၆နှစ်အတွက် အမြတ်တော်ကြေး
သို့ရာတွင် ကျမကို အသေရရ, အရှင်ရရ ဤအိမ်ပေါ်မှ ဆွဲထုတ်ပစ်ချင်ကြသော လူယုတ်မာနှင့် အပေါင်းပါ ဂိုဏ်းဝင် တစုတို့မှာ သူတို့ရည်ရွယ်ချက်မအောင်မြင်တိုင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသည်။ အနှစ်နှစ် အလလက ကျကျ,နနစုံပေါင်းဖွဲ့စည်းပြီး အကြံကြီး ကြံခဲ့သမျှ ယခုတော့ ပစ္စည်းတွေနှင့် ဗမာ့ခေတ် ပဒေသာ ပင်ကြီးကိုလည်း ထင်သလိုအပိုင်မစီး လိုက်ရ၍ ဝေစုဝေပုံ မခွဲကြရသောကြောင့် အောင့်သက် သက် ဖြစ်နေကြရလေသည်။
သို့ဖြစ်၍ အလုပ်ရုံးခန်းမှ အလိုကျ ခိုးထုတ်ပေးနေသည်ကိုပင် တင်းတိမ်ရောင့်ရဲမှု မရှိနိုင်ဘဲ ကောက်ကျစ် ညစ်ပတ် သည့်နည်းနှင့် ပြန်၍အပိုင်စီးနိုင်ရန် ကြံဆဲဖြစ်သည်။ သူ၏မှားယွင်း ဖောက်ပြန်ခဲ့မှုတွေကို ၀န်ခံ တောင်းပန်စာ နှင့်တကွ သူမှာ အပြစ်ရှိတဲ့အတွက် ပစ္စည်းဘက်မှာလည်း ကဲ့ဝှက်ယုတ်မာခဲ့တဲ့အတွက် အပြစ် ရှိသူဖြစ်၍ အ၀တ်တထည် ကိုယ်တခုနှင့်ပင် ထွက်သွားပါမည်ဆိုပြီး စာချုပ်စာတမ်းနှင့်တကွ သက်သေ လုံလောက်စွာနှင့် နှင့် ကျကျနန ကွာရှင်းခဲ့လျက်ပါလျက် တဘက်၌ စာချုပ်က တရားမ၀င် လေဟန် လေသံပစ်လျက်ရှိသည်။ ကွာရှင်းသည်မှာ ကျမက မကျန်းမမာ၍ သေမှာစိုးတဲ့အတွက် စိတ်ချမ်း သာအောင် လုပ်ပေးရသလို ဂရုဏာကြီးစွာထားသော လူ့ဘောကောင်းကြီးပမာ ၀ါဒဖြန့်ပါသည်။ ရင်ငွေ့လှုံ ဂိုဏ်းဝင် အမျိုးသမီး/အမျိုးသားများကလည်း (သူ့ဆရာအသံ)အတိုင်း ဟစ်ပေးကြလေသည်။
အသေရရ-အရှင်ရရ အိမ်ပေါ်မှ ဆွဲချပစ်ရန် နည်းအသွယ်သွယ် ပရိယာယ် အခဏ်းခဏ်းနှင့် တဘက်တလမ်းမှ လုပ်ကြံလာသူက ကျမသေမှာစိုးရပြန်သသည်ဆိုသော စကားလုံးကို မရှက် မကြောက်သုံးရဲသော်လည်း ယုတ်မာကောက်ကျစ်နည်းအမျိုးမျိုးတွေနှင့် ယခုလောလောဆယ်ဆယ် ရင်ဆိုင် နေရသူ ကျမမှာတော့ ရယ်စရာသက်သက်သာ ဖြစ်နေပါသည်။ အကြံအစည်ကြီးခဲ့သလောက် ခရီး မရောက်မှီ အတော်အတွင်း ကလေးမှာ (လူမိဒါနာသည်)ဆိုတဲ့စကားလို ကျမက သိလျှင်သိခြင်း ယုတ်မာသူ၏ ညဉ်ဆိုးကို ကွက်ကျော်မြင်ပြီး အိမ်တွင်းအိမ်ပြင်မှစ၍ အကာအကွယ်ပြုလိုက်နိုင်သဖြင့် အန္တရာယ် တွေများ သလောက် ထိုးဖောက်နိုင်စွမ်းမရှိခဲ့ပါ။ သို့ရာတွင် အထက်ကရေးသားလာခဲ့သည့် အတိုင်း အခြားနည်းများနှင့် သုံးမရလျှင် သတင်းစာတိုက်ကို အတင်းဝင်စီးခြင်း၊ ရမ်းကားခြင်းများက သူ၏ ယုတ်မာသော ၀ါဒကို ဖုံးမရ,ဖိမရ ဖော်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
ယင်းသို့ သတင်းစာတိုက်ကို ပုံနှိပ်ထုတ်ဝေသူဟု အဓမ္မအမည်ဝင်ယူသည်ကို တရားရုံးတွင် ကန့်ကွက် ထားသော အမှုရက်ချိန်းများ ရှောင်လွှဲတိမ်းဖယ်နေရင်းမှ အခြားနည်းပရိယာယ်တခုကို အသုံးချ လာပြန်ပါသည်။ ထိုနည်းမှုာ လွန်ခဲ့တဲ့နှစ်တွေက ဗမာခေတ်သတင်းစာကို သူတို့လက်ဝါးကြီးအုပ်၍ လုပ်ချင် သလို လုပ်လာခဲ့ရာတွင် (၆)နှစ်စာ အမြတ်တော်ကြေး မပေးဆောင်ဘဲ ထားခဲ့သော အကြွေးများသည် (၈)သိန်းခွဲ မျှရှိနေသည်ဟု အမြတ်တော်ကြေးဌာနမှ တောင်းခံစာတွေ တစုတပြုံကြီး ရောက်လာလေသည်။ ထို(၈)သိန်းခွဲမှာ တိတိ,ကျကျစာရင်းအရ ကောက်ခြင်းမျိုးမဟုတ်ဘဲ စာရင်းများ အချိန်မှီမတင်သဖြင့် ခန့်မှန်း ခြေနှင့် ကောက်ယူလိုက်သည်ဟု သိရပါသည်။
(၆)နှစ်လုံးလုံး အမြတ်တော်ကြေး မပေးသွင်းခဲ့ဘဲ အပြင်အပ၌ ကာမဂုဏ်အမြတ်တော်ခွန် ဆက်ခါ ရင်ငွေ့လှုံ ဂိုဏ်းဝင်တစုအပေါ်၌သာ ရွှေမိုးငွေမိုး ရွာလာခဲ့ခြင်းကြောင့် ဗမာ့ခေတ်မှ အမြတ်တော် ကြေးပေးရမည့် ငွေများသည် သက်ဆိုင်ရာ အမြတ်တော်ခွန်ဌာနသို့ မသွားဘဲ ကာမခွန်ဌာနသို့ ရေစီးကြောင်း ပြောင်းလွဲစီးဆင်းနေခြင်း ဖြစ်ပါသည်။ ယုတ်စွအဆုံး ဖြုန်းလိုက် သည့် ဖြစ်ခြင်းမှာ ကျမ အမည်နှင့် ထားသော အသက်အာမခံငွေများကိုပင် မချန်လှပ် တော့ပဲ တိတ်တဆိတ်သောင်းနှင့်ချီ၍ ပြန်လည် ချေးယူသည့်အထိ အရမ်းကျနေတော့၏။
လွန်ခဲ့သော (၆)နှစ်ခန့်ကစ၍ မပေးသွင်းခဲ့သော အမြတ်တော်ကြေးခန့်မှန်းချေနှင့် တောင်းခံလိုက်သော ငွေ(၈)သိန်း ခွဲ တောင်းခံစာများသည် ဇန်န၀ါရီလထဲမှာ ကျမလက်သို့ ရုတ်တရက် ရောက်လာပါသည်။ ဒီတော့မှ သူတို့လုပ်ချင်သမျှ လုပ်လာခဲ့သမျှ ပေးစရာကြွေးတွေ သည်အထိရှိသည်ကို ကျမသိရခြင်း ဖြစ်ပါသည်။ သြဂုတ်လက သတင်းစာတိုက်ကို ကျမ လက်အပ်၍ အလုပ်နှင့် ဆက်သွယ်သော ဘဏ်တိုက် များကို ကျမလက်မှတ်နှင့်မှ ဆက်သွယ်ရန် လွှဲပြောင်းခဲ့ပြီး ဖြစ်သော်လည်း ဘဏ်ထည်းမှ ငွေလက်ကျန်က ပြောပ လောက်အောင် မကျန်ခဲ့ဘဲ ငွေလက်ကျန်က ပြောပလောက်အာင်မကျန်ခဲ့ဘဲ ဘဏ်တိုက် တတိုက် လျှင် စာရင်းလက်ကျန်ငွေ ကလေး နှစ်ထောင်စသုံးထောင်စသာ ထားခဲ့ပါသည်။
၁၉၆၀ခု၊ သြဂုတ်လ ၁၄ရက်နေ့၌ ကွာရှင်းစာချုပ်လက်မှတ်ရေးထိုးပြီး သြဂုတ်လ၁၈ရက် နေ့မှ ဘဏ် များကို ကျမလက်မှတ် အမည်ပြောင်းခဲ့ခြင်းဖြစ်ရာ သြဂုတ်လ၁၀ရက်မှ ၁၇ရက်အထိ၊ ၇ရက်တွင်း ဘဏ်များ တွင်ရှိသမျှ ငွေများကို တတိုက်မှ၅သောင်းကျော်၊ တတိုက်မှသောင်းကျော် များ ထုတ်ယူသွားပြီ ဖြစ်ရုံ မက ငွေထိန်းလက်က ငွေသတ္တမှ တရာတန် ငွေစက္ကူတသောင်းစီ စည်းထားသော အထုပ်ပေါင်း ၉ထုပ် ခန့် အုပ်ထည့်ခိုးယူသွားပြီးသား ဖြစ်နေပါသည်။ ငွေထိန်းသည် သူ့လူ-မန်နေဂျာအဟောင်း အသစ် တို့ကလည်း သူ့ဘက်သားခိုးသာ ၄၀-တို့ အလယ်တွင် လုံလှပြီဟု ထုတ်ယူသွားသော်ငြားလည်း မျက်စေ့ရှင်သော အခြားအလုပ်သမားများ ကလည်း မသိလိုက်မသိပါ ကြည့်နေမြင်နေရပါသည်၊ ဤ အထဲမှာ အလုပ်သမားစုငွေ တနှစ်စာငွေ တသောင်းကျော်ကိုပင် တပါတည်း အပျောက်ရိုက်ယူ သွားပါ သေးသည်။
ထိုအပြင် နယ်သာလင်ဘဏ်မှာ သူ့နာမည်နှင့်သီးသန့် ဖွင့်ထားသော မိုးကြိုးလီမီတက် အတွက် ကဲ့ယူ အပ်ထားငွေမှာ တသိန်းနှင့် ၇ထောင်တိတိရှိကြောင်း သိရသေးသည်။ နောက်ပိုင်း ကိစ္စတွေ ယုတ်ယုတ် ယက်ယက်ဖြစ်လာသောအခါ နံမည်နှင့်ငွေများ ပြန်ထုတ်ယူပစ်ပြီး အခြေ အနေမရှိသူ ဂိုဏ်းဝင်လူယုံတော် တဦး နံမည်ဖြင့် ကပြာကရာပြောင်းထားလိုက်ပါသည်။ ကိုယ့်ဘက်ကျတော့ ဤမျှလက်မြန်ခြေမြန် ရှိလှ ပါသည်။ ဒီိလိုနေရာမျိုးမှာတော့ သိမ်ကြီးဈေး တ၀ိုက်က ခါးပိုက်နှိုက်တို့ထက် ကျင်လည်လှပါသည်။
(၆)နှစ်ခန့်က ခိုးထုတ်ကဲ့ဝှက်ပေးလာရသဖြင့် ဗမာ့ခေတ်မှ ငွေတို့သည် အိုးတလုံး ဖျာတချပ်မှ အခြေအနေမရှိသူ အပေါစား အညံ့စား သူတပါးမယားငယ်ဘ၀မှ တဆင့်လက်လွှဲ ခုန်ကူးလာသူ အမြှောင်မများတွင် ကိုယ်စီ,ကိုယ်စီအဆီယစ်လျက် အိမ်ပိုင်ယာပိုင် ကလေးတွေ ကိုယ်စီရနေကြလျက် လက်သွက်သော ခိုးသားလေးဆယ်နှင့် လည်သလို နှိုက်စားလေ့ရှိကြသော မိန်းမပွဲစား သာပေါင်း ညာစား တို့မှ စာပုံနှိပ်တိုက်များ လစဉ်ထောက်ပံ့ကြေးများနှင့် နှုတ်ခမ်းပါးနား အဆီစိုနေကြပါသည်။ ငါးတကာ ယိုသော ချေးသည် ပုဇွန်ဆိပ်ခေါင်းစုသကဲ့သို့ ဗမာ့ခေတ်သတင်း စာတိုက်အပေါ်တွင် အမြတ်တော်ခွန် ၆နှစ် အတွက် ကြွေး၈သိန်းခွဲ တစုတခဲ အရေးတကြီး တောင်းခံရခြင်းဖြစ်ပါသည်။ သည်လို အရေးတကြီး တောင်းအောင်လည်း ယုတ်မာသေ နည်းပရိယာယ်နှင့် ဆိုင်ရာဌာနသို့ သူယုတ်မာတို့က ခြေထိုး သတင်းပို့ လိုက်ပါသည်။
စာရင်းရှင်းမရတဲ့ဗမာ့ခေတ်
၎င်းတို့ ခြေထိုးသတင်းပို့ခြင်းမှာ ဆိုင်ရာဌာနအကြီးအကဲနှင့် ကျမသွားရောက် တွေ့ဆုံမိတော့မှ သိရခြင်း ဖြစ်ပါသည်၊ ဒေါ်ခင်ခင်လေးသည် ဗမာ့ခေတ်သတင်းစာတိုက်နှင့် တကွပစ္စည်းတွေကို အားလုံးလှူပ်ဖို့ စီစဉ် နေပါသည် ဟူ၍ သတင်းပေးလိုက်သည်၊ သည်တော့ဌာနဆိုင်ရာမှ သတင်းပေးလိုက်သည်၊ သည့်တော့ ဌာနဆိုင်ရာ မှ သူတို့အခွန်တော်ရထိုက်သမျှကို တောင်းဆိုဘို့ တာဝန်ရှိလာသည်၊ ၆နှစ်ကျော်က ရရန် ရှိသော အခွန်တော်ငွေများကို ပစ္စလက်ခတ်ထားခဲ့ပြီး ယခုတချိန်ထည်းတစု တပြုံလုံးပေါင်း၍ တောင်းလိုက် သည်၊ နောက်ပိုင်း ၁၉၅၈-၅၉-၆၀ သုံးနှစ်မှာ မန်နေဂျာများနှင့် စာရင်းစစ်ထံမှ အချိန်မှီစာရင်းများ တောင်းမရ ဟုဆိုကာ ထင်ကြေး ခန့်မှန်းခြေ နှင့် စည်းကြပ်တောင်းခံ၍ မတန်တဆကြီး ဖြစ်နေသည်။
၎င်းစာရင်းများမြှာ မန်နေဂျာဟောင်းခင်မောင်အေးလက်ထက်က ရှုပ်ရှုပ်ခတ် ရုတ်ရက် ခတ်မျှ သမီး ယောက်မ နှစ်ဦး ပူး၍လုပ်ခဲ့အုပ်ခဲ့ကြရာ သပွတ်အူပမာ ရှင်း၍မရနိုင်အောင်ရှိရာတွင် သတင်းစာတိုက်နှင့် မပက်သက် သော ကျမဘက်ကငွေများနှုင့် လှူတန်းထားသမျှတွေ၊ ကိုယ့်စရိတ် နှင့်ကိုယ် ကမ္ဘာနှစ်ကြိမ် လှည့်ခဲ့ဒါ တွေကိုပါ ဗမာ့ခေတ်တိုက်စာရင်းမှ ငွေထုတ်ပေးရသည်ဟု ပြထားသေးသည်။
ဤသို့တွေ့ကရ ခြောက်သောင်းထည့်၍ စာရင်းပြ၀သည်တိုင်အောင် ဖယ်ထုတ် သုံးဖြုန်းထားသော ငွေတွေကများပြီး လက်ကြားယိုထွက်သွားသည့် ခိုးပေးခ၊ ခေါင်းပုံဖြတ်ခတွေ၊ ကတုံးပေါ်ထိပ်ကွက်ကြသော ငွေတွေ က အစားထိုးစာရင်းပြ၍ မရနိုင်တော့သော အဆုံးမှာလုံးချာလယ်လျက် နောက်ဆုံးနှစ်ထွက်တော့ စာရင်း ကို အချိန်မှီမတင်နိုင်တော့ပါ။ သို့ကြောင့်ခန့်မှန်းခြေနှင့်သာ ချလိုက်ပါတော့ဟူ၍ ၈နှစ်ခန့် လုပ်လာသူ မန်နေဂျာက ၀တ္တရားကြေစွာပြောလိုက်သဖြင့် ကတိုက်ကရိုက် အမိန့်ချ၍ အမြတ်တော် ခွန်တောင်း ကြတော့ သည်၊ ၆နှစ်လုံးလုံးအေးနေခဲ့သော အမြတ်တော်ကြေးသည် တချိန်တည်း လုံးထွေးပြီး ၈သိန်းခွဲပေးရန် တောင်းခံလေရာ အလုပ်တိုက်ဘဏ်များမှာလည်း ငွေလက်ကျန်များများ စားစားကြီးမရှိပါ။
အမြတ်တော်ဌာနမှ အထက်ပါ (၆)နှစ်အတွက် အခွန်တော်ငွေ (၈)သိန်းခွဲကို တစုတည်း တောင်းခံ လိုက်ပြီးနောက် ၄၊၅ရက်အရှိတွင် ဗမာ့ခေတ်သတင်းစာတိုက်မှ စက်ပစ္စည်း များ၊ ဘဏ်တိုက်မှ ငွေစာရင်း များနှင့် သတင်းစာတိုက်နှင့် မပတ်သက် သော ကျမအမည် သက်သက်ရှိသော အိမ်မြေများကို တချိန်တည်း ချိပ်ပိတ် ထားလိုက်ခြင်း ခံရပါသည်။ ချိတ်ပိတ် သောပစ္စည်းများတွင် အလှူငွေအဖြစ် သီးသန့် ကျမအမည်နှင်ထားသော ရွှေတိဂုံစေတီတော် ဓါတ်လှေခါးအလှူငွေ၊ မဟာဗေါဓိတန်ဆောင်းကို နှစ်စဉ် ဆေးသုတ်မွမ်းမံ ပြင်ဆင်ရန် ရွှေတိဂုံစေတီတော် မုခ်၎ဘက်တွင် နေ့စဥရေတော် လဲလှယ်ရန် မဟာဗေါဓိ တန်ဆောင်းညစဉ် ဓါတ်မီးပူဇော်ရန် စသော ရံပုံငွေများကိုပါ ချိတ်ပိတ်တားဆီးခြင်း၊ ရွှေတိဂုံ စေတီတော်ကြီး ၏ ထီးတော်၌ တင်လှူရန် ဘဏ္ဍာတော်ထိန်းအဖွဲ့သို့ လှူဒါန်းထားသော စိန်၊ ကျောက်၊ ပတ္တမြား သိမ်းဆည်းထားရာ လုံခြုံရေးဘဏ်ရှိ ပစ္စည်းသေတ္တာကိုပါ စုပေါင်းပြီး ချိတ်ပိတ်တားဆီးခြင်း ပြုပါ သည်။
အမြတ်တော်ကြေးငွေ (၈)သိန်းကျော်ကို ရက်ချင်းဆက်၍ တောင်းခံခြင်း၊ ပစ္စည်းရှိသမျှ အလှူ ပစ္စည်း များပါ မကျန် အပူတပြင်း ချိတ်ပိတ်ထားလိုက်ခြင်းခံရသောအခါ ကျမပစ္စည်းများမှာ လှူထားပြီးဖြစ်၍ အရေးမကြီး သော်လည်း သတင်းစာလုပ်ငန်းအတွက် ဆက်လက်ထုတ်ဝေရန် ဘဏ်များနှင့် မဆက်သွယ် ရသော် အလုပ်လုပ်၍ မဖြစ်ပါ။ (၆)နှစ်ကျော်က မပေးဆောင်ခဲ့သော ဗမာ့ခေတ်အခွန်တော်မှာ ကျမ တာဝန် မဟုတ်သော်လည်း ယခုလက်ရှိ အုပ်ချုပ်နေရသူ ကျမကသာ ပေးဆပ်ရတော့မည်ဟု ဆိုသည်။ ကျမ လက်ထဲ ရောက်လာသည်မှာလဲ ခြောက်လမျှသာ ရှိသေးသည်။ ဗမာ့ခေတ်တိုက်မှာ ငွေလက်ကျန်မရှိ၊ ပုံနှိပ်စက် ပစ္စည်းများနှင့် အခွံချည်း ကျန်ရစ်ခဲ့သော တပ်ပျက်မှာ ဗိုလ်လုပ်ရသူသာဖြစ်ကြောင်း၊ အမြတ်တော် ဌာနဆိုင်ရာ အကြီးအကဲ များကိုစောစောကပင် အကျိုးအကြောင်း ပြောပြ ထားပြီး သားဖြစ်ပါသည်။
သို့ရာတွင် ကျမနှင့် နောက်ထပ်တွေ့ဆုံသောအခါ ၎င်းကြွေးဟောင်း (၈)သိန်းကို ကျမက ပေးဆပ်ရမည်ဟုဆိုသည်။ ကျမမှာ ငွေသား(၈)သိန်းမရှိပါ။ ရှိအောင်လဲဘယ်အခါကမှ စုမထားခဲ့ပါ ရှိသမျှ လှူသာ လာခဲ့သည်။ ယခုလည်းလက်ကြွင်း လက်ကျန်များ စုပုံရေစက်ချ၍ လှူဒါန်းထားပြီးသားဖြစ်သည်။ လှူထားသော ပစ္စည်း၂-ဌာနကို ချန်လှပ်၍ ကျမပစ္စည်းဆိုလျှင် အိမ်နှင့်ခြံသာ ရှိတော့သည်။ ဒါကိုလဲ လှူဘို့ ဘဲ ရည်ရွယ်ပါသည်။ အမြတ်တော်ကြေး (၈)သိန်းခွဲအတွက် သတင်းစာတိက်မှ ပုံနှိပ်စက်ပစ္စည်း အရပ်ရပ် ကို ရောင်း၍ဖြစ်စေ။ လေလံပစ်၍ ဖြစ်စေ သိမ်းယူကြပါ။ အကယ်၍ ငွေမပြည့်သေးဘူးဆိုပါလျှင် လှူရန် ရည်ရွယ် ထားသော အိမ်နှင့်ခြံကိုပါထည့်၍ လေလံပစ်ယူပါဟု တခါတည်းထိုးအပ်ထားလိုက်ပါသည်။
သည်သော အခါ သတင်းစာတိုက်ကြီး တခုကိုတော့ ပျက်စီးပိတ်ထားလိုက်ရသည်အထိ မဖြစ်စေလိုပါ၊ အလုပ် ဆက်လုပ်ပါ၊ သတင်းစာတိုက်နှင့် ဆက်သွယ်ထားသော ဘဏ်များမှ ငွေရှိသမျှကိုတော့ အမြတ် တော်ခွန် အတွက် သိမ်းယူလိုက်ပြီး ငွေစာရင်းပြန်ဖွင်ခွင့် ပေးပါမည်။ အလုပ်ဆက်လုပ်ပါဟု အခွင့်ပြု၍ သတင်းစာ အလုပ်ကိုတော့ အဆက်မပြတ်ဘဲ လုပ်ရပြန်ပါသည်။ သို့ရာတွင် အိမ်နှင့်ခြံမြေ သတင်း စာတိုက် မှ စက်ပစ္စည်းများကိုတော့ ချိပ်ပိတ်ထားမြဲထားမည်။ သို့ရာတွင် အိမ်နှင့်ခြံမြေ သတင်းစာတိုက်မှ စက်ပစ္စည်း များကိုတော့ ချိပ်ပိတ်ထားမြဲထားမည်။ မလွဲမပြောင်း မရောင်းမချရဟု တားမြစ်ထားသည်။ သည် အတော အတွင်း သတင်းစာတိုက်ဝင်ငွေ မှနေ၍ လစဉ်လစဉ်အမြတ်တော်ကြေးအတွက် တသောင်း ဖြစ်စေ။ နှစ်သောင်းဖြစ်စေ။ ပေးသွင်း သွားနိုင်သလောက် ပေးသွင်းသွားရမည်။ ထုခွဲရောင်းချလိုသော ပစ္စည်း များကိုလည်း အမြတ်တော်ကြေးဌာန၏ ခွင့်ပြုချက်အရ ရောင်းချ၍ ရငွေကို ပေးသွင်းသွားရမည်ဟု ဆိုသည်။
ထို့ကြောင့် သတင်းစာကို ဆက်လကိထုတ်ဝေမြဲ ထုတ်ဝေလာခဲ့ရပြန်ပါသည်။ ကျမသဘောမှာ ပေးစရာ ရှိတဲ့ ကြွေးကို ဖြစ်တဲ့နည်းနဲက ထိုးအပ်ပေးပြီး အေးအေးနေလိုပါသည်။ အစိုးရကိုပေးရသော အခွန်တော် ငွေဆိုသည်မှာ တိုင်းပြည်လူထုအတွက် ပြန်အသုံးချသောကြောင့် စက်ပစ္စည်းတွေ အိမ်မြေတွေ လေလံပစ် ပြီး ကိစ္စငြိမ်းသိမ်းယူစေလိုက်လျှင်လည်း တနည်းအားဖြင့် တိုင်းပြည်ကို လှူပစ်သည်နှင့် မခြားပါ။ သို့ကြောင့် များစွာ ကြေနပ်မိပါသည်။
မဟာဗောဓီတန်ဆောင်းကြီး ရေစက်ချအမျှပေးဝေစာ ဆက်ရန်
.

1 comment:
ရှေ့ အပိုင်းများကို မဖတ်ရသေးလို့ နောက်မှ အေးအေးဆေးဆေး အားလုံး ဖတ်ပါ့မယ်...ခုတော့ ရောက်ကြောင်းလေး ပြောပါရစေ...မရွှေစင်ရေ...
Post a Comment