အခန်း (၈) အယ်လစ်ဇာ၏ လွတ်မြောက်ရေး
ဟာလေသည် သူ့မျက်စိအောက်မှာပင် အယ်လစ်ဇာ လွတ်မြောက် ထွက်ပြေးသွားခြင်းအတွက် အခဲ မကျေနိုင်တော့ပေ။ ဆမ်နှင့် အင်ဒီတို့ ပြန်သွားသည်အထိ သူသည် အယ်လစ်ဇာအတွက် လက်မလျှော့လိုသေး။ ဖြစ်သည့်နည်းဖြင့် အယ်လစ်ဇာ နောက်သို့ လိုက်မည်ဟု စိတ်ကူးထား၏။ ထို့ကြောင့် စားသောက်ဆိုင် ရှိရာသို့ ပြန်ခဲ့သည်။ ထိုနေရာမှာပင် စောင့်ဆိုင်းမည်ဟုလည်း အကြံ ရှိသည်။
သူသည် ဆိုင်တွင်းရှိအခန်း၌ ထိုင်နေစဉ်မှာပင် အသံပလံများကို ကြားရသဖြင့် ပြတင်းမှ ထွက်ကြည့်လိုက်သည်။
အရက်စပွဲတွင် သူတွေ့လိုက်ရသူများကား တွမ်လော့ကာဆိုသူနှင့် မက်ဆိုသူတို့ ဖြစ်၏။ တွမ်လော့ကာ မှာ အရပ်ခြောက်ပေရှိ၍ ကိုယ်ထည် ထွားကျိုင်း၏။ လူကြမ်းကြီး တယောက်အသွင် ကို ဆောင်လေသည်။ သူနှင့် အတူ ပါလာသော မတ်မှာ ဂင်တိုတို ဖြစ်သည်။
ဟာလေသည် ထိုလူနှစ်ယောက်ဆီသို့ လာခဲ့သည်။
"အဆင်သင့်လိုက်တာဟေ့။ ဘဲ့နဲပ လော့ကာ၊ ဘယ်က ဘယ်လို ရောက်လာတာလဲကွ" ဟာလေသည် လော့ကာ အား လက်ကမ်းပေးရင်း နှုတ်ဆက်လိုက်သည်။
"အလိုလေး။ ခင်ဗျားကတော့ ဘဲ့နဲ့ ဒီရောက်နေတာလဲ"
"ဟေ့ ဒီမယ် လော့ကာ။ ငါ့အဖို့တော့ ကံမတာဘဲဟေ့။ မင်း ငါ့ကို ကူအုံးမှဘဲကွ"
"အင်း၊ ဆိုစမ်းပါအုံး"
"သူက မင်းမိတ်ဆွေထင်ပါရဲ့"
ဟာလေသည် လော့ကာဘေးက မတ်က ရည်ရွယ်၍ ပြောလိုက်သည်။
"ဟုတ်ပါ့ဗျာ။ ကျုပ် မိတ်ဆွေ ဆိုပါတော့။ နတ်ချက်မှာ ကတဲက အတူနေလာကြတဲ လူပေါ့။ မတ်တဲ့"
"တွေ့ရတာ ၀မ်းသာပါတယ်"
မတ်က သူ့လက်ကို ဟာလေအား ကမ်းပေးရင်း နှုတ်ဆက်လိုက်သည်။
သူတို့သုံးဦးစလုံးသည် မကြာခင်ပင် စပွဲတခုတွင် ၀ိုင်းမိကြလေသည်။ ထိုအခါ ဟာလေက သူ့အဖြစ်ကို ပြောပြသည်။ လော့ကာနှင့် မတ်တို့သည် ဟာလေ၏ အဖြစ်ကို ငေးစိုက်နားထောင်နေ ၏။
"ဒါဘဲ မစ္စတာဟာလေ။ ကျုပ်လဲ ဒါမျိုး ကြုံခဲ့ဘူးသဗျ။ ဒီလိုဘဲ မိန်းမတယေယာက် သူ့သားနဲ့ မခွဲနိုင်လို့တဲ့ဗျာ။ ဖြစ်ရပုံများ" မတ်က သူ့အတွေ့အကြုံကို ပြောပြသည်။
"ခုတော့ ကျုပ်မလဲ ဒီအတိုင်းဘဲဗျ။ မနှစ်ကလဲ ဒီလိုပါဘဲဗျာ။ ကောင်မတယောက် သူ့ ကလေး ရောင်းမယ် ဆိုလို့ ကလေးနဲ့အတူ တခါထဲ ရေထဲခုန်ချပစ်တာမျိုး ကျုပ်ကြုံခဲ့ရဘီ"
မတ်နှင့် ဟာလေ၏အဖြစ်ကို နားထောင်နေသော လော့ကာသည် မနှစ်မျို့သော အသွင် ဖြင့် "ခင်ဗျားတို့ နှစ်ယောက်စလုံး အလကားဘဲ။ ကျုပ် ကောင်မတွေဆို ဘယ် ဒါမျိုးရမလဲ" ၀င်ပြောလိုက်သည်။
"အင်း၊ ဆိုစမ်းပါအုံး" မတ်က စကားကို လမ်းကြောင်းပေးသည်။
"အေး။ ကျုပ်က ကောင်မတကောင်မကို ၀ယ်မိမယ်။ ဒင်းမှာလဲ ခလေးတယောက်ပါလာ မယ်ဆိုရင် ပထမဆုံး ကျုပ်ကတော့ လက်သီးစားကျွေးပစ်လိုက်တာဘဲ။ "ဟေ့၊ ငါ့ကို စကားတခွန်း မှ မပြောနဲ့နော်။ တခွန်းဆို တခွန်းမှ မပြောနဲ့။ နင့်ပါးစပ်ဟတာနဲ့ နင့်မျက်နှာ အစုတ်ပဲ မှတ်ထား" ဆိုပြီး အရင်ဆုံး ပြောပလိုက်တယ်။ ပြီးတာနဲ့ "ခုအချိန်ကစပြီး ဒီခလေးဟာ နင်နဲ့ ဘာမှ မဆိုင်ဘူး။ ငါ့အကောင့်လို့ မှတ်ထား။ ငါ့အလုပ် မှာ နင် ဘာမှ ၀င်မရှုပ်နဲ့။ ပထမဆုံး ဒီငနဲကို ငါရောင်းမယ်။ အေး နင်ဒါမျိုး မကြုံချင်ရင် နင့်အကောင် ကို မမွေးခင်ကထဲက သတ်ပစ်ခဲ့ရတယ်သိလား" လို့ ကြိမ်းပစ်လိုက်တယ်" လော့ကာက သူ၏ လုပ်နည်း လုပ်ဟန်ကို ရှင်းပြသည်။
သူတို့သည် ကျွန်အရောင်းအ၀ယ် လုပ်ငန်းအပေါ် ထားရမည့် သဘောထားများကို အတန် ကြာ ပြောဆို ကြပြီးနောက် မတ်က
"ကဲပါလေ။ ဒါတွေထားပါ။ ကျုပ်တို့ အလုပ်စရအောင်ပါ။ ကဲ၊ မစ္စတာဟာလေ။ ခင်ဗျား ဒီကောင်မကို ကျုပ် ဖမ်းပေးစေချင်တယ် မဟုတ်လား" ပြောလက်စ စကားစကို ဖြတ်လိုက်၏။
"ကောင်မလေးက အရေးမကြီးဘူး။ ကောင်မလေးက ရှယ်လဗီ့ကျွန်ဘဲ။ အရေးကြီးတာ က အဲဒီ ငမျောက် ကလေးကို ကျုပ်ဝယ်မိတာဘဲဗျ။ ကျိုပ်ကို က မိုက်ပါတယ်လေ"
"ခင်ဗျားကတော့ လူမိုက်ဘဲဟာ" လော့ကာက ကျယ်ကျယ်လောင်လောင် ပြောချလိုက် သည်။
"ဗျို့လော့ကာ။ ခင်ဗျား စွာကျယ်ကျယ် မလုပ်စမ်းနဲ့ဗျာ။ ဒီမယ် အလုပ်ကိစ္စပြောနေတဲ့ အချိန်မယ် ခင်ဗျာ့ ပါးစပ် ပိတ်ထားလိုက်စမ်း" မတ်က လော့ကာအား ခပ်တင်းတင်း ပြောလိုက် ပြီးနောက် ဟာလေ့ ဘက်လှည့်၍ "ကဲ၊ မစ္စတာဟာလေ။ ဆိုစမ်းပါအုံး။ ခင်ဗျာ့းကောင်မလေးက ဘယ်လိုဟာမျိုးလဲဆိုတာ"
"ကောင်မလေးက ချောချောဘဲ။ နီးဂရိုးသာ ဆိုတယ် အသားကလဲ ဖြူတယ်ဗျ။ နောက်ပြီး လူရည် သန့်သန့် ရယ်"
"ချောချော လူရည်သန့်သန့် ဟုတ်လားဗျ" မတ်သည် ဟာလေ့စကားတွင် အတော်ကြီး စိတ်ဝင်စား သွားကာ လော့ကာ ဘက်လှည့်၍ "ဟေ့ လော့ကာ၊ အစတော့ ကောင်းပဗျို့။ အလုပ်စ ကြမှဘဲ။ ဒို့ ဒီ ကောင်မလေး ကို လိုက်ဖမ်းမယ်။ ကောင်လေးတော့ မစ္စတာ ဟာလေ့ လက် ပေးရမှာ ပေါ့။ ကောင်မလေး တော့ ကျုပ်တို့ အောလင်းခေါ်သွားပြီး ရောင်းတာပေါ့။ ဘဲ့နဲ့ မနှိပ်လားဗျ"
လော့ကာသည် ယခုမှပင် အမဲတုံးကို မြင်သည့် ခွေးကြီး တကောင်ပမာ ပြောလက်စ စကားတွင် စိတ်ဝင်စား လာ၏။
သို့ဖြင့် လုပ်ငန်းကိစ္စ၌ လေ့လာလည်း ပါလာ၏။ သို့သော် လုပ်ငန်းကိစ္စမှာ ရုတ်တရက် အဆင် မပြေသေး ဘဲ ဖြစ်နေ၏။ ဟာလေက ကလေးကို သူ့အားပေးရမည့် အပြင် အယ်လစ်ဇာကို ရောင်းရသော ငွေပေါ် မှာလည်း ရာနှုန်းအလိုက် ခွဲဝေပေးရန် တောင်းဆို၏။ သည့်အတွက်မူ ကျွန်ဖမ်းသမားကြီး နှစ်ယောက်သည် သဘော မတူနိုင်ကြပေ။ ကလေးကို လိုက်ဖမ်းပေးရသည့် အတွက် သူတို့သည် အခကြေးငွေ ရသင့်သည်ကို ယူဆကြ၏။
ထို့ကြောင့် လိုက်လံဖမ်းဆီးပေးခ ကြိုတင်ငွေအဖြစ် ဟာလေသည် ငွေငါးဆယ်ပေးလိုက်ရ၏။ ထို့နောက် သူတို့သည် လူစုခွဲလိုက်ကြ လေသည်။
ဆမ်နှင့် အင်ဒီတို့သည် လမ်းတလျှောက်တွင် စကားတပြောပြောနှင့် ပြန်ခဲ့ကြ၏။ ဆမ် သည် သူ့ စနက်ကြောင့် ဖြစ်ပွားခဲ့သော အရေးအခင်းများအတွက် အတော်ကြီး ကျေနပ်နေသဖြင့် ဟေလာတိုက် ပြောဆိုလာခဲ့သည်။ သို့ဖြင့် သူတို့သည် ဆယ်နာရီသာသာ ဆယ်တစ်နာရီခန့်တွင် မစ္စတာရှယ်လဗီ၏အိမ်သို့ ပြန်ရောက် လာခဲ့ကြ၏။
မစ္စက်ရှယ်လဗီသည် ဆမ်တို့ ပြန်လာသည့် အသံများကို ကြားသဖြင့် ၀ရန်တာကို ထွက် လာကာ "ဆမ် တို့လား ဟေ့။ သူတို့ကော ဟင်" စိုးရိမ်တကြီး မေးလိုက်သည။
ဆမ်နှင့် မစ္စက်ရှယ်လဗီတို့ ပြောဆို နှုတ်ဆက်သံကို ကြားရသဖြင့် မစ္စတာရှယ်လဗီသည်။
"အထဲဝင်ပါလား အယ်မလီ။ အပြင်မှာ အေးလှပါတယ်။ မင်းလဲ ဒုက္ခပါဘဲလားကွယ်။ ကဲ၊ ဆမ်လဲ လာစမ်း ပါအုံးကွယ်" သူ့ဇနီး နှင့် ဆမ်တို့အား အိမ်ထဲသို့ ၀င်လာရန် လှမ်းပြောလိုက်သည်။
ဆမ်သည် အင်ဒီအား မြင်းများကို စောင်းထဲသို့ သွင်းရန် မှာကြားပြီးနောက် မစ္စက် ရှယ်လဗီနှင့်အတူ အိမ်ထဲသို့ ၀င်လာခဲ့၏။
"ကဲ ဆမ်ရေ၊ ဘာတွေဖြစ်ခဲ့ကြလဲ ပြောစမ်းပါအုံးကွာ။ အယ်လစ်ဇာ တယောက်ကော"
မစ္စတာရှယ်လဗီ၏ စကားဆုံးလျှင်ပင် ဆမ်သည် အဖြစ်အပျက်ကို ပြောပြလေသည်။ သူ့အဖို့တော့လည်း ရေခဲတုံး တွေပေါ် ဖြတ်သန်းပြေးလွှားသွားသော အယ်လစ်ဇာကို မမေ့နိုင် အောင် ရှိပုံ၏။ ထို့ကြောင့်လည်း အယ်လစ်ဇာ ရေခဲတုံးတွေပေါ်က ဖြတ်သွားပုံကို တခမ်းတနား ဖွဲ့နွဲ့ ပြောဆိုနေ၏။ မစ္စတာဟာလေ ရှေ့ မှာပင် အယ်လစ်ဇာသည် ရေထဲသို့ ခုန်ချသွားပုံ၊ ကမ်းစပ် ရေပြင်နှင့် ရေခဲတံးသည် ဆယ်ပေမျှ ကွာလှမ်းသည့်တိုင်အောင် အယ်လစ်ဇာသည် ကမ်းစပ်မှနေ၍ ရေခဲတုံးပေါ်အရောက် ခုန်လွှားသွားပုံ ရေခဲတုံး များကို ကျော်လွှားကာ တဖက်ကမ်းအရောက်တွင် လူတယောက်က ခေါ်သွားပုံ။
မစ္စက်ရှယ်လဗီသည် နားထောင်ရင်း ထိတ်လန့် တုန်လှုပ်လာသည်။ မျက်စိမျက်နှာလည်း ပျက်လာသည်။
"အင်း၊ ဖုရား မတာဘဲ။ ဒါဖြင့် သူမသေသေးဘူးပေါ့နော်။ ဒါထက် ခလေးကရောကွယ်" မစ္စက်ရှယ်လဗီက စိုးရိမ် တကြီး မေးသည်။
"ဖုရားသခင် စောင့်ရှောက်ပါလိမ့်မယ် သခင်မ။ ဒါဟာ ဖုရားသခင်ရဲ့ တာဝန်ဘဲပေါ့။ ကျုပ်တို့ တနေ့လုံး ကမောက် ကမဖြစ်တာနဲ့ အယ်လစ်ဇာကို လွတ်သွားတာပေါ့"
ဆမ့် စကားကြောင့် မစ္စတာရှယ်လဗီ ဒေါသ ဖြစ်ရသေး၏။ သို့သော ထိုဒေါသသည် ဟန်ဆောင် ဒေါသမျှ ဖြစ်သည်ကို ဆမ် ကောင်းကောင်း နားလည်ပြီး ဖြစ်လေသည်။
"ကဲ ဆမ်၊ မင်းတို့ ဒေါ်ကြီးချလိုဆီ သွားကြဟေ့။ မင်းတို့လဲ ဆာလာရောမယ်။ အင်ဒီနဲ့ မင်းကို ဒေါ်ကြီးချလို အကျအန ကျွေးပါလိမ့်မယ်ကွယ်" မစ္စက်ရှယ်လဗီက ပြောလိုက်သည်။
အခန်း (၉) ဆက်ရန်
.

1 comment:
လော့ကာ၊ ဟာလေနဲ့ မတ်တို့ ပြောတာတွေက တော်တော်ကို ရက်စက်ယုတ်မာကြတာနော်.... တော်သေးတယ်.. ခုခေတ်မှာ ငွေဝယ်ကျွန်စနစ်မရှိတော့လို့...
အယ်လစ်ဇာတို့ သားအမိအတွက် စိတ်ပူမိတယ်... ဘာတွေဆက်ဖြစ်အုန်းမလဲမသိဘူး... သနားပါတယ်နော်...
မစ္စတာနဲ့ မစ္စက်ရှယ်ဗလီတို့ ရဲ့ စိတ်ဓါတ်ကိုတော့ လေးစားမိပါတယ်...
ဒါပေမယ့် ခေါင်းစဉ်အရဆို ဦးလေးတွမ်က အဓိကနော်... နောက်ပိုင်းမှာ ဦးလေးတွမ်လဲ ဘာတွေ ဘယ်လို တွေ့ကြုံရဦးမယ်မသိ.... ဟူးးးးးးးး စိတ်တောင်ညစ်သွားတယ်... သိလဲသိချင်တယ်... ကျွန်တွေကိုလဲ သနားမိတယ်...
Post a Comment