နရာဂရာရေတံခွန်ကြီး
နယူးယောက်မှ ၂၁.၁၀.၅၂နေ့ စတင်ခရီးထွက်ခဲ့ကြရာ ဘိုစတန်မြို့သို့ ရှေးဦးစွာ ရောက် ပါသည်။ ၎င်းမြို့တွင် ၃၇က်လှည့်လည်၍ နရာဂရာ ရေတံခွန်ကြီးရှိက နရာဂရာဟော်တယ်သို့ မီးရထားနှင့် ကူးခဲ့ ပါသည်။
အင်မတန်မြင့်တဲ့ တောင်စဉ်တောင်တန်း တောင်ခပန်းကြီးတွေကို အထပ်ထပ်ကျော်ဖြတ်ခဲ့ ရပြီးနောက် အထိကရ ရေတံခွန်ကြီး၏ ကမ်းထိပ်ဖြစ်တဲ့ နရာဂရာဟော်တယ်မှာ သုံးရက်နားနေပြီ၊ ရေတံခွန်ကြီး၏ ပတ်ဝန်းကျင် တ၀ိုက် ကို နှိုက်နှိုက် ချွတ်ချွတ် တခုမကျန် လိုက်လံ ကြည့်ရှုခဲ့ပါသည်။
ဒီရေတံခွန်ကြီးဟာ အမေရိကန်ဘက်က တ၀က်၊ ကာနေဒါဘက်က တ၀က်ပိုင်၍။ နယ်န မိတ်၂ခြမ်းခွဲထားသဖြင့်၊ ကာနေဒါဘက်ကိုဘဲ ကူးပြီးကြည့်လိုက်ရသေးသည်။ ရေတံခွန်ရှုမျှော်ခင်း တွေကို လိုက်ပြတဲ့ ကားကြီးမှာ ရှစ်ယောက်စီး ပက်လက်ကားကြီး ဖြစ်ပါသည်။
တယောက်ကို ငါးဒေါ်လာပေးရသည်။ အမေရိကန်လုလင်တယောက် ကားမောင်းပို့သည်။ အတော် ရေရေမွန်မွန်ပါသည်။ ကားထဲမှာ ဗမာပြည်က၊ မမခင်တို့ရယ်၊ ပြင်သစ် က ဦးကြီး ဒေါ်ကြီး တစုံတွဲ၊ ထရပ်ဆယ် က မောင်မယ်ပျိုတစုံတွဲ။ ဆွမ်ဇာလန်က အဖွားကြီးတဦးဆိုတော့ ဒီကားထဲမှာ ယူနိုက်တက် နေရှင်း ကမ္ဘာ့လူမျိုး ပေါင်းစုံ ဖြစ်နေပါကလားလို့ အချင်းချင်းပြောပြီး ရယ်မောကြရ သေးသည်။
နရာဂရာ ရေတံခွန်ကြီးဟာ သဘာဝအလျောက်၊ သူ့အလိုလို ပေါ်ပေါက်နေသော သယံ ဇာတ၊ ကမ္ဘာ့ ထူးဆန်း အံ့ဘွယ်ရာကြီးတခုပါဘဲ။ ဘယ်အင်ဂျင်နီယာ၊ ဘယ်လောကဓါတ် ဆရာတို့မှ မဖန်တီးနိုင်ပါ။ နာရီစက္ကန့် မပြတ် အရှိန်ပြင်းစွာ ကျဆင်းနေတဲ့ ရေတွေဟာလဲ ကမ္ဘာတည်ဦးက စပြီး ကမ္ဘာပျက်တဲ့အထိ တစက် မှ လျော့ပါး ကုန်ခမ်းနိုင်မည်မဟုတ်ပါ။ ပင်လယ်တမျှကြီးကျယ်တဲ့ အိုင်ကြီးတခုမှ တခုသို့ ဆက်တိုက် စီးဆင်း နေတဲ့ ရေများဖြစ်တယ်။
ဒီအိုင်ကြီး ပတ်လည်ရှိ နယ်ကြီးတနယ်လုံးဟာ ဒီရေတွေကို လျှပ်စစ်ဓါတ်အားယူပြီး ကြီးကျယ်တဲ့ ဓါတုဗေဒ စက်ရုံ အလုပ်ရုံကြီးတွေ ဖွင့်လှစ်လုပ်ကိုင်နေကြတယ်။
ဒါကြောင့် သည်နယ်ကြီး တခုလုံးကို သည်အိုင်ကြီးကလုပ်ကျွေးနေဒါဘဲလို့ တွေးမိတယ်။
အမ်ဂျီအမ်ရုပ်ရှင်ကုမ္ပဏီမှာ
(အမ်ဂျီအမ်) ရုပ်ရှင်ကုမ္ပဏီမှာ 'နရာဂရာ' မှတဆင့်ချီကာကိုမြို့သို့ ကူးခဲ့ပါသည်။
ချီကာကိုမြို့မှာ ငါးရက်လှည့်လည်ပါသည်။ အမေရိကန်နိုင်ငံရဲ့ ဒုတိယအကြီးမားဆုံးမြို့လို့ အဆိုရှိသည်။ အိုင်ပင်လယ်ကြီး တခုကို မေးတင်ထားသည့် မြို့ကြီးဖြစ်လို့ သူကလည်း တနည်းကြီးကျယ် လှပတာပါဘဲ။
ချီကာကိုမှာ လေကြောင်းနှင့် လော့စ်အိန်ကျယ်သို့ ကူးခဲ့ပါသည်။ လော့စ်အိန်ဂျယ်မြို့ဟာ တောင်ကုန်း နဲ့ ပင်လယ်ကြားမှာ တည်ထားသည့် တောင်ပေါ်မြို့ဖြစ်လို့ အင်မတန်သာယာပါသည်။ ရာသီ ဥတုလည်း သင့်ပါသည်။ အလွန်အမင်း မအေးပါ။
လော့စ်အိန်ဂျယ်လို့ ခေါ်ရပေမဲ့ ဗားတင့်၊ ဟော်လီးစု၊ ကာလ်ဗတ်..စသည်နှင့် မြို့ကြီးတမြို့စီကို ရပ်ကွက် သဖွယ် တဆက်တည်း စုပေါင်းထားပါသည်။
မြန်မာကျောင်းသား ပညာတော်သင်များနှင့်လည်း တွေ့၍ ခင်ခင်မင်မင် ရှိကြပါသည်။ ဟောလီးဝု ရုပ်ရှင် မြို့တော် မှာ အကြီးကျယ်ဆုံးဖြစ်တဲ့ 'အမ်ဂျီအမ်' ရုပ်ရှင်ကုမ္ပဏီက မမခင်တို့ကို နေ့လည်စာ ဖိတ်ထားသည့် အတွက် စတူဒီယိုအမျိုးမျိုး ပြည့်စုံ အောင်ပုံသေဆောက်လုပ်ထားသည်။
ကားရိုက်တဲ့ ရုံကြီးတွေကလည်း မရေတွက်နိုင်သလောက်ပါဘဲ။
မမခင်တို့ကို ကြိုဆိုဧည့်ခံ၍ လိုက်လံ ပြသသူဟာလည်း တော်တော် အရေးပါ အရာရောက်သူ တဦးပေါ့။
ပုံတူဆောက်ထားသည့် လန်ဒန်မြို့၊ ဘာလင်မြို့၊ ပဲရစ်မြို့၊ တမြို့ပြီးတမြို့ ကူးကြည့်ရတာ ခြေထောက် မသယ် နိုင်အောင် ဖြစ်လာလို့ ကြာတော့ ခြံထဲမှာ ကူးသန်းသွားလာဘို့ထားသည့် ယာဉ်ရထားကလေးတွေနဲ့ စီးပြီး လိုက်ကြည့်ရတော့တယ်။
တောကြီးတောင်ကြီး ရေတံခွန်ကြီးတွေကို သဘာဝတူအောင် ဖန်တီးထားတဲ့ စတူဒီယို၊ အက်စသာ ၀ီလျှံ တို့ ရေကူးခန်းရိုက်တဲ့ မှန်ရေကန်ကြီးရှိရာရုံကြီး၊ ဒါတွေ တရုံပြီး တရုံ ကူးကြည့် ရတာလည်း တအံ့တသြ ပါဘဲ။ ဒီကနေ့ ရိုက်တဲ့ ဇာတ်ထုတ်နှစ်ထုတ်လည်း ကြည့်ခဲ့ရပါသေးတယ်။
ရောင်းဘီး(စ်) ဇာတ်ကားကို ရာဇ၀င် ဇာတ်ထုတ်ကြီးတခုအဖြစ်နဲ့ ကြီးကြီးကျယ်ကျယ်ရိုက်နေပါ တယ်။ ဒီနေ့ ရိုက်တဲ့ အခန်းကတော့ အယ်လစ်စဘက်ဘုရင်မငယ်စဉ်က အခန်းဖြစ်လို့ ၈-နှစ်သမီး အယ်လစ်ဇဘတ် မင်းသမီး ကလေး အက်လုပ်တဲ့အခန်းကို ကြည့်ခဲ့ရတယ်။
အခြားဇာတ်ထုတ်တခုကတော့ အဆိုအတီး ဇာတ်ထုပ်ဖြစ်လို့ လူရွယ်သုံးယောက် စန္ဒယားတီးရင်း ဆိုရင်း မြောက်ခုန် သလို ခုန်နေကြတာကို ရီတာဆက်လုပ်နေတုန်းဘဲ။
လိုက်ပြတဲ့ တာဝန်ခံဟာ ပြလဲ့ပြ၊ ပြောလဲပြော၊ ဗမာ လူမျိုးရဲ့ အကြောင်းတွေလည်းမေး၊ နောက် ပြိုင် လိုက်တော့ သူမေးတာတွေက ပိုများလာတယ်။ နောက် ဗမာပြည်က သူတို့ ဇာတ်ကားများကို ဘယ်လို ကားမျိုး ကြိုက်မကြိုက် မေးတယ်...။ ကြိုက်တာတော့ ကောင်းရင်ကြိုက်မှာဘဲ...။ မကြိုက်တဲ့ အချက် ကလေး တွေကတော့ ဗမာပြည်အကြောင်း စုံစုံလင်လင် မသိဘဲနဲ့ အရမ်းမရိုက် ဘို့။ ဗမာဆိုပြီး ကုလားတွေ ပါလာတာမျိုး နောက်တခု ဗမာရုပ်ပွား ဆင်းတုတော်များကို လှေခါး ခုံနားနိမ့်ကျတဲ့ နေရာနားမှာ တင်ထား တာ မကြာခဏ ပါလာတတ်တယ်။
ကျွန်မ ကိုယ်တိုင် ရုပ်ရှင်ဆင်ဆာလူကြီးအဖြစ် ၃-နှစ်လောက် လုပ်ခဲ့ရစဉ်က ဒါတွေကို မကြာခဏ ဖြတ်တောက် ပစ်ရတယ်။ ရှင်တို့ကတော့ တမင်လုပ်တာမဟုတ်ဘူး။ အလှအပထားတဲ့သဘော ဒါပေမဲ့ ဗုဒ္ဒ ဘာသာ များမှာတော့ မခံမရပ်နိုင်အောင် ဖြစ်တတ်တယ်။ အဲဒါ တခုသတိထားရင် ကောင်းမှာဘဲလို့ ပြောတော့ သူတို့က သိပ်ကျေးဇူးတင်တယ်။
သူတို့ ဒီလိုမသိလို့ပါတဲ့။ ဘယ်ဟာ ဗမာဘုရားဆင်းတုရုပ်ဆိုတာကို သူတို့မသိလို့ ပြခဲ့ပါအုံး။ နောက်ကို သတိထား ရအောင်လို့ ဆိုပြီး စတိုခန်းကြီးတခုထဲခေါ်သွားပြန်တယ်။ ရုတ်တရက်ဆိုတော့... တကယ့် ရှေးဟောင်း ပစ္စည်းတွေ စုဆောင်းထားတဲ့ မြူစီယန်ပြတိုက်ကြီး အတိုင်းပါဘဲ။
ကမ္ဘာအရပ်ရပ် လူမျိုးအသီးသီးရဲ့ ရှေးဟောင်းပစ္စည်းရုပ်ထု ရုပ်လုံးတွေချည်း သိုလှောင်ထားတဲ့ မှန်ဘီရိုကြီး တွေ အဲဒီအထဲမှာ အရှေ့ဘက်နိုင်ငံများနဲ့ ဆိုင်တဲ့ ဘီရိုအဆင့်ဆင့်ကြီးတခုနားရောက် တော့ အဲဒီအရုပ် တွေထဲမှာ ကြည့်ပေးပါဆိုလို့ ကြည့်လိုက်တော့။ ဗုဒ္ဓဘာသာတိဘက်ဘုရား။ ဗုဒ္ဓ ဘာသာဂျပန်ဘုရား...။ ဗုဒ္ဓ ဘာသာ တရုပ်ဘုရားတွေ ပုံစံအမျိုးမျိုးနဲ့ တွေ့ရတယ်။
ဒီထဲမှာ မဟာဗုဒ္ဓဆင်းတုတော်ခေါင်းကြီးတဆူ ကြေးဆင်းတုတော် နှစ်ဆူ ရွေးထုပ်ပြီး၊ အဲဒါ ဗမာ ဘုရား ပုံတော် ဘဲလို့ ပြောပြရတယ်။
ဒီတော့သူက ကျေးဇူးတင်လွန်းလို့ပေါ့။ တကယ်လို့ ဗမာပြည်အကြောင်း ဗမာဘုရားနဲ့ ရိုက်ပြချင်တဲ့ အခါ ဒီဆင်းတုတော် တွေကို ဘယ်နေရာမှာထားရင် လက်ခံနိုင်ပါသလဲလို့ မေးပြန်တယ်။ ဒီတော့ ရှင်တို့ ခရာဇ်တော်ပုံ ကို ထားသလို မြင့်မြတ်တဲ့နေရာ ထားနိုင်ပါတယ်ဆိုတော့မှ အတော် သဘော ပေါက်ပြီး ခေါင်းရှင်း သွားရှာတယ်။ အမ်-ဂျီ-အမ် သွားလယ်ရတာ ဒါကလေးတခုတော့ ဗမာပြည် အတွက် အကျိုးရှိခဲ့လို့ ၀မ်းသာ မိပါတယ်။
နေ့လယ်စာ လန့်ချစားချိန် ရောက်တော့ စတူဒီယိုထဲမှာ ဇာတ်လိုက်ပေါင်းစုံ၊ ဒါရိုက်တာပေါင်းစုံကို တွေ့မြင်ရရင်း စားသောက် ကြရပါသည်။ ထိုနေ့က ရှေးဟောင်းဇာတ်လိုက်အထီးအမ တွေ သိပ် မတွေ့ ခဲ့ရဘူး။ နောက်ပေါက်ကောင်လေးတွေ၊ ကောင်မလေးတွေသာ အတော်များများ တွေ့မြင်ရ ပါသည်။
သူတို့နံမယ်တွေလည်း စုံစုံလင်လင် မမှတ်မိတော့ပါဘူး။ ဘင်းကရော့စဘီ တယောက်တော့ မမခင်တို့ ဟော်လီးဝုရောက်တဲ့နေ့မှာဘဲ သူ့ဇနီးသေဆုံး၍၊ မပြုံးမရွှင်နိုင်ဖြစ်နေရှာတယ်ထင်ပါရဲ့။ ဗမာပြည်ရဲ့ မိတ်ဆွေ ဟောင်းကြီး ချာလီချက်ပလင်ကတော့ ယခုနောက်ဆုံး သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်လိုက် တဲ့ (လိုင်းမလိုက်) ဆိုတဲ့ ဇာတ်ကားမှာဖြင့် သိပ်စွန်တာဘဲ။
လူပြောင် လူနောက် ချာလီချက်ပလင် အဖြစ်နဲ့ အူတက်ပြီး မျက်ရည်ထွက်အောင် ရယ်ရသလောက် သူ့ မူလ ရုပ်သွင်နဲ့ တဘက်ကအလွမ်းကို သယ်သွားလိုက်တာကလည်း သနားပြီး မျက်ရည်ကျကြရ တယ်။ တဇာတ်လုံး ပြီးသာသွားရော ကြည့်တဲ့လူတွေဟာ ငိုလိုက် ရယ်လိုက်... ရယ်လိုက် ငိုလိုက်နဲ့ အရူး ဖြစ်နေဒါပါဘဲ။

ယုဝတီများ ကျန်းမာကြပါစေ။
အခန်း (၈) ဆက်ရန်
No comments:
Post a Comment