Wednesday, May 12, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၀၄)

ကာမသူရဲဗိုလ်ချုပ်ခေါင်းဖြူ

နောက်ပြီး ဘေးတီးပေးကြသော အချောက်အလန့်သမား တစားကလည်း ရှိသေးသည်။ အပြင်ဘက်မှ ဝေဘန် ကြသောစကားကို တဆင့်ကြားရသလိုလို သူတို့ကိုယ်တိုင် ကြုံရသလိုလို ဘာရယ်လို့ အစရှာ မရတဲ့ စကားမျိုးဖြစ်ပါသည်။ ဒီအိမ်ကြီးက ခိုက်တယ်ဟူရင်း တစ္ဆေရှိသည်၊ သရဲရှိသည်။ ဥစ္စာစောင့် ရှိသည် စသော စကားများမှာ နှစ်အတန်ကြာကပင်စာပြင် မိန်းမလောကနှင့် အတွင်းကမိန်းမများက ဆက်သွယ် သတင်းပျံ့ပွားခဲ့စေသည်။

အိမ်ကြီးက ဘုံဆောင်ကြီးနဲ့ဆိုတော့ ခိုက်တာပေါ့၊ တော်တော့လူမခံနိုင်ဘူး ဒေါ်ခင်ခင်လေးက ဘုရား တရား နဲ့နေလို့ ဘုန်းကံရှိလို့ မင်းမျိုးစိုးနွယ်ထဲကမို့ ဒီလောက် ကြာရှည်နေနိုင်သေးတာဘဲ၊ သူများ တကာ ဆိုရင် ပြေးရတာကြာလှပြီ-ဟု ဆိုသည်။ သည်အိမ်မျိုးတွေမှာ လွန်ခဲ့သော နှစ်ပေါင်း ၄-၅ဆယ်က၊ အနောက် တိုင်းသားများ ဂျူးလူမျိုး ကန်ထရိုက်တာများ ဆောက်လုပ်သွားကြသော ဟိုခေတ်တုံးက ဆောက်ထားသော ပုံသစ်ပုံဆန်းများ ဖြစ်ကြပါသည်။

ဘုရင်ခံအိမ် (ယခုသမတအိမ်တော်) အတွင်းဝန်များရုံးစသည်တို့နှင့် တချိန်ထည်း တခေတ်တည်း ဆောက်ခဲ့ကြသည်။ ကန်တော်ကြီး တ၀ိုက် မြို့ပတ်လမ်းခေါ် ယခုဘောင်ဒရီလမ်း ရပ်ကွက်တို့ရှိ အိမ်များမှာ အများ အားဖြင့် ဘုံအဆင့် တွေနှင့်ချည်း ဆောက်ကြပါသည်။ အနောက်နိုင်ငံပုံစံနှင့် နိုင်ငံခြားသား ကန်ထရိုက် များက အင်္ဂလိပ် အစိုးရအရာရှိကြီးများ နေထိုင်ရန် ဆောက်လုပ်သွားကြ ခြင်းဖြစ်ပါသည်။ ဒါကို ဗမာ့မျက်စေ့ နှင့်ကြည့်ပြီး (ဘုံအမြင့်နှင့်ဂုဏ်တင့်ကြက်သရေလျှံ) (ဘုံဆောင်မြင့် စိန်ကြောင် နီလာ) စသော သီချင်းတွေ ထည်းကလို ဗမာ့အသုံးအဆောင် ဘုံနန်းပြဿဒ်နှင့် နှိုင်းစာတင်စား၍ ရာဇဂိုဏ်း မလွတ်သော အဆောက်အဦးဟူ၍ မြင်သူကမြင်ကြ ထင်သူက ထင်ကြခြင်းဖြစ်ပါသည်။

အိမ်ကြီးက အလွန်ကြီးနေတဲ့အတွက် တံမြက်လှဲ ဖုံသုပ်ရသော အလုပ်ကပင် အပေါ်ထပ် အောက်ထပ် ၄-ယောက် ထားမှ လုံလောက်ပြီး သုံးဧက ကျယ်သော ခြံကြီး အတွက်ကလည်း အနည်းဆုံးမာလီ ခြံစောင့် အလုပ်သမား ၄-၅ယောက်လောက်မထားဘဲ မနိုင်နင်းပါ။ အခြားသောအိမ်၏ ဝေယျာဝစ္စ ဆောင်ရွက် သူများ ဧည့်ဝတ်စောင်ဝတ်များကို ရွက်ဆောင်ရသူများကိုလည်း အိမ်ကြီးသည်နှင့်အမျှ တာဝန် ဆောင်ရွက် ရသူတွေ များပါသည်။ ဆိုလိုသည်မှာ အိမ်ကြီးသလောက် တာဝန်စရိတ်ကကြီးသည်။ ရှေးခေတ် သူဌေးကြီးများ ရွှေမိုး, ငွေမိုး ရွာသလို ပစ္စည်းဥစ္စာပေါများကြစဉ်က မာလီ၊ ဒရ၀မ်၊ အိမ်စေတို့၏ လခ ကြေးငွေမှာ ၁၂ိမှ ၃၀ိအထိသာ ရှိသည်။ သို့ကြောင့် ကျမတို့လက် မရောက်မီ နောက်ဆုံး အိမ်ရှင် အရေးပိုင် ကတော်ကြီးသည် သားအမိနှစ်ယောက်တည်းနှင့် အိမ်ကကြီးလွန်း၍ ကျမအား ရောင်းချ လိုက်ခြင်း ဖြစ်ပါသည်။

ဤအိမ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း၄၀-ကျော်ခန့်က ပဋ္ဌမစတင် ဆောက်လုပ်သူမှာ မော်လမြိုင် နယ်သစ် တောမှ မက္ကရီကာသစ်သူဌေး နိုင်ငံခြားသား ဖြစ်ပါသည်။ အခြားအိမ်များနှင့်မတူ သူက ကျွန်းသစ်တော ကုမ္ပဏီ က သူဋ္ဌေးဖြစ်သောကြော်င့ အကောင်းဆုံးသော ကျွန်းသစ်များနှင့် စိတ်တိုင်းကျ ဆောက်လုပ် သွားခြင်း ဖြစ်ပါသည်။ မက္ကရီကာ သစ်ကုမ္ပဏီမှာ နှစ်စေ့၍ရုပ်သိမ်းပြန်သွားသောအခါ စူရတီလူမျိုးသူဋ္ဌေး (ရွှေသူဋ္ဌေး) ဟုလည်း ခေါ်သည်။ ၄င်းရွှေသူဋ္ဌေးအား ရောင်းချသွားခြင်း ဖြစ်ပါသည်။

စူရတီလူမျိုးသူဋ္ဌေးများ လက်တွင် ၁၅-နှစ်ခန့်ကြာသောအခါ အမွေခွဲဝေရန် သားချင်းများသဘောတူ၍ အိမ်ကြီးကို အရေးပိုင်ကတော်ကြီး ဒေါ်ဒေါ်ခိုင်အား ရောင်းချလိုက်ခြင်း ဖြစ်ပါသည်။ ထိုအရေးပိုင် ကတော်ကြီး လက်တည်းကမှ တတိယမြောက် ကျမက ၀ယ်ယူလိုက်ခြင်း ဖြစ်ပါသည်။ သူတို့ ထင်သလို ခိုက်၍ ပျက်စီး၍ ဆင်းပြေးကြရခြင်းမဟုတ်ဘဲ၊ အကြောင်းအားလျော်စွာ ပိုက်ရှင် လက်ပြောင်းလွှဲလာခဲ့ ရခြင်းသာ ဖြစ်ပါသည်။

တစ္ဆေသရဲရှိသည်ဟု ကျမလက်ထက် အိမ်ပေါ်မှလာနေကြသော ဖေါက်ပြန်ရေးအမျိုးမသီးအချို့၏ ၀ါဒဖြန့်ခြင်း မှာလည်း သူတို့အကြောင်းနှင့် သူတို့ရှိကြပါသည်။ သူတို့နေသော အိပ်ခန်းကျယ်ကြီးနှစ်ခန်းမှာ နောက်ဖေး လှေခါးမှ တက်လာပြီးမှ ရေချိုးခန်းမှ ဖြတ်ဝင်လာရပါသည်။ သူတို့အဆို ညသန်းခေါင်ကျလျှင် ဖြူဖြူ အရိပ်တစ်ခုသည် ရေချိုးခန်းထဲမှ ဖြတ်လာပြီး ရိပ်ခနဲ ပျောက်,ပျောက်သွားသည်ဟုဆိုသည်။ ဘာအချိပ် အဆက်မှ မရှိကြသော မိန်းခလေးများကတော့ ခလေးပြီပြီ တစ္ဆေဆိုလျှင် ကြောက်တတ်သည်။ ချွတ်ချွတ်သံ ကြားလျှင်ပင် တစ္ဆေသရဲထင်ပြီး စောင်ခေါင်းမြီးခြုံ ဖွင့်ကြည့်ဝံ့ကြတော့မည်မဟုတ်တော့ပါ။

သည်တော့သူတို့ထင်သလို ကျင့်နိုင်ကြပါသည်။ သူတို့ပြောသည့်အတိုင်း ဒီအိမ်ကြီးမှာ တစ္ဆေလည်း ရှိသည်၊ သရဲကြီးလဲရှိပါသည်။ ဥစ္စာစောင့်ဆိုတာလည်းရှိပါသည်။ လွန်ခဲ့သော ၆-နှစ်၇-နှစ်ခန့်က တစ္ဆေ တကောင်း သောင်းကျန်းလိုက်ပုံမှာ နေ့ခင်းနေ့လည်မရှောင် နောက်ဖေးလှေခါးမှ တက်လာပြီး ရေချိုးခန်း မှ ဖြတ်ဝင်လာသည် ထိုတစ္ဆေသည် ဓါတ်မီးလုံး ကျွမ်း၍ အသစ်လာပြင်တပ်ပေးတတ်သည်။ ထိုစဉ်က ထိုအခန်း ၌ ကျွမ်းလိုက်ရသည့် ဓါတ်မီးလုံးဖလ်သီးမှာ နေ့တိုင်းဘဲဖြစ်ပါသည်။ ထိုအခန်းမှာ အိပ်သော အမျိုးသ္မီး နှင့် ဓါတ်မီးလုံး တကပ်ပေးတတ်သော တစ္ဆေတို့ ညားသွားကြသောအချိန်မှစပြီး ဓါတ်မီးလုံးက တစ်နှစ် ရှိလို့မှ တကြိမ်မကျွမ်းတော့ပါ။

သို့ရာတွင် ထိုအမျိုးသ္မီးကစ၍ ဖြန့်ထားခဲ့သော တစ္ဆေသရဲသတင်းမှာ သူတို့အခန်းထဲတွင် ခေတ်မတိမ် ကောသေးပေ၊ ခွန်အားကောင်း ဗလကောင်း တစ္ဆေတယောက်ရှိသေးသည်။ သူကလည်း ရေးချိုးခန်းထဲက ဖြူဖြူကြီး ရိပ်ခနဲ ဖြတ်ကူးလာပြီး အိမှာ အကြောင်းမညီညွတ်၍ ခဏလာနေကြသော လင်နှင့်ကွဲလာသူ အမျိုးသ္မီး တဦးအား ဂုတ်ချိုးသည်။ တစ္ဆေ သရဲက ဂုတ်ချိုးစားခြင်းမျိုးမဟုတ်ပါ။ ဂုတ်ချိုး၍ ဇက်ကြောနှိပ် ပေးခြင်းမှ အခြားအကြောများကိုပါ တလက်စာထဲနှိပ်ပေးရခြင်းဖြစ်ပါသည်။ ဂုတ်ချိုးပုံခြင်းမတူပါ နောက်ပိုင်း မှာလဲ သရဲအငယ်စားပေါ်လာသေးသည်။ ထိုသရဲကလည်း ညလူခြေတိတ် နောက်ဖေး လှေခါး မှ တိတ်တဆိပ် တက်လာပြီး၊ ဆိုင်ရာတကာမကိုပူးသည်။ တကာတော်မက သူကဲ့ဝှက် စုဆောင်း ထားသည်။ ရမ်အရက်ပုလင်းနှင့် ကြောက်နက်စီးကရက်ဘူးကို ထုတ်ခါပသတင်မြှောက် ရပါသည်။ ထိုသရဲ မှာ ဇိမ်ခံ သရဲဆိုရင်လဲ မမှားပါ။

အဆိုးဆုံးကတော့ လွန်ခဲ့တဲ့ ၂-နှစ် ၃-နှစ်ခန့်အချိန်ကစပြီး၊ သရဲအကြီးစားကြီးက အိမ်ပေါ်ရော အောက်ထပ် ပါမကျန် အလွန်တရာ သောင်းကျန်းလာပါသည်။ ထိုသရဲကြီးမှာ အသက်ရင့်ပြီး ဆံပင်တွေ ဖွေးဖွေးဖြူ နေသောထိပ်တန်းစားသရဲ ဗိုလ်ချုပ်ကြီး ဖြစ်ပါသည်။ သောင်းကျန်းလိုက်သည့်ဖြစ်ခြင်း တအိမ်လုံး တခြံလုံး အလုပ်တိုက်ပါမကျန်ရအောင် ခြောက်လှန့် စားဝါးလျက်ရှိပါသည်။ ကာမသရဲလို့လဲ ခေါ်ချင် ခေါ်နိုင်ပါသည်။

ဥစ္စစောင့်ရှိသည်ဆိုသော သတင်းစကားကလည်း မှားလှသည်တော့ မဆိုနိုင်ပါ။ ဥစ္စစောင့်မသည် ခြံဝင်းအရှေ့ရှိ ခယားပင်နှင့် ရေတွင်းအကြား၌ ကျက်စားလေ့ရှိပါသည်။ ဥစ္စစောင့်မဆိုပေမင့် သူကရွှေငွေပိုက်ဆံမထုတ်ဘဲ သရဲဗိုလ်ချုပ်လက်ထဲက ပိုက်ဆံကိုသာ မိုးတိုးမတ်တပ်ရပ်၍ အရောင်ပြပြီး ချုယူသွားလေ့ရှိပါသည်။ သွားတာတောင်မှ ဥစ္စာစောင့်မပီပီ ကိုယ်ရောင်ဖျောက်မသွားဘဲ ဗမာ့ခေတ် အလုပ်တိုက် လင်းရိုဗာကားနှင့်မှ ပြန်,ပြန်ပို့ရပါသည်။ တခါတရံ ပြန်ပို့ရသော မှင်စာက ဥစ္စစောင့်မအပေါ် အမြတ်တော်ကြေး ကောက်သေးသည်ဟု ကြားရပြန်သေးသည်။ သို့ကြောင့် အိမ်ကြီးခိုက်သည် ဥစ္စာစောင့် ရှိသည်၊ သရဲကြီးရှိသည်၊ တစ္ဆေကြီးရှိသည်။ဆိုခြင်းမှာ သူတို့က ကောဋ္ဌာဟလထုတ်ပြီး သူတို့အလုပ် သူတို့တွင် ကျယ်အောင် လုပ်ကြခြင်းသာဖြစ်ပါသည်။


အကျိုးဆောင်ဘီယာမယ်


အိမ်ကြီးမှာသရဲတွေ့ဥစ္စာစောင့်တွေ ရှိသည် ခိုက်သည်ဆိုတဲ့ စကားမျိုးတွေကို ကျမနားကိုလဲ ပေါက်ကြား အောင် လာရောက်ပြောကြသေးသည်။ ကျမက ကြောက်ရွံ့ပြီး လူနည်းနည်းနှင့် မနေ၀ံ့အောင် အိမ်ပေါ်မှ ခါချလိုက်သော သူတို့, တတွေအား ပြန်ခေါ်ထားအောင် ခေါ်ထားသောအခါမှ မတင်မကျဖြစ်နေသော (ပူးသတ်)ကိစ္စကို လက်စသပ် ဆောင်ရွက်ပေးကြရန် ရည်သန်ခြင်း ရှိကြပါသည်။ သို့ရာတွင် ကျမက ကြောက်တတ်သူမဟုတ်ပါ၊ တစ္ဆေသူရဲကိုလဲ ယုံကြည်သူမဟုတ်၊ တစ္ဆေ,သရဲ, ဥစ္စစောင့် ဇာတ်ထုပ်တွေကို ကိုယ်တိုင်မယုံဘဲ စိတ်ကူးယဉ်နှင့် ဇာတ်လမ်းဝင်အောင် ရေးလာသူဖြစ်၍ ရယ်စရာလို့သာ သဘောထား လိုက်မိပါသည်။ သည်မြွေပွေး တွေအား ဘယ်တော့မှ ခါးပိုက်,ပိုက်၍ မထားတော့ပါ။

ဤအခြေအနေတွင် အပြင်မှ အသိမိန်းမတဦးသည် နှစ်လလောက်မလာဘဲ လမ်းမြတ်နေရာမှ ထူးထူးခြားခြား ကျမထံရောက်လာပြန်ပါသည်။ ထိုအမျိုးသ္မီးမှာ နိုင်ငံခြား သံရုံးများတွင် အလုပ်လုပ်ဘူး၍ အတော် လယ်လယ်ဝယ်ဝယ်ရှိသည်။ ပါးရေ,နပ်ရေလည်း ရှိသည်။ နှုတ်ထွက်,လျှာသွက်, လည်းရှိသည်။၊ သူသည် လွန်ခဲ့သော နှစ်လခန့်က ကျမအသဲ,အသန်မမာမကျန်းဖြစ်သည်ကိုလဲ မသိရပါ။ မကြားရပါ၊ ရုံးတွေ ဂါတ်တွေ ရောက်ရသည့် ကိစ္စတွေလဲ မသိရပါ၊ မရောက်တာကြာလို့ လာခဲ့ပါသည် ဟုဆိုသောစကားကို အရင်းတည်လျက် ကျမထံသို့ နေ့စဉ်ရက်ဆက်တနေကုန်, တနေကုန် လာနေ တတ်ပါသည်။

ကျမကရိုးရိုးဘဲ ခင်မင်မှုကြောင့် လာနေသည်ဟု ထင်ရသည်မှ တပါးထွေထွေ,ပြားပြားမသင်္ကာမှု မဖြစ်မိပါ။ နိုင်ငံခြားသံရုံးများ၌ တရုံးနှင့်အဆင်မပြောလျှင် တရုံးပြောင်းပြီး လခစားလုပ်နေသူက နေ့စဉ် တလ နီးပါး ကျမအိမ်မှာ အချိန်လာဖြုံးနေနိုင် သောကြောင့် မေးမြန်းကြည့်ရာ ခေတ္တ ခွင့်ယူထား သောကြောင့် မမလဲ စိတ်မကောင်းတဲ့အခါ အပျင်းပြေပါစေတော့လို့ လာနေခြင်းဖြစ်ပါသည်ဟု အဆိုရှိပြန်ရာ ကျမသည် သူ့ကို ကျေးဇူးလဲတင်မိပါသည်။

ခင်လဲခင်မင်မိပါသည်။ သူ၏သားသ္မီး ကလေးများကိုပင် ခင်ခင်,မင်မင်နှင့် သံယောဇဉ်ရှိမိပါသည်။
ကျမက ရိုးသားစွာ ၀င်ထွက်နေသည်ဟု ယုံကြည်သည်၊ သူသည်သံရုံးများတွင် ဒီပလိုမေစီခေါ်သော သုံးနည်း ပရိယာယ်ကို နားလည်ကြွယ်ဝလာခဲ့သူဖြစ်၍ ကျမမကြိုက်,မနှစ် သက်မည့် စကားဆို၍ တလုံးတပါဒ မှ ပြောင်ပြောင်ပြောကြားခြင်းမရှိပါ။ သို့ရာတွင် တခါတရံတော့ စကားထဲက ဇာတိပြ၍,ပြ၍ လာသည် စကားကျွံ၍, သွားပြီးမှ ရုပ်သိမ်းပစ်တတ်သည်။ သို့ရာတွင် သူ့စေတနာက ကျမ ရင်ဆိုင် နေရသော ကိစ္စအရပ်ရပ်များကို သင့်မြတ်ကြေအေးသွားစေလိုသော ဆန္ဒကြောင့် ပြောပြသည်ဟု အယူ အဆဖြစ်ပေါ်စေပါသည် တခါတရံ ရုံးပြင်ကန္နားက အမှုကိစ္စများရှေ့ဆက် မသွားဘို့ ကျမကိုလဲ ရုံးပြင်ကန္နား တက်ရန် မထိုက်တန်သော အင်မတန်ကြီး ကဲမြင့်မြတ်သော အမျိုးသ္မီးကြီးတစ်ယောက်အနေနှင့် အထက်ဘ၀ဂ် အထိ မြှောက်သည့်အခါ မြှောက်လိုက်သည်။

သေကြောင်း ကြံသည် အစာခပ်သည် ဆိုဒါတွေလဲမဟုတ်ပါ ငါဒီလိုလုပ်ရက်ပါ့မလားဟု ပြောကြောင်း အထင် လွဲမှား ဒါဘဲ ဖြစ်ပါလိမ့်မည်ဟုဆိုသော နားသွင်းချက်များကလည်း တခါ,တခါ အလစ်ဝင်, ၀င်လာ တတ်သည်။ ဒီအကြောင်းတွေ ဘယ်တုန်းကတွေ့၍ ပြောသလဲဟု အငိုက်ဖမ်းမေးသောအခါ သံရုံးဧည့်ခံပွဲ တွေမှာ ပြောဒါကို တဆင့်ကြားခြင်းပါဟုဆိုသည်။ ကျမအထင်က စေတနာနှင့် ပြေရာ ပြေကြောင်း ပြောရိုးပြောစဉ်ပြောသည်ဟုပင် ယူဆခဲ့ပါသေးသည်၊ သူကျမအိမ်မှာ နေ့စဉ်ဝင်ထွက်နေသော အချိန်မှာဘဲ ဆိုခဲ့ပြီးသော အရာရှိ မောင်ဝမ်းကွဲ နှစ်ယောက်အနက်မှ အရက်သောက်တတ်သူ မောင်အရာရှိအား ယခင်က သိကျွမ်းခဲ့သော အခံကလည်း ရှိသဖြင့် သူနှင့် အလွမ်းသင့်ပြီးသား ဖြစ်သောကြောင့် ထိုအမျိုးသ္မီး သည် အရာရှိ ရုံးအား သောနေ့ရက်များတွင် သူ့အိမ်သို့ ခေါ်ကာဘီယာနှင့် ကြက်သားကြော် တိုက်ကျွေး ဧည့်ခံပြီး ကျမအမှုထဲဝင်မပါရန် လင်မယားခြားထဲမပါရန် နားသွင်းဖြောင်းဖျ ဖျက်ဆီးလျက်ရှိသည်။ ဤမောင်ဝမ်းကွဲအရာရှိက ကျမကို နည်းလမ်းပြနေသည်ု လူယုတ်မာတို့ဘက်မှ အထင်ရှိ၍ တမင်ကြိုက်တတ်သော အစာနှင့်ဖျားယောင်း သွေးဆောင်ကာ နားချဖျက်ဆီးခိုင်းသောကြောင့် ဘီယာ မယ်က သူ့ဂျူတီအရ ပြုလုပ်ပေးရသော အဖြစ်မှန်ကို ကျမကနောက်မှ ဇာတ်ရည်လည်စွာ သိရှိ ရပါသည်။

သို့ရာတွင် ဘီယာမယ်အမျိုးသ္မီး၏ အကျိုးဆောင်ရွက်မှုမှာ အလာကောင်းသော်လည်း အခါနှောင်း လျက်သာ ရှိနေပါသည်။ မောင်ဝမ်းကွဲအရာရှိနှစ်ယောက်မှာ ကျမရေးသားဖေါ်ပြခဲ့ပြီး အတိုင်းထန်းပင်ပေါ်က အာဏာရကြီးနှစ်ဦးက မျက်လုံးပြူးပြလိုက်စဉ်ကတည်းက ကျမကိစ္စ၌ သူတို့ပါဝင် မေးမြန်းခြင်း မပြုရုံမက သူတို့နှင့်ပတ်သက်သော ရှေ့နေများကိုပင် စိတ်ရောကိုယ်ပါ အမှုကိစ္စ၌ ဆောင်ရွက် မပေးကြရန် ပြန်ပြီး တားမြစ်နေသည်။ ရုံးအမှုများကို ကျမရှုံးသွားစေရန် ရည်သန် အကျိုးဆောင် ပေးရမည်၊ ရဲဋ္ဌာနတိုင်ချက်များကိုလည်း အဖျားရှူးသွားအောင် ရွက်ဆောင်ပေးရသည်၊ ဘီယာ နှင့် ကြက်သားကြော ကျွေး၍ မဖျက်ဆီးမှီကပင် သူတို့စိတ်ဓါတ်ပျက်စီးနှင့်ပြီဖြစ်ပါသည်။

ဤဘီယာမယ် အမျိုးသ္မီးသည် တခါတခါလည်း ကျမအား ကြောက်လန့်အားငယ်သွားလိုသွားညား ခြောက် လှန့်သော စကားများကို ပြောကြားတတ်ပါသေး သည်။ ပစ္စည်းဥစ္စာမက်မောနေသူ, စုံမက်နေသူ,ဟုထင်ပြီး ဤပစ္စည်းဥစ္စာတွေ လေလွင့်ပျက်စီးကုန်တော့မည်၊ နှမျောစရာကြီး ဖြစ်၍ အချင်းချင်း ပြန်လည် စေ့စပ် ပေးပြီး ရုံးပေါ်ရောက်နေတဲ့အမှုကြီးတွေ ပြန်ရုပ်သိမ်းစေလိုကြောင်းစသော စကားများကို ကြိုးကြား, ကြိုးကြား, နားသွင်း တတ်လေသေးသည်။

ဘီယာမယ်နှင့်အလားတူ အခြားသူတွေကိုလည်း စေလွှတ် ဘေးတီးချောက်လှန့်စေသေးသည်။ ထိုသူ တွေက အမှုတွေ ရုံးရောက်နေလျှင် ရုံးစရိတ်နဲ့ ကုန်မှာဘဲ, ရုံးစားမှာဘဲ၊ ဟိုကလဲ အချိန်သိပ်ဆွဲမှာဘဲ, နောက်ဆုံး မှာ ကျမဘက်က ဘယ်လောက်ဘဲလမ်းမှန်နေစေကာမူ ဆိုင်ရာဆိုင်ရာ အာဏာရှိသူတွေက ၀င်ပါထား တော့ မျက်နှာကြီးရာ ဟင်းဖတ်ပါကြရမှာဘဲ၊ ဟိုထိပ်တန်းရုံးကြီးကဆိုရင် အားလုံးလိုလို သူ့ဘက်သား တွေချည်းဘဲ၊ ဒီတော့ ရုံးမတက်ချင်ပါနဲ့ စသော မျက်လုံးမျိုးတွေက ကျမနားကို လျှံကျ လာအောင် လောင်းထည့်နေကြပါသည်။ ကျမသည် သူတို့ဘယ်လိုဘဲပြောပြော ကြောက်ရွံ့ အားငယ်ခြင်း မရှိပါ။ ကျမက မမှန်မကန်လုပ်နေသူလည်း မဟုတ်၊ ညစ်ပတ်နေသူလည်းမဟုတ်ပါ။ တရားဥပဒေကိုရော ဘုရား ဥပဒေ ကိုပါ အားကိုးနေသူဖြစ်ပါသည်။

ဝန်ကြီးချုပ်ကို သူကြိုးဆွဲသလိုမက၍ဆဲခြင်း ဆက်ရန်
.

2 comments:

Anonymous said...

ဒေါ်ခင်ခင်လေးက ဘုရား တရား နဲ့နေလို့ ဘုန်းကံရှိလို့ မင်းမျိုးစိုးနွယ်ထဲကမို့ ဒီလောက် ကြာရှည်နေနိုင်သေးတာဘဲ၊ သူများ တကာ ဆိုရင် ပြေးရတာကြာလှပြီ-

ကိုယ့်ကိုကို အဲလိုကြီး ပြန်ရေးလို့ ရလားဟင်။

မင်းမျိုးဆိုတာ သူ့အမေ သူ့အဘွားကို ဘုရင်က အနည်းဆုံး တညဖြစ်ဖြစ် ခြေတော်တင်ဖူးလို့ မွေးလာတဲ့သူမှ ခေါ်လို့ရတာ။ မြန်မာဘုရင်တွေသိရင် အသရေဖျက်မှုနဲ့ တရားစွဲလိမ့်မယ်။ သူလဲ ထိတောင် မထိလိုက်ရတဲ့ အမျိုးက မဆီမဆိုင် မင်းမျိုးဆိုရင် ....

၃၃၃ said...

ဖတ်ကြည့်ရသလောက်ကတော့ စာရေးသူကလွဲရင် ကျန်တဲ့သူတွေက မကောင်းတဲ့သူတွေချည်းပါပဲလား၊ သွေးတိုးတာလဲမပြောနဲ့ ကိုယ့်ကို ကိုယ် မင်းမျိုးဆိုပြီးဘ၀င်တက်နေတာရယ် သူတပါးကိုအဆိုးမြင်နေတာတွေရယ် ကများနေတာ ကိုး။