Saturday, June 19, 2010

ပန်းသတင်း (ဂျွန် ၁၉)

မင်းလည်း အတူတူ၊ ငါလည်း အတူတူ
ဆင်ဖြူကျွန်းအောင်သိန်း

ဝါးခနဲ ရယ်မောသံကြားလိုက်ရတော့ ဦးဆေးရိုး ခြေလှမ်းတန့်သွားသည်။ စိတ်ရွှင်သည်လည်း မဟုတ်။ ညစ်ညူးသည်လည်း မမည်သော ကြား မျက်နှာသည် ခဏချင်း အလိုမကျအသွင်သို့ ကူးပြောင်းသွားလေ၏။ သည်အသံသည် မြင့်သောင်းဆံပင်ညှပ်ဆိုင်က လာတာ ဖြစ်သည်။ မြင့်သောင်း ဆံပင်ညှပ်ဆိုင်ဆိုသည်က ကာလသား လူငယ်များ စုဝေးရာ။ သို့သော် အများတကာ အလုပ်ကျပ်နေချိန်တွင် ဟေးလားဝါးလား လုပ်နေ ကြသည့် အတွက် ဦးဆေးရိုး အလိုမကျခြင်း ဖြစ်သည်။

    "ငွေခင် ပိတ်စရှိလားဟေ့"
    ဦးဆေးရိုး ရပ်နေသော နေရာက သန်းပင် သန်းခက်များဖြင့် စောင်ရန်တန်း ကာသွယ်ထား သောနေရာ။ သူ့အာရုံ က ထန်းရွက်များ သပ်သပ်ရပ်ရပ် ကာရံထားသော အိမ်တွင်း။
    "ငွေခင်တို့ ဘယ်သွားကုန်ကြသလဲဟ"
    လူရိပ်မမြင်၊ ခြေသံမကြားရသဖြင့် ထပ်မံခေါ်သောအခါ မငွေခင်က ထွက်မလား၊ ခွေးက တက်မှ ခွေးက ထဟောင်လေသည်။ သို့စဉ်တွင် ဦးဆေးရိုးဘေးနားသို့ သံဃာတော်တစ်ပါးနှင့် ကျောင်းသားတစ်ယောက် လာရပ်၏။ ကိုယ်တော်က ရွာဦးကျောင်းမှ ဆရာတော် ဦးကောသလ္လ ဖြစ်သည်။ ဆရာတော်နှင့်ပါသော ကလေးမှာ လက်ထဲတွင် ဘာမျှကိုင်မထား။ ဆရာတော်၏ ဖိနပ် တစ်ရံကိုမူ ခါးမှာထိုးထားသော အင်္ကျီကျွတ် ပုဆိုးတိုတိုနှင့် ၇နှစ်အရွယ်ကလေး ဖြစ်သည်။

    "ဆွမ်းတော်ခင်ဗျာ့"
    ကလေး၏ တာဝန်သည် ဆွမ်းလောင်းမည့်သူများ ကြားသိအောင် အော်ရန် ဖြစ်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည့်ခဏ၀ယ် ကိုပိတ်စ၏ ခွေးကတက်မှ ခွေးက ပျင်းရိစါာ ထဟောင် ပြန်၏။
    "တယ် ဒီခွေးဟာ သေတော့မှာပဲ၊ ဘုန်းကြီးမှန်းမသိ ဘာမှန်းမသိ၊ ပိတ်စမွေးတဲ့ခွေး၊ ပိတ်စလိုပဲ မိုက်ရိုင်း တာပဲ"
    သူ့ကို ဟောင်တာ သည်းခံနိုင်ငြား ဘုန်းကြီးကို ဟောင်သောအခါ ဦးဆေးရိုး စိတ်ဆိုးလာ သည်။ သို့ကြောင့် ခွေးကို ရေရွတ်မိရာ ဆရာတော်က နှုတ်ဆက်၏။

    "ဒကာ ဦးဆေးရိုး နေကောင်းရဲ့လား"
    "တင်ပါ့ဘုရား"
    သူက ကပျာကယာလှည့်၍ လက်အုပ်ချီမိသည်။
    "တော်သလင်းက ရောက်တော့မယ်နော်၊ အစိုက်နောက်ကျနေမယ် ဒကာကြီး"
    "တင့်ပါဘုရား၊ အဲဒါ ညှိနှိုင်းရအောင် လယ်ပြင်က လာခဲ့တာပါဘုရား၊ ပိတ်စကကို မတွေ့လို့"

    ပြန်လည်လျှောက်ထားရင်း ကိုယ်တော့်လက်ထဲက သပိတ်ကို ဦးဆေးရိုး မှန်းဆကြည့် သည်။ သပိတ် အောက် က ယှက်ပွေ့ထားသော လက်ချောင်းတွေ ပိပြားမနေ။ သည်တော့ သပိတ် ထဲမှာ ဆွမ်းအင်မတန် နည်းပါး နေသည်တွေးကာ စိတ်မကောင်းသံဖြင့် လျှောက်ထားမိသည်။
    "အလုပ်က ပူချိန်ဆိုတော့ အိမ်တိုင်းလိုလို လယ်ထဲဆင်းနေကြရတာဘုရား၊ အရှင်ဘုရား ဆွမ်းများ ဟင်းများ မျှတပါရဲ့လားဘုရား"
    "မလောက်တော့လည်း ကျောင်းမှာ ချက်ရတာပေါ့ဒကာကြီးရယ်၊ ဘုန်းကြီးတစ်ပါးတည်း ဆို အရေး မဟုတ် ပါဘူး၊ ကျောင်းသား ဆယ်ယောက် ရှိတယ်"

    "တင့်ပါဘုရား၊ လယ်ထဲက အလုပ်ကျပ်တဲ့ အချိန်ဆို ဆွမ်းလောင်းပြီးမှ အိမ်ကထွက်ဖို့ အမယ်ကြီးကို မှာထား နေပါတယ် ဘုရား"
    "သာဓု ဒကာကြီး၊ သာဓု သာဓု၊ ၀ါတွင်းမှာ ဆွမ်းဟင်းရှားပါးပြီး ၀ါပ ကျမှ ပေါများတာဟာ ဘုန်းကြီးတို့ ဆရာစဉ် ဆရာဆက်က ထုံးစံပဲ ဒကာကြီး၊ ကဲ ကဲ ဘုန်းကြီးလည်း ကြွဦးမည် ဒကာ ကြီးရေ"
    "တင့်ပါဘုရား"
    ဆရာတော်နှင့်ပါသော ကလေးငယ်၏ ဆွမ်းတော်ခင်ဗျာ့ အသံသည် ဝေး၍ ဝေး၍ သွားစဉ် တွင် အသံ တစ်သံက နီးကပ်လာလေ၏။
    "၀တ်ခွက်ဗျို့"
    ဆယ်နှစ်ရွယ် ကျောင်းသားတစ်ယောက်သည် အုပ်ဆောင်းအုပ်ထားသော ဗျပ်ခွက်တစ်ခု ကို ခေါင်းပေါ်မှ လက်လွတ်ရွက်လျက်၊ အိမ်ပေါက်စေ့တွင် ရပ်ပြီး အော်ဟစ်၏။ သူကား ရှေ့မှ ကြွ သွားပြီးသာ ဆရာတော်၏ ကျောင်းမှ ဟင်းအလှူခံပေတည်း။
    "၀တ်ခွက်ခင်ဗျာ့"

    ဟင်းအလှူခံသူသည် ဆရာတော်အောက် အသွားနှေးပေသည်။ သူက အိမ်တစ်အိမ်ရှေ့ တွင် တစ်ကြိမ် ရပ်ပြီး အော်ရုံဖြင့် တာဝန်ကျေသည် မယူဆ။ အိမ်ရှင် နောက်ဖေး ၀င်နေသလား၊ ကလေးငိုနေသလား၊ နောက်ဖေးချောင်း ထဲ ရေဆင်းခပ်နေသလား အကဲခတ်ရသည်၊ စောင်းဆိုင်း ရသည်။ "၀တ်ခွက်ဗျို့" အော်သူ မှာ ဗျပ်ရွက်သော ကျောင်းသားကြီး။ "၀တ်ခွက်ခင်ဗျာ့" အော်သူ မှာ သူရှေ့ကပါသော ကျောင်းသားငယ်။ ယင်းကျောင်းသားငယ်၏ တာဝန်မှာ အိမ်နောက်ဖေးတွင် လူ ရှိ မရှိ ပြေးကြည့်တန် ကြည့် ရသည်။ "ဟင်းအိုးက တစ်ဖက်၊ ကလေးက တစ်ဖက်နဲ့ဟယ်" ဟု အိမ်ရှင်မက ညည်းလျှင် ကလေးကို ပြေး၍ ချီတန်ချီရသည်။ ဟင်းကလေးတစ်ခွက်ရဖို့အရေး ငရုတ်သီး ကူထောင်းတန် ထောင်းရ၏။ ဗျပ်ရွက် သော ကျောင်းသား၏ နောက်လိုက်အကောင် သည် ပါးရ၏။ လျင်ရ၏။ သည်မျှဖြင့် မပြီးသေး၊ ကြိုးတပ် ထားသော ဘုံအိုးကို ဆွဲရသေးသည်။

    "ဘုံအိုး"
    သာမန်ကြည့်လျှင် ဟင်းချိုထည့်သည့် အိုး ဟုသာ အဓိပ္ပာယ်ထွက်လေငြား စေ့စေ့ကြည့်ပါ က ဆင်းရဲ ချမ်းသာ နိမ့်ကျ မြင့်မြတ်မရွေးတို့၏ စုပေါင်းဆုံရာ "ဘုံအိုး" ဟူ၍လည်း အနက်ထွက်ချေ ၏။
    တစ်ခါတစ်ရံ၌ ရွာထဲရှိ အိမ်တိုင်းစေ့က ဟင်းလှူတတ်သည်။ ထိုအခါ ဗျပ်ထဲက ပန်းကန် များဖြင့် မဆံ့ တော့ပြီ။ မျိုးတူသော ဟင်းချင်း ပေါင်း၊ ဟင်းအခြောက်ချင်းရော။ သို့ပေသည့် ပန်းကန် များ လိုအပ်မြဲ လိုအပ် နေသေးလျှင် အမျိုးတူများပြားလေ့ရှိသော ပဲဟင်းကို ဘုံအိုးထဲ ထည့်တော့ သည်။

    "၀တ်ခွက်ဗျို့"
    "၀တ်ခွက်ခင်ဗျာ့"
    ကျောင်းသားများသည် ဦးဆေးရိုးဘက်သို့ နီးသည်ထက် နီးကပ်လာကြ၏။ ဦးဆေးရိုး သည် ရပ်ကြည့် နေရင်း ရင်ထဲက မချမ်းသာ။
    "သြော် ဘုန်းကြီး ဘုန်းကြီးနဲ့၊ အမြင်လွယ်သလောက် ဆွမ်းဟင်းရဖို့တောင် မလွယ်ပါ ကလား။ ဒကာ ဒကာမ မွဲရင်၊ ငတ်ရင် သူတို့လည်း ကျပ်တည်းရတာပါကလား။ အခုဆိုရင် တစ်ရွာ လုံး လယ်ထဲ ဆင်း နေကြ လို့ ဆွမ်းမရ၊ ဟင်းမရနဲ့"

    ကျောင်းသားကြီးနှင့် နောက်လိုက် ကျောင်းသားငယ်တို့သည် ဦးဆေးရိုးအနားသို့ ရောက် လာကြ၏။ ဦးဆေးရိုး သည် အုပ်ဆောင်းကို ဖွင့်ကြည့်ချင်သည်။ ဟောင်းလောင်းပန်းကန်များမြင်ရ လျှင် စိတ်ဆင်းရဲခြင်း သာ အဖတ်တင်မည်။ ထို့ကြောင့် စိတ်ကို ချုပ်တည်းထားလိုက်စဉ် အော်သံ များသည် တစ်စထက် တစ်စ မှေးမှိန်ပျောက်ကွယ်သွားလေ၏။
    ဦးဆေးရိုးသည် ဦးပိတ်စ အိမ်ဝိုင်ဲးသို့ စိတ်မချမ်းမသာ ၀င်လာခဲ့သည်။ ခွေးကတက်က ခွေးပိန်မှာ ၀ဲကုတ် နေရ သည်နှင့် ဦးဆေးရိုးကို မဟောင်အားရှာ။
    "ဟေ့ကောင် နားပင်းနေသလားကွ"

    ဦးဆေးရိုး ငေါက်ငမ်းသံကြောင့် ဦးပိတ်စ လန့်သွားသည်။ သူသည် နွားတင်းကုန်နောက် တွင် တကုပ်ကုပ် အလုပ်များ နေရာမှ ပြန်ဆဲ၏။
    "လန့်လိုက်တာကွာ"
    "ငွေခင်၊ ငွေခင်နဲ့ အိမ်ရှေ့ကနေပြီးခေါ်တာ အခွန်းတစ်ရာ မကဘူး"
    "အရှေ့ဘက်တောထဲ ဟင်းရွက်ခူး ထွက်သွားတယ် ထင်သကွ၊ ဒါကြောင့် မထူးတာ၊ ကဲ ဆိုစမ်း"
    "မင့်လယ် ဘယ်နေ့စည်းချမလဲ။ မင်းပြီးရင် ငါပဲကွ၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ရအောင်လို့"

    သည်တော့ ဦးပိတ်စ အလွတ်မပြောနိုင်။ မတော်တဆ အပြောမှားမည်စိုးသည်။ ဘုတ်အုပ် ထဲမှာ သေသေချာချာ မှတ်ထားသည်။
    "လာကွာ အိမ်ပေါ်သွားရအောင်"
    "ကိုယ့်လယ်ကို ကောက်စိုက်သမတွေ ဆင်းမယ့်ရက်တောင် မသိတော့ဘူးလားဟ ပိတ်စရ"
    "မှားမှာစိုးလို့ပါကွာ"
    လက်တွင် ပေနေသော နွားချေးမြေများကို အထူးဆေးကြောမနေ။ ခါးတွင် ၀တ်ထားသော ပုဆိုးဖြင့် ပွတ်ရင်း ဦးပိတ်စ ရှေ့ဆောင်၍ နွားတင်းကုပ်ဘေးမှ ခွာလာခဲ့ကြ၏။ ၀ါးခနဲ ရယ်မောသံ များက မြင့်သောင်း ၏ ဆံပင်ညှပ်ဆိုင်ဆီမှ လွင့်ပျံလာသည်။ သည်တစ်ခါတော့ ဦးဆေးရိုး သည်းမခံ နိုင်ပြီ။

    "အများတကာ ယားလို့တောင် မကုတ်အားတဲ့အချိန်မှာ ဘယ်က မိမစစ် ဖမစစ်တွေ လာပြီး တဟီးဟီးး တဟားဟား ဖြစ်နေကြလဲမသိဘူး တောက်"
    "ဟေ့ ဟေ့ ရမ်းရမ်းမပြောနဲ့၊ အဲသည်ထဲမှာ မင့်မြေးတွေ မပါဘူး ပြောနိုင်လို့လား။ ဟာ အရေးထဲမှာ ဘုတ်အုပ် ထဲက ဘယ်ရောက်နေပါလိမ့်။ ငွေခင် ကိုင်ပြီး  ထားချင်ရာ ထားပြန်ပြီထင် တယ်"
    ဦးဆေးရိုးသည် ဆေးတောင်းထဲက ဆေးလိပ်တစ်လိပ် ယူပြီး ညှိသောက်၏။

    "မတွေ့ပါဘူးကွာ၊ ခဏနေပါဦး"
    သူ့ဘေးတွင် ဦးပိတ်စ လာထိုင်ခိုက်၊ ၀ါးခနဲ ၀ါးခနဲ ရယ်မောသံကို ကြားရပြန်၏။ ဦးဆေးရိုး သည် အမြင်များစွာ မသဲကွဲသော ထရွက်တဲဆီသို့ ဒေါသတကြီး မော့ကြည့်သည်။ မြင့်သောင်း ဆံပင်ညှပ်ဆိုင်မှာ ဆိုင်းဘုတ်မရှိ။ သို့ရာတွင် စေတနာရှိသော သူငယ်ချင်းများက သံပြားတွင် ထုံးဖြင့် ရေးပြီး အခမဲ့ ကူညီ ထားကြ၏။
    ဆိုင်းဘုတ်မှာ "မောင်မြင့်သောင်း ဆံသ၊ ဆံပင်များကို ကျနစွာ တစ်ချောင်းစီ ဆွဲနုတ်ပေးပါ သည်" ဟူ၍ ဖြစ်၏။

    ဤသို့ဖြင့် ပေါက်ကရတွေ ရေး၊ ပေါက်ကရတွေ ပြော၊ တရုန်းရုန်း တအုန်းအုန်း ဖြစ်နေ သော ဆံသဌာနမှ ရယ်မောသံများသည် ဦးဆေးရိုးအတွက် အနှောင့်အယှက်ကြီး ဖြစ်နေလေ သည်။
    "မင်းတို့ ငါတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ တသောသောနေတာပါပဲဟု ဆေးရိုးရ၊ ပေးပါ ဦးဟာ ဆေးတစ်ဖွာ"
    "ငါလည်း ငယ်ရာက ကြီးလာတာပါ၊ ဟုတ်ပါတယ်။ ငါတို့တုန်းက အပူအပင်အကြောင့်ကြ မရှိဘူး။ ဒါပေမဲ့ သည် ကောင်တွေက လွန်ကို လွန်လွန်းတယ်"
    မြင့်သောင်းဆံသ ဘက်ဆီမှ မျက်လုံးမခွာဘဲ ရေရွတ်သည်။ ဆေးလိပ်ကို အားရပါးရဖွာပြီး နောက် ဦးပိတ်စ ကို လှမ်းပေး၏။

    "အမယ် ကနေ့ ကလေးတွေက မင်းကို မီကို မမီသေးဘူး ဆေးရိုး သိလား၊ ဟင်း ငါမပြော ချင်လို့။ ကျီးဒန် အရင်က မင်းလိုက်လိုက်ပိုးနေတဲ့ မိထွေးလေးကို မင်း ဘာလုပ်ခဲ့လဲ၊ ကဲ ပြောစမ်း"
    "မိထွေးလား၊ ဟုတ်လား"
    ဦးဆေးရိုး အမှတ်အာရုံက ရုတ်တရက် နိုးကြားမလာတော့။ ဦးပိတ်စကပဲ ဖော်ပေးရသည်။
    "မယ်သဲမှုန်ရဲ့သမီး ဖိုးစံဘရဲ့ မယားပါသမီးလကွာ"
    "အား ဟုတ်တယ် ဟုတ်တယ် မိထွေးလေး၊ ငဇင်ရိုင်းကနုးက ငပြောင်နဲ့ အိမ်ထောင်ကျ သွားတာ၊ ဟုတ်ပြီဟေ့"
    သည်နှယ် ရေရွတ်မိပြီဆိုတော့ သွားမရှိသော ဦးဆေးရိုး၏ ပါးစပ်သည် အကျည်းတန်စွာ ပြုံးရယ်မိလေ၏။ မင်းသမီး မထွေးလေးနှယ် လှပကြော့ရှင်းသည်ဆိုသော မိထွေးလေး။ ရမ်းဘိုကုန်းရွာ၏ ဦးဆောက်ပန်း။ အမည် အရင်း မထွေး ဖြစ်သည်။

    ရွာ၏ အကျင့်က သူ့အမေ မောင်လှ အမည်ပေးပေမဲ့ ငလှ ဟုခေါ်ကြသလို မထွေးလေး လို မိထွေးဟု ခေါ်ကြသည်။ အရှေ့ပိုင်းက ကိုစံလှဘော် မခွက်တို့၏သမီး အမည်ကလည်း မထွေးပင် ဖြစ်ပြန်၏။ သည်တော့ မသဲမှုန်၏ သမီး မထွေးက မခွက်၏ သမီး မထွေးအောက် သုံးလခန့်ငယ် သည့်အတွက် မိထွေးလေး၊ အရှေ့ပိုင်းက မထွေးမူ မိထွေးကြီး ဖြစ်သွားလေ၏။ မိထွေး နှစ်ထွေး ရှိရာ မသဲမှုန်သမီး မထွေးလေး ကို ဖိုးကျန်းကြီး၊ မယ်ကြွယ်စိုး၏ သား ဆေးရိုးက အားကြီး ကြိုက် သည်။ အားကြီး ကြိုက်ပါ သော်ကော မိထွေးလေးကလည်း သက်ကြီးများ ပြောစကားအရ၊ မင်းသမီး မထွေးလေးနှင့် အင်မတန် တူဆိုကိုး။

    မထွေးလေး ဥပုသ်မစောင့်လေနှင့် ဆေးရိုးတို့ ဥပုသ်ဇရပ်သို့ ရောက်ပြီ။ ကြိုက်တော့လည်း ကြိုက်သည်ပေါ့။ ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် ဟန်ဆောင်ရပုံမှာ သီလပေးမည့် ဘုန်းကြီးကို ရှေ့ တည့်တည့် က ရှိခိုးလျှင် နောက်ကို လှည့်ကြည့်မှ မိထွေးလေးကို မြင်ရမည်မို့ မသင့်။ သို့ဖြစ်၍ ဘုန်းကြီး၏ ၀ဲက ဖြစ်စေ၊ ယာကဖြစ်စေ နေသော လူအုပ်ထဲမှာ မရမက နေရာယူသည်။ လက်မ နှစ်ချောင်း ကို ပူး၍ နဖူးပေါ် ထောက်ထားသော်ငြား မျက်လုံးက မထွေးလေးဆီမှာ။

    သီလပေးသော ကိုယ်တော်က "ယ-မဟံဝဒါမိ တံဝဒေထ" ဆိုကာ အဆုံးသတ်၍ သီလယူ သူများ "အာမဘန္တေ" ခံကာ ၀တ်ချပြီးစီးသွားကြသည်။ ဆေးရိုး ၀တ်မချ၊ ငုတ်တုတ်ကြီး ရှိခိုးနေ သည်။ ဥပုသ် ဇရပ် တခုလုံး တသောသော ရယ်မော၏။ သူ မသိ။ အမြင်မတော်သူတစ်ဦးက ခေါင်းကို နှိမ့်ပေးမှ ကိုယ့်အဖြစ်ကိုယ်သိကာ ရှက်ကိုး ရှက်ကန်းဖြင့် ထပြေးရ၏။ မိထွေးလေးကို ကြိုက်သမှ အားကြီးကြိုက် သော ဆေးရိုး။ မိထွေးလေး၏ အသံသည် ဂရမ္မာဖုန်းထဲက မငွေမြိုင်၏ အသံနှယ် သာယာ၏။ မိထွေးလေး ရယ်ရိုး ရယ်စဉ် ရယ်မောအသံကို ကြားရလွယ်သည်။ မိထွေး လေး ပြောရိုးပြောစဉ်အသံကို သိရလွယ်သည်။ မိထွေးလေး၏ အသံကို ဆေးရိုးဖခင် ဦးကျန်ကြီး သတိထားရ၏။

    ရမ်းဘိုကုန်းရွာသည် စလင်းချောင်းအကွေ့ပေါ်တွင် တန်းစီတည်ဆောက်ထားရာ အချို့ နေရာ၌ တစ်အိမ်နှင့် တစ်အိမ် ရွာလယ်လမ်းက သွားလျှင် ဝေးသော်လည်း ချောင်းထဲက ဖြတ်သွား လျှင် နီးသည်။ သည်တော့ မိထွေးလေးတို့ အိမ်အနီး ရေခပ်ဆိပ်ကအသံကို ဆေးရိုးတို့အိမ်က အတိုင်းသားကြားရသည်။ အခြား အသံတွေ ဘယ်လောက်ပဲလာလာ ကိစ္စမရှိ။ မိထွေးလေးအသံ ဖြစ်လျှင်တော့ ဖိုးကျန်ကြီးက ဦးစွာ ကြားသည်။

    "ဟဲ့ ဆေးရိုး နွားစာစဉ်းနေရင်းက ဘယ်ရောက်သွားပြီလဲဟင်"
    အလုပ်လုပ်နေသော နေရာတွင် သူ့သား မရှိတော့သော အဖြစ်။
    "အမယ်ကြီး၊ ညည့်သား ဘယ်ရောက်သွားတုံး။ ဒီမှာလည်း ထွန်သွားတွေ "သ"ရက် တန်းလန်း မိထွေးလေးအသံကြားရာသို့ ထပြေးသော ဆေးရိုးအကြောင်း။
    သည်အဖြစ်သနစ်တွေ ထပ်ပြန်တလဲလဲ ဖြစ်လာတော့ မိထွေးလေအသံကို ဖိုးကျန်ကြီးက ဦးစွာ ကြားရတော့သည်မှာ မဆန်း။ ကြားသည်နှင့် ခေါင်းထောင်ကြည့်ပါက သူ့သား ပျောက်သွား ပြီ။ ကိုယ်ကြိုက်သူ နောက်ကောက်ကောက်ပါအောင်လိုက်ခြင်းကို ဖိုးကျန်ကြီး နားလည်စေကာမူ အလုပ်ကို ပစ်ပစ် သွားတာ သဘောမကျ။

    သည်နှယ် သဘောမကျတာတွေ စုစုပြီး တေးတေးထားရာ ဆေးရိုးတို့ လယ်ကောက်စိုက် ရန် ၂ရက်အလိုတွင် စိုက်ခင်းအသင့်ဖြစ်ရန် အပြေးအလွှားလုပ်ကိုင်နေရခိုက် လယ်တစ်ပွဲကျော် တွင် မိထွေးလေးပါသော ကောက်စိုက်သမ "စည်း" ကျသောနေ့ကို ဆုံလေ၏။ မိထွေးလေး၏အသံ သဲ့ခနဲကြားသည်နှင့် ထွန်ကိုင်းတွင် ကန်ကြိုးနှင့် နတံ ကလန့်ပြီး နွားနှစ်ကောင်ကို တမန်းပြင်ထဲ ပစ်ထား ခဲ့ကာ အသံကြားရာသို့ ဆေးရိုး ပြေးလေ၏။

    မိထွေးလေးသည် ဆေးရိုးကို သတိမထား။ အများ၏ရှေ့မှာ ကျန်မနေခဲ့စေရန် အပြေး အလွှား စိုက်နေ ရသည်။ ဆေးရိုးကတော့ ကန်သင်းပေါ်က ဟေးလားဝါးလား။ သစ်ပင်ရိပ်ရောက် သွားကာ အသံပေးလိုက်၊ စည်းထိပ် လာပြီး ဖိုသံပေးလိုက်နှင့်။ ဓားမကိုဆွဲကာ မြောင်းပေါင်ထိပ်မှာ ဖခင် ဖိုးကျန်ကြီး လာရပ်သော် ဆေးရိုး ပြေးပေါက်မှားပြီ။
    "ဟင် သပေါက်မသား လာခဲ့၊ ဒီလိုပဲ အလုပ်ကို ပစ်ပစ်သွားတာ ဘယ်နှခါရှိပြီလဲ"

    အဖေ့ဒေါသကို ဆေးရိုး သိသည်။ မတော်တဆ ဓားနှင့် ခုတ်မှဖြင့်။ သို့ကြောင့် အခြား ကန်သင်းအတိုင်း လယ်ထဲသို့ပြန်အပြေး၊ အဘိုးကြီး ငါနှင့်ကိုင်တုတ်ကာ ဓားမတို့ဖြင့် လှမ်းပစ်ရာ ကျောကိုမှန်ပြီး ဆေးရိုး ပုံလျက် သား လဲကျသွားလေ၏။ သည်မျှဖြင့် ဖိုးကျန်ကြီး ဒေါသမငြိမ်း။ "ကနေ့တော့ နင့်ကို ငါသတ်မှပဲ" အော်ပြီး ပြေးသွားရာ လယ်နီးပါးချင်းများ ပြေးလာကာ ဆွဲထားကြ ရသည်။
    ဆေးရိုးဘာကြောင့် ယင်းသို့ ဖြစ်ရသနည်း။ လယ်နီးချင်းများလည်း သိသည်။ ကောက်စိုက် စည်း တစ် စည်းလုံး လည်း သိသည်။

    သည်တော့ မိထွေးလေးကို မျက်လုံးတွေက ၀ိုင်းကြည့်ကြ၏။ မိထွေးလေး ရှက်သည်။ မိထွေးလေ၏ အရှက်သည် ဆေးရိုးအပေါ်သို့ အမျက်အဖြစ် ပုံကျလေ၏။ တစိုက်ငိုက်ငိုက် သူ့ နောက်လိုက်သည်ကို မထောက်ထားဘဲ မိမိကို မထွေးလေး အမျက်သိုပြီဆိုသောခါ ဆေးရိုး ရပ်တည်ရာ မရခဲ့။ ကြိုက်စရာလား၊ မုန်းစရာ လား မစဉ်းစားအား။ လုပ်မိလုပ်ရာ လုပ်မိတော့သည်။
    ရွာလယ်ဝတ်ကျောင်း (ဓမ္မာရုံ)၌ အားလပ်သောရာသီတွင် ၀တ်တက်သော အလေ့ရှိရာ အဘိုးကြီး၊ အဘွားကြီး များနှင့် မိန်းမပျိုကလေးများ ပါဝင်၏။

    မိထွေးလေးသည် ရုပ်လှသလောက် စိတ်လှသည်လား မဆိုနိုင်။ ပရိတ်ရွတ် ၀တ်တက် သော မိန်းမပျိုများထဲ၌ ပါဝင်သည်။ လက်ဝါးတံဆိပ် ပုဏ္ဏားဆီ မီးရောင်အောက်ဝယ် ကြည်နူး သန့်စင်သော မျက်နှာဖြင့် ပရိတ်ရွတ်နေသော မိထွေးလေးကို မှောင်ရိပ်မှ တစိမ့်စိမ့်ကြည့်ရင်း ဆေးရိုးစိတ်မှာ အူချာ ပေါက်ပြီ။
    သူသည် မိထွေးလေးထိုင်နေသော နေရာကိုမှန်းကာ ၀တ်ကျောင်းအောက် ၀င်သည်။ မိထွေးလေး၏ ဖင်ကို ဘော်လီချိတ်ဖြင့် ထိုးသည်။ မိထွေးလေးခမျာမှာတော့ ကြမ်းပိုးကိုက်သည်ပဲ ထင်ရှာ၏။

    မိမိသည် မိထွေးလေးကို အမျန်ပင် ထိုးမိပါလေစဟု ဆေးရိုး သံသယ၀င်သောအခါ ကိုကျောက်လုံး ဆေးလိပ် (ပြည်မြို့မှလာသော တိုက်တံဆိပ် ဆေးပြင်းလိပ်) ကို မီးညှိသည်။ ဆေးလိပ်မီးထဲတွင် ချိတ်အဖျား နီရဲ လာသည့်တိုင်အောင် ထည့်ထားပြီးမှ ထိုးလေးရာ မိထွေးလေး ၏ အင်္ကျီ၊ လုံချည်တွေ မည်းမည်း အပေါက်ကလေးတွေ ပြည့်နှက်နေလေတော့၏။ ယင်းသို့ ပြုသည့်အတွက် မိထွေးလေးက သူ့ကို ကြိုက်လာ ပါသလော။

    "ကနေ့ကလေးတွေ ၀ါစာကမာနဲ့ ဟေးလားဝါးလား လုပ်နေကြသလို မင်းလည်း လုပ်ခဲ့ တာပါပဲကွာ။ အေး မင်းကိုတော့ မင်းအဖေက ဓားနဲ့ လှမ်းပစ်တယ်။  ဒီကလေးတွေကိုတော့ သူတို့ မိဘက ပစ်ထားသလားကွ။ ဒါတော့ ကွာသပေါ့လေ"
    "အေးကွ၊ ဟင်းဟင်း မိထွေးလေးကို ချိတ်နဲ့သာ ထိုးရတယ်။ ငါ့ကိုလည်း မကြိုက်ဘူးကွ။ ဟား ဟား ဟား"
    ဦးဆေးရိုးသည် မည်းကြုတ်သော သွားလက်ကျန်ကလေးများပေါ်အောင် ရယ်မောလေသည်။ ရင့်ရော် သော ဘ၀၌ ပျိုမျစ်စဉ်ကာလကို သတိရသည်မှာ ငယ်ဆေးပေပဲ။
    "တော့်အသံကို ရွာပြင်ကတောင် ကြားရတယ်လား"

    ဦးပိတ်စ၏ဇနီး ဒေါ်ငွေခင် ဟင်းရွက်တစ်ထွေးကို လက်တစ်ဖက် ဆုပ်၍ လက်တစ်ဖက်က သစ်သားချိတ် နှင့် ထင်းခြောက်သုံးလေးချောင်းကိုကိုင်လျက် လှေကားရင်းသို့ရောက်လာရာ
    "အေးဟာ နင်တို့ လယ်စည်းချမယ့်နေ့ လာမေးတာ၊ အဲဒါ ဘုတ်အုပ်ရှာမတွေ့လို့တဲ့ဟ"
    "ကြီးကျယ်လိုက်တာတော်၊ ဖိန်းနွှဲခါတော်ရေ့ ဖိန်းနွှဲခါ။ ကိုပိတ်စက ဒါလေးမှ မမှတ်မိ ဘူးလား"
    "သေချာအောင်လို့ပါဟာ၊ နင် ကိုင်သလား၊ ဘယ်မှာထားသလဲ ပြောစမ်းဟာ"
    "ထရံကြားမှာတော်၊ ရှင်ဥပဂုတ်ကားနား ၀ါးခြမ်းပြားနဲ့  ညှပ်ထားတာ။ မြွေဆိုရင် ကိုက်ပြီ"

    ဒေါ်ငွေခင်သည် အိမ်ရှေ့က မတက်ဘဲ နောက်ဖေးဘက်သို့ လှည့်ဝင်သွား၏။ ဦးပိတ်စ သည် ဗလာစာအုပ်ထဲက ရက်စွဲကို သေချာစွာ ကြည့်သည်။
    "ဟုတ်တယ်ဟေ့ ဖိန်းနွှဲခါပဲ၊ မီပါသကွာ၊ စက်ဝင်ထားတဲ့ဟာကပဲ"
    "မီတာက မီပါတယ်၊ ကျွေးဖို့ မွေးဖို့ ဧည့်ခံဖို့ ကြိုတင်ပြင်ဆင်ချင်လို့ပါ။ အင်း လလသသက ဖွဲ့ပေးတဲ့ သမ၀ါယမ စည်းဆိုတော့ ညစ်တာတို့၊ လက်ကွက်ဖြဲချတာတို့ ကင်းတန်ကောင်းပါရဲ့"
    "ကြားရသား အလိုကတော့ ကောင်းတယ်လို့ ပြောကြတာပဲကွ"

    "သည်လိုဆိုရင် စေတနာနဲ့ ကျွေးရမွေးရ ဧည့်ခရမှာပေါ့ကွာ"
    ဦးဆေးရိုး ထရပ်လိုက်စဉ် မြင့်သောင်း ဆံပင်ညှပ်ဆိုင်ဆီမှ ၀ါးဟားဟားအသံ ကြားရ၏။ ဦးဆေးရိုး တစ်ချက် မျက်မှောက်ကြုတ်ကာ ကြည့်မိပြီ တဖြည်းဖြည်း ပြုံးယောင်သမ်းလာချေသည်။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.

2 comments:

ကိုဇော် said...

ဖတ်သွားတယ် အမရေ. .
အချိန်က မရှိတော့ ရေးတင်ပေးတဲ့ သူက တင်ပေးတာတောင်မှ လူက နိုင်အောင် မဖတ်နိုင်တော့ဘူး။

( လူပြိုကြီးလို့ ခေါ်နဲ့ဂျာ။ ၄၀ မှ ဘဝစတာဆို အထုက ကလေးလေးပဲ ချိပါသေးသဗျ :P )

ahphyulay said...

ဟုတ်တယ် အပေါ်က ကိုဇော် ပြော တော့  အတိုင်းပဲ။
အောက် ဆုံး စာပိုဒ် ရောက်မှ ရေ ကို မနဲ မျို ချ ရ တယ်။
အင်း... အဲ့ ဒီ အသိုင်း အဝိုင်း လေး ထဲ တကယ် ရောက်
ခဲ့  ကျင်လည် ခဲ့  ရရင် သိပ် ကြည်နူး စရာ ကောင်း မှာ။
ရှေးလူ ကြီး တွေ က သိပ် ချစ်ဖို့  ခင် ဖို့  ကောင်း
သလောက် အခု လူ တွေ ... မပြော တော့  ပါဘူး။
ကျွန်တော် ပြော ထား တဲ့  ဟာ လေး လဲ ရေး ပေး အုံး။
“မပြီး တော့ လဲ မပြီး သေး ပါ ” ကို ပြန်သွား တဲ့ 
အမ သတိရ လို့  ရေး ထား တယ်ဗျ။