အခန်း (၉)
' ဟေး ... ချာတိတ်၊ ထ .. ထ '
စစ်သားတစ်ယောက်က ၀လာဒက်၏နံရိုးကို ရိုင်ဖယ်သေနတ်ဒင်နှင့် လာထိုးသည်။ ၀လာဒက်သည် ကမန်းကတန်း ထထိုင်ပြီး ဖလော်ရင်တီနာ၏ မြေပုံကို ကြည့်လိုက်သည်။ ပြီးတော့ လီယွန်နှင့် နယ်စားကြီး တို့၏ မြေပုံများကို ကြည့်သည်။ သူမျက်ရည်တစ်စက်မှ မထွက်။
' ကျွန်တော့်ကို မသတ်ပါနဲ့ခင်ဗျာ၊ ကျွန်တော် မသေချင်သေးပါဘူး၊ ပြီးတော့ ဒီရဲတိုက်ကြီးက ကျွန်တော်ပိုင် တဲ့ရဲတိုက်ကြီးပါ၊ ရဲဘော်တို့က ကျွန်တော်တို့နိုင်ငံကို လာကြတာပါ '
ဝဘာဒက်က စစ်သား၏ မျက်နှာကို ရဲရဲကြည့်၍ ပြောလိုက်သည်။
စစ်သားက ၀ဘာဒက်၏ မျက်နှာကို တံတွေးတစ်ချက်ထွေးလိုက်ပြီး မြက်ခင်းပြင်သို့ ဆွဲခေါ်လာခဲ့သည်။ မြက်ခင်းပြင်ပေါ်တွင် တခြားအိမ်တော်စေများ တန်းစီရပ်နေကြသည်။ အားလုံးသည် ပြာနှမ်းနှမ်းဝတ်စုံများ ၀တ်ထားကြပြီး ကျောကုန်းတွင်လည်း နံပါတ်များ ရေးထိုးထားကြသည်။ သူတို့ကို မြင်ရတော့ ၀လာဒက် လန့်သွားမိသည်။
စစ်သားက သူ့အား ရဲတိုက်မြောက်ဘက်ခြမ်းသို့ခေါ်လာပြီး မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ခိုင်းသည်။ ပြီး တော့ သူ့ခေါင်းမှ ဆံပင်များကို သင်တုန်းဓားဖြင့် ရိတ်ချသည်။ ၁၀ ချက်မျှ ကြမ်းကြမ်းရမ်းရမ်း ဆွဲချပြီး သောအခါ တစ်ခေါင်းလုံး ပြောင်သလင်းချောသွားသည်။ ဓားရှရာမှ သွေးတွေလည်း စီးကျလာကြ သည်။
ခေါင်းရိတ်ပြီးတော့ ပြာနှမ်းနှမ်း အရောင် အင်္ကျီနှင့် ဘောင်းဘီတို့ကို ၀တ်ခိုင်းသည်။ ၀လာဒက်က လက် ကောက်ကွင်းကိုတော့ ဘယ်သူမှ မမြင်နိုင်အောင် လုံလုံခြုံခြုံဝှက်ထားသည်။ ထို့နောက်တွင် တခြားအိမ်စေ များနှင့်အတူ တန်းစီရပ်ခိုင်းသည်။
သူတို့အားလုံး မြက်ခင်းပြင်ပေါ်တွင် ရပ်နေကြသည်။ ယခုအခါ သူတို့မှာ နာမည်မရှိကြတော့။ ကျောကုန်း ပေါ်မှ နံပါတ်များအတိုင်းသာ ခေါ်ဝေါ်ခံကြရတော့သည်။
အတန်ကြာတော့ တစ်ခါမျှမကြားဖူးသော အသံတစ်မျိုးကို ရုတ်တရက် ကြားလိုက်ကြရသည်။ ၀လာဒက် သည် ထူးဆန်းသော အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
သံတံခါးကြီးအ၀မှ ဘီးလေးဘီးတပ် ယာဉ်တစ်စီးဝင်လာသည်။ သည်ယာဉ်မျိုးကို သည်တစ်ခါသာမြင်ဖူး သေးသည်။ မြင်းလည်း မဆွဲ၊ နွားလည်းမပါ။ ဘယ်လိုယာဉ်မျိုးပါလိမ့်။
အကျဉ်းသား အားလုံးက ထိုယာဉ်ကြီးကို မျက်တောင်မခတ် တအံ့တသြ ကြည့်နေကြသည်။
ထိုယာဉ်ကြီး ရပ်သွားသောအခါ သူတို့အား ယာဉ်ကြီးပေါ်သို့ တက်ခိုင်းသည်။ အင်တင်တင် လုပ်နေသူများအား စစ်သားများက အတင်းတွန်းတင်ကြသည်။
အားလုံးတက်ပြီးသောအခါ ထိုယာဉ်ကြီးသည် နေရာတွင် တစ်ပတ်လှည့်ပြီး ဂိတ်ဝမှ ပြန်လည်ထွက်ခွာလာ ခဲ့သည်။ ဘယ်သူမှ စကားပြောရဲကြ။ ၀လာဒက်သည် ယာဉ်နောက်ပိုင်းတွင် ထိုင်လျက် လိုက်လာသည်။ သူသည် စုလစ်မွမ်းချွန်အဆောင်များ မြင်ကွင်းမှ ပျောက်သွားသည်အထိ ရဲတိုက်ကြီးကို ငေးစိုက်ကြည့် လာခဲ့သည်။
မြင်းမပါသော ယာဉ်ကြီးသည် ဆလိုနင်မြို့ဗက်သို့ ဦးတည်မောင်းနှင်လာခဲ့သည်။ သူက သည်ယာဉ်ကြီး ဘယ်လို့ရွှေ့သွားတာပါလိမ့်ဆိုသည်ထက် ဘယ်ကိုသွားနေတာပါလိမ့်ဆိုသည့် အချက်ကိုပို၍ စိတ်ဝင်စား နေသည်။ စိုးရိမ်စိတ်လည်း ၀င်လာသည်။ ငယ်စဉ်က သူ ကျောင်းတက်ခဲ့စဉ်က သွားလာခဲ့ဖူး သော လမ်းများကို တဖြည်းဖြည်း မှတ်မိလာသည်။ သို့သော်လည်း အကျဉ်းခန်းထဲတွင် သုံးနှစ်လုံးလုံး မှောင်ပိတ် နေခဲ့ရ၍ သူ့မှတ်ဥာဏ်က သိပ်ပြီး မကောင်းချင်တော့။
သုံးလေးမိုင်လောက် ရောက်သောအခါ ယာဉ်ကြီးသည် ရုတ်တရက် ရပ်သွားသည်။ သူတို့အားလုံးကို အောက်သို့ ဆင်းခိုင်းသည်။ ထိုနေရာမှာ မြို့စွန်ရထားဘူတာ ဖြစ်သည်။ ၀လာဒက်သည် နယ်စားကြီး ၀ါဆောမြို့မှ ပြန်လာစဉ် လီယွန်နှင့်အတူ သွားကြိုတုန်းက သည်ဘူတာသို့ တစ်ခေါက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က ဘူတာဂိတ်စောင့်က သူတို့အား ဆလံပေး၍ နှုတ်ဆက်သည်။ ယခုတစ်ကြိမ်တွင်မူ လုံးဝ ဆလံမပေး။
ဘူတာတွင် အကျဉ်းသားများအား ဆိတ်နို့နှင့် ပေါင်မုန့်နက် ကျွေးသည်။ အစားအသောက် ဝေခြမ်းရေး တာဝန် ကို ၀လာဒက်ကပင် ယူရပြန်သည်။ ယခုအခါ သူတို့အုပ်စုတွင် စုစုပေါင်း ၁၄ ယောက်သာ ကျန် တော့သည်။
ဝလာဒက်သည် သစ်သားခုံရှည်တစ်ခုပေါ်တွင် ထိုင်နေသည်။ ရထားအလာကို စောင့်နေခြင်းပင် ဖြစ်သည်။ သူတို့သည် ထိုညက ကြယ်မြင် လမြင် ဘူမိကမ္ဗလာပေါ်တွင်ပင် အိပ်ကြရသည်။ အကျဉ်းခန်းထဲတွင် အိပ် ရသည်ထက်တော့ သာပါသေးသည်။ ဆောင်းကာလဖြစ်သော်လည်း ထိုညက များစွာမချမ်း၍ ဘုရားသခင် ကိုကျေးဇူး တင်မိသည်။
မိုးလင်းတော့လည်း ထိုင်စောင့်မြဲ စောင့်နေကြရသည်။ ၀လာဒက်က အလကားနေ အလကားဆိုကာ သူ့ လူများ အား လေ့ကျင့်ခန်းလုပ်ခိုင်းသည်။ အားပြတ်နေသောကြောင့် အများစုမှာ မိနစ်ပိုင်းအတွင်း အမော ဆို့သွား ကြသည်။
ဝလာဒက်သည် သူ့လူအများ၏ နာမည်များကို စိတ်မှတ်ဖြင့် ခေါ်ကြည့်သည်။ စုစုပေါင်း ယောက်ျား ၁၁ ယောက်နှင့် မိန်းမနှစ်ယောက်။ မူလက ၂၇ ယောက် ရှိခဲ့သည့်အနက် သူအပါအ၀င် ၁၄ ယောက်သာ အသက်ရှင်ကျန်နေဆဲ ဖြစ်သည်။ ' ဘာအတွက် အသက်ရှင်နေကြသေးတာလဲ ' သူ့စိတ်ထဲမှ မေးခွန်း ထုတ်ကြည့် မိသည်။
သူတို့သည် တစ်နေ့လုံး ထိုင်စောင့်နေကြရသည်။ ရထားက အရိပ်အရောင်ပင် မမြင်ရသေး။
မကြာမီတွင် ရထားတစ်စီး ၀င်လာသည်။ စစ်သားတွေ ဆင်းလာကြသည်။ သူတို့က ဘာသာစကားတစ်မျိုး ပြောသည်။ ထိုရထားသည် ၀လာဒက်တို့ အုပ်စုကို မတင်ဘဲ ပြန်ထွက်သွားသည်။ ဤသို့ဖြင့် စင်္ကြံ ပေါ်တွင် နောက်ထပ် တစ်ည အိပ်ကြရပြန်သည်။
ဝလာဒက် အိပ်၍မပျော်။ မိုးပေါ်တွင် တလက်လက် တောက်ပနေသော ကြယ်ပွင့်ကလေးတွေကို ငေးကြည့် ရင်းလွတ်မြောက်ရေးလမ်းစကိုသာ အကြံထုတ်နေမိသည်။
ထိုညတွင် လူ့လူ ၁၃ ယောက်မှ တစ်ယောက်က သံလမ်းဖြတ်ပြီး ထွက်ပြေးရာ လမ်းတစ်ဝက်အရောက်တွင် အစောင့်က သေနတ်ဖြင့် လှမ်းပစ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။ ၀လာဒက်က သူ့အဖွဲ့သား လဲသေနေသော နေရာကို စိုက်ကြည့်ရင်း သူ ထွက်ပြေးလျှင်လည်း သည်လိုပင် ကြမ္မာဆိုးနှင့် နိဂုံးချုပ် ရမည်ကိုတွေးပြီး ကြောက်နေမိသည်။ အစောင့်တွေက လူသေအလောင်းကို မကောက်ဘဲ သံလမ်း ပေါ်တွင်ပင် ပစ်ထားသည်။ အခြားသူများ ထွက်မပြေးရဲအောင် သတိပေးသည့် သဘော ပင်ဖြစ်လိမ့်မည်။
နောက်နေ့မနက်တွင် သည်အကြောင်း ဘယ်သူမှ မပြောရဲကြ။ ၀လာဒက်ကတော့ အလောင်းကိုတော့ မကြာခဏ လှမ်းကြည့်ပြီး စိတ်မချမ်းသာဖြစ်နေမိသည်။ ထိုသူမှာ နယ်စားကြီး၏ စားဖိုမှူး လူဒွစ်ဖြစ်သည်။ နယ်စားကြီး က ၀လာဒက်အား အမွေစား အမွေခံ လွှဲအပ်ခဲ့ကြောင်း အထောက်အထားပြနိုင်သော သက်သေ တစ်ယောက် အသေဆိုးဖြင့် သေဆုံးသွားခဲ့ရှာပြီ။
တတိယမြောက်နေ့ညတွင် ရထားတစ်စီး ဘူတာသို့ ၀င်လာသည်။ ရထားတွဲများအထဲတွင် ကောက်ရိုးတွေ ခင်းထားသည်။ တွဲအပြင်ဘက်တွင် ' တိရစ္ဆာန်တွဲ ' ဟူ၍ စာတန်းရေးထားသည်။
တွဲတိုင်းတွင် လူတွေ ပြည့်ကျပ်နေသည်။ သူတို့ ဘယ်ကလာမှန်း ၀လာဒက် မစဉ်းစားတတ်။ သို့သော် ရုပ်ရည် ပုံပန်း ကတော့ ပိုလန်လူမျိုးတွေနှင့်တူသည်။ ၀လာဒက်နှင့် သူ့လူများအား ရထားတွဲတစ်တွဲပေါ်သို့ တက်ခိုင်း သည်။ ရထားတွဲထဲတွင် ခါးညောင်းအောင် ထိုင်နေရပြီးတော့မှ ဘူတာမှ ထွက်ခွာလာခဲ့သည်။ ရထားသည် နေ၀င်ရာအရပ်ကို ကျောခိုင်းပြီး နေထွက်ရာအရပ်သို့ ရှေ့ရှုခုတ်မောင်းလာခဲ့သည်။ ဘယ်အရပ် ဘယ်ဒေသသို့ သွားနေသည်ဆိုသည်ကိုကား ဘယ်သူမှ မသိကြ။
ရထားတွဲသုံးတွဲလျှင် လက်နက်ကိုင်စေင့် တစ်ယောက်စီ တွဲခေါင်မိုးပေါ်မှ စောင့်ကြပ်လိုက်ပါလာသည်။ တစ်လုံးတွင် သေနတ်သံများ မကြာခဏ ကြားရသည်။ ထွက်ပြေးသူများအား အစောင့်တွေက လှမ်းပစ်ခြင်း ပင်ဖြစ်သည်။ ၀လာဒက်မှာ ထွက်ပြေးဖို့ အရေးကို တွေးပင် မတွေးရဲတော့။
ရထားသည် မင့်စ်မြို့တွင် ရပ်သည်။ အကျဉ်းသားများအား ထမင်းကျွေးသည်။ ပေါင်မုန့်နက်၊ ရေ၊ သစ်သီး များနှင့် ပြောင်းဆန်များ စားကြရသည်။ ထမင်းစားပြီးနောက် ရထားပြန်ထွက်လာခဲ့သည်။
တစ်ခါတစ်ရံ ဘယ်ဘူတာမှ မတွေ့ရဘဲ သုံးရက်လေးရက်အထိ တောက်လျှောက်ခုတ်မောင်းသည်။ မကျန်းမာ၍ သေဆုံးသွားသူများအား ခုတ်မောင်းနေသော ရထားပေါ်မှ ခွေးသကောင် ပစ်ချသလို ပစ်ချထား ခဲ့သည်။
တစ်ခါတစ်ရံတွင်လည်း ရထားသည် ဆက်မထွက်ဘဲ တစ်နေရာတွင် နှစ်ရက်သုံးရက်အထိ ရပ်နေသည်။ အနောက်ဘက်သို့သွားမည့် ရထားများအတွက် လမ်းရှင်းပေးခြင်းပင်ဖြစ်သည်။ ယင်းရထားများပေါ်တွင် ထွက်ပြေး ရန် အမြဲတမ်း တွေးနေသည်။
ဝလာဒက်သည် အခွင့်သာလျှင် ထွက်ပြေးရန် အမြဲတမ်း တွေးနေသည်။ သို့သော် အချက်သုံးချက်ကြောင့် သူက ထွက်ပြေးရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။ ပထမအချက်က ဘယ်သူမှ မအောင်မြင်ခဲ့သော ကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ရထားလမ်း တစ်ဖက်တစ်ချက်တွင် ဆုံးစမထင်သော တောကြီး မျက်မည်း ကိုသာ မြင်နေရသောကြောင့်ဖြစ်သည်။ တတိယအချက်ကတော့ သူ့အုပ်စုမှ လူများသည် သူ့အပေါ် တွင် လုံးဝအားထားနေကြရသောကြောင့် ဖြစ်သည်။ သူက ၎င်းတို့အား အစား အသောက်ကို လည်း ဝေခြမ်းကျွေးရသည်။ စိတ်ဓာတ်မကျရန် နှစ်သိမ့်စကားကိုလည်း ပြောရသည်။ သူက အသက် အငယ်ဆုံး ဖြစ်၍ သေဖို့ရန် လုံးဝစိတ်မကူးသော လူငယ်တစ်ယောက် မဟုတ်ပါလား။
ညကျတော့ အရိုးကွဲမတတ် ချမ်းလာသည်။ တစ်ခါတစ်ရံ အအေးဒီဂရီ သုည အောက် ၃၀ ဒီကရီအထိ ရောက်သည်။ သူတို့သည် ရထားတွဲပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ကျောချင်းကပ်ပြီး ပုနေအောင် ကွေး၍ အိပ်ကြရသည်။
မကြာခဏ ဆိုသလို လူတစ်ယောက်သည် နေရာမှ လုံးဝမလှုပ်ရှားဘဲ သစ်တုံးကြီးများ ချထားသလို ဖြစ်နေ တတ်သည်။ တကယ်တော့ ထိုသူမှာ အားပြတ်ပြီး မလှုပ်မရှားနိုင်တော့ခြင်းဖြစ်သည်။ ထိုအခါမျိုးတွင် နီးရာ လူက ၀လာဒက်ကို သတင်းပို့သည်။ ၀လာဒက်ကတစ်ဆင့် အစောင့်ကို သတင်းပို့ရသည်။ ထို့နောက်တွင် လူလေးယောက် က အလောင်းကောင်လို လေးဘောင် လေးလက်ကိုင်ကာ ရထားပေါ်မှ ပစ်ချလိုက်ကြ သည်။ ထွက်မပြေးနိုင်အောင်ဆိုကာ အစောင့်များက ဦးခေါင်းကို သေနတ်ဖြင့် ပစ်ထည့်လိုက်ကြသေး သည်။
မင့်စ်မြို့မှ မိုင် ၂၀၀ ခန့်ကွာဝေးသော ဆမိုးလင့်စ်မြို့ကလေးတွင် ရထားရပ်သည်။ ဂေါ်ဖီထုပ်ဟင်းရည်နှင့် ပေါင်မုန့်ကို စားကြရသည်။ ၀လာဒက်တို့ အတွဲသို့ လူသစ်တွေ တက်လာကြသည်။ သူတို့က အစောင့် စစ်သားတွေ ပြောသော ဘာသာစကားကို ပြောကြသည်။ နောက်တက်လာသော လူသိုက်၏ ခေါင်းဆောင် မှာ ၀လာဒက်နှင့် ရွယ်တူလောက်ပင်ရှိသည်။ ၀လာဒက်နှင့် ကျန်နေသော သူ့လူ ၁၀ ယောက် (ယောက်ျားကိုးယောက်နှင့် မိန်းမနှစ်ယောက်)တို့က နောက်ထပ်တက်လာသော လူသိုက်ကို သံသယ ၀င်မိ ကြသည်။ သို့ဖြင့် သူတို့နှင့် ရောမနေဘဲ ကိုယ့်အုပ်စုနှင့်ကိုယ် ရထားတွဲ တစ်စက်စီခွဲပြီး လိုက်လာကြ သည်။
တစ်ညတွင် ၀လာဒက်သည် အိပ်မပျော်သဖြင့် ကြယ်တွေကို ကြည့်နေသည်။ ထိုအချိန်တွင် ဆမိုးလင့်စ်မြို့မှ ခေါင်းဆောင်လူငယ်သည် ၀လာဒက်အုပ်စုမှ အိပ်ပျော်နေသော လူတစ်ယောက်သို့ တိတ် တခိုးတွားပြီး ရွေ့သွားနေသည်ကို ၀လာဒက်လှမ်းမြင်မိသည်။ ထိုလူငယ်၏ လက်ထဲတွင် ကြိုးတစ်ပင်ကို လည်း ကိုင်ထားသည်။ သူက နယ်စားကြီး၏ စားပွဲထိုးဖြစ်သူ အယ်လ်ဖွန်၏ လည်ပင်းကို ကြိုးနှင့်ရစ်ပတ်ပြီး ချည် နေသည်။
ဝလာဒက်က အိပ်ပျော်နေသော သူ့လူများ၏ ကိုယ်ပေါ်မှ ကျော်ကာ ၀မ်းလျားမှောက်၍ ဖြည်းဖြည်းကလေး တွားလာခဲ့သည်။ မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေကြသည်။ သို့သော် ဘယ်သူမှ စကားမပြောကြ။
သူ့လူတွေ၏ အစွန်းသို့ရောက်တော့ ၀လာဒက်က တစ်ဖက်မှလူငယ်၏ ကိုယ်ပေါ်သို့ ၀ုန်းခနဲ ခုန်အုပ် လိုက်သည်။ တစ်တွဲလုံး လန့်နိုးလာကြသည်။ အုပ်စုတစ်ဖက်နှင့်တစ်ဖက် လူချင်းကပ်ပြီး အခြေအနေကို စောင့်ကြည့် နေကြသည်။ အယ်လ်ဖွန်မှာတော့ နေရာတွင် တုတ်တုတ်မျှမလှုပ်တော့။
တစ်ဖက်မှ ခေါင်းဆောင်လူငယ်က ၀လာဒက်ထက် အရပ်ပိုရှည်သည်။ သွက်လည်းပိုသွက်သည်။ သို့သော် ကြမ်းပြင်ပေါ်တွင် နှစ်ယောက်သား လုံးထွေးသတ်ပုတ်နေပုံကို မြင်ရသည်မှာတော့ သူမသာ ကိုယ်မသာ။
သတ်ပုတ်ပွဲက တော်တော်လေး ကြာသည်။ အစောင့်တွေက လက်ခုပ်လက်ဝါးတီးကာ အားပေးနေကြ သည်။ တချို့က အနိုင်အရှုံးကို အလောင်းအစားပင် လုပ်နေကြသည်။
သွေးသံမထွက် သတ်ပုတ်နေကြသည်ကိုကြည့်၍ အားမရဖြစ်မိသော အစောင့်တစ်ယောက်က ကျားကုတ် ကျားခဲ သတ်ပုတ်နေသူ နှစ်ယောက်ကြားသို့ လှံစွပ်တစ်ချောင်း ပစ်ပေးလိုက်သည်။ နှစ်ယောက်သား လှံစွပ် ကိုကမန်းကတန်း လုကြရာ တစ်ဖက်မှ လူငယ်က ရသွားပြီး ၀လာဒက်၏ ခြေထောက်ကို တအား ထိုးစိုက်လိုက်သည်။ ဆမိုးလင့်စ်အုပ်စုငမှ လူတွေက သူတို့ခေါင်းဆောင်ဘက်မှ လက်ခုပ်လက်ဝါးတီးကာ သြဘာ ပေးကြသည်။
အဆိုပါ လူငယ်က သွေးစွန်းနေသော လှံစွပ်ကို ပြန်နုတ်ပြီး ဒုတိယအကြိမ် ထိုးလိုက် ပြန်သည်။ သို့သော် လူမကိုမထိဘဲ ၀လာဒက်၏နားကို ပွတ်ကာ ကြမ်းပြင်ကိုသာ သွားစိုက်သည်။ သူက ဓားကို ပြန်နုတ်စဉ် ၀လာဒက်က တစ်ဖက်လူ၏ ဆီးစပ်ကို တအားကျုံးပြီး ပိတ်ကန်လိုက်သည်။ တစ်ဖက်လူသည် လှံစွပ်မှ လက်လွတ်ပြီး နောက်သို့ လန်လဲသွားသည်။ ၀လာဒက်က လှံစွပ်ကို လှမ်းကိုင်ပြီး အားနှင့်နှုတ်လိုက်သည်။ ထို့နောက် ရန်သူ၏ ကိုယ်ပေါ်သို့ ခုန်အုပ်ကာ လှံစွပ်ကို ပါးစပ်ထဲသို့ ထိုးစိုက်လိုက်သည်။
တစ်ဖက်လူက ငယ်သံပါအောင် အော်လိုက်ရာ ရထားတွဲတစ်ခုလုံးပင် ဟင်ခနဲ ဟာခနဲ လန့်ဖျပ်သွားကြ သည်။
ဝလာဒက်က လှံစွပ်ကို ပြန်နုတ်ပြီး တစ်ဖက်သား၏ ကိုယ်ပေါ်သို့ ဆက်ကာ ဆက်ကာ ထိုးစိုက်သည်။
မကြာမီတွင် တစ်ဖက်လူငယ်သည် ကြမ်းပြင်ပေါ်တွင် ငြိမ်ကျသွားတေ့သည်။
ဝလာဒက်က ဒူးထောက်ထိုင်ချလိုက်သည်။ သူသည် မောပန်းလွန်း၍ ဟောဟဲ လိုက်နေသည်။
ထို့နောက် သူ့ရှေ့မှ အလောင်းကောင်ကို ကောက်ချီကာ ရထားပေါ်မှ ပစ်ချလိုက်သည်။
မြေကြီးပေါ်သို့ အလောင်း ဗုန်းခနဲ ကျသွားသံနှင့်အတူ သေနက်သံများလည်း ဆက်တိုက် ထွက်ပေါ်လာ ကြသည်။
ဝလာဒက် သည် မလှုပ်မယှက် စန့်စန့်ကြီး လဲနေသော အယ်လ်ဖွန်အနီးသို့ ခြေထောက် ထော့နဲ့ထော့နဲ့ နှင့် ရောက်လာသည်။
ထို့နောက် အယ်လ်ဖွန်၏ဘေးတွင် ထိုင်ချလိုက်ပြီး အယ်လ်ဖွန်အား လက်ဖြင့် လှုပ်နှိုးကြည့်သည်။
အယ်လ်ဖွန်အား ဘယ်တော့မှ မနိုးတော့။ ၀လာဒက်အတွက် ဒုတိယသက်သေ တစ်ယောက်လည်း သေဆုံး သွားခဲ့ပြန်ပြီ။
သူသည် နယ်စားကြီး၏ အမွေစား အမွေခံဖြစ်ကြောင်း အထောက်အထားပြရန် သက်သေတစ်ယောက်မျှ မကျန်တော့။
သူ့အတွက် အသက်ရှင်နေလို့ကော ဘာထူးတော့မှာလဲ။
သူက လှံစွပ်ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ပြီး ၀မ်းဗိုက်ကို ထိုးစိုက်ရန် လက်ကို မြှောက်လိုက်သည်။
ချက်ချင်းပင် အစောင့်တစ်ယောက်က သူ့ကို ခုန်အုပ်ပြီး လက်ထဲမှ လှံစွပ်ကို လုယူလိုက်သည်။
' ဒီလိုမလုပ်စမ်းပါနဲ့ ကိုယ့်လူရာ၊ တို့က မင်းလိုလူတွေ အများကြီး လိုနေတာကွ၊ ဟိုကျရင် တို့က အားလုံး လျှောက်လုပ်နေလို့ မဖြစ်ဘူး '
ဝလာဒက်က သူ့မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် အုပ်လိုက်သည်။ ယခုမှ ခြေထောက်ဒဏ်ရာ နာကျင်လာ သည်ကို သတိပြုမိသည်။
သူသည် ရဲတိုက်ရှင် အမွေစား အမွေခံဘ၀ကို စွန့်လွှတ်လိုက်ရပြီး ခြူးတစ်ပြားမှ မရှိသော ဆမိုးလင့်စ်မြို့မှ လူတစ်စု၏ ခေါင်းဆောင်ဘ၀သို့ ရောက်လာခဲ့ရသည်။ ယခုအခါ သူ့လက်အောက်တွင် အကျဉ်းသား နှစ်ဆယ်အထိ တိုးလာခဲ့ပြီ။ သူက နောက်ထပ်ပေါ်ပေါက်လာမည့် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် အုပ်စုနှစ်စုကို တစ်စုတည်းပေါင်းလိုက်ပြီး ပိုလန်အမျိုးသားတစ်ယောက်နှင့် ဆမိုးလင့်စ်မြို့သား တစ်ယောက်စီကို ဘေးချင်းကပ်၍ အိပ်ခိုင်းသည်။
ထို့နောက် သူသည် တစ်ဖက်အုပ်စု၏ စကားကိုလည်း သင်ယူသည်။ သူတို့ ပြောသော စကားမှာ ရုရှားစကား ဖြစ်သော်လည်း နယ်စားကြီး သင်ပေးသော ရုရှစကားနှင့် အများကြီး ကွဲပြားကြောင်း နောက် တော့မှ သိလာရသည်။
မကြာမီတွင် ၀လာဒက်သည် ရုရှစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်လာခဲ့သည်။ နောက်ထပ် ရောက် လာသော အကျဉ်းသားများမှာ စစ်ပြေးများ၊ ဇာဘုရင်ဘက်တော်သားများနှင့် ပြစ်မှု အမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ ရသူများဖြစ်ကြသည်။
ရထားသည် အွမ်စ်၊ နိုဗိုဆီဘာ့စ်နှင့် ကရန်စနိုယာ့စ်စသော မြို့ငယ်များကို ဖြတ်ကျော်ကာ တဖြည်းဖြည်းနှင့် လွင်ပြင်ဒေသများသို့ ၀င်လာခဲ့သည်။
နောက်ဆုံး သုံးလမျှ ကြာသောအခါ မိုင်ပေါင်း သုံးထောင်ကျော်လာခဲ့ပြီး အာကတ်စ်မြို့သို့ ရောက်ရှိလာ သည်။ ထိုမြို့တွင် ရထားလမ်းဆုံးသွားသည်။
အကျဉ်းသားအားလုံးကို ရထားပေါ်မှ ဆင်းခိုင်းပြီး ထမင်းကျွေးသည်။ ပြီးလျှင် ဘွတ်ဖိနပ်နှင့် ကုတ်အင်္ကျီ များထုတ်ပေးသည်။ သို့ပေမဲ့ အချမ်းမလုံ၊ ရာသီဥတုဆိုးရွား၍ အသည်းခိုက်မျှ အအေးဒဏ်ကို ခံစားကြရ သည်။
ထရပ်ကားကြီးတွေက တစ်စီးပြီးတစ်စီး ရောက်လာကြသည်။ စစ်သားတွေက လက်ထိပ်သံကြိုးတွေ ယူလာ ပြီး အကျဉ်းသားများ၏ လက်တစ်ဖက်ကို ၂၅ ယောက်လျှင် တစ်တွဲစီ ဆက်၍ ချည်ကြသည်။
ထို့နောက် အကျဉ်းသားများအား ထရပ်ကားတွေ ပေါ်တင်ကာ ဆက်လက်ထွက်ခွာလာကြသည်။ အစောင့် ကားတွေက နောက်မှ ကပ်လိုက်လာကြသည်။ ၁၂ နာရီကြာကြာ ထွက်ခွာလာခဲ့ပြီးသည့်နောက်တွင်မှ နှစ်နာရီ ရပ်နားခွင့်ရကြသည်။ ပြီးတော့ တစ်ဖန် ထွက်ခွာလာခဲ့ကြပြန်သည်။
ပထမတစ်ပတ်လုံးတွင် လက်ထိပ်သံကြိုးကို လုံးဝမဖြည်။ ထွက်ပြေးရန် မဖြစ်နိုင်သော ရေခဲပြင်ဒေသ ရောက်တော့မှ ညအိပ်ခါနီးတွင် လက်ထိပ်ဖြည်ပေးသည်။ ရာသီဥတု ဆိုးရွားသောနေ့များတွင် ရေခဲပြင်ပေါ် မှာ တွင်းခေါင်းတူးပြီး အိပ်ကြရသည်။ ရာသီဥတု သာသာယာယာရှိသောနေ့များတွင်မူ သစ်တောထဲတွင် အိပ်ကြရ၍ အခြေအနေမဆိုးလှ။
လမ်းခရီးတစ်လျှောက်တွင် ကြီးမားသော ရေအိုင်ကြီးများ၊ ရေခဲဖုံးနေသော မြစ်များကို ကျော်ဖြတ်လာခဲ့ကြ ရသည်။ ၀လာဒက်မှာ ခြေထောက်မှ ဒဏ်ရာကလည်း နာကျင်လှသည်။ လက်ချောင်းနှင့် နားရွက်များအား ရေခဲစားသောဒဏ်ကိုလည်း အလူးအလဲခံနေရသည်။
အရပ်လေးမျက်နှာသို့ လှမ်းမျှော်ကြည့်လိုက်တိုင်း ဆုံးစမထင်သော အဖြူရောင် ရေခဲပြင်ကြီးကိုသာ တမျှော်တခေါ် မြင်နေရသည်။
သည်နေရာတွင် ထွက်ပြေးဆိုလျှင် အစာရေစာငတ်၍ ရက်ပိုင်းအတွင်း သေပွဲဝင်ရဖို့သာ ရှိတော့သည်။
သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ ညဘက်တွင် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြ သည်။ သူတို့အဖို့ လောကငရဲမှ လွတ်မြောက်သွား၍ ကံကောင်းသည်ဟုပင် ဆိုရလိမ့်မည်။
ခရီးမိုင်ပေါင်း ၉၀၀ လောက် ရောက်သောအခါ ထရပ်ကားတွေပေါ်မှ အားလုံးဆင်းကြရပြီး ဒရယ်ဆွဲသော စွပ်ဖားများပေါ်သို့ ပြောင်းစီးကြရသည်။ ထရပ်ကားများမှာ ထိုနေရာမှ ပြန်လှည့်သွားကြသည်။ စွပ်ဖားတွေ က ရှေ့သို့ ခရီးဆက်၍ ထွက်ခဲ့ကြသည်။
*
နောက်ကိုးရက်အကြာတွင် အာတိတ်ဒေသရှိ အမှတ်(၂၀၁) အကျဉ်းစခန်းသို့ ရောက်ရှိကြသည်။
ရေခဲပြင်ကျယ်ကြီးပေါ်တွင် သစ်သားတန်းလျားတွေ တစ်တန်းပြီးတစ်တန်းဆောက်ထားသည်။ တန်းလျား အားလုံးကိုလည်း အကျသ်းသားတွေကဲ့သို့ပင် နံပါတ်တပ်ထားသည်။ ၀လာဒက် နေရသောတန်းလျားက နံပါတ် ၃၃။
အခန်းအလယ်တွင် မီးဖိုကလေးတစ်ဖိုရှိသည်။ အခန်းနံရံနှင့်ကပ်ပြီး အိပ်စင်တွေ အဆင့်ဆင့် ပြုလုပ်ထား သည်။ စင်ပေါ်တွင် ကောက်ရိုးတွေ ခင်းထားပြီး ချည်ပါးစောင်တစ်ထည်စီ ခေါက်တင်ထားသည်။
ပထမညတွင် ဘယ်သူမှ မအိပ်နိုင်ကြ။ ချမ်းလွန်း၍ အော်သူအော် ညည်းသူညည်းဖြစ်နေကြသည်။ တစ်ခါ တစ်ရံ အကျဉ်းသားများ၏ အော်ညည်းသံမှာ အပြင်ဘက်မှ ၀ံပုလွေ အော်သံထက်ပင် ကျယ်သေးသည်။
နောက်နေ့မနက် နေမထွက်မီတွင် သုံးထောင့်သံပြားကြီးကို တူနှင့် ထုသံများ ပေါ်ထွက်လာသောအခါ အားလုံး အိပ်ရာမှ ထကြရသည်။
ရေခဲဖုံးနေသော ထမင်းစားဆောင်တွင် ၁၀ မိနစ်အတွင်း အပြီး နံနက်စာ စားကြရမည်။ နံနက်စာကို ဆန်ပြုတ် ရေကျဲတစ်ခွက်၊ ဂေါ်ဖီထုပ်တစ်ဖက်နှင့် ငါးပုပ်တစ်ဖဲ့ပါသော ဟင်းရည်တစ်ခွက်။ အသစ်ရေက် လာသူတွေက ငါးအရိုးကိုစားပွဲပေါ်တွင် ထွေးပစ်ကြသည်။ လူဟောင်းတွေက ကောက်စားကြသည်။
နံနက်စာ စားပြီးလျှင် အလုပ်ခွင်သို့ ၀င်ကြရသည်။ ၀လာဒက်သည် သစ်ခုတ်သည့် တာဝန်ကျသည်။ သူသည် ရေခဲပြင်ကို ဖြတ်ပြီး ခုနစ်မိုင်ဝေးသော သစ်တောထဲသို့သွားကာ သတ်မှတ်ပေကးသော အရေ အတွက်ရသည်အထိ နေ့စဉ်နေ့တိုင်း ထင်းခုတ်ရသည်။ တာဝန်ကျအစောင့်က ၀လာဒက်အပါအ၀င် လူခြောက်ယောက်အဖွဲ့ကို သစ်တောထဲသို့ လိုက်ပို့ပြီး ရိက္ခာအနည်းငယ်ပေး၍ ထားပစ်ခဲ့သည်။ အစောင့် မရှိသော်လည်း သူတို့အဖို့ ပြေးလမ်းမရှိ။ အနီးဆုံးမြို့မှာ မိုင်ပေါင်း ၁၀၀၀ ကျော်ဝေးသည်။
တစ်ယောက်စီ ခုတ်ယူသော ထင်းချောင်းရေကို တာဝန်ကျအစောင့်က ရေကြည့်သည်။ အရေအတွက် မပြည့်လျှင် နောက်နေ့ ရိက္ခာဖြတ်မည်ဟု သတိပေးသည်။ သို့ရာတွင် ထင်းခုတ်သမားများက ညခုနစ်နာရီ မှောင်ပြီးမှ ရောက်လာကြ၍ အစောင့်စစ်သားများက အတိအကျ ရေတွက်ရန် စိတ်မရှည်ကြသည်က များ သည်။
သည်လိုနှင့် ရက်သတ္တသုံးလေးပတ်ခန့် ရောက်လာသောအခါ ၀လာဒက်၏ ခြေထောက်မှ ဒဏ်ရာမှာ မန်းလိုက်ပြီး လမ်းမလျှောက်နိုင်အောင် နာကျင်လာသည်။
ထို့ကြောင့် တစ်ညထင်းခုတ်ရာမှ ပြန်အရောက်တွင် သူ့အနာကို တာဝန်ကျ အစောင့်အား ပြသည်။ အစောင့်က မိုးလင်းလျှင် စခန်းဆရာဝန်ထံ သွားပြရန် ပြောသည်။
မနက်မိုးလင်းတော့ ၀လာဒက်က ခါတိုင်းထက် စောစောထသည်။ အလုပ်ခွင် မ၀င်မီ ဆရာဝန်နှင့် သွားမတွေ့လျှင် ဆရာဝန်အား နောက်တစ်နေ့မှ တွေ့နိုင်သောကြောင့်ဖြစ်သည်။ သူက သူ့နာမည်နှင့် ကိုယ်ပိုင်နံပါတ်ကိုပြော၍ ဆရာဝန်ထံပြသည်။ ဆရာဝန်နာမည်က ပီယာဒူဘီလင်။ ထိပ်ပြောင်ပြောင်၊ ခါးကုန်းကုန်းနှင့် စိတ်ကောင်းရှိသော လူကြီးတစ်ယောက် ဖြစ်သည်။ နယ်စားကြီးထက် အသက်ကြီးလိမ့် မည်ဟု ၀လာဒက်က ခန့်မှန်းကြည့်သည်။ ဆရာဝန်က ဘာစကားမှမပြောဘဲ ၀လာဒက်၏ အနာကို စစ်ဆေး ကြည့်ရှုသည်။
' ဒီအနာ ပြန်မှကောင်းနိုင်ပါ့မလား ဆရာရယ် ' ၀လာဒက်က ညိုးငယ်သော မျက်နှာဖြင့် မေးသည်။
' မင်းက ရုရှားစကားလည်း ပြောတတ်တာကိုး '
' ဟုတ်ပါတယ်ခင်ဗျာ '
' မင်းအနာက လုံးဝကောင်းသွားမှာပါ၊ ဒါပေမဲ့ နဂိုအတိုင်းတော့ ပြန်မဖြစ်နိုင်တော့ဘူး၊ ထော့နဲ့ထော့နဲ့တော့ တစ်သက်လုံး ဖြစ်နေတော့မှာပဲ၊ ဒါပေမဲ့ မင်းခြေထောက်က အကောင်းပကတိပြန်ဖြစ်တော့လည်း ဘာမှ တော့မထူးပါဘူးကွာ၊ ဒီလိုပဲ ဒီမှာ ထင်းခုတ်ရင်းနဲ့ပဲ အချိန်တန်တော့ သေသွားမှာပါ '
' ကျွန်တော် အဲဒီလို အဖြစ်မခံနိုင်ဘူး ဆရာ၊ အခွင့်သာရင် ပိုလန်ကိုပြန်ပြီး ထွက်ပြေးမယ်လို့ စိတ်ကူးထားပါတယ် '
ဆရာဝန်က ၀လာဒက်၏ မျက်နှာကို စိုက်ကြည့်သည်။
' လူကလေး စကားပြောတာ တိုးတိုးပြောစမ်းပါ၊ ထွက်ပြေးဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ၊ ငါဆိုရင် ဒီကိုရောက်နေတာ ၁၅ နှစ်တိတိ ရှိသွားပြီ၊ ထွက်ပြေးပေါက်ကိုလည်း နေ့တိုင်း အကြံထုတ်နေတာပဲ၊ ဒါပေမဲ့ ဘယ်လိုမှ ထွက်ပေါက်မမြင်ပါဘူး၊ ထွက်ပြေးတဲ့လူတိုင်းလည်း သေရတာချည်းပါပဲ၊ သုံးရက်မှတစ်ကြိမ် မဝေရေစာ ထမင်းကျွေးတယ်၊ အဲဒီအခန်းထဲက အသက်မသေဘဲ ပြန်ထွက်လာနိုင်ရင် အလွန်ကံကောင်းတဲ့ လူပဲ '
' ဒါပေမဲ့ ကျွန်တော်တော့ ဖြစ်တဲ့နည်းနဲ့ ထွက်ပြေးမှာပဲ ဆရာ၊ ထွက်ကို ထွက်ပြေးမှာပဲ '
ဆရာဝန်က ၀လာဒက်အား စေ့စေ့ကြည့်ပြီး ပြုံးသည်။
' ဒီမှာ ကိုယ့်လူ၊ ငါပြောတာသာ နားထောင်စမ်းပါ၊ ထွက်ပြေးမယ့်အကြောင်း နောက်ထပ် ဘယ်သူ့ကိုမှ မပြောလေနဲ့၊ မင်းကို ပစ်သတ်ကြလိမ့်မယ်၊ အဲဒီတော့ အလုပ်ကိုသာ ပြန်သွားပါ၊ ခြေထောက်ကို လေ့ကျင့် ခန်းလုပ်ပေး၊ မနက်တိုင်း ငါ့ဆီလာပြ '
ဝလာဒက်သည် ဆရာဝန် ညွှန်ကြားသည့်အတိုင်း တောထဲသို့ ပြန်သွားပြီး ထင်းခုတ်သည်။ အပြန်ခရီးကျ တော့ ခြေထောက်ပြတ်ကျမတတ် နာလာသည်။
သို့ဖြင့် နောက်နေ့မနက်တွင် ဆရာဝန်ထံ ထပ်မံသွားပြသည်။ ဆရာဝန်က မနေ့ကထက် ဂရုစိုက်စမ်းသပ် သည်။
' အခြေအနေ တော်တော်ဆိုးတယ်၊ ဒါနဲ့မင်းအသက် ဘယ်လောက်ရှိပြီလဲ '
' ၁၃ နှစ်လောက်ရှိပြီ ထင်ပါတယ်၊ အဲ ... ဒါဆိုရင် ဘယ်ခုနစ်လောက် ဖြစ်နိုင်မလဲ ဆရာ '
' ၁၉၁၉ ခု '
' ဟုတ်ပါတယ် ၁၃ နှစ်ပါ၊ ဆရာကရော အသက်ဘယ်လောက်ရှိပြီးလဲ '
ဆရာဝန်က မျက်လုံးပြာနှင့် လူငယ်ကလေးကို တအံ့တသြ စိုက်ကြည့်နေပြီးမှ -
' ၃၈ နှစ် ... '
' ဘုရားရေ ... '
' မအံ့သြပါနဲ့ သူငယ်၊ မင်းလည်း ဒီနေရာမှာ နောက်ထပ် ၁၅ နှစ်နေပြီးရင် ငါ့လိုလည်း ဖြစ်လာမှာပဲ '
' ဆရာက ဒီကို ဘယ်လိုရောက်လာတာပဲ၊ သူတို့က ဆရာ့ကို ဒီလောက်တောင် အကြာကြီး ဘာလို့ ပြန်မလွှတ်ဘဲ ထားတာလဲ '
' ၁၉၀၄ ခုနှစ်မှာ ငါ အဖမ်းခံရတယ်၊ ဆရာဝန်ဘွဲ့ရပြီးခါစပေါ့၊ ငါက မော်စကိုမြို့ ပြင်သစ်သံရုံးမှာ အမှုထမ်း နေတယ်၊ ငါ့ကို သူလျှိုဆိုပြီး ဖမ်းတယ်၊ အဲဒီနောက် ဒီကို ပို့လိုက်တာပဲ၊ ငါ့ဘ၀တော့ ဒီမှာပဲ အဆုံးသတ် တော့မှာပါ '
' ဒီလောက်လည်း စိတ်ကို လျှော့မပစ်ပါနဲ့ ဆရာ '
' ငါ စိတ်ဓာတ်ကျနေတာ ကြာပါပြီကွာ၊ ငါမင်းကို အလေးအနက် ပြောချင်တာကတော့ ထွက်ပြေးမယ့်အကြံကို ဘယ်သူ့ကိုမှ မပြောပါနဲ့၊ ဘယ်သူ့ကိုမှလည်း မယုံပါနဲ့၊ ဒီလူတွေက လျှာမှာ အရိုး မရှိတိုင်း ဘ၀တူချင်း သစ္စာဖောက်ပြီး တိုင်လားတောလား လုပ်နေကြတာ၊ အဲဒီလို လုပ်ရင် ပေါင်မုန့် တစ်ချပ်၊ ဒါမှမဟုတ် စောင်တည်ထည် အပို့ရမယ် မဟ်ုတ်လား၊ ကဲ ... ၀လာဒက် ဒီနေ့ကစပြီး မင်းကို ငါ အလုပ်ပြောင်းပေးမယ်၊ ထမင်းချက်ခန်းမှာ တစ်လလုပ်ရမယ်၊ ဒီရက်အတွင်း မနက်တိုင်း ငါ့ဆီ လာပြပါ၊ ဒါမှ မင်းခြေထောက် ဖြတ်မပစ်ရဘဲ နေလိမ့်မယ်၊ နောက်ပြီး ဖြတ်ရရင်လည်း မလွယ်ဘူး၊ အသက်အန္တရာယ် တောင်စိုးရိမ်ရတယ်၊ ဒီမှာက ခေတ်မီပစ္စည်းကိရိယာ ဘာမှရှိတာမဟုတ်ဘူး '
ဝလာဒက်သည် စားပွဲပေါ်မှ ဓားကောက်ကြီးကို လှမ်းကြည့်ပြီး ကြက်သီးပင်ထသွားမိသည်။
*
အချိန်တွေ ကုန်လွန်ခဲ့သည်နှင့်အမျှ ၀လာဒက်နှင့် ဒေါက်တာ ဒူဘီယင်တို့၏ ရင်းနှီးမှုမှာလည်း တိုးပွားခိုင် မာလာခဲ့သည်။ ဒေါက်တာက ၀လာဒက်၏ ခိုင်မာသောစိတ်ဓာတ်ကို သဘောကျသည်။
သူတို့နှစ်ယောက်သည် နေ့စဉ်မနက်တိုင်း ဘာသာစကားမျိုးစုံဖြင့် စကားပြောကြသည်။ သို့ပေမဲ့ ဒေါက်တာက သူ၏ မိခင်ဘာသာစကားဖြစ်သော ပြင်သစ်စကားဖြင့် ပြောရသည်ကို ပို၍ နှစ်ခြိုက်သည်။
' ၀ဘာဒက်၊ နောက်ခုနှစ်ရက်ဆိုရင် မင်းဟာ မူလအလုပ် ပြန်လုပ်ရတော့မယ်၊ အစောင့်က မင်းခြေထောက်က အနာကို စစ်ဆေးကြည့်လိမ့်မယ်၊ ခြေထောက်ထော့နဲ့ ထော့နဲ့ ဖြစ်နေပေမယ့် အနာက လုံးဝကောင်းသွားပြီ၊ ငါက မင်းကို ဘယ်လိုအကြောင်းနဲ့မှ ထမင်းချက်ခန်းမှာ ဆက်ထားဖို့ ထောက်ခံချက် ပေးလို့မဖြစ်နိုင်တော့ဘူး၊ အဲဒီတော့ ငါပြောတာကို သေသေချာချာ နားထောင်ပါ၊ မင်းအတွက် ငါ အကြံတစ်ခု ရထားတယ်၊ ထွက်ပြေးနိုင်မယ့်အကြံကို ပြောတာ '
' ဆရာနဲ့ ကျွန်တော် အတူတူ ထွက်ပြေးမယ့်အကြံလား ဆရာ '
' မဟုတ်ဘူး၊ မင်းတစ်ယောက်တည်း ထွက်ပြေးဖို့ ပြောတာ၊ ငါက အသက်ကြီးနေပြီ၊ ဒီလောက်ခရီးကို မလျှောက်နိုင်တော့ဘူး၊ အဲဒီတော့ ငါ့အတွက် မဟုတ်ပေမယ့် အောင်မြင်နိုင်တဲ့ လူကို ကူညီရတာ အကျိုးရှိ ပါတယ် '
ဝလာဒက်က ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဒေါက်တာ၏ စကားကို နားစိုက်နေသည်။
' ငါ့မှာ ၁၅ နှစ်အတွင်း စုဆောင်းထားတဲ့ငွေ ရူဘယ် ၂၀၀ ရှိတယ်၊ ၅၀ တန် လေးရွက်ကို ဆေးပုလင်းထဲမှာ ၀ှက်ပြီး သိမ်းထားတယ်၊ အဲဒါအားလုံးကို မင်းကို ပေးလိုက်မယ်၊ မင်းထွက်သွားတဲ့အခါ အ၀တ်အစားထဲမှာ သေသေချာချာထည့်ပြီး ချုပ်ယူသွား '
' ဘယ်လို အ၀တ်အစားလဲ ဆရာ '
' ငါ့မှာ ကုတ်အင်္ကျီတစ်ထည်ရှိတယ်၊ ထွက်ပြေးမယ်မကြံနဲ့ အစောင့်တစ်ယောက်ဆီက ၀ယ်ထားတာ '
ဝလာဒက်မှာ ဒေါက်တာ ဒူဘီယင်၏ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် စေတနာကို တွေး၍ ကျေးဇူးတင်မဆုံး ဖြစ်မိသည်။
' လာမယ့် ကြာသပတေးနေ့ဟာ မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ၊ အဲဒီနေ့မှာ အာကတ်စ်မြို့က အကျဉ်းသား အသစ်တွေ ထပ်ရောက်လာကြလိမ့်မယ်၊အဲဒီအချိန်မှာ အသစ်ရောက်လာသူတွေကို ထမင်းကျွေးဖို့အတွက် ထမင်းချက်ခန်းက လူလေးယောက်ကို ခေါ်မယ် ငါက စားဖိုမှူးနဲ့ အားလုံးစီစဉ်ထားပြီးပြီ '
ဝလာဒက်က စိတ်ဝင်စားစွာဖြင့် နားရွက်မခတ် နားထောင်နေသည်။
' မင်းက ဘူတာကို ရောက်သွားတဲ့အခါ ရထားဝင်လာတဲ့ အချိန်အထိ စောင့်နေပါ၊ ရထားပေါ်က အကျဉ်းသားတွေအားလုံး ဆင်းကြတဲ့အခါ မော်စကိုကို ထွက်မယ့် ရထားပေါ် အမြန်တက်လိုက်၊ အစစ အရာရာသတိတော့ရှိပါစေ၊ အစောင့်တွေ မမြင်ဖို့ အရေးကြီးတယ်၊ နောက်တစ်ခုက ငါ့မှာ မြေပုံတစ်ခုဆွဲ ထားတာရှိတယ်၊ မော်စကိုနဲ့ တူရကီခရီးစဉ်ကို ဆွဲထားတဲ့မြေပုံပဲ၊ အတိအကျတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းအတွက် အသုံးဝင်မှာပါ၊ ရုရှတပ်တွေက တူရကီကို သိမ်းထားမထားဆိုတာတော့ သေချာအောင် စုံစမ်း ကြည့်ပါ၊ အခု သူတို့ ဘယ်အထိရောက်နေပြီဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်၊ ငါ့အထင်တော့ သူတို့က ပြင်သစ်ကိုတောင် သိမ်းထားပြီးပြီ ထင်တာပဲ '
ယင်းသို့ ပြောပြီးနောက် ဒေါက်တာ ဒူဘီယင်သည် ဆေးဗီရိုသို့သွားပြီး အပြာရောင် ပုလင်းကြီးတစ်လုံးကို ယူလာသည်။ ထို့နောက် ပုလင်းဖုံးကိုဖွင့်ကာ စာရွက်ဟောင်းတစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ နှစ်ကြာ၍ အနက်ရောင်မင်များပင် ပြေချင်နေပြီ။ စာရွက်ပေါ်တွင် ၁၉၀၄ ခုနှစ်၊ အောက်တိုဘာလဟူ၍ ရေးထားသည်။ ထိုစာရွက်ပေါ်တွင် မော်စကိုမြို့မှ အိုဒက်ဆာမြို့သို့သွားသော ခရီးစဉ်နှင့် အိုဒက်ဆာမှ တူရကီနိုင်ငံသို့ သွားသော ခရီးစဉ်များကို မြေပုံရေးဆွဲထားသည်။ မိုင်ပေါင်း ၁၇၀၀ ကျော် ခရီးဖြစ်သည်။
' ဒီအပတ်အတွင်း ငါ့ဆီကို မနက်တိုင်း မပျက်မကွက်လာပါ၊ ပိုပြီး သေချာအောင် အစီအစဉ်လုပ်နိုင်တာပေါ့၊ ဘယ်အလုပ်အတွက်မဆို ကြိုတင်ပြင်ဆင်မှုဆိုတာ ရှိရစမြဲပဲကွဲ့ '
*
ထွက်မပြေးမီ တစ်နေ့အလို ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဒေါက်တာ ဒူဘီယင်က မြေပုံစာရွက်ကို ရှစ်ချိုးခေါက်၍ ရှုဘယ် ၅၀ တန် လေးရွက်နှင့် ရောပြီး စာအိတ်ကလေးထဲတွင် ထည့်သည်။ ထို့နောက် စာအိတ်ကို ကုတ်အင်္ကျီ လက်မောင်းတွင်ထည့်ကာ ချုပ်လိုက်သည်။
ဝလာဒက်က သူဝတ်ထားသော အကျဉ်းသားအင်္ကျီကိုချွတ်ပြီး ကုတ်အင်္ကျီကို ၀တ်သည်။ ပြီးလျှင် အကျဉ်းသားအင်္ကျီကို အပေါ်မှ ပြန်ဝတ်ထားလိုက်သည်။ သူအကျဉ်းသားအင်္ကျီကို ပြန်ဝတ်နေစဉ်တွင် ဒေါက်တာက လက်ကောက်ကွင်းကို မြင်လိုက်မိသည်။ ယင်းလက်ကောက်ကွင်းကို အစောင့်တွေ မမြင် နိုင်အောင် တံတောင်ဆစ်အထက်တွင် အမြဲတမ်း ၀တ်ထားသည်။
' အဲဒါက ဘာလဲ၊ တော်တော်လှတဲ့ ပစ္စည်းပဲ '
ဒေါက်တာက မေးသည်။
' ကျွန်တော့်ဖေဖေပေးခဲ့တဲ့ လက်ဆောင်ပါ၊ ဆရာ့ကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ဒီပစ္စည်းကို ပေးခဲ့ပါ့မယ်' သူက ပြောပြောဆိုဆို လက်ကောက်ကွင်းကို ချွတ်ပြီး ဒေါက်တာအား ကမ်းပေးလိုက်သည်။
ဒေါက်တာက ငွေလက်ကောက်ကွင်းကို အကြာကြီး စိုက်ကြည့်နေသည်။ ထို့နောက် ဦးခေါင်းကိုညွတ်ကာ အရိုအသေပြုလိုက်သည်။
' ဒီလိုလုပ်လို့ မဖြစ်ဘူး၊ ဒီပစ္စည်းက သက်ဆိုင်သူတစ်ယောက်ပဲ ပိုင်ထိုက်တာ၊ မင်း ဖေဖေက ကြီးကျယ်တဲ့ လူတစ်ယောက်ပါလား '
ဒေါက်တာက လက်ကောက်ကွင်းကို ၀လာဒက်၏ လက်တွင် ပြန်ဝတ်ပေးပြီး လှိုက်လှိုက်လှဲလှဲ လက်ဆွဲ နှုတ်ဆက်သည်။
' ကံကောင်းပါစေ ... ၀လာဒက်၊ တို့နှစ်ယောက် နောက်ထပ် ပြန်တွေ့ဖို့တော့ လမ်းမရှိတော့ပါဘူး '
ထို့နောက် နှစ်ယောက်သား ဖက်ရမ်းနှုတ်ဆက်သည်။ ရင်ထဲတွင်တော့ နှစ်ယောက်စလုံး ဆို့ဆို့ နင့်နင့် ခံစားနေကြရသည်။ နောက်နေ့မနက် အိပ်ရာထ အချက်ပေးသံ ပေါ်ထွက်လာချိန်တွင် ၀လာဒက်က အ၀တ်အစားတွေ အဆင်သင့် ၀တ်ထားပြီး ဖြစ်နေသည်။
သူသည် ထမင်းချက်ခန်းကို အချိန်မီ လာရောက်ပြီး စာဖိုမှူးထံ သတင်းပို့သည်။ ထမင်းချက်ခန်းထဲသို့ အစောင့်တွေ ၀င်လာသောအခါ စားဖိုမှူးက ၀လာဒက်အား ရှေ့သို့ တွန်းပေးလိုက်သည်။ ရွေးချယ်ခံရသူ လေးယောက်အနက် ၀လာဒက်က အငယ်ဆုံး။
' ဒီကောင်က ဘာလို့ ပါလာရတာလဲ ' အစောင့်တစ်ယောက်က ၀လာဒက်ကို လက်ညိုးထိုး၍ မေးသည်။ ' သူရောက်လာတာ တစ်နှစ်တောင် မပြည့်သေးဘူး '
ဝဘာဒက်၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားသည်။
' ဒါပေမဲ့ သူက ထမင်းချက်ဟင်းချက် အလွန်တော်တဲ့ သူငယ်ပါ ' စာဖိုမှူးက ပြောသည်။ ' နယ်စားကြီး တစ်ယောက်ရဲ့ ရဲတိုက်မှာ လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်၊ အစောင့်ရဲဘော်တွေအတွက် အသင့်တော်ဆုံးပါပဲ '
' အား ... ဟုတ်လား၊ ကဲ ... ဒီလိုဆို အတော်ပဲ၊ မြန်မြန်သွား ... မြန်မြန်သွား '
ထမင်းချက်လေးယောက်စလုံး ထရပ်ကားဆီသို့ ပြေးလာခဲ့ကြသည်။
သူတို့ကားပေါ်တက်ပြီးသည်နှင့် ကားလည်း စတင်ထွက်ခွာသည်။
*
၁၆-ရက်တိတိ ကြာသောအခါတွင်မှ အာကတ်စ်မြို့သို့ ရောက်သည်။
မော်စကိုသို့ ထွက်မည့်ရထားကို ဘူတာတွင် အဆင်သင့် တွေ့ရသည်။ အကျဉ်းသားအသစ်တွေ ပါလာမည့် ရထားဝင်လာသည်အထိ ဘူတာတွင် စောင့်နေကြရဦးမည်ဖြစ်သည်။
သူတို့လေးယောက်သည် ပလက်ဖောင်းဘေးတွင် ထိုင်နေကြသည်။
စားဖိုမှူးက ၀လာဒက်အား လက်တို့ပြီး ရှေ့သို့ညွှန်ပြသည်။
အကျဉ်းသားသစ်များ စီးလာသောရထားကို ခပ်လှမ်းလှမ်းတွင် မြင်လိုက်ရသည်။ ရထားသည် သူတို့ဘက်သို့ ဦးတည်ပြီး ဖြည်းဖြည်းမောင်းဝင်လာသည်။
ဝလာဒက်၏ ရင်ဘတ်သည် တဖျပ်ဖျပ်ခုန်လာသည်။ သူက စစ်သားများ၏ လှုပ်ရှားမှုမှန်သမျှကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။
ရထားသည် ဘူတာတွင် ထိုးရပ်သွားသည်။ ရာပေါင်းများစွာသော အကျဉ်းသားတွေ ပလက်ဖောင်းပေါ်သို့ ပြုံးဆင်းလာကြသည်။ ဘတာရုံတစ်ခုလုံး လူတွေဖွေးဖွေးလှုပ်ကာ ရှုပ်ယှက်ခတ်နေသည်။ စစ်သားတွေလည်း ရုတ်တရက်သဲသဲဖြစ်ကာ အလုပ်များနေတော့သည်။
ထိုအချိန်တွင် ၀လာဒက်သည် အကျသ်းသား ရထားအောက်သို့ ရုတ်တရက်ပြေးဝင်သွားပြီး အခြားတစ်ဖက်ရှိ မော်စကိုရထားပေါ်သို့ ခုန်တက်လိုက်သည်။
ပြီးတော့ ရထားတွဲအဆုံးမှ အိမ်သာခန်းထဲသို့ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။ ရထားက ချက်ချင်း မထွက်သေး။ ၀လာဒက်မှာ အိမ်သာတံခါးကို တစ်ယောက်ယောက်များ လာခေါက်လာမည်လားဟူသော အတွေးဖြင့် ချွေးပြန်နေမိသည်။
၁၇-မိနစ်တိတိကြာတော့မှ ဘူတာမှ ရထားစတင်ထွက်ခွာသည်။ သည်တော့မှ ၀လာဒက်မှာ ' ဟင် ' ကနဲ သက်မကြီးချနိုင်တော့သည်။
' ဒေါက် ... ဒေါက် ... '
အိမ်သာတံခါးကို တစ်ယောက်ယောက် လာခေါက်သည်။ ၀လာဒက်သည် အသည်းပြုတ်ကျသွားမတတ် လန့်ဖျပ်သွားမိသည်။ စိတ်ထဲကလည်း ကမန်းကတန်း တွေးလိုက်မိသည်။ အစောင့်လား၊ လက်မှတ်စစ်လား၊ စစ်သားလား။ ဘယ်သူပဲဖြစ်ဖြစ် သူ့အတွက်တော့ အန္တရာယ်ချည်းပင်ဖြစ်သည်။
တံခါးခေါက်သံပေါ်ထွက်လာပြန်သည်။
' ဒေါက် ... ဒေါက်၊ မြန်မြန်လုပ်ပါဗျို့ '
အပြင်မှလူက ရုရှစကားဖြင့် လှမ်းအော်နေသည်။
ဝလာဒက်အဖို့ ရွေးစရာလမ်း များများမရှိတော့။ အပြင်မှလူသည် စစ်သားတစ်ယောက်ဖြစ်ခဲ့လျှင်တော့ တစ်ခါတည်းသွားပြီ။ သေဖို့သာ ပြင်ပေတော့။ အိမ်သာပြူတင်းမှ ခုန်ချဖို့ကလည်း သူ့ကိုယ်ခန္ဓာသေးသေး ကလေးပင်မဆံ့။ အကယ်၍ အပြင်မှလူသည် စစ်သားမဟုတ်ခဲ့လျှင်တော့ သိပ်ပြီး ဂရုစိုက်နေစရာမလို။
သူက အကျဉ်းသားဝတ်စုံကို ကျွတ်ကာ ကျစ်ကျစ်ပါအောင် စုလုံးပြီး ပြူတင်းပေါက်မှ ပစ်ချလိုက်သည်။ ပြီးတော့ ကုတ်အင်္ကျီအိတ်ထဲမှ ဦးထုပ်ပျော့ကလေးကိုယူပြီး ကတုံးပေါ်တွင် ဆောင်းလိုက်သည်။ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ အပြင်မှလူ ၀ုန်းခနဲ စွတ်ဝင်လာသည်။ ဘောင်းဘီကြီးကို ကမန်းကတန်း ဆွဲချရင်း သူက ၀လာဒက်ကိုပင် ၀င်တိုက်သွားသည်။
အပြင်ရောက်တော့ ပုံမကျ ပန်းမကျ ၀တ်စုံဟောင်းကြီးနှင့်မို့ သူ့ကိုယ်သူ မလုံသလို ခံစားမိပြီး ကြောက်လည်း ကြောက်နေသည်။
သူ့ပုံပန်းက လိမ္မော်သီးပုံပေါ်တွင် သစ်တော်သီးတစ်လုံး တင်ထားသလို ဖြစ်နေသည်။ ကမန်းကတန်း ကျီးကန်းတောင်းမှောက် ဟိုဟိုဒီဒီ ရှာကြည့်ရာ တခြားအိမ်သာတစ်လုံးကိုတွေ့၍ အိမ်သာထဲပြေးဝင်ပြီး တံခါးပိတ်ထားလိုက်သည်။
ထို့နောက် ကုတ်အင်္ကျီမှ ချုပ်ကြိုးများဖြုတ်ပြီး ငါးဆယ်တန် ရှုဘယ်တစ်ရွက်ထုတ်ယူသည်။ ကျန်သုံးရွက်ကို သူ့နေရာတွင် ပြန်ထည့်ထားလိုက်ပြီးနောက် အခန်းထဲမှ ပြန်ထွက်လာသည်။
သူက အခန်းထောင့်တွင် ကွယ်ကာ လူအများဆုံး ရထားတွဲကို အကဲခတ် ရှာဖွေကြည့်သည်။ ရထားတွဲအလယ်တွင် လူအချို့ ခေါင်းပန်းလှန်တမ်း ကစားနေကြသည်ကို တွေ့ရသည်။ ၀လာဒက်က ခေါင်းပန်းလှန်ရာတွင် အလွန်တော်သည်။ ရဲတိုက်တွင်ရှိစဉ်က လီယွန်နှင့် အမြဲတမ်း ကစားခဲ့သည်။ သူက ခေါင်းပန်းဝိုင်းကို တော်တော်ကြာကြာ အကဲခတ်ကြည့်ရှုနေသည်။ ကစားနည်းပရိယာယ်တွေကို ပြန်လည်စဉ်းစားကြည့်သည်။ ပါဝင်ကစားချင်စိတ် ဖြစ်ပေါ်လာသည်။
သူက အရဲစွန့်ကာ ကစားဝိုင်းအနီးသို့ လျှောက်လာခဲ့သည်။ ကစားသမားတစ်ယောက်ကရှုံးသွားသဖြင့် ညည်းညည်းညူညူနှင့် ဘေးသို့ထွက်ထိုင်သည်။
' ဦးလေးက ကံမလိုက်ချင်ဘူးနဲ့တူတယ် ' ၀လာဒက်က ပြောလိုက်သည်။
' ဒါ ကံနဲ့မဆိုင်ဘူးကွ ' ကစားသမားက ပြန်ပြောသည်။ ' တစ်နေ့လုံး ငါပဲ နိုင်ခဲ့တာ၊ ခုတော့ ငါ့မှာ ပိုက်ဆံ တစ်ပြားတောင် မကျန်တော့ဘူး '
' ဦးလေး ကုတ်အင်္ကျီကိုရောင်းမလား '
သူ့အင်္ကျီက ဟောင်းပေမယ့် ထူထူထည်းထည်း အကောင်းစား ၀က်ဝံရေသားမွေးအင်္ကျီ။ ထိုလူက ၀လာဒက်မျက်နှာကို သေသေချာချာကြည့်သည်။
' ရောင်းပေမယ့် မင်းက ငါတောင်းတဲ့ဈေးပေးနိုင်မှာမဟုတ်ပါဘူး၊ ငါက အနည်းဆုံး ၇၅ ရှုဘယ်လောက်လို ချင်တာ'
' လေးဆယ်ပေးပါ့မယ် '
' ခြောက်ဆယ်တော့ ထားပါ ငါ့တူရာ '
' ငါးဆယ်ပဲထားပါဗျာ '
' ငါးဆယ်တော့မရဘူး၊ ခြောက်ဆယ်အနည်းဆုံးပဲ၊ ဈေးရင်းက တစ်ရာတောင်ကျော်တာ '
' ဒါက ပီတာဘုရင်လကထက်က ဖြစ်မှာပါ '
ဝလာဒက်က ခြောက်ဆယ်မက တစ်ရာလည်းပေးရဲသည်။ အင်္ကျီက တကယ်လည်းကောင်းသည်။ သို့သော် သူ့တွင် ပိုက်ဆံများများရှိကြောင်း လူမသိစေချင်။ ထို့ကြောင့် ပရိယာယ်သုံး၍ သည်မျှ ဈေးဆစ် နေရခြင်းဖြစ်သည်။
' ဦးလေးက မတန်တဆပေးပြီး ၀ယ်ထားတာပဲ၊ ကျွန်တော်တော့ ငါးဆယ်ထက်တစ်ပြားမှ ပိုမပေးနိုင်ဘူး '
ဝလာဒက်က မ၀ယ်တော့သလိုဟန်ဖြင့် ထိုင်ရာမှ ထလိုက်သည်။
' နေပါဦးကွ ... နေစမ်းပါဦး၊ ကဲကွာ ... မထူးပါဘူး၊ ငါးဆယ်ပဲပေးပါတော့ '
ဝလာဒက်က အင်္ကျီအိတ်ထဲမှ ငါးဆယ်တန်တစ်ရွက် ထုတ်ပေးလိုက်သည်။ ကစားသမားက သူ့အင်္ကျီကို ချွတ် ပေးသည်။
အင်္ကျီက ၀လာဒက်ကိုယ်နှင့် အလွန်ပွပြီး ရှည်လည်း အလွန်ရှည်နေသည်။ မြေကြီးကို ထိမတတ် ဖြစ်နေ သည်။ သို့သော် ကုတ်အင်္ကျီကို မမြင်နိုင်အောင် ဖုံးထား၍ သူ့အတွက် အတော်ပဲ ဖြစ်နေသည်။
အင်္ကျီရောင်းသူက ၀င်ကစားပြန်သည်။ မကြာမီတွင်ပင် တစ်ပြားမှမကျန်အောင် ရှုံးသွားပြန်သည်။ ၀လာဒက်သည် ထိုလူထံမှ သင်ခန်းစာနှစ်ခုရလိုက်သည်။ ပထမသင်ခန်းစာက မကျွမ်းကျင်ဘဲ မကစားနဲ့။ ဒုတိယသင်ခန်းစာက ဆက်တိုက်နိုင်နေရာမှ အရှုံးဘက် ပြန်လှည့်လာလျှင် ဆက်မကစားနဲ့တော့။
ဝလာဒက်သည် ကုတ်အင်္ကျီရှည်ကြီးဝတ်ကာ ကစားဝိုင်းမှ ပြန်ထွက်လာခဲ့သည်။ သူ့ကိုယ်သူ အတော်ကလေး စိတ်ချလုံခြုံသွားပြီ ရထားတွဲတိုင်းတွင် လူတွေပြည့်သိပ်နေသည်။ တစ်နေရာတွင် မိန်းမကြီးတစ်ယောက် ထိုင်နေသည်။ အသက်လေးဆယ်ကျော်ခန့် ရှိလိမ့်မည်။ အ၀တ်အစားက တခြားအမျိုးသမီးတွေထက် တောက်တောက် ပြောင်ပြောင်ရှိသည်။ အပြာရောင်ဝတ်စုံဝတ်ထားသည်။ ခေါင်းပေါ်တွင်လည်း ပ၀ါစည်းထားသည်။ သူမက ၀လာဒက်ကို ပြုံး၍ကြည့်သည်။
' ကျွန်တော် ထိုင်နိုင်ပါသလား အန်တီ '
' ထိုင်ပါ ထိုင်ပါ၊ ရပါတယ် '
ဝလာဒက်က ၀င်ထိုင်သည်။ စကားလုံးဝမပြော။ အမျိုးသမီးကြီးကိုသာ မသိမသာ အကဲခတ်နေသည်။ အမျိုးသမီးက မျက်လုံးပြာပြာ၊ ဆံပင်နက်နက်နှင့် တော်တော်ကျက်သရေရှိသည်။ ကိုယ်ခန္ဓာက ၀၀ဖိုင့်ဖိုင့်။ ကြည့်ရတာ စိတ်ကောင်းရှိမည့်ပုံမျိုး။
' သူငယ်က ဘယ်သွားမှာလဲ '
ဝလာဒက်က လန့်သွားမိသည်။
' မော်စကို ကိုပါ '
' အန်တီလည်း မော်စကိုသွားမှာ '
ဝလာဒက်က ဒေါက်တာဒူဘီယင်မှာလိုက်သော စကားကို သတိရလာသည်။ ' ဘယ်သူနဲ့မှ စကားမပြောနဲ့၊ ဘယ်သူ့ကိုမှ မယုံနဲ့ '
အမျိုးသမီးက ဆက်မမေးတော့၍ ၀လာဒက်အဖို့ စိတ်အေးသွားရသည်။
မကြာမီ လက်မှတ်စစ် ၀င်လာသည်။ အအေးဒီဂရီ သုညအောက် နှစ်ဆယ်အထိရာက်နေချိန်တွင် ၀လာဒက် ချွေးပြန်ရပြီ။ လက်မှတ်စစ်က အမျိုးသမီးထံမှ လက်မှတ်ကိုယူပြီး ဆုတ်ဖြဲ၍ ပြန်ပေးသည်။ ထို့နောက် ၀လာဒက်ထံမှ တောင်းသည်။
' ရဲဘော် လက်မှတ် '
ဝလာဒက်သည် တစ်ကိုယ်လုံး မာတောင့်သွားသလို ထင်လိုက်ရသည်။ သူက ကုတ်အင်္ကျီအိတ်ထဲတွင် လက်နှိုက်ပြီး ဟိုစမ်းသည်စမ်း လုပ်နေသည်။
' သူက ကျွန်မသားလေးပါ ' အမျိုးသမီးက ခပ်တည်တည်အသံဖြင့် ပြောလိုက်သည်။
လက်မှတ်စစ်က အမျိုးသမီးကိုတစ်လှည့်၊ ၀လာဒက်ကိုတစ်လှည့်ကြည့်နေသည်။ ထို့နောက် အမျိုးသမီးအား ခေါင်းငုံ့နှုတ်ဆက်ပြီး ဘာမှမပြောဘဲ နေရာမှ ပြန်ထွက်သွားသည်။
ဝလာဒက်က အမျိုးသမီးဘက်သို့လှည့်ပြီး -
' အများကြီး ကျေးဇူးတင်ပါတယ် အန်တီ '
' မင်းအကျဉ်းသားရထားအောက်က ထွက်လာတာ ငါမြင်ပါတယ် '
ဝလာဒက်က အသည်းထိတ်သွားမိပြန်သည်။
' ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ငါ့မှာလည်း အကျဉ်းစခန်းမှာ မောင်ဝမ်းကွဲတစ်ယောက်ရှိတယ်၊ ဒီဘ၀မျိုးကို ဘယ်သူမှ မရောက်ချင်ပါဘူး၊ ငါကိုယ်ချင်းစာပါတယ်၊ မင်းအင်္ကျီအောက်မှာ ဘာပါလာသလဲ '
ဝလာဒက်က အလျင်အမြန် စဉ်းစားလိုက်သည်။ ပြူတင်းပေါက်ကပဲ ခုန်ချလိုက်ရမှာလား။ အင်္ကျီကိုပဲ ချွတ်ပြ လိုက်ရမှာလား။ ပြူတင်းပေါက်မှ ခုတ်ချလျှင် သေလမ်းသာမြင်သည်။ ထို့ကြောင့် သူက အင်္ကျီကို ချွတ်လိုက်သည်။
' မကြောက်ပါနဲ့ ထင်သလောက် မဆိုးသေးပါဘူး၊ မင်းဝတ်လာတဲ့အကျဉ်းသားဝတ်စုံက ဘယ်ရောက်သွားလဲ' အမျိုးသမီးက တိုးတိုးကလေးမေးနေသည်။
' ကျွန်တော် ရထားပေါ်က ပစ်ချခဲ့ပါတယ် '
' မင်း မော်စကိုမရောက်ခင် အဲဒီအင်္ကျီကို အစောင့်တွေ မတွေ့ပါစေနဲ့လို့သာ ဆုတောင်းပေတော့ '
ဝလာဒက်က ဘာမှပြန်မပြော။
' မော်စကိုရောက်တော့ နေစရာရှိသလား '
ဘယ်သူ့ကိုမှ မယုံနဲ့ဆိုသော ဒေါက်တာ့စကားကို သတိရမိပြန်သည်။ သို့သော် သူ့အနေဖြင့် အခြေအနေအရ သည်အမျိုးသမီးကိုတော့ ယုံရတော့မည်။
' ဘယ်နေရာမှ မရှိပါဘူး '
' ဒါဖြင့် ငါနဲ့လိုက်နေပါ၊ ဒီအတွင်း နေစရာရှာတာပေါ့၊ ငါ့ယောက်ျားက မော်စကိုက ရုံပိုင်တစ်ယောက်ပဲ၊ ဒီရထားက အစိုးရအရာရှိတွေအတွက် သီးသန့်ခန်း၊ နောက်ထပ် ဒီလိုရထားခိုးစီးရင်း မင်းကို ပြန်ဖမ်းပြီး အာကတ်စ်စခန်း ပြန်ပို့ကြလိမ့်မယ် '
ဝလာဒက်က တံတွေးမျိုချလိုက်ပြီးနောက် -
' ကျွန်တော် အခု ထွက်သွားရတော့မှာလား '
' မဟုတ်ဘူး ... မဟုတ်ဘူး၊ အခု သွားစရာမလိုတော့ဘူး၊ မင်းကို လက်မှတ်စစ်လည်း မြင်သွားပြီးပါပြီ၊ ဒီမှာ ငါရှိနေသမျှဘာမှစိုးရိမ်စရာ မရှိတော့ပါဘူး၊ မင်းမှာ မှတ်ပုံတင်ကတ်ပြားပါသလား '
' မပါပါဘူး၊ အဲဒါက ဘာကို ပြောတာလဲ '
' ဒီမှာက တော်လှန်ရေးကြီး ပေါ်ပေါက်ကတည်းက လူတိုင်းလူတိုင်းကို မှတ်ပုံတင်ကတ်ပြား ထုတ်ပေးထား တာ၊ အဲဒီကတ်ပြားပေါ်မှာ မင်းနာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ ရေးထားတယ်၊ အဲဒီကတ်ပြား မရှိတဲ့သူကို ဖမ်းပြီး ထောင်ဒဏ်ပေးတယ်၊ အဲဒီတော့ မော်စကိုရောက်ရင် မင်းက ငါ့အနားမှာကပ်နေ၊ ဘာစကားမှ မပြောနဲ့ '
' ကျေးဇူးအများကြီးတင်ပါတယ် အန်တီ '
' ကိစ္စမရှိပါဘူး၊ မင်းကို သနားလို့ ကူညီတာပါ၊ ဒါနဲ့ မင်းနာမည်က ဘယ်သူတဲ့တုံး '
' ၀လာဒက်ပါ '
' ကောင်းတယ်၊ ကဲ ... အိပ်ပေတော့ ၀လာဒက်၊ မင်းက သိပ်ပင်ပန်းနေပြီ၊ ခရီးက အဝေးကြီး ကျန်သေးတယ်၊ မင်းအတွက် စိတ်ချရသေးတာ မဟုတ်ဘူး '
ဝလာဒက် အိပ်ပျော်သွားသည်။
အကြာကြီး အိပ်ပျော်သွားပြီးတော့မှ နိုးလာခဲ့သည်။ အပြင်ဘက်တွင် မှောင်မည်းနေသည်။
သူက သူ၏ ကယ်တင်ရှင်အမျိုးသမီးကြီးကို ကြည့်လိုက်သည်။ အမျိုးသမီးက ပြုံးပြသည်။ ၀လာဒက်ကလည်း ပြန်၍ပြုံးပြလိုက်သည်။ သူမအား ယုံကြည်ပါရစေ၊ အာဏာပိုင်တွေကို သွားမတိုင်ပါစေနဲ့ဟုလည်း ကျိတ်၍ ဆုတောင်းလိုက်မိသည်။
အမျိုးသမီးက ၀လာဒက်အား အစေားအသောက်တွေ ထုတ်ကျွေးသည်။ ၀လာဒက်က ဘာမှမပြောဘဲ ငြိမ်သက်စွာ စားသောက်သည်။
နောက်ဘူတာတစ်ခုရောက်တော့ ခရီးသည်တွေအားလုံးရထားပေါ်မှ ဆင်းကြသည်။
အမျိုးသမီးလည်း ထိုင်ရာမှ ထလိုက်သည်။
' ကဲ ... လာ၊ ငါ့နောက်လိုက်ခဲ့ '
ဝလာဒက်က စင်္ကြံလမ်းမအတိုင်း အမျိုးသမီးနောက်မှ လိုက်လာခဲ့သည်။ သူ့ကို ဘယ်ကိုခေါ်သွားတာပါလိမ့်၊ အာဏာပိုင်တွေလက် ပြန်အပ်ဖို့များ သွားနေတာလား။
အမျိုးသမီးက သူမ၏ လက်ကိုကမ်းပေးသည်။ ၀လာဒက်က အလိုက်သိစွာဖြင့် သူမ၏လက်ကို လှမ်းဆွဲလိုက်သည်။ သူတို့ကို မြင်ရသည်မှာ မိခင်ဖြစ်သူက သားငယ်ကို လက်ဆွဲ၍ လျှောက်လာသလို ထင်ရသည်။
သူမသည် ' အမျိုးသမီးများသာ ' ဟု စာရေးထားသော အိမ်သာရှေ့သို့ လျှောက်လာသည်။ ၀လာဒက်က အိမ်သာထဲ မ၀င်ရဲဘဲ ဆုတ်ဆုတ်ဆိုင်းဆိုင်းလုပ်နေသည်။ သူမက ၀လာဒက်အား အိမ်သာထဲသို့ အတင်းဆွဲခေါ်သည်။
အထဲရောက်တော့ ၀လာဒက်အား အ၀တ်အစားတွေ ချွတ်ခိုင်းသည်။ ၀လာဒက်က အမျိုးသမီးခိုင်းသည့် အတိုင်း လုပ်သည်။ ၀လာဒက်က အ၀တ်အစားတွေ ချွတ်နေစဉ်တွင် အမျိုးသမီးက ရေပိုက်ကိုသွားဖွင့်သည်။ ရေတွေက ရွံ့ပုတ်ရောင်၊ အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ ၀လာဒက်အဖို့တော့ အကျဉ်းစခန်းကရေထက် အများကြီးသာသေးသည်ဟု ထင်မိသည်။
အမျိုးသမီးက ၀လာဒက်၏ ကိုယ်ပေါ်မှ ရှရာခြစ်ရာများနှင့် အနာများကို စိတ်ရှည်လက်ရှည် ရေပတ်သုတ် ပေးသည်။ ပြီးတော့ တစ်ကိုယ်လုံးကို ရေချိုးပေးသည်။ ခြေထောက်မှ အမာရွတ်ကြီးကိုမြင်တော့ အမျိုးသမီးက မျက်လုံးပြူးသွားသည်။ သူ့ကိုယ်ပေါ် တစ်ချက်ထိတိုင်း တစ်ချက်နာမိသော်လည်း ၀လာဒက်က မအော်ဘဲ အောင့်ခံသည်။ အမျိုးသမီးက အကဲခတ်မိ၍ အသာအယာ ပွတ်တိုက်ပေးသည်။
' အိမ်ရောက်တော့ ဒီအနာတွေ ကောင်းသွားအောင် ငါလုပ်ပေးပါ့မယ်၊ အခုလို လုပ်တာလည်း ပိုကောင်းတာ ပေါ့'
အမျိုးသမီးက ၀လာဒက်၏ လက်ကောက်ကွင်းကိုမြင်သွားသည်။ ဘွဲ့တံဆိပ်စာတန်းကို ဖတ်ကြည့်သည်။ သူမက ၀လာဒက်အား စေ့စေ့ကြည့်ပြီး -
' ဒါက မင်းဥစ္စာလား၊ ဘယ်သူ့ဆီက ခိုးလာတာလဲ '
' ကျွန်တော် ခိုးလာတာ မဟုတ်ပါဘူး၊ ကျွန်တော့်ဖေဖေ မသေခင်က ပေးခဲ့တာပါ '
အမျိုးသမီးက ၀လာဒက်အား စေ့စေ့ကြည့်နေပြန်သည်။ ကြည့်ပုံက အမျိုးမျိုးပြောင်းလဲနေသည်။ ကြောက်လို့လား၊ လေးစားလို့လား။
သူမက ဦးခေါင်းကိုငုံ့ကာ အရိုအသေပြုလိုက်ပြီး -
' သတိထားပါ ၀လာဒက်၊ ဒီပစ္စည်းက အများကြီး တန်ဖိုးရှိတယ်၊ ဒီပစ္စည်းအတွက် လူတွေ တစ်ယောက်ကို တစ်ယောက် သတ်ကြလိမ့်မယ် '
ဝလာဒက်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ ပြီးတော့ အ၀တ်ပြန်ဝတ်သည်။
သူတို့နှစ်ယောက် ရထားဆီသို့ ပြန်လာခဲ့ကြသည်။ ဘူတာတစ်ခုတွင် ရထားတစ်နာရီမျှ ရပ်နေတတ်သည်မှာ ဘာမှမဆန်းတော့။ ရထားပြန်ထွက်တော့မှ ၀လာဒက်အနေရအထိုင်ရ သက်တောင့် သက်သာရှိသွားသည်။
သို့သော် ရထားပေါ်သို့ လက်မှတ်စစ် တက်လာပြန်သောအခါ သူ့အဖို့ နေမထိ ထိုင်မသာဖြစ်နေရပြန်သည်။ သူက ဘာမှမသိသော ကလေးငယ်တစ်ယောက်လို အမှုမဲ့ အမှတ်မဲ့ နေလိုက်သည်။ လက်မှတ်စစ်တက်လာတိုင်း အမျိုးသမီးက သူ့ကို ကာကွယ်သည်။ လက်မှတ်စစ်တွေက အမျိုးသမီးကို လေးလေးစားစား ဦးညွတ်အရိုအသေပေးကာ ပြန်လှည့်သွားကြသည်ချည်းဖြစ်သည်။
မိုင်ပေါင်းတစ်ထောင်လောက် ထွက်ခွာလာခဲ့ပြီးမှ မော်စကိုမြို့တွင် ရထားဆိုက်သည်။ စုစုပေါင်း ၁၂ နာရီခွဲခန့် ခုတ်မောင်းခဲ့ရသည်။
ခရီးသည်များ ရထားပေါ်မှ ကမန်းကတန်းဆင်းပြီး အရပ်လေးမျက်နှာသို့ သုတ်သီးသုတ်ပျာနှင့် ထွက်သွား ကြသည်။ ၀လာဒက်မှာ မရောက်ဖူးသော မြို့ကြီးပြကြီးဖြစ်၍ ကြောက်စိတ်ဝင်လာသည်။ အမျိုးသမီးက သူ့အမူအရာကို အကဲခတ်မိသည်။
' ဘာမှ ကြောက်မနေနဲ့၊ ငါ့နေက်သာလိုက်ခဲ့၊ ပါးစပ်ကိုပိတ်ထား၊ ဘာစကားမှ မပြောနဲ့၊ ဦးထုပ်ကိုလည်း အမြဲတမ်းဆောင်းထား '
ဝလာဒက်က အမျိုးသမီး၏ သေတ္တာများကို စင်ပေါ်မှ လှမ်းယူသည်။ ထို့နောက် ဦးထုပ်ကို နားရွက်ဖုံးလုမတတ် ဆွဲဆောင်းလျက် ရထားစင်္ကြ့အတိုင်း အမျိုးသမီးနောက်မှ လိုက်လာခဲ့သည်။
ဂိတ်ဝတွင် လူတွေ စုပြုံတိုးနေကြသည်။ ဂိတ်စောင့်က မှတ်ပုံတင်စစ်နေခြင်းဖြစ်သည်။ ဂိတ်ဝရောက်တော့ ၀လာဒက်၏ ရင်သည် တထိတ်ထိတ် ခုန်လာသည်။ သို့သော် ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။ ဂိတ်စောင့်က အမျိုးသမီး၏ မှတ်ပုံတင်ကို ကြည့်ရုံသာကြည့်၍ လှမ်းကြည့်လိုက်သည်။
ပြီးတော့ ၀လာဒက်အား လှမ်းကြည့်လိုက်သည်။
' ကျွန်မ သားကလေးပါ ' အမျိုးသမီးက ပြောလိုက်သည်။
' အို ... ဟုတ်ကဲ့ခင်ဗျာ ' ဂိတ်စောင့်က ဆလံထပ်ပေးပြန်သည်။
ဝလာဒက်သည် မော်စကိုမြို့တော်သို့ ဘေးမသီ ရန်မခ ရောက်လာခဲ့ရပြီ။
*
ဝလာဒက်သည် ကျေးဇူးရှင် အမျိုးသမီးပေါ်တွင် ယုံကြည်စိတ်ချပြီး သူ့အသက်နှင့် ခန္ဓာကိုယ်ကို ပုံအပ်ထားပြီးဖြစ်သည်။ သို့တိုင်အောင် အခွင့်သာလျှင် ထွက်ပြေးချင်စိတ်ကတော့ သူ့ရင်ထဲတွင် အမြဲတမ်း ကိန်းအောင်းနေသည်။ သို့သော် သူ့မှာ ငွေ ၁၅၀ သာကျန်တော့သည်။ ထိုငွေနှင့် တူရကီနိုင်ငံ အထိသွားရန် ဘယ်လိုဖြစ်နိုင်ပါမည်နည်း။ ထို့ကြောင့် သူက လောလောဆယ်တွင် ရုံပိုင်ကတော်နှင့်ပဲ လိုက်နေရန် ဆုံးဖြတ်လိုက်သည်။ နောက်မှ အခွင့်အရေးပ်ါလာလျှင်လည်း ပေါ်လာသလို မီးစင်ကြည့်စခန်း သွားရတော့မည်။
ရုံပိုင်ကတော်သည် ဘူတာရုံအပြင်ဘက်တွင် မြင်းရထားတစ်စီးငှားကာ သူမ၏ ၀မ်းမနားသားကလေးအား အိမ်သို့ခေါ်လာခဲ့သည်။ သူတို့ရောက်သွားချိန်တွင် ရုံပိုင်ကြီးက အိမ်မှာမရှိ။
ခရီးရောက်မဆိုက်ပင် ရုံပိုင်ကတော်က ၀လာဒက်အတွက် အိပ်ရန် နေရာပြင်ပေးသည်။ ထို့နောက် ရေနွေးကျိုသည်။ တော်တော်ကလေး နွေးတော့ သံပုံးကြီး တစ်ပုံးထဲလောင်းထည့်သည်။ ပြီးတော့ ၀လာဒက် အား ရေချိုးခိုင်းသည်။ ၀လာဒက်အဖို့ ရဲတိုက်အနီးမှ ဖြစ်ထဲတွင် ခုန်ဆင်း၍ ချိုးခဲ့ရခြင်းမှလွဲလျှင် လေးနှစ် ကာလ အတွင်း ဇိမ်ရှိရှိဖြင့် ပထမဆုံးအကြိမ် ချိုးရခြင်းပင်ဖြစ်သည်။
ရုံပိုင်ကတော်က ရေနွေးထပ်တည်သည်။ သံပုံးထဲသို့ ထပ်ဖြည့်သည်။ ၀လာဒက်အား ဆပ်ပြာတိုက်ပေး သည်။ ကျောကုန်းကို ချေးတွန်းပေးသည်။ ၀လာဒက်သည် တစ်ကိုယ်လုံးတွင် အနာတရ မရှိသည့် နေရာဆို၍ ကျောပြင်တစ်ခုသာ ကျန်သည်။
သံပုံးထဲမှ ရေများသည် ၁ဝ မိနစ်အတွင်း အားလုံး အနက်ရောင်ဘ၀သို့ ပြောင်းလဲသွားသည်။
ရေချိုးပြီးနောက် ကိုယ်သုတ်ပေးသည်။ ခြေထောက်နှင့် လက်များကို ဆီမွှေးတစ်မျိုးနှင့် ပွတ်လိမ်းပေးသည်။ ဒဏ်ရာများကို ဆေးထည့်ပေးသည်။
ရုံပိုင်ကတော်က ၀လာဒက်ရင်ဘက်မှ နို့သီးခေါင်းတစ်လုံးတည်းကို စိုက်ကြည့်နေသည်။ ၀လာဒက်က ကမန်းကတန်း အင်္ကျီကောက်ဝတ်လိုက်သည်။
ထို့နောက် မီးဖိုခန်းသို့ ၀င်လာကြသည်။ ရုံပိုင်ကတော်က ၀လာဒက်အား စွပ်ပြုတ်ပူပူတစ်ခွက်နှင့် ပဲဟင်း များကို ထုတ်ကျွေးသည်။ ၀လာဒက်က ဆာဆာနှင့် အငမ်းမရ စားပစ်လိုက်သည်။ တစ်ယောက်မျှ စကား မပြောကြ။
စားသောက်ပြီးသောအခါ အပန်းပြေအောင် သွားအိပ်ပါတော့ဟု ပြောသည်။
' မင်းကို ငါ့ယောက်ျား မမြင်စေချင်သေးဘူး၊ သူရောက်ရင် ငါအလျင် ရှင်းပြဦးမယ်၊ ဒါနဲ့ ငါ့ယောက်ျား သဘော တူရင် ငါတို့နဲ့အတူနေမလား ၀လာဒက် '
ဝလာဒက် က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
' ကဲ ... ဒါဖြင့် သွားအိပ်ချေတော့ '
ရုံပိုင်ကြီးက ကြည်ကြည်ဖြူဖြူ သဘောတူပါစေဟု ဆုတောင်းရင်း အိပ်ခန်းထဲသို့ဝင်လာခဲ့သည်။ အပေါ်အင်္ကျီကိုဖြည်းဖြည်းချင်း ချွတ်သည်။ ခုတင်ပေါ် တက်လိုက်သည်။
လူကလည်း သန့်ရှင်းနေသည်။ အိပ်ရာကလည်း သန့်ရှင်းနေသည်။ မွေ့ရာကလည်း အထူကြီး။ အိစက်နူးညံ့ နေသည်။ သူက ခေါင်းအုံးကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး မွေ့ရာပေါ်တွင်ပင် လှဲအိပ်လိုက် သည်။ ပင်ပန်းလွန်း၍ ခဏချင်း အိပ်ပျော်သွားသည်။
သူသည် အချိန်တော်တော်ကြာကြာ အိပ်ပျော်သွားရာမှ လန့်နိုးလာသည်။ စကားပြောသံတွေ ကျယ်ကျယ် ကြားရသည်။ မီးဖိုခန်းထဲမှ ပြောနေသံဖြစ်သည်။
ခုတင်ပေါ်မှ အသာကလေးဆင်းသည်။ အပြင်ဘက်တွင် မှောင်နေဆဲရှိသေးသည်။ တံခါးကို ဖြည်းဖြည်းချင်း လျှောက်လာသည်။ အသံမကြားအောင် အသာကလေးဖွင့်သည်။ တံခါးဝတွင် ရပ်ကာ အသံလာရာဘက်သို့ နားစွင့်လိုက်သည်။
' မင်းဟာ တော်တော်မိုက်မဲတဲ့ မိန်းမ၊ အဖမ်းခံရရင် ဘယ်လိုနေမယ်ဆိုတာ မင်းနားမလည်ဘူးလား၊ ကိုယ့်သေတွင်းမှ ကိုယ်သွားတူးတာ အံ့ပါရဲကွာ ဟင်း '

' ဒါပေမဲ့ သူ့ခမျာ သနားစရာကလေးပါ၊ ပြီးတော့ ... သူ့ကိုမြင်ရရင် ရှင်လည်း သနားမိမှာပါ '
' ထားစမ်းပါကွာ၊ ငါ့ဆွဲမထည့်စမ်းပါနဲ့၊ မင်းလုပ်ပုံက မုဆိုးလိုက်နေတဲ့ အမဲကို အိမ်ထဲ ဆွဲခေါ်လာသလို ဖြစ်နေပြီ၊ အဲဒါကို မင်း စဉ်းစားမိရဲ့လားဟင်၊ သူ့ကို မင်းခေါ်လာတာ ဘယ်သူတွေ မြင်လိုက်သေးသလဲ၊ တစ်ယောက်ယောက်များ မြင်သွားပြီလားဟင် '
' ဘယ်သူမှ မမြင်ပါဘူး၊ ကျွန်မက တိတ်တိတ်ကလေး ခေါ်လာတာပါ '
' ဒါဆို တော်ပါသေးရဲ့ အဲဒီတော့ သူ ဒီမှာရှိတယ်ဆိုတာ ဘယ်သူမှမသိခင် အမြန်ဆုံး ပြန်ထုတ်ရမယ်၊ ဒါ တို့အတွက် အဓိကအလုပ်ပဲ '
' စဉ်းစားပါပြိုတာရယ်၊ ကျွန်မ တောင်းပန်ပါတယ်၊ သူ့မှာ ဘယ်မှလည်းသွားစရာမရှိရှာပါဘူး၊ ဘယ်သူမှလည်း မရှိဘူး၊ မိဘမဲ့ကလေးတစ်ယောက်ပါ၊ ဖြစ်နိုင်ရင် ကျွန်မတောင် မွေးစားထားချင်တယ် '
' ဟေ့ ... မိန်းမ၊ ရှည်မနေနဲ့၊ သူသွားချင်ရာသွားပါစေ၊ တို့နဲ့ ဘာမှမဆိုင်ဘူး၊ တို့တာဝန်က ခုချက်ချင်းမောင်း ထုတ်ဖို့ပဲ '
' ကလေးက ချစ်စရာလေးပါ ပြိုတာရယ်၊ ပြောတဲ့စကားကိုလည်း နားထောင်ပါတယ်၊ ပြီးတော့ ကလေကချေအစားထဲက မဟုတ်ပါဘူး၊ သူ့အဖေဟာ နယ်စားကြီးတစ်ယောက်လို့လည်း သူကပြောပါ တယ်။ သူလိမ်ပြောမယ် မထင်ပါဘူး၊ သူ့လက်မှာ ငွေလက်ကောက်ကွင်းတစ်ကွင်းလည်း ၀တ်ထားတယ်။ အဲဒီမှာ စာတန်းထိုးထားတာက
' အဲ .. အဲဒါမှ ပိုဆိုးမယ် မှတ်ထား၊ အဲဒီလို မျိုးကြီးဆွေကြီး အကျဉ်းသားတွေကို လက်ခံထားရင် အာဏာပိုင် တွေက ပိုမကြိုက်သေးဘူးကွ၊ လက်ခံထားတဲ့လူပါ အသေသတ်လိမ့်မယ် သိရဲ့လား '
' ကျွန်မတို့မှာက သားယောက်ျားကလေး မရှိဘူးမဟုတ်လား ပြိုတာရယ်၊ ဘာပဲဖြစ်ဖြစ်၊ သူ့ခမျာ ကလေးကို လက်ခံထားလိုက်ရင် နှစ်ဦးနှစ်ဝ အကျိုးရှိနိုင်ပါတယ်၊ မွေးစားပါရစေနော် ... နော် '
' ဟေ့ ... ငါပြောနေတယ်၊ မရဘူးဆို မရဘူး ဒါပဲ၊ သူ့ကို ခုချက်ချင်း ပြန်သွားခိုင်းရမယ် '
ဝလာဒက်က သူတို့စကားကိုဆက်၍ နားမထောင်ချင်တော့၊ သူ၏ကျေးဇူးရှင်မကြီးကို သူ့အနေဖြင့် ပြန်လည် ကျေးဇူးဆပ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဘယ်သူမှမသိအောင် ညတွင်းချင်း တိတ်တိတ် ကလေးထွက်သွားရန်သာ ရှိတော့ကြောင်း သူက သဘောပေါက်လိုက်မိသည်။
သို့ဖြင့် ကမန်းကတန်း အင်္ကျီပြန်ဝတ်သည်။ သူ အိပ်ထားသောအိပ်ရာကို နောက်ဆုံး နှုတ်ဆက်သည့်အနေ ဖြင့် ပြန်ကြည့်လိုက်သည်။
ပြူတင်းပေါက်နားသို့ လျှောက်လာပြီး မင်တုပ်ကိုဖွင့်သည်။
ထိုအချိန်တွင် အခန်းတံခါးပွင့်သွားပြီး ရုံပိုင်ကြီး ၀င်ရောက်လာသည်။ သူက ပုပုသေးသေးကလေး။ အရပ်က ၀လာဒက်လောက်သာရှိသည်။ ဗိုက်ကြီးကပူပူ၊ ခေါင်းက ပြောင်ပြောင်။ နောက်ဘက်တစ်ခြမ်းတွင် ဆံပင်တွေ ဖြူနေကြပြီ။ သူသည် ကိုင်းမပါသောမျက်မှန်ကို တပ်ထားသည်။ လက်ထဲတွင်လည်း မှန်အိမ် တစ်လုံးဆွဲလျက်။
သူက အခန်းဝတွင် ရပ်ကာ ၀လာဒက်ကို စိုက်ကြည့်နေသည်။ ၀လာဒက်ကလည်း ညိုးငယ်သောမျက်နှာ ဖြင့် ပြန်ကြည့်နေသည်။
' အောက်ကို ဆင်းခဲ့ ' ရုံပိုင်ကြီးက အမိန့်ပေးသည်။
ဝလာဒက်သည် ကြောက်ကြောက်လန့်လန့်ဖြင့် သူ့နောက်မှလိုက်ကာ မီးဖိုခန်းထဲသို့ ၀င်လာခဲ့သည်။ သူ့မိန်းမက စားပွဲတွင်ထိုင်ကာ ငိုနေသည်။
' သူငယ် ငါပြောတာ သေသေချာချာ နားထောင် '
' သူ့နာမည်က ၀လာဒက်တဲ့ '
' ကဲ .. ငါပြောတာနားထောင်၊ မင်းဟာ အန္တရာယ်ကောင်ပဲ၊ အဲဒီတော့ မင်းဒီအိမ်ထဲက ချက်ချင်းထွက်သွားပါ၊ ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွား၊ မင်းကို ငါတစ်ခုတော့ ကူညီလိုက်မယ် '
ဝလာဒက်က ဘာမျှပြန်မပြောဘဲ ကြောင်ကြောင်ကြီး ကြည့်နေသည်။
' မင်းကို ငါ ရထားလက်မှတ်တစ်စောင် ပေးလိုက်မယ်၊ မင်းက ဘယ်ကိုသွားမှာလဲ '
' အိုဒက်ဆာကိုပါ ' ၀လာဒက်က အိုဒက်ဆာ ဘယ်မှာရှိမှန်းလည်း မသိ။ ရထားခ ဘယ်လောက်ပေးရမှန်းလည်း မသိ။ ဒေါက်တာ ဒူဘီယင်ပေးလိုက်သော မြေပုံထဲက လမ်းညွှန်အတိုင်း စွတ်ပြောမိလိုက်ခြင်းသာဖြစ်သည်။
' အား ... အိုဒက်ဆာ ဟုတ်လား၊ မင်း မလွယ်ဘူး၊ ရာဇ၀တ်မှုမျိုးစုံဖြစ်တဲ့ နေရာပဲ၊ အေးလေ ဘာပဲဖြစ်ဖြစ်၊ မင်းလည်း ဒီပုတ်ထဲက ဒီပဲပဲ မဟုတ်လား၊ မင်းအတွက်တော့ ကိုယ့်နေရာကိုယ် ပြန်ရောက်သွားသလိုပဲ နေမှာပေါ့ '
' ဒါဖြင့်လည်း သူ ဒီမှာပဲ နေပါစေလား ပြိုတာရယ်၊ သူ့အတွက် ကျွန်မ တာဝန်ယူပါ့မယ် ကျွန်မ ... '
' မရဘူးကွ၊ ဘယ်တော့မှ မရဘူး၊ သူ့ကို ဒီမှာထားလို့ လုံးဝမဖြစ်ဘူး '
' အိုဒက်ဆာအထိ သွားနိုင်အောင် ငါက စာရွက်စာတမ်းတွေ လုပ်ပေးလိုက်ပါမယ် ' သူက ၀လာဒက်ဘက်သို့ လှည့်ပြီး ' အဲဒီတော့ ငါပြောချင်တာက မင်းကို ငါ ရထားပေါ်တင်ပို့လိုက်မယ်၊ ဒါပေမဲ့ မော်စကိုကို မင်းပြန်လာတယ်ဆိုတာ ကြားရရင် ဖြစ်စေ၊ ဒါမှမဟုတ် မင်းပြန်ရောက်နေတာ ကြားရရင်ဖြစ်စေ၊ ဒါမှမဟ်ုတ် မင်းပြန်ရောက်နေတာ မြင်ရရင်ဖြစ်စေ မင်းကို ငါကိုယ်တိုင်ဖမ်းပြီး အနီးဆုံး ထောင်ကို ပို့မယ်ဆိုတာကိုတော့ သေသေချာချာ မှတ်ထားပါ၊ အဲဒီမှာ မင်းကို သူတို့က ချက်ချင်း ပစ်မသတ်ရင်တော့ အကျဉ်းစခန်းကိုပဲ ပြန်ပို့ကြမှာပဲ '
ရုံပိုင်ကြီးက မီးဖိုပေါ်မှ စားပွဲတင်နာရီကို လှည့်ကြည့်လိုက်သည်။ ဆယ့်တစ်နာရီ ငါးမိနစ်ရှိနေပြီ။ သူက မိန်းမဘက်သို့ လှည့်ကြည့်ပြီး
' ဆယ့်နှစ်နာရီမှာ အိုဒက်ဆာ ရထားတစ်စီး ရှိသေးတယ်၊ ငါ သူ့ကို ဘူတာခေါ်သွားမယ်၊ ရထားပေါ် တင်ပေးပြီး ပါသွားတဲ့အထိ လိုက်ကြည့်ရမယ်။ ဒါနဲ့ မင်းမှာ အထုပ်အပိုးတွေ ဘာတွေ ပါသေးသလား သူငယ် '
ဝလာဒက်က မပြောလိုက်နိုင်မှာပင် ရုံပိုင်ကတော်က ဖြတ်ပြီးပြောလိုက်သည်။
' ပါတယ် ပါတယ်၊ ကျွန်မသွားယူလိုက်မယ် '
ဝလာဒက်နှင့်ရုံပိုင်ကြီးတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရပ်နေကြသည်။ တစ်ယောက်မျှ စကားမပြော။ သူတို့ရင်ထဲတွင် တူညီသော ခံစားချက်တွေ ကိုယ်စီနှင့် တစ်ယောက်ကို တစ်ယောက် မကျေနပ်သောခံစားချက်။
ရုံပိုင်ကတော် တော်တော်နှင့် ပြန်မလာ။ တိုင်ကပ်နာရီကြီးက အသံတစ်ချက်ပေးလိုက်သည်။ ၁၁ နာရီခွဲသွားပြီ။
ရုံပိုင်ကြီးက ၀လာဒက်မျက်နှာကိုသာ စိုက်ကြည့်နေသည်။
ရုံပိုင်ကတော်ပြန်ဝင်လာသည်။ လက်ထဲတွင်လည်း အညိုရောင် စက္ကူအိတ်ကြီး တစ်အိတ် ပါလာသည်။ စက္ကူအိတ်ကို ကြိုးနှင့် စည်းထားသည်။
ဝလာဒက်က စက္ကူအိတ်ကို လှမ်းကြည့်လိုက်သည်။ အားနာစိတ်ကြောင့် ငြင်းပယ်ရန် စိတ်ကူးမိသည်။ ရုံပိုင် ကတော်က ၀လာဒက်၏ အတွင်းစိတ်ကို အကဲခတ်မိပြီး မျက်နှာပျက်သွားသည်။ သည်တော့မှ ၀လာဒက်ပါးမှ မရည်မှန်းသော စကားလုံးထွက်သွားသည်။
' ကျေးဇူးတင်ပါတယ် အန်တီ '
' ကဲ ... ဒါကလေး သောက်သွားပါဦး ' သူမက စွပ်ပြုတ်ပန်းကန်ကို အရှေ့သို့ ကမ်းပေးသည်။
ဝလာဒက်က စေတနာရှင် ကျေနပ်စေရန် စွပ်ပြုတ်ဟင်းရည်ကို ပလုတ်ပလောင်း သောက်ပစ်လိုက်သည်။
' ခွေးစား ၀က်စား စားတာပဲ တိရ စ္ဆာန်ကလေး '
ရုံပိုင်ကြီးက သိက္ခာချလိုက်သည်။
ဝလာဒက်က ရုံပိုင်ကြီးမျက်နှာ မော့ကြည့်သည်။ သူ့မျက်လုံးများတွင်တော့ မုန်းတီးရိပ်တွေ ဝေလျက်။ သူက သူ့ကျေးဇူးရှင်မကြီးအတွက် သနားမိသည်။ သည်လို လူစိတ်မရှိသော ယောက်ျားမျိုးနှင့် တစ်သက်လုံး ပေါင်းသွားရမည်မှာ မိန်းမဖြစ်သူအတွက် နစ်နာလှသည်။
' ကဲ ... လာ၊ သွားကြမယ် ' ရုံပိုင်ကြီးက ခေါ်သည်။ ' ရထားလွတ်သွားလို့မဖြစ်ဘူး '
ရုံပိုင်ကြီးက ရှေ့မှထွက်သွားသည်။ ၀လာဒက်က နောက်မှလိုက်သွားသည်။ ရုံပိုင်ကတော် ရှေ့ရောက်တော့ ခြေလှမ်းတုံ့သွားသည်။ သူက ရုံပိုင်ကတော်လက်ကို ဆုပ်ကိုင်လိုက်သည်။ တစ်စုံတစ်ရာ တုံ့ပြန်မှုရရှိမည် ဟုထင်လိုက်သည်။ တစ်ယောက်မျှ စကားမပြောကြ။ ပြောစရာစကားလည်းမရှိ။ စိတ်ထဲက ပြောချင်တာကို လည်း စကားလုံးက အဓိပ္ပာယ်ပေါက်အောင် ဖော်နိုင်မည်မဟုတ်ဟု ထင်ကြသည်။
*
ရုံပိုင်ကြီးနှင့် သုံ့ပန်းလူငယ်ကလေးတို့သည် မှောင်ရိပ်ခိုကာ မော်စကိုမြို့တော်လမ်းများကိုဖြတ်ပြီး ဘူတာရုံသို့ လာခဲ့ကြသည်။ ရုံပိုင်ကြီးက ၀လာဒက်အား အသွားလက်မှတ်တစ်စောင်နှင့် အနီရောင် စာရွက်ကလေးတစ်ရွက်ပေးသည်။
ထို့နောက် ရုံပိုင်ကြီးက အင်္ကျီအိတ်ထဲမှ စာရွက်တစ်ရွက်ဆွဲထုတ်ပြီး ကမန်းကတန်း လက်မှတ်ထိုးကာ မျက်နှာပုပ်သိုးသိုးဖြင့် ကမ်းပေးသည်။ ရုံပိုင်ကြီး၏ မျက်လုံးတွေက ကျီးကန်းတောင်းမှောက်ဖြစ်နေသည်။ ဘေးဘီကို မယုံသလို ခဏခဏ လှည့်ကြည့်နေသည်။ သည်လိုမျက်လုံးတွေ ၀လာဒက်သည် လေးနှစ်ကာလအတွင်း အများကြီး မြင်ခဲ့ဖူးပြီ။ သူရဲဘောကြောင်သောမျက်လုံးများ။
' မင်းအကြောင်း နောက်ထပ်ကြားလည်း မကြားချင်ဘူး၊ မင်းကိုလည်း ဘယ်တော့မှ မမြင်ချင်ဘူး၊ ငါပြောတာ မြဲမြဲမှတ်ထားပါ '
သည်စကားမျိုးတွေကိုလည်း ၀လာဒက်အဖို့ မကြားချင်အဆုံး ကြားခဲ့ဖူးပါပြီ။
သူက မျက်နှာကို မော့ကြည့်လိုက်သည်။ တစ်စုံတစ်ရာကို ပြောရန် ပါးစပ်မဟလိုက်နိုင်မီမှာပင် ရုံပိုင်ကြီးက အမှောင်ရိပ်ထဲသို့ သုတ်သုတ် သုတ်သုတ် ၀င်သွားသည်။
ဝလာဒက်သည် စက္ကူအိတ်ကို ချိုင်းကြားတွင်ညှပ်၊ ဦးထုပ်ကို ပြင်ဆောင်းပြီး ဂိတ်ဝသို့ လျှောက်လာခဲ့သည်။ ယခုတော့ သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီ။
ဂိတ်စောင့်အား လက်မှတ်ထုတ်ပြလိုက်သည်။ ရှောရှောရှုရှုပင် ၀င်ခွင့်ရသည်။
ရထားပေါ်တက်လာခဲ့သည်။
တစ်နည်းအားဖြင့် သူ့အဖို့ ကံကောင်းပါသည်။ မော်စကိုမြို့ကြီးကို တဒင်္ဂရောက်ခဲ့ဖူး၍ ၀မ်းသာစရာပင် ကောင်းပါသေးသည်။ သူ့အနေဖြင့် သည်မြို့ကြီးသို့ ဘယ်တော့မှ ပြန်ရောက်နိုင်တော့မည် မဟုတ်ပါ။
သို့ပေမဲ့ သည်မြို့ကြီးကို သူက တစ်သက်မမေ့နိုင်တော့ပါ။ အထူးသဖြင့် သူ့အပေါ်တွင် မိခင်စိတ်အပြည့်ဖြင့် မေတ္တာစေတနာမိုးတွေ သွန်းဖြိုးဝေလိုက်သော ရုံပိုင်ကတော် ကျေးဇူးရှင်မကြီးကိုတော့ သက်ဆုံးတိုင် သတိရနေတော့မည် ဖြစ်ပါသည်။
သြော် ... ငါ့နှယ် ... သူ့နာမည်ကိုတောင် မမေးမိခဲ့ပါကလား။
*
ဝလာဒက်သည် ရိုးရိုးတန်း ရထားတွဲတွင် တစ်နေရာရသည်။ သူက ဒေါက်တာဒူဘီရင်ပေးလိုက်သော မြေပုံစာရွက်ကို ဖြန့်ကြည့်သည်။ မြေပုံထဲတွင် မော်စကိုမြို့နှင့် အိုဒက်ဆာမြို့ အကွာအဝေး တစ်လက်မခန့်သာ ပြထားသော်လည်း လက်တွေ့တွင် မိုင်ပေါင်း ၈၅၀ အထိ ကွာဝေးသည်။ သို့ပေမဲ့ အာကတ်စ်မြို့လောက်တော့ မဝေး။
ဝလာဒက်က မြေပုံကို လေ့လာနေရင်းမှ ရထားတွဲတစ်နေရာတွင် ကစားနေသော ခေါင်းပန်းဝိုင်းသို့ အာရုံ ရောက်သွားသည်။ သို့ဖြင့် မြေပုံစာရွက်ကို ကုတ်အင်္ကျီအနားပတ်ထဲတွင် လုံခြုံစွာ ပြန်သိမ်းထားလိုက်ပြီး နောက် ကစားပွဲကို စိတ်ဝင်စားစွာ အကဲခတ်ကြည့်လိုက်သည်။
ကစားသမားတစ်ယောက်က ပွဲတိုင်းလိုလို နိုင်နေသည်။ တခြားသူတွေက ဥာဏ်သုံး၍ ကစားတာတောင်မှ သူကချည်း နိုင်နေသည်။ ၀လာဒက်က ထိုလူကို သတိနှင့် စောင့်ကြည့်နေသည်။ ထိုလူသည် တခြားလူတွေထက်ပို၍ ကျွမ်းကျင်ပြီး ပညာသုံး၍ လိမ်ကစားနေကြောင်းတွေ့ရသည်။
သို့ဖြင့် သူက ကစားဝိုင်းသို့ ထသွားပြီး အလယ်တွင် ၀င်၍ နေရာယူလိုက်သည်။ ပြီးတော့ တစ်ဖက်သူ၏ လက်အယူအဆကို သေသေချာချာ စောင့်ကြည့်ပြီး ၀င်လောင်းသည်။ သူက တစ်ကျပ်ရှုံးလျှင် နှစ်ကျပ် ပြန်လောင်းသည်။ နှစ်ကျပ်ရှုံးလျှင် လေးကျပ်ပြန်လောင်းသည်။ နောက်ပိုင်းတွင် ၀လာဒက်ချည်း ဆက်တိုက် နိုင်လာသည်။ ဒိုင်ကိုင်သူက ၀လာဒက်မျက်နှာကို မော်၍ပင် မကြည့်။
နောက်ဘူတာတစ်ခုသို့ရောက်တော့ ၀လာဒက်က ၁၄ ရူဘယ်ပင် အနိုင်ရနေပြီ။ နှစ်ရူဘယ်ဖြင့် သစ်တော်သီးတစ်လုံးနှင့် စွပ်ပြုတ်ပူပူတစ်ခွက် ၀ယ်ကာ ဟာနေသောဗိုက်ကိုဖြည့်တင်းလိုက်သည်။
ရထားပေါ်သို့ ပြန်အတက်တွင် သူ့အား တစ်စုံတစ်ယောက်က ပိတ်ကန်လိုက်ရာ ရထားတွဲနံရံတွင် မျက်နှာ သွားစောင့်သည်။ နှာခေါင်းမှ သွေးတွေ စီးကျလာသည်။ တစ်ချိန်တည်းတွင် အဆိုပါ လူက သူ့နားရင်းကို ဓားမြှောင်နှင့် ထောက်ထားလိုက်သည်။
' ခွေးမသားလေး၊ မင်း ငါ့စကားနားထောင်မလား မထောင်ဘူးလား '
' ထောင်ပါ့မယ်ခင်ဗျာ '
' မင်း ဒီတွဲထဲ လုံးဝပြန်မလာနဲ့၊ လာရင် မင်းနားရွက် ဖြတ်ပစ်မယ်၊ ကြားရဲ့လား ငါပြောတာ '
' ဟုတ်ကဲ့ ... ဟုတ်ကဲ့၊ ကြား ... ကြားပါတယ်ခင်ဗျာ '
ဝလာဒက်၏ နားရင်းမှ အရေပြားကို ဓားရှသွားပြီး လည်ပင်းတစ်လျှောက် သွေးများ စီးဆင်းလာသည်။
' အေး ... ဒါပဲ၊ ဒါ ပထမဆုံးနဲ့ နောက်ဆုံးသတိပေးတာပဲကွ '
ကစားသမားက သည်လောက်နှင့် အားမရသေးဘဲ ၀လာဒက်၏ ၀မ်းဗိုက်ကို တအားပိတ် ကန်လိုက်ပြန်သည်။ ၀လာဒက်သည် အွန့်ခနဲ အသံထွက်သွားပြီး မြေကြီးပေါ်တွင် ပုံလျက်လဲကျသွားသည်။ တစ်ဆက်တည်းတွင် ထိုသူက ၀လာဒက်၏ ကုတ်အင်္ကျီကို လက်နှိုက်ပြီး ပိုက်ဆံတွေကို ထုတ်ယူလိုက် သည်။
' ဒါ ငါ့ပိုက်ဆံတွေကွ '
ဝလာဒက်၏ နှာခေါင်းနှင့် နားရင်းမှ သွေးတွေ စီးကျလာသည်။ သူ သတိပြန်ရလာပြီး ဟိုဟိုဒီဒီ လှည့်ကြည့် လိုက်သည်။ ကစားသမားကို အရိပ်အယောင်မျှ မတွေ့ရတော့။
သူသည် အချိန်တော်တော်ကြာသည်အထိ နေရာမှထ၍မရဖြစ်နေသည်။ နောက်ဆုံး စိတ်အားတင်းပြီး ကြိုးစားထသည်။ ခြေထောက် ထော့နင်း ထော့နင်းဖြင့် ရထားအစွန်သို့ လျှောက်လာခဲ့သည်။ ကလေးတွေ နှင့် မိန်းမတွေသာ အများဆုံးပါသော ရထားတွဲတစ်တွဲပေါ်သို့ တက်၍ နေရာလပ်တွင် ၀င်ထိုင်သည်။ မကြာမီတွင် သူ အိပ်ပျော်သွားသည်။
*
နောက်တစ်ဘူတာရောက်တော့ ၀လာဒက်သည် ရထားပေါ်မှလုံးဝမဆင်းတော့။
သူသည် စက္ကူအိတ်ကိုဖွင့်ကာ အထဲမှပစ္စည်းများကို စစ်ဆေးကြည့်သည်။
သစ်တော်သီး၊ ပေါင်မုန့်၊ သစ်ကြားသီး၊ ရှပ်အင်္ကျီနှစ်ထည်၊ ဘောင်းဘီနှစ်ထည်နှင့် ဖိနပ်တစ်ရံ။
သြော် ... တကယ့်စိတ်ကောင်းရှိတဲ့ စေတနာရှင်အမျိုးသမီးပါကလား။ သူ့ယောက်ျားနှင့်တော့ ဆီနှင့်ရေလို ကွာခြားလိုက်ပါဘိ။
ဝလာဒက်သည် စားစရာများကို စားသည်။ ပြီးတော့ ထပ်အိပ်သည်။ အိပ်မက်တွေ မျိုးစုံမက်သည်။
ခြောက်ညနှင့် ငါးရက်ကြာတော့မှ ရထားသည် အိုက်ဒက်ဆာမြို့သို့ရောက်သည်။
ထုံးစံအတိုင်း ဂိတ်ဝတွင် အစစ်အဆေးခံရပြန်သည်။ သို့ပေမဲ့ ဂိတ်စောင့်က ၀လာဒက်အား နောက်တစ်ကြိမ်ပင် ပြန်မကြည့်ဘဲ ကြည်ကြည်သာသာ ထါက်ခွင့်ပြုလိုက်သည်။
ကုတ်အင်္ကျီခေါက်ထဲ ၀ှက်ထားသော ပိုက်ဆံ ၁၅၀ ကျန်သေးသည်။ သည်ပိုက်ဆံကို ချွေချွေတာတာ သုံးရန် ဆုံးဖြတ်လိုက်သည်။
သူသည် အရေးကြီးသောလမ်းများနှင့် အဆောက်အုံးများကို မှတ်မိရန် မြို့ထဲလျှောက် ကြည့်သည်။ တိုက်အိမ်ကြီးများ မှန်ပြတင်းတပ် ကုန်ပဒေသာဆိုင်ကြီးများနှင့် လမ်းဘေးတွင် ပစ္စည်းမျိုးစုံ ရောင်းနေသော ဈေးသည်များကို ကြည့်ပြီး သူက အလွန်သဘောကျနေသည်။
နောက်ဆုံး သင်္ဘောဆိပ်သို့ ရောက်လာပြီး အပြာရောင်ပင်လယ်ကြီးကို တမျှော်တခေါ် ငေးမောကြည့်ရှုနေမိသည်။ ဆုံးစမမြင်သော ဤသမုဒ္ဒရာရေပြင်ကျယ်ကြီးသည်ပင် သူဘ၀လွတ်မြောက်ရေးလမ်းကြောင်းကြီး ဖြစ်သည်ဟုလည်း တွေးမိသည်။
အိုဒက်ဆာမြို့သည် စစ်ဘေးစစ်ဒဏ်ကို ခံခဲ့ရဟန်ရှိသည်။ လုံးဝသော်လည်းကောင်း၊ တစ်ဝက်တစ်ပျက်သော်လည်းကောင်း ပြိုပျက်နေသော အဆောက်အုံများနှင့် မီးလောင်ပြင်များကို ဟိုနေရာ သည်နေရာ မြင်တွေ့ရသည်။ ဤမြို့သည် ယခုတိုင် စစ်ပွဲနယ်နိမိတ်အတွင်းမှာပင် ရှိသေးသလား၊ မေးစရာလူကလည်း တစ်ယောက်မှမရှိ။ ရှိသော်လည်း သူကမမေးရဲ။
မကြာမီတွင် နေမင်းသည် တိုက်မြင့်ကြီးများ၏ အနောက်ဘက်သို့ ပုန်းလျှိုဝင်ရောက် သွားသည်။ ဘယ်နေရာများ သွားအိပ်ရပါမည်နည်း။
သူသည် လမ်းဘေးကိုကပ်၍ ဆက်လျှောက်လာခဲ့သည်။ မြေပြင်ကို ထိမတတ်ရှည်သော သားမွေးအင်္ကျီပွကြီးကိုဝတ်ကာ ချိုင်းကြားတွင် အထုပ်တစ်ထုပ်ညှပ်၍ လျှောက်နေသော သူ့ကို မြင်ရလျှင် လူတွေက တစ်မျိုးထင်ကြလိမ့်မည်။ ဘယ်ကိုပဲသွားသွား သူ့အတွက် လုံခြုံစိတ်ချရခြင်းမရှိဟူသော အသိကိုသာ ခံစားနေရသည်။
ဦးတည်ရာ လျှောက်ရင်းဖြင့် တစ်နေရာတွင် မီးရထားဝင်းတစ်ခုသို့ ရောက်လာခဲ့သည်။ ၀င်းထဲတွင် ရထားတွဲဟောင်းတစ်ခု ရပ်ထားသည်။ သူက အနားကပ်သွားပြီး အတွင်းသို့ သတိနှင့် လှမ်းကြည့်လိုက်သည်။ အတွင်းထဲတွင် တိတ်ဆိတ်ပြီး မှောင်မည်းနေကြသည်။ လူသူလည်း တစ်ယောက်မျှမတွေ့ရ။ စက္ကူအိတ်ကို ရထားတွဲထဲပစ်သွင်းလိုက်သည။ တွဲပေါ်သို့ ချိတ်တက်သည်။ တွဲထောင့်တစ်နေရာတွင် လှဲအိပ်ရန် ခေါင်းချလိုက်သည်။ ထိုအခိုက် လူတစ်ယောက်က သူ့ကိုယ်ပေါ်သို့ ရုတ်တရက် ခုတ်အုပ်လိုက်ပြီး သူ့လည်ပင်းကို တအားညှစ်ထားသည်။
သူ့မှ အသက်ပင် မရှူနိုင်အောင် ဖြစ်နေသည်။
'မင်း ဘယ်သူလဲကွ'
မှောင်ထဲမှအသံ။ အသံက လူကြီးသံမဟုတ် ကလေးတစ်ယောက်၏အသံ။ သူ့ထက်ပို၍ ကြီးပုံမရ။
'၀လာဒက် ကော်စကေ၀စ်ပါ'
'မင်း ဘယ်ကလာသလဲ'
'မော်စကိုကပါ'
သူက ဆလိုနင်ကပါဟုပြောရန် လုပ်ပြီးတော့မှ တစ်မျိုးပြောင်း ပြောလိုက်သည်။
'အိုး... မင်းက မော်စကိုသားကိုး၊ ဒီတွဲထဲမှာ အိပ်လို့ရဘူးကွ'
'တောင်ပန်ပါတယ်ကွာ၊ မသိလို့ပါ'
'ပိုက်ဆံတွေ ဘာတွေ ပါသလား' တစ်ဖက်သူက ၀လာဒက်၏ လည်ပင်းကို ခပ်တင်းတင်း ညှစ်၍ မေးလိုက်သည်။
'နည်းနည်းတော့ ပါပါတယ်'
'ဘယ်လောက်လဲ'
'ခုနှစ်ရူဘယ်တည်းပါ'
'ပေး၊ အားလုံးပေး'
ဝလာဒက်က ကုတ်အင်္ကျီအိတ်ထဲ လက်နှိုက်သည်။ တစ်ဖက်လူကလည်း လက်တစ်ဖက်ဖြင့် လှမ်းနှိုက်သည်။ ဤတွင် လည်ပင်းညှစ်ထားသော လက်အား လျော့ပြေသွားသည်။
ဝလာဒက်က သည်အချက်ကို အခွင့်ကောင်းယူကာ ထိုလူငယ်၏ ပေါင်ကြားကို ဒူးနှင့် တအားကုန် ဆောင့်ထည့်လိုက်သည်။ သူသည် အမယ်လေးဗျဟု တစ်ချက်အော်လိုက်ပြီး ပေါင်ကြားကို လက်နှစ်ဖက်အုပ်ရင်း ပက်လက်လန် လဲကျသွားသည်။ ၀လာဒက်က သူ့ကိုယ်ပေါ် ခုန်အုပ်ပြိး တစ်ကိုယ်လုံးကို လက်သီးနှင့် ဆက်ကာ ဆက်ကာ ပစ်ထိုးသည်။
တစ်ဖက်လူ ကြမ်းပြင်ပေါ်တွင် စန့်စန့်ကြီး လဲသွားတော့မှ ၀လာဒက်က အထိုးရပ်သည်။ တစ်ဖက်လူငယ်က ၀လာဒက်အား ကြောက်ကြောက် လန့်လန့်နှင့် တောင်းပန်ရှာသည်။
'ကဲ... တွဲစွန်ကိုသွား၊ အဲဒီမှာ သွားအိပ်' ၀လာဒက်က အမိန့်ပေးလိုက်သည်။ 'လှုပ်မယ်တော့ မကြံနဲ့၊ သေပြီသာမှတ်တော့'
'ဟုတ်... ဟုတ်ကဲ့၊ ကျွန်တော်သွားပါ့မယ်ဗျာ'
ထိုလူငယ်သည် ရထားအစွန်သို့ လေးဘက်တွားသွားသည်။ နံရံနှင့်တိုက်မိပြီး လဲကျသွားသံကို ၀လာဒက် ကြားလိုက်ရသည်။
ဝလာဒက်က နေရာတွင်ထိုက်ကာ အသံကို နားထောင်သည်။ နောက်ထပ် ဘာသံမျှ မကြားရတော့။ သည်တော့မှ ကြမ်းပြင်တွင် ခေါင်းချပြီး ခြေပစ်လက်ပစ် လှဲအိပ်လိုက်သည်။ မကြာမီ အိပ်ပျော်သွားတော့သည်။ှ
ဝလာဒက် ပြန်နိုးလာချိန်တွင် ရထားတွဲ နံရံပျဉ်ကြားမှ နေရောင်များ ၀င်ရောက်၍ ထိန်ထိန်လင်းနေပြီ။
သူက ကိုယ်ကို တစောင်းလှည့်ကာ ညတုန်းက သူ့ရန်သူဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုလူငယ်သည် တွဲအစွန်တွင် ကွေးကွေးကလေး အိပ်နေသည်။
'ဟေ့ကောင်.... ထ ထ၊ ပြီးတော့ ဒီလာခဲ့'
ဝလာဒက်က အော်ပြောလိုက်သည်။ လူငယ်က လူးလွန့်လှုပ်ရှားလာသည်။
'ဟေ့ကောင်... ဒီကိုလာခဲ့'
လူငယ်က ချက်ချင်းထလာခဲ့သည်။ ၀လာဒက်မှာ ယခုမှ သူ့ရန်သူကို စေ့စေ့ စပ်စပ် ကြည့်ခွင့်ရသည်။
ထိုလူငယ်လည်း သူနှင့် ရွယ်တူ သက်တူလောက်ပင်ရှိသည်။ အရပ်တော့ သူ့ထက် တစ်လက်မလောက် ပိုရှည်လိမ့်မည်။ ရွှေရောင်ဆံပင်ခွေခွေနှင့် မျက်နှာက သနားကမား။
'အရေးကြိးတာကို အလျင်မေးမယ်' ၀လာဒက်ကပြောသည်။ 'ဒီမှာ စားစရာ ဘယ်လိုရနိုငမလည်း'
'ငါ့နောက်လိုက်ခဲ့ပါ'
ထိုလူငယ်က တွဲပေါ်မှ ခုန်ဆင်းလိုက်သည်။ ၀လာဒက်က တဖြည်းဖြည်း ဆင်းပြီး လူငယ်နောက်မှ ထော့နဲ့ ထော့နဲ့နှင့် လိုက်လာသည်။ တောင်ကမူတစ်ခုကို ကျော်ဖြတ်ကာ မြို့ထဲသို့ ၀င်လာကြသည်။ မနက်ပိုင်း ဈေးခင်းတော်တော်စည်နေပြီ။
ဈေးထဲတွင် ဈေးဆိုင်တွေ တန်းစီကာ စားစရာနှင့် အသီးအနှံမျိုးစုံ ရောင်းချနေကြသည်။ မြင်နေရသော မြင်ကွင်းကို ၀လာဒက် သဘောကျနေကြောင်း လူငယ်က အကဲခတ်မိသည်။
'ငါတို့ဘာလုပ်မယ်ဆိုတာ မင်းကို ငါပြောပြမယ်' လူငယ်က ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချသော လေသံဖြင့် ပြောသည်။ 'ငါက အစွန်ဆုံးက ဆိုင်ကိုသွားပြီး လိမ္မော်သီး တစ်လုံး အလစ်သုတ်မယ်၊ ပြီးတော့ တစ်ချိုးတည်း ထွက်ပြေးမယ်၊ မင်းက ငါ့ဆီကို လှမ်းပြီး 'သူခိုးဗျို့....သူခိုး၊ ဖမ်းကြပါ... ဖမ်းကြပါ'လို့ အသံကုန်အော်၊ အဲဒီမှာ ဆိုင်ရှင်က ငါ့နောက် ထလိုက်လာမယ်၊ သူမရှိတုန်း မင်းအင်္ကျီအိတ်ထဲသာ အဆင်သင့် ကောက်ထည့်တော့၊ ဒါပေမဲ့ လောဘမကြီးပါနဲ့၊ နှစ်ယောက်စာ လုံလောက်ရင် တော်ပြီ၊ ပြီးတော့ မင်းက ရထားတွဲကိုသာ လာခဲ့တော့ ငါပြောတာ သဘောပေါက်ရဲ့လား'
'အင်း... ပေါက်ပါတယ်'
'ကဲ.. မော်စကိုသားအစွမ်း စမ်းကြည့်ကြတာပေါ့'
လူငယ်က ၀လာဒက်ကို တစ်ချက်စောင်းကြည့်ပြီး လှည့်ထွက်သွားသည်။ ၀လာဒက်က ဟန်ပါပါနှင့် လျှောက်သွားသော လူငယ်ကိုကြည့်ကာ သဘောကျနေသည်။
လူငယ်သည် အစွန်ဆုံး ဈေးဆိုင်သို့ လျှောက်သွားသည်။ လိမ္မော်သီးပုံမှ တစ်လုံးကို ကောက်ယူကာ ဆိုင်ရှင်နှင့်စကားပြောသလိုလုပ်သည်။ ပြီးတော့ လိမ္မော်သီးကို ယူပြီး မနှေးမမြန် ထွက်ပြေးသည်။ ၀လာဒက်က ကြောင်ပြီး ကြည့်နေသည်။ သူခိုး၊ သူခိုးအော်ရန် မေ့သွာသည်။ သို့သော် ဆိုင်ရှင်က ချက်ချင်းထပြီး လူငယ်နောက်သို့ ပြေးလိုက်သည်။ တစ်ဈေးလုံးက ထွက်ပြေးသော လူငယ်ဆီသို့သာ အာရုံစိုက်နေကြသည်။ ထိုအခိုက် ၀လာဒက်က ဈေးဆိုင်သို့ မြန်မြန်လျှောက်သွားပြီး ကုတ်အင်္ကျီထဲသို့ ကမန်းကတန်း ကောက်ထည့်သည်။ ပြီးတော့ တစ်ချိုးတည်း လစ်ပြေးလာခဲ့သည်။
ထွက်ပြေးသော လူငယ်အား ဆိုင်ရှင်က မီကာနီးတော့ လူငယ်က လက်ထဲမှ လိမ္မော်သီးကို ဆိုင်ရှင်ဆီသို့ ပစ်ပေးခဲ့ပြီး ဆက်ပြေးသွားသည်။
ဆိုင်ရှင်က လိမ္မော်သီးကို ကောက်ယူပြီး လက်သီးလက်မောင်းတန်းကာ လူငယ်အား တဖြစ်တောက်တောက် ကျန်ဆဲနေသည်။ ပြီးတော့... သူ့ဆိုင်ရှိရာသို့ ပြန်လာပြီး ဘေးနားမှ ဈေးသည်မျးအား တိုင်တောနေသည်။
နောက်ကို လုံးဝလှည့်မကြည့်ဘဲ အရှိန်နှင့် စွတ်ပြေးလာသော ၀လာဒက်၏ ပခုံးကို နောက်မှနေ၍ လက်တစ်ဖက် ဆုပ်ကိုင်လိုက်သည်။ ၀လာဒက်က လန့်ဖျပ်သွားပြီး ကမန်းကတန်း လှည့်ကြည့်လိုက်တော့ သူ့အဖော်လူငယ် ဖြစ်နေသည်။
'ကဲ.... မော်စကိုသား၊ ဘာမှမရခဲ့ဘူး မဟုတ်လား'
ဝလာဒက်က တဟားဟားရယ်လိုက်ပြီး အင်္ကျီအိတ်ထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု နှိုက်ထုတ်နေသည်။
လိမ္မော်သီး သုံးလုံး၊ သစ်တော်သိးတစ်လုံးနှင့် အာလူးတစ်လုံး။
အဖော်လူငယ်ကလည်း သဘောကျသွားပြီး တဟားဟားရယ်လိုက်သည်။
'ဒါနဲ့ မင်းနာမည်ပြောပါဦး' ၀လာဒက်ကမေးသည်။
'စတီဖင်'
'ကဲ... စဆီဖင်၊ ငါတို့ နောက်တစ်ချီ ထပ်လုပ်ကြဦးမလား'
'အို... မော်စကိုသားကလည်း သိပ်အတင့်မရဲပါနဲ့ကွ၊ မင်းက အစဆိုတော့ သိပ်မလျင်သေးဘူး၊ ဒီတစ်ခါ ငါ့စီမံကိန်းကို စမယ်ဆိုရင် နည်းလမ်းတစ်မျိုး ရှာရမယ်ကွ၊ အလျင်ဈေးတန်းသွားလို့ မဖြစ်သေးဘူး၊ တစ်နာရီလောက်တော့ စောင့်ပါဦး၊ အခုဆိုရင် မင်းက အပျော်တမ်းသမား မဟုတ်တော့ဘူး၊ တကယ်လုပ်စားတဲ့သူဖြစ်သွားပြီ၊ အဲဒီတော့ အဖမ်းမခံရအောင်တော့ ကျပ်ကျပ်သတိထားပါ'
သို့ဖြင့် နောက်တစ်တစ်နာရီခန့်ကြာတော့ သူတို့နှစ်ယောက် လုပ်ငန်းစကြပြန်သည်။ သူတို့သည် အနောက်ဘက်ဈေးတန်းသို့ လျှောက်လာခဲ့ကြသည်။ စတီဖင် မင်သေသေဖြင့် လျှောက်လာပုံဖြင့် ဈေးဝယ်သူများကြားထဲ ၀င်ရောလိုက်ကြသည်။ ထို့နောက် စတီဖင်က အချက်ပြသောအခါ ထုံးစံအတိုင်း အလစ်သုတ်ပြန်သည်။
သည်တစ်ကြိမ်တွင် အခြေအနေပို၍ကောင်းသည်။ လိမ္မော်သီးခြောက်လုံး၊ ပန်းသီးငါးလုံး၊ အာလူး သုံးလုံး၊ သစ်တော်သီးတစ်လုံးနှင့် သစ်ကြားသီးတွေ တော်တော်များများရလာခဲ့သည်။ အထူးဆုအဖြစ် ဖရဲသီးလည်း တစ်လုံးရလာသည်။ စတီဖင်တစ်ယောက်တည်းတုန်းက သည်လောက်များများ ဘယ်တော့မှ မရခဲ့ဘူး။ ၀လာဒက်၏ ကုတ်အင်္ကျီအိတ်ကြီးက တော်တော်အလုပ်ဖြစ်သည်။
' ဒီအလုပ်က ဘယ်ဆိုးလို့လဲကွ ' ၀လာဒက်က အာလူးကို အစိမ်းလိုက်ကိုက်စားရင်းပြောသည်။
' ဟင် ... မင်းက အခွံပါစားတယ် ' စတီဖင်က တအံ့တသြဖြစ်နေသည်။
' ငါက အခွံလောက် စားရတာကိုလည်း နတ်သုဒ္ဓါသို့ ထင်ရတဲ့နေရာမှာ နေခဲ့ရတဲ့လူပါကွ '
စတီဖင်က သဘျောကစွာဖြင့် သူ့မိတ်ဆွေကို ရွှန်းရွှန်းစားစား ကြည့်နေသည်။
' နောက်အစီအစဉ်က တို့အနေနဲ့ ပိုက်ဆံရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ပွဲကွ' ၀လာဒက်က အဆိုတင်သည်။
' အို ... မင်းက တစ်နေ့တည်းမှာ အကုန်လုံးရချင်နေတာပါလား၊ ဖြည်းဖြည်းလုပ်ကြတာပေါ့ အာစရိရယ်၊ ပိုက်ဆံရှာမယ်ဆိုရင် သင်္ဘောဆိပ်မှာသွားပြီး အလုပ်လုပ်တာ အကောင်းဆုံးပဲကွ '
' ဘယ်လိုလုပ်ရမလဲ၊ ငါ့ကို ပြစမ်းပါ '
နှစ်ယောက်သား သစ်သီးတွေ စားသောက်ကြပြီးနောက် ကျန်တစ်ဝက်ကို ရထားတွဲထဲက ကောက်ရိုးအောက်တွင် ၀ှက်ထားလိုက်သည်။
ထို့နောက် စတီဖင်က ၀လာဒက်အား သင်္ဘောဆိပ်သို့ ခေါ်လာခဲ့ပြီး ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောများကို ပြသည်။ သင်္ဘောကြီးတွေ မြင်ရတော့ ၀လာဒက်မှာ အံ့သြမဆုံး ဖြစ်နေသည်။ ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်ပြီး သမုဒ္ဒရာကို ဖြတ်၍ သင်္ဘောကြီးတွေ သွားကြကြောင်း နယ်စားကြီးပြော ပြ၍ ၀လာဒက်သိခဲ့ရသည်။ သို့သော် ယခု သင်္ဘောကြီးတွေက ဆိပ်ကမ်းတွင် မျက်စိတစ်ဆုံး စီတန်းနေ ကြသည်။
စတီဖင်က ၀လာဒက်၏ အတွေးကို ဖြတ်လိုက်သည်။
' ဟောဟိုက သင်္ဘောအစိမ်းကြီးကို တွေ့တယ်မဟုတ်လား၊ အဲဒီတော့ မင်းက သင်္ဘောကုန်းဘောင်အောက် မှာ ခြင်းတောင်းတစ်လုံးသွားယူပြီး အဲဒီအထဲ ဂျုံစပါးတွေထည့်၊ ပြီးတော့ လှေကားပေါ်က တက်သွားပြီး ကုန်လှောင်ခန်းထဲ သွန်ချလိုက်၊ အဲဒီလို လေးခေါက်လုပ်ရင် မင်းကို ရှုဘယ် တစ်ပြားစီပေးလိမ့်မယ်၊ ဒါပေမဲ့ သတိတော့ထားပါ၊ အလုပ်သမားခေါင်းဆောင်က မင်းကို ငတုံးလို့ ထင်ရင် မင်းပိုက်ဆံကို သူ့အိတ်ထဲထည့်လိမ့်မယ် '
နှစ်ယောက်သား တစ်နေကုန် အလုပ်လုပ်ကြသည်။ အလုပ်ချိန်ပြီးတော့ ၂၆ ရူဘယ်ရသည်။ ထို့နောက် ညစာ ကောင်းကောင်းစားကြပြီး ရထားတွဲထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြသည်။
နောက်တစ်နေ့မနက် စတီဖင်က နောက်ကျပြီး နိုးလာသည်။ ၀လာဒက်သည် မြေပုံကို ရှ့တွင် ဖြန့်ကာ လေ့လာ နေသည်ကိုတွေ့ရသည်။
' အဲဒါက ဘာလဲကွ ' စတီဖင်က မေးသည်။
' ဒီက ဘယ်လိုထွက်ပြေးရမယ်ဆိုတာ ပြထားတဲ့ မြေပုံလေ '
' ဟင် ... မင်းကလည်း ဘာလုပ်ထွက်ပြေးရမှာလဲကွာ၊ ဒီမှာ ငါနဲ့အတူနေပြီး ဒီလိုနေရတာ ကောင်းသားပဲ '
' မဖြစ်ဘူးကွ ငါက တူရကီကို ထွက်ပြေးရမယ်၊ အဲဒီရောက်မှ လွတ်လွတ်လပ်လပ်လုပ်ချင်တာ လုပ်နိုင်တယ်၊ မင်းကော ငါနဲ့အတူ လိုက်ခဲ့ပါလား စတီဖင် '
' ငါက အိုဒက်ဆာက ဘယ်တော့မှ မခွာနိုင်ဘူးကွ၊ ဒီမြို့ဟာ ငါ့ဇာတိမြို့၊ ဒီရထားတွဲဟာ ငါ့အိမ်ပဲ၊ ဒီမှာနေရတာ ကောင်းတော့ မကောင်းပါဘူး၊ ဒါပေမဲ့ မင်းပြောတဲ့ တူရကီဆိုတာက ပိုဆိုးလိမ့်ဦးမယ်၊ ဘာပဲ ဖြစ်ဖြစ် မင်းအနေနဲ့ ဒီမှာ မနေချင်ဘူးဆိုရင်တော့ မင်းထွက်ပြေးနိုင်အောင် ငါ ကူညီပါ့မယ်၊ ဘယ်သင်္ဘော တွေဘယ်ကို ထွက်မယ်ဆိုတာ ငါ စုံစမ်းလို့ ရပါတယ် '
' တူရကီကို ဘယ်သင်္ဘော ထွက်မယ်ဆိုတာ မင်းဘယ်လိုလုပ်သိနိုင်မလဲ '
' ဒါက မလွယ်လေးပါ တစ်ချောင်းစိုက်ကြီး ဂျိုးဆီမှာ သွားစုံစမ်းရင် ရပါတယ်၊ သူက ဆိပ်ခံတံတားအဆုံးက ရုံးထဲမှာ အလုပ်လုပ်တယ်၊ မင်းက သူ့ကို တစ်ရှုဘယ်တော့ ပေးရလိမ့်မယ် '
' အဲဒီပိုက်ဆံက မင်းတို့နှစ်ယောက် ဝေယူကြမှာ မဟုတ်လား '
' ဟုတ်တယ်၊ တစ်ယောက်တစ်ဝက်စီ ယူတယ်၊ မော်စကိုသားက ဘယ်ဆိုးလို့လဲ၊ တော်တော် လျင်သားပဲ ' စတီဖင်က ပြောပြောဆိုဆို တွဲပေါ်မှ ခုန်ဆင်းလိုက်သည်။
ဝလာဒက်က စတီဖင်နောက်မှ အပြေးကလေး လိုက်လာခဲ့သည်။ ဆိပ်ခံတံတားသို့ရောက်တော့ စတီဖင်က ၀လာဒက်အား ရုံးခန်းသေးသေးကလေး တစ်ခုထဲသို့ ခေါ်လာခဲ့သည်။ ရုံးခန်းထဲတွင် ဖုန်တက်နေသော စာရင်းစာအုပ်များနှင့် အချိန်ဇယားတွေ ပြည့်နေသည်။
ပထမတော့ ၀လာဒက်က ရုံးခန်းထဲတွင် လူတစ်ယောက်မှ မမြင်မိ။ နောက်တော့မှ စာရင်းစာအုပ်ပုံကြီး နောက်မှ အသံပေါ်ထွက်လာသည်။
' ဟေ့ တိရ စ္ဆာန်ကလေး၊ ဘာလာရှုပ်ပြန်ပြီလဲ၊ ငါက မင်းနဲ့ အချိန်ကုန်မခံနိုင်ဘူးကွ '
' ကျွန်တော့်မိတ်ဆွေအတွက် အကူအညီတစ်ခု တောင်းချင်လို့ပါ တစ်ချောင်းစိုက်ကြီးရဲ့၊ တူရကီကို သွားမယ့် သင်္ဘောဘယ်တော့ထွက်မှာလဲ '
အဘိုးကြီးက စာအုပ်ပုံကြီးမှ ခေါင်းထောင်လာပြီး -
' ဟေ့ ထုံးစံအတိုင်း ပိုက်ဆံ အလျင်လုပ်စမ်းပါ '
' တကယ့် လုပ်သက်ရင့်တဲ့ သင်္ဘောခွေးကြီးပေါ့ကွ ' စတီဖင်က ၀လာဒက်အား တိုးတိုးပြောလိုက်သည်။
' အဲဒါ မင်းအလုပ်မဟုတ်ပါဘူး၊ ခွေးမသားကလေးရ၊ ကဲ ... ဘယ်မှာလဲ ပိုက်ဆံ '
' ပေးလိုက်စမ်းပါ ၀လာဒက်၊ ရှုဘယ်တစ်ပြားလောက် '
ဝလာဒက်က အင်္ကျီအိတ်ထဲမှ ရှုဘယ်တစ်ပြားနှိုက်၍ ကမ်းပေးလိုက်သည်။ အဘိုးကြီးက ပိုက်ဆံကို တစ်ချောင်းတည်းသာကျန်နေသော သွားနှင့်ကိုက်ထားပြီး စာအုပ်ပုံကြီးကြားမှ အစိမ်းရောင် အချိန်စာရင်း စာရွက်ကြီးတစ်ရွက် ဆွဲထုတ်လိုက်သည်။ တစ်ခန်းလုံး ဖုန်မှုန့်တွေ လွင့်သွားသည်။ အဘိုးကြီးသည် ချောင်းတစ်ချက်နှစ်ချက်ဆိုးသွားပြီး စာရွက်ပေါ်တွင် လက်ညိုးထောက်ကာ သင်္ဘောခရီးစဉ်ကို ရှာကြည့် နေသည်။
' ဟောဒီမှာ .. လာမယ့် ကြာသပတေးနေ့မှာ ' ရီနာစကာ ' သင်္ဘော ကျောက်မီးသွေးတင်ဖို့ ၀င်လာလိမ့်မယ်၊ ပြီးတော့ စနေနေ့ ပြန်ထွက်မယ်၊ ကုန်တင်လို့ အချိန်မီပြီးရင်လည်း သောကြာနေ့ညမှာ ပြန်ထွက်လိမ့်မယ်၊ ဂိတ်နံပါတ် ၁၇ မှာ ကပ်လိမ့်မယ် '
' ကျေးဇူးပဲ တစ်ချောင်းစိုက်ကြီး၊ နောက်လည်း အခုလိုပဲ ပိုက်ဆံချမ်းသာတဲ့ ကျွန်တော့် မိတ်ဆွေတွေကို ခေါ်လာခဲ့မယ် '
' သေနာကလေး ... ' အဘိုးကြီးက လက်သီးဆုပ်ပြရင်း ကျိန်ဆဲလိုက်သည်။
စတီဖင်နှင့် ၀လာဒက်တို့က နောက်ပြန်မကြည့်တော့ဘဲ အခန်းထဲမှ ပြေးထွက်လာခဲ့ကြသည်။ နောက်ဆုံးရက် အတွင်းသူငယ်ချင်းနှစ်ယောက် ထုံးစံအတိုင်း ဈေးတန်းသွား၍ စားစရာတွေ အလစ်သုတ်ကြ သည်။ သင်္ဘောဆိပ်သွား၍ ဂျုံစပါးသယ်ကြသည်။ နှစ်ယောက်သား ရထားတွဲထဲတွင် အိပ်ကြသည်။
နောက်တစ်နေ့ဆိုလျှင် ကြာသပတေးနေ့၊ တူရကီသင်္ဘော ရောက်လာတော့မည်။
သူတို့သည် ဗောတံတားပေါ်တွင် ရပ်ကာ ရေပြင်ကို လှမ်းကြည့်နေကြသည်။
' သင်္ဘောပေါ် ငါ ဘယ်လိုတက်ရမလဲကွ ' ၀လာဒက်ကမေးသည်။
' လွယ်ပါတယ်ကွ၊ မနက်ဖြန်မနက်မှာ တို့နှစ်ယောက် သင်္ဘောကုန်တင်ကုန်ချအဖွဲ့နဲ့ သွားပြီး ဆက်သွယ် မယ်၊ ငါက မင်းနောက်ကနေမယ်၊ ကျောက်မီးသွေးတွေ အားလုံးတင်ပြီးတဲ့အခါ သင်္ဘောထဲခုန်ချပြီး တစ်ချောင်မှာ ၀င်ပုန်းနေ၊ ငါက မင်းရဲ့ ခြင်းထောင်းကိုယူပြီး တစ်ဖက်ကို လျှောက်သွားမယ် '
' ပြီးတော့ မင်းက ငါ့အတွက် လုပ်ခရတဲ့ ပိုက်ဆံယူမှာပေါ့ ဟုတ်လား ' ၀လာဒက်ကဖြတ်မေးသည်။
' ဒါပေါ့၊ ဒါက သဘာဝပဲ၊ ငါ့ရဲ့ ဖြတ်ထိုးဥာဏ်အတွက် ဒီလောက်တော့ ယူသင့်ပါတယ်ကွ '
*
နောက်နေ့မနက်တွင် သူတို့နှစ်ယောက် ကုန်တင်လုပ်သားများနှင့် ဆက်သွယ်ကာ ကျောက်မီးသွေးတွေ တင်ကြသည်။ တစ်နေကုန်သော်လည်း သင်္ဘောမပြည့်သေး၍ ကျောက်မီးသွေးမှုန့်တွေ ပေပေကျံကျံဖြင့်ပင် ရထားတွဲသို့ ပြန်အိပ်ကြရသည်။
သောကြာနေ့ မနက်ကျတော့ အလုပ်ပြန်ဆင်းကြပြန်သည်။ နေ့လယ်ပိုင်းတွင် ကုန်တွေ ပြည်ခါနီးလာသည်။
စတီဖင်က ၀လာဒက်၏ ခြေမျက်စိကို တစ်ချက်ကန်လိုက်ပြီး -
' ဟေ့ကောင် ဒီတစ်ခေါက်ဆိုရင် လုပ်တော့ '
' ဟုတ်ပြီ '
ဝလာဒက်က ယခုတစ်ကြိမ် ကျောက်မီးသွေးများကို သွန်ချလိုက်ပြီးသောအခါ ခြင်းတောင်းကို ကုန်းပတ်ပေါ်တွင် တင်ထားလိုက်သည်။ ပြီးတော့ သင်္ဘောကုန်ခန်းထဲသို့ ခုန်ချလိုက်သည်။
စတီဖင်က ခြင်းတောင်းကိုယူကာ ကုန်းပတ်ပေါ်မှ လှမ်းပြောလိုက်သည်။
' ကဲ ... သူငယ်ချင်း သွားပေတော့၊ တူရကီမှာ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်ကွာ '
ဝလာဒက်က ကုန်လှောင်ခန်းထောင့်တွင် ကပ်၍ ရပ်နေလိုက်သည်။ သူ့ဘေးပတ်ပတ်လည်သို့ ကျောက်မီးသွေးတွေ တဝေါဝေါ ကျလာကြသည်။ တစ်ခန်းလုံး မီးသွေးမှုန့်တွေ မွှန်နေသည်။ ၀လာဒက်၏ ပါးစပ်၊ မျက်စိနှင့် နှာခေါင်းထဲသို့ မီးသွေးမှုန့်တွေ ၀င်လာကြသည်။ သင်္ဘောသားတွေ ကြားသွားမည်စိုး၍ ပါးစပ်ကို လက်နှင့် အုပ်ကာ အသံမထွကအောင် ချောင်းဆိုးနေရသည်။ အခန်းထဲတွင် မီးသွေးမှုန့်တွေနှင့် လှောင်ပိတ်ပြီး အသက်ရှူမရအောင် ဖြစ်နေသည်။ သူက ကုန်းပတ်ပေါ်သို့ ပြန်တက်ပြီး စတီဖင်နှင့်ပင် ဆက်နေသွားရကောင်းမည်လားဟု စဉ်းစားနေတုန်းမှာပင် အပေါ်မှ ပျဉ်ချပ်ဖုံး တံခါးပိတ်သွားသည်ကို မြင်လိုက်ရသည်။ ယခုမှ လွတ်လွတ်လပ်လပ် ချောင်းဆိုးခွင့်ရတော့သည်။
ခဏအကြာတွင် သူ့ခြေထောက်ကို တစ်စုံတစ်ရာနှင့် ထိုးလိုက်သလို စစ်ကနဲ ခံစားလိုက်ရသည်။ သူက အောက်ကိုငုံ့ကြည့်လိုက်သည်။
ဘုရားရေ၊ ဧရာမ ကြွက်မည်းကြီးတွေပါလား။
သူက ကြွက်တွေကို ကျောက်မီးသွေးတုံးများနှင့် ကောက်ပစ်သည်။ သို့သော် ကြွက်တွေက လုံးဝကြောက်ဟန်မတူ။ သူ့ခြေထောက်ပေါ်မှ တစ်ကောင်ပြီး တစ်ကောင် ဖြတ်ပြေးနေကြသည်။
ဝလာဒက်က မီးသွေးပုံထက်သို့တက်ကာ ကုန်ပေါက်အံဖုံးကို တွန်းဖွင့်လိုက်သည်။ သည်တော့မှ အလင်းရောင် ၀င်လာပြီး ကြွက်တွေ မီးသွေးပုံဘေးကြားထဲသို့ ၀င်ပြေးသွားကြသည်။
ဤသို့ဖြင့် သူသည် ကျောက်မီးသွေးခန်းထဲတွင် ကြွက်နက်ကြီးတွေနှင့် နှစ်ရက်နှင့် သုံးညတိတိ တိုက်ပွဲ ၀င်နေခဲ့ရပြီးတော့မှ သင်္ဘောသည် ကွန်စတင်တီနိုပယ်ဆိပ်ကမ်းသို့ ဆိုက်ရောက်သည်။
သင်္ဘောဆိုက်ပြီး မကြာမီတွင် ကုန်းပတ်လုပ်သားတစ်ယောက်က ကုန်လှောင်ခန်း လာဖွင့်သည်။ ၀လာဒက်မှာ တစ်ကိုယ်လုံး မီးသွေးမှုန့်တွေ ပေကျံပြီး ကပ္ပလီရုပ်ပေါက်နေသည်။ ခြေနှင့် ခြေသန်းများတွင် လည်း ကိုက်ထား၍ သွေးခြင်းခြင်းနီနေသည်။
ကုန်းပတ်အလုပ်သမားက ၀လာဒက်အား အခန်းထဲမှ တရွတ်တိုက် ဆွဲထုတ်လာသည်။ ကုန်းပတ်ပေါ် ရောက်တော့ ၀လာဒက်က မတ်တတ်ရပ်ရန် အားယူကြည့်လိုက်သည်။ သို့သော် ရပ်၍မရတော့။ ဒူးဆစ်ကျိုးပြီး အရုပ်ကြိုးပြတ် ပုံလျက်သားလဲကျသွားတော့သည်။ ၀လာဒက်သည် သတိပြန်ရလာသောအခါ သူ့ကိုယ်သူ အခန်းကလေးထဲမှ ခုတင်ပေါ်တွင် ရောက်နေသည်ကို တွေ့ရသည်။ အဖြူရောင် အပေါ်အင်္ကျီရှည်ကြီးများ ၀တ်ထားသော လူသုံးယောက်က သူ့ကို စမ်းသပ်စစ်ဆေးနေကြသည်။ သူတို့ပြောသောစကားကို ၀လာဒက်က တစ်ခွန်းမှ နားမလည်။
သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ တစ်ကိုယ်လုံး မီးသွေးမှုန်တွေနှင့် လူးနေပြီး ခြေထောက်တွင်လည်း သွေးတွေ ပေကျံနေဆဲဖြစ်သည်။ သူက ပက်လက်အိပ်နေရာမှ ထထိုင်ရန် ကြိုးစားသည်။ မုတ်ဆိတ်ဖွားဖွား၊ ပိန်ပိန်သွယ်သွယ်နှင့် အင်္ကျီဖြူဝတ် အသက်အကြီးဆုံးပုဂ္ဂိုလ်က သူ့ရင်ဘက်ကို ဖိ၍ အိပ်ရာပေါ် ပြန်အိပ်ခိုင်းသည်။ ထိုပုဂ္ဂိုလ်ကြီးက ၀လာဒက်အား စကားပြောသည်။ ၀လာဒက်က ခေါင်းခါပြလိုက်သည်။ ထို့နောက် ရုရှစကားနှင့်ပြောသည်။ ၀လာဒက်က ခေါင်းခါပြလိုက်သည်။ ဆရာဝန်ကြီးက ဂျာမန်စကားနှင့် ပြောပြန်သည်။ ဆရာဝန်ကြီးသည် ဂျာမန်စကားကို သူ့လောက် မတတ်ကြောင်း သိလိုက်ရသည်။
' မင်း ဂျမန်စကားပြောတတ်သလား '
' ဟုတ်ကဲ့၊ ပြောတတ်ပါတယ် '
' အား ... ဒါဖြင့် မင်းက ရုရှလူမျိုး မဟုတ်ဘူးကိုး '
' မဟုတ်ပါဘူး '
' ဒီတော့ မင်းက ရုရှမှာ ဘာသွားလုပ်တာလဲ '
' ကျွန်တော် အဲဒီက ထွက်ပြေးလာတာပါ '
' အိုး ... လက်စသတ်တော့ ဒီလိုကိုး '
ဆရာဝန်ကြီးက သူ့အဖော်များအား သူတို့ဘာသာစကားနှင့် ပြန်ပြောနေသည်။ ထို့နောက် သူတို့ ပြန်ထွက်သွားကြသည်။
ခဏကြာတွင် သူနာပြုဆရာမတစ်ယောက် ၀င်လာသည်။ ဆရာမက ၀လာဒက်၏ တစ်ကိုယ်လုံးကို ရေပတ်တိုက်ပေးသည်။ ခြေထောက်မှ ဒဏ်ရာများကို ဆေးထည့်ပေးသည်။ ထို့နောက် ၀လာဒက်အား အိပ်နေရန် ပြောပြီး ပြန်ထွက်သွားသည်။
ဝလာဒက် ပြန်နိုးလာသောအခါ အခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။ သူသည် အခန်းမျက်နှာကြက်ကိုကြည့်ရင်း နောက်လုပ်ရမည့် လုပ်ငန်းစဉ်ကို စဉ်းစားနေသည်။ သူ ဘယ်နိုင်ငံ ဘယ်ဒေသရောက်နေမှန်းလုံးဝမသိ။ ဘေးမှ ပြူတင်းပေါက်ကို ဖွင့်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ဈေးတန်းတစ်ခုကို မြင်ရသည်။ အိုဒက်ဆာမြို့နှင့် လုံးဝမတူ။ လူတွေက အသားမည်းကြသည်။ အဖြူရောင် ၀တ်ရုံရှည်ကြီးများ ၀တ်ထားကြသည်။ ခေါင်းပေါ်တွင်လည်း ရောင်စုံဦးထုပ်တစ်မျိုး ဆောင်းထားကြသည်။ ပန်းစိုက်အိုးကို မှောက်တင်ထား သည်နှင့်ပင် တူနေသည်။
ခြေထောက်တွင်တော့ ညှပ်ဖိနပ်များ စီးထားကြသည်။ မိန်းမတွေက တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံကြီးများ ၀တ်ထားပြီး မျက်နှာတစ်ပြင်လုံးဖုံးကာ မျက်စိနှစ်ပေါက် ကိုသာဖော်ထားကြသည်။ ၀လာဒက်က ဈေးတန်းတွင် စုပြုံးတိုးဝှေ့ကာ ဈေးဝယ်နေကြသည့် လူအုပ်ကြီးကို စိတ်ဝင်စားစွာ ကြည့်နေမိသည်။
ယင်းမြင်ကွင်းကို အတန်ကြာအောင် ကြည့်နေပြီးတော့မှ အဆောက်အအုံဘေးမှ အနီရောင်သံလှေ ကားကိုသွား၍ မြင်မိသည်။ သည်လှေကားမှဆင်းလျှင် မြေပြင်အထိရောက်နိုင်သည်။
သူသည် ခုတင်ပေါ်မှဆင်းကာ အခန်းတံခါင်းဝသို့ လျှောက်လာခဲ့သည်။ တံခါင်းရွက်ကို အသာက လေးဖွင့်ကာ အပြင်ဘက်သို့ချောင်းကြည့် လိုက်သည်။ စင်္ကြံပေါ်တွင် လူတွေလျှောက်သွားနေ ကြသည်။ တံခါးကို ဖြည်းဖြည်းပြန်ပိတ်လိုက်သည်။ ထို့နောက် အခန်းထောင့်ရှိ ဗီရိုကိုဖွင့်ကာ သူ့အ၀တ်အစားတွေကို ထုတ်ယူသည်။ ဆေးရုံဝတ်စုံကိုချွတ်ပြီး သူ့အ၀တ်တွေကို ပြန်ဝတ်သည်။ သူ့အ၀တ်တွေပေါ်တွင် မီးသွေးမှုန့်များ ပေကျံနေတုန်း ရှိသေးသည်။
ပြတင်းပေါက်သို့ ပြန်လာပြီး ပြတင်းတံခါးကို ဖွင့်သည်။ ထို့နောက်မီးအန္တရာယ် ကာကွယ်ရေးလှေ ကားမှတစ်ဆင့် အောက်သို့ဆင်းလခဲ့သည်။
အောက်သို့ ရောက်တော့ပြေးရန် ခြေလှမ်းပြင်ကြည့်သည်။ အားနည်းနေ၍ ခြေထောက်ကိုပင် မလှမ်းချင်အောင် ဖြစ်နေသည်။ သို့နှင့်ဆေးရုံကို ပြန်လှည့်မကြည့်တော့ပဲ ဖြည်းဖြည်းလျှောက်ကာ ဈေးခင်းထဲမှ လူအုပ်ကြီးထဲ ၀င်ရောလိုက်သည်။
ဈေးတန်းထဲမှ စားစရာတွေကို သွားရည်တများများနှင့် ခဏရပ်ကြည့်နေပြီးနောက် လိမ္မော်သီးနှင့် သစ်သီးများ ၀ယ်စားရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကုတ်အင်္ကျီအနားခေါက်တွင် ၀ှက်ထားသော ပိုက်ဆံကို စမ်းကြည့်လိုက်သည်။ ပိုက်ဆံရော ငွေလက်ကောက်ကွင်းပါ တစ်ခုမှမရှိတော့။ ဆေးရုံက ဆရာဝန်တွေက ယူထားလိုက် ခြင်းဖြစ်မည်။ ဆေးရုံကို ပြန်သွားပြီးနောက် ပြန်တောင်းရကောင်း မည်လားဟု တွေးကြည့်သည်။ သို့သော် တစ်ခုခုစားသောက်ပြီးမှ သွားရန်ဆုံးဖြတ် လိုက်သည်။ အင်္ကျီအိတ်ထဲတွင် ပိုက်ဆံအ ကြွေအနည်းအပါးတော့ ရှိနိုင်သေးသည်။ အင်္ကျီအိတ်တွေကို အကုန်လိုက်နှိုက်ကြည့်သည်။ တော်ပါသေးနဲ့ ဘုရားမလို့။ ရူဘယ်ငါးဆယ်တန် သုံးရွက်နှင့် အကြွေတွေ ကျန်နေသေးသည်။ ပိုက်ဆံများနှင့်အတူ မြေပုံစာရွက်နှင့် ငွေလက်ကောက်ကိုလည်း ပြန်တွေ့ရသည်။ အလွန်ဝမ်းသာ သွားပြီး လက်ကောက်ကို လက်ထဲပြန်စွပ်ကာ တံတောင်ဆစ်အပေါ်အထိ ပင့်တင်ထားလိုက်သည်။ ထို့နောက်ဈေးဆိုင် တစ်ဆိုင်နား ကပ်သွားပြီ လိမ္မော်သီး အကြီးကြီးတစ်လုံးနှင့် သစ်ကြားသီးအ ချို့ကိုလှမ်းယူလိုက်သည်။ ဆိုင်ရှင်က သူ့အားတစ်စုံတစ်ရာ ပြောသည်။ သူကလုံးဝနားမလည်။ သို့ဖြင့် သူ့ရူဘယ်ငါးဆယ် တန်တစ်ရွက်ကို ကမ်းပေးလိုက်သည်။ ဆိုင်ရှင်က ပိုက်ဆံကိုကြည့်ပြီး ရယ်သည်။ ပြီးတော့ လက်နှစ်ဖက်ကို အပေါ်မြှောက်၍ "အလ္လ.........အလ္လာ"ဟုလည်း ရေရွတ်သည်။
ဆိုင်ရှင်က ၀လာဒက်လက်ထဲမှ သစ်သီးများကို ပြန်ယူပြီး လက်ညှိုးတယမ်းယမ်းနှင့် နှင်ထုတ်နေ သည်။ ၀လာဒက်က စိတ်ပျက်စွာဖြင့် ပြန်ထွက်လာခဲ့သည်။ ဘာသာစကားမတူသော နေရာတွင် သုံးစွဲသောပိုက်ဆံလည်း မတူဆိုသည်ကို ယခုမှသတိရတော့သည်။ သူသည်ရုရှတွင်နေခဲ့စဉ်က အလွန်ဆင်းရဲခဲ့သည်။ ယခုတော့ရူဘယ် ၁၅၀ကျော် လက်ထဲကိုင်ပြီး တကယ့်ငမွဲကြီး ဖြစ်နေရပြီ။
သည်လိုနေလို့တော့ မဖြစ်တော့။ ဗိုက်ထဲက တကြုတ်ကြုတ်မြည်ကာ အလွန်ဆာလှပြီ။ တစ်ခုခု တော့စားဖြစ်အောင် စားရမည်။ လိမ္မော်သီးတစ်လုံး လောက်တော့ခိုးဖြစ်အောင် ခိုးရတော့မည်။ ဆိုင်ရှင်မိသွားလျှင်လည်း ပြန်ပစ်ပေးခဲ့ပြီး လက်လွတ်ထွက်ပြေးမည်။
သူသည် စတီဖင်နှင့် လုပ်ခဲ့ကြသည့်နည်းအတိုင်း အစွန်ဆုံးမှ ဈေးဆိုင်နားသို့ ကပ်လာခဲ့သည်။ သို့သော် သူကစတီဖင်လိုတော့ မင်သေသေနှင့် မလျှောက်တတ်။ စိတ်ထဲမလုံမလဲ ဖြစ်နေမိသည်။
ဈေးသည်တွေ တစ်ဖက်လှည့်နေခိုက် အစွန်ဆုံးဆိုင်မှ လိမ္မော်သီးတစ်လုံး ဆတ်ခနဲ နှိုက်ယူကာ ထွက်ပြေးသည်။ ချက်ချင်းပင် တစ်ဈေးလုံး ပွက်ပွက်ညံသွားသည်။ တစ်မြို့လုံးပြုံကာ သူ့နောက် ပြေးလိုက်လာကြသလား ထင်ရသည်။
ခြေထောက်တော့နင်းတော့နင်းနှင့် ပြေးနေသော သူ့အားနောက်မှနေပြီး လူကြီးတစ်ယောက်က အတင်းချုပ်ဖမ်းကာ မြေကြီးပေါ်သို့ တွန်းလှဲလိုက်သည်။ နောက်ထပ်လူလေးငါးခြောက်ယောက် ရောက်လာပြီး သူ့ကိုလေးဘာက်လေးတန်ကိုင်ကာ ဈေးတန်းထဲ ဆွဲခေါ်ယူလာကြသည်။
ဈေးဆိုင်နားတွင် ရဲသားတစ်ယောက် စောင့်နေသည်။ ၀လာဒက်အိတ်ထဲမှ ပိုက်ဆံတွေကို နှိုက် ယူသည်။ ရဲသားနှင့်ဆိုင်ရှင်တို့က တစ်ယောက်တစ်ပေါက် အော်ပြောနေကြသည်။ ပြီးတော့ ရဲသားက ၀လာဒက်ဘက်သို့ လှည့်လာပြီးအော်ပြောပြန်သည်။ ၀လာဒက်က ဘာမှနားမလည်။
ရဲသားက ပခုံးနှစ်လက် တွန့်လိုက်ပြီး ၀လာဒက်၏နားရွက်ကို ဆွဲကာခေါ်ထုတ်လာသည်။ ရပ်ကြည့်နေသူအချို့က ၀လာဒက်၏ မျက်နှာကိုတံတွေးနှင့် လိုက်ထွေးကြသည်။
ရဲစခန်းရောက်တော့ ၀လာဒက်အား မြေအောက်ခန်းထဲ ပို့လိုက်သည်။ အခန်းကကျဉ်းကျဉ်းက လေး။ အချုပ်သားက နှစ်ဆယ်သုံးဆယ်။ ခြေချစရာပင် မရှိအောင် ငပိသိပ်ငချဉ်သိပ် ဖြစ်နေသည်။
ဝလာဒက်က တခြားအချုပ်သားတွေကို လုံးဝစကားမပြော။ သိုတို့ကလည်း ၀လာဒက်ကို စိတ်ဝင် စားဟန် တစ်ချက်ကလေးမျှ မပြကြ။ သူသည်နံရံကိုမှီကာ ထိုင်နေသည်။ အိပ်၍လည်းမရ။ ထမင်း ကိုလည်း တစ်နေ့နှင့် တစ်ညနေပြီးမှ စားရသည်။ မကောင်းသော အနံ့အသက်တွေကြောင့် ရင်ထဲမှ ပျို့တက်လာပြီး အန်သည်။ ဗိုက်ထဲတွင် ဘာအစာမှမရှိတော့။ သူ့ကိုယ်သူ သည်ဘ၀မျိုး ရောက်လိမ့်မည်ဟု စိတ်ကူးပင်မထည့်ခဲ့မိ။
နောက်တစ်နေ့ မနက်ကျတော့ ရဲသားနှစ်ယောက် ရောက်လာပြီးသူ့ကို အချုပ်ခန်းထဲမှ ခေါ်ထုတ် ကာတခြားအချုပ်သားတွေနှင့်အတူ တန်းစီခိုင်းသည်။ ပြီးတော့ လက်ကောက်ဝတ်တွင် တစ်ယောက်နှင့်တစ်ယောက် ကြိုးချည်ပြီး လမ်းမပေါ်သို့ ဆွဲထုတ်လာခဲ့ကြသည်။ လမ်းမပေါ်တွင် လူအုပ်ကြီးက စောင့်နေပြီး အကျဉ်းသားများကို မြင်သောအခါ လက်ခုပ်လက်ဝါးတီးကာ အော်ဟစ် ကြိုဆိုကြသည်။
သူတို့နောက်မှ လူအုပ်ကြီးက ဆက်လိုက်လာသည်။ အော်ဟစ်သံတွေကလည်း ဆက်တိုက်ပေါ် ထွက်နေသည်။
ဈေးကွက်လပ်ရောက်တော့ ရပ်ကြရသည်။ အစွန်ဆုံးမှ အကျဉ်းသားကို ကြိုးဖြတ်ပြီး ကွက်လပ် အလယ်သို့ခေါ်သွားသည်။ လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ပွဲဈေး ခင်းကြီးတစ်ခုလို ဖြစ်နေသည်။
ဈေးကွက်လပ်အလယ်သို့ ရောက်သောအခါ အကျဉ်းသားအား ရဲသားက တံတေက်ခွက်ကို နောက်မှနေ၍ ခြေနှင့်ကန်လိုက်သည်။ အကျဉ်းသားသည် ဒူးထောက်လျက် အနေအထားကို ရောက်သွားသည်။ ဓားရှည်ကိုင်ထားသော လူသန်လူထွားကြီး တစ်ယောက်က အကျဉ်းသား၏ ညာဘက်လက်ကို သစ်သားစဉ်းနှီးတုံးတွင် သားရေပတ်ကြိုးနှင့် ချည်လိုက်သည်။ ထို့နောက် လူထွားကြီးက ဓားရှည်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး အပေါ်မြှောက်ကိုင်ပြီး တအားခုတ်ချ လိုက်သည်။ လူအုပ်ကြီးက ညာသံပေး၍ အော်လိုက်ကြသည်။
အကျဉ်းသားကို ကြိုးဖြေပေးသည်။ သူသည် သွေးလွန်ပြီး မြေကြီးပေါ်တွင် လဲကျသွားသည်။ ရဲသားတစ်ယောက်က လူအုပ်အပြင်သို့ ဆွဲထုတ်သွားသည်။ အပြင်ဘက်တွင် ငိုနေသော မိန်းမ တစ်ယောက်က အကျဉ်းသား၏ လက်ပြတ်ကို အ၀တ်စုတ်တစ်ခုနှင့် ကမန်းကတန်း ပတ်ပေးလိုက် သည်။ ထိုမိန်းမသည် အကျဉ်းသား၏ မယားဖြစ်မည်ဟု ၀လာဒက်က ခန့်မှန်းလိုက်သည်။
ဒုတိယအကျဉ်းသားမှာ လေးချက်မြောက်တွင် အကြောက်လွန်ပြီး နေရာတွင်ပင် အသက်ထွက် သွားသည် ပါးကွက်သား လူထွားကြီးမှာ အပြုံးပင်မပျက်။ သူ့အား လက်ဖြတ်လုပ်ငန်း လုပ်ကိုင်ရန် ပိုက်ဆံပေး၍ ခန့်ထားသည် မဟုတ်လား။
ဝလာဒက်က ကြောက်ကြောက်လန့်လန့်ဖြင့် လူအုပ်ကြီးထဲ လှမ်းကြည့်လိုက်သည်။ ထွက်ပြေးရန် နည်းလမ်းများရှိလေမလားဟု တွေးကြည့်သည်။ ထွက်ပြေးသူသည် ခြေထော်တစ်ဖက် အဖြတ်ခံ ရသည်ဟူသော ဤနိုင်ငံ၏ ဥပဒေကိုသူက လုံးဝမသိ။
လူအုပ်ထဲတွင် ၀တ်ရုံနက်ဝတ်ထားသော သူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ထိုသူသည် ဥရောပတိုက်သား ဖြစ်နိုင်သည။ ပြင်သစ်လား၊ ဂျာမန်လား၊ အင်္ဂလိပ်လား၊ ဒါမှမဟုတ် ပိုလန်သား လားမသိနိုင်။ သူက၀လာဒက်နှင့် ကိုက်၂၀ခန့်အကွာမှ ရပ်ကြည့်နေသည်။ သူ့မျက်နှာတွင် သဘောမကျသော အရိပ်လက္ခဏာတွင် ပေါ်လွင်နေသည်။ သို့သော် သူက၀လာဒက်ဘက်သို့ လုံးဝမကြည့်။
ဝလားဒက်က လွတ်နေသော လက်တစ်ဖက်ကို မြှောက်ပြသည်။ ထိုသူကသူ့ဘက်သို့ လုံးဝလှည့် မကြည့်။
ဝလာဒက်၏ တစ်ယောက်ကျော်မှ အကျဉ်းသားကို ဆွဲခေါ်သွားပြန်သည်။ ဓားရှည်ကြီး အပေါ်မြောက် တက်သွားပြန်ပြီ။ ပြန်ကျလာပြီ။ လူထူထဲမှ အော်ဟစ်သံတွေ ဆူညံသွားသည်။
ဝလာဒက်က စောစောက ၀တ်ရုံနက်နှင့်ပုဂ္ဂိုလ်ကို သွေးရူးသွေးတန်း စိုက်ကြည့်နေသည်။ ထိုပုဂ္ဂိုလ် က၀လာဒက်ဘက်သို့ လှည့်ကြည့်သည်။ ပြီးတော့ သူ့အဖော်နှင့်စကားပြောသည်။ အဖော်ဖြစ်သူ ကိုယခုမှ ၀လာဒက်မြင်မိသည်။
ဝလာဒက်ရှေ့မှ အကျဉ်းသားကို ဆွဲခေါ်သွားသည်။ ညာလက်ကို သားရေပတ်နှင့် ဆွဲချည်လိုက် သည်။
ဓားရှည်ကြီး အပေါ်မြာက်သွားပြီး။ ပြန်ကျလာသည်။
တစ်ချက်တည်းနှင့် တိခနဲပြတ်ထွက်သွားသည်။
ဝလာဒက်က ဥရောပသားနှင့်ယောက်ဆီကို ကြည့်လိုက်ပြန်သည်။ သူတို့နှစ်ယောက်ကလည်း ၀လာဒက်ကို ပြန်ကြည့်သည်။ သို့သော်သူ့ဆီသို့ကား မလာကြ။ သူကိုသာ စိုက်ကြည့်နေ ကြသည်။
ရဲသားက ၀လာဒက်ဆီကို လျှောက်သွားပြီး ကုတ်အင်္ကျီကိုဆွဲချွတ်ကာ မြေကြီးပေါ်လွင့်ပစ်လိုက် သည်။ ပြီးတော့ အင်္ကျီလို အပေါ်သို့ ခေါက်တင်လိုက်သည်။ ထို့နောက်ကွက်လပ်အလယ်သို့ ဆွဲခေါ်သွားသည်။ သစ်သားစဉ်းနှီးတုံးကြီးရှေ့ ရောက်သောအခါ သူ၏တံတောက်ခွက်ကို ပစ်ကန် လိုက်ရာ မြေကြီးပေါ်သို့ ဒူးထောက် လဲကျသွားသည်။
သူ၏ညာဘက်လက်ကိုသားရေပတ်နှင့် ချည်လိုက်သည်။ ပါးကွက်သား၏ လက်ထဲမှဓားရှည်ကြီး အပေါ်သို့ မြောက်တက်သွားချိုန်တွင် သူကမျက်လုံးကို စုံမှိတ်ထားလိုက်သည်။
ထိုအခိုက်တွင် သူ့လက်မောင်မှ လက်ကောက်ကွင်း လျှောက်ဆင်းလာပြီး သစ်သားတုံးပေါ်သို့ လာထိသည်။ လက်ကောက်ကွင်းသည် နေရောင်တွင် တလက်လက်တောက်နေသည်။ ပရိသတ်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အာဏာသားက ဓားကိုပြန်ချပြီး လက်ကောက် ကွင်းကိုချွန်ရန် ကြိုးစားသည်။ သို့သော် သားရေ ပတ်ခံနေ၍ ချွတ်မရ ဖြစ်နေသည်။ ပြီးတော့ တခြားတစ်ယောက်ဆီ ပြန်ပြေးသွားင်္ပြီး တစ်စုံတစ်ရာကို ကြည့်နေ ပြန်သည်။ နောက်ဆုံးပုဂ္ဂိုလ်က ရာထူးကြီးပုံ ပေါ်သည်။ သူက ၀လာဒက်ဆီသို့ ဖြည်းဖြည်း လျှောက်လာသည်။
သူက ၀လာဒက်၏ လက်မှလက်ကောက်ကွင်းကို ကြည့်ပြီးတစ်စုံတစ်ရာ စကားပြောသည်။ ၀လာဒက် ဘာမှမလည်။ သူက ပိုလန်စကားဖြင့် ဆရာကြီးကို ဘာသာစကားကို ကျွန်တော်မပြော တက်ဘူးဟု ပြန်ပြောလိုက်သည်။
ရဲအရာရှိက ၀လာဒက်အား အံ့သြသောမျက်နှာနှင့်ကြည့်ပြီး လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ရင်း "အလ္လာ.........အလ္လာ"ဟ၍ အော်လိုက်သည်။
ထို့နောက် ရဲအရာရှိသည် ဥရောပသားဝတ်စုံနှင့် ပုဂ္ဂိုလ်နှစ်ယောက်ဆီသို့ လျှောက်သွားသည်။ ၀လာဒက်က ဘုရားတနေမိသည်။ ရဲအရာရှိက ဥရောပသားများနှင့် စကားပြောသည်။ ဥရောပ သားတစ်ယောက်က ရဲအရာရှိ နှင့်အတူ လိုက်လာသည်။ သူက၀လာဒက်ဘေးတွင် ဒူးထောက် ထိုင်ချပြီး ငွေလက်ကောက်ကွင်းကို သေသေချာချာကြည့်သည်။ ၀လာဒက်သည် ရင်တထိတ်ထိတ် ခုန်နေသည်။ သူသည် ဘာသာစကားငါးမျိုးတက်သည်။ ဥရောပသားကြီးသည် သူတတ်သော ဘာသာစကားတစ်ခုခုကို ပြောတတ်ပါစေဟု ဆုတောင်းနေမိသည်။
ဥရောပသားသည် ရဲအရာရှိနှင့် စကားပြောသည်။ သူ့စကားကို ၀လာဒက်တစ်ခွန်းမှနားမလည်။ သူတော်တော်စိတ်ဓာတ်ကျသွားမိသည်။ ပရိသတ်ကလည်း ဆူညံအော်ဟစ်နေသည်။ အချို့က ကွက်လပ်ဘက်သို့ သစ်သီးတွေနှင့်ပင် လှမ်းပစ်ကြသည်။
ရဲအရာရှိက ခေါင်းတညိတ်ညိတ် လုပ်သည်။ ဥရောပသားက ၀လာဒက်ဘက်သို့ ပြန်လှည့်ပြီး စကားပြောသည်။
"မင်းအင်္ဂလိပ် စကားပြောတတ်သလား"
ယခုမှဝလာဒက် လည်ချောင်းထဲမှ အလုံးကြီးဟင်းခနဲ ကျသွားတော့သည်။
"ဟုတ်ကဲ့၊ ပြောတတ်ပါတယ်ခင်ဗျာ၊ ကျွန်တာ့်ဇာတိကတော့ ပိုလန်သားပါ"
"မင်းက ဒီလက်ကေက်ကွင်းကို ဘယ်လိုရလာတာလဲ"
"ကျွန်တော် ဖေဖေပိုင်တဲ့ ပစ္စည်းပဲ၊ ပိုလန်ကို ဂျာမန်တွေရောက်လာတော့ ဖေဖေကအချုပ်ခန်းမှာ သေဆုံးသွားခဲ့ပါတယ်၊ နောက်ပိုင်း ကျွန်တော်လည်း အဖမ်းခံရပြီး ရုရှအကျဉ်းစခန်းကို ပို့လိုက် ကြပါတယ်၊ ကျွန်တော်ကဒီကို သင်္ဘောစီးပြီး ထွက်ပြေးခဲ့ပါတယ်၊ ထမင်းမစားရတလည်း ကြာပါပြီ၊ ဈေးဆိုင်မှာ သစ်သီးဝယ်တော့ ကျွန်တော်ကရူဘယ်ပိုက်ဆံ ထုတ်ပေးပါတယ်၊ ဒါပေမဲ့ ဆိုင်ရှင်က လုံးဝလက်မခံပါဘူး၊ ဒါနဲ့ကျွန်တော်လည်း ဆာလွန်းလို့ အလစ်မှာလိမ္မော်သီးတစ်လုါံ် ခိုးယူမိပါ တယ်"
အင်္ဂလိပ်ကြီးက ထိုင်နေရာမှ ထရပ်လိုက်သည်။ ပြီးတော့တူရကီရဲအရာရှိနှင့် စကားပြောသည်။ သူ့အသံက တော်တော်ကျယ်သည်။ အခြေအတင်ပြောနေရပုံမျိုး။ တော်တော်ကြာတော့မှ ရဲအရာရှိက ပါးကွက်သားဘက်လှည့်ပြီး တစ်စုံတစ်ရာပြောလိုက်သည်။ ပါးကွက်သားက ခြေမကိုင် မိလက်မကိုင်မိဖြင့် ကြောင်တောင်တောင် ဖြစ်နေသည်။ ရဲအရာရှိက နောက်တစ်ကြိမ် အသံမာမာ ဖြင့် ပြောလိုက်တော့မှ ပါးကွက်သားက ၀လာဒက်၏လက်ကို ကမန်းကတန်း ကြိုးဖြေပေးလိုက် သည်။
"ကဲ.....လာ၊ ငါ့နောက်လိုက်ခဲ့၊ မြန်မြန်လျှောက်၊ သူတို့စိတ်ပြောင်းသွားမှာ ကြောက်ရတယ်" အင်္ဂလိပ်ကြီးနောက်သို့ လိုက်လာခဲ့သည်။
လူအုပ်ကြီးက ၀လာဒက်အား လှမ်း၍အော်ဟစ်ကြသည်။ အချို့ရရာ ပစ္စည်းများနှင့် ကောက်ပေါက် ကြသည်။ နောက်ထပ် အကျဉ်းသားတစ်ယောက် လက်ကိုဖြတ်လိုက်တော့မှ လူအုပ်ကြီးအာရုံ ပြောင်းကာ မျက်နှာ လွှဲသွားကြသည်။
အင်္ဂလိပ်ကြီး က ၀လာဒက်ကို လက်ဆွဲကာ လူအုပ်ထဲမှ ကမန်းကတန်းဖြတ်ခေါ်လာသည်။ အပြင် ရောက်တော့ သူ့အဖော်က ဆီးမေးသည်။
"ဘယ်လိုဖြစ်တ်ာလဲ အက်ဒွပ်"
"ဒီကလေး က ပိုလန်သားလို့ ပြောတယ်ဗျ၊ ရုရှအကျဉ်းစခန်းက ထွက်ပြေးလာတာတဲ့၊ ကျူပ်ကဒီကလေးဟာ အဂီလိပ် အမျိုးသားဖြစ်လို့ သူ့အတွက်ကျုပ်တို့မှာ တာဝန်ရှိတယ်ဆိုပြီး ရဲအရာရှိကို ညာပြောလိုက်တယ်။ ကဲ.....ကျူပ်တို့သံရုံးကို မြန်မြန်သွားကြစို့၊ ဒီသူငယ်ပြောတာ မှန်မမှန် သေချာအောင် စစ်ဆေး ကြည့်ကြ တာပေါ့"
သို့ဖြင့် ၀လာဒက်သည် ဈေးတန်းကို ဖြတ်ကာအင်္ဂလိပ်နှစ်ယောက်ကြားမှ ခြေလှမ်းကျဲကျဲနှင့် လိုက်ပါလာခဲ့သည်။ "ဘုရင်ခုနစ်ပါးလမ်း"ထဲ ရောက်လာသည့်တိုင်အောင် အဝေးမှလူအုပ်ကြီး၏ အော်ဟစ်သံတွေကို သဲ့သဲ့ကြားနေရသေးသည်။
အင်္ဂလိပ်နှစ်ယောက်သည် ကျောက်စရစ်ခင်းလမ်းကိုဖြတ်ကာ မွဲပြာရောင်အဆောက်အအုံ ကြီးတစ်ခုဆီသို့ လျှောက်လာကြသည်။ ၀လာဒက်လည်း သူတို့နောက်မှ လိုက်ခဲ့ရန် လက်ပြခေါ်သည်။
သူတို့သည် ခန်းမကြီးတစ်ခုထဲသို့ ၀င်လာကြသည်။ အခန်းနံရံပတ်ပတ်လည်တွင် စစ်ဗိုလ်ချုပ်ကြီး များ၏ ပုံတူပန်းချီကားများ ချိန်ဆွဲထားသည်။ အစွန်ဆုံးမှပုံတွင် အပြာရောင်ရေတပ်ဝတ်စုံနှင့် ရွှေတံဆိပ်တွေ ရင်ဘတ်ပြည်တပ်ထားသော ပုဂ္ဂိုလ်ကြီးကို မြင်ရတော့သူ၏ ကျေးဇူးရှင် နယ်စားကြီးကို သွား၍သတိရမိသည်။
တစ်နေရာမှ စစ်သားတစ်ယောက် ထွက်လာပြီးသူတို့အား အလေးပြုသည်။
"ရဲဘော်စမစ်သာ၊ ဒီကလေးကိုခေါ်သွားပြီး ရေချိုးပေးလိုက်ပါ၊ ပြီင်္းတော့ထမင်းပါ ကျွေးလိုက်၊ ထမင်းစားပြီးတော့ ငါ့ဆီပြန်ခေါ်လာခဲ့"
"ဟုတ်ကဲ့........ခင်ဗျာ" စစ်သားက ဆလုရိုက်၍ပြန်ပြောသည်။
"ကဲ.........ချာတိတ်၊ ငါနဲ့လိုက်ခဲ့"
စစ်သားကရှေ့မှထွက်သွား။ ၀လာဒက်က ကျိုးနွံသောအမူအရာဖြင့် နောက်မှလိုက်သွားသည်။ စစ်သားက သူ့အားသံရုံးအောက်ထပ်မှ အခန်းလေးတစ်ခန်းသို့ ခေါ်လာခဲ့သည်။ ပြီးတော့အ၀တ် လဲ၍ရေချိုးရန်ပြောပြီး စစ်သားပြန်ထွက်သွားသည်။
မကြာမီတွင် စစ်သားပြန်ဝင်လာသည်။ ၀လာဒက်သည် အ၀တ်အစားလဲပြီး ခုတင်လေးတစ်ခုပေါ် တွင်အကျထိုင်ကာ ငွေလက်ကောက်ကို ပွတ်သပ်ကစားနေသည်။
"ဟေး.........ချာတိတ်၊ မြန်မြန်လုပ်ပါ၊ မင်းကအနားယူစခန်း ရောက်နေတယ်များ မှတ်နေသလား"
"ခွင့်လွှတ်ပါ အစ်ကိုကြီး"
"ငါ့ကို အစ်ကိုကြီးလို့ အခေါ်ပါနဲ့၊ ငါ့နာမည်က တပ်ကြပ်စမစ်သားတဲ့၊ အဲဒီတော့ငါ့ကို တပ်ကြပ် ကြီးလို့ပဲခေါ်ပါ"
"ကျွန်တော်နာမည်က ၀လာဒက်ကော်စကေ၀စ်ပါ၊ ကျွန်တော်ကိုဝလာဒက် လို့ပဲခေါ်ပါ"
"လူကြီင်္းကိုမနောက်စမ်းပါနဲ့ကွ"
"သည်းခံပါ.......တပ်ကြပ်ကြီးခင်ဗျာ"
"ကဲ.........မြန်မြန်သာ လိုက်ခဲ့တော့"
တပ်ကြပ်ကြီး စမစ်သားက ၀လာဒက်အားနောက်ထပ် ရေချိုးခန်းတစ်ခန်းသို့ ပို့ပေးသည်။ သည်တစ်ကြိမ်မူ ရေနွေးနှင့် ဆပ်ပြာမွှေးတို့ဖြင့် တစ်ခမ်းတစ်နား ချိုးရသည်။ မော်စကိုမှ သူ၏ကျေး ဇူးရှင်ရုံပိုင်ကတော်ကို သတိရမိသည်။
မွှေးကြိုင်သန့်ရှင်းနေသော အ၀တ်သစ်တစ်စုံကိုလည်း အဆင့်သင့်တွေ့ရသည်။ မကြာခင် တပ်ကြပ်ကြီး စမစ်သားပြန်ရောက်လာသည်။
ထို့နောက်တပ်ကြပ်ကြီးက ၀လာဒက်အား ထမင်းစာခန်းသို့ ခေါ်လာခဲ့သည်။ ထမင်းစာခန်းထဲတွင် ပန်းရောင်မျက်နှာ၊ ကိုယ်ခန္ဓာ၀၀ဖိုင့်ဖိုင့်နှင့် အမျိုးသမီးထမင်းချက်က ပြုံးရွှင်စွာနှုတ်ဆက်သည်။
"ဟဲလို........သူငယ်၊ မင်းနာမည်ဘယ်လိုခေါ်သလဲ"
"၀လာဒက်ပါခင်ဗျား"
"ကောင်းတယ်၊ အဲဒီတော့်မင်းကို စွပ်ပြုတ်ပူပူ၊ အမဲသားကြော်ကောင်းကောင်းနဲ့ကျွေးမယ်၊ အ၀သာစားပေတော့၊ ဒါနဲ့မစ္စတာပရင်ဒါဂတ်နဲ့ စကားပြောရင်သတိနဲ့ ပြောပါ၊ သူကအလွန်စိတ် တိုတယ်၊ သူကအင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် စိတ်ကောင်းတော့ရှိပါတယ်"
"ဒါနဲ့ အန်တီက အင်္ဂလိပ်လူမျိုးမဟုတ်ဘူးလားဟင်"
"မဟုတ်ဘူးကွဲ့၊ ငါကစကော့လူမျိုး၊ အများကြီးခြားနားတယ်၊ တို့ကအင်္ဂလိပ်တွေကို ဂျာမန်တွေ ထက်တောင်မုန်းသေးတယ်" သူမကရယ်ပြီးပြောသည်။ ပြီးတော့ဝလာဒက်အား စွပ်ပြုတ်၊ အမဲသားနှင့် အသီးအနှံစုံဖြင့် ထမ်းကျွေးသည်။ ၀လာဒက်က ထမင်းဟင်းကို တော်သင့်ရုံက စားသည်။ အစားကြီးသည်ဟု အထင်သေးခံရမှ စိုးရိမ်သောကြောင့် ဖြစ်သည်။
တပ်ကြပ်ကြီး စမစ်သားပြန်ရောက်လာသည်။
"စားလို့ကောင်းရဲ့လားဟေ့"
"ကောင်းပါတယ်........တပ်ကြပ်ကြီး ကျေးဇူးတင်ပါတယ်"
"အေး..........ကောင်းတယ်၊ ကောင်းတယ်၊ ပြီးရင်တို့သွားကြမယ်၊ မစ္စတာပရင် ဒါဂတ်ရှေ့မှာ တန်းစီဖို့နောက်ကျနေဦးမယ်"
တပ်ကြပ်ကြီး အခန်းထဲမှပြန်သွားသည်။ ၀လာဒက်ကစကော့လူမျိုး အမျိုးသမီး ထမင်းချက်ကြီးကို ရပ်ကြည့်နေသည်။ သူကတွေ့ခါစ လူတစ်ယောက်နှင့် ပြန်ခွဲခါနီး နှုတ်ဆက်ရမည်ကို ကြောက်နေသည်။ အထူးသဖြင့် သူတို့ကကိုယ့်အပေါ်တွင် အလွန်ကြင်နာမှုပြလျှင် ပိုဆိုးသည်။
"ကဲ..........သွားပေတော့ ကလေးရေ၊ မင်းအဖို့ရောက်လေရာမှာ ကံကောင်းပါစေ"
"ကျေးဇူးတင်ပါတယ် အန်တီ၊ အန်တီကျွေးတဲ့ ထမင်းဟင်းတွေ သိပ်ကောင်းပါတယ်"
ထမင်းချက်ကြီးက ပြုံးပြသည်။ ၀လာဒက်က နောက်လှည့်ကာ အခန်းတံခါင်းဖွင့်ပြီး ပြန်ထွက်လာခဲ့သည်။
တပ်ကြပ်ကြီးက သူ့ကိုအပြင်ဘက်မှ ရပ်စောင့်နေသည်။ နှစ်ယောက်သား ဆက်လျှောက်လာကြ သည်။ တစ်နေရာတွင် ခမ်းနားသော ရုံးခန်းတစ်ခုကို တွေ့ရသည်။ တပ်ကြပ်ကြီးက တံခါးခေါက် လိုက်သည်။
"၀င်ခဲ့" အတွင်းမှအသံ။
တပ်ကြပ်ကြီးက တံခါးဖွင့်ပြီး ဆလုရိုက်လိုက်သည်။
"ပိုလန်ကလေး ရောက်လာပါပြီ ခင်ဗျာ၊ ရေချိုးပြီးလို့ ထမင်းလည်း ကျွေးခဲ့ပြီးပါပြီ"
"ကျေးဇူးပဲ တပ်ကြပ်ကြီး၊ ဒါနဲ့မစ္စတာဂရန့်ကို ကျုပ်အခန်းခဏ ကြွပါလို့ ပြောလိုက်ပါဦး"
အက်ဒွပ်ပရင်ဒါဂတ်က ၀လာဒက်ကိုစားပွဲမှ မော့ကြည့်သည်။ ကိုလားထိုင်တွင် ၀င်ထိုင်ရန် လက်ပြသည်။ ပြီးတော့ စာရွက်တွေကို လှန်လှောကြည့်သည်။ ကုလားထိုင်တွင် ၀လာဒက်က ၀င်ထိုင်ပြီး မစ္စတာပရင်ဒါဂတ်ကို အကဲခတ်နေသည်။ ပြီးတော့ ပုံတူကားချပ်ကြီးတွေ တစ်ခန်းလုံး ပြည့်နေသည်။ စောစောက တွေ့ခဲ့ရသော မုတ်ဆိတ်ဖွားဖွားနှင့် ဗိုလ်ချုပ်ကြီးပုံကိုလည်း တွေ့ရသည်။ သည်ပုံတွင်တော့ ကာကီရောင်ကြည်းတပ် ၀တ်စုံကို ၀တ်ထားသည်။
ခဏအကြာတွင် တခြားအင်္ဂလိပ်အမျိုးသာတစ်ယောက် ၀င်လာသည်ည။ လက်ဖြတ်ပွဲမှ အတူပြန်လာ ခဲ့ကြသောပုဂ္ဂိုလ်ဖြစ်သည်။
"ထိုင်ပါဦး ဟယ်ရီ" မစ္စတာပရင်ဒါဂတ်က ပြောသည်။ ပြီးတော့ဝလာဒက် ဘက်သို့လှည့်ပြီး 'ကဲ......ဆရာလေး၊ မင်းအကြောင်းကို အစကအဆုံးအထိ ပြောစမ်းပါ အပိုတွေမပါစေနဲ့၊ အမှန်အတိုင်းသာပြော ကြားလား'
"ဟုတ်ကဲ့........ခင်ဗျာ"
ထို့နောက် ၀လာဒက်က သူ့ဘ၀ဇာတ်လမ်းကို ပိုလန်နိုင်မှအစပြုကာ ပြန်လည်ပြောပြသည်။ သူကလိုရင်းတိကျအောင် အင်္ဂလိပ်စကားတွေကို တော်တော်ကြာကြာ စဉ်းစားနေရသည်။ ပထမတွင် အင်္ဂလိပ်အမျိုးသားနှစ်ယောက်က မယုံချင်သလို အရိပ်လက္ခဏာများ တွေ့ရသည်။ သူ့တို့က ၀လာဒက်စကားကို မကြာခဏဖြတ်မေးကြသည်။ တစ်နာရီလောက်ကြာသွားသော အခါတွင်ကား ၀လာဒက်၏ ကိုယ်ရေးရာဇ၀င်ကို တူရကီနိုင်ငံဆိုရာ ဗြိတိသျှသံရုံးမှ ဒုတိယကောင် စစ်ဝန်အားအပြည့်အစုံ အစီရင်ခံပြီးဖြစ်သွားသည်။
"ဒီကိစ္စပိုလန်သံရုံးကို ချက်ချင်းအကြောင်းကြား သင့်တယ်ထင်တယ် ဟယ်ရီ ဒုတိယကောင် စစ်ဝန်ကပြောသည်။" သူတို့က ပိုပြီးတာဝန်ရှိလို့ ဒီသူငယ်ကို သူတို့ဆီလွှဲပေးလိုက်တာက ပိုကောင်းလိမ့်မယ်။
"ဟုတ်ပါတယ် အက်ဒွပ်၊ အဲဒီလိုလုပ်တာ အကောင်းဆုံးပါပဲ" မစ္စတာဟယ်ရီ ဂရန့်က ပြန်ပြော သည်။ သူက၀လာဒက်ဘက်သို့ကာ 'ဒီမှာသူငယ်၊ မင်းဟာဒီနေ့ လက်ဖြတ်ပွဲက ကံကောင်းလို့ လွတ်လာတာ၊ ခိုးမှုကျူးလွန်တဲ့သူကို လက်ဖြတ်တာ ဒီနိုင်ငံရဲ့ ရှေးဟောင်းဥပဒေတစ်ခုပဲ၊ ဒီဥပဒေ ကိုဖျက်ပယ်ထားတာတော့ ကြာပါပြီ၊ တကယ်ဆိုရင် ပြစ်မှုကျူးလွန်သူတစ်ယောက်ကို ဒီပြစ်ဒဏ် မျိုးပေးတာလည်းအော်တို မန်ရာဇတ်ကြီး ဥပဒေအရ ပြစ်မှုတစ်ခုပဲလို့ ပြဋ္ဌာန်းထားတယ်၊ ဒါပေမဲ့ သူတို့ကဒီလိုပြစ်ဒဏ် ပေးတာကို အခုအထိဆက်သုံးနေကြတန်းပဲ'
"ဒါနဲ့ ကျွန်တော်လက်ကျတော့ သူတို့ကဘာဖြစ်လို့ မဖြတ်တာလဲခင်ဗျာ"
ဝလာဒက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကြည့်နေရင်းမှ ပြန်မေးလိုက်သည်။
ဤတွင်ဒုတိယကောင်စစ်ဝန် မစ္စတာပရင်ဒါဂတ်က ဖြတ်၍
"ငါက ရဲအရာရှိကို ပြောလိုက်တယ်၊ သူတို့အမျိုးသားတွေ့ရဲ့ လက်ကိုဥပဒေအရ ဖြတ်နိုင်ပေမယ့် အင်္ဂလိုပ်အမျိုးသားတစ်ယောက်ကို ဖြတ်လို့မရဘူးလို့ ပြောလိုက်တယ်"
"ဘုရားသခင် ကျေးဇူးတော်ပါပဲ"
"ဘုရားသခင် ကျေးဇူးမဟုတ်ဘူးကွ၊ ငါ့ကျေးဇူးပါ၊ ငါ့ကျေးဇူး" သူက ပြုံးပြီးပြောသည်။ ပြီးတော့ ဆက်ပြောသည်။ "အဲဒီတော့ မင်ဒီညဒီမှာပဲ နေနိုင်တယ်၊ မနက်ဖြန်ကျတော့ ပိုလန်သံရုံးကို ပို့ပေးမယ်၊ တကယ်တော့ ဒီမြို့မှာ ပိုလန်သံရုံး အတိအကျ မရှိသေးဘူး၊ ကိုယ်စားလှယ်အဖွဲ့ပဲ ရှိသေးတာ၊ ဒါပေမဲ့ကိစ္စမရှိပါဘူး၊ တို့သံရုံးရှေ့က တိုက်မှာနေတဲ့လူက စိတ်ကောင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ"
ကောင်စစ်ဝန်က စားပွဲပေါ်မှ ခလုတ်ကိုနှိပ်လိုက်သည်။ စောစောကတပ်ကြပ်ကြီး ပြန်ဝင်လာသည်။
"ဟုတ်ကဲ့ ခင်ဗျာ"
"တပ်ကြပ်ကြီးက ၀လာဒက်အား ယခင်အခန်းကလေးထဲသို့ ပြန်ခေါ်လာသည်။ အခန်းမှာ ယခင်ကထက် သန့်ရှင်းသေသပ်နေသည်။ သူ့အားဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်သဖွယ် ဧည့်ခံပြုစုကြောင်း သိသာသည်။"
ထိုနေ့က ၀လာဒက်သည် အခန်းကလေးထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရသည်။ တပ်ကြပ်ကြီး စမစ်သား၊ ရောက်လာတော့မှ အပ်ရာမှနိုးသည်။
"ကဲ......ဆရာလေး၊ မြန်မြန်ထ၊ အနံအစော် မနံအောင် ရေမိုးချိုးလိုက် နို့မဟုတ်ရင် မစ္စတာပရင် ဒါဂတ်က ဆီးဟောက်နေဦးမယ်"
ဝလာဒက်သည် ခုတင်ပေါ်မှ ဆင်းလာပြီး အ၀တ်အစားလဲသည်။
"မင်း.........ခြေထောက်ကဘာဖြစ်တာလဲ တပ်ကြပ်ကြီးက မေးသည်။"
"အို.........ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး"
"ဒါဖြင့်လည်း ပြီးရော၊ ငါသုံးမိနစ်အတွင်း ပြန်လာခဲ့မယ်၊ သုံးမိနစ်ပဲနော် ငါပြန်ရောက်ရင် အဆင့်သင့် ဖြစ်နေပါစေ ဒါပဲ"
ဝလာဒက်သည် ရေမချိုးတော့ပဲ မျက်နှာသစ်ပြီးခြေလက်များ ဆေးကြောလိုက်သည်။ ပြီးတော့ အ၀တ်အစားလဲပြီး ခြေလက်များ ဆေးကြောလိုက်သည်။ ပြီးတော့ အ၀တ်အစားလဲပြီး ခုတင်စွန်း တွင်ထိုင်ရင်း အဆင်သင့်စောင့်နေသည်။ တပ်ကြပ်ကြီး စမစ်သားက အချိန်အတိအကျ ရောက်လာသည်။
ဝလာဒက်အား ဒုတိယကောင်စစ်ဝန် မစ္စတာပရင်ဒါဂတ် ရုံးခန်းသို့ တန်းခေါ်လာသည်။
ဝလာဒက်အား ဒုတိယကောင်စစ်ဝန် မစ္စတာပရင်ဒါဂတ် ရုံးခန်းသို့ တန်းခေါ်လာသည်။
"ဂွတ်မောနင်း........... ကော်စက၀စ်"
"ဂွတ်မောနင်း.............ဆာ"
"ဘယ့်နှယ်လဲ၊ မနက်စားလို့ မြိန်ရဲ့လား"
"မနက်စာ မစားခဲ့ရသေးဘူး ခင်ဗျား"
"ဟင်.........ဘာဖြစ်လို့လဲ" မစ္စတာပရင်ဒါဂတ်က တပ်ကြပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူက အိပ်ချိန်လွန်သွားပါတယ် ခင်ဗျာ၊ အဲဒါဒီကိုခေါ်လာဖို့၊ နောက်ကျနေမှာစိုးလို့ မနက်စာ မကျွေးခဲ့တော့ပါဘူး"
"သြော်..........ဒီလိုလား၊ ဒါဖြင့်လည်း တစ်ခုခုစီစဉ်ကြတာပေါ့၊ မစ္စက်ဟင်ဒါ ဆင်ကိုပြောလိုက် ပါဦး၊ လိမ္မော်သီးဖြစ်ဖြစ်ပေါ့၊ တစ်ခုခုပေါ့"
'ကောင်းပါပြီခင်ဗျား'
ဝလာဒက်နှင့် ဒုတိယကော်စစ်ဝန်တို့သည် စင်္ကြံဆောင်ကိုဖြတ်ကာ သံရုံးရှေ့သို့ လျှောက်လာခဲ့ ကြသည်။ ရုံ့းရှေ့ကျောက်ခင်းကွက်လပ်တွင် အနက်ရောက် အော်စတင်ကားကလေး တစ်စီးရပ် ထားသည်။ တူရကီတစ်နိုင်ငံလုံးတွင် အင်ဂျင်စက်ဖြင့် မောင်းသော မော်တော်ကား အနည်းငယ် ခန့်သာရှိသည့်အနက် တစ်စီးအပါအ၀င် ဖြစ်သည်။ ၀လာဒက်အဖို့လည်း တစ်သက်တွင် ပထမဆုံး အကြိမ်စီးဖူးသောကား ဖြစ်သည်။ ၀လာဒက်က ဗြိတိသျှသံရုံးမှ ထွက်ခွာသွားရမည်ကို စိတ်မကောင်းဖြစ်နေသည်။ သူ့ဘ၀လုံခြုံမှုကို ပထမဆုံးပေးခဲ့သော ဋ္ဌာနဖြစ်၍ သံယောဇဉ် တွယ်နေမိပြီ၊
တပ်ကြပ်ကြီးက လှေကားမှ ပြေးဆင်းလားပြီး ဒရိုင်ဘာအခန်းတွင် ၀င်ထိုင်လိုက်သည်။ ပြီးတော့ ၀လာဒက်အား သစ်တော်သီးတစ်လုံးနှင့် ပေါင်းမုန့်တစ်လုံး ကမ်းပေးသည်။
"ကားပေါ်မှာ ပေါင်မုန့်တွေတော့ မကျစေနဲ့ ဆရာလေး၊ ထမင်းခက်အမျိုးသမီးက မင်းကိုနှုတ် ဆက်လိုက်ပါတယ်တဲ့"
'ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ'
ကားကလေးသည် ပူအိုက်၍ လူသွားလူလာ ရှုပ်ထွေးသော လမ်းမကြီးပေါ်တွင် အရှိန်နှင့် ပြေးလာခဲ့ သည်။ ဘးတံခါးဖွင့်ထားသော်လည်း ၀လာဒက်မှာ ချွေးပြန်နေသည်။ မစ္စတာပရင်ဒါဂတ်ကတော့ ဘာစကားမှမပြောပဲ ငြိမ်၍လိုက်လာသည်။
ကားကလေးသည် ဟောင်းနွမ်းနေသော တိုက်ကလေးတစ်လုံးရှေ့တွင် ထိုးရပ်သွားသည်။ ရုံးတံခါးဝတွင် "ပိုလန်နိုင်ငံကောင်စစ်ဝန်ရုံး"ဟူ၍ ဆိုင်းဘုတ်တပ်ထားသည်။ ၀လာဒက်၏ ရင်ထဲတွင် ၀မ်းသာဝမ်းနည်း ခံစားနေရသည်။
သုံးယောက်သား ကားပေါ်မှ ဆင်းလိုက်ကြသည်။
"သစ်တော်သီးအခွံတွေ ဘယ်ပစ်လိုက်လဲ ချာတိတ်" တပ်ကြပ်ကြီးက မေးသည်။
'ကျွန်တော် စားပစ်လိုက်ပြီ ခင်ဗျာ့'
တပ်ကြပ်ကြီးက ရယ်သည်။ ပြီးတော့ တံခါးခေါက်လိုက်သည်။ ဆံပင်နက်နက်၊ မေးရိုးကားကား၊ ဖော်ရွေသော မျက်နှာနှင့် လူသေးသေးကလေး တစ်ယောက်က တံခါးလာဖွင့်သည်။ သူသည် ရှပ်လက်ကို ၀တ်ထားသည်။ တူရကီနေပူဒဏ်ကြောင့် အသားအရေက နီညိုညိုဖြစ်နေသည်။ သူက ပိုလန်စကားဖြင့် နှုတ်ဆက်သည်။ ၀လာဒက်အဖို့ အကျဉ်းစခန်းမှ ထွက်ပြေးလာပြီးသည့် အချိန်မှစ ၍ ယနေ့အထိ ပထမဆုံးအကြိမ် ကြားရသော အမိနိုင်ငံ၏ ဘာသာစကားပင် ဖြစ်သည်။ သူကခပ် မြန်မြန်ပင် အကျိုးအကြောင်းရှင်းပြလိုက်သည်။ ပိုလန်သံရုံးမှ ပုဂ္ဂိုလ်က ဗြိသျှကောင်စစ်ဝန်ဘက် သို့လှည့်ကာ-
'ဒီဘက်ကကြွပါ ပစ္စတာပရင်ဒါဂတ်' သူကပီသသော အင်္ဂလိပ်စကားနှင့် ပြောသည်။ "ဒီကလေးကို ကိုယ်တိုင်လာပို့တာ အများကြီးကျေးဇူးတင်ပါတယ်"
ထို့နောက်တော့ သံတမန်ရေးရာ အလ္လာပ သလ္လာပစကားတွေ ပြောပြီးနောက် မစ္စတာမရင် ဒါဂတ်နှင့် တပ်ကြပ်ကြီးတို့ပြန်ရန် ထိုင်ရာမှ ထကြသည်။ ၀လာဒက်က သူတို့အား စိုက်ကြည့်နေ သည်။ တခြားပို၍ ကောင်းသော စကားလုံးရှာမရ၍ 'အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျား' ဟူ၍သာ ပြောလိုက်ရသည်။
မစ္စတာပရင်ဒါဂတ်က ၀လာဒက်၏ ပခုံးကိုအသာပုတ်၍ ပြန်လည်နှုတ်ဆက်သည်။ တပ်ကြပ်ကြီးက တံခါးကို ပြန်ပိတ်ရင်းမှ 'ကံကောင်းပါစေ........ချာတိတ်၊ မင်းကိုဘုရားသခင်က စောင့်ရှောက်ပါလိမ့် မယ်'
'ကျေးဇူးတင်ပါတယ် တပ်ကြပ်ကြီး၊ ကျွန်တော်ကလည်း ကံကောင်ပါစေလို့ ဆုတောင်းပါတယ်'
ပိုလန်ကောင်စစ်ဝန်က သူ့ကိုယ်သူ ၀လာဒက်နှင့် မိတ်ဆက်သည်။ ကောင်စစ်ဝန်နာမည်မှာ ပါဝယ်ဇလက်စကီးဖြစ်ကြောင်း သိရသည်။
ဝလာဒက်က သူ့ဇာတ်ထုပ်ကို ဖြစ်ကြောင်းကုန်စင် ပြန်လည်ပြောပြရပြန်သည်။ သည်တစ်ကြိမ် တော့ ပိုလန်စကားနှင့်ပြောရ၍ ပို၍လွယ်ကူချောမောသည်။ မစ္စတာဇလက်ကီးက စိတ်မကောင်း ဟန်ဖြင့် ခေါင်းတညိတ်ညိတ်နှင့် နားထောင်သည်။
"အင်း........မင်းအဖြစ်က တကယ့်ကြေကွဲစရာပါလား၊ အရွယ်နဲ့မလိုက်အောင် ခံစားရတဲ့ဖြစ်ရပ်ပဲ၊ ကဲ.........ဒီတော့ တို့ကမင်းအတွက် ဘာကူညီရမလဲ၊ မင်းဘယ်ကိုသွားပြီး ဘာလုပ်မယ်လို့ စိတ်ကူးထားသလဲ"
'ကျွန်တော် ပိုလန်ကိုပြန်ပြီး ရဲတိုက်ကြီးမှာပဲ ဆက်နေချင်ပါတယ်'
'ပိုလန်ပြန်မယ် ဟုတ်လား၊ အဲဒီမှာ အခုဘာတွေဖြစ်နသလဲ မင်းသိရဲ့လား၊ မင်းနေခဲ့တ့ ဒေသက အခုအချိန်မှ ရုရှလက်အောက် ရောက်နေပြီ၊ အကောင်းဆုံးကတော့ အင်္ဂလန်ဖြစ်ဖြစ်၊ အမေရိကန် ဖြစ်ဖြစ် သွားနေရင်အကောင်းဆုံးပဲ'
'ကျွန်တော်က အင်္ဂလန်မသွားချင်ဘူး၊ အမေရိကလည်း မသွားချင်ဘူး၊ ကျွန်တော်က ပိုလန်သားပဲ၊ ပိုလန်ကိုပဲ၊ ပြန်ချင်ပါတယ်'
'ပိုလန်သားဟာ ဘယ်မှာပဲနေနေပိုလန်သားပါ ၀လာဒက်၊ အရေးကြီးတာက မင်းဘ၀ရှေ့ရေးအ တွက် အဆင်ပြေတဲ့နေရာမှာ နေဖို့ပါပဲ၊ မင်းဘ၀ကအခုမှ က, ကြီးကစရမယ့်ဘ၀ မဟုတ်လား'
ဝလာဒက် က စိတ်ပျက်စွာဖြင့် ခေါင်းငုံ့ထားသည်။ ပြီးတော့ မျက်ရည်တွေ စီးကျလာသည်။
မစ္စတာ ဇလက်စကီးက ၀လာဒက်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။
မင်းဟာ ကံကောင်းတ့ လူတစ်ယောက်ပါ ကလေးရယ်၊ ကပ်ကျော်လာတဲ့ လူတစ်ယောက်ပါ၊ ဒီအချက်ကို ဘယ်တော့မှ မမေ့ပါနဲ့၊ မင်းရဲ့ ကျေးဇူးရှင်ကြီး ဒေါက်တာဒူဘီယင်ကိုလည်း တစ်သက်မမေ့ပါနဲ့
ဝလာဒက်က ဘာမှမပြန်မပြော။
"ကဲ........ဘာပဲဖြစ်ဖြစ်၊ အခုအချိန်ကစပြီး မင်းရဲ့အတိတ်က ဖြစ်ရပ်တွေအားလုံး မေ့ပစ်လိုက်ပါ တော့၊ အနာဂတ်အတွက်ကိုသာ စဉ်စားတော့၊ ကံကောင်းရင် တစ်နေ့ကျတော့ မင်းချစ်နိုင်တဲ့ နိုင်ငံကိုလည်း ပြန်ရောက် ရမှာပေါ့ ဟုတ်လား"
ဝလာဒက်ငြိမ်သက်မြဲ ငြိမ်သက်နေသည်။
မစ္စတာဇလက် စကီးကကြင်နာသံဖြင့် ဆက်ပြောသည်။
'ကောင်းပြီလေ၊ လောလောဆယ် အပူတပြင်း ဆုံးဖြတ်ချက်ချဖို့ မလိုသေးပါဘူး၊ မင်းအနာဂတ် အတွက် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်တစ်ခု ချနိုင်အောင် ကြိုးစားပါ၊ ဒီအတွင်းမှာ ပျော်ပျော် ရွှင်ရွှင်နဲ့ ဒီမှာနေနိုင်ပါတယ်'
.................................
အခန်း (၁၀) ဆက်ရန်
No comments:
Post a Comment