Friday, May 28, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၈)

အခန်း (၈)

ဂျိုစီသည် သူလုပ်ရမည့်အလုပ်ကို ပုံမှန်ပင် လုပ်သည်။ ခိုခြင်း ကပ်ခြင်း ပျက်ခြင်းမရှိ။ သို့သော်လည်း သူ၏ အနေအထိုင်နှင့် အပြုအမူများကတေ့ သိသိသာသာကြီး ပြောင်းလဲလာသည်။ ယခင်ကလို ပြုံးဖော် ရယ်ဖော် မရ။ စကားလည်း မပြော။ နှုတ်ဆိတ်နေသည်က များသည်။ မျက်နှာထားကလည်း တည်ငြိမ် သည်ထက် တည်ငြိမ်လာသည်။ အလုပ်ပင်ပန်းသည့် ဒဏ်ကြောင့် လူကလည်း တနေ့တခြား ပိန်ချုံး လာသည်။

ကောင်စစ်ဝန် ကတော့ သူ ရည်မှန်းထားသည့် ပုံစံအတိုင်း ဖြစ်လာသဖြင့် ကျေနပ်အးရလျက်ရှိ၏။ တခုတော့ဖြင့် စိတ်မကောင်းဖြစ်မိသည်။ တခြားတော့ မဟုတ်။ သူ့စိတ်ထဲက ဂျိုစီပြီးပြတ်အောင် လုပ်နိုင် လိမ့်မည် မဟုတ်ဟု ထင်ထားသော အလုပ် ပြီးပြတ်သွားခြင်းကြောင့် ဖြစ်သည်။ သို့တစေ လည်း ဥယျာဉ် စိုက်ပျိုးခြင်း အလုပ်တွင် လုပ်စရာတွေ အများကြီးရှိသည်။ ဂျိုစီ မပင်ပန်း ပင်ပန်း အောင်၊ စိတ်ဓာတ်မကျ ကျအောင် ကြံဖန်ပြီး ခိုင်းမည်ဆိုပါက ခိုင်းစရာအလုပ်တွေ တပုံကြီးရှိသည်။ ဂျိုစီ၏ ခေါင်းမာချင်သောဇွဲနှင့် အာခံ ချင်သော စိတ်ဓာတ်များ ချိုးနှိမ်၍ မရမချင်း သူ့ဘက်ကတော့ လျှော့ဖို့ စိတ်မကူး။ ပညာရှိနည်းဖြင့် ဂျိုစီ ၏ မာနနှင့်ဇွဲ့ကို ဖြုတ်ပစ်မည်ဟု သူ စိတ်ကူးသည်။

ဘရန်းဒီးသည် ဂျိုစီ၏ အပေါ်၌ အာဃာတစိတ် ပြင်းထန်နေသည်နှင့်အမျှ တဘက်မှလည်း သူ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်နေသည်ကို သတိပြုမိသည်။ လွန်ခဲ့သော နှစ်များက ဆိုလျင် သူ့မှာ ကောင်းစွာ ကျန်းမာသည်ဟု မရှိခဲ့။ ကိုယ်ပိုင်းရော စိတ်ပိုင်းပါ နှစ်ပိုင်းစလုံးတွင် ကျန်းမာရေး ချို့တဲ့ခဲ့သည်။ သူသည် ပူနွေးသော ရာသီဥတုကိုသာ ကြိုက်သည်။ နေရောင်ခြည် များများ ရလေ သူ့ ကျန်းမာရေးသည် ကောင်းလေ...။

လက်ရှိ နွေဦးပေါက် ရာသီမှာ သူနှင့် အသင့် တော်ဆုံး...။ အံဝင်ခွင်ကျ အဖြစ်ဆုံး ရာသီဖြစ်၏။ ရုံးပိုင်း အခြေ အနေ မှာလည်း ဆိုးသည်ဟု မဆို သာပေ။ သူနှင့် ထိုက်တန်သော နေရာမျိုး မဟုတ်သည့် တိုင်အောင် လုပ်လို့ ကိုင်လို့ကတော့ ချော မောပြေပြစ်လျက်ရှိသည်။ သူရေးနေသည့် မေဘရန်းချီး အတ္ထုပ္ပတ္တိ မှာလည်း အခုဆိုလျှင် ပြီးဆုံး တော့မည်။ လက်ရေးမူကို တကြိမ် ပြန်လည် ဖတ်ရှု စစ်ဆေး နေသည့် နောက်ဆုံးအဆင့်သို့ ရောက် နေပြီ။

ဘရန်းဒီး အနေဖြင့် သူ့သား နီကိုလတ်စ်အတွက်လည်း များစွာ စိတ်ချမ်းသာနေရသည်။ နီကိုလတ်စ် သည် ယခုအခါတွင် သူ၏ သြဇာအာဏာ၌ လုံးဝ တည်လျက်ရှိသည်။ ပထမတော့ နီကိုလတ်စ်သည် သူ့ကိုပင် ခပ်ခွာခွာ လုပ်နေခဲ့သည်။ သူ့အပေါ်၌ သူ မကျေနပ်ကြောင်းပင် သိသိ သာသာ ဖော်ပြခဲ့၏။ ထို့နောက် ရက်အနည်းငယ် ကြာလာသောအခါ မူလ အနေအထားအတိုင်း ပုံမှန် ပြန်၍ ဆက်ဆံ လာခဲ့သည်။ သူ့ကို ချစ်သော၊ သူ့စကားကို မပယ်ရှားသော ကလေးတယောက် ပြန်လည် ဖြစ်လာ ခဲ့သည်။ ယခင်ကလိုပင် ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနှင့် နေလာခဲ့သည်။ ဂျိုစီနှင့် ဖြစ်ခဲ့ရသော ပြဿနာ အားလုံးကိုပင် ကလေးသူငယ်များ၏ သဘာဝအတိုင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပုံ ရလေသည်။

ဤကဲ့သို့ အဘက်ဘက်မှ အဆင်ပြေနေပြန်တော့လည်း ဘ၀၏ အရသာကို ခံစားနေရသည်မှာ စိတ်ချမ်းမြေ့ စရာကောင်းလှပေသည်။ လုပ်သမျှ ဖြစ်နေသဖြင့် အရာရာကို လွှမ်းမိုးနိုင်သည်ဟူသော စိတ်ဓာတ်သည် ရှင်သန်ကြီးထွားလာသည်။ ထိုအခါ စိတ်ရောကိုယ်ပါ ပြန်လည် နုပျိုတက်ကြွလာ တတ်သည်မှာ လူတို့၏ သဘာဝဖြစ်၏။ ယခုလည်း ဘရန်းဒီး၏ စိတ်ဓာတ်မှာ အသစ်တဖန် ပြန် လည်နိုးကြွ လာသည့်နှယ် ခံစားနေရသည်။ သူ့ရှေ့ရေးကို မျှော်တွေးပြီး အားမန်အပြည့်နှင့်ဖြစ်လာ သည်။ ယခင်က ရှိခဲ့သော မကောင်းမြင် ၀ါဒသည် သိသိသာသာလျော့နည်းသွားသည်။ အကောင်း မြင်မျက်စိဖြင့် မြင်တတ် ကြည့်တတ်လာသည်။ ကံကြမ္မာသည် သူ့အပေါ်၌ ယခင်ကလို ဆိုးတော့ မည်မထင်။ အခုဆိုလျှင် သူ့အား မျက်နှာသာပင် ပေးနေပြီလော ...။

စနေနေ့ မွန်းလွှဲပိုင်း ငါးနာရီထိုးခါနီး အချိန်တွင် ကောင်စစ်ဝန်သည် သူ့ရုံးဘက်သို့ အညေင်းပြေ သဘောဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။ ၀င်လုဆဲ နေရောင်သည် ၀င်းလက်လျှောက်ထွက် လာခဲ့သည်။ ၀င်လုဆဲ နေရောင်သည် ၀င်းလက်တောက်ပနေသည်။ အမှန်အားဖြင့် စနေနေ့ နေ့လယ် ရုံးပိတ်ရက်...။ သူ ဆန်ဂျော်ဂျီသို့ မရောက်ခင်ကဆိုလျှင် ရုံးပိတ်ရက်တွင် ရုံး၌ ရုံးစောင့် မှတပါး အခြား ဘယ်သူမှ မရှိ။ အခု သူရောက်တော့ ရုံးတွင်း စီမံခန့်ခွဲမှုတွင် သူကျွမ်းကျင်ကြောင်း ပြလိုသည့်စိတ်ဖြင့် ရုံးပိတ်ရက် တွင် အလှည့်ကျတာဝန်မှူးတဦး ရှိရမည်ဟူသော စနစ်ကို ထွင်ခဲ့ သည်။ ယနေ့ တာဝန် ကျသူမှာ ဘာတန်...။ သို့သော်လည်း ဘာတန်မှာ သူ့မိန်းမနှင့်အတူ သူတို့ ဖွဲ့ စည်းထားသော အေလ်ကာဒီ လူငယ်များ အသင်းဝင် ကလေးသူငယ်များနှင့် ဟူစကားမြို့သို့ ပျော် ပွဲစားခရီး ထွက်ရန် ရှိနေ သဖြင့် သူ ကိုယ်တိုင်ပင် ခွင့်ပေးခဲ့သည်။ ဘာတန်အစား အထက်တန်း စာရေး ဖာနန်ဒိုအား တာဝန် ပေးခဲ့သည်။

အခု သူ ရုံးဘက်သို့ ထွက်လာခဲ့ခြင်းမှာ အညောင်းပြေ လမ်းလျှောက်သည့် သဘောလည်းပါသည်။ သူအမိန့် ထုတ်ထားသည့်အတိုင်း လက်အောက် ၀န်ထမ်းများ အတိအကျ လိုက်နာခြင်းရှိမရှိ ကြည့် ရှု စစ်ဆေး လိုသော ရည်ရွယ်ချက်လည်း ရှိသည်။ ထို့ပြင်လည်း စနေနေ့တိုင်း ဘာစီလိုးနားမြို့မှလာ သည့် မွန်းလွဲ ပိုင်း မီးရထားဖြင့် စာများ ရောက်လာတတ်၏။ ထိုစာများထဲတွင် မိမိမှတပါး အခြား ၀န်ထမ်းများ ဖောက်ခွင့် မရှိသည့် အရေးတကြီး စာများ ပါလာတတ်သည်။

ယင်းကဲ့သို့သောစာများ ရှိလိုရှိငြား ကြည့်မည်ဟူသော စိတ်ကူးလည်း ပါသည်။ ရုံးပိတ်ရက်ကျခါမှ ရောက်လာ လေ့ရှိသည့် ဤစာများအတွက် သူ့မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ၏။ သို့သော် လည်း ဤစာများ အချိန်မီ ချက်ချင်းပို့ပေးဖို့အတွက် စာတိုက်ဌာနနှင့် အပြင်းအထန် စကားပြောခဲ့ရသည်။ နောက်ဆုံး တွင် စတိုက်က သူလိုချင်သည့် ပုံစံအတိုင်း စနေနေ့ရထားဖြင့် ရောက်လာသည့် စာများကို နေ့ချင်း ပို့ပေးရန် သဘောတူခဲ့လေသည်။

ယနေ့ ညနေပိုင်းတွင် သူ့မှာ ဘာပြဿနာမှမရှိ။ စိတ်လက်ကြည်သာသည်။ ရုံးထဲ ၀င်လာသည့်အ ခါတွင်လည်း တာဝန်ကျဖာနန်ဒိုအား သူ့စားပွဲတွင် ထိုင်လျက် တွေ့ရသဖြင့် ပို၍ ကျေနပ်ခြင်းဖြစ် သည်။ သူသည် ဖာနန်ဒို အား တရင်းတနှီး လေသံဖြင့် နှုတ်ဆက်စကားပြောသည်။
' မင်း ခံတပ်ကို တာဝန်ယူ စောင့်ကြပ်နေတာပေါ့လေ၊ ဟုတ်လား... ဖာနန်ဒို၊ ဘာသတင်းထူးများ ရှိသေးလဲ'
ဖာနန်ဒို သည် ကပျာကယာ ထိုင်ရာမှ ထရပ်သည်။ ငိုက်မြည်းထားသဖြင့် သူ့မျက်လုံးများမှာ ရီတီတီ ဝေတေတေ...။

' မရှိပါဘူး... ဆီညော်၊ ကနေ့ ရာသီဥတုက သိပ်သာယာပါတယ်ခင်ဗျ၊ အပြင်ထွက်လည်ဖို့ အင်မတန် ကောင်းတဲ့နေ့တ နေ့ပါ၊ ပင်လယ်ကမ်းခြေဘက် ထွက်ရရင် သိပ်ကို ကောင်းမယ့်နေ့မျိုးပါ'
' အပြင် မထွက်ရပေမယ့် မင်းရဲ့ တာဝန်တရပ်ကို ကျေပွန်အောင် ဆောင်ရွက်ခွင့် ရတဲ့အတွက် တမျိုး ၀မ်းသာ ဖို့ ကောင်းပါတယ်ကွ ' ဟု ဘရန်းဒီးက လေအေးဖြင့် ပြောသည်။ ' စာတွေကော မရောက် သေးဘူးလား '
' ရောက်ပါပြီ ... ဆီညော်၊ စာဗူးထဲမှာ ရှိပါတယ်...၊ ပြီးတော့ စာပို့လုလင်က ပြောသွားပါတယ်၊ မက်ဒရစ် က ရုံးတံဆိပ်တွေ နှိပ်ထားတဲ့ ချိပ်ပိတ်စာတစောင်ပါတယ်...တဲ့၊ ဒါပေမယ့် ကျွန်တော် ကိုင်ခွင့်မရှိတဲ့ စာမို့ လက်ဖျား နဲ့တောင် မတို့ပါဘူး '
' အေး...ကောင်းတယ်၊ ဒါမှပေါ့ ' ဘရန်းဒီးက သဘောကျသည့်နှယ် ခေါင်းဆက်ပြသည်။ ' ကဲ... မင်း သွားချင် သွားတော့ '

ဖာနန်ဒိုသည် စားပွဲပေါ်မှ သူ့ဦးထုပ်ကို ကသောကမျော ကောက်ယူကာ ယာယီ ဒဏ်ပေးထားခြင်း မှ လွတ်မြောက် သွားသည့် ကျောင်းသားလေး တယောက်သဖွယ် ၀မ်းသာအားရနှင့် ထွက်သွားသည်။ ဘရန်းဒီး ကတော့ စာဗူးရှိရာသို့ သွားကာ သူ့လက်ထဲမှ သော့ဖြင့် ဖွင့်၍ အထဲမှ စာအိတ်ကို ထုတ်ယူ သည်။ စာအိတ်ပေါ်တွင် အနီရောင် ရုံးတံဆိပ်ရိုက်နှိပ်ထားသည်။ စာကတော့ မက်ဒရစ်မြို့မှ ပို့သည့်စာ။
သူသည် စာအိတ်ကိုကြည့်ကာ ငိုင်နေမိသည်။ ဤစာတွင် ထူးခြားသည့် အကြောင်းအရာတခုတော့ ပါလိမ့် မည် ထင်၏။

အထူးသဖြင့် သူ့အတွက် အလွန် အရေးကြီးသော သတင်းတခု ပါလာလိမ့်မည် ဟုစိတ်ထဲက ကြို၍ သိနေ သလိုလို ခံစားရသည်။ သူသည် စာကို လျင်မြန်စွာ ဖောက်၍ ဖတ်သည်။ သူ့စိတ်က ခံစား ရသည့် အတိုင်း မှန်နေသည်။ စာတွင် ဖော်ပြထားသည့် သတင်းမှာ သူ့အတွက် အလွန် အရေးကြီးသော သတင်း...။

စာမှာ မက်ဒရစ်မြို့ရှိ ကောင်စစ်ဝန်ချုပ် လေတွန်ဘေလီ ထံမှဖြစ်သည်။ တိုတိုနှင့်လိုရင်းကို ဖော်ပြ ထားသည်။ ဂျော့ခ်ျတင်းနေးမှာ ရုတ်တရက် ဦးနှောက်အမြှေးပါးရောင်ရောဂါဝင်လာသဖြင့် အပြင်း အထန် ဖျားကြောင်း၊ အသက်မစိုးရိမ်ရသည့်တိုင်အောင် ရောဂါ၏ ပြင်းထန်မှု ဒဏ်ကြောင့် အလုပ် မှ မမာပင်စင် ယူ၍ နားရလိမ့်မည်ဟု ယူဆရကြောင်း၊ ထို့ကြောင့်... ဘရန်းဒီးသည် လူကိုယ်တိုင် သံရုံးသို့ အမြန်ဆုံး ရောက်ရှိ သတင်းပို့စေလိုကြောင်း ...။

ဘရန်းဒီးသည် ခဏမျှ မိန်းမောသလို ဖြစ်သွားသည်။ သူသည် စာကို နောက်တခေါက် ထပ်၍ဖတ် ပြန်သည်။ စာ၏ ဆိုလိုရင်းအဓိပ္ပာယ်မှာရှင်းသည်။ တင်းနေး ၏ နေရာကို သူယူရမည်။ ရာထူး တဆင့် တက်ခြင်း...။ အချိန်ကာလကြာမြင့်စွာ သူ့အား တိုးတက် မပေးပဲ လုပ်ထားခဲ့ကြ၏။ နောက် ဆုံးကျတော့ မပေး၍ မရ။ ပေးကြရပြီ။

အမှန်တော့ သူသည် ၀မ်းသာလုံးဆို့လျက်ရှိ၏။ သို့သော်လည်း သူ့စိတ်သူ ထိန်းချုပ်ထားသည်။ နောက်ဆုံး ကျတော့လည်း သူတို့ လူစုသည် သူ့တန်ဖိုးကို အသိအမှတ်မပြု၍မရ။ သူသည် ကုလား ထိုင် တွင် ကျောမှီကာ ဦးခေါင်းကို မော့်လိုက်ပြီး သာယာကြည်နူးမှုကို အပြည့်အ၀ ခံစားသည်။

ကျေနပ် အားရပြီ ဆိုတော့မှ ထိုင်ရာမှ ထကာ နံရံကပ်တယ်လီဖုန်းဖြင့် ဘူတာသို့ဆက်၍ ရထား အ၀င် အထွက် အချိန်စာရင်းကို မေးသည်။ ယနေ့ည ညစာ စားအပြီးတွင် ဂရေစီယာအား ဘာစီလိုး နားမြို့အထိ မော်တော်ကားနှင့် လိုက်အပို့ခိုင်းမည် ဆိုပါက ဇာရာဂျီဇီမြို့သို့ ထွက်သည့် သန်းခေါင် ရထားကို မီနိုင် သည်။

ဇာရာဂျီဇီမြို့မှ ဗာလာဒိုလစ်မြို့အထိ လိုကယ်ရထား ဆက်စီးပြီး ထိုမြို့ဘူတာ မှ တနာရီခန့် စောင့်လိုက် လျှင် တနင်္ဂနွေနေ့ မွန်းမတည့်မီ မက်ဒရစ်မြို့သို့ ဆိုက်ရောက်သွားနိုင် သည့် ' ဆင်ထရယ် ကာစတီလီ အမြန်ရတား' ကို စီးနိုင်စရာရှိ၏။ ထိုခရီးစဉ်အတိုင်း သွားမည်ဆိုပါ ကအလွန် ပင်ပန်းမည်ဖြစ်သည်။ သို့သော်လည်း ပင်ပန်းသလောက် အကျိုးရှိနိုင်မည့် အလားအလာ ရှိသည်။ ဘယ်နည်းနှင့်မဆို သူ၏ လျင်မြန် သွက်လက်မှုနှင့် တာဝန်ဝတ္တရားကို အတိ အကျလိုက်နာမှုတို့အတွက် သူ့အတွက် လူကြီးဖြစ်သူ ဘေလီ က သူ့အပေါ် အထင်အမြင်ကြီးသွား နိုင်စရာရှိသည်။

ဘရန်းဒီးသည် ရွှင်လန်းတက်ကြွသော စိတ်ဖြင့် သူ့ခရီးစဉ်ကို အေးစိတ် ပြန်ချိန်သည်။ အနည်းဆုံး သုံးရက်ခန့်တော့ အိမ်နှင့် ခွဲနေရလိမ့်မည်ဖြစ်၏။ ဤခရီးစဉ်တွင် သူ့သားကို ခေါ်သွားလို့ကတော့ မဖြစ်။ နီကိုလတ်စ် အား ဂရေစီယာနှင့် မက်ဂ်ဒါလီးနားတို့ လင်မယားထံ အပ်ထားခဲ့မည်။ အခုလို အချိန်မျိုးတွင် ယုံကြည် စိတ်ချရသည့် ဂရေစီယာတို့လို စုံတွဲကို အိမ်ဖော် အိမ်စောင့်အဖြစ် ရထား ခြင်းသည် သူ့အတွက် ကံကောင်းခြင်း တရပ်ပင်...။ ပြီးတော့ နီကိုလတ်စ်အား စောင့်ကပ်ကြည့်ရှု ပေးဖို့အတွက် ဘာတန်တို့ လင်မယား ကိုပါ တာဝန်ပေးနိုင်သည်။ ဤကိစ္စနှင့် ပတ်သက်၍ အိမ်ပြန် ရောက်မှပင် အေလ်ဗင်ဘာတန် ထံ ဖုန်းဆက် ၍ မှာမည်။

နီကိုလတ်စ် အကြောင်း တွေးမိသည့်အခါ သူ့မျက်လုံးများတွင် မျက်ရည်စို့လာသည့် အထိပင် ကျေ နပ်အားရ ခြင်းဖြစ်မိသည်။ ဤသတင်းကို သူ့သားအား ပြောပြ လိုက်ရလျှင် မည်မျှ ၀မ်းသာရှာလိမ့် မည်နည်း။ ဆန်ဂျော်ဂျီလိုမြို့သိမ်မြို့ငယ်ကလေးမှနေ၍ စပိန်နိုင်ငံ၏ မြို့တော်ဖြစ်သော မက်ဒရစ်မြို့သို့ ပြောင်းရွှေ့ ရခြင်းသည် မည်မျှ စိတ်ချမ်းသာစရာ ကောင်းလိုက်ပါသနည်း..။ 

မြို့တော် ဆိုတော့ မြို့က ကြီးကြီး...။ တခမ်းတနားထည်ထည်ဝါ၀ါ နေနိုင်သည့် နေရာမျိုး...။ သူတို့ သားအဖအတွက် ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်နှင့် အသိဥာဏ်ပညာ တိုးတက်ဖွံ့ဖြိုးရေး နယ်ပယ် များသည် အတိုင်းအဆမရှိ ကျယ်ပြန့် လာပေတေ့မည်။ ပြီးတော့ နီကိုလတ်စ်အား မရားဒိုး...၊ စပိတ်ဘုရင် နန်းတော်...။ ဘူအင်ရက်တီရိုး နန်းဆောင်များ...။ အလွန် စိတ်ဝင်စားဖို့ ကောင်းသည့် နေရာဌာနများသို့ လိုက်ပို့နိုင်မည်။

ဤအတွေး ၀င်လာသောအခါ ဘရန်းဒီးသည် သူ့သား နီကိုလတ်စ်နှင့် အမြန်ဆုံး တွေ့ချင်သည့် စိတ်ကို မမျိုသိပ်နိုင်။ ချက်ချင်းပင် လက်ထဲမှ စာကို မှတ်စု စာအုပ်ကြားတွင် ညှပ်လိုက်ပြီး ရုံးခန်း တံခါးကို ကပျာ ကယာ သော့ခတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ လမ်းမပေါ် ရောက်သည့်အခါ တည်တည် ငြိမ်ငြိမ်နှင့် ဣနြေ္ဒရရပင် မလျှောက်နိုင်။ အိမ်ကို အမြန်ဆုံး ရောက်လိုသည့် ဇောဖြင့် ခြေလှမ်းကို မြန်နိုင် သမျှ မြန်မြန် လျှောက်လာ ခဲ့လေ၏။

အခန်း (၉) ဆက်ရန်
.

No comments: