Tuesday, May 11, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၀၃)

သူ့အိပ်ထောင်ထဲက အစိုးရ

ပုဒ်မ၁၄၅-အမှုအတွက် ရုံးရက်ချိန်းများ ရွှေ့၍ ရွှေ့၍ လာခဲ့ပါသည်။ ရဲဋ္ဌာနတွင် တိုင်ထားသော ပိုင်နက် ကျူးလွန်မှု စသည်များလည် အမျှင်တန်းလန်း အတိုင်းသာ ရှိပါသည်။ ရန်ကုန် ခရိုင် ရာဇ၀တ် တရားသူကြီးရုံး နှင့် ပြန်ကြားရေးဋ္ဌာနတို့တွင် တင်ပို့ကန့်ကွက်ထားသော ဗမာ့ခေတ်သတင်းစာ ပုံနှိပ်ထုတ်ဝေသူ အမည် ပယ်ဖျက် ပေးရန်ကိစ္စကိုလည်း တသီးတခြား အမှုဖွင့်၍ထားလိုက်ပြီးဖြစ်ပါသည်။ ထို့ပြင်မှတ်ပုံတင် အရာရှိရုံး သို့လည်း မှတ်ပုံတင်ရမည့် စာချုပ်စာတမ်းများအတွက် တဘက်တလမ်းမှ ဆောင်ရွက်နေရသဖြင့် သက်ဆိုင်ရာ ရုံးပြင် ကန္နားများ၌ စစ်မျက်နှာ ၄-၅ခုမျှ ဖွင့်ထားလိုက်ရပါသည်။

ပုံနှိပ်ထုတ်ဝေသူ ကန့်ကွက်ချက်ကို တရားသူကြီးရုံးမှ စစ်ဆေးရန်အမိန့်နှင့် ခေါ်သော်လည်း(၃) ကြိမ်တိတိ အကြောင်း အမျိုးမျိုးပြကာ မလာမရောက်ခဲ့ကြပါ။ စာချုပ်များမှတ်ပုံတင်ရုံးမှ ခေါ်သောအခါလည်း ဤနည်း အတိုင်း သာ ဖြစ်နေပါသည်။ ရဲဋ္ဌာနက အမှုများကလည်း တိုင်ချက်ရေးမှတ်ထားသော စာအုပ်ထည်းမှာပင် ရှိနေသေးသည်။ ပဋိပက္ခကြောင့် သတင်းစာတိုက်ပိတ်လိုမှုကိစ္စမှာလည်း ဟိုက်ကုတ်တရားလွှတ်တော်အထိ ဆွဲယူ သွားလေသည်။

ဤအတော အတွင်းမှာ ဗမာ့ခေတ်သတင်းစာက ကျမအုပ်ချုပ်လျက် နေ့စဉ်ထုတ်ဝေလျက်ရှိပြီးလျှင် အောက်အိမ်သစ် ကလေးတွင် သော့ခလောက် ရိုက်ချိုးဝင်ပြီး အတင်းအဓမ္မလာရောက်နေထိုင်သူ လူညစ်ပတ်ကြီးမှာ ၄-၅ရက်မျှသာနေလျက် အပြင်ပြန်ထွက်သွားလေသည်။ သူ၏စားကျတ်တွေက အပြင်အပ မှာသာရှိလေသည်။ နေ့မှာ မိုးကြိုးတိုက်တွင် ညီလာခံလျက် ညဘက်တွင် အရက် ပုလင်း ခါးထိုး လျက် ရပ်ကွက်တိုင်းလိုလိုတွင် ရှိနေသော အမျှောင်မများအိမ်တွင် တအိမ်တက်, တအိမ်ဆင်းနှင့် ကာမ စည်းစိမ် ယစ်မူးပြီး လင်းအားကြီးလောက်မှာ အိမ်သစ်ကလေးသို့ ပြန်လာသည်။ တဖန်မနက်လင်းလျှင် ထွက်သွား သည်။

 တပတ်လောက် အကြာတွင် လုံးဝလာရောက်နေထိုင်ခြင်း မပြုတော့ပေ။ သို့ရာတွင် အိမ်သစ်ကလေးကို ခြေကုပ် ယူထားသည် ၄င်းအိမ်သစ်ကလေးကို လက်လွတ်မသွားစေရန် မန္တလေး မစိုးရိမ်တိုက်က ဘုန်းကြီး တပါးကို ခေါ်ယူပြီး အစောင့်တင်ထားသည်၊ အကျင့်စာရိတ္တကို မကြိုက်သဖြင့် တိုက်ဝင်း အပြင် နှင်ထုတ် ထားပြီးသော ချင်းကောင်ငယ်လေးနှစ်ယောက်ကိုလည်း ၄င်းဘုန်းကြီးနှင့် အတူ အိမ်သစ်ပေါ်မှာ ဇွတ်အတင်း လာရောက် နေထိုင်စေသည်မှာ ယနေ့အထိဖြစ်ပါသည်။ ပိုင်နက်ကျူးလွန်မှုကို အဆက်မပြတ်အောင် ကိုယ်စားလည် လွှဲနှင့် အပ်ထားခဲ့သော သဘောသက်ဝင်လျှက်ရှိပါသည်။

ထိုစဉ်က အိမ်ကြီးပေါ်တွင် ကျမနှင့်အတူ လာနေသော ဦးပု၏နှမအဒေါ် တူသုံးဦးသားရှိ၍ ကရင်မ အိမ်ဖေါ်သုံးယောက်ရှိသေးသည်။ ဦးကိုကြီး ဦးပုတို့က တနေ့တခေါက်လောက်တော့ ရုံးသွား ရုံပြန်ဝင်ကြ သေးသည်။ သူတို့ငှားပေးသော ရှေ့နေများနှင့် အမှုကိစ္စစကားများ ဆွေးနွေးမေးမြန်း ပေးဖေါ်ရသေးသည်။

သို့ရာတွင်  ရက်များမကြာခင်မှာဘဲ အမူအရာကွဲလွဲ လာကြပါသည်။ သူတို့ညီအကို နှစ်ယောက်မှာ အစိုးရ လခစား များဖြစ်ကြပါသည်။ ကျမအမှုကိစ္စမှာ သူတို့ပါဝင်ပြီး အခါပေးနေလို့သာ ရုံးပြင်ကန္နားသို့ ကျမက ပေါက်ရောက်သွားသည်ဟု လူညစ်ပတ်နှင့် ၄င်း၏ပတ်ဝန်းကျင်ထင်ပုံရသည်။ သူတို့ကြားမ၀င်လျှင် ကျမမှာ သူယုတ်မှာလှည့်ဖျား ညစ်ပတ်သမျှ ခေါင်းငုံ့ခံရမည်ဟု ပုံသေကားကျယူဆကြသည်။ သို့ကြောင့် ၄င်း မောင်ဝမ်းကွဲ အရာရှိနှစ်ယောက်အား ဆိုင်ရာအာဏာရထန်းပင်ပေါ်က ပုဂ္ဂိုလ်နှစ်ဦးကခေါ်ယူ တွေ့ဆုံးပေးရန် ကုလားဖန် ထိုးလိုက်ပါသည်။

ထိုအခါက ထန်းပင်ပေါ်မှ အာဏာရပုဂ္ဂိုလ်နှစ်ဦးမှာ ဘုမသိ, ဘမသိ လေသံကြားနှင့် တရားနာရသလို လူညစ်ပတ်က အသံကောင်းဟစ်၍ ဒူးကိုင်ပြီး နားပူသဖြင့် အေးအေးဆေးဆေး ဖြစ်သွားကြရန် စေတနာ ရိုးနှင့် ဆွေးနွေးဒါမျိုးလည်းဖြစ် ဖြစ်နိုင်ပါသည်။ ဒါကြောင့် တနေ့သောအခါ အရာရှိ မောင်ဝမ်းကွဲ နှစ်ယောက် အား အဆိုပါ ထန်းပင်ပေါ်က အာဏာရှိကြီးနှစ်ဦးက ခေါ်ယူဆွေးနွေး၍ ကျေအေးအောင် ပြုလုပ်ပေးပါ။ ရုံးပြင် ကန္နား မှာ အကျယ်, အကျယ်မငြိမ်းဘွယ်တွေဖြစ်ပြီး ခရီးရှေ မနေကြပါနှင့်ဟု ပြောသည်ဟု ကျမကို ပြန် ပြောပြ၍ သိရှိရပါသည်။ သူတို့ကလည်း မောင်အငယ်များဖြစ်၍ အမကို သြဇာပေးနိုင်သူများ မဟုတ်ကြောင်း အကယ် ၍ လိုလားချက်များပြောပြပါဆိုက ပြောပြပါမည်ဟု ပြန်လည်ပြောခဲ့ရကြောင်းများကိုပါ ကျမအား ပြန်၍ တဆင့် ပြောပြကြပါသည်။

ဒါကလည်း လူယုတ်မာ၏ ခြေထိုးမှုသာဖြစ်ပါသည်။ အာဏာရှိ ပုဂ္ဂိုလ်များကလည်း အကြောင်းစုံမသိ၍ ကျေအေး စေချင်လို့ ပြောကြခြင်းသာဖြစ်ပါမည်။ အစိုးရ လခစားအရာရှိများ အနေနှင့် မောင်ဝမ်းကွဲတို့က အထက် လူကြီးတွေ၏ အထင်လွဲမှုကို မခံဝန့်၊ ဒီလိုခေါ်ပြောကတည်းက နည်းနည်းတော့ သွေးလန့် နေကြ ပုံရသည်။ ဒီအရာရှိ၂-ယောက်က ကျမကို အကူအညီမပြုဝန့်ကြအောင် သွယ်ဝိုက်သော နည်းပရိယာယ် ဖြင့် ဟန့်တား ဖျက်ဆီးလိုက်ခြင်း, ခြေထိုးလိုက်ခြင်းဖြစ်ကြောင်း ကျမက ကောင်းစွာ နားလည် လိုက်ပါသည်။ ညစ်ပတ်ရာ ခြေထိုးရာ၌ ဤမျှကျင်လည်သည်ကို ကျမက ဓါတ်ကြောသိခဲ့သူ ဖြစ်သော်လည်း အရာရှိ ၂-ယောက်မှ ကိုယ့်ရာထူးကလေးတွေ ထိခိုက်မှာ စိုးရိမ်လာသည် စိုးရိမ်စိတ် ၀င်အောင် တဘက် တလမ်း မှ ဘေးတီးပေးကြမည့် အလံရှူးတွေကိုလည်း နည်းအမျိုးမျိုးနှင့် စေလွှတ်နေပါ သေးသည်။

တကြောင်းကလည်း ဦးပုသည် သူ၏တူမအမျှောင်နှင့် ဆက်စပ်ခါ ညှာတာချင်သော သံယောဇဉ် ၀င်လာပုံရပါသည်။ ဘိန်းပုံးစားအလံရှူး၏ ပြောနည်းကား လေထုတ်နည်းကား တွေကလည်း အလုံးကြီးအခဲကြီးတွေ လေးလေးနက်နက်ကြီးတွေ ဖြစ်သည်။ ခင်ဗျားတို့ ၀င်ပါမနေကြနဲ့ ဟိုက အင်မတန် မျက်နှာကြီး တာကြီး ဒီအစိုးရကို သူတင်ပေးလိုက်တာ ဒီတော့ အစိုးရတဖွဲ့လုံး သူ့အိပ်ထောင် ထဲထည့်ထားနိုင်တဲ့သူ့လူ လက်ညိုးညွှန်ရာကို ဘာမဆို လုပ်ပေးရလိမ့်မယ် မယုံကြည့်နေပါ၊ ၀န်ကြီးတွေ, အတွင်းဝန် တွေတောင်မှ သူကခန့်ပါဆိုတဲ့လူကို ခန့်ရမယ်လို့ မျှော်လင့်ပြီး သူ့ကို ၀ိုင်းကပ်နေကြတယ်ဟု လူငှား နှင့် ဟိန်းဟောက်ကြွားဝါခိုင်း ထားပါသည်။ ဒီတော့ကိုယ့်ရာထူးကလေး မတော်တဆ ထိခံကြ ရမှာတော့ ကြောက်ရွံ့ပူပန်သွားကြ သည်။ မူပျက်လာကြတာကိုလည်း တစတစကျမက ရိပ်မိလာပါသည်။ မကူညီချင် နေ မနှောင့်ယှက်ပါနှင့် ဆိုသလို သူတို့မကူညီချင်လျှင် နောက်ဆုတ်နေနိုင်ပါသည်။ သို့သော် သူတို့နှင့် ပတ်သက်၍ ငှားပေးထားရှေ့နေများကို ပါသွား၍ ဇက်ဆွဲပေးကြရပြန်ပါသည်။ ကျမသည် ဒါတွေကို စောစောပိုင်းက မရိပ်စားမိခဲ့ပေ။

ရာထူးထိခိုက်မှာ စိုးရိမ်နေကြလို့

နောက်ပိုင်းမှာတော့ အမူအရာတွေက ဖုံးမရအောင် ပေါ်လာပါသည်။ အိမ်သို့ခါတိုင်းလို တနေ့တခေါက် လာရောက်ခြင်း၊ မေးမြန်းခြင်း မရှိတော့ဘဲ ရက်တွေခြားမှန်းမသိ ခြားသွားကြပါသည်။ လာသော အခါမှာလည်း အမှု, အခင်းအခြေအနေ ကိစ္စအရပ်ရပ်တို့ကို စကားစပ်၍မျှ မမေးကြတော့ပါ။ သူတို့နှင့် ပတ်သက်ပြီး မှ ငှားရမ်းရသော ရှေ့နေများကလည်း သူတို့ဇာတ်ဆွဲရမ်းသောကြောင့် ခပ်ပေါ့ပေါ့  နေကြ ယုံမက တခါတရံ အမှုရက်ချိန်းနေ့, ရက်ကိုပင် ကျမကို အကြောင်းမကြား၍ သိလိုသူကျမက လူလွှတ်၍ တယ်လီဖုန်း ဆက်၍၄င်း မေးမြန်း ယူရပါသည်။

ဤသည် တို့ကို ထောက်ထား၍ မောင်ဝမ်းကွဲ အရာရှိနှစ်ယောက်သည် မကူညီရုံမျှမက ပူး၍ သတ်ပေးကြရန် ဆင်ကြံ,ကြံနေကြပြီ ဖြစ်ပါသည်။ သူတို့၏ သားမယားများကိုလည်း တဖက်မှသွား၍ မိန်းမချင်း ချောက်လှန့်ပေးထားကြသေးသည်။ သည်တော့ မိန်းမများဖြစ်သည့်အလျှောက် ကြောက်ရွံ့ကြသည်။ ပညာရေးဌာန ဒု-အတွင်းဝန် ဦးပု၏ သမီးများကဆိုလျှင် သူတို့အဖေမှာ ရာထူးမပြတ်သည်ထားဦး အဆင့်အတန်း တိုးတက် စရာမရှိအောင် ဖိနှိပ်ခံရမှာ စိုးသည်၊ နယ်ပြောင်းပစ်ခံရမှာ စိုးသည်၊

ဒါကြောင့် ဒီအမှုကိစ္စမှာလည်း မပါဝင်၊ ရှေ့နေများကိုလည်း အားမပေး မမေးမမြန်း ကျမထံကိုလာရန်ပင် မရဲတော့ကြောင်း၊ ပွင့်ပွင့်လင်းလင်းလာ၍ ထုတ်ပြောကြပါသည်။။ သို့ကြောင့် နောက်ဆုံးတွင် ကျမက သူတို့ရာထူးဋ္ဌာန အလုပ်အကိုင် ထိုက်မည်စိုးရိမ်သည်ဆိုသောကြောင့် မည်သူမျှမ၀င်မထွက် မဆက်ဆံကြပါနှင့်တော့ဟု ယတိပြတ် ကန်တော့ဆွမ်းလောင်းလိုက်ရပါသည်။ ကျမသည် ကိစ္စတခု၌ ရှင်းရှင်းဘဲ ပြုတ်တတ်ပါသည်။

အရာရှိများကိုယ်တိုင် လာရောက်ဘို့ မဆိုထားနှင့် သူတို့၏ သားမယား၊ နှမသားချင်း ဆွေမျိုးများကိုပါ အလာမခံ၊ အ၀င်,အထွက်၊ အဆက်အဆံမပြုတော့ဘဲ တချီထဲ လမ်းဖြတ်လိုက်ပါသည်။ အိမ်မှာလာနေသော သူတို့ အမျိုးအဆွေ ၃-၄ယောက်ကိုပါ တယောက်မကျန် ပြန်လွှတ်လိုက်ပါသည်။ နောက်ပိုင်း၌ တခါတရံလာတွေ့ပါရစေဟု သူတို့ထဲမှာ အမျိုးသ္မီးအချို့က ၀င်းတံခါးဝမှစောင့်၍ စာပေးခိုင်းသည့်တိုင်အောင် ကျမသည် တွေ့ခွင့်မပြုတော့ပါ၊ အ၀င်,အထွက် ခွင့်မပြုဝံ့သော အကြောင်းတခုကလည်း တပြိုင်တည်း လိုလိုပေါ်ပေါက်လျက်ရှိပါသည်။

ထိုအကြောင်းမှာ ကျမအိမ်တွင် ခေတ္တလာရောက်နေထိုင်သော ဦးပု၏နှမအရင်း မုဆိုးမသည်၎င်း၊ နေ့စဉ် ဗာဟီရ စာအုပ်ရောင်းခြင်း၊ သတင်းစာမှ ဓါတ်ပုံဖိုင်တွဲခြင်း အလုပ်များကို ယာယီလခနှင့် အလုပ် ပေးထားသော မုဆိုးမ၏တူမ မေရီဆိုသော မိန်းခလေးတို့မှာ အပြင်အပ၌ စလေသူ မိုနိုစာစီမနှင့် ဒွေးရော ယှက်တင် ဆက်ဆံလျက်ရှိသည်။ ငွေရေး,ကြေးရေး အချေးအငှါး၊ အပေါင်အနှံများ ရှုပ်ထွေးလျက်ရှိသည်။ မိုးကြိုး လီမိတက် ရှယ်ယာကိစ္စနှင့်လည်း မုဆိုးမနှင့် အမျှောင်မ ဖြစ်နေသော မိုနိုစာစီသူ့တူမတို့ ခြေပုန်းခုတ် ရှုပ်ယှက်ခပ် နေကြသည်။ သူတို့မရှင်း,မရှင်း ဆက်သွယ်နေသော ကိစ္စတွေရှိကြခြင်းကို ပွင့်ပွင့်လင်းလင်း ကျမသိရသောအခါ သူတို့နှစ်ယောက်ကို စက်ဆုတ်ရွံရှာလာသည်။ စလေသူမသည် အိမ်တွင်းမှာ လာနေစဉ် အခါထဲက ဆေးဝါးပယောဂများ လိုက်စား၍ မကြာခဏ စုန်းပူးသလို,သရဲပူးသလိုလို ငိုလားရယ်လား ဖြစ်တတ် သည်။

ကျမ ကိုလဲရောဂါနှင့် မသင့်သော အစာအဟာရများ အထက်ဆရာအမိန့်အရ ထည့်ခါ,ထည့်ခါ ကျွေးလာ ရသူဖြစ်သည်။
သည်မျှဇာတ်လမ်းရှုပ်၍ ယုတ်ညံ့သူနှင့် ဆက်သွယ်နေသော မိန်းမနှစ်ဦးအား ကျမအိမ်ထဲမှာ ယုံယုံ ကြည်ကြည် ခေါ်ထား၍ မဖြစ်တော့ဟု ဆုံးဖြတ်ခါ ပြန်လွှတ်လိုက်ရခြင်းကလည်း အကြောင်းတရပ် ပါခဲ့ပါ သေးသည်။ ၄င်းမေးရီဆိုသူအား သူ့အဒေါ်နှင့် အတူပင်အိမ်တွင် မထားလို၍ အလုပ်မလာရန် ပြန်လွှတ်သော အခါ အောက်ထပ်မှာ စုန်းပူးပါသည်ဆိုပြီး ငိုကြီးရယ်ကြီး လုပ်လာသည်။ ငိုရင်း,ငိုရင်းက အကြမ်းဘက်လာပြီး စုန်းမကြီး က စုန်းပူးပြီး ဆဲနည်းမျိုးနှင့် ကျမကိုဆဲဆို သောင်းကျန်းနေသည်ဟုဆိုသည်။ အောက်ထပ်ရှိ ကရင် အိမ်ဖေါ် ကလေးမများသည် ကျမအား အထိတ်တလန့်ဖြစ်မည်စိုး၍ ချက်ခြင်း လာမပြောဘဲ ငြိမ်သက် သွားတော့မှ လာပြောကြပါသည်။

    တော်တော်လည်း အတွေးအခေါ်ခေါင်းပါးရှာကြသည်။ ဤသို့စုန်းပူးပြလိုက်လျှင် ကျမက ကြောက်ရွံ့ပြီး အဖေါ် မရှိက မနေ၀န့်အောင် သူတို့ကို ပြန်မလွတ်အောင် ပရိယာယ်တထောင် သုံးခြင်းစြဖ်ရာ မှော်ဆရာ ကိုကိုလေး အမည်နှင့် ကျမက ဒါမျိုးတွေကို လုပ်ကြံရေးသားကာ စာဘတ်ပရိတ်သတ်ကို အပျင်းဖြေ လာခဲ့သည်မှာ နှစ်ပေါင်း ၄၀-ကျော်နေပါပြီး ဒီနည်းမျိုးနှင့်မစွံပါ၊ အမှုကိစ္စတွေ ရုံးရောက်စ အချိန်ပိုင်း ဆီကလည်း တချီတမောင်း ကြိုးပမ်းလိုက်ကြသေးသည်။

၎င်းအမျိုးသ္မီးတူအရီးနှစ်ဦးဘဲ အိမ်ထဲမှာ တိုးတိုး-တီးတီး လုပ်နေကြသည်။ မျက်နှာတွေလဲပျက်လို့ ဒီအက်တင် ကို ကျမမမြင်အောင် တမင်လုပ်ပြကြသည်ဟု ယူဆမိသည်။ ကျမက ဘာစြဖ်နေကြဒါလဲဟု မေးသောအခါ သူတို့ သည် ကျမအတွက် ဗေဒင်သွားမေးပါသည်။ ၇-ရက်အတွင်း အသက်ကို လုပ်ကြံခံရမည့်ကိန်းရှိသည်ဟု ဟောလိုက်သည်ဟု ပြောပါသည်။ ၇-ရက်အတွင်း မဟုတ်ပါဘူး လွန်ခဲ့တဲ့ တနှစ်ကျော် အချိန်ကစပြီး နည်းအမျိုးမျိုး သုံး၍ သွေးအေးအေးနှင့် လုပ်ကြံလာခဲ့ကြဒါ ယနေ့အထိ ငါမသေမှ မသေခဲ့ဘဲ စိုးရိမ်စရာ မလို ပါဘူးဟု ပြောလိုက်ရပါသည်။ နောက်၁၀-ရက်လောက် ရှိသောအခါ ဘဲ့နဲ့လဲဟေ့ ၇-ရက်ကျော်လာလို့ ၁၀-ရက် ရှိခဲ့ပြီ ငါမသေပါလား၊ နင်တို့ဗေဒင်က ဘယ်မှာမှန်လို့လဲဟု ရယ်သွမ်းသွေးလိုက်သောအခါ ဗေဒင်ယတြာမလုပ်လိုက်ရှာရသူတို့အတွက် မျက်စိမလှ မျက်နှာမလှ ဖြစ်သွားကြသည်ကို တွေ့ရပါသည်။


ကာမသူရဲ ဗိုလ်ချုပ်ခေါင်းဖြူ ဆက်ရန်
.

No comments: