Tuesday, June 15, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာလှည့် ခရီးသွားမှတ်တမ်း အပိုင်း (၁)

ဒေါ်ဒဂုန်ခင်ခင်လေး ရဲ့ ကမ္ဘာလှည့် ခရီးသွားမှတ်တမ်းပါ... မြန်မာနိုင်ငံ တွင်း ခရီးသွား မှတ်တမ်းလည်း ရှိပါသေးတယ် ဒါကို အရင်တင်ပေးပါမယ်..
 
"သူတို့ဆီမှာဖြင့်"
သို့……                    မှ……
    အယ်ဒီတာ                ဒေါ်ဒဂုန်ခင်ခင်လေး
   ယုဝတီ                     နေရှယ်နယ်ဟိုတယ်
                                     ခေတ္တ၀ါရှင်တန်မြို့

    ယုဝတီ၏ ယုဝတီများထံသို့ ၀ါရှင်တန်မှနေ၍…..

    ဒုတိယအကြိမ်မြောက် စာရေးလိုက်ပါသည်။ ထားခဲ့တဲ့ဂတိအတိုင်း လွန်ခဲ့တဲ့အပါတ်က ဆက်ရန်မှ နေသေးတဲ့ Tower of Lodon,အကြောင်းရေးရအုံးမယ်။
    (Tower of London)တာဝါအော့(ဖ) လန်ဒန်၊ လန်ဒန်ပြတိုက်လို့ ခေါ်နေကြတဲ့ အထက်ပါ အဆောက်အဦးကြီး ကို ရောက်သွားတယ်။ ဆန်းမားဟော်လီဒေး၊ နွေဥတုရက် အားနဲ့သွားတိုးနေလို့ စည်လိုက်တဲ့ လူတွေဟာ မနည်းပါဘူး၊ မမခင်တို့ ရန်ကုန်မှာ တပေါင်းပွဲတော်ကို တောက ဘုရားဖူး လာကြရင်း ကန်တော်ကြီးတို့ တိရိစ္ဆာန်ရဲတို့ကို လျှောက်ကြည့်သလိုပေါ့။ မိန်းကလေးတွေ၊ ယောက်ျား ကလေး တွေ အဖိုးအို အဖွားအို ဘုစုခရုမကျန်လာကြတယ်။ ဟိုကြည့်သည်ကြာည့်….. တချို့ကလဲ လက်စွဲ ကင်မလာလေး တွေနဲ့ တဖြတ်ဖြတ်ရိုက်ကြတာဟာ မမောနိုင်-မပမ်းနိုင်ပါဘဲလေ။

    အဲသည်ရဲတိုက်ကြီးဟာ ရှေးက မေရီဘုရင်မတို့တံခိုးကြီးစဉ်က နေထိုင်သွားတဲ့ ရဲတိုက် နန်းတော်ေ ဟောင်းကြီးဖြစ်တယ်။ သိမ်းမြစ်ကမ်းပေါ်မှာ ကျောက်ချပ်ပြားကြီးတွေနဲ့ ခိုင်ခန့်စွာ မျှော်စဉ်ကြီးတွေ၊ အုတ်နံရံကြီးတွေ ရံဝိုင်းပြီး တဘက်ကလဲ ကျုံးမြောင်းခလုတ် ကတုတ်ရင်တားတွေ ၀ိုင်းလျက် တွေ့ရတယ်။ (bloody tower) ဘလပ်ဒီတာဝါး သွေးသောက်မျှော်စင်ဆိုတဲ့နေရာဟာ နာမည်အဆိုးဆုံးပေါ့။ အဲဒီနေရာမှာ သိမ်းမြစ်ထဲကနေပြီး ရဲတိုက်ထဲ ဒေါက်လျှောက်ဝင်နိုင်တဲ့ ရေတံခါးကြီးရှိတယ်။ ပုန်ကန်တဲ့သူတွေ အပြစ် ကြီးကျယ် တဲ့ ရာဇ၀တ်ကောင်တွေဆိုရင် ရေလမ်းကဖမ်းယူလာပြီး ဒီတံခါးကြီးကနေပြီး သွင်းရသတဲ့။

    အဲဒီရေတံခါးကသွင်းတဲ့ ရာဇ၀တ်ကောင်မှန်ရင်လဲ ဘယ်တော့မှ ပြန်လမ်းမရှိဆိုဘဲ။ နောက်မေရီ ဘုရင်မ ၏ သတ်ဖြတ်သုတ်သင်ခြင်း ခံရတဲ့ မင်းသမီး-မင်းသား၊ ဆွေတော်၊ မျိုးတော်များကို ခေါင်းဖြတ်ရာ ကျောက်ပြားကြီး ကိုလည်း အမှတ်တရ ပြသထားသေးတယ်။

    ရက်ရက်စက်စက် အုပ်ချုပ်ရတဲ့ ရှေးခေတ်တုန်းကဆိုလျှင် ဘယ်နိုင်ငံက ဘုရင်ဖြစ်ဖြစ်၊ သည်နည်း အတိုင်း အနည်းအများတော့ရှိကြတာဘဲ။
    မြန်မာပြည်က သီပေါမင်းလက်ထက်ကို အင်မတန်ဆိုးဝါးရက်စက်တယ်လို့ တချို့အင်္ဂလိပ်များက နှာခေါင်း ရှုံ့ချင်ကြလျှင် အင်္ဂလန်မှာလဲ ဒါမျိုးမကင်းတဲ့ ခေတ်ရှိခဲ့သေးတယ် ဆိုတာ ကိုယ်ချင်းစာတို့ ကောင်း ပါတယ် နော်။

    ဒီရဲတိုက်အလယ် လူသတ်ကျောက်ပြားနှင့် မနီးမဝေးမှာ မြက်ခင်းပြင်ကလေးတခုရှိတယ်။ အဲဒီ မြက်ခင်း စိမ်းလဲ့လဲ့ ကလေးပေါ်မှာ ဧရာမကျီးကန်းကြီး သုံးလေးကောင်ကို တွေ့ရသေးတယ် တကောင်လျှင် မမခင် တို့ မြန်မာပြည်က ကျီးကန်းကြီးသုံးကောင်စာလောက် ကြီးမားတယ်။ သူတို့အနီးအပါးမှာ ခိုတွေ စာကလေး တွေလဲ ရှိတယ်။
    တခါတခါ ကျိးကန်းတွေက ခိုလေးတွေ၊ စာလေးတွေကို နှုတ်သီးကြီးတွေနဲ့ ထိုးဖေါက်ပြီး စားပစ် လိုက်တာဘဲတဲ့။ ဗမာပြည်က ကျီးကန်းတွေလို ဟိုပျံလိုက်…ဒီနားလိုက် ကျီးကန်းတောင်းမှောက် မျက်လုံးမျိုး နဲ့ ပြာယီးပြာယာ ရုပ်လက္ခဏာမျိုး မရှိဘူး။ ဘေးက၀ိုင်းကြည့်တဲ့လူတွေကိုလဲ သိပ်ဂရုမစိုက်လှဘူး။ ခပ်တည်တည် ဘဲ မြက်ခင်းပေးမှာ နားနေကြတယ်။

    သူတို့ရဲ့ ထူးဆန်းတဲ့သဘောတရားကို မေးကြည့်တော့မှ….
ရှေးအခါက ရာဇ၀တ်သားတွေ သတ်ဖြတ်ပြီးတဲ့အခါ… အဲဒီ ကျီးကန်းတွေ ထိုးဖောက်စားကြမြဲဖြစ်တယ်။ ရဲတိုက်ကြီး မှာ အစဉ်အဆက်အတိုင်း မှီခိုနေထိုင်ပြီး ပေါက်ဖွားလာကြတဲ့ ကျီးမျိုးအဆက်ဖြစ်တယ်။

    ဒီရဲတိုက်မှာ ကျီးတကောင်မှမရှိလျှင် အင်္ဂလန်ထီးနန်း အဆက်ပြတ်သွားတယ်လို့ အင်္ဂလိပ်လူမျိုး တချို့ အယူသီး ကြသတဲ့….။
    ဒါကြောင့်ဒီကျီးတွေကို အမြဲတန်းခြောက်ကောင်ရှိအောင် မွေးကျွေးထားတယ်။ သူတို့ကိုကျွေးမွေးရန် သားငါး စတဲ့ စားစရိတ်နဲ့ အထိန်းတော်တယောက်ကို အမြဲလခပေးထားရ တယ်လို့ သိရတယ်။ တကောင် တလေ သေသွားရင်လည်း အစားရှာပြီး ထားရသတဲ့။

    လန်ဒန်မှာ ထူးဆန်းတာက မြို့ပေါ်မှာ ကျီးတကောင်မှမရှိဘူး။ တောဘက်မှာ သွားရှာမှ ကျီးကို တွေ့ရတယ်။ သူတို့မှာ ဘာတခုမှ လွှင့်ပစ်စရာနေရာမရှိဘူး။ အမှိုက်ပုံးထဲရောက်အောင် ထုတ်ပြီး ပို့ကြတယ်။ အမှိုက်ပုံးတွေကလည်း အဖုံး တွေနဲ့။ ဗမာပြည်မှာလို အစားအစာ အကျွင်းအကျန်တွေ စွန့်ပစ်ပုံ မသရမ်းအောင် စည်းကမ်းကြီးတယ်။
    မေခင်တို့ဆီမှာဖြင့် အမှိုက်ပုံတွေမှိုလိုပေါက်…. ကျီးတသောသော…. ခွေးဝဲစားတွေ တရုန်းရုန်း…… ယင်ကောင်တွေ တ၀ုန်းဝုန်းနဲ့……။ ဒါကြောင့် မမခင်တို့ဗမာပြည်မှာ ရောဂါအန္တရာယ် ထုပ်ထပ် ပေါများ သလောက် သူတို့ဆီမှာ လေကောင်းလေသန့်နဲ့ အစားအသောက်တွေ အချိန်မှန်မှန် အနေအထိုင် သန့်ရှင်း သပ်ရပ်ခြင်းတွေကြောင့် ရောဂါအန္တရာယ်ကင်းပြီး အသက်ရှည်ကြတယ်လို့ ဆိုင်ရင် မှားမယ် မထင်ဘူး။

    အသက်ရှည်တဲ့ လူတွေဘယ်လောက် ပေါသလဲဆိုရင် လူဦးရေရှစ်သန်းလောက်ရှိတဲ့ လန်ဒန်မြို့ တမြို့ ထဲမှာဘဲ ဘယ်နေရာသွားသွား…. ရှစ်ဆယ်ကျော် အဖွားကြီးအိုကြီးတွေကို တိုက်မိမှာဆိုးလို့ ရှောင်ရှား သွားရတာ အမောပါဘဲ။ အင်းလေ….. ရဲတိုက် အကြောင်းရေးရင်း က အမယ်ကြီးတွေဘက် လှည့်သွားလို့ မဖြစ် ချေ သေးဘူး။

    ရဲတိုက်ထဲမှာ မေရီဘုရင်မ နေထိုင်သွားတဲ့ အဆောင်တွေ တခြားနိုင်ငံက သိသမ်းပိုက်ရရှိဘူးသမျှ လက်နက် မျိုးစုံတွေ သိုလှောင်ပြသထားတဲ့ အဆောင်ကြီးတွေ၊ ဘုရားကျောင်းနှင့် မျှော်စင် အရပ်ရပ် တို့အပြင် မျှောက်စင်တခုမှာတော့ အင်္ဂလန်ပြည်မင်းတို့နှင့် ပြုလုပ်ထားသည့် သရဖူအမျိုးမျိုး အဆောင် အယောင် တံဆိပ် ဘယက်အမျိုးမျိုးတွေကို အလှပြထားသည်။

    အစောင့်အရှောက်တွေလဲ ရှေးနန်းတွင်း အ၀တ်အဆင် တိုင်းလုလင်တို့ အ၀တ်အတိုင်း ၀တ်ထားတဲ့ အတွက် သူတို့လူမျိုး နောင်လာနောက်သားလေးတွေက ရှေးဖြစ်ဟောင်းအောင့်မော့ ဘွယ်ဖြစ်လာပြီး အဲဒီ မင်းလုလင်ကြီး တွေနဲ့ ဓါတ်ပုံတွဲရိုက်တဲ့ လူမရှား၊ သူတို့ပြောဟောတဲ့ ရာဇ၀င်တွေကို စိတ်ဝင်စားစွာ စူးစိုက် နားထောင်ကြနဲ့ မမခင်တို့ ငယ်ငယ်က မန္တဘေလးနန်းတော်ကြီးထဲ ရောက်သွားတဲ့အခါ…. သက္ကလပ် အနီစလွယ် မှာ အလယ်ကကြေး ဒိုင်းခွက်ကြီးတွေနဲ့ နန်းတော်စောင့်ဗမာ ပြာတာကြီးတွေကို သွား သတိရမိတယ်။

    ဒါကမှန်ဆောင်ကွဲ့။ ဟောဒါက ပွဲကြောင့်ဆောင်ကွဲ့။ ဒီဟာက သီဟာသန ရာဇပုလ္လင်ခေါ် တယ်။ သွားမတက် နဲ့နော် ၀မ်းကျပြီး သေသွားမယ်နဲ့ မှတ်မိပါသေးရဲ့၊ အောင်ဗလလိုတော့ မကျိန်ပရစေနဲ့နော်။

    ဒါပေမဲ့ ယခုအခါ၊ ရှုစရာ၊ နန်းတော်တခုသာ ကျန်တော့တယ်ဆိုတဲ့ သီချင်းကို တော်လှန်လိုက်ပြီ ရှုစရာ နန်းတော်လဲ မရှိတော့ပြီ၊ ပြာပုံနှင့် မြို့ရိုးပျက် ကျုံးပတ်လည်မျှသာ ရှိပါတော့ကလားဟု နောက်တခေတ် လူများ အဘို့ ၀မ်းနည်းကြေကွဲစရာ ကောင်းလှပေတော့သည်။
    အဲဒီအဘိုးတန် စိန်ကျောက်ရတနာတွေ စီချယ်တဲ့ သရဖူတွေပြထားရာ၊ ပြခန်းကြီးကို ၀င်ကြည့်ရာတွင် ၀င်လိုသော လူတန်းကြီးမှာ ၂ယောက်တတွဲစီနှင့် တမျှော်တခေါ်ကြီး နေ့စဉ် နေ့စဉ် ဤသို့နှင်နှင် တည်း ဆိုသလိုပေါ့။

    နွေဥတုနားရက်ကြောင့်၊ တောလူသိုက်ကျ၍ချည်းမဟုတ်။ စာသင်ကျောင်းတွေက ကျောင်းသား တွေ ကလဲ ရာဇ၀င်သင်ခဏ်းစာကို ဆရာတွေနဲ့ လက်တွေ့ဆည်းပူးလာကြသည်မှာ တနေ့လျှင် ၄၊၅ ကျောင်း အလှည့်ကျ ပေးထားတာတောင် ကျောင်းတွေကများလွန်းတော့ ရက်မလောက်မငှ ဖြစ်ရသတဲ့၊ ဗမာနိုင်ငံ က ကျောင်းသားလေးတွေရဲ့ အခြေနဲ့မကွာဘူးလားနော်။

    ရတနာရောင်တဖြတ်ဖြတ်နဲ့ စင်းဝင်းလက်နေတဲ့ သရဖူတွေကို တအံ့တသြအထဲရောက် တဲ့အခါ မြင်ရတော့တာပါဘဲ…။ အင်္ဂလန်ပြည်မှာ တဆက်ပြီးတဆက် နန်းတက်သွားကြတဲ့ ရှင်ဘုရင်များ၏ သရဖူ တွေပေါ့။

    အဲဒီအထဲမှာ ပဉ္စမမြောက် ဂျော့ဘုရင်နဲ့ မိဖုယားဆောင်းတဲ့ သရဖူ ၂ခုကို သဘောအကျဆုံးဘဲ။ ဂျော့ဘုရင် မင်းဆက်မှာ ၀ိတိုရိယဘုရင်မကြီး လက်ထက်ကစပြီး သားဧဒွက် ဘုရင်မြေးဂျော့ဘုရင် (ပဉ္စမ) တိုင်အောင် အကြီးပွားဆုံး အတိုးတက်ဆုံးခေတ်ဖြစ်လို့ သရဖူတွေမှာ စိန်ကောင်း ကျောက်ကောင်း အလုံးကြီး တွေ အဘိုးတန်တွေ ပါဝင်တယ်လို့ ယူဆရန်ရှိတယ်။

    ယခုအချိန်မှာဆိုလျှင်။ စီးပွားရေး အခြေနိမ့်နေခိုက်ဖြစ်လို့ ဒီထက်ကောင်းတဲ့ သရဖူမျိုးကို မလုပ်နိုင်တဲ့ အတူတူ အယ်လီဇဘက် ဘုရင်မ ဘိသိတ်ခံလျှင် ဘိုးတော်ဘွားတော်များရဲ့ သရဖူကိုဘဲ တော်တဲ့ဟာ ယူဆောင်း တော့မယ်လို့ ရည်ရွယ်ထားကြသတဲ့။

ခေတ္တ၀ါရှင်တန်မြို့။

ဆက်ရန်
.

3 comments:

mashwemi said...

မမရေ နှစ်ပေါင်းခြောက်ဆယ်ပီးကတည်းက ဒဂုန်ခင်ခင်လေး ကိုယ်တိုင်ရေးစာအုပ်အသစ်ဖတ်ရရင်ကောင်းမယ်လို့တွေးနေမိတာ ဒီပို့စ်လေးကိုတွေ့ တော့ အရမ်းဝမ်းသာသွားပါတယ်:-)

Anonymous said...

အမရေ..ခုချိန်မှာသူရှိလို့ ပြန်သွားရင်တော့ ညစ်ပတ်နေတဲ့ လမ်းတွေကိုတွေ့ပီးဘယ်လိုများရေးမလဲ သိဘူးနော်..ဟီးး
တခါ..
အမမေဓာဝီဆီမှာဖတ်လိုက်ရတယ်..တလမ်းလုံးပီကယ်တွေပြည့်နေတဲ့လမ်း...


မြတ်နိုး

မေဓာဝီ said...

အဲဒီတုန်းကလဲ ညစ်ပတ်တဲ့နေရာတွေ ရှိမှာပါ။ သူက တိုးရစ်အထရက်ရှင်နေရာလောက်ပဲသွားခဲ့တာလား မသိဘူး။ လန်ဒန်မြို့မှာ ညစ်ပတ်တဲ့နေရာတွေ တပုံကြီးပဲ။ တခြားမြို့တွေလဲ မထူးဘူး။ သန့်တဲ့နေရာရှိသလို အလွန် ညစ်ပတ်တဲ့နေရာတွေရှိတယ်။ ကြုံမှ အင်္ဂလန် အမှိုက်ပုံးတို့ ပလက်ဖောင်းပေါ်က ခွေးချေးတို့ ဓာတ်ပုံရိုက်ပြီး ဘလော့မှာ တင်အုံးမှပဲ။

ဒဂုန်ခင်ခင်လေးရဲ့ ဒီစာအုပ် မဖတ်ဖူးသေးဘူး မရွှေစင်ရေ ... ။
တင်ပေးတာ ကျေးဇူးအထူးပါပဲ။
မရွှေစင်ရဲ့ ချစ်ညီမ မစည်းစိမ် တယောက်ရော နေကောင်းလား။ ဒေါ်လေးမေက သတိတရ မေးပါကြောင်း အကြောင်းကြားပေးပါအုံးနော်။