အခန်း (၂) မိခင်
အယ်လစ်ဇာသည် ငယ်စဉ်ကပင် သူ့သခင်မ မစ္စက်ရှယ်လဗီထံသို့ ရောက်လာခဲ့သူ ဖြစ်သည်။ မစ္စက် ရှယ်လဗီ၏ ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရ၏။ ထို့ကြောင့်လည်း ထိုနေရာတွင် မိန်းမချော မိန်းမလှ ကလေး အဖြစ် ထင်ရှားခဲ့သည်။ သို့ဖြင့် အယ်လစ်ဇာသည် အရွယ်ရောက်သော အခါ ဂျော့ဟဲရစ်အမည်ရှိ ကျွန်တယောက် နှင့် လက်ထပ်ခဲ့သည်။ျော့သည် မစ္စတာရှယ်လဗီတို့ ခြံဝင်းအနီးတွငက် လာရောက် အလုပ်လုပ် နေသော ငွေဝယ်ကျွန်တစ်ယောက် ဖြစ်သည်။ လူဖြူသွေးစပ်သော နီဂရိုးတယောက်လည်း ဖြစ်သည်။
ဂျော့၏သခင်ကား မစ္စတာဟဲရစ်ဖြစ်သည်။ ဟဲရစ်သည် သူ့ကျွန်ဂျော့ကို စက်ရုံတရုံတွင် အငှားချ ထားခဲ့သည်။ ဂျော့မှာ လုပ်ရည်ကိုင်ရည် ထက်မြက်၍ ဥာစ်စွမ်းဥာဏ်စ ရှိသူဖြစ်သည်။ ထိုစက်ရုံ၌ ဂျော့သည် စက်ပစ္စည်းကိရိယာသစ် တစုံကို တီထွင်သည်။ သို့ဖြင့် စက်ရုံပိုင်ရှင်၏ အရေးပေးခြင်းခံရသူ ဖြစ်လာ၏။ သို့သော် ထိုလူငယ်မှာ လုပ်ရည်ကိုင်ရည် မည်မျှထက်မြက်စေကာမူ၊ အရည်အခြင်းကောင်း အမှတ်ထား ခဲ့ရသည် ဖြစ်ရာ မကြာမီပင် သူ့သခင်ရင်း ဟဲနှင့် ပြဿနာပေါ်ရလေသည်။
ဂျော့၏ တီထွင်မှုကြောင့် စက်ရုံရှင်၏ ကျေနပ်အားရမှုသတင်းသည် ဟဲရစ်ထံသို့ ရောက်လာသည်။ ဟဲရစ်သည် ဂျော့တီထွင်သော ကရိယာကို လာရောက်ကြည့်ရှုသည်။ စက်ရုံ၌ ဂျော့တစ်ယောက် လူလူသူသူ အရေးပေး ခံရသည်ကို တွေ့သောအခါ ဟဲရစ်မကျေနပ်။ ကျွန်တယောက် လူတလုံးသူတလုံး ဖြစ်နေခြင်း မျိုး ကို သူမရှုစိမ့်။ ထို့ကြောင့် ဂျော့အား အလုပ်ခွင်မှ ပြန်ခေါ်ရန် စီစဉ်လေတော့သည်။
စက်ရုံရှင်သည် ဂျော့အားဟဲရစ် အဆောတလျင် ပြန်လည်ခေါ်ယူခြင်းအတွက် နားမလည်နိုင်။ ထို့ကြောင့် ဂျော့အတွက် အခကြေးငွေ တိုးပေးမည်ဖြစ်ကြောင်း ပြောဆိုသေး၏။
"မလိုပါဘူးလေ။ ကျုပ်ကျွန်ကို ကျုပ်ငှားချင် ငှားမယ်၊ မငှားချင်မငှားဘူးပေါ့" ဟူသော စကားမျိုးကိုပင် ဟဲရစ် သုံးစွဲလာ၏။
"စဉ်းစားပါအုံးလေ။ ဂျော့ဟာဒီလုပ်ငန်းနဲ့ သင့်လျော်လို့ ကျနော်တို့ ပြောတာပါ" စက်ရုံရှင်က ထပ်၍ အကြောင်းပြ သေးသည်။
"ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျုပ်အနှောင့်အဖွဲ့က လူဟာ ဒီထက်ပိုပီး တော်စရာမလိုဘူးလေ"
ထိုအခါ အလုပ်သမားတယောက်က ကြားဝင်၍ "သူတီထွင်လို့ အလုပ်ဘယ်လောက် သက်သာ တယ် ဆိုတာ စဉ်းစားဘို့ကောင်းပါတယ်" ပြောသေး၏။
"အော၊ အလုပ်သက်သာတယ်၊ ဟုတ်လားဗျ။ ဒါ့ကြောင့်ဘဲ ကျုပ်သူ့ကို ချုပ်ချယ်ရမှာပေါ့။ ဘဲ့နဲ့ဗျာ။ ဒင်းတို့က အလုပ်လုပ်ရမယ့်ဟာ အလုပ်သက်သာတာထွင်ရတယ်လို့"
ဂျော့သည် မခံမရပ်နိုင်သောစိတ်ဖြင့် တောင့်တောင့်ရပ်နေသည်။ လက်ကိုလည်း ပိုက်ထား၏ နှုတ်ခမ်း ကိုလည်း တင်းတင်းစေ့ထားသည်။ သူ့ရင်မှာမူ ပေါက်ကွဲအံ့သော မီးတောင်ကဲ့သို့ ခံစားရသည်။ သွေးကြော များတွင် မီးအလျှံစီးကြောင်းတသွင်သွင်စီးနေသည်။ သို့လည်း မှတ်ရသည်။ အသက်ကို အဆတ် မပြတ် ရှူသည်။ မျက်လုံးအစုံကမူ အရောင်တဖြတ်ဖြတ် တောက်နေ၏။
"ရှိပါစေတော့ ဂျော့ရယ်၊ လိုက်သာသွားပါ။ မင်းကို ဒို့ကူညီနိုင်အောင် လုပ်ပါမယ်" စက်ရုံပိုင်ရှင်၏ စကားဖြစ်သည်။
သို့ပေမယ့် ထိုစကားကို ဂျော့ မကြားလိုက်မိ။ သူ့စိတ်ထဲမျာသာ တစုံတခုအတွက် အံခဲ၍ ကြံစည်နေ၏။
သူ့သခင် သည် သူ့ကို ခြံသို့ ပြန်ခေါ်လာသည်။ ဆဲဆိုသည်။ နှိပ်စက်သည်။ ညှဉ်းပန်းသည်။ သို့သော် အလျှံတောက် သော သူ့မျက်လုံးအစုံကိုကား သခင်ဟဲရစ် အရောင်မှိန်အောင် မစွမ်းနိုင်ခဲ့။
ဤသို့ဖြင့် ဂျော့အဖို့ ပျော်ရွှယ်ဖွယ်ဘ၀သည် ဆုံးရှုံးခဲ့ရလေသည်။ တကယ်တမ်းမှု သူ့အဖို့ စက်ရုံ၌ အမှုထမ်းနေရသော ဘ၀သည် ပျော်စရာဘ၀ ဖြစ်ခဲ့သည်။ သူ့အစွမ်းအစ၊ သူ့ကြံရည် ဖန်ရည်ကြောင့် စက်ရုံပိုင်ရှင်၏ လေးစားခြင်းကို သူရခဲ့သည်။ သူ လွတ်လပ်ခွင့်ရခဲ့သည်။ ထိုကာလ မှာပင် သူ အယ်လစ်ဇာ နှင့် တွေ့ခဲ့ခြင်း ဖြစ်သည်။ အယ်လစ်ဇာနှင့် မေတ္တာမျှခဲ့သည်။ မစ္စက်ရှယ် လဖီ၏ ခွင့်ပြုချက်ငြဖ့် သူ အယ်လစ်ဇာ ကို လက်ထပ်ယူခဲ့သည်။
ပထမကလေးနှစ်ယောက် ဆုံးစဉ်ကမူ သူ စိတ်ဝမ်းပူဆွေးခဲ့ရသေး၏။ သည်တုန်းကမူ အယ်လစ်ဇာလည်း မိမိ ရင်သွေးများ အတွက် ပူဆွေးခဲ့ရသေးသည်။ ဟယ်ရီကို ဖွားမြင်ခဲ့ပြီဆိုသော အခါ အယ်လစ်ဇာနှင့် ဂျော့ တို့မှာ အပူအဆွေး အေးစပြုလာသည်။ ဟယ်ရီအတွက် လင်မယား နှစ်ယောက်စလုံး အားတက်ခဲ့ရသည်။
ဤအခြေအနေတွင် ဟဲရစ်သည် ဂျော့ကို စက်ရုံမှ ပြန်လည် ခေါ်ယူသွားခြင်း ဖြစ်၏။ တရားဥပေဒသည် လူကို ပစ္စည်းတခုသဖွယ် သတ်မှတ်ခြင်းဖြင့် လင်နှင့်မယား သားနှင့်အဖတို့ ကွေကွင်းကြရလေသည်။
သို့သော် စက်ရုံပိုင်ရှင်သည် သူ့စကားနှင့်အညီ မကြာမီပင် မစ္စတာဟဲရစ်ထံသို့ ရောက်ခဲ့၏။ သွေးအေးလောက်ပြီဖြစ်၍ ဂျော့ကို ပြန်ခေါ်လျှင် ရမည်ဟု သူမျှော်လင့်သည်။ ဂျော့ကို စက်ရုံတွင် ပြန်ထားရန် အမျိုးမျိုး စကားဆို၏။
"ဒီမယ် မိတ်ဆွေ။ ကျုပ်အလုပ် ကျုပ် နားလည်တယ်။ ဒီတော့ အပိုအစကားတွေပြောပြီး ကိုယ့်ဒုက္ခကိုယ် ရှာမနေနဲ့ဗျာ" ဟူသော ဟဲရစ်စကားကို ကြားရပြီဆိုသောအခါ
"ခင်ဗျား အကျိုးအတွက် ကျုပ်ပြောနေတာပါ မစ္စတာ ဟဲရစ်ရယ်။ ခင်ဗျားလူ ကျုပ်ဆီထား တဲ့အတွက် ခင်ဗျားမှာ အကျိုးမယုတ်ပါဘူး" ထပ်၍ စကားဆိုသေး၏။
"ဒီမယ်၊ ကျုပ်နားလည်တယ်။ ကျုပ် ဒီကောင်ကို ခင်ဗျား စက်ရုံက ခေါ်သွားတဲ့နေ့က ခင်ဗျားမျက်နှာထား၊ ခင်ဗျား စကားတွေကို ကျုပ်မမေ့ဘူး။ ဒါပေမယ့် ခင်ဗျား ကျုပ်ဆီကို ဒီလိုလာလို့ မရဘူး ကိုယ့်လူ။ ဒီမယ်၊ ဒီတိုင်းပြည် ဟာ လွတ်လပ်တဲ့ နိုင်ငံဆိုတာ သတိပြုပါ။ ကျုပ်အကောင်ကို ကျုပ်ကြိုက်သလို လုပ်နိုင်တယ်။ ဒါဟာ လွတ်လပ်တဲ့ နိုင်ငံရဲ့သဘောဘဲ။ ဒါဘဲ။ ခင်ဗျားသွား တော့"
ဤသို့ဖြင့် ဂျော့အဖို့ မျှော်လင့်ချက်သည် ဆုံးခန်းသို့ တိုင်ခဲ့ရလေတော့သည်။
အခန်း (၃) ဆက်ရန်
.

4 comments:
ama, so short...:(
Myatnoe
အသစ်တွေအများကြီးပဲ။ ကျောင်းပိတ်သွားပြီမို့ တ၀ကြီး ဖတ်ရတော့မယ်။ ကျေးဇူးပဲ မရွှေစင်ရေ။
ဦးလေးတွမ်ကို ငယ်ငယ်က ဖတ်ဖူးတယ်။ မေ့တေ့တေ့ ဖြစ်နေပြီ။ ငယ်ငယ်ကဖတ်ဖူးတာတွေကို ပြန်ဖတ်ရတော့လဲ အရသာတမျိုးပဲ။ ငယ်ငယ်က ဖတ်တုန်းက မမြင်မတွေးမိတာလေးတွေ ပြန်မြင်မိတယ်။
ငယ်ငယ်က ဖတ်ဖူးတဲ့ စာအုပ် ၂ အုပ် သတိရလို့။ အာဇာနည် မောင်နှမ ဇိုရာနဲ့ ရှုရာရယ်၊ ဆီရောဇာရယ် အဲဒီစာအုပ်လေးတွေရော ရှိလားဟင်။ စာပေဗိမာန်က ထုတ်တာတွေထင်တယ်။ ပူဆာတာတော့ မဟုတ်ပါဘူး။ မရွှေစင် တင်ဖို့စီစဉ်ထားတဲ့ အတိုင်းသာ တင်ပါ။ ရှိမရှိ မေးကြည့်တာ။ ငယ်ငယ်တုန်းက ဖတ်ဖူးတာ ခု မေ့တေ့တေ့မို့။
စာကောင်းတွေကို ရှာဖွေဖော်ပြပေးတဲ့ မရွှေစင်ကိုရော၊ စာရိုက်ပေးတဲ့ သမီးတွေကိုရော ကျေးဇူးတင်ပါတယ်။
မနေ့က တင်ထားတာ မတွေ့လိုက်ဘူး. .
ကြည့်စမ်း . .အခုမှ ဖတ်ရတယ်။
မမရွှေစင်ရယ်...
ကျော်ခွဝင်နေရလို့သာတော်တော့တယ်... ကျော်ခွစရာမလို တိုက်ရိုက်တန်းဝင်လို့လွယ်ရင်တော့ ပူးတေတော့ ဒုံးပျံကြီး စီးပြီး လိုက်မှ ရတော့မယ်....ပူးတေစိတ်ထဲ မတင်သေးဘူးထင်နေတာ... အပိုင်း ၃ တောင် တင်ပြီးနေပြီကိုး... ခုမှ မနဲကြီးကို လိုက်ယူရတယ်... ၁ နာရီ မိုင် ၁၂၀ နှုန်းလောက်နဲ့ ဟူးးးးးးးးးးးးးးးးးးးးးးး :)
ဘာပဲဖြစ်ဖြစ်တင်ပါမမ... နောက်တာနော်... type ရိုက်တဲ့လူတောင် ရိုက်နိုင်သေးတာ ဖတ်ရတဲ့လူက ကျေးဇူးတောင်တင်ရဦးမှာ.. ပူးတေက ရှေ့ရက်တွေက အဒေါ်ရောက်နေလို့ ဘလော့ဘက်လှည့်မကြည့်ဖြစ်ခဲ့တာပါမမ :)
Post a Comment