(၁၉၆၉ ခုနှစ် ကထုတ်တဲ့ စာအုပ် ဖြစ်နေတဲ့ အတွက် တချို့ စာလုံးပေါင်း များဟာ အခုပေါင်းတာနဲ့ မတူပါဘူး စာအုပ်ပါ အတိုင်းဘဲ ရိုက်ထားပါတယ်)
(လူအခြင်းခြင်း နှိပ်စက်ခြင်းမှ ကင်းဝေးကြရန် ရည်ရွယ်၍ ဤ စာအုပ်အားတင်ပေးပါသည်...)
မူရင်း စာရေးဆရာ - ဟာရိယက် ဗီချာစတိုး ၏ UNCLE TOM'S CABIN
အခန်း (၁) လူသား၏အသည်းနှလုံး
ညနေချမ်း အချိန်ဖြစ်သည်။ နေရာကား ကင်တက်ကီပြည်နယ်ရှိ မစ္စတာရှယ်လဗီ၏အိမ်ဖြစ်သည်။ လူနှစ်ယောက် သည် ဧည့်ခန်းတွင်း၌ ကိစ္စတရပ်ကို အလေးအနက် ပြောဆိုဆွေးနွေးနေကြ၏။
ထိုသူနှစ်ယောက်တွင် တယောက်မှာ အရပ်ပုပု၊ တုပ်တုပ်ခိုင်ခိုင် ကိုယ်နေကိုယ်ထားရှိ၏။ လေယူ လေသိမ်း မောက်မာဝင့်ကြွား၏။ လူတိုင်းမျက်ခုန်းပေါ်တါင် စင်္ကြံရှောက်လိုသည့် ဟန်ပန်မူရာကိုလည်း ဆောင်ထား ၏။ ပြိုးပြက်အရောင်တောက်သော အ၀တ်၊ တုပ်ခိုင်သော ရွှေလက်ပတ်ကြိုးတို့ကို ဆင်ယင် ထားသည်။ အခြားတယောက်ကား အိမ်ရှင်ရှယ်လဗီဖြစ်လေ သည်။ ရှယ်လဗီမှာ ဧည့်သည်နှင့်မတူ၊ တမူ ထူးခြားသော အသွင်ရှိ၏။ စကားပြောဟန် သိမ်မွေ့သည်။ ဟန်ပန်အမူအရာမှာ လူကြီးလူကောင်းအသွင် လက္ခဏာ ကို ဆောင်၏။
"ကဲ၊ ကျနော်တော့ ဒီအတိုင်းစီစဉ်ချင်တာဘဲ" မစ္စတာရှယ်လဗီက ပြောသည်။
ဧည့်သည်သည် အရက်ခွက်ကို လက်တွင်ကိုင်လျက် "ဒီအတိုင်းတော့မဖြစ်နိုင်ဘူး မစ္စတာရှယ်လဗီ။ ကျုပ်ဘယ်လိုမှမဖြစ်နိုင်ဘူး"ပြော၏။
"ဘယ့်နယ်ကြောင့်ပါလိမ့် မစ္စတာဟာလေရယ်။ တွမ်ဟာတကယ့်လူတော်တယောက်ပါ။ ဘယ်နေရာ မှာဘဲ သွားရောင်းရောင်း ဒီလောက်ပိုက်ဆံတော့ ရပါတယ်ဗျာ၊ စိတ်ချရတယ်ဗျာ၊ ရိုးသားတယ်ဗျာ၊ အလုပ်လဲ လုပ်နိုင်တယ်။ ကျနော့လုပ်ငန်းမှာဆို တကယ်ပါဘဲ၊ နာရီတခုလိုကို စိတ်ချရတဲ့လူပါခင်ဗျာ့"
"အော။ ခင်ဗျားက တခြားနီဂရိုးတွေ ရိုးသားနည်းမျိုး ရိုးသားတယ်လို့ ပြောချင်တာလားဗျ"
"မဟုတ်ရပါဘူးဗျာ။ တွမ်ဟာ တကယ့်လူကောင်းတယောက်မို့ ပြောတာပါ။ ကျနော်ဆို ဒီလူ့ကို နေရာတကာ ယုံကြည်စိတ်ချထားရတာခင်ဗျ။ ကျနော့်လယ်၊ ကျနော့်ယာ၊ ကျနော့်အိမ်၊ ကျနော့်ငွေ၊ ကျနော့်မြင်းတွေ က အစ သူ့ကို အားလုံးလွှဲထားရတာ။ ဘာသာရေးဆိုလဲ အလွန်ကိုင်းရှိုင်းတဲ့ လူ တယောက် ပါ မစ္စတာဟာလေ"
"အင်း၊ နီးဂရိုးကောင်တွေ ဘာသာရေးကိုင်းရှိုင်းတယ်ဆိုတာ လူတိုင်းလက်ခံတာမဟုတ် ဖူး။ အဲ .... ကျုပ် ကတော့ လက်ခံတယ်ထားပါတော့။ ဒါကလဲတကယ်မှန်မှ"
"တွမ် ကတော့ တကယ့်ဘာသာတရား ကိုင်းရှိုင်းတဲ့ လူတယောက်ပါဗျာ။
ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းကဆို ကျနော်သူ့ကို တယောက်ထဲလွှတ်ပြီး အလုပ်လုပ်ခိုင်းခဲ့တယ်။ သွားကတဲက ကျနော်သူ့ကို ပြောတယ်။ 'တွမ်၊ ငါမင်းကို ယုံလို့လွှတ်တာ။ မင်းပြန်လာမယ်လို့ ငါယုံတယ်' လို့ ကျနော့်ကိုပြောတယ် တချို့တွေကက တွမ့်ကိုထွက်ပြေးဘို့ ပြောကြသေးတယ်တဲ့။ နို့ပေမယ့် တွမ်ဟာ ထွက်မပြေးခဲ့ပါဘူး။ ကျတေန့်ဘို့ ငွေခြောက်ရာရှာရအောင် အလုပ်လုပ်ပြီး ပြန်လာ ခဲ့တယ်။ အမှန်ပါ။ ကျနော်တွမ်းကို စွန့်လွှတ်ရမယ့်အတွက် စိတ်မကောင်းပါဘူး။ စိတ်ချပါ မစ္စတာဟာလေ။ တွမ်ဟာ ခင်ဗျားကို ကျနော်ပေးစရာရှိတဲ့ အကြွေးအားလုံးနဲ့တန်အောင် အလုပ် လုပ် ပေးမယ့် လူ တယောက် ပါဗျာ"
မစ္စတာဟာလေသည် သက်ပြင်းကိုမှုတ်ထုတ်ပြီး စကားပြေရင်း အရက်ခွက်တွင် အရက်ဖြည့် ထည့် လိုက်သည်။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ
"ပြီလေ။ ဒါဖြင့် ခင်ဗျား ဘယ်လိုလုပ်ချင်သလဲ မစ္စတာဟာလေ"
"တွမ်နဲ့ အတူ ကောင်လေးတကောင်ဖြစ်ဖြစ် ကောင်းမလေးတစ်ယောက်ဖြစ်ဖြစ် ထဲ့ပေးဗျာ"
"အင်း၊ ကျနော့်မှာလဲ လူပိုလျူလျှံမရှိဘူး မစ္စတာဟာလေ။ အမှန်ပြောရရင် ကျနေ့်ခြေလက်လို အားထား နေရတာ တွေတော့ ကျနော်မရောင်းချင်တာ အမှန်ဘဲ"
ထိုအခိုက်မှာပင် သူတို့စကားလက်ဆုံကျနေသော ဧည့်ခန်းတံခါးသည် ပွင့်လာပြီး အသက် လေးငါးနှစ် ခန့်ရှိ နီးဂရိုးကလေးတယောက် တံခါးဝသို့ ရောက်လာကာ အခန်းတွင်းသို့ လှည့်ကြည့်နေ၏။
မစ္စရှယ်လဗီသည် ကလေးငယ်အား လှမ်းခေါ်ပြီး စားပွဲပေါ်ရှိ အမြည်းပန်းကန်မှာ အမြည်းအချို့ကို နှိုက်ယူ လှမ်းပစ်ပေးလိုက်သည်။ ကလေးငယ်သည် သူ့ဆီသို့ ပစ်ပေးလိုက်သော စားစရာများကို ၀မ်းပန်း တသာ ပြေးယူသည်။
"ဟေး၊ ဟယ်ရီ၊ ဟောဒီကလူကြီးမင်း ကြည့်ရအောင် သီချင်းဆိုပြီး ကပြလိုက်စမ်းပါကွာ" ရှယ်လဗီ က ပြောသည်။ ဟယ်ရီသည် သီချင်းကို အားရပါးရဆိုကာ ကပြ၏။ ဟာလေသည် အတော်ကြီး သဘောကျ သွားသည်။ ထို့ကြောင့် လိမ်မော်သီးတစ်စိတ်ကိုဟယ်ရီအား လှမ်းပေးသည် ထို့နောက် ရှယ်လဗီးသည် ဟယ်ရီ အား "ဦးလေးကတ်ဂျိုးကြီး အကြောဆွဲတဲ့အခါ လမ်းရှောက်သလို ရှောက်ပြစမ်းပါအုံးကွ"ဟု အမိန့် ပေးသည်။ ဟယ်ရီသည် ခြေတောက်ကို ခပ်ဆွံ့ဆွံ့လုပ်၍ ရှောက်ပြသည်။ ဟာလေသည် အားရပါးရ ရယ်လိုက်ပြီး ရှယ်လဗီ၏ ပခုံးကို လှမ်းပုတ်လိုက်ကာ
"ဒီမယ် မစ္စတာရှယ်လဗီ။ ကဲ၊ ခင်ဗျား တွမ်နဲ့အတူ အဲဒီချာတိတ်ပါပေးဗျာ။ ဒါဆိုအလုပ်ဖြစ်ရောပေါ့"ဟု ပြောချ လိုက်သည်။
ထိုအခိုက်မှာပင် ဧည့်ခန်းတွင်းသို့ အသက်နှစ်ဆဲ့ငါးနှစ်ခန့်ရှိ နီဂရိုးအမျိုးသမီးတယောက် ၀င်လာ၏ ထိုမိန်းမ ရုပ်သဏ္ဍာန်ကို ကြည့်ရခြင်းအားဖြင့် ထိုမိန်းမမှာ ကလေးငယ်၏ မိခင်ဖြစ်ကြောင်း ထင်ရှား လှပေ သည်။
မစ္စတာဟာလေသည် ကျွန်ကုန်ကူးနေသော ကုန်သည်တယောက်ပီပီ ထိုမိန်းမအား ကုန်ပစ္စည်း တခု သဖွယ် အမှတ်ထားကာ စူုးစိုက်ကြည့်လိုက်သည်။
ဆိုစမ်းပါအုန်း အယ်လစ်ဇာ"
အယ်လစ်ဇာ၏ခြေလှမ်း ရုတ်တရက်တန့်သွားသဖြင့် မစ္စတာရှယ်လဗီက လှမ်းမေးလိုက်သည်။
သားကို လိုက်ခေါ်တာပါသခင်"
"အေး၊ အေး။ ခေါ်သွား၊ ခေါ်သွား"
အယ်လစ်ဇာ သည် သားကိုချီ၍ အခန်းပြင်သို့ ထွက်သွား၏။
"ဥုံဖွ" မစ္စတာဟာလေသည်။ မစ္စတာရှယ်လဗီ့ဘက်သို့လှည့်၍ ကိုယ့်လူတော့ သဌေးဖြစ်အုံးမှာဘဲ။ ဒီကောင်မ မျိုးသာ အောလင်းနယ်ဘက်မှာ ရောင်းလိုက်ရရင် ကိုယ့်လူအပွဘဲ။ တကယ်ဘဲ။ ဒီကောင်မ လောက် မစွံ တဲ့ ဟာတွေ ရောင်းနေရတဲ့ဥစ္စာ" အားပါးတရပြောလာပြန်၏။
"မလုပ်ပါနဲ့ဗျာ။ ဒီကလေးမတော့ ကျနော်မရောင်းပါရစေနဲ့။ ဒါနဲ့တော့လဲ စီးပွားမဖြစ်ချင်ပါဘူး"
"ဟာမဟုတ်တာဘဲ။ ရောင်းပလိုက်ပေါ့။ ကဲဘယ်လောက်လဲ ဆိုစမ်း။ ကျုပ်ဝယ်မယ်"
"ဒီကလေးမဟာ ရောင်းဘို့မဟုတ်ပါဘူး မစ္စတာဟာလေ ကျနော့်ဇနီးကလဲ သူ့ကို ရွှေနဲ့စက်ပေးတောင် ရောင်း မှာမဟုတ်ဘူးခင်ဗျ"
"ဟား ဟား ဟား။ မိန်းမဆိုဒီလိုချည်းဘဲဗျ။ တခါ တခါမိန်းမတွေဟာ အတွက်အချက် တယ်ဖျင်းဘဲ။ ဒီလိုကောင်မ တစ်ကောင် ရောင်းလို့ရတဲ့ငွေနဲ့ ရွှေတွေ၊ နာရီ၊ လက်ဝတ်လက်စား အ၀တ်အစားတွေ ဘယ်လောက် ၀ယ်ရနိုင်တယ်ဆိုတာ တွက်ပြလိုက်စမ်းချင်သဗျာ"
"တော်ပါတော့ မစ္စတာဟာလေ။ ဒီစကား ဒီမှာဘဲ ရပ်ကြစို့ဗျာ။ ဒီအကြောင်း မပြောပါနဲ့တော့" မစ္စတာ ရှယ်လဗီက ယတိပြတ်ပြောလိုက်သည်။ ထိုအခါ မစ္စတာဟာလေသည်။
"ကောင်းဘိလေ။ ဟိုချာတိတ်ကိုသာ ကျုပ်ပေးလိုက်တော့"ဟု ပြောလာပြန်၏။
"ခင်ဗျားဒီခလေးကိုဘဲ ဘာဖြစ်လို့ ဒလောက်ပြောနေရတာလဲဗျ"
"ဘဲ့နဲ့မပြောရမလဲ။ ဒါမှဈေးတဲ့မပေါ့။ ဒီချာတိတ်ကို တောင်းပိုင်းမှာ သွားရောင်းရင် ဈေးရနိုင်သဗျ။ အထူး အဆန်း ပစ္စည်းတစ်ခုပေါ့။ အိမ်မှာလဲ ဘာလေးညာလေး ခိုင်းရမယ် ဈေးပိုရနိုင်တာပေါ့"
"မဖြစ်သေးပါဘူးဗျာ။ ဒီလိုရှိပါတယ် မစ္စတာဟာလေ။ ကျနော်ဟာလူသားတယောက်ပါ။ လူသား တယောက် အနေနဲ့ မိခင်ရင်ခွင်က ကလေးတယောက်ကို ဆွဲထုတ်ပစ်လိုက်တယ်ဆိုတာ အင်မတန် စက်ဆုပ်စရာ ကောင်းပါတယ် မစ္စတာဟာလေ" မစ္စတာရှယ်လဗီက အလေးအနက်ပြောသည်။
"အိုး၊ ခင်ဗျားက ဒီလိုကိုး။ အလာလာ။ ကျုပ်လဲ ဒီလောက်တော့နားလည်ပါတယ်။ ဒါဟာ သဘာဝဘဲဆိုတာ။ ဒါပေမယ့် မိန်းမတွေဟာ ဒီကိစ္စမျိုးဆို တယ်ခက်ပဲဗျ။ ငိုလား၊ ရယ်လား ကျုပ်က ဒါမျိုးတော့ တယ်အမြင်ကတ်တယ်။ ကျုပ်တို့အလုပ်မှာ ဒါမျိုးဟာ အတော်ဂွကျတာလား ကျုပ်တော့ ဒီအလုပ်လုပ် ကတဲက ဒါမျိုးနဲ့ပတ်သက်ရင် တယ်ရှောင်တယ်"
"ကျနော်တော့ မလုပ်ရက်ဖူးဗျာ"
"ဖုရားရေ။ ခင်ဗျားစိတ်က ဒီသတ္တ၀ါတွေဟာ ကျုပ်တို့ လူဖြူတွေလိုများ မှတ်နေသလားဗျ။ ဒါမျိုး ဒင်းတို့ အရေထူနေပါဘီ" မစ္စတာဟာလေသည် လေသံညင်းညင်းဖြင့် ဒီမယ်ကိုယ့်လူ၊ ဒီကောင်တွေဘာပြောတယ် ထင်သလဲ။ ဒီလိုရောင်းဝယ်ဖောက်ကားတာဟာ မကောင်းဘူးပေါ့။ ဒင်းတို့ခံစားပေါ့။ ကျုပ်တွေ့တာတော့ မဟုတ်ဖူးဗျ။ ဒါမျိုးဆိုတာ ပေးမယ့်ပစ္စည်းအနာအဆာဖြစ်စေ တာနဲ့မထူးဘူး အလကားဗျာ လင်နဲကမခွဲနိုင် လို့ သားနဲ့မခွဲနိုင်လို့ဆိုပီး ငိုကြ ယိုကြ အလုပ်အကိုင်ပျက် ဖြစ်ကြဆိုတော့ ခင်ဗျားစဉ်းစားကြည့်၊ ရောင်းဝယ် တဲ့ နေရာ ဘယ်လောက်ထိခိုက်သလဲ။
ကျုပ်က ကြုံဘူးလှဘီ တခါတက ကျုပ်ကောင်မတကောင်မကို အောလင်းမှာ ကြုံဘူးတယ်လေ။ မခွဲနိုင်ဘူး၊ ဘာဘူးပေါ့။ ဒါနဲ့ ဒင်းလက်ထဲက ခလေးကို ဇွတ်ဆွဲယူပီး ကောင်မကို အချုပ်ထဲထဲ့ထားလိုက်တယ်။ မရွှေစာ က တခါထဲ ရူးသွားပီး မကြာပါဘူးဗျာ သေပါရော။ ခင်ဗျားစဉ်းစားကြည့်စမ်း။ ဘလောက် အသုံးမကျ လိုက်သလဲ ဆို။ ငွေတထောင်လောက် အလကားဆုံးတာဘဲ။ ဘာထူးလဲ ကုန်ပစ္စည်း တခုအကိုင်အတွယ် အသုံးမကျလို့ ဆုံးရှုံးတာနဲ့ ဘာထူးသေးသလဲ။
"အလကားပါ။ တကယ်ကျ ဒီကောင်တွေဟာ သူတို့မယား သူတို့သား တွေကို ကျုပ်တို့ ခင်ဗျားတို့လို လုပ်ကိုင် ကျွေးနိုင်ကြတာ မှမဟုတ်တာ။ ဒီတော့ရှင်းရှင်းဘဲ။ ကျုပ်တို့အလုပ်မှာ ဒါတွေထည့်စဉ်းစားလို့ ဖြစ်တာ မဟုတ်ဘူး"
"ကျနော်တော့ ကျနော့်အလုပ်သမားတွေကို ဒီလိုမစဉ်းစားစေချင်ဘူး"
"အဲဒါဘဲ။ ခင်ဗျားတို့ ကင်တ်ကီက လူတွေ ခက်တာ ဒီနီးဂရိုးကောင်တွေကို ခင်ဗျားတို့ ဖျက်ဆီး နေတာဘဲ။ သူတို့ကို ဘယ်လိုပေးဝယ်ရတယ်။
ဘယ်လိုရောင်းရတယ်ဆိုတာကို မသိအောင် ခင်ဗျားတို့လုပ်နေတာ။ ကျုပ်ကတော့ ဒါမျိုးမရဘူး ကျုပ် အတွက် ကျုပ်အဓိက ထားကြည့်ရမှာဘဲ"
မစ္စတာရှယ်လဗီသည် မစ္စတာဟာလေ့ စကားကြောင့် အောင့်သက်သက်ဖြစ်ကာ ငြိမ်နေလိုက်သည်။ အတန်ကြာ သောအခါ မစ္စတာဟာလေသည် နေရာမှထကာ
"ကဲ။ ခင်ဗျား ဘာပြောအုံးမလဲ"သူ့လုပ်ငန်း ကိစ္စကို စကားဆက်သည်။
"ကျနော်လဲ ဒီကိစ္စကို စဉ်းစားနေပါတယ် မစ္စတာဟာလေ။ ကျနော့်ဇနီးနဲကလဲ တိုင်ပင်ပါရစေအုံး။ နောက်ပြီး တခုတော့ ပြောချင်တယ်ဗျာ။ ခုကိစ္စကို အိမ်နီးပါးချင်းက လူတွေမသိစေချင်ဘူး။ ကျနော့် လူတွေ သိပြီး စိတ်မချမ်းမသာ ဖြစ်မှာစိုးလို့ပါ။ ဒီတော့ ကျနော်တို့ ကိစ္စမပြီးခင် ဘယ်သူ့မှ အသိမပေး ပါနဲ့အုံးဗျာ"
"ကောင်းဘိလေ။ ကျုပ်ကတော့ လုပ်စရာရှိ မြန်မြန်ဘဲ"
မစ္စတာဟာလေသည် အခန်းတွင်းမှ ထွက်သွားလေသည်။ မစ္စတာရှယ်လဗီသည် စိတ်လက် မအီမသာ ဖြစ်လျက် ကျန်ရစ်သည်။ သူသည် လူတွေတိရစ္ဆာန်တွေလို သဘောထားကာ အရောင်း အ၀ယ် ပြုနေကြသော အကြောင်းများကို တွေးတောနေမိသည်။
စင်စစ် မစ္စတာရှယ်လဗီသည် လူကောင်းတယောက်ဖြစ်၏။သူ့အိမ်သူ့ခြံဝင်းရှိ နီးဂရိုး ငွေဝယ်ကျွန်မှားမှာ စိတ်ချမ်းသာ လက်ချမ်းသာ နေနိုင်ကြသည်မှာ မှန်၏။ သို့သော် ထိုကျွန်များအဖို့ စိတ်ချလက်ချကြီး ပျော်ပျော် ရွှင်ရွှင် နေနိုင်ကြသည်ကား မဟုတ်ပေ။ မည်သို့ဖြစ်စေ၊ တရားဥပဒေအရ ထိုကျွန်များမှာ ကုန်ပစ္စည်း များ ပမာသာ ဖြစ်ကြ၏။ လူစင်စစ်ဖြစ်သည်မှန်စေ၊ သခင်ပိုင်သော ပစ္စည်းများသာတည်း။ သူတို့ သခင်သည် မည်မျှ စိတ်ကောင်းရှိစေဦး၊ သခင်၌ ငွေကြေးအကျပ်အတည်း တွေ့ရလျှင် ထိုလူသား များမှာ သခင်တင်သော ကြွေးအတွက် အသိမ်းခံပစ္စည်းများ ဖြစ်ကြရလေတော့သည်။
ယခုလည်း မစ္စတာရှယ်လဗီ၌ လုပ်ငန်းနှင့်ပတ်သက်၍ ငွေကြေးအကျပ်အတည်း တွေ့နေလေပြီ။ ကျွန်ကုန်သည် မစ္စတာဟာအား သူအကြွေးဆပ်ရမည်ဖြစ်သည်။ စင်စစ်သူသည် တွမ်သော်၎င်း၊ ဟယ်ရီ ကို သော်၎င်း၊ ကျွန်ကုန်သည် ဟာလေလက်သို့ မအပ်လို။ သို့သော် သူဘာမျှမတတ်နိုင်။ သူသည် ပေးဆပ်ရန် ရှိသော ငွေကြေးအတွက် ဤနီးဂရိုး လူသားတို့ကိုပင် ပစ္စည်းသဖွယ် သဘောထားကာ ပေးဆပ်ရ ပေတော့ မည်။
အယ်လစ်ဇာသည် သားကို လိုက်ရှာရင်း ဧည့်ခန်းသို့ ရောက်လာစဉ်ကပင် သူ့သခင်နှင့် မစ္စတာဟာလေ တို့ ပြောနေသောစကား တစွန်းတစကို ကြားခဲ့ပြီးဖြစ်၏။ ထိုစကားစတွင် သူ့အကြောင်း တစွန်းတစ ပါနေသည် ကိုလည်း သူနားစွန်နားဖျား ကြားခဲ့ရသည်။ ထိုအခါ သူ့အဖို့ ရင်တုန်ပန်းတုန် ဖြစ်လာသည် လက်ထဲ က ကလေးကို တင်းတင်းကြီး ဖက်ထားခဲ့သည်။ အခန်းစကားကိုပို၍ နားစွင့်ထားလိုက်ခဲ့၏။ ထိုစဉ်ပင် သူ့ သခင်ခေါ်သံကို ကြားရသဖြင့် ထိုနေရာမှ ထွက်ခဲ့ရသည်။
မစ္စက်ရှယ်လဗီသည် ကတုန်ကယင် ထိတ်ထိတ်ပျာပျာ မျက်စိပျက်မျက်နှာပျက် ဖြစ်လာသော အယ်လစ်ဇာ ကို မြင်လိုက်ရသဖြင့်
"ဘာဖြစ်လာတာလဲ အယ်လစ်ဇာ"ဟု လှမ်းမေးလိုက်သည်။ အယ်လစ်ဇာသည် တုန်တုန်ခါခါ ဖြစ်လာသည်။
"အိုသခင်မ" မျက်လုံးကို ပင့်ကြည့်သည်။ မျက်ရည်စကလျှံကျလာသည်။ ကိုယ်ကိုမထိုင်းနိုင်သဖြင့် ထိုင်ချ လိုက်လေသည်။ ရှိုက်သံအက်အက် ထွက်လာသည်။
"ဟဲ့၊ ဘယ်လိုဖြစ်လာရတာလဲ အယ်လစ်ဇာရယ်"
"သ သ သ သခင်မ။ သခင့်ဧည့်ခန်းမယ် ကျွန်ကုန်သယ်တယောက်။ ကျမကြားခဲ့တယ်"
"အဲဒါဘာဖြစ်လဲ"
"ကျ ကျမသားကို သခင်က ရောင်းမလို့" အယ်လစ်ဇာသည် ရှိုက်ကြီးတငင် ငိုချလိုက်သည်။
"ဘာပြောတယ်။ ဟယ်ရီကိုရောင်းမယ်၊ ဟုတ်လား။ အရူးမဟုတ် အကောင်းမဟုတ် အယ်လစ်ဇာရယ်။ နင့်သခင်ဟာ ဒီလိုကျွန်ကုန်သယ်တွေနဲ့ အဆက်အဆံမရှိဘူးဆိုတာလဲ နင်အသိသားနဲ့ဟာ။ နောက်ပြီး နင်တို့ သခင် ဘယ်တုန်းကများကော သူ့တပည့်တွေကို ရောင်းခဲ့ဘူးလို့လဲ။ နင့်ကလေးကို ရောင်းရမယ် လို့ဟယ်။ မဖြစ်နိုင်တာကို။ ကဲ၊ လာစမ်း။ စိတ်ကောင်းကောင်းထားစမ်း။ ငါ့အင်္ကျီကြယ်သီးကလေး တပ်ပေး စမ်းပါ ငါ့ဆံပင်ကိုလဲ နောက်ကနေထုံးပေးစမ်း။ နောင်ဘယ်တော့မှ သူတို့ပြောတာဆိုတာ သွားနား မထောင် နဲ့"
"သ သခင်မ၊ ကျမသားကို မရောင်းစေဘူး မဟုတ်လား ဟင်"
"တော်စမ်းပါဟယ်။ စိတ်ချ နင့်သား ရောင်းမယ်ထားအုံး။ ငါတသက်လုံး သဘောမတူဘူးမှတ်။ နင်ဘာမှ မပူနဲ့။ အေး၊ နင့်သားရောင်းတာဟာ ငါ့သားရောင်းတာနဲ့အတူတူ ဘဲ။ မှတ်ထား။ နင့်သားကို ဘယ်သူမှ မယူစေရဘူး။
သည်တော့လည်း အယ်လစ်ဇာသည် စိတ်ဖြေသိမ့်နိုင်ရလေသည်။
မှန်သည်။ မစ္စက်ရှယ်လဗီအနေနှင့်တော့လည်း သူ့ခင်ပွန်းသည် စိတ်ကောင်းရှိသူ အရာရာကို အလေးအနက် စဉ်းစားတတ်သူအဖြစ် ယုံကြည်သည်။ ထို့ကြောင့်လည်း ယခုကြားသောအဖြစ်မျိုးကို တကယ် ရင်ဆိုင်နေရချေပြီဟူ၍ သူလက်မခံ။ ထို့ပြင် ခင်ပွန်းသည်၌ ကြုံတွေ့နေရသော ငွေကြေး ပြဿနာ ကိုကား မသိ။
အခန်း (၂) ဆက်ရန်
.

4 comments:
လူ့  ဘဝ ရောက်လာပြီး နှလုံး သား ပါမလာတဲ့ 
ဟို တုံး က လူ တွေ အကြောင်း လေး က အခု
မရှိတော့  ပေ မဲ့  သံဝေ ဂ ယူ စရာ အဖြစ်
ဖတ်သွားမိပါတယ်။
ကြောက်စရာကြီးးး..ဖတ်ရင်းနဲ့မောသွားတယ်..။
ဒါပေမဲ့ ဖတ်ဦးမှာ...
ကျေးဇူးး
မြတ်နိုး
လူကုန်ကူးမှုက ဒီလိုပဲ စတာပါပဲ။
ဖတ်သွားတယ် အစ်မရေ။
ဆက်ရန်ကို စောင့်ရင်း. . .
မမရွှေစင်
ဒီဟာလေးကို အပိုင်း(၁)ကနေ စဖတ်ရလို့ အဆုံးထိ ဖတ်မယ်.... နောက် စိတ်လဲဝင်စားဖို့ကောင်းတယ်နော်...
Post a Comment