Thursday, May 6, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၄)

အခန်း (၄)

အယ်နီကိန်းသည် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ နံနက်စာစားပြီးသောအခါ သူနာပြု ဆရာမ တစ်ယောက် က ကလေးငယ်ကို ပွေ့ချီပြီး အခန်းထဲသို့ဝင်လာသည်။ အယ်နီက ကလေးငယ်ကို ဆရာမ ထံမှ လှမ်းယူကာ သူမ၏ ရင်ခွင်တွင် ပွေ့ချီထားလိုက်သည်။

    "ဒါနဲ့ ကလေးကိုပါ တစ်ခါတည်း နို့တိုက်လိုက်ရင် ကောင်းမယ်ထင်တယ်၊ မစ္စကိန်း"ဟု ဆရာမက အကြံပေးသည်။
    အယ်နီ မှာ နို့နှစ်ဖက်စလုံး အဆမတန် တင်းနေသဖြင့် အိပ်ရာပေါ်တွင် ထထိုင်ရန်ပင် အတော်ကလေး ခက်ခဲ နေသည်။ ဆရာမက ဖေးမကာ ထူပေးရသည်။ ပြီးတော့ နို့သီးခေါင်းကို ကလေး၏ ပါးစပ်ဝသို့ တပ်ပေး လိုက်သည်။

အယ်နီ က သားကလေး၏ မျက်နှာကိုငုံ့ကြည့်သ်။ မျက်လုံးပြာကလေးနှင့် ချစ်စရာ သားကလေး။ သူမ သည် ချမ်းသာကြွယ်ဝသော "ကဘော့"မိသားစုမှ မွေးဖွားလာခဲ့ပြီး ချမ်းသာကြွယ်ဝသော "လိုဝယ်" မိသားစု ၀င် ရစ်ချတ်ကိန်းနှင့် လက်ထပ်ခဲ့သဖြင့် "ရွှေပေါ်မြတင်" ဘ၀သို့ ရောက်လာခဲ့သူ ဖြစ်သည်။ ယခုဆိုလျှင် သူမ တွင် သားဦးယောက်ျားကလေးတစ်ယောက် မွေးဖွားခဲ့ပြီ။ မျိုးဆက်အမွေကို ပခုံးပြောင်းဆက်ခံမည့် သားဦး ရတနာကလေး။


အယ်နီသည် သားငယ် ၀ီလျံအား နာရီဝက်ခန့် ချော့မြူယုယ ပြုလုပ်ပြီးနောက် ကလေးငယ်ကို သူနာပြု ဆရာမလက်သို့ ပြန်ပေးလိုက်သည်။ ဆရာမက ကလေးကို သီးသန့်ခန်းသို့ ပြန်ယူသွား သည်။
ထို့နောက် တွင်တော့ အယ်နီသည် အကောင်းဆုံး အ၀တ်အစားများကို စိတ်ကြိုက်ရွေး၍ ၀တ်ဆင်သည်။ သူမ သည် ဘော့စတွန်မြို့တွင် အချောဆုံး၊ အလှဆုံး ဘုရင်မလေးအဖြစ် နာမည်ကြီးသည်။ ရှည်လျား သော ရွှေဝါရောင်ဆံပင် သွယ်ပြောင်းညက်ညောသော၊ ကိုယ်ဟန်မူရာ အချိုးအစား ပြေပြစ်သော ကိုယ်ခန္ဓာ တို့၏ ပိုင်ရှင်ဖြစ်သည်။

သူမ၏ ရုပ်သွင်ကို မှန်ထဲတွင် ကြည့်၍ အကဲခတ်သည်။ မျက်နှာပေါ်တွင် အရေတွန့်များ လုံးဝမမြင်ရ။ သူမ အား မကြာမီကလေးကမှ ကျန်းမာသန်စွမ်းလှသော သားကလေး တစ်ယောက်ကို မွေးဖွားခဲ့သော ကလေး အမေ တစ်ယောက်ဟူ၍ မည်သူမျှ ထင်မှတ်လိမ့်မည် မဟုတ်။ တစ်သားမွေး၍ တစ်သွေးလှနေသော သူမ ကိုယ် သူမ အလွန်ကျေနပ်မိသည်။ အထူးသဖြင့် ကျန်မာသန်စွမ်းသော သားဦးရတနာကို ဖွားမြင်သော ကြောင့် သူမသည် ဘုရားသခင်အား အထူးပင် ကျေးဇူးတင်မိသည်။

နေ့လယ်စာကို ဆာသလောက်မစားဘဲ အဆာပြေမျှသာ စားလိုက်သည်။ ပြီး ညနေပိုင်းတွင် သတင်း လာမေးသည့် ဧည့်သည်များကို ကြိုဆိုရန် အသင့်စောင့်နေသည်။ သို့သော် လူတိုင်းကို လက်ခံ တွေဆုံရန် တော့ လုံးဝစိတ်မကူး။ သူမ၏ အတွင်းရေးမှူး အမျိုးသမီးက စီစဉ်ပေးသည့်အတိုင်း အရေးကြီးပြီး မတွေ့ မဖြစ် ဧည့်သည်မျညးကိုသာ လက်ခံတွေ့ဆုံမည်ဖြစ် သည်။ ပထမရက်များတွင် မိသားစုဝင်ပုဂ္ဂိုလ်များနှင့် အရေးကြီး သော မိတ်သင်္ဂဟများကိုသာ လက်ခံ တွေ့ဆုံမည်။ အခြားပုဂ္ဂိုလ်များအား လုံးဝ လက်ခံ တွေ့ဆုံခြင်း မပြုရန် ဆုံးဖြတ်ထားသည်။

ခမ်းနားကျယ်ဝန်းသော အခန်းကြိးထဲတွင် အယ်နီတစ်ယေက်တည်းသာ နေရသည်။ တစ်ခန်းလုံးလည်း အရောင် မျိုးစုံ ပန်အိုးတွေနှင့် ပြည့်နှက်နေသည်။ ခုတင်ပေါ်တါင် ထိုင်နေသော အယ်နီကိုသာ မမြင်ရလျှင် အခန်း ရှေ့မှ ဖြတ်သွားသူတစ်ယောက်အနေဖြင့်  ဤအခန်းကို ဆေးရုံတစ်ရုံမှ သားသည်မိခင်ခန်းဟု မထင် ပဲ ပန်းမျိုးစုံပြခန်းကလေးတစ်ခုဟု ထင်ကောင်း ထင်ပေလိမ့်မည်။
ဆေးရုံ သို့ ပထမဆုံး လာရောက်သော ဧည့်သည်မှာ အယ်နီ၏ ယောက္ခမဖြစ်သူ မစ္စက်သောမတ် လိုဝယ်ကိန်း ဖြစ်သည်။ လွန်ခဲ့သောနှစ်က သူမ၏ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့သည့် အချိန်မှစ၍ သူမ သည် "လိုဝယ်"မိသားစုတွင် အိမ်ထောင်ဦးစီး ဖြစ်လာခဲ့သည်။

မစ္စက်လိုဝယ်ကိန်းသည် အသက်ငါးဆယ်ခန့်ရှိပြီး ခြေမျက်စိဖုံးလုမတတ် ဂါဝန်ရှည်ကြီးကို ၀တ်ထားသည်။ ကိုယ်ခန္ဓာ ကတော့ ပိန်ပိန်သွယ်သွယ်။ သူမက ၀တာကို မကြိုက်၊ ပိန်တာကိုသာ ကြိုက်သည်။ ၀သော မိန်းမ များသည် စား၍သောက်၍ မြိန်မြိန်ရှက်ရှက် မရှိသလို သားသမီးမွေးလာ လျှင် ထွန်းထွန်းကားကား မရှိတတ် ဟု သူမက ခံယူထားသည်။
သူမသည် "လိုဝယ်"မိသားစုတွင် အသက်အကြီးဆုံး အိမ်ထောင်ဦးစီးဖြစ်၍ မြေးဦးကလေးကို ပထမဆုံး လာရောက် ကြည့်ရှုရမည့်ပုဂ္ဂိုလ်မှာလည်း သူမပင်ဖြစ်သည်ဟု ယူဆသည်။ သူမ၏သားဖြစ်သူ ရစ်ချတ်နှင့် ချွေးမ ဖြစ်သူ အယ်နီတို့အား တွေ့ဆုံ စေ့စပ် လက်ထပ်ပေးခဲ့သူမှာလည်း သူမပင်ဖြစ်သည်။

သို့ပေမဲ့ မစ္စက်ကိန်းသည် 'ချစ်တာသာ ပဓာန'ဆိုသော အယူအဆကို လုံးဝလက်ခံသူ မဟုတ်။ သူမအဖို့ ရာထူး ဂုဏ်သိန် နှင့် ဥစ္စာဓနသည်သာလျှင် လောကမှာ ပဓာနဖြစ်သည်။ အချစ်သည် တာရှည်ခံသော အရာ မဟုတ်ဟု သူမက အလေးအနက် ခံယူသည်။
မစ္စက်ကိန်း က အယ်နီ၏ နဖူးကို ဖွဖွကလေး နမ်းလိုက်သည်။

အယ်နီက နံရံမှ ခလုတ်ကို နှိပ်လိုက်သည်။ သူနာပြုဆရာမသည် ကလေးငယ်ကို ပွေ့ချီကာ ပြန်ဝင် လာသည်။ မစ္စက်ကိန်းက မြေးဦးကလေးအား ရွှန်းရွှန်းစားစား ပွတ်သပ်ကြည့်ရှု ပြီးနောက် ကျေနပ်ပြုံး ပြုံးကာ ကလေးငယ်အား ပြန်ခေါ်သွားရန် ဆရာမအား လက်ဆတ်ပြလိုက် သည်။
    'ကောင်းတယ်.....ကောင်းတယ်၊ ၀မ်းသာစရာပဲ အယ်နီ၊ ညည်းအတွက်တို့အားလုံး ဂုဏ်ယူမဆုံးပါဘူး'
    ယောက္ခမ ဖြစ်သူက ချွေးမဖြစ်သူအား ချီးကျူးစကားဆိုသည်။

ခဏအကြာတွင် အယ်နီ၏ မိခင် မစ္စက်အက်ဒွပ်ကဘော့ ရောက်လာသည်။ သူမသည်လည်း မစ္စက် ကိန်းလို ပင် မုဆိုးမဖြစ်သည်။ မစ္စတာအက်ဒွပ်ကတော့ ကွယ်လွန်ခဲ့သည်မှာ နှစ်နှစ်ခန့်သာ ရှိသေးသည်။ အဘွားကြီး နှစ်ဦး၏ ရုပ်သွင်မှာ တစ်ယောက်နှင့် တစ်ယောက် ထူးမခြားနားသလို ထင်ရသည်။ ထူးခြားချက် ကတော့ မစ္စက်အက်ဒွပ်ကဘော့က မြေးကလေးနှင့် သမီးဖြစ်သူအား စိတ်ချမ်း ချမ်းသာသာ နေထိုင် ရန် တဖွဖွပြောနေသည်။

    ကလေးနှင့် မိခင်တို့အား ကျေနပ်အောင် ယုယပြောဆိုပြီးတော့ ပန်းလက်ဆောင်တွေကို အမြတ်တနိုး ကြည့်ရှု ကြသည်။
    'ဂျက်ကဆင်တို့ လင်မယားက သတိတရ အခုလို ပန်းလက်ဆောင်ပေးတာ ကျေးဇူးတင် စရာပဲသမီး' မစ္စက်အက်ဒွပ် က သမီးဖြစ်သူအား ၀မ်းသာလှိုက်လှဲပြောသည်။
    မစ္စက်ကိန်းက ပန်းစည်းတွေမှ ကတ်ပြားတွေကို ကြည့်ကာ လက်ဆောင်ပေးသူများ၏ နာမည်တွေကို တီးတိုး ရေရွတ်နေသည်။ အဒမ်နှင့် ဇနီး....၊ လာရင့်နှင့် ဇနီး....၊ လော့ဂ်ျနှင့်.....။ ဟစ်ဂင်ဆန်နှင့် ဇနီး.......။

အဘွားကြီးနှစ်ယောက်စလုံးက သူတို့နှင့် ရင်းနှီးသော ပုဂ္ဂိုလ်များ၏ နာမည်တွေကိုသာ ဖတ်ကြည့်သည်။ အခြား နာမည်တွေကို ဆက်မဖတ်တော့။ သူတို့နှစ်ယောက်စလုံးသည် ခေတ်သစ်ကို ကျော်လွန်ခဲ့ပြီး သူများ ဖြစ်၍ နောက်ထပ် ဘာကိုမှလည်း မသိကြချင်တော့။ မိတ်ဆွေ သစ်လည်း မလိုချင်ကြတော့။
သူတို့ အဖို့ အမြဲတမ်းတောင့်တနေခဲ့သော မိသားစုမျိုးဆက် အမွေခံ မြေးဦးကလေးကို အောင်မြင်စွာ ဖွားမြင့်ခဲ့ပြီး ဟူသောအသိဖြင့် အဘွားကြီးနှစ်ဦးသည် ၀မ်းသာ ကြည့်နူးစွာဖြင့် ပြန်လည် ထွက်သွား ကြလေ သည်။

ညနေပိုင်း ကျတော့ ရစ်ချတ်နှင့်အယ်နီတို့၏ ရင်းနှီးသောမိတ်ဆွေများသည် လက်ဆောင်တွေ ကိုယ်စီဖြင့် တစ်သုတ် ပြီး တစ်သုတ် ရောက်လာကြသည်။ တချို့က ရွှေထည်ငွေထည် လက်ဆောင်ပစ္စည်းတွေ ပေးကြ သည်။ အချို့က သားဦးရတနာ ကျန်းမာရွှန်လန်း၍ ထွန်းပေါက်အောင်မြင်သော သားကောင်း တစ်ယောက် ဖြစ်ပါ စေကြောင်း ဆုတောင်းပတ္ထနာ ပြုကြသည်။

အယ်နီ၏ လင်တော်မောင် ရစ်ချတ်ကတော့ အလုပ်ချိန်ပြီးမှ ဆေးရုံသို့ ရောက်လာသည်။ သူသည် နေ့လယ်စာ စားရင်း အရက်သောက်လာခဲ့သည်။ သူ့တစ်သက်တွင် ပထမဆုံးအကြိမ် သောက်ခြင်း ဖြစ်သည်။ အဘိုးကြီး အေမော့စ်ကာဘက်စ်က အတင်းတိုက်သဖြင့် မငြင်းသာ၍ သောက်ခဲ့ရသည်။ "ဆမ္မားဆက်ကလပ်" တွင် လူတွေက သူ့ဘက်သို့ လှည့်ကြည့်နေကြသဖြင့် မသောက်ချင်ဘဲနှင့် သောက်ခဲ့ ရခြင်း ဖြစ်သည်။ သူသည် ဇနီးအယ်နီအား ခါတိုင်းလိုမဟုတ်ဘဲ အတော်ကလေး ပျော့ပျော့ပျောင်းပျောင်း ယုယု ယယ ဆက်ဆံပြောဆိုသည်။

ရစ်ချတ်သည် အနက်ရောင် ကုတ်အင်္ကျီရှည်ကြီးနှင့် အစင်းဖော် ဘောင်းဘီကို ၀တ်ထားသည်။ သူ့အရပ်က ခြောက်ပေ တစ်လက်မ။ အလယ်တည့်တည့်မှ ခွဲထားသော ဆံပင်သည် မီးရောင်အောက်တွင် နက်မှောင် ပြောင်လက်နေသည်။ တည်ငြိမ်းသော ရုပ်သွင်၊ ထွားကျိုင်းသော ကိုယ်ခန္ဓာတို့ကြောင့် အသက်ထက် ရင့်နေ သလို ထင်ရသည်။ သူ့အသက်မှာ ၃၃ နှစ်မျှသာ ရှိသေးသည်။ သို့သော် သူသည် အသက်အရွယ်ကို ပဓာန မထား။ လူတစ်ယောက်အဖို့ စိတ်ဓာတ်အားမာန်သည်သာ အဓိကဟု ခံယူထားသည်။

ကလေးငယ်ကိုချီ၍ သူနာပြုဆရာမ ပြန်ဝင်လာသည်။ ဖခင်ဖြစ်သူက သားဦးလေးကို စေ့စေ့စပ်စပ် စစ်ဆေး ကြည့်ရှုသည်။ ဘဏ်တိုက်တွင် တစ်နေကတာ ကုန်ဆုံးပြီးနောက် လက်ကျန် ရှင်းတမ်းကို စစ်ဆေးကြည့်ရှု သလို သေသေချာချာ စစ်ဆေးကြည့်ရှုသည်။ အာလုံး အဆင်ပြေပြေရှိသည်။ ကလေးငယ်တွင် ခြေနှစ်ချောင်း၊ လက်နျစ်ဖက်၊ လက်ချောင်းဆယ်ချောင်း၊ ခြေချောင်းဆယ်ချောင်း။ အားလုံး အင်္ဂါပြည့်စုံ သည်။ သူက ကျေနက်စွာ ပြုံးလိုက်သည်။ ဆရာမက ကလေးငယ်အား ကလေးခန်းသို့ ပြန်ယူသွားသည်။

'အယ်နီ၊ မနေကညက ကိုယ် စိန်ပေါကျောင်းအုပ်ကြီးဆီ သံကြိုးရိုက်ပြီး အကြောင်းကြား လိုက်ပြီ၊ ၀ီလျံ ကလေးကို ၁၉၁၈ ခု စက်တင်ဘာလကျရင် စိန်ပေါကျောင်းကို ပို့ရမယ်၊ အဲဒီအချိန် ဆိုရင် သူ့အသက် ၁၂ နှစ်သား ရှိပြီ'
    အယ်နီက ဘာမှမပြော။ ရစ်ချက်က သူ့သားကလး၏ နောင်ရေးကိုပင် ကြိုတင်တွက်ကိန်း ချထားပြီး ဖြစ်သည်။
    'ဒါနဲ့ အယ်နီ၊ အားလုံးနေကောင်းသွားပြီ မဟုတ်လား၊ ဒီနေ့ပဲ အိမ်ပြန်ကြစို့လား'
    'ဟင့်အင်း...အို..ဟုတ်ကဲ့၊ ပြန်ရင်လည်း ရပြီထင်တာပဲ'
    အယ်နီက ခင်ပွန်သည် အလိုသို့လိုက်ကာ မိမိဆန္ဒနှင့် ဆန့်ကျင်ပြီး သဘောတူ လိုက်သည်။

    ရစ်ချတ်က ဇနီးသည်၏ ပါးပြင်ကို တယုတယနမ်းသ်ည။
    ထို့နောက်တော့ လူးဝစ်စဘတ်ရိပ်သာရှိ သူတို့၏ အိမ်ကြီးသို့ လှပခမ်းနားသော မြင်းရထားဖြင့် ပြန်လာ ခဲ့ကြသည်။

ဝီလျံလိုဝယ်ကိန်း အား စိန်ပေါဘုရားရှိခိုးကျောင်းတွင် ဆုတောင်းမေတ္တာပို့၍ နာမည်ပေး ကင်ပွန်းတပ် မင်္ဂလာ ကျင်းပသည်။ ကင်ပွန်းတပ်မင်္ဂလာပွဲသို့ ဘောစတွန်မြို့မှ လူကုံထံ အသိုင်းအ၀ိုင်းအားလုံးလိုလို တက်ရောက်ကြသည်။

ဂိုဏ်းအုပ် ဘုန်းတော်ကြီး လောရင့်အကြီးအမှူးပြုသော နာမည်ကျော် ဘဏ်သူဌေး ကြီးများ ဖြစ်ကြသည့် ဂျေ၊ ပီ၊ မော်ဂန်နှင့် အလွန်လွိုက်၊ ပြီးတော့ အယ်နီ၏ အရင်းနှီးဆုံးမိတ်ဆွေ မစ်လီပရက်စတန်တို့က ကလေးငယ်၏ ခေါင်းကိုင်မိဘများအဖြစ် ဆောင်ရွက်ကြသည်။

ဘုန်းတော်ကြီးက ၀ီလျံကလေး၏ ဦးခေါင်းကို မြတ်ရေစင်နှင့် ပက်ဖျန်း၍ ဆုတောင်းမေတ္တာ ပို့သသည်။
ကျန်းမာသန်စွမ်းသော သားဦးရတနာ မွေးဖွားလာသည့်အတွက် အယ်နီက ဘုရားသခင်အား အထူးပင် ကျေးဇူး တင်မိသည်။ ရစ်ချက်ကလည်း ကိန်းမိသားစု မျိုးက်ကြီး အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် အမွေခံ သားဦးရတနာ ကို ဖန်ဆင်းပေးတော်မူသည့် ဘုရားသခင်အား ကျေးဇူးတင်၍ မဆုံးအောင် ခံစား မိသည်။
.........................................
အခန်း (၅) ဆက်ရန်
.

1 comment:

မြတ်မွန် said...

စိတ်ဝင်းစားစရာတော့ ကောင်းတယ် မမရွှေဇင်..
ဆက်လက်စောင့်မျှော်လျှက်..