အခန်း (၄ဝ) ကျော်သွားတဲ့ အတွက် အောက်မှာ ပြန်တင်ထားပေးပါတယ် ကျေးဇူးပါ AATO
အခန်း (၄၁)
အေဘယ်သည် စာအိတ်ကို ခုတင်ဘေးမှာ စာပွဲပေါ်တွင် တင်ထားလိုက်သည်။ သူသည် အိပ်ရာထ အ၀တ်အစားပင် မလဲရသေး။ ခုတလောအိပ်ရာထ အမြဲတမ်းနောက်ကျသည် များသောအားဖြင့် ၁၂နာရီ ထိုးမှ ထတတ်သည်။
ဒူးနှစ်ဖက်ပေါ် တင်ထားသော နံနက်စာ စားပွဲဗန်းကို လက်နှစ်ဖက်ဖြင့် မပြီး ကြမ်းပြင်ပေါ် ပြန်ချရန် ခါးကုန်းလိုက်သည်။ ခါးဆစ်က မာတောင့်နေသောကြောင့် ကောင်းစွာမကုန်းနိုင်။ ရုတ်တရက် လက်ထဲမှာ ဗန်းလွတ်ကျသွားသည်။ ပန်ကန်တွေ ဖရိုဖရဲဖြစ်ကုန်သည်။ သည်လိုဖြစ်တတ်သည်မှာ သည်တစ်ကြိမ်တည်း မဟုတ်တော့။ ထို့ကြောင့်လည်း သူ့အဖိုး အထူးအဆန်းဟူ၍လည်း မထင်တော့။
သူကစာအိတ်ကို ပြန်ယူလိုက်သည်။ စာအိတ်နှင့်ပူးတွဲပါလာသော စာကလေးကို ဒုတိယအကြိမ် ပြန် ဖတ်ကြ သည်။
"ရှီကာမြို့၊ လာဆယ်လီလမ်း ကွန်တီနင်တယ် ဘဏ္ဍာထိန်း ဘဏ်တိုက်မှ မန်နေဂျာ ကွယ်လွန်သူ မစ္စတာကာတစ်ဖင်တန်က သင့်လျော်သော အချိန်ကာလတွင် ပူးတွဲစာကို လူကြီးမင်းထံသို့ ပြန်လည် ပေးပို့ရန် ကျွန်ုပ်တို့အား ညွှန်ကြားခဲ့ပါသည်။ အဆိုပါစာကို လက်ခံရရှိ ကြောင်း ပူးတွဲပါစာရွက်တွင် လက်မှတ် ရေးထိုးပြီးနောက် ပူးတွဲပါ တံဆိပ်ခေါင်းကပ် စာအိတ်တွင် ထည့်၍ ကျွန်ုပ်ထံသို့ ပြန်လည် ပေးပို့ရန် မေတ္တာရပ်ခံ အပ်ပါကြောင်း'
'ဒီရှေ့နေတွေ ရှုပ်ကို ရှုပ်ပါတယ်'
အေဘယ်က ယင်းသိုက ရေရွတ်လိုက်ပြီးနောက် စာအိတ်ကို ဖွင့်လိုက်သည်။
'လေးစားစွာဖြင့်
'မစ္စတာရို့စနော့စကီး ခင်ဗျား….
'ရှေ့တွင်ဖော်ပြလတ္တံ့သော အကြောင်းများကြောင့် ဤစာကို ကျွန်ုပ်၏ ရှေ့နေများက ယနေ့အထိ သိမ်းဆည်းထားခဲ့ကြခြင်း ဖြစ်ပါသည်။
'၁၉၅၁ ခုနှစ်ကုန်တုန်းက လူကြီးမင်းသည် ကွန်တီနင်တယ်ဘဏ်နှင့် နှစ်ပေါင်းနှစ်ဆယ်ကျော် ဆက်ဆံလာခဲ့ပြီးမှ လူကြီးမင်း၏ စုငွေများကို ပြန်လည် ထုတ်ယူသွားခဲ့သောအခါ ကျွန်ုပ်အနေဖြင့် များစွာမှ စိတ်မချမ်း မသာ ဖြစ်ခဲ့ရပါသည်။ စိုးရိမ်ကြောင့်ကြ ခြင်းလည်း များစွာဖြစ်ခဲ့ရပါသည်။ ကျွန်ုပ် ၏ စိုးရိမ်မှုမှာ ကျွန်ုပ်တို့ဘဏ်၏ အရေးပါဆုံးဖောက်သည်တစ်ယောက် ဆုံးရှုံးရသည့်အတွက်ကြောင့် မဟုတ်ပါ။ လူကြီးမင်းက ကျွန်ုပ်အား မရိုးမသားသော လူတစ်ယောက်ဟူ၍ ယုံမှတ်သွားခြင်းကြောင့် ဖြစ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ ထိုအချိန်ကလူကြီးမင်း မသိခဲ့ရသော အချက်များ ရှိနေခဲ့ပါသည်။ ယင်းအချက်မှာ လူကြီးမင်း အား ကျော်ထောက်နောက်ခံ ငွေကြေးကူပံ့ပေးနေသော ပုဂ္ဂိုလ်က အချို့သောအချက် များကို လူကြီးမင်း အား လုံးဝအသိမပေးရန် ကျွန်ုပ်အား တင်းကျပ်စွာ ညွှန်ကြားခဲ့ခြင်းပင် ဖြစ်ပါသည်။
'၁၉၂၉ ခုနှစ်က လူကြီးမင်းသည် ကျွန်ုပ်ထံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးသည်ကို မှတ်မိ ပါလိမ့်ဦးမည်။ ထိုစဉ်က ရစ်ခ်ျမွန့်ကုမ္ပဏီပိုင်ဟိုတယ်များကို လူကြီးမင်းက ပြန်လည်ပိုင်ဆိုင်နိုင်ရန် မစ္စတာဒေးဗစ်လီရွိုင်း တင်ရှိနေခဲ့သော ကြွေးမြီးများကို ပေးဆပ်ဖို့အတွက် ကျွန်ုပ်ထံတွင် ငွေကြေး အကူ အညီ တောင်းခံခဲ့ပါသည်။
'ထိုအချိန်က ကျွန်ုပ်သည် နာမည်ကြီးဘဏ်တိုက်များနှင့် ဆက်သွယ်၍ အကြိမ်ကြိမ် ဆွေးနွေး ခဲ့ပါသော်လည်း ကူညီမည့်သူ မရနိုင်ခဲ့ပါ။ လူကြီးမင်းသည် အရည်အချင်းပြည့်ဝသောသူ တစ်ယောက်ဖြစ်၍ လူကြီးမင်း ၏ပြဿနာကို ကျွန်ုပ်ကိုယ်တိုင် အလွန်စိတ်ဝင်စား ခဲ့ပါသည်။ (နောင်အခါ ကျွန်ုပ်၏ ယုံကြည် ချက်မှန်ကန်ကြောင်း သိရ၍လည်း များစွာပင် ကျေနပ်ဝမ်းသာခြင်း ဖြစ်ခဲ့ရပါသည်။)
ထို့ပြင် ရစ်ခ်ျမွန့်ကုမ္ပဏီတွင် ကျွန်ုပ်၏ဖောက်သည် မစ္စအေမီလီရွိုင်းပိုင်ဆိုင်သော ရှယ်ယာ ၂၅ ရာခိုင်နှုန်း ကို ၀ယ်ယူရန် လူကြီးမင်းအား ကျွန်ုပ်အကြံပေးခဲ့စဉ်ကလည်း ထိုအချိန်က မစ္စတာလီရွိုင်း ရင်ဆိုင်နေရသော ငွေရေးကြေးရေး ပြဿနာကို ကျွန်ုပ်အနေဖြင့် လုံးဝမသိခဲ့ရိုးအမှန်ဖြစ်ကြောင်း ၀န်ခံပါသည်။
'ထိုနေ့တနင်္လာနေ့တွင် ကျွန်ုပ်ထံသို့ လူကြီးမင်းပြန်လာသောအခါ ကျွန်ုပ်မှာ ငွေကြေးကူညီမည့်သူ တစ်ယောက်မှ ရှာမတွေ့၍ အလွန်စိတ်မကောင်း ဖြစ်နေခဲ့ရပါသည်။ ထိုနေ့ကို ကောင်းစွာ မှတ်မိ ပါလိမ့်ဦးမည်။ လူကြီးမင်းရောက်မလာမီ မိနစ်၃၀အလို အကြာကလေးတွင်သာ လူကြီးမင်းလိုအပ်နေသော ငွေကို ထောက်ပံ့လိုသူ ဘဏ်လုပ်ငန်းရှင် ပုဂ္ဂိုလ်တစ်ဦးက ကျွန်ုပ်ထံသို့ တယ်လီဖုန်းဆက်၍ အကြောင်း ကြား လာပါသည်။
'ထိုပုဂ္ဂိုလ်သည်လည်း ကျွန်ုပ်ကဲ့သို့ပင် လူကြီးမင်း၏အစွမ်းအစကို လေးစားယုံကြည်သူ ဖြစ်ပါသည်။
'ထိုပုဂ္ဂိုလ်၏ အလေးအနက် တောင်းဆိုချက်တစ်ရပ်မှာ လူကြီးမင်းအား မည်သူမည်ဝါက ကူညီ ထောက်ပံ့ ကြောင်း လုံးဝလျှို့ဝှက်ထားရန် ဖြစ်ပါသည်။ ယင်းသို့လုပ်ရခြင်းမှာ သူ၏ပုဂ္ဂလိကအရေးနှင့် လုပ်ငန်း ဆိုင်ရာ အရေးတွင် ပြဿနာများ မပေါ်လာနိုင်စေရန် ကာကွယ်ထားခြင်း သဘောဖြစ်ကြောင်း သူက ရှင်းပြ ပါသည်။ သည်အကြောင်းကို ထိုစဉ်ကပင် လူကြီးမင်းအားကျွန်ုပ်ကလည်း ပြောပြလိုက်ပြီး ဖြစ်ပါသည်။
'ထိုပုဂ္ဂိုလ်က ထုတ်ချေးငွေများ ကျေသွားသောအခါ ရစ်ခ်ျမွန့်ဟိုတယ်အားလုံးကို တဖြည်းဖြည်း ၀ယ်ယူနိုင် ခွင့်ပေးခဲ့ခြင်းကိုလည်း ကျွန်ုပ်အနေဖြင့် အံ့သြမဆုံးဖြစ်ခဲ့ရပါသည်။ အမှန်ဆိုသော လူကြီးမင်း အား ငွေကြေးထောက်ပံ့သော ပုဂ္ဂိုလ်သည် လူကြီးမင်း၏ အရည်အချင်းကို အလုံးစုံယုံကြည်ထားပြီး ဖြစ်သော ကြောင့်လည်းကောင်း၊ လူကြီးမင်းအား ပုဂ္ဂိုလ်ရေးအရ လေးစား ခင်မင်သော ကြောင့် လည်းကောင်း၊ ယင်းကဲ့သို့ရက်ရောစွာ ကူညီခဲ့ခြင်း ဖြစ်ကြောင်း သိသာလှပါသည်။
'၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် ကျွန်ုပ်သည် ထိုပုဂ္ဂိုလ်နှင့်လည်းကောင်း၊ လူကြီးမင်းနှင့်လည်းကောင်း အဆက်ပြတ်သွားခဲ့ပါသည်။ သို့ရာတွင် ကျွန်ုပ်ဘဏ်လုပ်ငန်းမှ အငြိမ်းစားယူပြီးနောက် ထိုပုဂ္ဂိုလ် အကြောင်း ကို သတင်းစာတွင် ဖတ်ရှုရသောအခါ ကျွန်ုပ်သည် အလွန်တရမှ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်ပင် လူကြီးမင်းတို့နှစ်ယောက်ထက် ကျွန်ုပ်က အရင်ကွယ်လွန်းသွားလျှင် မမေ့သင့် မမေ့ အပ်သော သမိုင်းကြောင်းတစ်ရပ်ကို လူကြီးမင်းအား သိစေချင်သည့်အတွက် ဤစာကို ကျွန်ုပ် ရေးခဲ့ရခြင်း ဖြစ်ပါသည်။
'ကျွန်ုပ်အား လူကြီးမင်းက ကျေးဇူးတင်စေလိုသည့်အတွက် ဤစာကိုရေးခဲ့ရခြင်းမဟုတ်ပါ။ လူကြီးမင်း၏ ကျေးဇူးရှင်အစစ်မှာ စတီဖင်ဟိုတယ်လုပ်ငန်းပိုင်ရှင် မစ္စတာ ဒေးဗစ်မက်တွန် မဟုတ်ကြောင်း အမှန်အတိုင်း သိစေချင်၍သာ ရေးခဲ့ရခြင်း ဖြစ်ပါသည်။ စင်စစ်မစ္စတာမက်တွန်မှ လူကြီးမင်းအား အလွန်လေးစားနေသူ တစ်ဦးသာဖြစ်ပါသည်။ သို့သော် သူ့အနေဖြင့် လူကြီးမင်းအား လက်တွေ့ကူညီရန် ဘဏ်တိုက်သို့ ဘယ်တုန်းကမျှချည်းကပ်ခဲ့ခြင်း မရှိခဲ့ပါ။ လူကြီးမင်း၏ နယ်စားကုမ္ပဏီအား ပြာပုံဘ၀မှ ပြုစုပျိုးထောင် ရေလောင်းပေးခဲ့သော ပုဂ္ဂိုလ်မှာ အလွန်အမြော်အမြင်ကြီးသော၊ အလွန်ရက်ရောသော (နယူးယောက်မြို့၊ လက်စတာ ဘဏ်တိုက်၏ ဥက္ကဌကြီး) မစ္စ ၀ီလျံလိုဝယ်ကိန်းသာ ဖြစ်ပါကြောင်း ကျွန်ုပ်က အမှန်အတိုင်း ထုတ်ဖော် ၀န်ခံရပါသည်။
'အဖြစ်အမှန်အတိုင်း ထုတ်ဖော်ပြာပြသင့်ကြောင်း မစ္စတာကိန်းအား မေတ္တာရပ်ခံခဲ့ဖူးပါ သည်။ သို့သော်လည်း လက်စတာဘဏ်နှင့် လုံးဝမဆိုင်ဘဲ သူ၏ ပုဂ္ဂလိက ပိုင်ငွေကြေးကိစ္စတွင် သူ့သဘော အတိုင်း လုပ်နိုင်ကြောင်း ပြန်လည်ပြောပြပြီး လုံးဝငြင်းဆန်ခဲ့ပါသည်။ မစ္စတာကိန်းထံမှ ထုတ်ချေးငွေများကို လူကြီးမင်း က အကျေအလည်ပေးဆပ်ပြီးနောက် လူကြီးမင်း၏ ကုမ္ပဏီတွင် ဟင်နရီအော့စဘွန်းအား ဒါရိုက်တာ လူကြီးတစ်ယောက် ခန့်ထားခဲ့စဉ်ကလည်း လူကြီးမင်းအား မည်သို့မျှမပြောရန် သူက ကျွန်ုပ်အား တင်းကျပ်စွာ တားမြစ်ခဲ့ပါသည်။
'အကယ်၍ လူကြီးမင်းက မစ္စတာကိန်းထက် အလျင်စော၍ ကွယ်လွန်သွားခဲ့ပါက ဤစာကို ဖျက်ဆီးပစ်လိုက်ရန် ကျွန်ုပ်အား ညွှန်ကြားထားခဲ့ပါသည်။ ထိုအချိန်တွင် လူကြီးမင်းအနေဖြင့် သူ၏ ရက်ရောသော စေတနာဖြင့် ကူညီမစခဲ့ကြောင်းများကို လုံးဝမသိခဲ့ပါကြောင်း ရှင်းလင်းရေးသားထားသော စာတစ်စောင် ကို သူဖတ်ရလိမ့်မည်ဖြစ်ပါသည်။ 'ကျွန်ုပ်ထံမှ စာကို လူကြီးမင်းတို့နှစ်ဦးအနက် မည်သူပင် ဖတ်ရသည်ဖြစ်စေ၊ ထိုသို့ဆောင်ရွက်လိုက်ရခြင်းအတွက် ကျွန်ုပ်အနေဖြင့် ဂုဏ်ယူဝမ်းသာ၍ မဆုံးပါ။
အစဉ်လေးစားစွာဖြင့်
(ပုံ)ကာတစ်ဖင်တန်'
အေဘယ်က ခုတင်ဘေးမှ တယ်လီဖုန်းကောက်ကိုင်လိုက်သည်။ 'ကို ငါ့ဆီလွှတ်လိုက်စမ်းပါဟေ့၊ ငါအ၀တ်လဲချင်လို့'
အခန်း (၄၂) ဇာတ်သိမ်း ဆက်ရန်
.

1 comment:
နှလုံးရောဂါသမားက heart attack ၃ကြိမ်ထိပဲခံတာ..
မသေသင့်ပဲသေသွားရှာတာ...အမရယ်..
အိမ်ဖော်မလေးက လဲ ဝမ်းသာအားရပြောပေမဲ့ ရောဂါသည်ကျတော့ မခံနိုင်ဘူး...ဖြည်းဖြည်းလေး ပြောရမှာ.. အခုတော့..သူ့ခမျာ... သနားလိုက်တာ အမရာ...
မသေစေချင်ဘူး။ ကျနော်..ငိုလိုက်ရတာ.. ခုမှတိတ်တယ်..
သနားပါတယ်..အမရယ်။
MN
Post a Comment