Tuesday, May 18, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၁၅)
အခန်း (၁၅)
၁၉၂၈ခုနှစ်၊ စက်တင်ဘာလတွင် ၀ီလျံသည် ကိန်းနှင့် ကဘော့ဘဏ်တွင် အငယ်တန်း ဒါရိုက်တာ လူကြီးအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်သည်။ သူသည် လူ့လောက၌ အရေးပါသော လုပ်ငန်းကြီး တစ်ရပ် တွင် ၀င်ရောက်လုပ်ကိုင်နေပြီဆိုသည်ကိုလည်း ပထမဆုံးအကြိမ် သဘောပေါက်မိသည်။
ဝီလျံသည် ဘဏ္ဍာရေးဆိုင်ရာ ဒါရိုက်တာ တိုနီဆိုင်မွန်၏ ရုံးခန်းနှင့် ကပ်နေသော ၀က်သစ်ချသား ကာ ရုံးခန်း ကလေးတွင် ထိုင်သည်။ သူသ်ည တစ်ပတ်အတွင်းတွင် ဘဏ်တိုက်၏ လုပ်ငန်းအရပ် ရပ်နှင့် အတွင်းရေး ပြဿနာများကို လေ့လာတီးခေါက်မိသည်။ တိုနီဆိုင်မွန်သည် အလန်လွိုက် အငြိမ်းစား ယူသော အခါ ဘဏ်ဥက္ကဋ္ဌတစ်နေရာကို ကျိန်းသေပေါက်မှန်းထားသူ ဖြစ်ကြောင်းကို လည်း ၀ီလျံက အကဲခတ် မိသည်။
ဘဏ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင် လုပ်ငန်းအားလုံးကို တိုနီဆိုင်မွန်က ချုပ်ကိုင်ထားသည်။ သူက ၀ီလျံအား ချက်ချင်း ပင် လုပ်ငန်းအချို့ကို ခွဲပေးသည်။ အထူးသဖြင့် ခြံမြေဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေး မြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းကလေးများနှင့် ဘဏ်နှင့်ဆက်သွယ်နေသော အခြားပြင်ပ လုပ်ငန်းများ ဖြစ်သည်။ ၀ီလျံ ၏ လုပ်ငန်းတာဝန်များအနက် သူ၏ထောက်ခံချက်ဖြင့် လုပ်ကိုင်သော ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက် သော လစဉ်အစီရင်ခံစာကို အုပ်ချုပ်ရေးအဖွဲ့  အစည်းအဝေးကြီး သို့ တင်ပြခြင်းလည်း ပါဝင် သည်။
အုပ်ချုပ်ရေး အဖွဲ့ ဒါရိုက်တာလူကြီး ၁၄ဦးတို့သည် ၀က်သစ်ချသားကာ စည်းဝေးခန်းမကြီးတွင် လစဉ် မှန်မှန် အစည်းအဝေး ထိုင်ကြသည်။ အစည်းအဝေးခန်းမကြီး၏ နံရံတစ်ဖက်တစ်ချက်တွင် ပုံတူ ရုပ်ပုံ ကားကြီး နှစ်ချပ်ကို ထည်ဝါစွာ ချိတ်ဆွဲထားသည်။ တစ်ပုံက ၀ီလျံ၏ ဖခင်။ တစ်ပုံက အဘိုး။ ၀ီလျံသည် အဘိုး ကို မမြင်ဖူးလိုက်။ စည်းဝေးခန်းမထဲတွင် ဓာတ်ပုံချိတ်ရန် နေရာတွင် အများကြီး ကျန်နေသေးသည်။ တစ်နေ့ တွင် သူ့ဓာတ်ပုံကိုလည်း တခမ်းတနား ချိတ်ဆွဲရလိမ့်မည် ဟု တွေးလိုက်မိသည်။
ဝီလျံသည် အလုပ်ခွင့်သို့ ၀င်ရောက်လာပြီးနောက် စောစောပိုင်းလများတွင် မိမိ၏ တာဝန်များကို သတိကြီးစွာ ဖြင့် စဉ်းစဉ်းစားစား လုပ်ကိုင်နေသည်။ မကြာမီတွင်ပင် အုပ်ချုပ်ရေးအဖွဲ့ဝင်များက သူ၏ ဆုံးဖြတ်ချက် များကို လေးစားလာကြရသည်။ ၎င်းတို့က သူ၏အဆိုပြုချက်များကို အများအား ဖြင့် ထောက်ခံ ကြသော်လည်း တချို့နေရာများတွင်မူ ကန့်ကွက်ငြင်းပယ်မှုများလည်း ရှိတတ်ကြ သည်။
ပထမဆုံး ကြုံရသော ပြဿနာမှာ မစ္စတာမေယာဆိုသူ၏ ကိစ္စနှင့် ပတ်သက်၍ ဖြစ်သည်။
မစ္စတာမေယာက "အသံထွက်ရုပ်ရှင်" လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်ဟူသော အကြောင်းပြချက်ဖြင့် ဘဏ်မှ ငွေလာ ချေးသည်။ မစ္စတာ မေယာအား ငွေထုတ်ချေးရန် ၀ီလျံက အဆိုပြုသည်။ သို့ရာတွင် အခြား ဒါရိုက်တာ လူကြီးများက အနာဂတ် အလားအလာ မမြင်ဟု ဆိုကာ ပယ်ချလိုက်ကြ သည်။
နောက်တစ်ခုမှာ မစ္စတာပါလေကိစ္စ ဖြစ်သည်။ မစ္စတာပါလေက ရေဒီယိုအသံလွှင့်လုပ်ငန်းကြီး တည်ထောင် လို၍ ၀ီလျံထံသို့ ချဉ်းကပ်လာသည်။ သို့သော် ဘဏ်ဥက္ကဋ္ဌ အလန်လွိုက်ကိုယ်တိုင်က မစ္စတာ ပါလေ အား ငွေထုတ်မချေးရန် ကန့်ကွက်သဖြင့် ဤကိစ္စလည်း ပျက်ကျသွားရပြန်သည်။
သို့သော် နောက်များမကြာမီတွင် လူးဝစ်၊ ဘီ၊ မေယာက အမ်ဂျီအမ်ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်ကြီး ဖြစ် လာခဲ့ပြီး ၀ီလျံပါလေ မှာလည်း ဗဟိုအသံလွှင့်လုပ်ငန်း ကုမ္ပဏီကြီးကို တည်ထောင်သူ ဖြစ်လာခဲ့ သည်။ ယင်းလုပ်ရပ် အဓိက တရားခံမှာ တခြားသူမဟုတ် ၀ီလျံပင် ဖြစ်သည်။ ၀ီလျံက တခြားဘဏ် ၏ အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများနှင့် ငွေချေးသူများမသိအောင် သွယ်ဝိုက်သော နည်းဖြင့် သူပိုင် ဘဏ္ဍာထိန်းငွေမှ ထုတ်ချေး ခဲ့သော ကြောင့် ဖြစ်သည်။
ဤလုပ်ရပ်မျိုးကို သူ့ဖခင်လည်း လုပ်ခဲ့သည်ပင် ဖြစ်သည်။
ဝီလျံ၏ နေ့စဉ်လုပ်ငန်းများအနက် စိတ်ညစ်ရဆုံးသော လုပ်ငန်းများမျာ ဘဏ်တိုက်မှ ငွေအမြောက် အမြား ချေးထားသူ အနေဖြင့် ဒေ၀ါလီခံရခြင်း၊ လုပ်ငန်းဖျက်သိမ်းခြင်းစသော ကိစ္စများကို ကိုင်တွယ် ဖြေရှင်းပေး ရခြင်း ဖြစ်သည်။
ထိုပုဂ္ဂိုလ်များသည် ဘဏ်မှ ချေထားငွေများကို တစ်ပြားမှ ပြန်မဆပ်နိုငသော အခြေအနေမျုးသို့ ရောက်နေ သောကြောင့် ၀ီလျံအနေဖြင့် ယင်းပြဿနာများကို ခေါင်းခဲအောင် စဉ်းစားဖြေရှင်းရတော့ သည်။
ဝီလျံက ပင်ကိုစရိုက်အားဖြင့် လူပျော့လူညံ့တစ်ယောက်တော့ မဟုတ်။ သို့ပေမဲ့ သက်ကြီးရွယ်အို နှင့် ဂုဏ်သရေ ရှိပုဂ္ဂိုလ်များ၏ လုပ်ငန်းများနှင့် အိုးအိမ်တိုက်တာများကို မလွှဲမရှောင်သာ၍ သိမ်းယူ ရသော အခါ သူ့မှာ အိပ်မပျော်နိုင်အောင် ခံစားရသည်။
သူသည် ထိုပုဂ္ဂိုလ်များကို နှစ်မျိုးနှစ်စား ခွဲထားသည်။ ပထမတစ်မျိုးက ဒေ၀ါလီခံရခြင်းကို စီးပွား ရေးလုပ်ငန်း တိုင်း၏ ဓမ္မတာ နိယာမတစ်ရပ်ဟု ခံယူကာ အပြုံးမပျက် နေနိုင်သူများ။ ဒုတိယ တစ်မျိုး ကတော့ ကတိတည်ပြီး ချေးထားသောငွေများကို ကတိအတိုင်း ဖြစ်သည့်နည်းဖြင့် ကုန်းရုန်းပေးဆပ်မည်ဟု ဆုံးဖြတ် ထားသူများ။
ဝီလျံက ပထမအမျိုးအစားပုဂ္ဂိုလ်များနှင့် ပတ်သက်ပြီး လုံးဝညှာတာလေ့မရှိ။ ဒုတိယအမျိုးအစား ပုဂ္ဂိုလ် များ ကိုတော့ တိုနီဆိုင်မွန်၏ မလွှဲမရှောင်သာသော သဘောတူညီချက်ဖြင့် သက်သက် ညှာညှာ ကိုင်တွယ် ဖြေရှင်း တတ်သည်။
သည်လိုနှင့် တစ်နေ့သောအခါတွင်ကား အလားတူပြဿနာတစ်ခုနှင့် ပတ်သက်ပြီး ၀ီလျံသည် ဘဏ်တိုက် ၏ သံမဏိစည်းကမ်းကို ဖောက်ဖျက်ခဲ့ရုံသာမက အဆိုပါပြဿနာရှင်နှင့်လည်း ပုဂ္ဂိုလ် ရေးအရ ပါဝင် ပတ်သက် ခဲ့သည်အထိ ကြုံခဲ့ရတော့သည်။
ပြဿနာရှင်မှာ ကက်သရိန်းဘရွတ်ခေါ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ ခင်ပွန်း မက်ဘရွတ် သည် ကိန်းနှင့် ကဘော့ ဘဏ်တိုက်မှ ဒေးလာတစ်သန်းကျော် ချေးယူပြီး ၁၉၂၅ခုနှစ်အတွင်း ဖလော် ရီဒါ ပြည်နယ် တွင် ခေတ်စားခဲ့သော ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုအချိန်က ၀ီလျံက ဘဏ်တိုက် သို့ ရောက်ရှိနေခဲ့ပြီးဖြစ်လျှင် ထိုငွေကို လုံးဝထုတ်ချေးခဲ့မည် မဟုတ်။ သို့သော် မက်ဘရွတ်မှာ ထိုအချိန်က မက်ဆာ ချူးဆက်ပြည်နယ်တွင် ဘောလုံးပျံနှင့် စွန့်စွန့်စားစား ပျံသန်း ရဲသောကြောင့် လူသိများသော လေသူရဲ တစ်ယောက် ဖြစ်နေသည်။
သူသည် နာမည်ကျော် လေသူရဲကြီး ချားလ်စ်လင်းဘတ်၏ ရင်းနှီးသော မိတ်ဆွေတစ်ယောက်လည်း ဖြစ်သည်။ သို့သော် တစ်နေ့တွင် ဘရွတ်သည် သူ၏လေယာဉ်ပျံနှင် ပျံတက်ရင်း မြေပြင်မှ ၁၀ပေအမြင့်တွင် သစ်ပင် နှင့် ၀င်တိုက်မိပြီး သေဆုံးသွားခဲ့သည်။ ဘရွတ်၏ ကြေကွဲဖွယ်သတင်းကို တစ်နိုင်ငံလုံးရှိ စာနယ် ဇင်း များက အသားပေး ဖော်ပြကြသည်။ လေသူရဲတစ်ဦး ဆုံးရှုံးရသည့်အတွက် တစ်ပြည်လုံး ကလည်း ကြေကွဲ ၀မ်းနည်း ဖြစ်ကြရသည်။
ဤပြဿနာသည် ၀ီလျံ၏ ပခုံးပေါ်သို့ တာဝန်အရ ရောက်လာခဲ့သည်။ ၀ီလျံက ချက်ချင်းပင် ဘရွတ်ပိုင်ခြံမြေအားလုံးကို သိမ်းယူလိုက်သည်။ သို့သော် ဘရွတ်၏ ခြံမြေလုပ်ငန်းများ ဒေ၀ါလီခံ ရမည့် အဆင့် သို့ ရောက်နေပြီဖြစ်၍ ဘဏ်မှ ချေးထားသော ငွေများကို ကျေအောင် ဘယ်လိုမှ ဆပ်နိုင်ရန် လမ်း မရှိတော့။ သို့သော် အရှုံးငွေနည်းအောင်ဆိုကာ မိသားစုပိုင်အိမ်ကြီးရှိသော မြေနှစ်ဧကမှတစ်ပါး ဖလော်ရီဒါ ရှိ ကျန်မြေအားလုံးကို ရောင်းပစ်ရန် ၀ီလျံက ဆုံးဖြတ်သည်။
ဝီလျံ၏ အလောသုံးဆယ် ဆုံးဖြတ်ချက်ကို အခြားဒါရိုက်တာများက များစွာ မကျေနပ်ချင်ကြ။ တိုနီဆိုင်မွန် ကလည်း လုံးဝသဘောမတူ။ သို့သော် ၀ီလျံက အခြားပုဂ္ဂိုလ်များ၏ သဘောထားကို ဆန့်ကျင်ပြီး သူ့ ဆုံးဖြတ်ချက် အတိုင်းပင် ဆက်လုပ်သည်။ အကယ်၍ ယင်းခြံမြေများကို မရောင်းဘဲ ဆက်လက် ထိန်းသိမ်း ခဲ့လျှင် မြေဈေးကျ၍ ဘဏ်အနေဖြင့် ပို၍ပင် ဆုံးရှုံးမှုများလာနိုင်ကြောင်း နှစ်လသုံးလအတွင်း အားလုံးက သိလာ ရသည်။
သို့သော် ၀ီလျံ၏ ကြိုတင်တွက်ဆမှု မှန်ကန်ခြင်း ကို တိုနီဆိုင်မွန်နှင့်တကွ အခြားဒါရိုက်တာများက ကျေနပ်မှု မရှိကြ။ သူတို့က ၀ီလျံသည် ဘဏ် တိုက်၏ ရှယ်ယာအများစု ပိုင်သူတစ်ယောက်အနေဖြင့် (အရွယ်နှင့် မလိုက်အောင်) အတင့်ရဲလွန်း သည်။ အခွင့်အရေးယူလွန်းသည်ဟု ယူဆသောကြောင့် ဖြစ်သည်။
မက်ဘရွတ် နာမည်ဖြင့် ရှိသော ပစ္စည်းအားလုံးကို ထုခွဲရောင်းချပြီးသောအခါ ၀ီလျံက မစ္စက်ဘရွတ်  ဘက်သို့ တစ်ဖန် လှည့်လာပြန်သည်။ မစ္စက်ဘရွတ်မှာ ခင်ပွန်းသည် ချေးထားသော ကြွေးအတွက် တရားဝင် အာမခံပေးထားသူ ဖြစ်သည်။
ယင်းသို့သော အာမခံပေးခြင်းမျိုးကို ဘဏ်တိုက်က စည်းမျဉ်းအရ လုပ်ဆောင်ရသည့်တိုင်အောင် ၀ီလျံ အနေဖြင့်မူ ရင်းနှီးသော မိတ်ဆွေများအား အာမခံသူအဖြစ် ဆောင်ရွက်ရန် ဘယ်တော့မှ တိုက်တွန်း အားပေးခြင်း မရှိ။ အဘယ်ကြောင့်ဆိုသော် ငွေချေးယူသူအနေဖြင့် ကံမကောင်း အကြောင်းမလှ၍ လုပ်ငန်း တစ်ခုလုံး ဒေ၀ါလီခံလျှင် အာမခံသူမှာ ဘာမဆိုင် ညာမဆိုင်နှင့် အချောင်ခံရတတ်သောကြောင့် ဖြစ်သည်။
သို့ဖြင့် ၀ီလျံက သည်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးနိုင်ရန် တွေ့ဆုံလိုကြောင်း၊ သင့်တော် သောနေ့တွင် မိမိ၏ရုံးခန်းသို့ ကြွရောက်စေလိုကြောင်း မစ္စက်ဘရွတ်ထံသို့ စာတစ်စောင် ပို့လိုက်သည်။
ဝီလျံသည် မက်ဘရွတ်နှင့် ပတ်သက်သမျှ စာရွက်စာတမ်းများကို ဖတ်ရှုလေ့လာထားပြီး ဖြစ်သည်။ ထို့ကြောင့် မစ္စက်ဘရွတ်မှာ အသက်မကြီးသေးဘဲ ၂၂နှစ်အရွယ်မျှသာ ရှိသေးကြောင်း၊ ဘော့စတွန်မြို့မှ လူကုထံ မျိုးကြီးဆွေကြီးတစ်ဦးဖြစ်သူ အင်ဒရူးဟစ်ဂင်၏ သမီးဖြစ်ကြောင်း၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ အတော် အတန် ချမ်းသာကြောင်းတို့ကို ၀ီလျံက သိရှိထားပြီး ဖြစ်သည်။ ၀ီလျံ၏ ကိုယ်ပိုင်သဘောအရဆိုရင် မစ္စက် ဘရွတ် ထံမှ ပစ္စည်းများကို ဘဏ်မှသိမ်းယူရန် လုံးဝ ဆန္ဒမရှိ။ သို့သော် အခြားဒါရိုက်တာများက တစ်သံတည်း ထွက်နေသောကြောင့် အခြေအနေကို တီးခေါက်ကြည့်ရန် သူက ယခုကဲ့သို့ စိတ်ချမ်း သာစရာမဟုတ်သည့် ကိစ္စတစ်ရပ်ကို ကိုယ့်ဆုံးဖြတ် ချက်နှင့် ကိုယ်လုပ်ဆောင်လိုက်ရခြင်း ဖြစ်သည်။
ထိုနေ့နံနက်က ဖြစ်ရပ်များကို တစ်သက်လုံး မေ့နိုင်စရာ မရှိတော့။ ထိုနေ့နံနက်တွင် ၀ီလျံသည် တိုနီ ဆိုင်မွန် နှင့် အတော်ကလေး ပြင်းပြင်းထန်ထန် စကားများခဲ့ရသည်။ ၀ီလျံက ခဲမဖြူနှင့် ကြေးနီ လုပ်ငန်း တွင် အလုံးအရင်းနှင့် မြှုပ်နှံရင်းနှီးချင်သည်။ စက်မှုလုပ်ငန်းများအတွက် ယင်းပစ္စည်းများ တစ်နှစ် ထက် တစ်နှစ် တိုးတက်လိုအပ်လာရန် အလားအလာများ ရှိနေသည်။ တစ်ကမ္ဘာလုံးတွင် ယင်းဝတ္ထုပစ္စည်းများ ရှားပါး မည့်အခြေအနေများလည်း ရှိနေသည်ဟု ၀ီလျံက တင်ပြသည်။
သို့သော် တိုနီဆိုင်မွန်က သဘောမတူ။ သူက စတော့ဈေးကွက်တွင်သာ ရင်းနှီးမြှုပ်နှံချင်သည်။
ယင်း ပြဿနာသည် လိပ်ခဲတည်းတည်းနှင့်ပင် မပြီးပြတ်ဘဲ ရှိနေချိန်တွင် အတွင်းရေးမှူး စာရေးမ က မစ္စက် ဘရွတ်ကို ရုံးခန်းထဲသို့ ခေါ်သွင်းလာသည်။
မစ္စက်ဘရွတ်က ၀ီလျံကို မြင်လျှင်မြင်ချင်း ပြုံးပြသည်။ ထိုအပြုံးကြောင့် စောစောက ၀ီလျံ၏ ခေါင်းထဲတွင် ရှိနေသော ခဲမဖြူနှင့် ကြေးနီပြဿနာမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေ တော့သည်။
ဧည့်သည်အမျိုးသမီးက ကုလားထိုင်မှာ ၀င်မထိုင်ခင် ၀ီလျံက ထိုင်ရာမှ ဆတ်ခနဲ ထကာ စားပွဲကို ပတ်သွားပြီး လောက၀တ်ပျူငှာစွာဖြင့် နေရာထိုင်ခင်းပေးသည်။ ပြီးတော့ အမျိုးသမီးသည် တံလှပ် ပမာ ရုတ်တရက် ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်အလား အနီးကပ်ပြီး ရွှန်းရွှန်းစားစား ကြည့် နေလိုက် သေးသည်။
ဝီလျံ၏ တစ်သက်တာတွင် ကက်သရိန်းဘရွတ်၏ အလှတစ်ဝက်ကိုမီသော အမျိုးသမီးကိုပင် တစ်ကြိမ် တစ်ခါ မျှ မတွေ့ခဲ့ရစဖူး။ သူမသည် အိရွှန်းနေသော ဆံပင်အုပ်ကြီးကို ပခုံးတစ်ဖက် တစ်ချက်သို့ ဖြန့်ချ ထားသည်။ ဦးထုပ်ဆောင်းထားရာမှ နားသယ်တစ်ဖက်တစ်ချက်သို့ ဆံနုကလေး များ ဖြာကျနေသည်။ မကြာမီ ကလေးကမှ ခင်ပွန်းသည် ဆုံးသွား၍ ပူဆွေးနေရသည့် အခြေအနေ တွင် ရှိနေသေးသော်လည်း သူ၏ သွယ်ပျောင်းအိမွတ်သော ပင်ကိုအလှကား စိုးစဉ်းမျှ ယုတ်လျော့ သွားခြင်း မရှိသလို ထင်မှတ်ရသည်။ အညိုရောင် မျက်လုံးအစုံကလည်း ၀ိုင်းစက်ရွှန်းလက်နေ သည်။
ဝီလျံ က စားပွဲနောက်မှ ကုလားထိုင်တွင် ပြန်ထိုင်ပြီး အလုပ်သဘောဆန်သော လေသံဖြင့် ပြော သည်။
"မစ္စက်ဘရွတ်၊ ခင်ဗျားရဲ့ ခင်ပွန်းသည်အကြောင်း သိရလို့ ကျွန်တော် အများကြီး စိတ်မကောင်း ဖြစ်မိ ပါတယ်၊ အခုလိုအချိန်မျိုးမှာ ကျွန်တော့်ဆီ လာရောက်ဖို့ ဖိတ်ခေါ်ရတာကိုလည်း အထူးပဲ အားနာပတယ်"
"ကျေးဇူး တင်ပါတယ် မစ္စတာကိန်း" သူမ၏ အသံက ချိုလွင်အေးမြနေသည်။ "မစ္စတာကိန်းတို့ ဘဏ်တိုက် အတွက် ကျွန်မမှာ တာဝန်ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။ ကျွန်မ ဘက်က လုပ်ရမယ့် တာဝန် မှန်သမျှကိုလည်း ကျေပွန်အောင် လုပ်ဆောင်ဖို့ အသင့်ပါပဲ"
ဝီလျံ က ဘာမှမပြော။ မစ္စက်ဘရွတ်က ဆက်ပြောမည်ထင်ပြီး စောင့်နေသည်။ သို့သော် မစ္စက်ဘရွတ်က ဆက် မပြောတော့မှ သူက အခြေအနေကို ရှင်းပြသည်။ မစ္စက်ဘရွတ်က မျက်လွှာ ချင၍ နားထောင် နေသည်။
"ကိစ္စကတော့ ဒီလိုပါ မစ္စက်ဘရွတ်၊ မစ္စတာဘရွတ်ရဲ့ ချေးငွေအတွက် ခင်ဗျားက အာမခံထား သော ခင်ဗျား ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘဏ်က စဉ်းစားရမယ့် အခြေ အနေမျိုး ရောက် လာတယ်" သူက ဖိုင်တွဲကို လှန်ကြည့်ပြီးနောက် "ခင်ဗျားအနေနဲ့ ဒေါ်လာ ရှစ်သောင်း အရင်း အနှီး မြှုပ်နှံ ထားတာ တွေ့ရတယ်။ အဲဒါဟာ ခင်ဗျားရဲ့ မိသားစု ကိုယ်ပိုင် ပိုက်ဆံ ဖြစ်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ နောက်ပြီး ကိုယ်ပိုင်စုငွေအနေနဲ့ ၁၇၄၅၆ဒေါ်လာ စုထား တာလည်း ရှိနေသေးတယ်"
မစ္စက်ဘရွတ်က ၀ီလျံ၏ မျက်နှာကို မော်ကြည့်လိုက်ပြီး .......
"ကျွန်မရဲ့ ငွေကြေးအခြေအနေနဲ့ ပတ်သက်ပြီး ရှင်ပြောတာ မှန်ပါတယ်၊ အဲဒီပြီးတော့ ကျွန်မ ကိုယ်ပိုင် အဖိုးတန် ပစ္စည်းရတနာတွေလည်း အတန်အသင့် ရှိပါသေးတယ်။ အဲဒါအားလုံးပေါင်း လိုက်ရင် ရှင်တို့အတွက် လိုနေသေးတဲ့ဒေါ်လာ သုံးသိန်းတော့ ရနိုင်ပါလိမ့်မယ်။ ဖြည့်ဆပ်စရာရှိတဲ့ ငွေအားလုံးကို အမြန်ဆုံး အကျေအလည် ပေးသွင်းဖို့အတွက် ကျွန်မအဆင်သင့် လုပ်ထားပြီးပါပြီ"
သူမသည် ထိုစကားကို သံမှန်အနေအထားဖြင့် အမူအရာ တစ်ဝက်ကလေးမှ မပျက်ဘဲ ပြောသွား သည်။ ၀ီလျံက တအံ့တသြ ကြည့်နေမိသည်။
"ဒီလိုရှိပါတယ် မစ္စက်ဘရွတ်၊ ခင်ဗျားပိုင်တဲ့ ပစ္စည်းတွေအားလုံးကို ကျွန်တို့ဘဏ်က သိမ်းယူဖို့ မရည်ရွယ် ပါဘူး။ ခင်ဗျား သဘောတူမယ်ဆိုရင် ခင်ဗျားရဲ့ စတော့တွေနဲ့ အာမခံစာချုပ်တွေကို ကျွန်တော်တို့က ရောင်းချင် ပါတယ်၊ ခင်ဗျားစောစောကပြောတဲ့ ပစ္စည်းတွေနဲ့ အိမ်ကိုတော့ ခင်ဗျား လည်း ဆက်လက် ပိုင်ဆိုင်ခွင့် ရှိပါတယ်"
မစ္စက် ဘရွတ်က ခေတ္တမျှ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေပြီးတော့မှ -
"ရှင်ရဲ့ စေတနာကို ကျွန်မ လေးစားပါတယ် မစ္စတာကိန်း၊ ဒါပေမဲ့ မှန်တာကို ၀န်ခံရမယ်ဆိုရင် တော့ သေသွားပြီးတဲ့ ကျွန်မခင်ပွန်းသည်အနေနဲ့ သံသရာကြွေး လုံးဝပါ မသွားစေချင်ဘူး၊ ဒါကြောင့် သူနဲ့ ပတ်သက် သမျှကို ကျွန်မ တာဝန်ယူပြီး အပြေအလည် ပေးဆပ်ချင်ပါတယ်" သူမ အသံ အနည်းငယ်မျှ တုန်ချင် လာသည်။ စိတ်ကို ထိန်းပြီး ဆက်ပြောသည်။ "ဘာပဲဖြစ်ဖြစ်လေ ကျွန်မကတော့ ဖလော်ရီဒါက အိမ်ကို ရောင်းပစ်ဖို့ ဆုံးဖြတ်ထားပြီးပါပြီ၊ အိမ်ရောင်းပြီးရင် ကျွန်မ အနေနဲ့ ဖေဖေ မေမေတို့ဆီ သွားနေ မှာပါ"
သူမ ဘော့စတွန်တွင် လာနေတော့မည်ဆို၍ ၀ီလျံက ၀မ်းသာသွားမိသည်။
"ဒီလိုဆိုရင် ဒီလိုလုပ်ပါလား၊ အိမ်ရောင်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အပြတ် ဆွေးနွေး လိုက်ရင် မကောင်းဘူးလား။
"ကောင်းပါတယ် လုပ်ပါ၊ ကျွန်မကလည်း ခုချက်ျင်း အပြတ်လုပ်လိုက်ချင်ပါတယ်"
ဝီလျံ က သူမနှင့် နောက်တစ်ကြိမ် ထပ်တွေ့ချင်သေးသည်။ ထို့ကြောင့် .......
"ဒီလောက်လည်း အလောသုံးဆယ် မလုပ်ပါနဲ့ဦးလေ၊ ကျွန်တော်တို့ လူတွေနဲ့ ပထမ ဆွေးနွေး ကြည့်ပါ ဦးမယ်၊ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ထပ်တွေ့ကြတာပေါ့၊ ဟုတ်လား"
သူမ က ပခုံးကို မသိမသာ တွန့်လိုက်သည်။
"ကောင်းပြီလေ၊ ရှင် သဘောကျသလိုသာ လုပ်ပါ၊ ဒါပေမဲ့ ကျွန်မအနေနဲ့ ပိုက်ဆံကိစ္စကိုတော့ လုံးဝမစဉ်းစားပါဘူး၊ ဘယ်လောက်ပဲဖြစ်ဖြစ် ဖြစ်တဲ့နည်းနဲ့ ကြံဖန်ပြီးတော့ ဆပ်ရမှာပဲ၊ ရှင်တို့ဘက် က ဒုက္ခများမှာကိုသာ ကျွန်မ စိုးရိမ်မိတာပါ"
"မစ္စက်ဘရွတ် ခင်ဗျားရဲ့ သဘောထားမြင့်မြတ်မှုကို ကျွန်တော် အများကြီး လေးစားမိပါတယ်။ ဖြစ်နိုင်ရန် အဲဒီ အတွက် ကျွန်တော်က ဂုဏ်ပြုပါရစေ၊ နေ့လယ်စာ လိုက်စားစေချင်ပါတယ်"
သူမ က ပထမဆုံးအကြိမ် ပြုံးလိုက်သည်။ လက်ယာဘက်ပါးပြင်မှ ပါးချိုင့်ကလေးကို တပ်မက်စွာ ဖြင့် စိုက်ကြည့် နေမိသည်။
ရစ်ဇ်ဟိုတယ်တွင် နေ့လယ်စာ စားနေချိန်တွင်လည်း ပါးချိုင့်ကလေးကို ကြည့်ချင်လှ၍ မစ္စက်ဗရွတ် ပြုံး လာအောင် သူက ရယ်စရာတွေ ခဏခဏ ပြောမိသည်။ သူ့ရုံးခန်းသို့ ပြန်ရောက်တော့ မွန်းလွဲ သုံးနာရီပင် ကျော်နေပြီ။
"နေ့လယ်စာ စားတာလည်း ကြာလှချည့်လား ၀ီလျံ"
တိုနီဆိုင်မွန်က ဆီးမေးလိုက်သည်။
"ဟုတ်ကဲ့၊ မစ္စတာဘရွတ်ပြဿနာက မျှော်လင့်တာထက် ရှုပ်နေတာနဲ့"
"သူ့အမှုတွဲ ဖိုင်ကို ငါယူကြည့်တော့ ရှုပ်စရာ ဘာမှမတွေ့ပါလား၊ ရှင်းနေတဲ့ကိစ္စပဲ၊ မစ္စက်ဘရွတ်က တို့ရဲ့ အစီအစဉ်ကို ငြင်းဆန်နေလို့လား၊ ငါ့အမြင်ကတော့ ဒီကိစ္စမှာ တို့ဘက်က အများကြီး သက်ညှာထားတယ် ထင်တာပဲ"
"ဟုတ်ပါတယ်၊ သူကလည်း အဲဒီလိုပဲ ယူဆပါတယ်။ ကျွန်တော်က သူ့ဘက်က မနာသင့်တာ မနာရအောင် အတတ်နိုင်ဆုံး သက်ညှာပြီး လုပ်ပေးချင်ပါလို့ပါ"
တိုနီဆိုင်မွန်က မျက်လုံးပြူးသွားသည်။
"ဒီအတိုင်းသာဆိုရင်တော့ မင်းက တို့သိတဲ့၊ တို့ချစ်ခင်တဲ့ ၀ီလျံကိန်း မဟုတ်တော့ဘူး၊ တို့ဘဏ်က လူတွေကို အခမဲ့ကူညီဖို့ ဖွင့်ထားတဲ့ဘဏ် မဟုတ်ဘူး ၀ီလျံ"
တိုနီဆိုင်မွန်၏ သရော်စကားကြောင့် ၀ီလျံမျက်နှာ ရှုံ့မဲ့သွားသည်။
တကယ်တော့ သူတို့နှစ်ယောက် စတွေ့ကတည်းက စတော့ဈေးကွက်အခြေအနေနှင့် ပတ်သက်ပြီး သူတို့နှစ်ယောက် အမြင်တစ်မျိုးစီဖြစ်ကာ ဆက်ဆံရေး တင်းမာနေခဲ့ကြသည်။
၁၉၂၈ခုနှစ်၊ နိုဝင်ဘာလတွင် ဟားဗတ်ဟူးမား သမ္မတဖြစ်လာသည့်အချိန်မှစ၍ စတော့ဈေးများ တဖြည်းဖြည်း တက်လာခဲ့သည်။ နောက် ၁၀ရက်မျှအကြာတွင် နယူးယောက် စတော့ရောင်းဝယ် ရေးလောကတွင် တစ်နေ့တည်း၌ အစုရှယ်ယာပေါင်း ခြောက်သန်းကျော်မျှ ရောင်းချခဲ့ရသည်။
သို့ရာတွင် ယင်းသို့ ရှယ်ယာဈေးများ တက်လာခြင်းမှာ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းမှ ငွေကြေး အမြောက် အမြား ရလာခြင်း ဈေးကွက်သည် တာရှည်တည်တံ့မှုမရှိနိုင်ဟူ၍ ၀ီလျံက ယုံကြည်သည်။ တိုနီ ဆိုင်မွန်ကမူ ရှယ်ယာဈေးကွက်သည် ကျဆင်းရန် လုံးဝအကြောင်းမရှိသည့်အပြင် တစ်ဆင့်ပြီးတစ်ဆင့် တက်ဖို့ သာရှိကြောင်း အလေးအနက်တင်ပြသည်။ သို့ဖြင့် ၀ီလျံကအဖွဲ့အစည်းအဝေးတွင် စတော့ ဈေးကွက် အခြေနေမငြိမ်သေး၍ စိတ်မချနိုင်သေးကြောင်း တင်ပြသောအခါတွင်လည်း တိုနီဆိုင်မွန်က အပြင်း အထန် ကန့်ကွက်ပယ်ချခဲ့သည်။
သို့သော် ၀ီလျံသည် သူပိုင်ဘဏ္ဍထိန်းငွေကို သူ့ဆန္ဒအတိုင်း လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်ခွင့် ရှိသည့်အလျောက် ခြံမြေလုပ်ငန်း၊ ရွှေနှင့်စားသုံးကုန်လုပ်ငန်းများတွင် အလုံးအရင်းအနှီးမြှုပ်နှံရင်းနှီးသည်။ ထို့ပြင် လက်ရာကောင်းသော ခေတ်သစ်ပန်းချီကားများကိုပင် ၀ယ်ယူမြှုပ်နှံလိုက်သေးသည်။ ဤသို့ဖြင့် သူ၏ လက်ကျန်ငွေမှာ ၅၀ ရာခိုင်နှုန်းမျှသာ ကျန်တော့ သည်။
အမြတ်ကြီး ရလိုမှုအတွက် ပုဂ္ဂလိကလုပ်ငန်းများအား ငွေထုတ်ချေးသော ဘဏ်တိုက်များအား ထပ်ဆင့် လျှော့ဈေး နှုန်းဖြင့် ငွေမချေးနိုင်တော့ကြောင်း နယူးယောက် ပြည်ထောင်စု ဗဟိုဘဏ်က ထုတ်ပြန် ကြေညာ လိုက်သောအခါ အမြတ်ကြီးရလိုသူများအတွက် လမ်းပိတ်သွားပြီဟု ၀ီလျံက မှတ်ချက် ချလိုက် သည်။
သို့ဖြင့် သူသည် သူတို့ဘဏ်၏ ငွေချေးစီမံကိန်းကို ချက်ချင်း ပြန်လည် စစ်ဆေးကြည့်ရာ အဆိုပါ နည်းဖြင့် ထုတ်ချေးထားသော ငွေပေါင်းမှာ ဒေါ်လာ ၂၆ သန်းကျော်မျှ ရှိနေသည်ကိုတွေ့ရသည်။ အစိုးရ၏ ကြေညာချက် အရ စတော့ဈေးနှုန်းများ မလွှဲမသွေ ကျဆင်းသွားနိုင်သောကြောင့် အဆိုပါ ချေးငွေများကို အမြန်ဆုံး ပြန်ဆပ်ကြဖို့ သက်ဆိုင်သူများသို့ နှိုးဆော်ပေးရန် ၀ီလျံက တိုနီဆိုင်မွန်အား မေတ္တာရပ်ခံသည်။ သည်ကိစ္စကြောင့် သူတို့နှစ်ယောက် သည် အုပ်ချုပ်ရေးအဖွဲ့ လစဉ်အစည်းအဝေးတွင် အငြင်းအခုန်ဖြစ်ကာ တစ်ယောက် နှင့်တစ်ယောက် ထိုးကြိတ်လုမတက် အခြေအနေမျိုးပင် ရောက်သွားသည်။ ထိုအစည်းအဝေးတွင် ၀ီလျံ၏ အဆိုသည် နှစ်မဲ ၁၂ မဲဖြင့် ပယ်ချခြင်းခံခဲ့ရသည်။
၁၉၂၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဘလဲယာအင်ကုမ္ပဏီသည် အမေရိကန်ဘဏ်နှင့် ပူးပေါင်း ကြောင်း ကြေညာချက် ထွက်လာသည်။ ဤသည်မှာ ဘဏ်တိုက်များ၏ အနာဂတ်အတွက် ကောင်း သော လုပ်ရပ် ဖြစ်သည်။ မတ်လ ၂၅ ရက်နေ့တွင် တိုနီဆိုင်မွန်က ၀ီလျံထံ စာတစ်စောင် ပို့လိုက် သည်။ ထိုစာတွင် စတော့ ဈေးကွက် သည် စံချိန်ချိုးလောက်အောင် တိုးတက်လာမည့် အခြေအနေ ရှိနေ၍ ဘဏ်ရှိငွေများကို စတော့ ဈေးကွက် ၌ ပိုမို၍ မြှုပ်နှံရန် အကြံပေးတင်ပြထားသည်။ ထိုအချိန်တွင် ၀ီလျံက ဘဏ်ရှိငွေများအနက် ၂၅ ရာခိုင်နငန်းလောက်ကိုသာ စတော့ဝယ်ယူခြင်း၌ မြှုပ်နှံထားပြီး ကျန်ငွေများကို အခြားလုပ်ငန်းများ၌ မြှုပ်နှံ ထားပြီးဖြစ်နေသည်။ ဤတွင် ဘဏ်ဥက္ကဋ္ဌ အလန်လွိုက်က အကြီးအကျယ် စိတ်ဆိုးတော့သည်။
' ၀ီလျံ၊ မင်းကိုယ်မင်း ဘာတွေလုပ်နေတယ်ဆိုတာတော့ သိလိမ့်မယ်လို့ ငါထင်တယ် '
' ဟုတ်ပါတယ် အလန်၊ ကျွန်တော်ဟာ ၁၄ နှစ်သားကတည်းက စတော့ဈေးကွက်ကို ' ထိန်း ' လာတဲ့လူပါ၊ အခြေ အနေမှန်ကို မသိဘဲနဲ့ ဘယ်တော့မှ အရမ်းမလုပ်ခဲ့ပါဘူး '
သို့သော် ၁၉၂၉ ခုနှစ်၊ နွေရာသီရောက်လာသည်အထိ စတော့ဈေးကွက်၌ ဈေးနှုန်းတွေ ဆက် တက်မြဲတက်နေသောအခါ တိုနီဆိုင်မွန်၏ ဆုံးဖြတ်ချက် တကယ်ပင် မှန်နေလေပြီလားဟူ၍ ၀ီလျံ တွေးလာ မိသည်။
ထိုအချိန်တွင် အလန်လွိုက်ကလည်း ပင်စင်ယူချိန် နီးကပ်လာခဲ့ပြီ။ သူ့နေရာတွင် တိုနီဆိုင်မွန် ဆက်ခံဖို့ အခြေ အနေကလည်း ပေးနေသည်။ ဤတွင် ၀ီလျံမှာ ဘေးကျပ်နံကျပ် တွေ့ရတော့ သည်။ သူက တိုနီ ဆိုင်မွန် ဥက္ကဋ္ဌဖြစ်လာမည်ကို လုံးဝ အလိုမရှိ။ ခေတ်မီ အတွေးအခေါ်ခေါင်းပါး သူဟု သတ်မှတ် ထားသော ကြောင့် ဖြစ်သည်။ တိုနီဆိုင်မွန်သည် ဈေးကွက်အမြဲတမ်း တစ်လက်မလောက် နောက်ကျ ကျန်ရစ် သည်။ ဘဏ်တိုက်အခြေအနေကောင်းချိန်တွင် မထောင်း သာသော်လည်း အားနည်း ယိမ်းယိုင် လာချိန်တွင် အပြိုင်အဆိုင်တွေကြား၌ လဲရာဖိထောင်းသလို ဖြစ်သွားနိုင်သည်ဟု ၀ီလျံက ယူဆသည်။
ကျွမ်းကျင်လိမ္မာသော ရင်းနှီးမြှုပ်နှံသူသည် အများမိုးခါးရေသောက်တိုင်း မိမိလည်း လိုက်မသောက် သင့်၊ အများ တကာက နောက်တော့မှ လိုက်လာကြမည့် လမ်းကြောင်းကိုသာ မိမိက ကြိုတင် ဦးတည် လုပ်ဆောင် သင့်သည်ဟု ၀ီလျံက ယုံကြည်သည်။
ယခုမူ တိုနီဆိုင်မွန်နှင့် သူတို့မှာ အမြင်ချင်း ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေကြသည်။ အမေရိကန်နိုင်ငံ စတော့ ဈေးကွက်သည် ' ရွှေခေတ်' သို့ ၀င်ရောက်လာပြီဟု တိုနီက ယူဆသည်။ ၀ီလျံကမူ ' ကြိုးတန်းပေါ် လျှောက် နေချိန် ' ဟု ခံယူသည်။
ဤကား သူတို့နှစ်ယောက်၏ ကြီးမားသော ပဋိပက္ခတစ်ရပ်ဖြစ်သည်။
အခြားပဋိပက္ခတစ်ရပ်ကတော့ ဘဏ်ဥက္ကဋ္ဌရာထူး ဆက်ခံရေးပြဿနာ။ တိုနီဆိုင်မွန်မှာ ယခုမှ အသက်၃၉နှစ်သာရှိသေးသည်။ သည်အတိုင်းဆိုလျှင် ၀ီလျံအနေဖြင့် ကိန်းနှင့်ကဘော့ဘဏ်တိုက် ဥက္ကဋ္ဌ ဖြစ်လာနိုင်ဖို့အတွက် နောက်ထပ် ၂၆ နှစ်ကြီးတောင်မှ စောင့်နေရဦးမည်ဖြစ်သည်။ သည် အချက် သည် ၀ီလျံ၏ စီမံကိန်းနှင့် လုံးလုံးလျားလျားကြီး ဆန့်ကျင်နေသည်။ ဟားဗတ်တက္ကသိုလ် တွင် ခေတ်စား သော ဝေါဟာရဖြင့် ပြောရလျှင် လူတစ်ယောက်၏ ဘ၀တက်လမ်း လုံးဝပိတ်နေ သည်။
*
သည်ကြားထဲ ကက်သရိန်းဘရွတ်၏ ရုပ်ပုံလွှာကလည်း ၀ီလျံမျက်လုံးထဲက ဘယ်တော့မှမထွက်။ သူက အချိန်ရတိုင်း စတော့များနှင့် အာမခံစာချုပ်များကို ရောင်းရန် အတက်ကြွဆုံး၊ အသိအရှိဆုံး ဘဏ် လုပ်ငန်းရှင်ကြီးတစ်ယောက်ဟု တွေးမိကောင်း တွေးမိလိမ့်မည်။ ၀ီလျံလက်ထဲမှ သူမ၏ အမှုဖိုင်တွဲတွင် စာရွက် တွေ ပိုများလာသည်နှင့်အမျှ သူ့အကြောင်းကိုလည်း သူမအနေဖြင့် တွေးမိ ကောင်း တွေးမိ လိမ့်မည်။
နောက်ဆုံးတော့ ဖလော်ရီဒါရှိ သူမ၏ အိမ်နှင့်ခြံကို ၀ယ်လိုသူတစ်ဦးတွေ့ထားပြီဖြစ်ကြောင်း သူမထံမှ စာရောက်လာသည်။ ၀ီလျံက ဘဏ်တိုက်ကိုယ်စား ယင်းကိစ္စနှင့်ပတ်သက်၍ သူမနှင့် ဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံစာ ပြန်ရေးလိုက်သည်။ သူမက သဘောတူသည်။
သို့ဖြင့် ၁၉၂၉ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတွင် ၀ီလျံ ခရီးထွက်လာခဲ့သည်။ ကက်သရိန်း ဘရွတ်က သူ့အား ဘူတာတွင် လာကြိုနေသည်။ သူမသည် သူ့စိတ်ကူးထဲက ရုပ်ပုံလွှာထက် ပို၍ လှနေသည်ကို တွေ့ရတော့ ၀ီလျံမှာ ၀မ်းသာမဆုံးဖြစ်မိသည်။ သူမသည် အနက်ရောင် ပိုးသားနု ၀တ်စုံကို ၀တ်ကာ စင်္ကြံပေါ်တွင် ရပ်နေသည်။ လေနုအေးကလေး တစ်သွင်သွင် သုတ်ဖြူးနေတော့ သူမ၏ ကြော့ရှင်း မွတ်စင် သော ပင်ကိုရုပ်သွင်သည် ပကတိပေါ်လွင်နေသည်။
လူတိုင်းကပင် သူမကိုသာ စိုက်ကြည့်နေကြသည်။ ၀ီလျံမှာလည်း သူမထံမှ မျက်လုံးကို ခွာ၍ပင် မရတော့။
သူမ သည် ကွယ်လွန်သူ ခင်ပွန်းသည်အတွက် သောကမစင်သေးသည့်အတွက် ၀ီလျံနှင့် ဆက်ဆံ ရာတွင် ဣနြေ္ဒရရ ပင် ဆက်ဆံသည်။
သူမ၏ အိမ်သို့ရောက်တော့ အိမ်နှင့်ခြံဝယ်မည့်သူကို ခေါ်လိုက်သည်။ ၀ီလျံက အကျိုးအကြောင်း ရှင်းပြ သည်။ ရောင်းရငွေ သုံးပုံတစ်ပုံကို ကက်သရိန်းဘရွတ်ကယူပြီး ကျန်နှစ်ပုံကို ဘဏ်တိုက်သို့ ပေးသွင်းရန် ၀ီလျံ က တိုက်တွန်းသည်။
နောက်ဆုံးတော့ တရားဝင်စာချုပ် ချုပ်ဆိုကြသည်။ စာချုပ် ချုပ်ဆိုပြီးသောအခါ ၀ီလျံက သူမအား ဟိုတယ် တွင် ညစာအတူ သွားစားရန် ဖိတ်ခေါ်သည်။ သူမက လိုလို ချင်ချင်ပင် လက်ခံသည်။ ၀ီလျံက အံ့အားသင့် နေသည်။
ဟိုတယ် ရောက်တော့ သူ့ရင်ထဲရှိတာတွေ ဖွင့်ပြောလိုက်မည်ဟု ၀ီလျံက အားခဲထားသည်။ သို့သော် သူ မပြောမိခင် သူမက အလျင်ပြော၍ အံ့သြရပြန်သည်။ ရောက်ခိုက်ကြုံခိုက် သူမ၏ အိမ်တွင် သုံးလေးရက်ခန့် တည်းခိုနေထိုင်ပါဟု သူမက ဖိတ်ခေါ်သည်။
' နှစ်ယောက်စလုံးအတွက် အပန်းဖြေအနားယူတဲ့ သဘောလည်း ရောက်တာပေါ့ ' ဟု သူမက အကြောင်းပြသည်။
ဝီလျံ က ဘာမျှပြန်မပြောဘဲ ငြိမ်နေသည်။ ကက်သရိန်းက အားတင်းပြီး ဆက်ပြောသည်။
ကျွန်မက ဒီလိုဖိတ်တော့ ရှင်က တစ်မျိုးထင်ရင် ထင်လိမ့်မယ်၊ ဒါပေမဲ့ ခုနေခါ ကျွန်မမှာ တစ်ယောက် တည်း အထီးကျန်ဖြစ်နေတာကိုတော့ ရှင်လည်း သဘောပေါက်မှာပဲ၊ ရှင်နဲ့နေရတာ ကျွန်မ စိတ်ချမ်းသာ သလိုပဲ၊ ဒီလိုပြောလို့ ရှင်က အထင်သေးချင်လည်း သေးပါစေတော့ '
ဝီလျံ သည် ရင်တုန် ပန်းတုန် ဖြစ်သွားမိသည်။
' ကိတ် ... အမှန်အတိုင်းပြောရရင် မင်းကို ကိုယ်ပြောချင်နေတဲ့ စကားတစ်ခွန်းကို ကိုယ့်ရင်ထဲမှာ မျိုသိပ် ထားခဲ့ရတာ ကိုးလတောင်ရှိပါပြီ '
' ဒါဆို ... ရှင် ကျွန်မဆီမှာ သုံးလေးရက်တော့ နေမယ်ဆိုပါတော့ '
' နေမှာပေါ့ ... ကိတ် ၊ နေပါ့မယ် '
ထိုညက ကက်သရိန်းက ၀ီလျံအား သီးသန့်ဧည့်ခန်းတွင် အိပ်ရာပြင်ပေးသည်။ ကက်သရိန်း၏ အိမ်တွင် ပထမဆုံး အကြိမ် တည်းခိုနေထိုင်ခဲ့ရသော သည်ရက်များကို သူ့ဘ၀တွင် ပျော်စရာ အကောင်း ဆုံး ရက်များအဖြစ် ၀ီလျံက တစ်သက်လုံး မှတ်တမ်းတင်ထားခဲ့သည်။
ထိုရက်များအတွင်း သူသည် ကက်သရိန်းနှင့်အတူ မြင်းစီးသည်။ ရေကူးသည်။ လမ်းလျှောက်ထွက် သည်။ ပိုကာကစားသည်။ သူက သူမကို ဒေါ်လာသုံးသန်းခွဲ နိုင်သည်။
' ရှင့်ကို ချက်လက်မှတ်ပဲ ပေးရမလား၊ ငွေသားပဲ ပေးရမလား ၀ီလျံ ' ကက်သရိန်းက ခပ်တည် တည်ပင် မေးသည်။
' ဒါကတော့ မစ္စက်ဘရွတ်အတွက် မှားပြီ၊ ခင်ဗျား တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ အဲဒါကို ခင်ဗျားကသာ မသိတာပါ၊ ခင်ဗျားနဲ့ ကျွန်တော် ဆက်ကစားကြမယ်၊ ခင်ဗျား ပြန်နိုင်တဲ့ အထိပေါ့'
' ဒါဆိုရင် အနည်းဆုံး နှစ်နှစ်လောက် ကြာသွားလိမ့်မယ် '
' အဲဒါဆို ပိုမကောင်းဘူးလားဗျာ၊ ကျွန်တော် စောင့်နိုင်ပါတယ်၊ ကျွန်တော် စောင့်နေပါ့မယ် '
သည်လို နှင့် နှစ်ယောက်သား ပို၍ ရင်းနှီးသွားကြသည်။ ၀ီလျံက မက်သယူးကိုပင် မပြောဘူးသော သူ၏ အတိတ် ဘ၀ဖြစ်စဉ်များနှင့် ခံစားချက်များကို ပြန်လည် ပြောပြသည်။ သူ့ဖခင် လေးစားပုံ၊ သူ့မိခင်ကို ချစ်မြတ်နိုး ပုံ၊ ဟင်နရီအော့စဘွန်းကို အကြောင်းမဲ့ သက်သက် မုန်းတီးပုံ၊ ကိန်းနှင့် ကဘော့ဘဏ်တိုက်ကို တွယ်တာ ပုံတွေကို ဇာတ်စုံခင်းပြသည်။
ကက်သရိန်းကလည်း ဘော့စတွန်တွင် သူမငယ်စဉ်က စာသင်ခဲ့ရပုံ၊ ထို့နောက် ဗာဂျီးနီးယားပြည် နယ်သို့ ပြောင်း၍ သင်ခဲ့ရပုံနှင့် ငယ်ငယ်ရွယ်ရွယ်နှင့် မက်ဘရွတ်ကို လက်ထပ်ခဲ့ရပုံတို့ကို ရင်ဖွင့် ပြောပြသည်။
နောက်ငါးရက်အကြာတွင် သူမက သူ့အား ဘူတာရုံသို့ လိုက်ပို့သည်။ သူက သူမအား ပထမဆုံး အကြိမ် နမ်းသည်။
' ကိတ် ... ကိုယ်မပြန်ခင် ကြိုတင်မိတ်ဖတ်တဲ့ စကားတစ်ခွန်းပြောခဲ့ချင်ပါတယ်၊ တခြားမဟုတ်ပါ ဘူး၊ မင်းဟာ တစ်နေ့ကျရင် မက်အတွက် ခံစားရတာထက် ကိုယ့်အတွက်ပိုပြီး ခံစားရလိမ့်မယ်လို့ ကိုယ် ယုံကြည် မိတယ် '
' တစ်နေ့မဟုတ်ပါဘူး ၀ီလျံ၊ အခုပဲ ကျွန်မ အဲဒီခံစားချက်ကို ခံစားနေရပါပြီ' သူမ၏ အသံရော၊ ဟန်ပါ တည်ငြိမ် အေးဆေးလှသည်။
သူက သူမကို မျက်လုံးကျွတ်ထွက်မတတ် ရွှန်းရွှန်းစားစား ကြည့်နေသည်။
' နောက်ဆိုရင် အရင်လိုပဲ ကိုယ်နဲ့ ကိုးလကြီးများတောင် ခွဲခွာမနေပါနဲ့ကွယ်'
' နေပါ ဆိုလည်း ကျွန်မ မနေနိုင်တော့ပါဘူး၊ ရှင်က ကျွန်မအိမ်ကို ရောင်းပစ်လိုက်ပြီ မဟုတ်လား '
*
အပြန်ခရီးတွင် ၀ီလျံသည် အလွန်ပျော်နေသည်။ ကက်သရိန်းဘရွတ်နှင့် နေခဲ့ရသော ခဏတာ ရက်များ သည် သူ့တစ်စက်တာတွင် ဘယ်တော့မှ မေ့မရနိုင်တော့သော အမှတ်တရရက်များ ဖြစ်သွား တော့သည်။
သူသည် ရထားစီးလာရင်းမှပင် ကက်သရိန်း၏ အိမ်အရောင်းအ၀ယ်ကိစ္စနှင့် ပတ်သက်သော အစီ ရင်ခံစာ တစ်စောင် ကို အကြမ်းရေးသည်။ ပြီးတော့ သူ့စိတ်အာ`ရုံသည် ကက်သရိန်းထံသို့ ပြန် ရောက်သွားသည်။
ရုတ်တရက် စိတ်ကူးပေါ်လာသဖြင့် ကက်သရိန်းထံသို့ စာတိုကလေးတစ်စောင် ကောက်ရေးသည်။ လက်ရေး ကတော့ သိပ်မလှ။ သို့သော် သေတော့ သေသပ်သည်။
ကိတ် ...
မင်းကို ငါ သိပ်ပြီး အောက်မေ့နေပြီ။ ခွဲခွာလာတာ နာရီပိုင်းသာ ရှိသေးပေမယ့် ငါ့စိတ်ထဲမှာတော့ တစ်သက် လောက် ရှိသွားပြီလို့ပဲ ထင်နေမိတော့တယ်။ မင်းဘော့စတွန်ကို ဘယ်တော့ လာမယ်ဆိုတာ ငါ့ဆီကို ကြိုပြီး စာရေးပါ။ ဒီကြားထဲ ဘဏ်တိုက်မှာ လုပ်စရာလုပ်ငန်းတွေကို ငါဖိပြီး လုပ်လိုက်ဦးမယ်။ ဒါပေမဲ့ စိတ် ကတော့ မင်းဆီကိုပဲ ရောက်နေမှာပါ။
                                    ချစ်သော
ဘော့စတွန်း သို့ ရထားဆိုက်တော့ ရထားပေါ်မှ ကမန်းကတန်းဆင်းပြီး ချားလ်စ်လမ်းမှာ စာတိုက် သေတ္တာ ထဲသို့ စာအိတ်ကို ထည့်လိုက်သည်။ ထိုအချိန်တွင် ...
' ဝေါလ်စထရိဈေးကွက် ပျက်သွားပြီ' ဟူသော သတင်းစာရောင်းသမားကလေး၏ အော်သံကြောင့် ၀ီလျံ၏ အတွေး အာရုံ ထဲမှ ကက်သရိန်းသည် ရုတ်တရက်ထွက်ပြေးသွားသည်။
ဝီလျံက သတင်းစာတစ်စောင် ၀ယ်လိုက်သည်။ မျက်နှာဖုံး သတင်းခေါင်းစဉ်ကို ကမန်းကတန်း ဖတ်လိုက်သည်။ စတော့ဈေးကွက်သည် နေ့ချင်းညချင်း ထိုးကျသွားပြီ။ တချို့ စီးပွားရေးသမားများက သည် အချက်ကို ယာယီဈေးကွက်ညှိခြင်းမျှသာဖြစ်သည်ဟု ခပ်ပေါ့ပေါ့ပင် မြင်ကြသည်။ ၀ီလျံကတော့ ကမ်းပါးပြို ကျသလို တစ်ဟုန်တည်း ထိုးကျခြင်းဟု မြင်သည်။ သည် အချက်ကို အတော်ကြာကြာကပင် သူက ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။
သူသည် သတင်းစာကြီးကိုင်ပြီး ဘဏ်တိုက်သို့ သုတ်ခြေတင်သည်။ ဘဏ်ဥက္ကဋ္ဌ၏ ရုံးခန်းသို့ တန်းဝင် လာသည်။
' မပူပါနဲ့ ၀ီလျံ၊ ရေရှည်ကျတော့ ဈေးကွက်အခြေအနေ ပုံမှန်အနေအထားအတိုင်း ငြိမ်သွားမှာပါ'
ဘဏ်ဥက္ကဋ္ဌ အလန်လွိုက်က ၀ီလျံအား နှစ်သိမ့်စကားပြောသည်။ သို့သော် ၀ီလျံကတော့ လက်မခံ။
' မထင်ပါနဲ့ အလန်၊ ဈေးကွက်က မတန်တဆ ဖောင်းပွနေတာ၊ သူ့ဝန်ကို သူမထမ်းနိုင်တော့သလို ဖြစ်နေတာ၊ အဲဒီလိုမတန်တဆဖြစ်နေတာလည်း အချိန်တိုအတွင်း အမြတ်ကြီးကြီး လိုချင်တဲ့ အသေးစား စီးပွားရေး သမားတွေကြောင့် ဖြစ်ရတာပဲ၊ သူတို့က တစ်ချီတည်းနဲ့ အပွကြံချင်ကြတာ၊ မီးပုံးကြီးက မှိုင်းဝ နေပြီ၊ မကြာခင် ပေါက်ကွဲတော့မယ်၊ ကျွန်တော်တော့ ရှိသမျှ အားလုံး ရောင်းပစ် လိုက်တော့မယ်၊ နှစ်ကုန် တဲ့ အခါကျတော့ အောက်ခြေက လူတွေအားလုံး ဈေးကွက်က လွင့်ထွက် ကုန်ကြလိမ့်မယ်၊ ဒါကို ကျွန်တော် ဖေဖော်ဝါရီလကတည်းက အလန်ကို သတိပေးခဲ့တာပဲ '
' မင်းပြောတာကို ငါ အခုအချိန်အထိ လက်မခံနိုင်သေးဘူး ၀ီလျံ၊ ဒါပေမဲ့ မနက်ဖြန် ဘုတ်အဖွဲ့ အစည်း အဝေး လုပ်ဖို့ ငါ ခေါ်လိုက်မယ်၊ အဲဒီတော့ အသေးစိတ် ဆွေးနွေးကြတာပေါ့ ဟုတ်လား'
' ကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ် အလန် '
ဝီလျံသည် သူ့ရုံးခန်းသို့ ပြန်လာပြီး အတွင်းတယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
' အလန်၊ ကျွန်တော် ပြောစရာတစ်ခု မေ့ကျန်ရစ်လို့ပါ၊ ကျွန်တော် လက်ထပ်မယ့် မိန်းကလေးတွေ့လာခဲ့ပြီ အလန် '
' အဲဒါကို သူကရော သိပြီးပလား '
' ဟင့်အင်း မသိသေးပါဘူး '
' အင်း ... ဟုတ်ပါပြီ၊ ဒီလိုဆို မင်းအိမ်ထောင်ရေးကလည်း မင်းဘဏ်လုပ်ငန်း ၀င်လာတာနဲ့ တူနေ ပါရောလား၊ မင်းက ဆုံးဖြတ်ချက်ချပြီးမှ မင်းရဲ့ ဇနီးလောင်းကို အသိပေးမယ် ဆိုပါတော့ '
ဝီလျံ က ရယ်သည်။ ပြီးတော့ ဖုန်းကို ပြန်ချလိုက်သည်။ ထို့နောက်တော့ သူပိုင် အဓိက စတော့ရှယ် ယာ များကို ဈေးကွက်တွင် ချက်ချင်း ချရောင်းပစ်လိုက်ပြီးငွေသားအဖြစ်ပြောင်လဲပစ်လိုက်သည်။
မကြာမီတွင် သူ့ရုံးခန်းဝသို့ တိုနီဆိုင်မွန် ရောက်လာသည်။ တိုနီက ၀ီလျံအား ရူးများနေပြီလားဟု တွေးနေမိသည်။
' ဒီလိုအခြေအနေမျိုးမှာ ရှိသမျှ ရှယ်ယာတွေ လမ်းဘေးပုံရောင်းသလို ရောင်းပစ်တာ မိုက်မဲရာ မကျ ဘူးလား ၀ီလျံ '
' ကျွန်တော်က ဈေးကွက်ကို ထိန်းထားနိုင်ရင် ရှုံးချင်သလောက် ရှုံးပါစေပေါ့ '
သည်အတိုင်းဆိုလျှင် နောက်တစ်ပတ်အတွင်း သူ့အနေဖြင့် အရှုံးငွေမှာ အနည်းဆုံး ဒေါ်လာ တစ်သန်းကျော်တော့ရှိနိုင်သည်။
နောက်တစ်နေ့ အစည်းအဝေးတွင် ဘဏ်တိုက်ပိုင် စတော့များ ရောင်းချရေးအဆိုကို ၀ီလျံက တင် သည်။ ဘုတ်အဖွဲ့ က ရှစ်မဲ၊ ခြောက်မဲဖြင့် ပယ်ချလိုက်သည်။ တိုနီဆိုင်မွန်က အချိန်အနည်းငယ်စောင့်၍ ဆက်လက် ထိန်းထားရန် သင့်ကြောင်း စိတ်မရှည်ခြင်းသည် တာဝန်မဲ့ လွန်းရာရောက်ကြောင်း တင်ပြ သည်။
ဝီလျံမှတစ်ပါး အခြားပုဂ္ဂိုလ်များက တိုနီ၏အဆိုကို ထောက် ခံကြသည်။ အစည်းအဝေးတွင် ၀ီလျံက သာမန် အမြတ်ကလေးတစ်ခုကိုတော့ ရလိုက်သည်။ ယင်း မှာ အခြားမဟုတ်၊ သူတို့ ဘဏ်သည် နောင်အခါ တွင် စတော့ရှယ်ယာဝင်သူ သက်သက်သာ မလုပ်တော့ဘဲ ရောင်းသူအဖြစ်လည်း လုပ်ကိုင်မည် ဟူသော သူ၏အဆိုကို အားလုံးက ထောက်ခံကြ ခြင်းပင်ဖြစ်သည်။
ထိုနေ့တွင် စတော့ဈေးအနည်းငယ် တက်လာသည်။ ၀ီလျံက သူပိုင် စတော့တော်တော်များများ ထပ်မံ ရောင်းပစ် လိုက်သည်။
တစ်ပတ်လောက်ကြာတော့ ဈေးကွက် အခြေအနေက တန်းသွား ပြန်သည်။ ၀ီလျံက သူ့လုပ်ရပ် မှန်မှ မှန်ပါရဲ့ လားဟု သံသယ၀င်လာသည်။ သို့သော် သူ သင်လာ ခဲ့သောပညာနှင့် ပင်ကိုအသိဥာဏ်က သူ လုပ်တာ မှန်သည်ဟု ထောက်ခံသည်။ အလန်လွိုက်ကတော့ ဘာမှမပြော။ သူ့ပိုက်ဆံနှင့်သူလုပ်တာ ငါနှင့် မဆိုင်ဟု ယူဆသောကြောင့် ဖြစ်သည်။ ပြီးတော့ သူက မကြာခင် ပင်စင်ယူရတော့မှာမို့ မည်သူနှင့်မျှ မဆန့်ကျင် ချင်သောကြောင့်လည်းဖြစ်သည်။
အောက်တိုဘာလ ၂၂ရက်နေ့တွင် ဈေးကွက်အခြေအနေ အဆိုးဆုံးဖြစ်သည်။ လူတိုင်းလိုလို အရှုံးကြီး ရှုံးသွားကြသည်။ ၀ီလျံက အလန်လွိုက်အား အခွင့်သာခိုက် တစ်ပွဲတစ်လမ်း စမ်းကြည့်ရန် တိုက်တွန်းသည်။ သည် တစ်ကြိမ်တော့ ၀ီလျံ၏ စကားကို အလန်က နားထောင်သည်။ သူက ဘဏ်တိုက်ပိုင် အဓိက စတော့ အချို့ကို ၀ီလျံအား ရောင်းချခွင့်ပြုလိုက်သည်။ နောက်တစ်နေ့ကျတော့ ရောင်းသူတွေ အောတိုက်နေပြီး ၀ယ်သူ မရှိ၍ ဈေးက ပြန်ကျသွားပြန်သည်။ အမေရိကန်တစ်ပြည်လုံးမှ အသေးစား လုပ်ငန်းရှင်တွေ စုပြုံ ၀င်တိုး လာပြီး ဈေးကွက်တစ်ခုလုံး မတန်တဆ ဖောင်းပွကုန်သည်။ အရောင်းအ၀ယ်ဖြစ်ပေမယ့် စာရင်းချုပ် တော့ ကုန်သည်တွေ ၀က်ဝက်ကွဲ ရှုံးကုန်ကြတော့သည်။
အလန်လွိုက်က အမေရိကန်စီးပွားရေးနှင့် ဘဏ်လုပ်ငန်း အဓိပတိကြီး ဂျေပီမော်ဂန်နှင့် တယ်လီ ဖုန်းဖြင့် စကား ပြောသည်။ သူက အမေရိကန်တစ်ပြည်လုံးရှိ အရေးကြီးသော အဓိကစတော့တွေ ပြိုကွဲ မသွားရေး အတွက် ကျားကန်ထားဖို့ ဘဏ်တိုက်များစုပေါင်း၍ အုပ်စုဖွဲ့ရန် တင်ပြသည်။
ဤအစီအစသ်ကို ၀ီလျံက လုံးဝသဘောမတူ။ အားလုံးစုပေါင်းလိုက်လျှင် ကိန်းနှင့် ကဘော့ဘဏ်ကလည်း မဆိုင်သောတာဝန်များ ယူလာရလိမ့်မည်ဟု သူက အကြောင်းပြသည်။
နောက်တစ်နေ့တွင် နယူးယော်စတော့ဌာနမှ ဒုတိယဥက္ကဋ္ဌ ရစ်ချက်ဝှစ်တနီနင့် မော်ဂန်ဘဏ်အုပ် စုမှ ကိုယ်စားလှယ်တို့ အပေးအယူလုပ်ပီး နယူးယောက်စတော့ဈေးကွက်တွင် ဒေါ်လာ သန်း ၃၀ ဖိုးအထိ အကြီးစား စတော့တွေ ၀ယ်ယူလိုက်သည်။ ဈေးကွက်က တိုးလည်းမတိုး၊ ဆုတ်လည်း မဆုတ်၊ ငြိမ်သွား သည်။
ထိုနေ့ တစ်နေ့တည်းတွင် ရှယ်ယာစုစုပေါင်း ၁၂၈၉၄၆၅၀ အရောင်းအ၀ယ်ဖြစ်သည်။ နောက်နှစ် ရက် အတွင်း ဈေးကွက် ဆက်ငြိမ်နေပြန်သည်။ သမ္မတကြီး ဟူးဗားမှစ၍ စတော့ဈေးမှ စာပို့ လုလင်အထိ လူတိုင်း ကပင် အဆိုးရွားဆံး အခြေအနေတွေကို ကျော်လွန်သွားခဲ့ပြီဟု ယုံကြည်နေ ကြသည်။
ဝီလျံက သူပိုင် စတော့အားလုံးလိုလိုကို ရောင်းပစ်လိုက်သည်။ သူ၏ ပုဂ္ဂလိကပိုင်ငွေ အရှုံးထက် ဘဏ်အရှုံး က ပိုနည်းနေသေးသည်။ ဘဏ်က လေးရက်အတွင်း ဒေါ်လာ သုံးသန်းကျော် ရှုံးသွား သည်။ တိုနီ ဆိုင်မွန် ကလည်း ၀ီလျံ၏ အကြံပေးချက်ကို သဘောတူသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ကတော့ အဆိုးတကာ့ အဆိုးရွားဆုံးနေ့ ဖြစ်သည်။ ထိုနေ့ကို ' အမှောင် ဖုံးသော အင်္ဂါနေ့' ဟုပင် ခေါ်ကြသည်။ ထိုနေ့တွင် ဈေးကွက်ထိုးကျသွားသည်။ အစုရှယ် ယာပေါင်း ၁၆၆၁၀၀၃၀ တိတိ အရောင်းအ၀ယ်ဖြစ်သည်။ သို့သော် တစ်ပြည်လုံးမှ ဘဏ်တိုက် အားလုံးပင် ဒေ၀ါလီ ခံရတော့မည် အခြေအထိ ဆိုက်သွားသည်။
နိုဝင်ဘာလ ၉ ရက်နေ့တွင် ကိန်းနှင့် ကဘော့ဘဏ်တိုက်၌ ဘုတ်အဖွဲ့အစည်းအဝေးကျင်းပသည်။ ခရိုင် ဘဏ္ဍာထိန်း အဖွဲ့ဥက္ကဋ္ဌနှင့် ကိန်းနှင့်ကဘော့ဘဏ်ဒါရိုက်ဟာ လူကြီးတစ်ဦးဖြစ်သူ ဂျွန်၊ ဂျေ၊ ရွိုက်ယာဒန် ကွယ်လွန် သည်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘုတ်အဖွဲ့ဝင်တွေအားလုံး တစ်မိနစ်ခန့် ငြိမ်သက် နေခြင်းဖြင့် အစည်းအဝေးကို စတင်ဖွင့်လှစ်သည်။ ရွိုက်ယာဒန်သည် သူ့အိမ်တွင် ကိုယ့်ကိုယ် ကိုယ်ပစ် သတ်ပြီး သေဆုံးသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘော့စတွန် မြို့၌ နှစ်ပတ်အတွင်း ၁၁ ကြိမ်မြောက် သက်သေမှု ဖြစ်သည်။
သေဆုံးသူမှာ အလန်လွိုက်၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည်။ အလန်လွိုက်က မိမိတို့ ဘဏ်တိုက် အနေဖြင့် ဒေါ်လာလေးသန်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ မော်ဂန်အုပ်စုနှင့် ပူးပေါင်းရန် ကိစ္စလည်း ပျက်သွားကြောင်း၊ ထို့ကြောင့် ဘဏ်တိုက်များအနေဖြင့် ကိုယ့်ရပ်တည်မှုအတွက် အစွမ်း ကုန်ကြိုးစား ကြရမည်ဖြစ်ကြောင်း တင်ပြသည်။
ထို့ပြင် မိမိတို့ဘဏ်တိုက်မှ ငွေထုတ်ချေးထားသော အသေးစားလုပ်ငန်းရှင်များမှာ ဒေ၀ါလီခံသွား ကြရပြီ ဖြစ်ကြောင်း အကြီးစားလုပ်ငန်းရှင်များမှာလည်း အကြီးအကျယ် အကျပ်ရိုက်နေကြပြီဖြစ် ကြောင်း ထို့ကြောင့် သည်အတိုင်းဆိုလျှင် ရက်အနည်းငယ်အတွင်းတွင် မိမိတို့အားလုံးလည်း ဘဏ်တိုက်မှ ထွက်သွား ကြရတော့မည် ဖြစ်ကြောင်း အလန်က ဆက်လက်တင်ပြသည်။
တစ်ဆက် တည်းတွင် အလန်က နုတ်ထွက်စာကိုပါ တင်လိုက်သည်။ သို့သော် တခြားပုဂ္ဂိုလ်တွေက တစ်ယောက် မှ လက်မခံ။ တိုနီဆိုမွန်ကလည်း ထွက်စာတင်လာပြန်သည်။ အလားတူပင် ၀ီလျံမှ တစ်ပါး အားလုံး က ပယ်ချပြန်သည်။ ၀ီလျံကတော့ ဘာမှတုံ့ပြန်ခြင်းမပြုဘဲ လုံးဝနငတ်ပိတ်နေ သည်။
နောက်ဆုံးတော့ အားလုံး ပြေပြေလည်လည်ဖြစ်အောင် ပြန်ညှိကြသည်။ တိုနီဆိုမွန်အား ရင်းနှီးမြှုပ်နှံမှု ဒါရိုက်တာ အဖြစ် လန်ဒန်ဘဏ်ခွဲသို့ ပြောင်းလဲတာဝန်ပေးလိုက်သည်။ သို့ဖြင့် ၀ီလျံမှာ ကိန်းနှင့် ကဘော့ ဘဏ်တိုက်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ဒါရိုက်တာဘ၀သို့ အလိုအလျောက် ရောက်ရှိလာခဲ့ရသည်။
ချက်ချင်းပင် သူက မက်သယူးအား သူ့လက်ထောက်အဖြစ် ခန့်ထားရန် ဆုံးဖြတ်လိုက်သည်။ သည်တစ်ကြိမ်တွင်တော့ အလန်က ဘာမှမပြောတော့။
မက်သယူးက နှစ်ဆန်းတွင် ၀င်ရောက်လုပ်ကိုက်ပါမည်ဟု ကတိပေးသည်။ လောလောဆယ်တွင် သူတို့ ဘဏ်တိုက်၌ လုပ်ကိုင်နေရ၍ လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ချင်သေးသောကြောင့်ဟု အကြောင်း ပြသည်။
၁၉၂၉ ခုနှစ်။ ဆောင်းရာသီတွင် ၀ီလျံအနေဖြင့် အတော်ကြီးပင် အကျပ်အတည်းနှင့် ရင်ဆိုင်ရ သည်။ သူနှင့် ရင်းနှီးသော မိတ်ဆွေလုပ်ငန်းရှင်ကြီးများနှင့် လုပ်ငန်းရှင်ကလေးများအားလုံးပင် ဒေ၀ါလီ ခံသွား ကြသည်။ သူတို့ဘဏ်တိုက်ကြီးလည်း သက်ဆိုးမရှည်နိုင်ပါ့မလားဟူသော အတွေးသည် သူ့ခေါင်းထဲသို့ ပထမဦးဆုံး အကြိမ် ၀င်ရောက်လာခဲ့သည်။
ထိုနှစ် ခရစ်စမတ်ပွဲတော်ရာသီတွင် ၀ီလျံသည် ဖလော်ရီဒါသို့ သွား၍ ကက်သရိန်း (ကိတ်)နှင့် အတူ အပန်းဖြေ အနားယူသည်။
ပွဲတော်ရာသီကုန်တော့ ကက်သရိန်းလည်း ဘော့စတွန်သို့ ပြောင်းရွှေ့ရန် စီစဉ်သည်။ ၀ီလျံက သူမ၏ ပစ္စည်းများကို ကူညီထုပ်ပိုးပေးသည်။
' ဒါကလေးတွေကိုတော့ ကိန်းနဲ့ ကဘော့ဘဏ်က မသိမ်းပါနဲ့ရှင်၊ ကျွန်မ အမြတ်နိုးဆုံး ပစ္စည်း ကလေး တွေမို့ ဆက်ပြီး သိမ်းထားပါရစေနော် '
ကက်သရိန်းက ၀ီလျံအား နောက်လိုက်သည်။
ဝီလျံက ရယ်နေသည်။
ခရီးထွက်ခါနီးကျတော့ ၀ီလျံက ကက်သရိန်းအတွက် လက်ဆောင်တွေ သေတ္တာတစ်လုံးအပြည့် ၀ယ်ချလာသည်။ ကက်သရိန်းက အားနာလွန်း၍ လက်မခံရဲအောင်ပင် ဖြစ်နေသည်။
' ကျွန်မ လို ဆင်းရဲသား မုဆိုးမတစ်ယောက်အနေနဲ့ ဒီကျေးဇူးကို ဘယ်လိုများ ပြန်ဆပ်နိုင်ပါ့မလဲရှင်'
ဝီလျံက သူမအား အတင်းဖမ်းချုပ်ပြီး အခြားသေတ္တာလွတ် တစ်လုံးထဲသို့ အတင်းထည့်သည်။ ပြီးတော့ သေတ္တာ ဘေးတွင် ' ၀ီလျံ၏လက်ဆောင်' ဟူ၍ စာတန်းထိုးလိုက်သည်။
*
ဝီလျံသည် ဘော့စတွန်သို့ အလျင်ပြန်လာခဲ့သည်။ သူ့စိတ်ဓာတ် အလွန်တက်ကြွနေသည်။ ကက်သရိန်း နှင့် နေခဲ့ရသောနေ့များကို သူ့စိတ်ထဲတွင် တသသဖြစ်နေမိသည်။
ဘော့စတွန် ရောက်တော့ နောက်တစ်နေ့တွင် ဘဏ်တိုက်သို့ ထွက်လာခဲ့သည်။
ယခင် တိုနီဆိုင်မွန် ထိုင်ခဲ့သော ကုလားထိုင်တွင် ၀င်ထိုင်ပီး သတင်းစာကိုကောက်ဖတ်သည်။
ပြီးတော့ အတွင်းရေးမှူး စာရေးမကို မေးလိုက်သည်။
' ဒီနေ့ ဘယ်သူနဲ့ ပထမဆုံး တွေ့ရမလဲ '
' ချိန်းထားတာ တစ်ယောက်တော့ရှိပါတယ် မစ္စတာကိန်း၊ ဒေ၀ါလီခံရတဲ့ကိစ္စပဲ ထင်ပါတယ်'
' ဟုတ်ပြီ ကျွန်တော် မှတ်မိပြီ၊ ညတုန်းက သူ့အမှုတွဲဖိုင် ကျွန်တော် ဖတ်ခဲ့ပြီးပြီ၊ တော်တော်တော့ ကံဆိုးရှာ တဲ့လူပဲ၊ ဒါနဲ့ သူက ဘယ်အချိန်ရောက်လာမှာလဲ '
' ဆယ်နာရီပါ၊ ဒါပေမဲ့ အခု ဧည့်ခန်းမှာ ရောက်နေပါပြီ '
' ကဲ ... ဒါဖြင့်လည်း ခေါ်လိုက်ပါ၊ မြန်မြန် တွေ့လိုက်တာ ကောင်းပါတယ် '
ဝီလျံက အမှုတွဲကို ကမန်းကတန်းဖွင့်ပြီး စစ်ဆေးကြည့်သည်။ မူလ ရေးထားသော ' မစ္စတာဒေးဗစ်လီရွိုင်း' ဟူသော အမည်ကို လိုင်းသား၍ ဖျက်ထားပြီး ယနေ့ နံနက်သူနှင့် လာတွေ့ မည့် ' မစ္စတာ အေဘယ် ရိုစနော့ စကီး' ဆိုသူ၏ အမည်ကို ပြန်လည်အစားထိုး ရေးသားထားသည်ကို တွေ့ရသည်။
ဝီလျံသည် မစ္စတရိုနော့စကီးနှင့် နောက်ဆုံးဆွေးနွေးခဲ့သည့် အချက်အလက်များကို အသေးစိတ် ပြန်လည် သတိရလာသည်။ ထိုစဉ်က မစ္စတာ ရိုစနော့စကီးနှင့် အခြေအတင် ပြောခဲ့မိသည့်အတွက် သူက အတော် ကလေး စိတ်မကောင်းဖြစ်သွားမိသည်။
--------------------------------------
အခန်း (၁၆) ဆက်ရန်
.
4 comments:
သင်း said...
အစ်မ ရေ
စိတ်ရှည်လက်ရှည် ရိုက်တင်ပေးတဲ့အတွက်ကျေးဇူးပါ
Anonymous said...
''သူက သူမကို ဒေါ်လာ သုံးသန်းခွဲ နိုင်သည်'''
မရွှေစင်ရေ။ အဲဒီနေရာလေး နားမရှင်းလို့ ပြန်ပြောပါဦး။ အပျော်ကစားတာလား။ တကယ် လောင်းကြေး သုံးသန်းခွဲ ရှုံးသွားတာလား။ နားမလည်လို့ပါ။
SHWE ZIN U said...
အပျော်ကစား တာပါဗျာတဲ့ စာကျန်ခဲ့လား မသိဘူး ကျနော် မနက်ကျ တိုက်စစ်ပေးပါမယ်
Talkii said...
အခုမှ ရောက်ဖြစ်တယ်ဗျာ။ အဲဒီစာအုပ်ရယ် တခြား ဘာသာပြန် ၃ ၄အုပ်လောက်ရယ် ရန်ကုန်ပြန်ဖြစ်တုန်းက ဝယ်လာသေးတယ်။ ဒာပေမယ့် တခြားမဖတ်ရသေးတဲ့ စာအုပ်တွေတွေ့လို့ နောက်မှ လာဖတ်ပာဦးမယ်။ ကျေးဇူး။