အခန်း (၅)
'၀လာဒက်' ကလေးသည် တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ သို့သော် ကျန်းမာရး ချူချာလှသဖြင့် မွေးစားမိခင် ဟယ်လင်နာမှာ သူ့အတွက်ပင် အမြဲတမ်း ပူပန်းသောက ဖြစ်နေရသည်။ နို့စို့အရွယ် ကလေးငယ်တိုင်း ဖြစ်တတ်သော ရောဂါမှန်သမျှ အားလုံးဖြစ်သည်။ တခြားကလေးတွေ ဘယ်တုန်းကမှ မဖြစ်ဖူးသော ရောဂါတွေလည်းအားလုံးဖြစ်သည်။ သူဖြစ်သော ရာဂါအားလုံးလည်း တစ်အိမ်သားလုံးသို့ ကူးစက်သည်။
သည်အတွက် ဂျာစီယိုက ဘုရားသခင်ကို အပြစ်မမြင်ဘဲ 'သူ့အိမ်သို့ဂြိုလ်ဆိုးဝင်' သည်ဆိုကာ မိစ္ဆာနတ်ဆိုး ကိုသာ အပြစ်တင်သည်၊ ကျိန်ဆဲသည်။ သို့သော် ဟယ်လင်နာကတော့ ဘယ်သူ့ကိုမှ အပြစ် မတင်၊ ကိုယ့်ထိုက်နှင့် ကိုယ့်ကံဖြစ်ချင်လို့ ဖန်လာတာပဲဟု သဘောပိုက်ကာ ၀လာဒက်ကလေးဘက်မှ အမြဲတမ်း ကာကွယ်သည်။ ကလေးငယ်အား သူမ၏ ရင်မှဖြစ်သော သားအရင်းပမာ ချစ်ခင်ယုယသည်၊ ပြုစုကျွေးမွေးသည်။
သမီးကြီး ဖလော်ရင်တီနာကျပြန်တော့လည်း ၀လာဒက်ကလေးအား သူမ၏ မောင်ကလေးအရင်း ထက်သာမက သူမ၏ သားကလေးအရင်းကဲ့သို့ပင် ချစ်ခင်ကြင်နာသည်။ သူမအနေဖြင့် ယင်းသို့ ချစ်ခင် ကြင်နာခြင်းမှာလည်းသဘာဝကျသည်။ ဘာကြောင့်လဲဆိုတော့ သူမသည် ပိုက်ဆံဆို၍ ခြူတစ်ပြားမှ မရှိသော တောလိုက်မုဆိုး၏ သမီးဖြစ်သည်။ ထို့ကြောင့် သူမအား ဘယ်သူမှ လိုလိုချင်ချင် လက်ဆက်ချင် မည်မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် သူမသည် တစ်ဘ၀လုံး တစ်ကိုယ်တည်းအပျိုကြီးဘ၀ဖြင့် အရိုးထုပ်ရမည်မှာလည်း သေချာသည်။ ထို့ကြောင့် သူမအနေဖြင့် တစ်သက်လုံး ကိုယ်ပိုင်သားသမီးဆိုတာ လုံးဝမျှော်မှန်းနိုင်စရာမရှိတော့။
ထို့ကြောင့်ပင်သူမသည် ၀လာဒက်ကလေးအား မောင်ငယ်အရင်းလိုလည်း ချစ်နေရသည်။ သားငယ် အရင်း ကိုလည်း ချစ်နေရသည်။
ဝလာဒက်ကလေးအား တောထဲမှ ကောက်ရလာခဲ့သူ မောင်အကြီးဆုံး ဖရန့်ခ်က လည်း ကလေး ငယ်ကို အလွန်ချစ်သည်။ သို့သော သူ့ဖခင် ဆူမည်ကြေက်၍ ထင်ထင်ရှားရှားတော့ မချစ်ရဲ။ ကစားစရာ အရုပ်ကလေးတစ်ခုပမာသာ ဆက်ဆံရသည်။ ဖရန့်ခ်က လာမည့် ဇန်န၀ါရီလဆိုလျှင် ကျောင်းထွက်၍ ဖခင်ဖြစ်သူနှင့်အတူ နယ်စားကြီး၏ ခြံတွင် အလုပ်ဝင်တော့မည် ဖြစ်သည်။ ညီငယ်သုံးယောက်ဖြစ်သော စတီဖင်၊ ဂျိုးဇက်နှင့် ဂျန်တိုကကတော့ ၀လာဒက်ကလေးအပေါ် စိတ်ဝင်စားမှု လုံးဝမရှိ။ သူတို့ညီမငယ် ဆိုဖီယာကမူ အသစ်ရောက်လာသော ကလေးငယ်အား ဖက်လိုက်ပွေ့လိုက်၊ နမ်းလိုက်ရှုံ့လိုက် လုပ်နေရ သည်ကို ပျော်မဆုံးဖြစ်နေသည်။
ဝလာဒက်ကလေးသည်ကျန်းမာရေးချူချာလှသော်လည်း ရုပ်ရည်သွင်ပြင်နှင့် အသိဥာဏ်အရာတွင် သူတို့သားသမီးကလေးတွေနှင့် လုံးဝမတူဘဲတစ်မျိုးတစ်ဘာသာ ခြားနားနေသည်ဟူသော အချက် ကိုတော ဂျာစီယိုရော၊ဟယ်လင်နာပါ အသိအမှတ်ပြုကြသည်။
သူတို့သားသမီးကလေးတွေက အရပ်ရှည်ပြီး အရိုးအခြင်ကြီးကြသည်။ ဆံပင်က ရွှေဝါရောင်ရှိပြီး မျက်လုံးတွေက နီညိုရောင်တွေ။ ၀လာဒက်ကလေးကတော့ အရပ်လည်းပုသည်။ ဆံပင်ကလည်း နက်သည်။ မျက်လုံးတွေကလည်းအပြာရောင်။
ကော်စကေ၀စ်သားသမီးတွေကပညာရေးတွင်လည်းထူးချွန်မှုမရှိကြ။အချိန်တန်အရွယ်ရောက်လျှင် ကျောင်းထွက်လိုက်ကြသည်ချည်ဖြစ်သည်။ဝလာဒတ်ကလေးတော့ တမူထူးခြားသည်။ သူကလမ်းလျှောက် တော့ နောက်ကျသည်။ တစ်နှစ်ခွဲသားတွင် စကားပြောသည်။ သုံးနှစ်သားတွင် စာဖတ်တတ်သည်။ သို့သော် အ၀တ်အစားကိုတော့ ကိုယ်တိုင်မ၀တ်တတ်သေး။ ငါးနှစ်သားရောက်တော့ စာရေး စာဖတ် တတ်ပြီ။ သို့သော် အိပ်ရာထဲသေးပေါက်သည့် အကျင့်ကိုတော့ မဖျောက်နိုင်သေး။
သူသည် ဂျာစီယိုအဖို့ 'ဂြိုလ်ကောင်' ကလေး ဖြစ်နေသော်လည်း ဟယ်လင်နာ အတွက်တော့ 'ဂုဏ်ယူစရာ' ကလေးဖြစ်နေသည်။
ဝလာဒက်ကလေးသည် အစ်မကြီးဖြစ်သူ ဖလော်ရင်တီနာ ကျောင်းသွားနေချိန်တွင် ပွဲထဲက လူရွှင်တော် အ၀တ်လို ကြောင်ကြောင်ကျားကျား အကျင်္ီပွပွကြီးဝတ်ပြီး တဲအိမ်ကလေးထဲတွင် ဒိုးဒိုး ဒေါက်ဒေါက် လမ်းလျှောက် ကစားသည်။ သို့မဟုတ်လျှင် အိမ်ခြံထဲတွင် တစ်ယောက်တည်း ကစားသည်။ သို့ မဟုတ်လျှင် မိခင်နောက်တကောက်ကောက်လျှောက်လိုက်နေတတ်သည်။ ဖလော်ရင်တီနာ ကျောင်းမှ ပြန်ရောက်လာလျှင်တော့ အိပ်ရာဝင်ချိန်အထိ အစ်မကြီးအနားမှာ တစ်ချိန်လုံး မခွာတော့။
အိမ်သား ကိုးယောက်စာအတွက် ထမင်းဟင်းခွဲဝေပေးရသော ဖလော်ရင်တီနာသည် သူမ၏ ဝေစု တစ်ဝက်ကို ၀လာဒက်ကလေးအား အမြဲတမ်း ခွဲပေးသည်။ ကလေးနေထိုင်မကောင်းသောနေ့များတွင် သူမက လုံးဝမစားတော့ဘဲ ဝေစုအားလုံး ကိုပင်ပေးတတ်သည်။
ဝလာဒက်ကလေးသည် ဖလော်ရင်တီနာချုပ် အ၀တ်ကိုပင် ၀တ်သည်။ ဖလော်ရင်တီနာ ပြောသော ပုံပြင်ကို နားထောင်သည်။ ဖလော်ရင်တီနာ သင်ပေးသောသီချင်းကဗျာများကို သီဆိုသည်။ ဖလော်ရင် တီနာ ကျောင်းမှပြန်ရောက်လာလျှင်တော့ အိပ်ရာဝင်ချိန်အထိ အစ်မကြီးအနားမှာ တစ်ချိန်လုံး မခွာတော့။
အိမ်သား ကိုးယောက်စာအတွက် ထမင်းဟင်း ခွဲဝေပေးရသော ဖလော်ရင်တီနာသည် သူမ၏ ဝေစု တစ်ဝက် ကို ၀လာဒက်ကလေးအား အ မြဲတမ်း ခွဲပေးရ သည်။ ကလေးနေထိုင်မကောင်းသောနေ့များ တွင်ကာ သူမက လုံးဝမစားတော့ဘဲ ဝေစုအားလုံးကိုပင်ပေးတတ်သည်။
ဝလာဒက်ကလေး သည် ဖလော်ရင်တီနာချုပ်သော အ၀တ်ကိုပင် ၀တ်သည်။ ဖလော်ရင်တီနာ ပြောသော ပုံပြင်ကို နားထောင်သည်။ ဖလော်ရင်တီနာသင်ပေးသော သီချင်းကဗျာများကို သီဆိုသည်။ ဖလော်ရင်တီနာ ပေးသော ကစားစရာများနှင့် ကစားသည်။
ဖလော်ရင်တီနာ ကျောင်းတတ်နေချိန်များတွင်လည်း ဖလော်ရင်တီနာပြန်လာ ချိန်ကိုသာ လည်တ ဆန့်ဆန့်နှင့် စောင့်မျှော်နေတတ်သည်။ သူ ကျောင်းတက်ခွင့် ရသောအခါတွင်တော့ ဖလော်ရင်တီနာ၏ လက်ကိုဆွဲပြီး ကိုးမိုင်ခရီးကို ခြေကျင်လျှောက်ကာ တပျော်တစ်ပါး ကျောင်းတတ်သည်။
သူသည် ကျောင်းတက်ရသည်ကို အလွန်သဘောကျသည်။ စာသင်ကျောင်းသည် သူ့အတွက် ပျော်ရွှင် စရာကောင်းသော သီးခြားကမ္ဘာသစ်လိုဖြစ်နေသည်။ ကျဉ်းမြောင်းကျပ်တည်းသော တဲအိမ် ကလေး ထဲမှ ကျယ်ဝန်း သာယာသော အပြင်လောကသို့ ထွက်ခွင့်ရ၍ ပျော်မဆုံးဖြစ်မိသည်။
သို့သော် ကျောင်းတွင်လည်း စိတ်မချမ်းသာစရာတစ်ခုတော့ တွေ့ရပြန်သည်။ ထိုအချိန်က ပိုလန် နိုင်ငံအရှေ့ပိုင်းကို ရုရှတွေသိမ်းပိုက်ထားချိန်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားဘာသာစကားဖြစ်သော ပိုလန်စကားကို အိမ်မှသာ ပြောရပြီးကျောင်းရောက်တော့ ရုရှစကားကိုသာ ပြောကြရသည်။ သို့ပေမဲ့ ကျောင်းသားကလေးတွေက မိမိတို့၏ အဖိနှိပ်ခံ ဘာသာစကားကို အခွင့်ရတိုင်း ခိုးကြောင်ခိုးဝှက်ပြော ကြသည်။ ၀လာဒက်ကလေးကလည်း သူတို့လိုပင် ဂုဏ်ယူမိသည်။
သူအဖို့ ၀မ်းသာမဆုံးဖြစ်ရသည့် အချက်ကတော့ ကျောင်းဆရာ မစ္စတာ ကောတော်စကီးက သူ့အပေါ်တွင်(မွေးစားဖခင်ဂျာစီယို အထင်သေးသလို) အထင်မသေးခြင်းပင်ဖြစ်သည်။ သူက အိမ်မှာ လည်း အသက်အငယ်ဆုံး၊ ကျောင်းမှာလည်း အသက်အငယ်ဆုံး။ သို့ပေမဲ့ မကြာခင်မှာပင် သူသည် (တခြား ကျောင်းသားကလေးတွေလို အရပ်မရှည်တာကလွဲပြီး) ဘာသာရပ်တိုင်းတွင် ထိပ်ဆုံး ရောက်လာ သည်။ လူပုံက ပုပုသေးသေးကလေးဆိုတော့ အစပထမတွင် တခြားကျောင်းသားကလေးတွေက သူ့ကို အထင် သေးကြသည်။ လူပုံကို အထင်မကြီးသလို အရည်အချင်းကိုလည်း အထင်မကြီးချင်ကြ။ ကလေး တွေဆို တာက အကြီးဆုံးမှ အကောင်းဆုံးလို့ ထင်တတ်ကြည်သည်မဟုတ်လား။
ငါးနှစ်သားအရွယ်ရောက်တော့ ၀လာဒက်ကလေးသည် အားစိုက်ခွန်စိုက် လုပ်ရသော သံထည် လုပ်ငန်းမှတစ်ပါး တခြားဘာသာရပ်အားလုံးတွင် အဆင့်(၁)ချည်း ချိတ်နေတော့သည်။
ညနေပိုင်းကျောင်းပြန်ရောက်ချိန်တွင် တခြားကလေးတွေက အိမ်တွင်ပန်းခြံ ရေလောင်းသူက ရေလောင်း၊ ဘာရီသီးခူးသူခူး၊ ယုန်လိုက်သူလိုက်၊ အင်္ကျီချုပ်တမ်း ကစားသူကစား လုပ်နေချိန်တွင် ၀လာဒက် ကလေးကတော့ တဲအိမ်ထဲတွင် တစ်ယောက်တည်း ငြိမ်ငြိမ်ကလေးထိုင်ပြီး စာအုပ်တွေ တစ်အုပ် ပြီး တစ်အုပ် ဖတ်နေတတ်သည်။ သူ့စာအုပ်တွေ ကုန်သွားတော့ တခြားအစ်ကိုအစ်မများ၏ စာအုပ်များကို ယူဖတ် သည်။
ကလေးငယ်၏ ထူးခြားချက်ကို မြင်ရတော့ မွေးစားမိခင် ဟယ်လင်နာသည် ရင်ထဲက ကျိတ်ပြီး ၀မ်းသာမဆုံးဖြစ်မိသည်။ သူတို့မိသားစုဝမ်းရေးအတွက် တန်ဖိုးရှိလှသော ယုန်ခြောက်ကောင်အစား သည်ကလေး တစ်ယောက်ရောက်လာသည်ကိုလည်း ဆုံးရှုံးမှုဟူ၍ လုံးဝမထင်၊ အမြတ်ပင်ထွက်သေးသည် ဟုသာ ထင်သည်။
ဝလာဒက်လေးသည် မိခင်ဖြစ်သူအား သူ့စိတ်ထင်ရာ တောင်စဉ်ရေမရ မေးခွန်းတွေ တရစပ် မေးလာသည်။ သို့သော် မိခင်ဖြစ်သူက မဖြေနိုင်၊မဖြေတတ်။ သည်ကလေးသည် သူမ၏ ရင်သွေးအရင်း တွေထက် ထူးခြားသောကလေးဖြစ်သည်ဆိုတာလောက်ကိုသာ သူမကခန့်မှန်းမိသည်။ သို့သော် လူသား တစ်ယောက်၏ ကံတရားသည် ဆန်းကြယ်စွာ ဖန်လာတတ်သည်ဟူသော အချက်ကိုတော့ သူမအကြွင်းမဲ့ ယုံကြည်သည်။ ထို့ကြောင့်လည်း သူမအနေဖြင့် ဘယ်လိုမှမတတ်နိုင်သော ဖြစ်ရပ်ကြီး ပေါ်ပေါက်လာ သောအခါ သူမသည် လုံးဝအံ့သြခြင်း မဖြစ်မိတော့။
*
၁၉၉၁ ခုနှစ် ဆောင်းဦးပေါက်ရာသီ။ တစ်ခုသောနေ့၏ ညနေခင်းအချိန်ဖြစ်သည်။
ဝလာဒက် ကလေး၏ ဘ၀တွင် ကြီးစွာသော အပြောင်းအလဲကြီးတစ်ခုသည် ထိုအချိန်တွင် စတင် ပေါ်ပေါက်လာခဲ့သည်။
ထိုနေ့ညနေက မိသားစုအားလုံး ညစာထမင်းစားပြီးတော့ ဂျာစီယိုကော်စကေ၀စ်သည် မီးဖိုဘေးရှိ ကုလားထိုင် တွင် တခေါခေါ ဟောက်ရင်းအိပ်ပျော်နေသည်။ ဟင်လယ်နာကတော့ အ၀တ်ချုပ်နေသည်။ တခြား ကလေးတွေက ၀ိုင်းဖွဲ့ ကစားနေကြပြီး ၀လာဒက်ကလေးက သူ့မိခင်အနားတွင်ထိုင်ကာ စာဖတ် နေသည်။ စတီဗင်နှင့် ဂျိုးဇက်တို့က တစ်ယောက်နှင့်တစ်ယောက် ထင်းရှူးသီးကလေးတွေကို လုရင်း ဆူညံ ရန်ဖြစ်နေကြသည်။
ထိုအချိန်တွင် အိမ်ရှေ့မှ တံခါးခေါက်သံ ခပ်ပြင်းပြင်း ထွက်ပေါ်လာသည်။
တစ်အိမ်လုံးငြိမ်သက်သွားသည်။
သူတို့အိမ်သို့ လူစိမ်းတစ်ယောက်ယောက်လာဖို့ဆိုသည်မှာ အလွန်ကြုံတောင့် ကြုံခဲကိစ္စ ဖြစ် သည်။ သူတို့ တဲအိမ် ကလေးသည် ဆလိုနင်မြို့ကလေးမှ ကိုးမိုင်းဝေးပြီး နယ်စားကြီးအိမ်နှင့် ခြောက်မိုင် ဝေးသည်။ ထို့ကြောင့် ဧည့်သည်ဆို၍ တစ်နှစ်နေလို့ တစ်ယောက် ရောက်ခဲလှဘိသည်။
တစ်အိမ်သားလုံးသည် တံခါးဆီသို့ စိုးရိမ်မျက်နှာဖြင့် လှမ်းကြည့်နေသည်။ မကြုံစဖူးသော ကိစ္စ ဖြစ်၍ နောက်ထပ် တံခါးခေါက်သံများ ပေါ်လာလေဦးမည်လားဟူသော အတွေးဖြင့် နားစွင့်နေမိကြသည်။
နောက်ထပ် တံခါးခေါက်သံကြားရပြန်သည်။ ပထမအကြိမ်ထက်ပို၍ ကျယ်သည်။
ဂျာစီယိုသည် အိပ်မှုန်စုံမွှားဖြင့် ကုလားထိုင်မှထကာ တံခါးဆီသို့လျှောက်သွားပြီး တံခါးရွက်ကို သတိကြီးစွာဖြင့်ဖွင့်ပေးလိုက်သည်။
တံခါးဝတွင် ပေါ်လာသော ပုဂ္ဂိုလ်ကိုမြင်ရသောအခါ ၀လာဒက်ကလေးမှ တစ်ပါး တစ်အိမ်သားလုံး ပင်ဦးညွှတ် ၍အရိုအသေပြုလိုက်ကြသည်။ဝလာဒက်ကလူစမ်းမျက်နှာကို ရဲရဲတင်းတင်း စိုက်ကြည့် နေသည်။
ရင်အုပ်ကျယ်ကျယ်၊ ကိုယ်လုံးကိုယ်ထည် ထောင်ထောင်မောင်းမောင်းနှင့် ထူထဲသော ၀က်ဝံရေ ကုတ်အင်္ကျီကြီးကို ၀တ်ထားသော လူစိမ်းသည် ခန့်ညားတည်ငြိမ်စွာဖြင့် တံခါးဝတွင် ရပ်လျက်ရှိသည်။ ထိုပုဂ္ဂိုလ် ကား အခြားသူမဟုတ်။ ဂျာစီယို၏ အလုပ်ရှင်နယ်စားကြီး ရို့စနော့စကီး ဖြစ်လေသည်။ နယ်စား ကြီးအား အိမ်ထဲသို့ ၀င်ပါရန် လေးစားစွာ ဖိတ်ခေါ်လိုက်လေသည်။
တစ်အိမ်သားလုံ တစ်ယောက်မျှ စကားမပြောရဲဘဲ အညှို့ခံထားရသလို ပိတ်ပိတ်သား တိတ်ဆိတ် ငြိမ်သက် နေကြသည်။ နယ်စားကြီးသည် ယခင်အခါများက သူတို့အိမ်သို့ တစ်ခါတစ်ခေါက်မျှ မလာ ရောက်ခဲ့ စဖူး။ ထို့ကြောင့်ပင် အားလုံးက ကိုယ့်အတွေးနှင့်ကိုယ် လန့်ကြောက်နေကြလေသည်။
ဝလာဒက်ကလေးသည် လက်ထဲမှ စာအုပ်ကို ဘေးသို့ ပစ်ချပြီး ထိုင်ရာမှထကာ နယ်စားကြီး ရှေ့သို့လျှောက်လာသည်။ ပြီးတော့ ဖခင်ဖြစ်သူက ဟန့်ထားရန် အချိန်မရလိုက်မီမှာပင် သူကနယ်စားကြီး သို့ သူ့လက်ကို ကမ်းပေးလိုက်သည်။
'မင်္ဂလာညနေခင်းပါ ခင်ဗျာ'
နယ်စားကြီးက ကလေးငယ်၏ လက်ကို လှမ်းဆုပ်၍ နှုတ်ဆက်သည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေကြသည်။ နယ်စားကြီးက လက်ကို ပြန်ဖြုတ်ချိန်တွင် နယ်စားကြီး၏ လက်ကောက်ဝတ်၌ ၀တ်ထားသော ငွေကွင်းကို ၀လာဒက်ကလေးက အမှတ်မထင် မြင်လိုက် မိသည်။ ငွေကွင်းပေါ်တွင် စာတန်းတွေလည်း ရေးထိုးထားသည်။ သို့သော် ဘာစာတွေမှန်း သူမသိ။
'၀လာဒက်ဆိုတော လူကလေးလား'
'ဟုတ်ပါတယ်ခင်ဗျာ' ကလေးက ရဲရဲတင်းတင်းပြန်ပြောလိုက်သည်။ သူ့နာမည်ကို နယ်စားကြီး သိနေသောကြောင့် အံ့သြနေခြင်းလည်း လုံးဝမဖြစ်မိ။
'လူကလေးကိစ္စအတွက် လူကလေးရဲ့အဖေဆီကို ကျုပ်လာခဲ့တာပဲ'
ဝလာဒက်က်လေးသည် နယ်စားကြီးရှေ့တွင် ရပ်ကာ မျက်နှာကို စေ့စေ့ကြည့် နေတုန်းပင် ဖြစ် သည်။
ဂျာစီယိုက တခြားကလေးတွေကို နေရာမှ ထွက်သွားကြရန် လက်ကိုယမ်း၍ အရိပ်အခြည် ပြလိုက် သည်။ ကလေးခြောက်ယောက်တို့သည် ဦးညွှတ်အရိုအသေ ပြုပြီးနောက် မီးဖိုခန်းသို့ အလျှိုလျှိုဝင်သွား ကြသည်။ ၀လာဒက်ကလေးကတော့ နေရာတွင် ရပ်မြဲ ရပ်လျက်။ သူ့အား ထွက်သွားရန် ဘယ်သူကမှ လည်း မပြော။
'ကော်စကေ၀စ်'
နယ်စားကြီးက စကားပြောရန် စလိုက်သည်။ သူသည်တခါးတွင်ရပ်လျက်ပင် ရှိသေးသည်။ ဘယ်သူ ကမှလည်း သူ့အား ထိုင်ပါဟုမပြော။ ဂျာစီယိုက နယ်စားကြီးအား ကုလားထိုင်တွင် ထိုင်ရန် မဖိတ်ခေါ် ရဲသည်မှာ အကြောင်းနှစ်ချက် ရှိသည်။ ပထမအကြောင်းက သူ့အိမ်က တဲစုတ်ကလေးဖြစ်၍ အားနာသော ကြောင့် ဖြစ်သည်။ ဒုတိယအကြောင်းကတော့ နယ်စားကြီးက သူ့အား အကြောင်းတစ်စုံ တစ်ရာ ကြောင့် အပြစ်ပေးရန် လာရောက်ခြင်းဖြစ်သည်ဟု ယူဆပြီး ကြောက်နေသောကြောင့် ဖြစ်သည်။ နယ်စားကြီး က စကားကို ဆက်သည်။
'ငါ မင်းဆီမှာ အကူအညီတစ်ခုတောင်းဖို့လာတာ'
'ဟုတ်ကဲ့အမိန့်ရှိပါ ခင်ဗျာ၊ ကျွန်တော် ကူညီပါ့မယ်ခင်ဗျာ'
ဂျာစီယိုက ပျာပျာသလဲ ပြန်ပြောလိုက်သည်။ သူ့စိတ်ထဲမှာတော့ အတော်ကြီး အံ့သြနေသည်။ သူ့လို ဆင်းရဲ မွဲတေ ဖွတ်ဘိုးအေ တောလိုက်မုဆိုးတစ်ယောက်ထံမှ ရဲတိုက်စံ နယ်စားကြီးက ဘာအကူ အညီများ လိုချင် နေပါလိမ့်ဆိုပြီး တွေးပင် မတွေး ၀ံ့အောင် ခံစားနေရသည်။
နယ်စားကြီးက ဆက်ပြောသည်။
'ကိစ္စက ဒီလိုပါ၊ ငါ့သားကလေး လီယွန်ဟာ အခုဆိုရင် ခြောက်နှစ်သားရှိပြီ၊ သူ့ကို ကျောင်းမ ပို့ဘူး၊ ဆရာနှစ်ယောက်ငှားပြီး ရဲတိုက်မှာပဲ သင်နေတယ်၊ ဆရာ တစ်ယောက်က ပိုလန်သားပဲ၊ နောက် တစ်ယောက် ကတော့ ဂျာမနီက၊ ကလေးဟာ စာတော်တယ်လို့ ဆရာတွေက ပြောတယ်၊ ဒါပေမဲ့ သူ့မှာ အပြိုင် မရှိဘဲ တစ်ယောက်တည်း သင်နေရလို့ တော်သင့်သလောက် မတော်သေးဘူးလို့ ဆိုတယ်၊ ဆလိုနင် ကျောင်း က ကျောင်းဆရာ မစ္စတာကော်တော်စကီးက ပြောတာက လီယွန်အနေနဲ့ အလွန်လို အပ်နေ တဲ့ ပြိုင်ဘက်ကျောင်းသားဟာ မင်းရဲ့ ကလေးတစ်ယောက်ကလွဲပြီး တခြားလူမရှိတော့ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်းရဲ့သားကလေးကို ကျောင်းက ထုတ်ပြီး ရဲတိုက်မှာ ငါ့သားနဲ့အတူ လာပြီး သင်ပေးရင် ဖြစ်နိုင်မလား'
ဝလာဒက်ကလေးသည် နယ်စားကြီးရှေ့တွင် ရပ်မြဲရပ်ကာ မျက်နှာကို စိုက်ကြည့်နေတုန်းပင် ဖြစ်သည်။ သူ့စိတ်ထဲ တွင်တော့ သူ့ဆရာ မစ္စတာကော်တော်စကီး ထက်ပို၍ တော်သော ဆရာများ၊ ရဲတိုက် ကြီးထဲ က စာအုပ်များနှင့် စားကောင်းသောက်ဖွယ်များကို မြင်ယောင်နေသည်။ သူက မိခင်မျက်နှာ ကိုပင် စိုက်ကြည့် နေသည်။ သူမ၏ မျက်နှာပေါ်တွင်တော့ အံ့သြခြင်းနှင့် ၀မ်းနည်းခြင်း အရိပ်အရောင်တွေ ရောယှက် ပေါ်လွင်နေကြသည်။ ဖခင်ဖြစ်သူကလည်း သူ့လိုပင် မိခင်မျက်နှာကို လှည့်ကြည့် လိုက်ပြန်သည်။ တစ်အိမ်လုံးသည် အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်လျက် ရှိသည်။ ၀လာဒက် ကလေးအဖို့ ထိုတစ်ခဏသည် တစ်ဘ၀လောက် ကြာလိမ့်မည် ထင်နေမိလေသည်။
'အခုလို ကြားရတာ ကျွန်တော်တို့ကို ချီးမြှောက်တာနဲ့ အတူတူပါပဲ နယ်စားကြီး'
ဂျာစီယိုက နယ်စားကြီး၏ ခြေထောက်ကို ဖက်ကိုင်တော့ မတတ် အရိုအသေ ပေးရင် ပျာပျာသလဲ ပြန်ပြော သည်။
နယ်စားကြီးက ဟယ်လင်နာဘက်သို့ လှည့်ကြည့်သည်။ သူ့အမူအရာက 'နင်က ဘယ်လို သဘောရသလဲ' ဟူသောအမူအရာမျိုးဟယ်လင်နာလည်း သူ့အမူအရာကို ချက်ချင်း သဘော ပေါက်စွာ ဖြင့်-
'ကျွန်မ သားကလေးရဲ့ ကောင်းစားရေးအတွက် ကျွန်မအနေနဲ့ ပိတ်ပင်တားဆီးခဲ့ရင် မယ်တော် မာရီ သဘောတူ မှာ မဟုတ်ပါဘူး နယ်စားကြီး၊ ဒါပေမဲ့ ဒီကလေးကို ကျွန်မ ဘယ်လောက်ချစ်တယ် ဆိုတာ ကိုလည်း မယ်တော်မာရီသာ သိတော်မူပါတယ် နယ်စားကြီး'
'ဒါလည်း ဟုတ်တော့ ဟုတ်ပေတာပဲ၊ သို့ပေမဲ့ ကလေးက ရဲတိုက်မှာ အမြဲတမ်း နေနေဖို့ မလို ပါဘူး၊ စာမသင် တဲ့ ရက်တွေမှာ မဟုတ် အိမ်ပြန်နေရင်လည်း ဖြစ်ပါတယ်'
'ဟုတ်ပါတယ် နယ်စားကြီး၊ အဲဒီလိုဆိုရင် ပိုပြီးကောင်ပါတယ်'
သူမက တစ်စုံတစ်ရာကို တောင်းပန်ရန် စိတ်ကူးလိုက်သေးသည်။ သို့သော် ချက်ချင်းပင် စိတ်ပြောင်း သွားပြီး သူမဆန္ဒကို နှိမ်ထားလိုက်သည်။
နယ်စားကြီက ကျေနပ်စွာ ပြုံးလိုက်ပြီး-
'ကောင်းပြီ၊ ဒီလိုဆို ကိစ္စ ပြတ်ပြီးပေါ့ ဟုတ်လား၊ ဒီတော့ မနက်ဖြန်မနက် ခုနှစ်နာရီမှာ ကလေးကို ရဲတိုက်ကို ဆက်ဆက်ခေါ်လာခဲ့ပါ၊ ကလေးက ကျောင်းဖွင့် ချိန်အတွင်းမှာ ငါတို့နဲ့ပဲအတူနေရလိမ့်မယ်၊ ခရစ္စမတ် ကျောင်းပိတ်ရက် ကျတော့ အိမ်ကိုပြန်နိုင်ပါတယ်'
ဤတွင် ၀လာဒက်က်လေးသည် ဆိုင်းမဆိုင့် ဗုံမဆင့်ဘဲ မျက်ရည်တွေ သွန်ချပြီ ငိုပါလေ တော့သည်။
'ဟေ့ကောင်လေး ဘာလို့ ငိုရတာတုန်း၊ တိတ်စမ်း'
ဂျာစီယိုက လှမ်းငေါက်လိုက်သည်။
'သားသား မသွားချင်ဘူး'
တကယ်တော့ သူက တကယ်သွားချင်လျက်သားနှင့် ပရိယာယ်ဆင်၍ ညာပြောလိုက်ခြင်းသာ ဖြစ်သည်။
'ဟေ့ကောင်လေး.. မင်းပါစပ်ပိတ်ထားစမ်း'
ဂျာစီယို က မာန်လိုက်ပြန်လိုက်သည်။
'လူကလေးက ဘာဖြစ်လို့ မသွားချင်တာလဲ'
နယ်စားကြီး က အသံအေးအေးဖြင့် ချိုချိုသာသာ မေးသည်။
'သားသား မမကြီးမပါရင် ဘယ်တော့မှ မသွားဘူး'
'မမကြီး.. ဟုတ်လား၊ မမကြီးဆိုတာ ဘယ်သူပါလိမ့်'
'ကျွန် တော့်သမီးကြီးပါ နယ်စားကြီး' ဂျာစီယိုက ၀င်ပြောသည်။ သူ့အတွက် ကိစ္စမရှိပါဘူး နယ်စားကြီး၊ ဒီကောင်လေး ကို မနက်ဖြန် ကျွန်တော် ဖြစ်အောင် ခေါ်လာခဲ့ပါ့မယ်၊ စိတ်ချပါ နယ်စားကြီး'
မည်သူမျှ စကားမပြောဘဲ အတန်ကြာအောင် တိတ်ဆိတ်နေကြပြန်သည်။ နယ်စားကြီးက တစ်စုံ တစ်ရာ ကို စဉ်းစားနေဟန်ဖြင့် မှိုင်ငေးသွားသည်။ ၀လာဒက်ကလေးက မျက်ရည်သွယ်သွယ်ကျကာ ငိုမြဲ ငိုနေသည်။
'သမီးကြီးက အသက်ဘယ်လောက်ရှိပြီလဲ' နယ်စားကြီးက မေးသည်။
'၁၄ နှစ်ရှိပါပြီ နယ်စားကြီး'
'သူက ထမင်းဟင်းချက်တတ်ပြီလား'
နယ်စားကြီးက ဟယ်လင်နာဘက်သို့လှည့်ပြီးမေးလိုက်သည်။ ဟယ်လင်နာ၏ မျက်နှာတွင် မျက်ရည် အစအနပင် မမြင်ရ၍ သူက ကျိတ်ပြီး ၀မ်းသာမိသည်။
'ဟုတ်ပါတယ် နယ်စားကြီး' ဟယ်လင်နာက အားတက်သရော ပြန်ပြောသည်။ 'သမီးက ထမင်းဟင်း လည်း ချက်တတ်ပါပြီ၊ ပြီးတော့ အ၀တ်အစားလည်း ချုပ်တတ် ပါသေးတယ်၊ ပြီးတော့.....'
'ကောင်းတယ်....ကောင်းတယ်..၊ ဒီလိုဆို သူပါ တစ်ပါတည်း လိုက်နေပါစေ၊ မနက်ဖြန် ကျတော့ သာ သူတို့မောင်နှမကို ဆက်ဆက် ခေါ်လာခဲ့ပါတော့'
နယ်စားကြီးက ပြန်ထွက်ရန် ခြေဦးလှည့်လိုက်သည်။ ပြီးတော့ နောက်ပြန် လှည့်ပြီး ၀လာဒက် ကလေး ကို ပြုံးကြည့်သည်။ ကလေးကလည်း ပြန်၍ ပြုံးပြသည်။
နယ်စားကြီးသည် တံခါးကို ဖွင့်ပြီး ပြန်ထွက်သွားသည်။ ၀လာဒက်ကလေးက ပြန်ပိတ်သွားသော တံခါးရွက် ကို ငေးကြည့်ကျန်ရစ်သည်။ မခင်ဖြစ်သူက ကလေးအား တင်းတင်းပွေ့ဖက်ပြီး တိုးတိုးကလေး ညည်းပြော လိုက်လေသည်။
'သြော်၊ မေမေ့အချစ်ဆုံး သားကလေးရယ်၊ မင်းကလေးရဲ့ ကံကြမ္မာဟာ ဘယ်လိုများ ဖန်လာ လိမ့်မလဲကွယ်'
*
မနက်ကျတော့ ဖလော်ရင်တီနာနှင့် ၀လာဒက်တို့ မောင်နှမနှစ်ယောက် ချိုင်းကြားတွင် စက္ကူအိတ် ကလေး တစ်ခုစီ ကိုယ်စီညှပ်ကာ ရဲတိုက်ကြီးသို့ ခရီးထွက်ရန် အဆင်သင့် ဖြစ်နေကြပြီ။ စက္ကူအိတ်တွင် သူတို့၏ ရှိစုမဲ့စု အ၀တ်အစားကလေးတွေကို ထည့်ထားသည်။
မိခင်ကြီးနှင့် တခြားကလေးတွေက တံခါးဝတွင် ရပ်ကြည့်နေကြသည်။ သူတို့၏ မျက်နှာ်တွေက မရွှင်မပျ ညှိုးရော်နွမ်းလျလျနှင့်။
ဖလော်ရင်တီနာက မျက်ရည်စက်လက်နှင့် နောက်ပြန်လှည့်ကာ မိသားစုကို လက်ပြနှုတ်ဆက် သည်။ ၀လာဒက်ကတော့ နောက်ကိုလုံးဝပြန်မကြည့်တော့။
ဖင်ဖြစ်သူက ရှေ့မှ ဦးဆောင်၍ သူတို့မောင်နှမက နောက်မှလိုက်လာကြသည်။ တစ်လမ်းလုံးတွင် ဖလော်ရင်တီနာက ၀လာဒက်၏ လက်တစ်ဖက်ကို ဆွဲကိုင်၍ လျှောက်လာခဲ့သည်။ ယခုအချိန်မှစ၍ သူတို့နှစ်ယောက်၏ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားခဲ့ပြီး။ ယခင်တုန်းကဆိုလျှင် ၀လာဒက်က အစစ အရာရာ ဖလော်ရင်တီနာ အပေါ်တွင်သာ အားထားမှီခိုနေခဲ့ရသည်။ ယခုတော့ ဖလော်ရင်တီနာက ၀လာဒက် အပေါ်တွင် အမှီအခိုပြုနေရပြီ။
ရဲတိုက်ကြီးရှေ့သို့ ရောက်တော့ ဖခင်ဖြစ်သူ ဂျာစီယိုက ၀က်သစ်ချသား တံခါးကြီးကို မ၀ံ့မရဲ ခေါက်လိုက် သည်။ ပွင့်ထိုးပန်းရိုက် အစိမ်းရောင်ဝတ်စုံကြီး ၀တ်ထားသော အိမ်တော်စောင့်က တံခါး လာဖွင့် ပေးသည်။
ကလေးနှစ်ယောက်တို့သည် ရုရှနှင့် ပိုလန်နယ်စပ်ကို စောင့်ကြပ်နေကြသော ပြာလဲ့လဲ့ ယူနီ ဖောင်းဝတ်စစ်သားများကို မြို့ထဲတွင် မြင်ခဲ့ကြစဉ်က သဘောကျလွန်း၍ ငေးမောကြည့်ရှုမိခဲ့ကြသည်။ သို့သော် ယခု သူတို့အား တံခါးလာဖွင့်ပေးသော အိမ်တော် စောင့်၏ ခန့်ညားထည်ဝါသော ပြိုးပြိုး ပြက်ပြက် ၀တ်စုံကြီးကို မြင်ရသောအခါ ပို၍ပင် အံ့သြခြင်းဖြစ်ကြရသည်။
ခန်းမကြီးထဲတွင် အစိမ်းရောင်နှင့်အနီရောင် ကော်ဇောကြီးကို ခန်းလုံးပြည့် ခင်ထားသည်။ ၀လာဒက် ကလေးသည် ကော်ဇောပေါ် ဖြတ်နင်းမသွားရဲအောင် တုံ့ဆိုင်းဆိုင်းနှင့် ဖိနပ်ကိုပင် ချွတ်ရတော့ မလိုလို ကြောင်အမ်းအမ်းဖြစ်နေမိသည်။ သို့သော် သူတို့အား ဦးဆောင်ခေါ်လာသော အိမ်တော်စောင့်က ဘာမှ မပြောသဖြင့် သူက ရင်တထိတ်ထိတ်ဖြင့် ခြေသံမကြားရအောင် ခြေကို ဖော့နင်း၍ လျှောက်လာ ခဲ့သည်။
အိမ်တော်စောင့်သည် သူတို့အား ရဲတိုက်နောက်ခြမ်းမှ အိပ်ခန်းဆောင်များသို့ ခေါ်လာခဲ့သည်။ အိပ်ခန်း တွေက ကျယ်လည်းကျယ်သည်။ လှလည်းလှသည်။ သူတို့နှစ်ယောက်ကို တစ်ခန်းစီ သိပ်မှာလား။ ဟိုတုန်းက ဆိုလျှင် မောင်နှမနှစ်ယောက် တစ်အိပ်ရာတည်း အိပ်လာခြဲ့သည်။ သို့သော် အခန်းတွေက တစ်ခန်း နှင့် တစ်ခန်း ဆက်နေ၍ တော်ပါသေးသည်။
သူတိုကအား နေရာထိုင်ခင်း ချပေးပြီးသောအခါ ဖလော်ရင်တီနာအား မီးဖိုခန်းသို့ ပို့လိုက်သည်။ ၀လာဒက်ကိုတော့ ရဲတိုက်တောင်ဘက်ခြမ်းရှိ ကစားခန်းသို့ ခေါ်လာခဲ့သည်။ အခန်းထဲတွင် နယ်စားကြီး၏ သား လီယွန်ကို တွေ့ရသည်။ လီယွန်က အရပ်သွယ်သွယ်နှင့်လူချော လူလှကလေး။ ၀လာဒက်ကို မြင့်တော့ ခပ်တည်တည်မျက်နှာထား ကိုချက်ချင်း ပြန်ပြင်လိုက်ပြီး လှိုင်လှဲသော အပြုံးနှင့်ကြိုဆိုသည်။
လီယွန်မှာ အထီးကျန် အဖော်မဲ့သော ကလေးတစ်ယောက်ဖြစ်သည်။ အဖော်ဆို၍ လစ်သူနီးယန် အမျိုးသမီး အထိန်းတော် မိန်းမကြီးတစ်ယောက်သာ ရှိသည်။ အထိန်းတော်မိန်းမကြီးက သူ့ကို အလွန်ချစ် သည်။ လီယွန်၏ မိခင်သည် သားပျက်ကျပြီး သေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ သူ့အား အထိန်း တော်ကြီး ကပင် ပြုစုစောင့်ရှောက်လာခဲ့သည်။
လီယွန်သည် တောထဲမှ ရောက်လာသော ပုတစ်တစ် လူငယ်ကလေးအား မြင်လျှင် မြင်ချင်းပင် ခင်မင်စိတ်ပေါ်လာမိသည်။
တကယ်ဆိုတော့လည်း သူတို့နှစ်ယောက်စလုံးတွင် တူညီသော ခံစားချက်များ ရှိကြသည်ချည်း မဟုတ် ပါလား။
*
လီယွန်သည် မိတ်ဆွေသစ် လူငယ်ကလေးအာ တစ်မနက်လုံး ရဲတိုက်ကြီးထဲတွင် အနှံ့လိုက်ပြသည်။ ကြီးကျယ် ခမ်းနားသော အဆောက်အအုံကြီး၊ လှပသော အိမ်ထောင်ပရိဘောဂပစ္စည်းများနှင့် ခန်းလုံးပြည့် ကော်ဇောကြီးများကို မြင်ရသောအခါ ၀လာဒက်ကလေးမှာ အံ့သြမဆုံးဖြစ်ရလေသည်။
ရဲတိုက်ကြီးကို ရှေ့ခေတ် 'ဂေါသစ်' ဗိသုကာ လက်ရာပုံစံ ဆောက်လုပ်ထားကြောင်း လီယွန်က ရှင်းပြသည်။ ၀လာဒက်က နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။
နောက်ဆုံး ရိက္ခာသိုလှောင်ခန်းသို့ ရောက်လာကြသည်။ အခန်းကြီးက အလွန်ကျယ်သည်။ နံရံ ကပ်ဗီရိုများထဲတွင် နှစ်ညောင်း အရက်ပုလင်းမျိုးစုံ တန်းစီနေကြသည်။ ၀လာဒက်က ထမင်းစားခန်းကြီးကို ကြည့်ပြီး အလွန်သဘောကျနေသည်။ ကြမ်းပြင်ကို ကျောက်သလင်းပြားများ ခင်းထားသည်။ အခန်းနံရံ ပတ်ပတ်လည်တွင် ပြောင်ချို၊ ဆတ်ချို၊ တောဝက်ဦခေါင်း၊ ၀က်ဝံဦးခေါင်းတွေ ချိတ်ဆွဲထားသည်။
အခန်းထိပ်တွင် အခက်အလက်ဝေဆာပြီး အလွန်လှပသော ဆတ်ချိုကြီးတစ်ခုကို ချိတ်ဆွဲထား သည်။ ယင်း၏ အောက်နားတွင် နယ်စားကြီး၏ ဘွဲ့ထူးဂုဏ်ထူး တံဆိပ်ပုံကြီးကို တခမ်းတနား ချိတ်ဆွဲ ထားသည်။ ပြောင်လက်တောက်ပနေသော ဘွဲ့တံဆိပ်ကြီး၏ အလယ်တွင် ရို့စနော့စကီးမိသားစု၏ မျိုးရိုး ဆောင်ပုဒ်ကို ရေးထိုးထားသည်။ ဆောင်ပုဒ်စာတန်းမှာ 'ရဲရင့်လျှင် ချမ်းသာ၏'
ရဲတိုက်ကြီးတစ်ခုလုံး ချောင်ကြိုချောင်ကြားမကျန် လိုက်ကြည့်ကြပြီးနောက် နေ့လယ်စာ စားကြ သည်။ ဇွန်းနှင့်ခက်ရင်းကို မကိုင်တတ်၍ ၀လာဒက်မှာ ထမင်းများများ မစားနိုင်။
ထမင်းစားပြီးတော့ ဆရာနှစ်ယောက်နှင့် တွေ့ဆုံနှုတ်ဆက်သည်။ ဆရာတွေက သူ့ကို လီယွန် အား ဆက်ဆံသလိုတော့ မဆက်ဆံကြ။
ညကျတော့ တစ်ခါမျှ မအိပ်ဖူးသော ခုတင်အမြင့်ကြီးနှင့် အိပ်ရသည်။ အကောင်းဆုံးမွေ့ရာ၊ ခြင်ထောင်၊ ခေါင်းအုံး၊ သက္ကလတ်နှင့် သိုးမွေးစောင်ထူကြီးများ။
ဝလာဒက်က အစ်မဖြစ်သူအား ဘယ်လိုစား၍ ဘယ်လိုအိပ်ရကြောင်း ပြန်လည် ပြောပြသောအခါ ဖလော်ရင်တီနာမှ ပါးစပ်ဟောင်းလောင်းနှင့်တအံ့တသြဖြစ်နေလေသည်။ အထူးသဖြင့် ဇွန်းနှင့် ခက်ရင်း နှင့် စားရပုံကို ၀လာဒက်က လက်ဟန်၊ ခြေဟန်နှင့် သရုပ်ပါပါ ပြောပြသောအခါ ပို၍ အံ့သြရသည်။
မနက်ခုနာရီတိတိတွင် စာသင်ချိန်စသည်။ စားသောက်ချိန်မှတစ်ပါး တစ်နေ့လုံး အချိန်ပြည့် သင်ရ သည်။ စာသင်သောအခါ ပထမတွင် လီယွန်က ၀လာဒက်ထက် ပို၍ တော်နေသည်။ သို့သော် ရက်သတ္တ သုံးလေးပတ်လောက် ကြာသောအခါ ကလေးနှစ်ယောက်၏ ပညာရည် ကွာဟချက်မှာ တဖြည်းဖြည်း ကျဉ်း၍ ကျဉ်း၍ လာသည်။ ၀လာဒက်က သင်ခန်းစာများကို ညမအိပ် နေ့မနား ကြိုးစားကျက်မှတ်သော ကြောင့် ဖြစ်သည်။ ရက်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်၏ ရင်းနှီးခင်မင်မှုကလည်းပို၍ ခိုင်မာလာ သည်။တစ်ချိန်တည်းတွင် ပြိုင်ဆိုင်ကြိုးစားမှုလည်း ပို၍ ကြီးမားလာသည်။
ဂျာမန်ဆရာနှင့် ပိုလန်ဆရာများမှာ နယ်စားကြီး၏ သားနှင့် တောလိုက်မုဆိုး၏ သားတို့အား ဂုဏ် ရည်တူ၊ အဆင့်အတန်းတူ ဆက်ဆံရန် အတော်ကလေး ခက်ခဲနေသည်။ သို့သော် နယ်စားကြီးက ကလေး နှစ်ယောက်၏ ပညာရေးတိုးတက်မှု အခြေအနေကို မေးမြန်းသောအခါတွင်တော့ ဆလိုနင်မြို့မှ ကျောင်း ဆရာ မစ္စတာကော်တော်စကီအနေဖြင့် ရွေးချယ်မှု မှန်ကန်ပါသည်ဟု နယ်စားကြီး ကျေနပ်အောင် မပြောချင် ပြောချင်နှင့် အမှန်အတိုင်းပင် ဖွင့်ဟ၀န်ခံကြသည်။ ဆရာနှစ်ယောက် က သူ့အပေါ်တွင် တစ်မျိုး ဆက်ဆံကြသော်လည်း ၀လာဒက်ကတော့ လုံးဝဂရုမစိုက်။ သူ့မိတ်တွေလီယွန်က သူ့အပေါ်တွင် အဆင့် အတန်းတူ သဘောထားဖြင့် ဆက်ဆံနေသည်ကိုပင် ကျေနပ်လှပြီ။
ကလေးနှစ်ယောက်၏ ပညာရေးအခြေအနေကို နယ်စားကြီးက မျက်ခြေမပြတ် စောင့်ကြည့် နေသည်။တစ်နေ့ထက်တစ်နေ့ထူးထူးခြားခြား တိုးတက်မှုများ ရှိလာသည်ကို တွေ့ရသောအခါ သူ့မှာ အတိုင်းမသိ ၀မ်းသာမိသည်။ ၀လာဒက်အားလည်း ပညာရည်ချွန်ုအဖြစ် အ၀တ်အစားအသစ်များနှင့် ကစား စရာများ မကြာခဏ ၀ယ်ပေးသည်။
သည်လိုနှင့် ၀လာဒက်ကလေးသည် နယ်စားကြီးအပေါ်တွင် တစ်နေ့တခြား ချစ်ခင်ကြည်ညှိမှု တိုးပွားလာခဲ့သည်။ ခရစ်စမတ်ပွဲတော် ကာလ ကျောင်းပိတ်သော အခါ တောထဲက အိမ်သို့ ပြန်ချင်စိတ်ပင် မရှိတော့။ နယ်စားကြီးနှင့်လီယွန်တို့အား ခွဲသွားရမည်ကိုတွေးပြီး အကြီးအကျယ် စိတ်မကောင်းဖြစ်ရ လေသည်။
တဲအိမ်ကလေးသို့ပြန်ရောက်ပြီး မိခင်မျက်နှာကို မြင်ရ၍ ၀မ်းသာရသည်က တော့မှန်ပါ၏။ သို့သော် ယင်းဝမ်းသာမှုမှာ တစ်ခဏမျှသာ ဖြစ်သည်။ နယ်စားကြီး၏ ရဲတိုက်တွင် သုံးလတိတိ နေထိုင်ခဲ့ ရသော အတွေ့အကြုံများက သူ့အား မေ့မရအောင် ဆွဲဆောင် ညှို့စားထားခဲ့ပြီး မဟုတ်ပါလား။
ရက်ကြာလာတော့ အိမ်ကလေးထဲတွင် နေရသည်မှာ အသက်ရှူကျပ်လာသလို ထင်လာသည်။ အစားအသောက် ကျပြန်တော့လည်း မ၀ရေစာ။ ရဲတိုက်ကြီးမှာဆိုလျှင် စားချင်ရာရာ ဟင်းမျိုးစုံကို အလျှံအပယ် စားချင်သလောက်ဗိုက်ကားအောင် စားရသည်။ တဲအိမ်မှာလို မလောက်မငနှင့် ဝေပုံကျ စားရတာမျိုး မဟုတ်။
ရက်သတ္တပတ်နှစ်ပတ်လောက်ကြာတော့ ၀လာဒက်သည် နယ်စားကြီးနှင့် လီယွန်တို့ကို ပြင်းပြပြပြ အောက်မေ့လာသည်။ သူသည် ညနေတိုင်း လိုလို တိတ်တိတ်ကလေး လစ်ထွက်ပြီး သုံးမိုင်လောက်ခရီးကို ခြေကျင်လျှောက်ကာ ရဲတိုက်ကြီးအားပတ်ပတ်လည် ၀ိုင်းရံကာဆီးထားသော အုတ်နံရံကြီးကိုသာ အပြင်မှ ထိုင်ပြီး တငေးတမော ကြည့်နေတတ်သည်။ ငေးမောကြည့်ရှု၍ ကျေနပ်တော့မှ တဲအိမ်သို့ပြန်လာသည်။
ဖလော်ရင်တီနာမှာတော့ ရဲတိုက်တွင် အိမ်တော်စေများနှင့်သာ ချက်ရေးပြုတ်ရေး သန့်ရှင်းရေး အလုပ်တွေနှင့် လက်မလည်အောင် ရှုပ်နေ သန့်ရှင်းရေးအလုပ်တွေနှင့် လက်မလည်အောင် ရှုပ်နေ၍ ရဲတိုက်ကြီး ၏ အရသာကို ပြည့်ပြည့်၀၀ မခံစားရ။ ထို့ကြောင့်လည်း တဲအိမ်သို့ ပြန်နေချိန်တွင် သူမ ရဲတိုက် ကြီးကို မှတ်မှတ်ရရ တမ်းတမိခြင်းလည်း မရှိ။ ထို့ပြင် ၀လာဒက်ကလေး၏ အနာဂတ်ဘ၀သည် တဲအိမ် ကလေးထဲတွင် မရှိနိုင်တော့ဆိုသည်ကိုလည်း သူမအနေဖြင့် လုံးဝမစဉ်းစားမိ။
မွေးစားဖခင်ဖြစ်သူ တောလိုက်မုဆိုး ဂျာစီယို၏ ဒုက္ခကလည်း မသေးလှ။ ရဲတိုက်ပြန် ၀လာဒက် ကလေး အား ဘယ်ပုံစံမျိုးနှင့် ဆက်ဆံရမည်ကို မတွေးတတ်အောင် ဖြစ်နေရသည်။ ကလေးက ယခင်ကနှင့် လုံးဝမတူတော့။ ရုပ်ရည်လည်း ယခင်ကထက် သန့်လာသည်။ အ၀တ်အစားတွေကလည်း အကောင်းစား တွေ။ အသက်က ခြောက်နှစ်သာ ရှိသေးသော်လည်း ပြေလာသည့် စကားတွေကို သူကိုယ်တိုင် တစ်ခွန်းမျှ နားမလည်။ နားလည်ချင်စိတ်လည်းမရှိ။
ပြီးတော့ ကလေးက အိမ်ပြန်လာတော့လည်း ဘာအလုပ်မှမလုပ်။ တခြားကလေးတွေက ထင်းခွဲ၊ ရေခပ်၊ ပန်းပင်ရေလောင်း စသည့် တောက်တိုမည်ရ အလုပ်ကလေးတွေ လုပ်ကြသေးသည်။ ၀လာဒက်ကတော့ အားအား ရှိတိုင်း စာအုပ်ကို လက်ကမချ။ ဒီကောင်ကလေး ကြီးလာရင် ဘယ်လိုလူစားများ ဖြစ်လာ လိမ့်မလဲ။ ထင်းတစ်ချောင်းလည်း မခွဲတတ်၊ ယုတ်တစ်ကောင်လည်း မထောင်တတ်၊ ဒီပုံစံမျိုးနှင့် ဘယ်လို လုပ်ပြီး ထမင်းတစ်လုပ် စားရပါ့မလဲ၊ အို ... သူ့ထိုက်နှင့်သူ့ကံ ဖြစ်ချင်သလို ဖြစ်ပါစေ။ ငါနှင့် မဆိုင်ပါဘူး။ ကျောင်းပိတ်ရက် မြန်မြန်ကုန်ဆုံးပြီး ရဲတိုက်ကိုသာ မြန်မြန်ပြန်သွားပါစေတော့။
မွေးစားမိခင်ဖြစ်သူ ဟယ်လင်နာကတော့ ၀လာဒက်ကလေးအတွက် အဘက်ဘက်မှ တွေးပြီး ဂုဏ်ယူမဆုံး ဖြစ်နေသည်။ ၀လာဒက်ကလေးနှင့် တခြားသူမ၏ ကလေးတွေကြားတွင် နားလည်မှုလွဲပြီး အချင်းချင်း မသင့် မတင့်ဖြစ်မည့်အရေးကိုတော့ သူမသည် အစကတည်းကပင် တွေးပူနေမိခဲ့သည်။ ယင်းအဖြစ်မျိုး မရောက်အောင်လည်း သူမ တတ်သလောက် မှတ်သလောက် နည်းမျိုးစုံနှင့် အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့ပေမဲ့ သူမ၏ ကြိုးစားမှုမှာ လုံးဝအရာမရောက်၊ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ၀လာဒက်ကလေးနှင့် တခြားကလေးတွေကို ဘယ်လိုမှ ရင်ကြားစေ့၍ မရတော့ပါတလား။
တစ်ညနေတွင် ကလေးတွေ စစ်တိုက်တမ်းကစားကြသည်။ အုပ်စုနှစ်စုခွဲပြီး တစ်ခုတွင် ဖရန့်ခ်က ဗိုလ်ချုပ် လုပ်သည်။ နောက်တစ်စုတွင် စတီဖင်က ဗိုလ်ချုပ်လုပ်သည်။ သို့သော် ၀လာဒက်ကိုမူ ဘယ်အုပ်စုတွင်မှ မပါရ။
' အစ်ကိုတို့က ကစားတိုင်း ကျွန်တော့်ကို အမြဲတမ်း ဘေးဖယ်ထုတ်ထားကြတာချည်းပဲ၊ အဲဒါဘာဖြစ်လို့လဲ၊ ကျွန်တော်လည်း အစ်ကိုတို့လိုပဲ ကစားချင်တာပဲ' ၀လာဒက်က မကျေနပ်သဖြင့် ငိုပြီး ပြန်ပြောသည်။
' မင်းပါလို့ ဘယ်ဖြစ်မလဲ၊ မင်းကတို့ရဲ့ ညီအရင်းမှမဟုတ်တာ 'စတီဖင်က အမှန်အတိုင်းဖွင့်ပြောသည်။
အတန်ကြာသည်အထိ တစ်ယောက်မှ စကားမပြောဘဲ ငြိမ်နေကြသည်။ ပြီးတော့ ဖရန့်ခ်ကပြောသည်။
' ဖေဖေက မင်းကို လုံးဝမကျေနပ်ဘူး၊ မင်းကို မေမေ တစ်ယောက်တည်းကသာ ကာဆီး ကာဆီး လုပ်နေတာ '
ဝလာဒက်က ဘာမှပြန်ပြော။ မျက်လုံးကလေး ကလယ်ကလယ်နှင့်သာ သူ့အစ်ကိုများ၏ မျက်နှာတွေကို ကြည့်နေမိသည်။
ထို့နောက် သူသည် ကစားဝိုင်းမှ ထွက်လာခဲ့ပြီး ဖလော်ရင်တီနာကို လိုက်ရှာသည်။ သူ့အဖို့ အားကိုးရာဆို၍ မေမှေင့် မမကြီးသာ ရှိသည်မဟုတ်ပါလား။
' မမကြီး ... မမကြီး ... ဖရန့်ခ်က ကျွန်တော်ဟာ သူတို့ရဲ့ ညီအရင်း မဟုတ်ဘူးလို့ ပြောတယ်၊ အဲဒါ ဘာကို ပြောတာလဲဟင် ... ကျွန်တော်ဟာ မမကြီးရဲ့ မောင်အရင်းမဟုတ်ဘူးလားဟင် '
ဖလော်ရင်တီနာမှာ မပြောချင်သော်လည်း ဘယ်လိုမှ ရှောင်လွှဲ၍ မရတော့သဖြင့် အဖြစ်မှန်ကို ဖွင့်ပြောရတော့သည်။ သည်တော့မှ ၀လာဒက်အနေဖြင့် မိမိ၏ ဇာတိဇစ်မြစ်ကို ဖြစ်ကြောင်းကုန်စင် သိရ တော့သည်။ သည်အချက်ကြောင့်ပင် သူ့အား တခြားညီအစ်ကိုတွေက ခွဲခြားခွဲခြား လုပ်နေကြခြင်း အကြောင်းရင်းကိုလည်း အမှန်အတိုင်း သဘောပေါက်မိတော့သည်။
သည်လိုနှင့် အိမ်တွင်းအခြေအနေသည် တစ်မျိုးတစ်မည် ပြောင်းလဲသွားသည်။ အိမ်သားတိုင်းပင် ကိုယ့်ခံ စားချက်နှင့်ကိုယ် သုန်သုန်မှုန်မှုန် ငြိမ်ငြိမ်ဆိတ်ဆိတ် ဖြစ်နေကြသည်။ အထူးသဖြင့် မိခင်ဖြစ်သူ၏ ညှိုးငယ် သောမျက်နှာကို မြင်ရ၍ ၀လာဒက်မှာ ပိုပြီး စိတ်မချမ်းမသာဖြစ်ရသည်။ သို့သော် တစ်ဖက်က တွေးကြည့် ပြန်တော့လည်း သူ့အဖို့ ၀မ်းသာစရာ ဖြစ်နေသည်။ သူသည် အမျိုးညံ့သော တောလိုက်မုဆိုးမိသားစု၏ သွေးရင်းတစ်ယောက်မဟုတ်ဘဲ အမျိုးအမည်မသိသော မျိုးရိုးတစ်ခုမှ ဆင်းသက်လာသူဖြစ်ကြောင်း သိရ၍ ဂုဏ်ယူလိုစိတ်ပင်ဖြစ်ပေါ်မိသည်။ မိမိ၏ဘ၀မှန်ကို အမှန်အတိုင်း သိရပြီး မိမိသဘောအတိုင်း ထင်ရာလုပ် နိုင်ခွင့်ရှိသည်ဟု တွေးပြီး ၀မ်းသာမိသည်။
စိတ်မချမ်းမြေ့ဖွယ်ရာကောင်းသော ကျောင်းပိတ်ရက်များ ကုန်လွန်သွားခဲ့ပြီ။
ဝလာဒက်သည် ၀မ်းသာရွှင်မြူးစွာဖြင့် ရဲတိုက်ကြီးသို့ ပြန်လာခဲ့သည်။ လီယွန်ကလည်း လှိုက်လှဲဝမ်းသာ ကြိုဆိုသည်။ တကယ်တော့ လီယွန်နှင့် ၀လာဒက်တို့က ဘ၀တူတွေဖြစ်သည်။ လီယွန်က အလွန်ချမ်းသာ သောဖခင်နယ်စားကြီး၏ ရဲတိုက်ကြီးထဲတွင် အဖော်မဲ့ပြီး အထီးကျန် ဖြစ်နေသည်။ ၀လာဒက်သည် အလွန် ဆင်းရဲသော သူ့အပေါ်တွင် ကြင်နမှုမရှိသော မွေးစားမိခင် တောလိုက်မုဆိုး၏ ယာတောတဲအိမ်ထဲတွင် အဖော်မ့ကာ အထီးကျန်ဖြစ်နေသည်။
ထိုအချိန်မှစ၍ နှစ်ယောက်သား မခွဲနိုင် မခွာရက်အောင် ချစ်ခင်ရင်းနှီးမှု တိုးပွားလာခဲ့လေသည်။
နွေရာသီ ကျောင်းပိတ်ရက် ရောက်သောအခါ ၀လာဒက်အား တောအိမ်သို့ ပြန်မပို့ရန် လီယွန်က သူ့ဖခင်ကြီးကို တောင်းပန်သည်။ နယ်စားကြီးကလည်း ၀လာဒက်အပေါ်တွင် သားအရင်းတမျှ ချစ်ခင်နေပြီ ဖြစ်၍ ကျေနပ်ဝမ်းသာစွာ သဘောတူသည်။ ၀လာဒက်မှာ ပျော်လိုက်သည့်ဖြစ်ခြင်း။
ဤသို့ဖြင့် ၀လာဒက်ကလေးသည် တောထဲမှ တဲအိမ်သို့ ဘယ်တော့မှ မပြန်ဖြစ်တော့။
*
လီယွန်နှင့် ၀လာဒက်တို့သည် ကျောင်းအားချိန်များတွင် ကစားခြင်းဖြင့် အချိန်ဖြုန်းကြသည်။ သူတို့ အကြိုက်ဆုံး ကစားနည်းကတော့ ပုန်းတမ်း လိုက်တမ်း ကစားခြင်းဖြစ်ပါသည်။
ရဲတိုက်ကြီးက အခန်းပေါင်း ၇၂ ခန်းတောင်ရှိတော့ ပုန်းတမ်းလိုက်တမ်း ကစား၍ အလွန်ကောင်းသည်။ တစ်ယောက်ပုန်းနေလျှင် တစ်ယောက်က တော်တော်နှင့် ရှာမတွေ့နိုင်။ ၀လာဒက် အကြိုက်ဆုံး ပုန်းစရာ နေရာမှာ ရဲတိုက်မြေအောက်ခန်းရှိ အချုပ်ခန်းကလေးများ ဖြစ်သည်။ အခန်းကလေးများမှာ ပိန်းပိတ်အောင် မှောင်မိုက်နေပြီး ရဲတိုက်နံရံတွင် ကပ်ဖောက်ထားသော လေ၀င်ပေါက်ကလေးများမှ မှုန်ဝါးဝါး အလင်းရောင် ကိုသာရသည်။ ပုန်းနေသူကိုရှာလျှင် ဖယောင်းတိုင်ထွန်း၍ ရှာမှသာ တွေ့နိုင်သည်။
သည်အချုပ်ခန်းကလေးများကို ဘယ်လိုရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားကြောင်း ၀လာဒက်က လုံးဝ သဘော မပေါက်၊ အိမ်တော်စေတွေကို မေးကြည့်တော့လည်း တစ်ယောက်မျှ မသိကြ။ သူတို့လက် ထက်မှာ သည်အခန်း တွေကို ဘာအတွက်မှ အသုံးချတာမတွေ့ရဟူ၍သာ ပြောကြသည်။
ပညာရေးတွင် လီယွန်နှင့် ၀လာဒက်တို့သည် သူမသာ ကိုယ်မသာ အဆင့်အတန်းချင်း တူညီကြသည်။ သို့သော် ကစားရာတွင်တော့ ချက်စ်ကစားနည်းမှတစ်ပါး တခြားကစားနည်းမှန်သမျှတွင် လီယွန်က ၀လာဒက်ထက် ပို၍ထူးချွန်သည်။
တဲတိုက်ခြံဝင်းကြီးဘေးတွင် စတာချရာဖြစ်သည် ကပ်၍ စီးဆင်းနေသောကြောင့် သူတို့သည် ' စပရင်း ' ရာသီတွင် ငါးမျှားကြသည်။ နွေရာသီတွင် ရေကူးကြသည်။ ဆောင်းရာသီရောက်တော့ ရေခဲပြင် စကိတ်စီး ကြသည်။ သူတို့နှစ်ယောက် ရေခဲပြင်ပေါ်တွင် စကိတ်စီး၍ ပြေးလွှားနေကြချိန်တွင် ဖလော်ရင်တီနာက ကမ်းစပ်မှ ထိုင်ပြီး ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေတတ်သည်။
လီယွန်က မြန်လည်း မြန်သည်။ သန်လည်းသန်သည်။ ထို့ကြောင့် ပြေးလျှင်လည်း မမော၊ ရေကူးလျှင်လည်း လက်ပန်းမကျ။ ၀လာဒက်ကတော့ ရေခဲပြင်ပေါ် တဗုန်းဗုန်းနှင့် ခဏခဏ လဲကျသည်။ ရေူးပြန်တော့လည်း တစ်ဝက်မရောက်ခင် ဟောဟဲလိုက်နေတတ်သည်။
အားခွန်စိုက်ထုတ်၍ ကစားရာတွင် သူ့အနေဖြင့် လီယွန်အပေါ် ဘယ်တော့မှ မကျောနိုင်ကြောင်း ၀လာဒက်က ကောင်းစွာ သဘောပေါက်မိသည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်သူလည်း ခွန်အားရှိအောင် လေ့ကျင့်ရမည်ဆိုသည်ကိုပါ အလေးအနက်ခံယူမိသည်။
ထို့ကြောင့်ပင် အခန်းတံခါး အလုံပိတ်ပြီး မှန်ရှေ့တွင် ရပ်ကာ တစ်ယောက်တည်း ကျိတ်၍ အားကစားလေ့ကျင့်ခန်း လုပ်သည်။ ယင်းသို့လုပ်ရင်း သူ့ရင်ဘက်ပေါ်တွင် နို့သီးခေါင်းတစ်လုံးမရှိတာ မြင်ရပြန်တော့ စိတ်ဓာတ်တွေ ကျသွားမိပြန်သည်။
တခြားကလေးတွေမှာ နို့သီးခေါင်းနှစ်လုံးရှိလျက်သားနှင့် ငါကျတော့မှ ဘာကြောင့် တစ်လုံးတည်း ဖြစ်နေရ တာပါလိမ့်။
သူသည် အိပ်ရာပေါ်တွင် ပက်လက်လှန်ရင်း အိပ်မပျော်တိုင်း သူ့ရင်ဘက်ကို လက်ဖြင့် မသိမသာ ပွတ်ကြည့်နေတတ်သည်။ ယင်းသို့ ပွတ်ကြည့်တိုင်း အားငယ်စိတ်တွေ ၀င်လာပြီး မျက်ရည်တွေ ထွေထွေ စီးကျလာကာ ခေါင်းအုံးတစ်ခုလုံး ရွှဲရွှဲစိုနေတော့သည်။ နောက်ဆုံးတော့ မနက်မိုးလင်းလျှင် နို့သီးခေါင်း တစ်လုံး ရောက်လာပါစေကြောင်း ဘုရားသခင်ထံတွင် ဆုတောင်းရင်း အိပ်ပျော်သွားသည်။ သို့သော် မနက် မိုးလင်းတော့လည်း သူ့ဆုတောင်းက မပြည့်။
သူသည် ညစဉ်ညတိုင်း အားကစားချိန် တစ်ချိန် သတ်မှတ်ပြီး တစ်ယောက်တည်း အမြဲတမ်း လေ့ကျင့်သည်။ အရပ်ရှည်လာအောင်အတွက် အိပ်ခန်းထဲမှ ယက်မကို လက်နှင့်ဆွဲပြီး ကိုယ်ကို ကွေးလိုက် ဆန့်လိုက်လုပ်သည်။ လက်မောင်းနှင့် ခြေသလုံးကြွက်သားတွေ တက်လာအောင်လည်း နည်းအမျိုးမျိုးဖြင့် လေ့ကျင့်သည်။ လက်တွေ့အားဖြင့် ထူးခြားမှုမရှိလှသော်လည်း သူ့စိတ်ထဲကတော့ ယခင်ကထက် အများကြီး ထူးခြားလာသည်ဟု ယုံကြည်နေသည်။ သို့သော် လီယွန်ကိုတော့ ဘယ်တော့မှ ယှဉ်နိုင်မည် ဟုတ်။ လီယွန်က ဘာလေ့ကျင့်ခန်းမှမလုပ်ဘဲ အိပ်နေရင်းမှပင် အလိုလို အရပ်ရှည်လာပြီး ခန္ဓာကိုယ်လည်း တစ်နေ့တခြား ထွားကျိုင်းလာသလို ထင်ရသည်။ သူ ဘယ်လောက်ပင် ကြိုးစားကြိုးစား လီယွန်ကတော့ သူ့ထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်နေလိမ့်မည်။ ပြီးတော့ မရှိသော နို့သီးခေါင်းတစ်လုံးကလည်း ဒီတစ် သက်ဘယ် နည်းနှင့်မျှ ပေါ်ထွက်လာနိုင်စရာ မရှိတော့။
သို့သော် သူ၏ရုပ်အင်္ဂါ ချွတ်ယွင်းမှုအတွက် ယခင်က လောက်တော့ စိတ်မချမ်းသာစရာမဖြစ်မိတော့။ သူ၏ အချစ်ဆုံးမိတ်ဆွေ လီယွန်ကလည်း သူ၏ အင်္ဂါချွတ်ယွင်းချက်ကို တစ်ကြိမ်တစ်ခါမျှ ဖော်ထုတ်ပြောဆိုခြင်း မရှိ။ လီယွန်သည် သူ့အား အကြွင်းမဲ့ချစ်ခင်သော မိတ်ဆွေကောင်းတစ်ယောက်ပါကလား။
ဘာပဲဖြစ်ဖြစ် သူ့ဘ၀ကိုတော့ သူအတော်ကလေး ကျေနပ်မိသည်။ နယ်စားကြီးကလည်း သူ့အပေါ်၌ သားအရင်းတမျှ ချစ်ခင်နေပြီ။ လီယွန်၏ မိခင်သည် သားယောက်ျားလေး မွေးဖွားရင်း မိခင်ရော ကလေးပါ သေဆုံးသွားကြသည်။ သေဆုံးသော လီယွန်၏ ညီကလေးအတွက် ၀လာဒက် အစားရောက်လာသည်ဟု နယ်စားကြီးက သဘောပိုက်ကာ ၀လာဒက်အား အချစ်ပွားနေခြင်းပင်ဖြစ်သည်။
ညစဉ်ညတိုင်း ကလေးနှစ်ယောက်သည် ဖခင်ကြီးနှင့်အတူ ကျောက်စလင်းနံရံကာ ခန်းမကျယ်ကြီးထဲတွင် ညစာ စားကြသည်။ လှုပ်ရှားနေသော ဖယောင်းတိုင် မီးရောင်အောက်တွင် နံရံပေါ်မှ တိရစ္ဆာန် ဦးခေါင်း တွေကို အလင်းတစ်ဝက်၊ အရိပ်တစ်ဝက်မြင်နေရသည်။ အိမ်တော်စေများက ငွေလင်ဗန်းနှင့် ရွှေပန်းကန် တွေကို သယ်ယူလာကြပြီး စားပွဲကြီးပေါ်တွင် ဟင်းခွက်တွေ တစ်မျိုးပြီးတစ်မျိုးလာချကြသည်။
ညစာစားပြီးတော့ နယ်စားကြီးက ကလေးနှစ်ယောက်အား ပိုလန်လူမျိုးတို့၏ သမိုင်းပုံပြင်တွေကို ပြောပြသည်။ ၀လာဒက်က ' တာဒဲယပ် ကော်ကျူစကို' အကြောင်းကို ပြောပြရန် အမြဲလိုလို တောင်းဆို တတ်သည်။
' သူက တို့ပိုလန်လူမျိုးတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ မျိုးချစ်အာဇာနည် သူရဲကောင်းကြီးပေါ့ကွ ' နယ်စားကြီးက ဂုဏ်ယူဝင့်ကြွားသောအသံဖြင့် ပြောပြသည်။ ' သူဟာ ပြင်သစ်နိုင်ငံမှာ စစ်ရေးလေ့ကျင့်မှု တွေ ပြုလုပ်ပြီးတော့ ပိုလန်နိုင်ငံ လွတ်မြောက်ရေးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်သွားခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်'
ဝလာဒက် က ကြားဖြတ်ပြီး -
' ပြင်သစ်နိုင်ငံဟာ ကျွန်တော်တို့နိုင်ငံကို ကူညီလို့ ပြင်သစ်လူမျိုးတွေကို ကျွန်တော်တို့ မိတ်ဆွေလိုပဲ သဘောထားတယ်၊ ရုရှနဲ့ သြစတြေးလျလူမျိုးတွေကိုတော့ ရန်သူလို့ပဲ သဘောထားတယ်'
' ဒါနဲ့ နေစမ်းပါဦးကွဲ့၊ အခု ပုံပြောနေတာက ဘယ်သူက ဘယ်သူတွေကို ပြောနေတာလဲ ကလေးရဲ့ ' နယ်စားကြီးက ရယ်ပြီး မေးလိုက်သည်။ ပြီးတော့ ဆက်ပြောသည်။ ' ပြီးတော့ သူဟာ အမေရိကန်ပြည်သူ တွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်ဘက်က၀င်ပြီး ကူညီ တိုက်ခိုက်ခဲ့တယ်၊ ၁၇၉၂ ခုနှစ်က ' ဒူဘီရင်ကာ' တိုက်ပွဲမှာ ပိုလန်တပ်မတော်ကို ဦးဆောင်ခဲ့တယ်၊ တို့ရဲ့ အကျင့်ပျက်တဲ့ဘုရင် ' စတန်နစ္စလတ်သြဂတ်စတ်'က အမျိုးသားသစ္စာဖောက်ပြီး ရုရှားတွေနဲ့ ပူးပေါင်း သွားတုန်း ကလည်း ကော်ကျူစကိုဟာ အမိနိုင်ငံကို ပြန်လာပြီး ဇာဘုရင်ရဲ့နယ်ချဲစိုးမိုးမှု ထမ်းပိုးကို ရိုက်ချိုး ခဲ့တယ်၊ သူ ဘယ်တိုက်ပွဲမှာ အောင်ပွဲခံလိုက်သလဲ လီယွန် '
' ရက်ကလာဝိုက်စ်တိုက်ပွဲမှာပါ ဖေဖေ၊ ပြီးတော့ သူက ၀ါဆောမြို့တော်ကို ပြန်ပြီး သိမ်းယူလိုက်တယ် '
' ဟုတ်တယ် .. တော်တော် တော်တဲ့ ကလေးပဲ၊ အဲ .. ဒါပေမဲ့ ရုရှတွေက မာစေ ဂျိုဝိုက်စ် တိုက်ပွဲမှာ အလုံး အရင်းနဲ့ အင်အားဖြည့်ပြီး ပြန်တိုက်တော့ တို့ရဲ့ ခေါင်းဆောင်ကြီးလည်း သုံ့ပန်းအကျဉ်းသားအဖြစ် အဖမ်းခံ လိုက်ရရှာတယ်၊ တို့အဘိုးရဲ့ အဘီလည်း အဲဒီတိုက်ပွဲမှာ ဗိုလ်ချုပ်ကြီး ကော်ကျူစကိုနဲ့အတူ ပါဝင်တိုက်ခိုက် ခဲ့တယ်၊ နောက်တော့ ဗိုလ်ချုပ်ကြီး ဒါဘရောစကီးတပ်မှာ ပါဝင်ပြီး နပိုလီယံဘက်က ကူညီတိုက်ခိုက်ပေးခဲ့ တယ် '
ဝလာဒက်က ကြားဖြတ်၍ ပြောပြန်သည်။
' အဲဒီလို ပိုလန်နိုင်ငံအကျိုးကို ထမ်းရွက်ခဲ့တဲ့အတွက် သူ့ကို ' နယ်စားကြီး ရို့စနော့စကီး ' ဆိုတဲ့ ဘွဲ့ထူးနဲ့ ဂုဏ်ပြုခဲ့တယ်၊ ဒီဘဲ့ထူးဟာဆိုရင် ဖေဖေကြီးတို့ မိသားစုအနေနဲ့ အဲဒီသမိုင်းဝင် နေ့ရက်တွေကို ဘယ်တော့ မှ မမေ့နိုင်တော့တဲ့ ဘွဲ့ထူးပေါ့နော် '
ဝလာဒက်၏ စကားတွင် ယင်းဘွဲ့ထူးသည် တစ်နေ့နေ့တွင် သူ့ထံသို့ မလွှဲမသွေ ရောက်လာမည့် လေသံမျိုး ပါနေသည်။
' ဟုတ်ပါတယ်၊ အဲဒီသမိုင်းဝင်နေ့တွေဟာ တစ်နေ့တော့ ပြန်ရောက်လာလိမ့်ဦးမယ် ' နယ်စားကြီးက တည် ငြိမ်သောအသံဖြင့် ပြောသည်။ ' အဲဒီနေ့တွေ ရောက်လာတဲ့အထိ ငါ အသက်ရှည်ရှည် နေရပါစေလို့ပဲ ဆုတောင်း ရတော့မှာပဲ '
*
ခရစ်စမတ်ပွဲတော်ရက် ရောက်တော့ နယ်စားကြီးခြံတွင် အလုပ်လုပ်သော လယ်သမား မိသားစုတွေ တစ်စု တစ်ဝေးကြီး ရဲတိုက်ကြီးသို့ ရောက်လာကြသည်။ ခရစ်စမတ် အကြို ညတွင် သူတို့အားလုံး ဥပုသ်စောင့် ကြသည်။ ကလေးတွေက ပြူတင်းပေါက်များမှ တက်ပြီး အရုဏ်ဦးတွင် ပထမဆုံး ထွက်ပေါ်လာသောကြယ် ကိုတပျော်တပါး စောင့်မျှော်ကြည့်ရှုကြသည်။ ကြယ်ထွက်လာချိန်သည် ဥပုသ်ထွက်၍ အစားအစာ စတင် စားသောက်ကြရမည့်အချိန်ဖြစ်သည်။
ကြယ်ထွက်ချိန်ရောက်သောအခါ နယ်စားကြီးက အားလုံးအတွက် ဆုတောင်းမေတ္တာပို့သည်။ ထို့နောက် စားဖွယ်သောက်ဖွယ် အမျိုးစုံတို့ကို လက်ရည်တပြင်တည်း တပျော်တပါး စားသောက်ကြသည်။ ဂျာစီယို ကော်စကေ၀စ် သည် နှစ်ပေါင်းများစွာ ထမင်းငတ်နေခဲ့သူတစ်ယောက်ကဲ့သို့ ဟင်းခွက်ပေါင်း ၁၃ မျိုးကို တစ်ခွက် မကျန် အငမ်းမရ စားသောက်သည်ကို မြင်ရသော ၀လာဒက်မှာ အံ့အားကြီးသင့်နေမိသည်။
စားသောက်ပွဲပြီးတော့ ခရစ်စမတ်ပဒေသာပင်မှ လက်ဆောင်ပစ္စည်းမျိုးစုံကို ကလေးများအား ၀လာဒက်က ဝေပေးရသည်။ ဆိုဖီယာအတွက် အရုပ်ကလေးတစ်ခု၊ ဂျိုးဇက်အတွက် အမဲလိုက် ဓားမြှောင်တစ်ချောင်း၊ ဖလော်ရင်တီနာအတွက် အ၀တ်တစ်စုံ။
ဂျိုးဇက်က ၀လာဒက်ပေးသော ဓားမြှောင်လက်ဆောင်ကို ရသောအခါ မကျေမနပ်သံဖြင့် မိခင်ဖြစ်သူအား ပြောသည်။
' တွေ့လား မေမေ၊ ကျွန်တော်တို့ ထင်တဲ့အတိုင်းပဲ၊ သူဟာ ကျွန်တော်တို့ရဲ့ ညီအရစ် မဟုတ်ဘူးဆိုတာ သိရပြီမဟုတ်လား '
မိခင်ဖြစ်သူက လေသံအေးအေးဖြင့် -
' ဟုတ်ပါတယ် သားရယ်၊ ဒါပေမဲ့ မေမေကတော့ သူ့ကို သားအရင်းလိုပဲ ချစ်တာပဲ၊ တစ်သက်လုံးလည်း ချစ် နေမှာပဲ '
*
၁၉၁၄ ခုနှစ်။
ဆောင်းရာသီနှင့် နွေဦးပေါက်ရာသီတွေ ကုန်လွန်ခဲ့ပြီ။ ထိုကာလအတွင်း ၀လာဒက်သည် ကိုယ်ခန္ဓာလည်း ထွားကျိုင်းလာခဲ့သည်။ ပညာလည်း တိုးတက်လာခဲ့သည်။
သည်လိုနှင့် ဇူလိုင်လထဲ ရောက်လာတေ့ ဂျာမန်ဆရာတစ်ယောက် ရဲတိုက်ကြီးမှ ရုတ်တရက် ထွက်ခွာသွား ခဲ့သည်။ ဘယ်သူ့ကိုမျှလည်း နှုတ်ဆက်၍ပင် မသွားခဲ့။ သူ ယခုလို ထွက်ခွာသွားသည်မှာ ဘာကြောင့်လဲ မသိ။
ဆားဗီးယားပြည်နယ် ဆာရာဂျီဘိုမြို့တွင် အိမ်ရှေ့စံမင်းသား ဖရန်စစ်ဖာဒီနန်အား မင်းမဲ့ဝါဒီကျောင်းသား တစ်ယောက် က လုပ်ကြံသတ်ဖြတ်ကြောင်း ပိုလန်ဆရာက ပြောပြ၍ သိခဲ့ကြရသည်။ သို့သော် ဂျာမန် ဆရာ ရုတ်တရက် ထွက်ခွာသွားခြင်းသည် ယင်းလုပ်ကြံမှုနှင့် ဆက်စပ်နေသည်ဟူသော အချက်ကိုကား လီယွန် နှင့် ၀လာဒက်တို့ အနေဖြင့် တွေးပင် မတွေးမိကြ။
နယ်စားကြီး၏ အခြေအနေလည်း ပြောင်းလဲလာသည်။ သူ့မျက်နှာသည် သုန်သုန်မှုန်မှုန်နှင့် ညိုးငယ်သော အသွင်ကို ဆောင်လာသည်။ ဘာကြောင့်ဆိုတာကို ဘယ်သူမှ မသိရ။ တစ်ချိန်တည်းတွင် လီယွန်နှင့် ၀လာဒက်တို့၏ အချစ်တော်များ ဖြစ်ကြသော လူငယ်အိမ်တော်စေများလည်း တစ်ယောက်ပြီး တစ်ယောက် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားကြသည်။ သူတို့ဘာအတွက်ကြောင့် ဘာလိုထွက်သွားကြမှန်း လီယွန် လည်း မသိ၊ ၀လာဒက်လည်းမသိ။
သည်လိုနှင့် တစ်နှစ်ဟောင်း၍ တစ်နှစ်သစ်ခဲ့သည်။
လီယွန်လည်း ယခင်ထက် အရပ်ရှည်လာခဲ့သည်။ ၀လာဒက်သည် ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းလာခဲ့ သည်။ တစ်ချိန်တည်းတွင် ကလေးနှစ်ယောက်၏ ပညာရေးလည်း တိုးတက်လာခဲ့ပြီး အသိဥာဏ်လည်း ရင့် သန်လာခဲ့ကြသည်။
၁၉၁၅ ခုနှစ် နွေရာသီတစ်နေ့တွင် နယ်စားကြီးသည် ၀ါဆောမြို့သို့ ခရီးထွက်သွားခဲ့သည်။ သူက အလုပ် ကိစ္စများ စီစဉ်ညွှန်ကြားရန်ဟူ၍ ကလေးနှစ်ယောက်အား ပြောသွားသည်။ နယ်စားကြီး ပြန်ရောက်မည့် ရက်ကို ၀လာဒက်သည် နေ့စဉ်နေ့တိုင်းပြက္ခဒိန်တွင် အမှတ်အသားပြု၍ ရေတွက်စောင့်မျှော်နေမိသည်။ နယ်စားကြီးသည် စုစုပေါင်း ၂၅ ရက်တိတိ ကြာမှ ပြန်ရောက်လာခဲ့သည်။
နယ်စားကြီးသည် ၀ါဆောမြို့တော်မှ ပြန်ရောက်လာပြီးနောက် ပို၍ အိုစာလာသလို ထင်ရသည်။ မျက်နှာ လည်း တစ်နေ့ထက်တစ်နေ့ ညှိုးနွမ်းလာသည်။
နောက်ရက်သတ္တတစ်ပတ်လောက် ကြာသောအခါ နယ်စားကြီးနှင့် အိမ်တော်စေ အကြီးအကဲများသည် မကြာခဏ ဆိုသလို တိုးတိုးတိတ်တိတ် ကျိတ်၍ တိုင်ပင်ဆွေးနွေးကြသည်ကို မြင်တွေ့ရသည်။ ဘာအကြောင်း၊ ဘာကိစ္စရယ်လို့ ဘယ်သူမှမသိကြ။ လီယွန်နှင့် ၀လာဒက်တို့မှာ အကြောင်းမသိဘဲနှင့် အလိုလို စိုးရိမ်စိတ်ဝင်လာမိကြလေသည်။ အထူးသဖြင့် ၀လာဒက်အဖို့ ပို၍ စိုးရိမ်စိတ် ဖြစ်လာမိသည်။ သူ့အား နယ်စားကြီးက ယာတောတဲအိမ်သို့များ ပြန်ပို့ရန် စီစဉ်နေကြတာများလားဟူသော အတွေးက သူ့ကို အချိန်တိုင်း ခြောက်လှန့်နေသောကြောင့် ဖြစ်လေသည်။
နောက် သုံးလေးရက်ခန့်ကြာသောအခါ လီယွန်နှင့် ၀လာဒက်တို့အား ခန်းမဆောင်သို့ လာခဲ့ကြရန် နယ်စားကြီးက ခေါ်ယူသည်။ ကလေးနှစ်ယောက်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် နယ်စားကြီး ရှေ့မှောက် သို့လာရောက်ကြရသည်။
သူတို့သည် ခရီးရှည်တစ်ခုကို အခြေအနေအရ သွားကြရတော့မည်ဖြစ်ကြောင်း နယ်စားကြီးက ပြောပြ သည်။ ဘာကြောင့် သွားရမည်ဟူသော အချက်ကိုကား လုံးဝ ရှင်းမပြ။
' သားတို့ ... တို့အဖို့ မလုပ်မဖြစ်တဲ့ အလုပ်တစ်ခုကို လုပ်ကြရတော့မယ် ' နယ်စားကြီးက ညှိုးငယ်သော မျက်နှာ၊ တည်ငြိမ်သောအသံဖြင့် ပြောသည်။ ' ဂျာမနီနှင့် သြစတြီးယားနိုင်ငံတွေဟာ စစ်ကျူးပြီး ရန်လိုတဲ့ နိုင်ငံ တွေဆိုတာ သားတို့အသိပဲ၊ အခုဆိုရင် အဲဒီနှစ်နိုင်ငံဟာ တို့နိုင်ငံကို စစ်ပြုဖို့ ချီတက်လာကြပြီ၊ မကြာခဏမှာ ၀ါဆောမြို့ထဲ ၀င်လာပြီး ပိုလန်ပြည်သူတွေကို နှိပ်စက်ကြတော့မယ် '
ဂျာမန်ဆရာ ပြန်မသွားခင်ကလေးက ပိုလန်ဆရာနှင့် ဘာအကြောင်းမှန်းမသိအပြင်းအထန် ဆွေးနွေး ကြရာတွင် ပိုလန်ဆရာက ဂျာမန်ဆရာအား ရင့်ရင့်သီးသီး ဝေဖန်ပြောဆိုခဲ့သည်ကို ၀လာဒက်က ပြန်လည် အမှတ်ရမိသည်။
' ဒီလိုဆိုရင် ရေခဲပြင်အောက်မှာ နေရတဲ့ ဥရောပတိုက်သားတွေက ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်တိုက် ခိုက်ကြတော့မှာပေါ့၊ ဟုတ်လား ဖေဖေကြီး ' ၀လာဒက်က မေးလိုက်သည်။
နယ်စားကြီးက ကလေးငယ်၏ ရိုးသား၍ အပြစ်ကင်းမဲ့သောမျက်နှာကို ကြင်နာစွာဖြင့် ကြည့်ရင်း -
' နယ်ချဲ့ ကျူးကျော်သူတွေက တို့နိုင်ငံကို နှစ်ပေါင်း ၁၅၀ တိုင်တိုင် ချုပ်ချယ် စိုးမိုးခဲ့ပေမယ့် တို့လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဟာ ပျောက်ကွယ်မသွားခဲ့ပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာ ပိုလန်နိုင်ငံဟာ ကျူးကျော်သူကို ပြန်လည်တိုက်ခိုက်နိုင်တဲ့ အင်အားမရှိဘူး။ တို့နိုင်ငံကို အင်အားကြီးသုံးနိုင်ငံဖြစ်တဲ့ ရုရှ၊ သြစတြီးယား၊ ဟန်ဂေရီတို့က လေးဘက်လေးတန် ၀ိုင်းထားကြပြီ '
' ဒါပေမဲ့ ကြောက်စရာမလိုပါဘူး ဖေဖေ ' ဟု လီယွန်က ပြောသည်။ ' ကျွန်တော်တို့က ပြန်တိုက်နိုင်ပါတယ်၊ ကျွန်တော်တို့မှာ သစ်သားဓားရှည်ကြီးတွေရော၊ ဒိုင်းကြီးတွေရော ရှိပါတယ် '
' အဲဒီလို မဟုတ်ဘူး သား၊ သားတို့က စစ်တိုက်တမ်းကစားတာပဲ ရှိသေးတာ၊ တကယ်စစ်ပွဲကို မကြုံဖူးသေး ဘူး၊ အခုစစ်ပွဲက ကလေးတွေ ကစားတဲ့စစ်ပွဲမျိုး မဟုတ်ဘူး၊ အဲဒီတော့ တို့အနေနဲ့ ဒီနေရာက အမြန်ဆုံး ထွက်သွားမှ ဖြစ်တော့မယ်၊ တို့နိုင်ငံရဲ့ ကံကြမ္မာကို သမိုင်းက အဆုံးအဖြတ်ပေးတဲ့အနေ့အထိ တစ်နေရာကို ရှောင်သွားကြရလိမ့်မယ်၊ ဒီအရေးအခင်းကြီးထဲမှာ သားတို့ရဲ့ ဘ၀ မဆုံးရှုံးပါစေနဲပလို့ပဲ ဖေဖေ ဆုတောင်းမိပါတယ် '
နယ်စားကြီး၏ စကားကြောင့် လီယွန်ရော ၀လာဒက်ပါ ကြောက်လည်း ကြောက်မိသည်။ ဒေါသလည်း ထွက်မိသည်။ တစ်ချိန်တည်းပင် သူတို့ ရဲတိုက်ကြီးမှ ထွက်သွားလျှင် တကယ့်စစ်ပွဲကြီးကို မြင်ရတော့မည် မဟုတ်ဟူ၍ တွေးပြီးလည်း မချင့်မရဲ ဖြစ်မိကြသည်။
*
ခရီးထွက်ရန်အတွက် အိမ်တော်စေများက နယ်စားကြီး၏ ပစ္စည်းများကို ရက်ပေါင်းများစွာ ထုပ်ပိုး ပြင်ဆင် ကြရသည်။ လာမည့်တနင်္လာနေ့တွင် ဂရိုဒနိုမြို့ မြောက်ပိုင်းရှိ နယ်စားကြီး၏ နွေရာသီစံအိမ် ကလေးသို့ ခရီးထွက် ကြရမည်ဖြစ်ကြောင်း လီယွန်နှင့် ၀လာဒက်တို့ သိကြရသည်။
သည်ကြားထဲတွင် ကလေးနှစ်ယောက်တို့သည် ယခင်အတိုင်းပင် စာသင်မြဲ သင်ကြသည်။ ကစားမြဲ ကစား ကြသည်။ သို့သော် သူတို့နှစ်ယောက်စိတ်ထဲတွင် မတင်မကျဖြစ်နေသော မေးခွန်းနှင့်ပတ်သက်၍ အမှန် ကို ဖြေဆိုနိုင်သူကား တစ်ယောက်မျှမရှိ။
*
စနေနေ့နံနက်ပိုင်း
ထိုအချိန်တွင် လီယွန်နှင့် ၀လာဒက်တို့သည် ပိုလန်ဆရာရှေ့တွင် စာသင်နေကြသည်။ အဒမ်မစ်ကေ၀စ် ရေးသားသော ' အာဇာနည် သူရဲကောင်းကြီး တာဒဲယမ်ကော်ကျူစကို ' အတ္ထုပ္ပတ္တိကို လက်တင်ဘာသို့ ပြန်ဆိုနေကြစဉ် သေနတ်သံများ ကြားလိုက်ရသည်။
ပထမတွင် ခြံဝင်းကြီးထဲ၌ တစ်ယောက်ယောက် အမဲလိုက်နေ၍ ကြားရသော သေနတ်သံဖြစ်မည်ဟု ၀လာဒက်က ထင်မှတ်လိုက်သည်။ ယခင်ကလည်း သည်လိုပင် မကြာခဏ ကြားခဲ့ရသည်။
သို့ဖြင့် သူတို့သည် အမှုမဲ့အမှတ်မဲ့ နေလိုက်ကြပြီး ကဗျာသင်ခန်းစာကုငိ ဆက်လက်လေ့လာကြသည်။
သေနတ်သံများ ကြားရပြန်သည်။ သည်အကြိမ်တွင် ပထမအကြိမ်ထက်ပို၍ နီးလာသလို ထင်ရသည်။ ထို့ကြောင့် ခေါင်းထောင်ကာ နားစွင့်နေလိုက်ကြသည်။
ရဲတိုက်အောက်ဘက်မှ အော်သံ၊ ငိုသံများ ပေါ်ထွက်လာသည်။ သူတို့သည် ဝေခွဲမရဟန်ဖြင့် တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ဤတွင် သူတို့ဆရာသည် ဘာမပြော ညာမပြောနှင့် ထိုင်ရာမှထပြီး အခန်းထဲမှ အလျင်အမြန် ထွက်သွား သည်။
ထို့နောက် သေနတ်သံများ ကြားရပြန်သည်။ သည်တစ်ကြိမ်တွင် သေနတ်သံများမှာ သူတို့ စာသင်နေသော အခန်းအပြင်ဘက် စင်္ကြံဆီမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကလေးနှစ်ယောက်သည် အသက်ပင်မရှူရဲ၊ နေရာတွင် မလှုပ်မယှက် ထိုင်မြဲထိုင်နေကြသည်။
ထိုအခိုက် အခန်းတံခါး ၀ုန်းကနဲ ပွင့်သွားသံနှင့်အတူ သူတို့ဆရာအရွယ် လောက်ရှိသော လူတစ်ယောက် သွေးရူးသွေးတန်း ၀င်ရောက်လာသည်။ ထိုသူသည် စစ်ယူနီဖောင်းဝတ်ထားပြီး ခေါင်းပေါ်တွင် သံခမောက် ဆောင်းထားသည်။ လက်ထဲမှာတော့ သေနတ်ကြီးကိုင်လို့။
ဝလာဒက်က ရုတ်တရက် ၀င်လာသူအား ကြောင်ကြောင်ကြီး ကြည့်နေစဉ် လီယွန်က ၀လာဒက်၏ ကိုယ်ပေါ် သို့ ခုန်တက်ပြီး ဖက်ထားလိုက်သည်။
စစ်သားက ကလေးများအား ဂျာမန်စကားဖြင့် ' မင်းတို့ ဘယ်သူတွေလဲ ' ဟု အော်ငေါက်ပြီး မေးသည်။ ကလေးနှစ်ယောက်က ဂျာမန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ် ရေးတတ်သော်လည်း ဘာမှ ပြန်မပြောဘဲ နှုတ်ပိတ်နေလိုက်ကြသည်။
ထိုစစ်သားက ကလေးနှစ်ယောက်အနီးသို့ တိုးဝင်လာသည်။ ထိုစဉ် နောက်ထပ် စစ်သားတစ်ယောက် ၀င်ရောက်လာပြန်သည်။ စစ်သားနှစ်ယောက်တို့သည် ကလေးများအား လည်ကုပ်မှ ဆွဲကိုင်ပြီး အပြင်ဘက် သို့ ဆွဲထုတ်လာခဲ့ကြသည်။ ထို့နောက် လှေကားအတိုင်း ဆွဲချလာပြီး ရဲတိုက်ရှေ့ရှိ ပန်းခြံထဲသို့ ခေါ်လာ ကြသည်။
ပန်းခြံထဲတွင် ဖလောရင်တီနာ ရောက်နှင့်နေပြီ။ သူမသည် သွေးရူးသွေးတန်းဖြင့် အော်ဟစ်ငိုယိုနေသည်။ သူမ၏ ရှေ့မှ မြက်ခင်းပေါ်တွင်ကား မြေကြီးနှင့် မျက်နှာအပ်ကာ မှောက်လျက်သား သေနေကြသော အလောင်း ကောင်များ။
အားလုံးလိုလို ရဲတိုက်ကြီးမှ အိမ်တော်စေများဖြစ်ကြသည်။
လီယွန်က မကြည့်ရဲ၍ ၀လာဒက်၏ ပခုံးတွင် မျက်နှာအပ်ထားလိုက်သည်။
သွေးအိုင်ထဲတွင် မုတ်ဆိတ်မွေး ဗရပျစ်နှင့် မှောက်လျက်ကြီး သေနေသော လူတစ်ယောက်ကို မြင်လိုက် ရသောအခါ ၀လာဒက်သည် ထိတ်ခနဲဖြစ်သွားပြီး ကြက်သေသေနေမိသည်။ ထိုသူကား အခြားသူမဟုတ်။ သူ၏မွေးစားဖခင် ဂျာစီယို။
' ဖေဖေ သေသွားပြီ ... မောင်လေးရဲ့၊ ဖေဖေသွားပြီ၊ အမယ်လေး ... ဖေဖေရေ၊ ကံဆိုးလှချည့်လား ဖေဖေရဲ့ '
ဖလော်ရင်တီနာက ရင်ဘတ်စည်တီး ဆို့ဆို့နင့်နင့် အော်ငိုနေသည်။
ဝလာဒက် က အလောင်းတွေဆီသို့ ကျီးကန်းတောင်းမှောက် ကမန်းကတန်း မျက်လုံး ကစားကြည့် လိုက်သည်။
တော်ပါသေးရဲ့၊ နယ်စားကြီးအလောင်းကို လုံးဝမတွေ့ရ။
သည်အကြောင်းကို ၀မ်းပန်းတသာဖြင့် လီယွန်အား ပြောပြမလို့ စိတ်ကူးမိရုံရှိသေး စစ်သားတစ်ယောက်က သူတို့ရှေ့သို့ လျှောက်လာပြီး -
' ရဲတိုက် ပိုင်ရှင် ဘယ်သူလဲ '
' မသိဘူး ' ၀လာဒက်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
စစ်သားက သူ့လက်ထဲမှ ရိုင်ဖယ်သေနတ်ကို မြှောက်လိုက်ပြီး ၀လာဒက်၏ ဦးခေါင်းကို သေနတ်ဒင်နှင့် လွှဲရိုက်လိုက်သည်။ ၀လာဒက်၏ မျက်နှာပေါ်သို့ သွေးတွေ စီးကျလာပြီး မြေကြီးပေါ်သို့ ပုံလျက်သား လဲကျ သွားသည်။ နယ်စားကြီး ဘယ်များရောက်နေပါလိမ့်။ ဘာတွေများ ဖြစ်နေပါလိမ့်။ ဒီဂျာမန် စစ်သား တွေက တို့ကို အပြစ်မရှိဘဲ ဘာဖြစ်လို့ ရက်ရက်စက်စက် နှိပ်စက်နေပါလိမ့်။
ဝလာဒက်က နေရာမှ မထနိုင်မီ စစ်သားက နောက်တစ်ချက် ထပ်ရိုက်ရန် ရွယ်လိုက်စဉ်တွင် လီယွန်က ကာကွယ်သည့်အနေဖြင့် ၀လာဒက်၏ ကိုယ်ပေါ်သို့ ခုန်အုပ်လိုက်ရာ ရိုက်ချက်က ၀လာဒက်ကိုမထိဘဲ လီယွန်၏ ဦးခေါင်းကို ပြင်းထန်စွာ ထိသွားတော့သည်။ လီယွန်သည် ၀လာဒက်၏ ကိုယ်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားလေသည်။
ကလေး နှစ်ယောက်သည် မြေကြီးပေါ်တွင် မလှုပ်မယှက် လဲလျက်ရှိကြသည်။ ၀လာဒက်မှာ ခေါင်းမှ ဒဏ်ရာ ကြောင့် မူးနောက်ရီဝေနေပြီး လီယွန်၏ ခန္ဓာကိုယ်အောက်တွင် မိနေသည်။
လီယွန် ကား သေဆုံးသွားခဲ့လေပြီ။
တခြားစစ်သားတစ်ယောက်က စောစောက စစ်သားအား ဆဲဆိုကြိမ်းမောင်းသံကို ၀လာဒက် ကြားလိုက် ရသည်။
ပြီးတော့ သူတို့နှစ်ယော်က လီယွန်၏ အလောင်းကို တစ်ဖက်တစ်ယောက်ဆွဲမည်လုပ်ရာ ၀လာဒက်က သူ့ မိတ်ဆွေ ၏ ကိုယ်ကို အတင်းဆွဲထားသည်။ ဤတွင် စစ်သားများက ၀လာဒက်၏ လက်ကို အတင်းဆွဲဖြုတ် လိုက်ကြသည်။ ပြီးတော့ လီယွန်၏ အလောင်းကို တခြားအလောင်းတွေ အနီးသို့ ဆွဲယူသွားပြီး မှောက်လျက် အနေအထားဖြင့် ပစ်ထားလိုက်ကြသည်။
ဝလာဒက်သည် သူ၏ အချစ်ဆုံး မိတ်ဆွေ၏ အလောင်းကို ၀မ်းနည်းစွာဖြင့် မျက်တောင်မခတ် စိုက်ကြည့် နေသည်။
ထို့နောက် တွင် ၀လာဒက်အပါအ၀င် အခြားသုံးလေးယောက်တို့အား ရဲတိုက်ထဲသို့ ခေါ်လာခဲ့ပြီး မြေအောက် အကျဉ်းခန်းထဲသို့ သွင်းကာ အပြင်မှ တံခါးပိတ်ထားလိုက်ကြသည်။ စစ်သားများသည် ဆူဆူ ညံညံ အော်ဟစ်ပြောဆိုရင်း ပြန်ထွက်သွားကြသည်။
ဝလာဒက်သည် အချုပ်ခန်းထဲ ပတ်ပတ်လည်ကို မျက်လုံးကစားကြည့်လိုက်ပြီးသူ့ပါးစပ်မှ ' ဘုရားရေ ' ဟူ၍ လွှတ်ကနဲ ရေရွတ်လိုက်မိလေသည်။
နယ်စားကြီးသည် သေကံမရောက် သက်မပျောက်ဘဲ အခန်းထောင့်တွင် ငုတ်တုတ်ကြီး ထိုင်လျက် ရှိလေသည်။ သူ့ကိုမသတ်ခြင်းမှာ အကျဉ်းသားများအား ကြီးကြပ်ရန် လူကြီးတစ်ယောက် လိုအပ်သော ကြောင့် ဖြစ်သည်။
ဝလာဒက်က နယ်စားကြီးအနီးသို့ ကပ်သွားသည်။ အခြားလူတွေကတော့ ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသည်။
သူတို့နှစ်ယောက်သည် စကားလုံးဝမပြောဘဲ တစ်ယောက်ကို တစ်ယောက် တွေတွေကြီး စိုက်ကြည့်နေကြ သည်။ သူတို့နှစ်ယောက် ပထမဆုံး စတင်တွေ့ဆုံကြသည့် နေ့ကအတိုင်းပင်ဖြစ်သည်။
ထိုနေ့ကအတိုင်းပင် ၀လာဒက်က နယ်စားကြီးဆီသို့ လက်ကို ကမ်းပေးလိုက်သည်။ နယ်စားကြီးက ၀လာဒက်၏ လက်ကိုဆုပ်ကိုင်သည်။
နယ်စားကြီး၏ မျက်နှာပေါ်သို့ မျက်ရည်တွေ တရဟော စီးကျလာကြသည်။
တစ်ယောက်မျှ စကားမပြောကြ။
တူညီသောဝေဒနာကို နှစ်ယောက်စလုံး ခံစားနေကြရသည်။
လောကတွင် သူတို့နှစ်ယောက်စလုံး၏ အချစ်ဆုံးသော လူတစ်ယောက် သေခြင်းဆိုးဖြင့် မရှုမလှ သေဆုံး သွားခဲ့ ရပြီ မဟုတ်ပါလား။
......................................
အခန်း (၆) ဆက်ရန်
.

2 comments:
ကျွန်တော် အရမ်းကြိုက်တဲ့ ဝတ္တုပဲ.. အားလုံးပြီးရင် pdf ကလေး ထုတ်ပါလား ဟင်.. သိမ်းထားချင်လို့..
အခုရောက်သလောက်အထိ ဖတ်ပြီးပြီ အမရေ
နောက်အပိုင်းတွေ မျှော်နေတယ်နော်
Post a Comment