Sunday, June 13, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၂၂) ဇာတ်သိမ်း

အခန်း (၂၂) ဇာတ်သိမ်း

ဤအဖြစ်နှင့် ကြုံခဲ့ရပြီးသည့်နောက် ခုနှစ်လအကြာ ဆောင်းရာသီ၏ အေးမြသော တညနေခင်း တွင် ဖြစ်သည်။ စတော့ဟုမ်းမြို့မှ ထွက်လာခဲ့ပြီး နော်လစ်ဂျာဖို့ဒ်မြို့ကို ဖြတ်သန်းလာခဲ့သော မီး သင်္ဘောကြီး တစီးသည် သာယာစူးရှသော ဥသြသံနှစ်ချက်ကို ဆက်တိုက်ပေးလိုက်ပြီး ဆွီဒင်နိုင်ငံ ၏ ဆိပ်ကမ်း မြို့တမြို့ ဖြစ်သော ဟေးလ်ဗာရှိုးဆိပ်ကမ်းဆီသို့ ချဉ်းကပ်လျက် ရှိလေ၏။

ဥသြသံနှင့် မရှေးမနှောင်းမှာပင် ခရီးသည်အစုကို တင်ဆောင်ထားသော လှေတစီးသည် သင်္ဘောဆီမှ ထွက် ခွာလာသည်။ ထိုလှေပေါ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်အသစ်ပါလာသည်။ ကောင် စစ်ဝန် သည် သူလာမည့်အကြောင်း ကြိုတင်၍အကြောင်းကြားထားခြင်း မရှိခဲ့သဖြင့် သူ့ရုံးမှ လာ ရောက်ကြိုဆိုမည့်သူ တဦးတယောက်မှ မရှိခဲ့ပေ။ သို့သော်လည်း သူ့ကိုယ်သူ ဆိပ်ကမ်းအရာရှိ ဖြစ်ပါသည် ဟု ပြောဆိုမိတ်ဆက်ခဲ့သော မစ္စတာ အန်ဒါဆင်သည် အရပ်ပုပု၊ မုတ်ဆိတ်မွေးရှည် ရှည်နှင့် အပြာရောင် ကုတ်အင်္ကျီ ၀တ်ထားသည်။ သူသည် နှစ်လိုဖွယ်ကောင်းသော အပြုံးဖြင့် ကောင်စစ်ဝန်အား ဆီးကြို သည်။ မစ္စတာ ဘရန်းဒီးအမည်ရှိ ကောင်စစ်ဝန်နှင့် သူ့သားတို့ ရောက် လာကြမည်ဖြစ်၍ ကြိုဆို နှုတ်ဆက်ပြီး လိုအပ်သော အကူအညီ ပေးလိုက်ပါဟု သူ၏သင်္ဘော ကုမ္ပဏီမှ ကြိုတင် အကြောင်း ကြားထားသဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်း ဖြစ်ပါသည်ဟု မစ္စတာအန်ဒါဆင်က ပြောပြလေသည်။

    မြို့သည် ဖြူဖွေးသော ဆီးနှင်းခဲများ အောက်တွင် နစ်မြုပ်လျက်ရှိ၏။ မိုးကောင်းကင်သည် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည့် ကြယ်ပေါင်းစုံ၏ အလင်းရောင်ဖြင့် ၀င်းသက် တောက်ပ နေပေသည်။ ဆိပ်ကမ်းအကောက်ခွန်ရုံးဘက်ဆီသို့ အဆက်မပြတ် တိုက်ခတ်လာနေ သော မြောက်လေ သည် စူးစူးရှရှ အေးမြလှပေသည်။ ခင်ခင်မင်မင်နှင့် ဖော်ဖော်ရွေရွေပြောဆို ဆက်ဆံတတ်ပုံရသော အန်ဒါဆင် က ညစာကိုသူ့အိမ်၌ စားရန် ဖိတ်မန္တကပြုသည်။ သို့သော် လည်း ကောင်စစ်ဝန်က ညစာကို သင်္ဘော ပေါ်မှာပင် စားသောက်ခဲ့ပြီးခဲ့ပြီဖြစ်၍ တကြောင်း၊ မကြာ သေးမီကမှ ကျန်းမာလာသော သူ့သား ခရီးပန်း နေပြီဖြစ်၍ စောစောစီးစီး နားလိုခြင်းကြောင့် တကြောင်း သူတို့နေထိုင်ရမည့် အိမ်ကိုသာ လိုက်ပို့ ပေးရန် မေတ္တာရပ်ခံသည်။

    မစ္စတာအန်ဒါဆင်က ချက်ချင်းပင် သူတို့သားအဖအား လိုက်ပို့ပေးသည်။ သူတို့အိမ်မှာ သင်္ဘောကျင်းနှင့် များစွာမဝေးလှပေ။ နေချင့်စဖွယ် ကောင်းအောင် သပ်ရပ်လှပသည့် အဆောက် အအုံ ကလေး ဖြစ်သည်။ မတ်စောက်သော ခေါင်မိုးနှင့် ခေါင်မိုးတွင်ဖောက်၍ တပ်ဆင်ထားသော ပြတင်းပေါက် မှာ သူတို့မျက်စိတွင် အထူးအဆန်း ဖြစ်နေသည်။ သို့သော်လည်း အဆောက်အအုံ မှာ အလွန် ခိုင်မာ တောင့်တင်း သည့်ပုံ ပေါက်နေသည်။

အိမ်၏အနောက်ဘက် အမြင့်ပေါ်တွင် ရုံး အမှုထမ်း နေအိမ်များရှိသည်။ ကောင်စစ်ဝန်ရုံးကတော့ အောက်ဘက် အနိမ့်ထဲတွင်ဖြစ်သည်။ ကောင်စစ်ဝန်ရုံးနှင့် ကောင်စစ်ဝန်၏ နေအိမ်သည် တဆက်တည်း လိုပင် ဖြစ်သည်။ သူ့အိမ်တံခါးမှ ထွက်လျှင် ခြေလှမ်းအနည်းငယ်မျှနှင့် ရုံးသို့ ရောက်နိုင်ပေသည်။ ကောင်စစ်ဝန် တို့အတွက် ဤ တည လိုအပ်သမျှ ကူညီလုပ်ကိုင်ပေးနိုင်ရန် သူ့မိန်းမကို ပြန်ခေါ်ဦးမှ ဖြစ်မည် ဟု အန်ဒါဆင်က ဆို သည်။ နွားနို့ပူပူ တယောက်တခွက် သောက်နိုင်ဖို့။ ပြီးတော့ သူ့မိန်းမတွင် အပိုဆောင်ထားသည့် ပင်လယ်ဝမ်းဘဲမွေးနှင့် ရက်လုပ်ထားသော စောင်နှစ်ထည်ယူဖို့လိုသည်ဟု အန်ဒါဆင်က ပြော သည်။ သို့သော်လည်း ကောင်စစ်ဝန်က ငြင်းသည်။

    သူသည် ခရီးပန်းလာသည့် ကြားမှာပင် သူနေရမည့်အိမ်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာ သည်။ အိမ်ကတော့ သန့်ရှင်းသည်။ နေလို့ထိုင်လို့ဖြစ်အောင် ကျယ်ကျယ်ဝန်းဝန်း ရှိသည်ဟု ဆုံး ဖြတ်ထားသည်။ အိပ်ရာများမှာလည်း အသင့်ခင်းကျင်းပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့ သားအဖ မှာ အခုလို မကြာခဏ ပြောင်းရွေ့ခဲ့ရဖူးသူများဖြစ်၍ အတွေ့အကြုံ များလှပါပြီဟု ကောင်စစ်ဝန်က ဆိပ်ကမ်းအရာရှိအား ပြောသည်။ မနက်ဖြန်မနက်ကျလျှင် ဆွီဒင်လူမျိုးများ စားသောက်လေ့ရှိ သည့် နံနက်စာ ကိုတော့ သူက ကျွေးပါရစေဟု အန်ဒါဆင်က ထပ်ပြောပြန်သည်။ ကောင်စစ်ဝန်က လက်ခံကာ ကျေးဇူးတင် စကားဆိုသည်။ ထို့နောက် မနက်စောစော သူကိုယ်တိုင် လာခေါ်ပါမည် ဟုပြောကာ ပြန်သွား လေ၏။

    ကောင်စစ်ဝန်သည် ပြောင်လက်တောက်ပနေသော လှေကားလက်ရန်းကိုကိုင်၍ အိမ် အပေါ်ထပ်သို့ တက်ခဲ့သည်။ ထိုအခါကျမှပင် သူ၏ ပင်ပန်းနွမ်းနယ်မှုကို သတိထားမိ၏။ သူ့အ ခြေအနေမှာ ယခင် ကနှင့် မတူ။ ကုန်လွန်ခဲ့ပြီးသော လ အနည်းငယ်မျှ အတွင်းတွင် သိသိသာသာ ကြီး ပြောင်းလဲလာခဲ့သည်ဟု သူထင်သည်။ အနည်းငယ် လှုပ်ရှားသွားလာရုံမျှဖြင့် မောလွယ်ပန်း လွယ်သည်။ ရုပ်ရည်ကလည်း အလွန် အိုစာ ကျလာသည်ဟု သူ့ကိုယ်သူ ထင်မိ၏။ သူ့ပခုံးများ သည်ပင်လျှင် ယခင်ကလို သန်သန်မာမာ တောင့်တောင့် ရောင့်ရောင့်မရှိ။ အောက်သို့ လျှောကျ နေသည်ဟုထင်၏။ သူ့ဆံပင်မှာလည်း ဖြူရောင် သမ်းကာ မွဲခြောက်ခြောက်ဖြစ်စ ပြုနေပေပြီ။ ယနေ့ညဆိုလျှင် သူ့အဖြစ်မှာ ပို၍ သိသာနေသည်။ ကိုယ်ကာယ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့ မျက်လုံးများသည် ကြည်လင်တောက်ပခြင်း ကင်းမဲ့လျက်ရှိ၏။ သူ့မျက်လုံး များထဲ၌ အမြဲတစေ တွေ့မြင်ရတတ်သော မာန်မာန အရိပ်အငွေ့များသည်ပင်လျှင် ကွယ်ပျောက် လျက်ရှိ၏။ သောက ဖိစီးခြင်းကို ခံခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များကတော့ သူ့မျက်နှာတွင် အထင် အရှားပေါ်လွင်လျက် ရှိပေသည်။

    မည်သို့ပင်ဖြစ်စေ နေရာသစ်သို့ ပြောင်းရွေ့လာခဲ့ရခြင်းသည် သူ့အတွက် သက်သာရာ ရခြင်းတမျိုးပင် ဖြစ်ပေသည်။ တချိန်သောအခါက သူမုန်းတီး ရွံရှာခဲ့ဖူးသည့် ဘေလီသည် သူ့နေ ရာတွင် အေလ်ဗင် ဘာတန်အား ရာထူးတိုးမြင့်ခန့်ထားပြီး သူ့အား ဆန်ဂျော်ဂျီမှ အမြန်ဆုံး ပြောင်း ရွေ့ ပေးသင့်ကြောင်း ထောက်ခံခဲ့သည်မှာ သံသယဖြစ်စရာ မလိုပေ။ အမှန်တော့လည်း ဆန်ဂျော် ဂျီ မြို့သူမြို့သား များသည် ဂျိုစီ ကိစ္စနှင့်ပတ်သက်၍ သူ့အပေါ် မကျေမနပ် ဖြစ်ခဲ့ကြသည်။ သူ့အား မနှစ်မြို့ခြင်း ကိုလည်း အထင် အရှား ပင် ဖော်ပြခဲ့ကြသည်။
    သူ့သားငယ် နီကိုလတ်စ်မှာလည်း ကြုံခဲ့ရသည့်အဖြစ်ကြောင့် ကိုယ်ရောစိတ်ပါ ထိခိုက်ခဲ့ ရ၏။ အမြဲတစေ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့် သူ့အနေဖြင့် ထူထူထောင်ထောင် ဖြစ်လာ ခဲ့သော်လည်း စိတ်ကတော့ နာလန်မထူခဲ့ပေ။ ပျော်ရွှင်သာယာခြင်း ကင်းမဲ့ကာ တမှိုင်မှိုင် တတွေ တွေဖြင့် အချိန် ကုန်နေသည်က များ၏။ အလွန် စိတ်ထိခိုက်ဖွယ်ကောင်းလှသော ဖြစ်ရပ်သည် သူ့ ခေါင်းထဲမှ ထွက်ဟန်မတူ။

ဤပတ်ဝန်းကျင်တွင် နေသမျှကာလပတ်လုံး အတိတ်က ဖြစ်ရပ်များကို နေ့စဉ်နေ့တိုင်း သတိရ နေမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း ဆန်ဂျော်ဂျီမှ ပြောင်းရွေ့လာခဲ့ရ ခြင်းအတွက် သူ ၀မ်းသာခဲ့ရ၏။ ကမ္ဘာ့မြောက်ဖျားမှ ဆီးနှင်းခဲများ ကျဆင်းရာ ဤဒေသသည် သူ့ အတွက်ရော နီကိုလတ်စ်အတွက်ပါ များစွာ အဆင်ပြေလာလိမ့်မည်ဟု မျှော်လင့်ရသည်။ နောက် ဆုံးတနေ့ သူ့အတွက် အဆင်မပြေဦးတော့။ အနည်းဆုံး သူ့သား နီကိုလတ်စ်အတွက် အပြောင်း အလဲဖြစ်ကာ အဆင်ပြေသွားနိုင်မည်ဆိုလျှင်ပင် သူ ကျေနပ်နိုင် မည်ဖြစ်၏။ သူ့အတွက်ကတော့ အဆင်မပြေ၍လည်း ဘာမှ ထိခိုက်နစ်နာစရာအကြောင်း မရှိတော့ ဟု အခိုင်အမာ ယုံကြည်ထားပြီး ဖြစ်လေသည်။

    သူသည် ဖြစ်ပေါ်လာခဲ့သမျှ ဒုက္ခ သုက္ခများကို တည်တည်ငြိမ်ငြိမ်နှင့်ပင် ရင်ဆိုင်ခဲ့၏။ ကံ ကြမ္မာ၏ ပြင်းထန်သော ရိုက်ပုတ်ချက်များကိုလည်း ရဲရဲဝံ့ဝံ့ပင် ခုခံတွန်းလှန်ခဲ့၏။ သူ၏ အောင်မြင် ကျော်ကြားလိုစိတ်နှင့် ကြီးမြင့်လိုစိတ်များကိုလည်း ယခင်ကလို ရှေ့တန်းမတင်တော့။ သူ့သား အတွက် ဦးစားပေးရမည်ဖြစ်၍ စွန့်လွှတ်လိုက်ပြီဖြစ်သည်။

အနှစ်သာရ ကင်းမဲ့သောဘ၀တွင် စိတ် ပြေစရာများကိုသာ ရှာကြံယူခဲ့ခြင်းဖြင့် သူ့ဘ၀ကို အေးငြိမ်း သာယာအောင် ပြုပြင်ဖန်တီးခဲ့သည်။ အနှစ်နှစ်အလလက ထားခဲ့သော သူ့မာန်မာနမှာလည်း လုံးဝ ပျက်သုဉ်းမသွားသည့်တိုင်အောင် တပိုင်းစီ တစစီတော့ ဖြစ်သွားခဲ့ရလေပြီ။ ဤအပျက်အစီးများကြားမှပင် ပို၍ ကောင်းမွန်ပြီး ပို၍ မွန် မြတ်သည့် ပန်းတပွင့်သည် ပွင့်လန်းလာခဲ့ရလေပြီ။ အခု အချိန်မှစ၍ သူသည် ရသမျှ ဖြစ်သမျှနှင့် ရောင့်ရဲသွားဖို့ရန်သာ ရှိတော့၏။ သူ၏ ဘ၀နေ၀င်ချိန်ကာလတွင် လမ်းကို သာသာ ဖြည်းဖြည်း နှင့် မှန်မှန်သာလျှောက်သွားဖို့ လိုသည်ဟု ယူဆထားသည်။

    နှစ်ပေါင်းများစွာ သူကြိုးစားအားထုတ်၍ ပြုစုထားခဲ့သော မေဘရန်းချီးစာမူနှင့် ပတ်သက်၍ လည်း စိတ်ထိခိုက်ခြင်း မဖြစ်တော့ပေ။ ယုတ်မာမိုက်မဲသော အစေခံတဦး၏ ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့ရသော ထိုစာမူအကြောင်းကို စဉ်းစားမိသောအခါ နှမြောခြင်း ဖြစ်မိသော် လည်း အကြီးအကျယ် ၀မ်းနည်း ကြေကွဲခြင်းကား မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲဟူသော ခံယူချက် သည် သူ့စိတ်ကို ချမ်းသာစေခဲ့သည်မှာအမှန်။

    အပေါ်ထပ်တွင် နီကိုလတ်စ်သည် အိပ်ရာထဲရောက်နေပြီဖြစ်သည်။ သူ့မျက်လုံးများကိုပင် မှေးမှိတ်ထားပြီ ဖြစ်သည်။ ခြုံထားသည့်စောင်မှာ သူ့မေးစေ့ကို ထိလျက်ရှိ၏။ နီကိုလတ်စ်မှာ လည်း သိသိ သာသာ ပင် ပြောင်းလဲလျက်ရှိလေပြီ။ သူ့အရပ်သည် ရှည်ထွက်လာခဲ့ပြီဖြစ်သည်။ ဆန့်တန်းထားသော ခြေနှစ်ချောင်း သည် ပိန်ပါးပါး…။ ကလေးတယောက်၏ အသွင်အပြင်များ သည် မရှိသလောက်ဖြစ်နေပြီ။ သူ့မျက်နှာ သည် ကြံ့ခိုင်သောစိတ်ဓာတ်ကို ဖော်ပြလျက်ရှိ၏။ ဤ စိတ်ဓာတ်မှာ သူ့အဖေ၌မရှိသော စိတ်ဓာတ် ဟု ဆိုရမည်ဖြစ်သည်။ ကောင်စစ်ဝန်သည် သူ့သား၏ မျက်နှာကို စိမ့်စိမ့်ကြည့်ယင်း "ငါ့သားလေး ကြီးလာပါပကောလား"ဟူသော အတွေးဝင်လာသည်။ သူသည် မသိမသာကလေး သက်ပြင်း ချလိုက်မိ၏။

    မင်း အိပ်မပျော်သေးဘူးလား နီကိုလတ်စ်
    "မပျော်သေးဘူး" ဖေဖေ ဟု ဖြေလိုက်သော်လည်း မျက်လုံးများကိုတော့ မဖွင့်ပေ။
    "ဖေဖေတို့ သားအဖ နေရာသစ်တခုကို ရောက်ကြပြန်ပြီ၊ မြို့ကလေးကတော့ နေလို့ ကောင်းမယ့်ပုံပဲ၊ သား သဘောကျလိမ့်မယ်လို့ ဖေဖေထင်တယ်"
    "အနည်းဆုံး…ဥယျာဉ်တော့ မရှိဘူး မဟုတ်လား"
    "အင်း…"
    ကောင်စစ်ဝန်က စိတ်မကောင်းဖြစ်သွားသည့်နှယ် လေးလေးတွဲ့တွဲ့ အင်းလိုက်သည်။
    "ဟုတ်တယ်…၊ ဥယျာဉ်တော့မရှိဘူး"

    အချိန်အတော်ကြာမျှ ငြိမ်ဆိတ်လျက်ရှိသည်။ သူချစ်သော သားသည် သူ့ဆီသို့ပြန်မှ ရောက်ပါလေစ…၊ အခု အချိန်ထိ သူနှင့်အလှမ်းကွာဝေးသော နေရာမှပင် ရှိနေလေသလား…။ သူ့ ဘ၀တသက်တာတွင် ဘယ်တော့မှ မေ့ပျောက်၍ မရနိုင်သည့် ကြောက်စရာ့မြင်ကွင်းများသည် သူ့ စိတ်အာရုံတွင် ပြန်လည် ထင်ဟပ် လာသည်။ ထိုညက သားအဖချင်း ပြန်လည်ဆုံတွေ့ခဲ့ကြပြီးသည့် နောက် နီကိုလတ်စ်သည် သူ့အား လုံးဝအတွေ့မခံ။ အနားသို့လည်း လုံးဝအလာမခံ။ သူ့မျက်နှာ ကိုပင်မကြည့်။ သီတင်းပတ် ပေါင်းများစွာပင် သူ့သား၏ အမြင်ကို မခံဝံ့သည့်အဖြစ်…။ သူ့ကို မမြင် လိုက်နှင့်၊ မြင်လိုက်သည်နှင့် တပြိုင်နက် သူ့နှလုံးသားကို ထိခိုက်ကြေကွဲဖွယ်သော စကားတခွန်း ကို ပြောတတ်သည်။

    'ခင်ဗျားကို ကျွန်တော် သိပ်မုန်းတယ်'
    ကံမကောင်း အကြောင်းမလှသော ဂျိုစီအဖြစ်ကို သိလိုက်သည့် အချိန်မှစ၍ နီကိုလတ်စ် သည် သူနှင့် ကင်းကွာ သွားခဲ့ရ၏။ ထိုအချိန်မှစ၍ နီကိုလတ်စ်သည် စကားလည်းမပြော။ သူ့အနား ကိုလည်းမလာ။ သူ သွားပြန် လျှင်လည်း အကပ်မခံ။ နောက်ဆုံးတွင် နီကိုလတ်စ်သည် သူ့အား စကားပြန်ပြောစပြုသည်။ ပထမဆုံး စကားစပြောသည်မှာ သူ့အမေအကြောင်းဖြစ်၏။

သူ့အမေ၏ ဓာတ်ပုံကို သူ့အိပ်ရာဘေး၌ထားပေးပါဟု ပြောသည်။ ပြီးတော့ သူ့အမေ၏လိပ်စာကိ တောင်း သည်။ သူ့အမေနှင့်သူ ဘယ်တော့ တွေ့ရမလဲဟု မေးသည်။ သားအဖချင်း ဆုံမိတိုင်း သူ့အမေ အကြောင်းကိုသာ မေးလေ့ရှိသဖြင့် ဘရန်းဒီးမှာ စိတ်ထိခိုက်ကြေကွဲခြင်း ဖြစ်ခဲ့ရလေသည်။
    အခုလည်း နီကိုလတ်စ်သည် အိပ်သေးသည်မဟုတ်။ တစုံတခုကို စဉ်းစားတွေးတောနေ ဟန်ရှိသည်။ သူ ထင်သည့်တိုင်းမလွဲ။ နီကိုလတ်စ်သည် အိပ်ရာထဲမှ လူးလဲထကာ ခေါင်းအုံးပေါ် တံထောင်နှင့်ထောက်၍ ထိုင်လိုက်သည်။

    'ဖေဖေ…၊ ဒီမြို့ကျတော့ သားသား ဘယ်မှာ သွားပြီး စာသင်ရမှာလဲ'ဟု မေးသည်။
    'ဘာပြုလို့လဲ သားရဲ့၊ အလျင်တုန်းကလိုပဲ ဖေဖေကိုယ်တိုင် အိမ်မှာ သင်ပေးမှာပေါ့'
    'ကျွန်တော် အဲသလို မသင်ချင်တော့ဘူး ဖေဖေ။ ကျွန်တော် ကျောင်းနေချင်တယ်'
    ဘရန်းဒီး၏ရင်တွင် ထိတ်ကနဲဖြစ်သွားသည်။
    'မဟုတ်သေးဘူးလေ၊ သား…ရဲ့၊ ဒီလို…'

    'ကျောင်းတက်ချင်တယ်…ဖေဖေ၊ တခြားကောင်လေးတွေနဲ့ အတူတူရောပြီး စာသင်နိုင် ကစားနိုင်မယ့် နေရာ မှာပဲ ကျွန်တော်နေချင်တယ်၊ ကျွန်တော် တခြား ကောင်လေးတွေနဲ့လဲ သူငယ်ချင်း ဖြစ်ချင်တယ်'
    အတန်ကြာမျှ ငြိမ်ဆိတ်နေသည်။

    'ကောင်းပြီလေ…၊ သားသား သဘောကျသလို ဖြစ်ရမှာပေါ့၊ ဖေဖေတို့ စဉ်းစားကြတာပေါ့'
    နီကိုလတ်စ်က သူ့အဖေ၏မျက်နှာကို စူးစူးစိုက်စိုက်ကြည့်၍ အကဲခတ်သည်။
    'နောက်တခုရှိသေးတယ်…ဖေဖေ၊ ကျွန်တော်…ကျွန်တော် မေမေ့ဆီက စာတစောင်ရ တယ်'
    'ဘာ…'
    ဘရန်းဒီးက အလန့်တကြား ရေရွတ်လိုက်သည်။ နီကိုလတ်စ်ကတော့ မျက်တောင်များကို ပုတ်ခတ်… ပုတ်ခတ် လုပ်ကာ သူ့အဖေကို ကြည့်နေသည်။
    'ဖေဖေ့ကို ကျွန်တော် အသိပေးခဲ့တယ်လေ၊ ကျွန်တော် မေမေ့ဆီ စာရေးခဲ့တယ်၊ ဖေဖေ မှတ်မိတယ် မဟုတ်လား။ ကျွန်တော်…မေမေနဲ့ တွေ့ချင်တယ်…ဖေဖေ၊ ဖြစ်နိုင်ယင် အမြန်ဆုံးကို တွေ့ချင်တယ်'

    ဘရန်းဒီးမှာ အငိုက်မိသလို ဖြစ်လျက်ရှိ၏။ ရုတ်တရက် ဘယ်လိုအဖြေပေးရမှန်းမသိ။ နီကိုလတ်စ် ကလည်း သူ့ထံမှ စကားပြန်အပေးကို မစောင့်။
    'ဘာပဲဖြစ်ဖြစ်…သူဟာ ကျွန်တော့အမေပါ၊ အမေနဲ့အတူတူ နေနိုင်တဲ့ အခွင့်အရေးဟာ သားသားရဲ့ အခွင့်အရေးပါ၊ ဒီသင်္ဘောဆိပ်ကနေပြီး အမေရိကန်ကိုသွားတဲ့ သင်္ဘောတွေဟာ အများကြီးရှိနေတာပဲ၊ ကနေ့ သားသားတို့ ဒီကိုအလာ လမ်းမှာတောင် တစင်းတွေ့ခဲ့သေးတယ် လေ၊ အခုဆိုယင် သားသားလဲ ကြီးလာ ပါပြီ၊ သားသားတယောက်တည်း ခရီးသွားမယ်ဆိုလဲ ဖြစ် နေပြီပဲ'

    ကောင်စစ်ဝန်၏ရင်ထဲတွင် ယခင်ကပေါ်လေ့ပေါ်ထရှိသော ဒေါသသည် အစိုင်အခဲနှင့် ပေါ်လာ လျက်ရှိ၏။ သို့သော်လည်း ယခင်ကလို အပြင်သို့ ထွက်လာခြင်းမရှိ။ ချက်ချင်းပင် ပြေ ပျောက်သွား သည်။ ကြေကွဲသောစိတ်ဖြင့် သူ့ဒေါသကို ထိန်းချုပ်သည်။
    'သား…ပြောနေတာက…'သူသည် ခဏမျှ တုံ့ဆိုင်းနေသေးသည်။ ပြီးမှ သူ့စကားကို ပြန် ဆက်သည်။ 'သူက သားသားကို သူနဲ့လာနေဖို့ ခေါ်သလား'
    'ခေါ်တယ်…ဖေဖေ'
    'ဘယ်လောက်ကြာကြာနေဖို့ခေါ်တာလဲ'
    နီကိုလတ်စ်က သူ့အားကြည့်၍ အကဲခတ်နေပြန်သည်။

    'ဒါကတော့ ဖေဖေအပေါ်မှာ တည်တာပဲ၊ နောက်ပြီးတော့ သားသားအပေါ်မှာလဲ တည်တာ ပေါ့၊ တခုတော့ ရှိတယ်…ဖေဖေ၊ ကျွန်တော့်အနေနဲ့ တခါတရံ အမေနဲ့လဲ တလှည့်လောက်တော့ နေသင့် တယ်လို့ ထင်တယ်၊ ဒါမှလဲ သားသားဘက်က တရားမျှတရာ ရောက်မှာပေါ့…၊ ဒါမှလဲ အားလုံးအတွက် အဆင်ပြေ မှာပေါ့'

    ဘရန်းဒီးသည် ခေါင်းငိုက်စိုက်ကျလျက် ရှိသည်။ သူ့မှာ ထွက်ပေါက် ပိတ်လျက်ရှိ၏။ သား နှင့်အမိကြား တွင် စာအသွားအလာရှိနေသည်ဟု သူ သံသယဖြစ်နေခဲ့သည်မှာ ကြာပြီ။ စာအဆက် အသွယ်လုပ်ရာမှ သားအမိ ချင်း ပြန်လည်ပေါင်းစည်းရေးဟူသော ပြဿနာ ၀င်လာလိမ့်မည်ဟု တွေးတော စိုးရိမ်မိခဲ့သည်မှာ ကြာပြီ။ အခုတော့ သူ့အတွေး အထင်သည် မှန်နေပေပြီ။ မဝေးလှ သေးသော အချိန်တချိန်က စပိန် လူငယ် တယောက်သည် သူတို့သားအဖနှစ်ယောက်၏ ဘ၀ထဲကို ကျူးကျော်ဝင်ရောက်ခဲ့၏။ အခုတဖန် တယောက် ပေါ်လာပြန်ပြီ။ တခြားလူတော့ မဟုတ်။ သူ့ဇနီး မာရီယွန်…။ သူ့အား မြှုပ်နှံထားခဲ့သည့် သင်္ချိုင်းဂူ ထဲမှ တဖန် ပြန်၍ အသက်ဝင်ပြီး ထလာသူ…။ သူ့အပေါ်၌ သူ့သားက ပေးအပ်ထားသည့် ချစ်မေတ္တာ ကို ခိုးယူဖို့ရောက်လာခြင်း…။

ဒါကိုတော့ ဘယ်နည်းနှင့်မှ အဖြစ်မခံနိုင်။ ဒါကိုတော့ သူ ခွင့်ပြု၍ မဖြစ်။ ဘယ်နည်းနှင့်မှ မဖြစ်။ ဒါ ကိုသာ သူခွင့်ပြု လိုက်လျှင် သူ၏ သာယာပျော်ရွှင်မှုဟူသမျှသည် ဆိတ်သုဉ်းရပေတော့မည်။
    'ဘယ်လိုလဲ…ဖေဖေ၊ ဖေဖေ သဘောတူတယ် မဟုတ်လား၊ သားသားသွားနိုင်အောင် ဖေဖေ စီစဉ် ပေးမယ်မဟုတ်လားဟင်'
    အဖြေမပေး။ ကောင်စစ်ဝန်၏ ဦးခေါင်းသည် ငိုက်စိုက်ကျဆဲ…။ သူသည် တွေဝေငေးမော လျက်ရှိသည်။ ထို့နောက် သူ့သားအား တချက်လှမ်းကြည့်သည်။ သူ၏ကြေကွဲမှုဝေဒနာကို မျို သိပ်ထားသည်။

    'လွန်ခဲ့တဲ့ လတွေက သားသားနဲ့ဖေဖေတို့ကြားမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့ တယ်၊ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဖေဖေ့မှာ အပြစ်ဆိုစရာ ရှိချင်လဲ ရှိခဲ့လိမ့်မယ်၊ ဒါပေမယ့် ဖေဖေကတော့ ဖေဖေ့ရဲ့ ကိုယ်ကျင့်တရားအပေါ်မှာ ယုံကြည်စိတ်ချမိတယ်၊ ဖေဖေရဲ့ကိုယ်ကျင့် တရားဟာ အပြစ် ကင်းစင် တယ်လို့ပဲ ယူဆတယ်၊ ဒါကို ဘုရားသခင်ကတော့ သိမှာပါ၊ တကယ်လို့ ဖေဖေ့မှာ အပြစ် မကင်းဘူး ဆိုယင်လဲ ဖေဖေ့လုပ်ရပ်အတွက် ၀မ်းနည်းတာ အမှန်ပါ၊ ဒါပေမယ့်… နောက်ထပ်… ကံဆိုး မိုးမှောင် ကျစေမယ့် အဖြစ်မျိုး မလုပ်မိအောင်တော့ ဖေဖေတို့ သတိထားကြရ မယ်၊ အထူးသဖြင့် ဖေဖေနဲ့ သားသား တို့နှစ်ယောက် ချစ်ခင်နေကြတာလေးကို ဖျက်ဆီးမပစ်မိ အောင် သတိထားဖို့လိုတယ်’

    နောက်တကြိမ်ပြန်၍ ငြိမ်ဆိတ်သွားသည်။ ကောင်စစ်ဝန်ကတော့ သက်ပြင်းရှည်ကြီးကို လေးလေးတွဲ့တွဲ့ ချလိုက်ကာ ထိုင်ရာမှထသည်၊ ပြီးမှ အိပ်ခန်းတံခါးဆီသို့ ဖြည်းညင်းစွာ လျှောက် သွားသည်။ တံခါးဝသို့ မရောက်မီ ၀င်လာသော အတွေးတခုကြောင့် နောက်သို့ ပြန်လှည့်လာပြီး သူ့သား၏ အိပ်ရာဘေး တွင်ရပ်သည်။
    ‘ကနေ့ည သားသားကို ဖေဖေစာဖတ်မပြရတော့ဘူးလား’

    နီကိုလတ်စ်က မျက်လွှာချလိုက်သည်။ သူ့အမူအရာက ငြင်းပယ်တော့မည်ဟန် ဖြစ်သည်။ ထို့နောက် တစုံတခု သော အတွေးကြောင့် စိတ်ပြောင်းသွားဟန် တူသည်။
    ‘တကယ်လို့ ဖေဖေ ဖတ်ပြချင်တယ်ဆိုယင် သားသား နားထောင်ပါမယ်’
    ကောင်စစ်ဝန်မျက်နှာတွင် အပြုံးရိပ်ဝင်လာသည်။ သူသည် တဘက်သောအခန်းသို့ ကူး သွားသည်။ ပြန်ဝင် လာသောအခါ သူ့လက်ထဲတွင် သားရေဖုံးစာအုပ်အီတအုပ် ပါလာသည်။ သူ သည် ချောင်းတချက် ဟန့်လိုက်လေသည်။

    ‘ဖေဖေတို့က ညငှက်ကြီးတွေအကြောင်း ရေးထားတဲ့အခန်းကို ဖတ်ကြရအောင်၊ သိပ်ပြီး စိတ်ဝင်စား စရာကောင်းတယ်…၊ ဖေဖေတို့ အခုလို အတူတူထိုင်ပြီး စာမဖတ်ရတာ ကြာပါပကော လား’
    ကောင်စစ်ဝန်သည် သူ့သား၏ ခုတင်စွန်းတွင် ၀င်ထိုင်လိုက်ပြီး မျက်မှန်ကိုပင့်တင်လိုက် ကာ စာအုပ်ကို ဖတ်သည်။

    ‘ကြက်ဆင်သည် အိမ်မွေး ကြက်ငှက် အကောင်ကြီးမျိုးဖြစ်သည်။ သူ၏ အမွေးအတောင် များသည် ဥဒေါင်းငှက်၏ အမွေးအတောင်များကဲ့သို့ပင် လှပခန့်ညားသည်။ အမေရိကတိုက်တွင် စတင် ပေါက်ဖွား သည့် ငှက်မျိုးဖြစ်၍ နောက်ပိုင်းကျမှ အခြားဒေသများသို့ ရောက်ရှိသွားခြင်းဖြစ်၏။ သဘာဝ အားဖြင့် ထူးဆန်းသော ငှက်တမျိုးဖြစ်၍…’
    ချက်ချင်းလိုလိုပင် ကောင်စစ်ဝန်သည် စာဖတ်နေရာမှ ရပ်သွားသည်။

    ခေါင်းအုံးပေါ်တွင် ခေါင်းတင်၍ အထက်သို့ စောင်းအိပ်နေသော နီကိုလတ်စ်၏မျက်လုံး များသည် သူ့အိပ်ရာဘေးရှိ စားပွဲပေါ်မှ အမျိုးသမီး၏ ဓာတ်ပုံဆီသို့ငေးစိုက်လျက်ရှိလေသည်။ သူ့ မိခင်ဟုဆိုသော ဤအမျိုးသမီး၏ ထူးခြား၍ ချစ်စရာကောင်းသော မျက်နှာ…။ သူ့ခေါင်းကို လက်နှစ်ဘက်ဖြင့် ထွေးပိုက်ကာ ရင်ခွင်တွင်းသို့သွားထားမည့် အမျိုးသမီး။

    နီကိုလတ်စ်သည် သူ ဖတ်ပြနေသည့်အကြောင်းအရာပေါ်တွင် စိတ်ဝင်စားသည့်ဟန် မပြ။ တကယ်တော့ သူ ဖတ်နေသမျှကို နားထောင်နေသည်မဟုတ်…။ လုံးဝနားထောင်ခြင်းမရှိ…။ လုံးဝ …လုံးဝ နားထောင်ခြင်း မရှိပါတကား…။

ပြီးပါပြီ
.

2 comments:

ကိုဇော် said...

သြော်. . .အမေကို ငေးနေတာကိုး။
၁၅ ရက်နေ့ကျရင် ကျနော့်အမေ မွေးနေ့ အစ်မရေ။

လသာည said...

နောင်တရ အမြင်မှန်တွေရသွားတဲ့အတွက် ဇာတ်သိမ်းကောင်းတယ်လို့ ကျေနပ်သလိုလိုဖြစ်မိတယ် ။ သားအဖကြားမေတ္တာကတော့ အချိန်နဲ့ကုရင် ပြန်ရမယ်ထင်တာပါပဲ..

အဆုံးထိ ရိုက်တင်ပေးတဲ့အတွက် အစ်မရွေစင်ကို ကျေးဇူးအများကြီး တင်ပါတယ်နော်။
လသာည ဖြစ်ပါတယ်။