းလှည်း မောင်းသူ မှာ နီးဂရိုးကျွန်တယောက် ဖြစ်၏။
ဆိုင်တွင်းရှိ လူအများ၏ အာရုံသည် ထိုမြင်းရထားပေါ်က လူဆီသို့ ရောက်သွားကြ၏။ ရထားပေါ်က လူသည် ရထားပေါ်မှ ဆင်းလာသည်။ သူ့နောက်က လူသည် သူ့သစ်တာများကို ဆွဲလျက် လိုက်လာ၏။
သူသည် ဆိုင်ရှင်ထံ သွား၍ သူ့အမည်ကို ဟင်နရီဗတ်တလာအဖြစ် စာရင်းပေးလိုက် သည်။ တည်းခိုရေး အတွက် စာရင်းပေးပြီးနောက် သူသည် နံရံက ကြော်ငြာဆီသို့ ရောက်လာ သည်။ သူ့နောက်လိုက် သည်လည်း ထက်ကြပ်ပါလာ၏။ သူသည် ကြော်ငြာကို ဖတ်ပြီး သူ့နောက် လိုက်ဖက်လှည့်၍
"ဟေ့ ဂျွန်။ ကိုယ်တို့ တွေ့ခဲ့တဲ့ လူလားမှ မဆိုနိုင်ဘူးကွ" မေးလိုက်သည်။
"ဟုတ်တယ်သခင်။ ဒါပေမယ့် သူ့လက်ကိုတော့ ကျနော် အသေအချာ မကြည့်ခဲ့ဘူး"
"အေးကွ။ ငါလဲ မကြည့်ခဲ့ဘူး"
ထို့နောက် ထိုလူသည် ဆိုင်ခန်းအလယ်တွင် ၀င်ထိုင်လိုက်ပြီး အနီးရှိ လူတယောက်နှင့် စကားလက်ဆုံ ကျနေ၏။
ဝီလဆင်သည် ထိုသူဝင်လာစဉ်ကပင် ထိုသူ့ကို တွေ့ဖူးသလို၊ တနေရာတွင် သိကျွမ်းဖူး သလို အထင်ဖြင့် ပြန်လည် စဉ်းစားကြည့်နေ၏။ သို့သော် ဘယ်မှာ တွေ့ခဲ့ဖူးသည်။ မည်သူ ဖြစ် သည်ကို ၀ီလဆင် စဉ်းစား၍ မရနိုင် သေးပေ။
ထိုစဉ်မှာပင် ထိုသူသည် ၀ီလဆင် ရှိရာသို့ လျှောက်လာပြီး လက်ကို ဆန့်ပေးရင်း
"မစ္စတာ ၀ီလဆင် ထင်ပါတယ်။ ၀င်လာလာချင်း ရုတ်တရက် မမှတ်မိလို့ဗျာ။ ခင်ဗျား ကျနော့်ကို မှတ်မိတယ် မဟုတ်လား။ အုတ်ကလန်က မစ္စတာ ဗတ်တလာလေ"
"အင်း၊ ဟုတ် ဟုတ်ကဲ့" ၀ီလဆင်သည် အိပ်မက် မက်နေရသလို ဖြစ်နေ၏၊
ထိုအခိုက်မှာပင် နီးဂရိုး အစေခံတယောက်က အခန်းပြင်ပြီးကြောင်း လာပြောသဖြင့် ဗတ်တလာ ဆိုသူ သည် သူ့နောက်လိုက်အား သစ်တာများ ယူခဲ့ရန် ပြောပြီး "တဆိတ်ဗျာ စကား ပြောရအောင် ကျနော့်အခန်း လိုက်ခဲ့ပါလား မစ္စတာ ၀ီလဆင်" ၀ီလဆင်အား သူ့အခန်းသို့ လိုက်ခဲ့ ရန် ဖိတ်မန္တက ပြုလိုက်သည်။
ဝီလဆင်သည် ထိုသူ့နောက်ကို လိုက်လာခဲ့ရသည်အထိ ထိုသူ မည်သူ မည်ဝါ ဖြစ်သည် ကို ဝေခွဲ၍ မရနိုင် သေးပေ။ အခန်းတွင်း၌ နေသားတကျ ရှိမှာပင် ထိုသူသည် ၀ီလဆင်ရှေ့တည့် တည့်သို့ လက်ပိုက် လျက် ရပ်လာ၏။ သည်တော့မှပင် ၀ီလဆင်သည် ထိုသူ၏ ရုပ်သွင်ကို အသေ အချာ ဂရုစိုက်ကြည့်မိ လေသည်။
"ဂျော့"
"ဟုတ်ပါတယ်။ ကျနော် ဂျောပါ မစ္စတာ ၀ီလဆင်"
"အံ့ရောဟေ့"
"ဟုတ်တယ်လေ။ ကျနော် ရုပ်ဖျက်လာတာလေ"
"ဒါပေမယ့် မင်းအဖို့ အန္တရာယ်ကတော့ မသေးဘူး ဂျော့"
"ကျနော့် ထိုက်နဲ့ ကျွန်နော်ကံပေါ့ ခင်ဗျာ" ၀င့်ဝါသော အပြုံးနှင့် နှုတ်တုံ ပြန်လိုက်သည်။
"အင်း ဂျော့။ တကယ်တော့ မင်း ထွက်ပြေးလာတာဘဲ။ ဒီအတွက် ငါစိတ်မကောင်း ဘူးဂျော့"
"ဘာ့ကြောင့် ပါလဲခင်ဗျာ" ဂျော့က တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
"ဘာ့ကြောင့်ရမလဲဂျော့၊ အခုဟာ မင်းအနေနဲ့ မင့်းနိုင်ငံရဲ့ ဥပဒေကို ဆန့်ကျင်လာတာဘဲ
"ခင်ဗျာ။ ကျနော့်နိုင်ငံ။ ဟုတ်လားခင်ဗျာ့။ ဘာ ကျနော်တို့ နိုင်ငံများလဲဗျာ" သူသည် နိုင်ငံ ဆိုသော စကားလုံး ကို အထူးပြု၍ တူးတူးခါးခါး ပြောလိုက်၏။ "ကျနော်တို့အဖို့ သုသာန်တစပြင်လို နိုင်ငံမျိုးလား"
"အို၊ ဒီလို မတွေးနဲ့လေ။ ဒါဆို မှားမှာပေါ့ ဂျော့။ ဟုတ်ပါတယ်။ မင်းအဖို့ သခင်ဆိုးနဲ့ တွေ့ခဲ့ ရတော့လဲ ပြောမှာပေါ့။ ဒါပေမယ့် သမ္မာကျမ်းစာမှာက ဘယ်လိုဆိုခဲ့သလဲ"
"တော်ပါ ခင်ဗျာ။ ကျနော့်ကို သမ္မာကျမ်းစာ အကိုးအကားတွေ ပြမနေပါနဲ့ မစ္စတာဝီလဆင်။ ဒီအခြေ အနေ မှာ ဒါဟာ လူတယောက်ကို လက်မြှောက်အရှုံးပေး ခိုင်းတာနဲ့ အတူတူဘဲ ဖြစ်တော့မပေါ့။ ဒါပေမယ့် ကျနော် ဖုရားသခင်ရဲ့ တန်ခိုးတော်ကို ခံယူပါတယ် မစ္စတာ ၀ီလဆင်။ အဲ၊ ဒီကိစ္စမှာ ကျနော်ဟာ ကျနော့် လွတ်မြောက်ရေး အတွက် ရုံးကန်တယ်။ ဒါဟာ မကောင်းမူလား ဆိုတာကိုဘဲ ဖုရားသခင်ကို ကျနော် မေးလိုက် ချင်တယ်"
"ဟုတ်ပါတယ် ဂျော့။ ခု မင်းပြောတာတွေဟာ ဟုတ်ပါတယ်။ ဒါပေမယ့် မင်းကို ငါအား မပေးနိုင်ဘူး။ နိုင်ငံဥပဒေ ကို ဆန့်ကျင်တာမျိုးကို ငါအားပေးစကားပြောလို့ ဖြစ်မလားဂျော့"
ဂျော့သည် ထိုင်ရာမှ မတ်တတ်ရပ်လိုက်ပြန်ကာ လက်ကိုတင်းတင်းပိုက်လျက် ပြုံးထေ့ထေ့ ဟန်ပန်ဖြင့်
"ကဲဗျာ၊ ဒါဖြင့် ကျနော်တခုမေးမယ် မစ္စတာဝီလဆင်။ ခုနေတုန်း ရက်အင်ဒီးယန်း တယောက်က ခင်ဗျား ကို ခင်ဗျာ့သားတွေ မယားတွေနဲ့ခွဲပြီး ဖမ်းလာမယ်။ ပြီးတော့ ခင်ဗျားကို သူ့စိုက်ခင်းထဲမှာ အလုပ် လုပ်ခိုင်း ထားမယ်ဆိုပါတော့၊ အဲဒီအခြေအနေမှာ ခင်ဗျား ထွက်မပြေးမိ အောင် ကိုယ့်ကိုကိုယ် တားမြစ်သင့်တယ်လို့ သထေား မလား" ခပ်တင်းတင်းပြောသည်။
"ဒီမယ်ဂျော့၊ ကိုယ်ဟာ မင်းရဲ့မိတ်ဆွေကောင်းတယောက်အဖြစ် မင်းဘက်မှာ ကိုယ်အမြဲ ရှိခဲ့တယ် ဆိုတာ မင်းအသိပါ။ ခု ကိုယ်ပြောတာဟာလဲ မင်းကောင်းဘို့ ပြောတာဘဲ။ ဘာလို့လဲဆို တော့ ခုဟာ မင်းအရဲစွန့် ပြေးလာတာဘဲ။ ကဲ မင်းကို သူတို့မိသွားပါပြီတဲ့၊ ခုအခြေအနေထက် မင်း ဆိုးမလာနိုင်ဘူးလား။ သူတို့ မင်းကို နှိပ်စက်မယ်။ အသေရုံတမယ် ညှဉ်းပန်းမယ်။ ပြီးရင် မင်းကို တောင်ပိုင်းမှာ ရောင်းပစ် လိုက်ကြမယ်"
"ဟုတ်တယ် မစ္စတာဝီလဆင်၊ ကျနော် ဒါတွေမသိလို့ မဟုတ်ဖူး၊ သိတယ်။ ဒါပေမယ့် သူ့အပေါ် အင်္ကျီအောက် တွင် ၀ှက်ယူလာသော ခြောက်လုံးပူးနှစ်လက်နှင့် ဓားတလက်ကို ထုတ်ပြ၍ "အဲ၊ ဒီမှာ ဒါတွေ အသင့် ပါလာတယ်။ ကျနော် ဘယ်နည်းနဲ့မှ တောင်ပိုင်းတော့ အရောက်မခံဘူး မစ္စတာဝီလဆင်။ ကျနော့် အဖို့ ဟောဒီ ကင်တတ်ကီမှာ လွတ်မြောက်တဲ့ နယ်မြေတခုကို ရှာလို့ ရရင်ရ မရရင် အနည်းဆုံး ခြောက်ပေ တော့ ကျနော်ပိုင် မြေကွက်ရရမှာပေါ့ဗျာ"
"ကြောက်စရာပါလားဂျော့။ မင်းဟာ မင့်းနိုင်ငံရဲ့ဥပဒေတွေကို ဆက်တိုက်ချိုးဖောက်တော့ မလို့လား ဂျော့"
"လာပြန်ပလား ကျနော့် နိုင်ငံ။ ဒီမယ် မစ္စတာဝီလဆင် ခင်ဗျားမှာ ခင်ဗျားပိုင်တဲ့ နိုင်ငံ ရှိ တယ်၊ ဟုတ်တယ်။ ဒါပေမယ့် ကျနော်တို့လို ကျွန်ကမွေးတဲ့လူတွေအဖို့ နိုင်ငံဆိုတာ ဘယ်မလဲ၊ ဒီဥပေဒ ဆိုတာတွေ ကကော ဘာလဲ၊ ဒီဥပေဒတွေဟာ ကျနော်တို့က ဖန်တီးတာ မဟုတ်ဖူး။ ကျနော်တို့ သဘောတူတာတွေ မဟုတ်ဖူး။ ဒါတွေဟာ ကျနော်တို့ကို ဖြိုခွဲဘို့ ညှဉ်းပန်းဘို့ သူတို့ လုပ်တဲ့ ဥပဒေတွေ မဟုတ်လား။ ဒီမယ် မစ္စတာ ၀ီလဆင်၊ လွတ်လပ်ရေးနေ့တိုင်းမှာပြောတဲ့ မိန့်ခွန်း တွေကို ကျနော်တို့ မကြားဘဲ နေမလား။ အစိုးရ ဆိုတာ ပြည်သူတွေဆီက အာဏာကိုယူရတယ်ဆို။ ဒါတွေကို ကြားနေရတဲ့ ကျနော်လို လူအဖို့ ဘယ်လို နေမလဲ"
မစ္စတာဝီလဆင်သည် ဂျော့အဖြစ်ကို နားလည်၏။ သို့သော် သူ့မှာလည်း ဥပဒေနှင့် ပတ်သက်၍ တာဝန် ရှိသေးသည်ဟု ယူဆသည်။ ထို့ကြောင့်လည်း သူသည် ဂျော့အား ရှင်းပြဦးမည် ဟု သဘောရသည်။
"ဟုတ်တယ် ဂျော့။ သူတို့မကောင်းဘူးဆိုတာ ဟုတ်တယ်။ ဒါပေမယ့် မင်း ဒီလို လုပ်တာ လဲ မကောင်းဘူး" မစ္စတာဝီလဆင်သည် စပွဲပေါ်တွင် ၀င်ထိုင်လိုက်သည်။ စိတ်မှာ ရပ်တည်ရာ မရတော့ပေ။ လက် က ထီးရိုးကို ပါးစပ်ဖြင့် ကိုက်ရင်း သူ့စိတ်ကို သူငြိမ်အောင် ကြိုးစားနေရပြန် သည်။
ဂျော့သည် သူ့ရှေ့သို့ ရောက်ကာ ထိုင်ချလိုက်ပြီး
"စဉ်းစားကြည့်ပါ မစ္စတာဝီလဆင်။ ကျနော်ဟာ လူတယောက် မဟုတ်ဖူးလား။ ဟောဒီမှာ ကျနော့် မျက်နှာ၊ ကျနော့်ထက်၊ ကျနော့် ခန္ဓာ။ ဒါတွေဟာ လူတယောက်ရဲ့ခန္ဓာ အစိတ်အပိုင်းတွေ ဘဲ မဟုတ် ဖူးလား။ ကောင်းပြီ။ ဒီလို လူတယောက်ဟာ ခင်ဗျားရှေ့မှာ တခြားလူတယောက်လို၊ အဲ၊ ခု ကျနော် ထိုင်နိုင် သလို တခြား အချိန်မှာ ထိုင်နိုင်သလား။ ထိုင်ရသလား။ ကျနော်တို့ဟာ လူပါ။ ဒါနဲ့တောင် ကျနော် တို့ဟာ တခြားလူတွေလို ဘာကြောင့် လူတယောက်အဖြစ် ရပ်တည်မနေကြ သလဲ။
ဒီမယ် မစ္စတာဝီလဆင်၊ ကျနော် ပြောမယ်။ ကျနော့် အဖေဟာ ခင်ဗျားတို့ ကင်တတ်တီ ပြည်နယ်သား၊ ခင်ဗျား တို့လို လူဖြူတယောက်ပါ။ ဒါပေမယ့် သူသေတဲ့အချိန်မှာ ကျနော်တို့တတွေ ဟာ ခွေးတွေ မြင်းတွေ လို အရောင်းခံကြရမှာဘဲဆိုတာ သူမတွေးခဲ့ဘူး၊ မစဉ်းခဲ့ဘူး။ ဒါပေမယ့် သူသေတဲ့အချိန်မှာဘဲ ကျနော့် အမေနဲ့ ကျနော်တို့ ခလေးခုနှစ်ယောက်ကို ရောင်းခဲ့ကြတယ်။ ကျနော် မှတ်မိသေးတယ် မစ္စတာဝီလဆင်။ ကျနော့် အမေဟာ သူ့မျက်စိအောက်မှာဘဲ သူ့သားသမီးခုနှစ်ယောက် တကွဲတပြားစီ အရောင်းခံ လိုက်ရတယ်။ ကျနော်ဟာ အငယ်ဆုံးပါ။ နောက်ဆုံး ကျနော့်ကို ရောင်းမယ့်အချိန်မှာ ကျနော့် အမေဟာ ဒီအငယ်ဆုံး သား ကိုတော့ မခွဲဘဲ ၀ယ်မယ်ဆိုလဲ သူနဲ့အတူ ၀ယ်ဘို့ လူကို ဒူးတုပ်ပြီး တောင်းပန် ရှာတယ်ပေါ့။ အဲဒီတော့ ကျနော့်ကို မြင်းပေါ်တင်ခေါ်သွားတယ်။ အမေဟာ အော်ဟစ်ငိုယိုပြီး ကျန်ရစ် ခဲ့ရတယ်"
"အင်း၊ နောက်တော့ ဘယ်လိုဖြစ်သွားသလဲ"
"ဘယ်လိုဖြစ်ရမလဲ မစ္စတာဝီလဆင်၊ တခုတော့ ၀မ်းသာရမလို ဖြစ်လိုက်သေးတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော့် ကို ၀ယ်တဲ့ ကျနော့် သခင်က ကျနော့် အမ အကြီးဆုံးကိုလဲ ၀ယ်ခဲ့ တာကိုး။ ဘာပြောပြော ကျနော့် မှာ အဖော်ရ တာပေါ့။ တကယ်က ကျနော့်အမဟာ အလွန်တော်တဲ့ မိန်းမတယောက်ပါ။ ဖုရားတရား အလွန် ကြည်ညို ရှာတယ်။ လှလဲ လှတယ်။ စိတ်ထား သဘော ထား အမူအကျင့်ကအစ ဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် မကြာပါဘူး။
ကျနော့် အဖို့ စိတ်မချမ်း သာစရာကို တွေ့တာဘဲ။ အမက ခရစ်ယန်ဗျာ။ ခရစ်ယန် တယောက်လို သူနေချင် ရှာတယ်။ ဒါကို သခင်လုပ်တဲ့ လူက ခွင့်မပေးနိုင်ဘူး။ ကျွန်တယောက်ဟာ ခရစ်ယန် မဖြစ်ရဘူးပေါ့လေ။ ဒီမှာ ကျနော့် အမဟာ နေ့စဉ်လို အရိုက်ခံ အနှိပ်စက်ခံ ဖြစ်လာတယ်။ မကြာပါဘူး။ သူ့ကို တောင်ပိုင်းမှာ ရောင်းပစ် လိုက်ကြတယ်။ ဒီကထဲက ကျနော့်မှာ အဖေမရှိ အမေမရှိ မွေးချင်းမရှိ။ အိုဗျာ၊ ဘယ်သူ ကမှ ဂရုမစိုက်တဲ့ ခွေးတကောင်သာသာအဖြစ်နဲ့ အရိုက်အနှက် အဆဲအဆို အငတ်အပြတ်ခံပြီး ကျနော် ကြီးပြင်း ခဲ့ရတယ်။
"ဒါပေမယ့် ကျနော် ငတ်နေလို့ မပူဘူး။ သူတို့ခွေးကျွေးတဲ့ အရိုးကို ကျနော် စားနိုင်တယ်။ တော်ပါပြီ။ ဒါပေမယ့် ကျနော့် ငယ်စဉ်ဘ၀တလျှောက်လုံး ညတွေမှာ အိပ်မရခဲ့ဘူး။ ငိုလို့ချည်း နေခဲ့ရတယ်။ ဗိုက်ထဲက မဆာပေမယ့် ရင်ထဲက ဆာတယ်။ ကျနော့် အမေအတွက် အမအတွက် ငိုရတယ်။ ဒီကမ္ဘာပေါ်မှာ ကျနော့်အပေါ် မေတ္တာထားနိုင်မယ့်လူ ကြင်နာနိုင်မယ့်လူ မရှိလို့ ငိုရတာ ဘဲ။ ကျနော်ဆိုတာ အကြင်နာ တရားတို့ ငြိမ်းချမ်းမှုတို့ကို ဘာမှမသိခဲ့ရဘူး။ ကုန်ကုန်ပြောမယ် မစ္စတာဝီလဆင်။ ကျနော်ဟာ ခင်ဗျာ့းစက်ရုံရောက်လာတဲ့အထိ စကားလုံး နူးနူးညံ့ညံ့ သိမ်သိမ် မွေ့မွေ့တောင် ကြားခဲ့ရတာ မဟုတ်ဖူး။ ဒါပေမယ့် ခင်ဗျားဆီရော်ကတော့ ကျနော် အားတက် ခဲ့ရ တယ်။ ခင်ဗျားအားပေးလို့ ကျနော် စာ အရေးအဖတ် သင်တယ်။ ဒါတွေအတွက် ကျနော် ခင်ဗျားကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ အဲ၊ အဲဒီမှာတင် ကျနော် ကျနော့် မိန်းမနဲ့ လက်ထပ်ခဲ့တယ်။
"ကျနော့်မိန်းမကို ခင်ဗျား တွေ့ဘူးပါတယ် မစ္စတာဝီလဆင်။ သူ ဘယ်လောက် တော်သလဲ၊ ဘယ်လောက်လှသလဲ။ ဒီလိုမိန်းမ တယောက်ကို ရခဲ့လို့ ကျနော် ဘယ်လောက်ပျော် ခဲ့သလဲ။ ဒါပေမယ့် ဒီနောက်မှာ ဘာတွေဖြစ်သလဲ။ ကျနော့် သခင်ဟာ ကျနော့်ကို ပြန်ခေါ်တဲ့အချိန် မှာ ဘာပြောခဲ့သလဲ။ ကျနော်တို့ ဆိုတယာဟာ နီးဂရိုးဘဲ။ နီးဂရိုးမှန်းသိအောင် လုပ်ရမယ်တဲ့။ ကျနော့် မိန်းမနဲ့ ပတ်သက်လို့ကော သူဘာပြောသလဲ။ ဒီမိန်းမကို စွန့်ခဲ့ရင်ရလဲ တခြားမိန်းမ တယောက်နဲ့ နေနိုင်တာဘဲဆိုတဲ့ သဘောကို သူပြောခဲ့တယ်။ ကောင်းပြီ မစ္စတာဝီလဆင်။ ခင်ဗျား ကြည့်ပါ။ ဒါဟာ ခင်ဗျားတို့ရဲ့ တရားဥပေဒ။ ခင်ဗျားတို့ပြည်နယ်ရဲ့တရားဥပဒေက ဒီလိုဘဲ မအေ့အသဲ၊ အမအသဲ၊ ချစ်တဲ့မယားအသဲတွေ ခွဲဘို့ ခွင့်ပြု ထားတဲ့ တရားဥပဒေ။
ခင်ဗျားတို့ လူတွေက အဲဒီလို ကျနော်တို့လူတွေရဲ့ တရားဥပေဒ။ ခင်ဗျားတို့ လူတွေက အဲဒီလို ကျနော်တို့ လူတွေရဲ့ မအေတွေ အမတွေ မယားတွေရဲ့အသည်းနှလုံးကို ခွဲဘို့ ပြဋ္ဌာန်းထားတဲ့ တရားဥပေဒ ဘဲမဟုတ်လား။ ဒါကို ကျနော့် နိုင်ငံရဲ့တရားဥပဒေလို့ ပြောရမှာလား။ ဒါဘဲ မစ္စတာဝီလဆင်။ ကျနော့်လို အဖေတယောက်တောင် မရှိတဲ့လူမှာ နိုင်ငံဆိုတာတော့ ဝေးပါရော။ ဒီတော့ ကျနော် နိုင်ငဲလဲ မလိုချင်ပါဘူး။ ဒီနေရာက ကျနော် အေးအေးထွက်သွားရရင်ဘဲ တော်ပြီ။ မစ္စတာဝီလဆင်။ ကျနော် ကနေဒါကို သွားမယ်။ မှတ်မိသေးရဲ့လား မစ္စတာဝီလဆင်။
ခင်ဗျားက ခင်ဗျားတို့ အဖေဟာ လွတ်လပ်ရေးအတွက် ဘယ်လို တိုက်ပွဲဝင်ခဲ့တယ်ဆိုတာတွေ ပြောခဲ့တာ။ ဒါဘဲ မစ္စတာ ၀ီလဆင်။ ခင်ဗျာ့ အဖေတို့ရဲ့ လွတ်မြော်ကရေးတိုက်ပွဲဟာ တရားတယ်ဆိုရင် ကျနော်တို့ လွတ် မြောက်ရေုးတိုက်ပွဲဟာလဲ တရားရမှာဘဲပေါ့။ ဒီတော့ ကျနော်ဟာ နောက်ဆုံး အသက်ရှင်နေတဲ့ အချိန်အထိ ကျနော့် လွတ်မြောက်ရေးတိုက်ပွဲကို ကျနော် ဆင်နွှဲရလိမ့်မယ်"
ဂျော့သည် စကားရှည်ကြီးကို ထိုင်ချ ထချေ လမ်းလျှောက်ချေဖြင့် ပြောနေ၏။
မစ္စတာဝီလဆင်သည် ဂျော့စကားကြောင့် စိတ်ထိခိုက်လာသည်။ ထို့ကြောင့်ပင် ဂျော့၏ အကြံအစည်ကို သူ ဆက်၍ မကန့်ကွက်တော့ပေ။ ဂျော့အတွက် သူ တတ်နိုင်သမျှ အကူအညီ အဖြစ် ငွေထုတ်ပေးသေး၏။ ဂျော့ က မယူ။ အတန်တန်ပေးသောအခါမှပင် ဂျော့သည် ၀ီလဆင် ထံမှ ငွေကို လက်ခံလိုက်သည်။
အတန်ကြာ စကားပြောပြီးနောက် ၀ီလဆင်သည် ဂျော့အခန်းမှ ထွက်လာခဲ့လေသည်။
မနက် စောစောတွင် ဂျော့ ဤနေရာမှ ထွက်ခွာသွားတော့မည်။
အခန်း (၁၂) ဆက်ရန်
.

No comments:
Post a Comment