Thursday, May 6, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၈)

မူးမူးရူးရူးနှင့် အိမ်ဦးခန်းမှလူကြီး

ထိုသို့ ၃-၄ခါနားလိုက် လှေခါးမှ သံဆွဲတံခါးကိုလာ ပုတ်လိုက်နှင့် မူးရမ်းနေစဉ် ကျမကလည်း အရေးရှိက နောက်ဆုံး ခုခံကာကွယ်ခြင်း အနေနှင့် အသုံးချရန် ယမ်းတောင့်အပြည့် ထည့်ထား သော ပစ္စတိုကို အနားမှာ ချ၍ အိမ်ရှေ့ခန်းရှိ နောက်မှီ ကုလားထိုင်မှာ ထိုင်နေစဉ် ပြည်လမ်းမှ သစ်တောဋ္ဌာန အရာရှိ ကတော် မြေကျေးရှင်းဋ္ဌာန ညွှန်ကြးရေးဝန် ဦးကိုကြီး၏ နှမနှင့် သမီးများ ရောက်လာကြသည်။ အောက်ထပ် မှာ ခါတိုင်းနှင့်မတူ ပိတ်ထားသော တံခါးများ ဟာလာဟင်းလင်း ပွင့်လျက် စွင့်စွင့်ကြီး ထိုင်နေသော မူးရမ်းနေသူ လူတော် လူကောင်း ခဲအိုဟောင်းကို တွေ့ရသော အခါ သူတို့ အံ့သြ နေကြ သည်။ မူးရမ်းဆူပူနေသည်ကို တွေ့၍ အကိုကြီး ဒီလိုလုပ်တာ မတော်ပါ။ ဟိုက မကျန်းမမာဖြစ်သေူပါဟု ပြောရာတွင် ငါ့အိမ် ငါပြန်လာဒါ ဘာဖြစ်သလဲဟု ရန်တွေ့လိုက် သေးသည်ဟု ဆိုသည်။ သူတို့ကို အိမ်ပေါ် ထပ်သို့ လာရန် လှေခါးမှ သံတံခါးကို ဖွင့်မပေးကြသေး ပေ။ ရောင်တော်ပြန်နှင့် ရောလိုက်လာမှာစိုး၍ အောက်မှာ ဘဲ နေကြစေသည်။

သို့ရာတွင် ခဏကြာသောအခါ ဗိုလ်ချုပ်ဈေးမှ ထွန်းနေရောင် ကုမ္ပဏီပိုင်ရှင် ဒို့ဗမာ မူဆလင် အမျိုးသမီး ဒေါ်ပု ဆိုသူ ၀င်လာသည်။ လှေခါးသံတံခါး ဖွင့်ပေးရန် ပြောသည်။ ၎င်းအမျိုးသမီးမှာ ၁၉၅၁ခုနှစ် လောက်က စ၍ ဗိုလ်တောက်ထိန်၏ဇနီးနှင့် ပတ်သက်ပြီး ကျမအိမ်တွင် ၀င်ထွက် ဆက်ဆံနေခဲ့သူ ဖြစ်သည်။ စိန်ကုန်သည်တပိုင်း ဖြစ်၍ ရောင်းစရာရှိလျှင် လာရောင်းသည်။ အမြတ်ရ၍ ပြန်ထုတ် ပေးစရာ ရှိလျှင်လည်း ထုတ်ပေးသည်။ စင်စစ်တော့ အရောင်းရော အ၀ယ်ပါ အမြတ်အစွန်းနှင့် ပွဲခ လမ်းခရသဖြင့် သူ၏ စီးပွားရေးအရ ကျမနှင့် လာရောက် ဆက်ဆံပေါင်းသင်း  ၀င်ထွက်နေသူ ဖြစ်ပါသည်။

လွန်ခဲ့သော ၂နှစ် ၃နှစ်ခန့်ကစပြီး ကျမထက် လူတော်လူကောင်း ညစ်ပတ်စုတ်ပဲ့စွာ အတွင်းကောက် ဆင်ကြံ ကြံလာသူနှင့်လည်း ပိုမို ခင်မင် ရင်းနှီးလာခဲ့လေသည်။ ထုံးစံအတိုင်း ကျမနှင့် ပတ်သက် ၀င်ထွက် နေသူ အသိမိတ်ဆွေ မိန်းမတွေကို ယခင်ကလို ဘာသိ ဘာသာမနေဘဲ သူက အမြဲ အသိလုပ်၍ ဧည့်ခံ ခဲ့သည်။ သူနှင့် ရင်းနှီးလာသောအခါ ဘာသတင်း ဘဲကြားကြား အဖွားကြီးကို သွားမပြောပါနှင့် စိတ်အခန့် မသင့်လျှင် သွေးတိုးရောဂါ တိုးလာမှာ စိုးရ ပါသည်ဆိုသော အကာအကွယ် ဂါထာမန္တာန်ကို ဥုံခံ ရွတ်ဆိုပြီး သူ၏ ပရိသတ် ထည်းသို့ သိမ်းသွင်း ထားလိုက်မြဲ ဖြစ်ပါသည်။
၎င်း ထွန်းနေရောင်ဆိုင်ရှင် ဒေါ်ပုသည် အိမ်တွင်းရေး အရှုပ်အရှင်းဖြစ်ချိန်၌ အရေးကြီးလျှင် ကျမက မခေါ်ရ ဘဲနှင့် အိမ်သို့ ရောက်လာတတ်ပါသည်။

ယခုလည်း မနက်စောစော ပေါက်ချလာသည်။ အောက်ထပ်မှာ ရုတ်ရက်ခတ်နေချိန် အိမ်ထဲကို ကားနှင့် မ၀င်နိုင်ဘဲ မလွယ်ပေါက်မှ ၀င်လာသည်။ အိမ်ပေါ် ဇွတ်သာ တက်နေချင်ပါဆိုပြီး မြှောက်ပင့် ပေးလိုက်သော အင်အားစုတွင် ပါဝင်နေသူ တဦးဖြစ်ကြောင်းကိုတော့ နောက်မှ ကြားသိရပါသည်။ ထိုအချိန် က အချိတ်အဆက် ရှိပြီးသားဖြစ်၍ အဖုအထစ်မရှိ ချောချောမောမောဖြစ်အောင် စွမ်းဆောင် နိုင် က စွမ်းအားထုတ်ပေးရန် ရမယ်ရှာ၍ လာခြင်း ဖြစ်သည်။

လာလို့ ကောင်းစေရန် ကျမက တယ်လီဖုန်းနှင့် ခေါ်၍ တစုံတခု အရေးကြီး သောကြောင့်မှာ သည်ထင်၍ လာခဲ့ရကြောင်း ပြောပြသည်။ ကျမကလည်း သူနှင့်တကွ မည်သူ့ ကိုမျှ တယ်လီဖုံးနှင့်သော်၎င်း၊ လူကြုံနှင့် သော်၎င်း မခေါ်ရ၊ မမှာရပါ။ သူသည် လှေခါးထိပ်မှာ ရပ်စောင့်နေသဖြင့် ကရင်မလေးကို သော့ပေး၍ တံခါးဖွင့်ပေးလာစေသည်။ ပြီးလျှင် ချက်ခြင်း သော့ပြန်ခတ်ထားလိုက်စေရသည်။

သူသည် ကျမထိုင်နေသော နောက်မှီကုလားထိုင်နှင့် ရင်ဆိုင်ရှိသော် အခြားကုလားထိုင်တခုမှာ ၀င်ထိုင်ပြီး  ခင်က အရေးတကြီး ကိစ္စရှိလို့ တယ်လီဖုန်းနှင့် ခေါ်ခိုင်းသည်ဆိုလို့ လာခဲ့ရကြောင်းကို ဘဲ ထပ်ပြော ပြန်သည်။ အ၀င်ဝမှာ ကားထားခဲ့ရကြောင်း၊ ယနေ့သတင်းစာမထွက်လို့ ဘာဖြစ်မှန်း မသိ စိတ်ပူ နေကြောင်း၊ ယခု အောက်ထပ်မှာ ဟိုလူကြီး မူးမူး၊ ရူးရူးနဲ့ ပြန်ရောက်လာသည်ကို တွေ့ ခဲ့ရကြောင်း၊ သူ့အား ရှင် ယခုလို အရမ်းမဲ့ အကြမ်းမလုပ်ပါနဲ့၊ ဟိုက နေကောင်းသေးတာ မဟုတ် ဘူး၊ ရုတ်ခနဲ သေသွား လျှင် ရှင့်ပယောဂကြောင့် ရှင်အမှုရောက်နေလိမ့်မယ်ဟု ပြောပစ်ခဲ့ရကြောင်း ဘောင်းလံအေင် ရေပက်မ၀င် ပြောနေပါသည်။ ဘယ်လိုရည်ရွယ်ချက်နှင့် ပြောနေသည်ကို မှန်ကန် တိကျစွာ မတွေး တတ်အောင် ဖြစ်နေ ပါသည်။

ကွားရှင်းပြီး ၃လကြာ တခြားနေရာရောက်နေသည်။ တခြားစီ ဖြစ်နေသည်ကို သိသည်။ ၃လ အတွင်း ကျမ ထံသို့ လာမြဲတိုင်းလာသလို ဟိုကိုလဲ ၀င်ထွက်နေကြောင်း သူပြောစကားများအရ ကျမ သိနေရပါသည်။ ၃လ အတွင်း အိမ်လာသောအခါများ၌ ဒီလူကြီး အရွယ်နဲ့မလိုက် သိပ် ကမြင်း ကြောထတာဘဲလို့ တချို့ မိတ်ဆွေများ က ပြောနေဒါ ကြားရတာ ကြာပါပြီ။ ယခုမှ အကြောင်းစုံ သိရပါသည်ဟူ၍လည်း တခါ တခါ ပြောသေး သည်။ ပြီးမှ အမြှောင်အငယ်တွေ ယူချင်လဲ ယူပါစေ ခင်ရယ်၊ ခင့်မှာ ဒီတသက်မက ဆယ်သက် စားမကုန် အောင် စိန်တွေ တပြည်သားလောက် ရှိသား ဘဲ ဆိုသော စကားမျိုးတွေလည်း ပြောတတ် သေးသည်။

ယခုလည်း ဒီသီချင်းသွားမျိုးဘဲ ရွတ်ဆို နေသည်။ ပြောရင်း၊ ဆိုရင်းမှ အနီးတွင် ချထားသော ပစ္စတိုကို သူ့ မျက်စိ က ရောက် ရောက်နေ သည်။ ကျမ ပြောဘူးပေါင်းများလှပြီ၊ မယားမြှောင်တွေ ယူဒါကို မူတည်ပြီး ကွာရှင်း ခြင်း မဟုတ်၊ ယုတ်ညံ့ကောက်ကျစ် မှုတွေ လက်တွေ့သိမြင်ခြင်းကြောင့် အတူမနေအပ်သော ရန်သူကြီး မှန်း သိရ၍ အမြန်ဆုံး လမ်းခွဲလိုက်ရခြင်းဖြစ်ကြောင်း သူသိထားပါသည်။

ကိုယ့်အပြစ်ကိုယ်ဖုံးကွယ်ပြီး

သို့ကြောင့် ထွန်းနေရောင် ဆိုင်ရှင် ဒေါ်ပုသည် အိမ်ပေါ်ရောက်လာမှတော့ လက်ခံလိုက်ပါတော့၊ စိတ်ပြေ လိုက်ပါတော့ဆိုသော စကားမျိုးကို မပြောရဲယုံမက၊ ဒီလိုသာ အိမ်အောက်မှာ အနိုင့် အထက်လာပြီး ကျူးကျော် သောင်းကျန်း နေလျှင် သူတို့ဆင်ခဲ့သော ဇာတ်ကွက်မျိုး မ၀င်လာဘဲ၊ တလွဲတချော် ဖြစ်ကုန် တော့မည် ဟု ရိပ်မိသွားဟန် ရှိသည်။

ဤလိုအဓမ္မကြမ်းလျှင် ပစ္စတိုကို အသုံး ချရမည့် စခန်းအထိ ရောက်ရတော့မည်ဟု စိန်ကဲ၊ ကျောက်ကဲ ခပ်တတ်သော စိန်ကုန်သည်၊ ကျောက်ကုန်သည်ပီပီ၊ ကျမ၏ အေးဆးငြိမ်သက် ဣနြေ္ဒမပျက် ဒေါသ မထွက်သော မျက်နှာနှင့် ရောဂါကြောင့် နွမ်းနယ် အားနည်းနေသော မျက်လုံးကို ကြည့်၍ ဆုံးဖြတ် မိသည်ဟု ထင်သည်။ သို့ကြောင့် နောက်ဆုံး နိဂုံးချုပ်အနေနှင့် ခိုင်းစရာရှိရင် ခေါ်ပါ။ ကူညီစရာရှိရင် ပြောပါ စသော ပဋိသန္ဓာရစကားများနှင့် နှုတ်ဆက်ပြီး အောက်သို့ ပြန်ဆင်းသွားလေသည်။ အောက်ထပ် ရောက် သောအခါ သူ၏မိတ်ဆွေတော်ကြီး အရက်အိုးအား နား၊ နားကပ်၍ မှာသွားသည်၊ ရှင်ဒီအောက် ထပ်မှာ လာနေလို့ မဖြစ်သေးဘူး။

ဟိုမှာ ခြောက်လုံးပြူးမောင်းတင်ပြီး စောင့်နေတာတွေ့ခဲ့ရတယ်။ အကြမ်းပတန်း သွားမလုပ်လေနဲ့ဟု သတိ ပေး သွားလေသည်။
သူဤသို့ သတိပေးသွားသော စကားများကိုလဲ သူကိုယ်တိုင်ဘဲ ကျမနှင့် နောက်တကြိမ်တွေ့သော အခါ ဖွင့်ချ ပြောကြား ပြန်သေး၏။ သူပြောသော စကားကို သူကိုယ်တိုင် ပြန်လည်ပြောကြားသဖြင့် သာ ကျမ သိရခြင်း ဖြစ်ပါသည်။

သို့နှင့် နာရီဝက်ခန့်ရှိသောအခါ အောက်ထပ်မှာ ငြိမ်သက် တိတ်ဆိပ် သွားပါသည်။ အောက်ထပ်မှ ကျန် နေသော ခလေးမတဦးအား (ငါမျက်နှာသစ်ချင်လို့ လာတာပါဟ) ဟု ပြောပြီး ပြန်ဆင်းသွားကြောင်း၊ ယခု အောက်ထပ်မှာ မည်သူမှ မရှိတော့ကြောင်း ပြောလာသောကြောင့် ကျမက အောက်ထပ်မှာ အလုပ် လုပ်သူ ကရင်မ ကလေးများကို ပြန်ဆင်း သွားစေပြီး ဖွင့်ထားသမျှ တံခါးပေါက်များကို အားလုံး ပြန်ပိတ် ထားခိုင်း လိုက်ပါသည်။

နေ့လည် မွန်းတည့်ချိန်လောက်သို့ ရောက်လာသည်။ မနေ့က ခရိုင်ရာဇ၀တ် တရားသူကြီးသို့ ကျမ တိုင်ကြားချက် အရ ဗမာ့ခေတ်သတင်းစာတိုက်ကို ပုဒ်မ ၁၄၅အ ပိတ်ပေးရန်အတွက် ဗဟန်း ရဲဋ္ဌာနာမှ အရှေ့ပိုင်း နယ်ပိုင် ရာဇ၀တ် တရားသူကြီး  ဦးအောင်ကြီး ရုံးတွင် လျှောက်ချင်တင်နေ လေသည်။ ဤအချိန် ၌ ဗမာ့ခေတ်သတင်းစာတိုက်မှ ရုံးပြင်ကန္နားအမှုအခင်းဆိုင်ရာ သတင်း ထောက်က ဗမာ့ခေတ် သတင်း စာတိုက် ပိတ်ရန် လျှောက်ချက်တင်နေသည်ကို သွားတွေ့သဖြင့် ရုံးမှနေပြီး အရေးတကြီး တယ်လီဖုန်း နှင့် အယ်ဒီတာများအား အကြောင်း ကြားလိုက်သည်။

အယ်ဒီတာခန်းတွင် ကြိုးဆွဲကြိုးကိုင် လုပ်နေသူ တပါးကျွန်စိတ်ထားသော အယ်ဒီတာနှစ်ဦး သုံးဦး မှာ အရူး မီးဝိုင်း ဘာလုပ်ရမှန်း မသိ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။ အိမ်ကြီးအောက် ထပ်မှ တပ်ဆုတ် လာခဲ့ရပြီး၊ အိမ်သစ်ကလေးပေါ်တွင် ရောက်နေပြီဖြစ်သော အမူးမပြေသေးသူ ယစ်ထုပ်ကြီးထံပါးသို့ အပြေး အလွှား တက်သွားပြီး ကြားရသော ရုံးသတင်းကို ပြောကြသည်။ သူတို့ ထင်သလိုမဖြစ်ဘဲ မထင်ဒါ ဖြစ်လာ ရသောအခါ ရုတ်တရက်ကြံရာမရ ပူထူသွားကြပါသည်။ သို့သော် လူတော်လူကောင်း ဦးဏှောက် ကောင်းသူ ကြီး ဟု သူ့ကိုယ်သူ အမည်ပေးကင်ပွန်း တပ်ထား သူက အရက်ခိုးတွေ ၀ပြည့်နေသော ဦးဏှောက် မှာ ရှိ၊ ရှိသမျှ အင်အားစုကို ညှစ်၍ ညစ်ပတ်မှု၊ ခြေထိုးမှု၊ တခုကို စ၍ ပြုလေသည်။

အပြေးအလွှား ကားတစီးနှင့် ထွက်သွားပြီး အာဏာရ ထန်းပင်ပေါ်က လူကြီးတဦးအား မရအရ လိုက်ရှာ ကြသည်။ ကယ်ပါ ယူပါ ပူဆာကြသည်။ ဗမာ့ခေတ်သတင်းစာတိုက်ကြီး မပိတ်ရစေရန် ကြံနိုင်သမျှ ကြံပေးပါ။ ကယ်နိုင်သမျှ ကယ်ပေးပါ။ အဖွားကြီး စိတ်လိုက်မာန်ပါ လုပ်သမျှ အားလုံး ဒုက္ခရောက် ကုန်ကြ ပါတော့မည်ဟု မျက်သလဲဆန်ပြာ ပြောကြပါသည်။ ကိုယ်ဝင်ရမ်းတာတို့ အဓမ္မ စံနစ်နှင့် အနိုင်ကျင့်ဒါတို့ကို မပေါ်လွင် စေဘဲ ကျူးလွန်ခဲ့သော အပြစ်များကို ၀န်ခံကာ ကွာပြီးသား စာချုပ်ကြီးများကို နိုင်ငံတော် ရှေ့နေချုပ်ကြီးများ ကိုယ်တိုင် အသိသက်သေ လက်မှတ်ဝင်ထိုးထား စေသည့် ကိစ္စများကို လုံးလုံး လျားလျား မှောင်ချထားသည်။ ပိုင်နက်ကျူးလွန်ခြင်း သတင်းစာ တိုက်ကို အကြမ်းဘက်၍ ၀င်သိမ်းခြင်း မိမိဘက် မှ မတရားပြုမှုများကို ယင်းသို့ ဖုံးကွယ်ထားပြီး အဖွားကြီး စိတ်ဆိုးလို့ လုပ်တာပါ။

ကာကွယ် ပေးပါအုံးဆိုသော စကားနှင့် ခပ်ပေါ့ပေါ့ ဖြစ်သွား အောင် ခြေထိုးလျက် လေးဘက်ထောက် တောင်းပန် လေသည်။ ဤတွင် ထန်းပင်ပေါ်က အာဏာ ရ ပုဂ္ဂိုလ်သည် မကင်းရာ မကင်းကြောင်း ငဲ့စောင်း ညှာတာ ရမည့် အချက်အလက် ကလေးများ ကလည်း ရှိသည်တကြောင်း၊ တကယ်ဘဲ ကျမက စိတ်လိုက် မာန်ပါ တရှူးထိုးပြုခြင်းသာဟု ယုံမှတ်လေလားမသိ၊ ပုဒ်မ ၁၄၅နှင့် ပိတ်ပစ်ရသည်အထိ မဖြစ်စေလိုဟန် အချင်းချင်း စိတ်အခန့် မသင့်ရုံနှင့် သတင်းစာတိုက် ပိတ်လိုက်ရသည်ဆိုကခြင်းကို မလိုလား၊ စိတ်ပြေ သည်အထိ အချိန် ဆွဲထားလျှင်လည်း ဖြစ်လေမည်လား၊ ကြားက စေ့စပ်ရေးသမားတွေ ၀င်လျှင်လဲ ဗိုလ်နေမြဲ ကျားနေမြဲ သြဇာအာဏာသက်ဆင်းရာဋ္ဌာနများအား ဖေးဖေးမမ လေးလေး တွတွ ဖြစ်သွား စေရန် တိုးတိုး တိတ်တိတ် ကြိတ်ပြီး ရောင်ခြည်တော် လွှတ်ထားလိုက်လေသည်။

သို့သော် ရုံးကိစ္စ ဆို သည်မှာ ဆိုင်ရာက ဆိုင်သလို အရေးယူရသည့် အစဉ်အလာအတိုင်း မွန်လွဲပိုင်း လောက် တွင် ဗမာ့ ခေတ်သတင်းစာ တိုက်အတွင်းသို့ တရားသူကြီးနှင့် ရဲအရာရှိများ ရဲယာဉ်များနှင့် ဆိုက်ရောက် လာ ကြပါသည်။

ဗမာ့ခေတ်ကိစ္စလာစစ်ဆေးစဉ် ဆက်ရန်

.

1 comment:

မင်း said...

ဒီဆွေတော်မျိုးတော်တွေကလဲသူတို့ကိုယ်သူတို့ဘ၀င်မြင့်ပြီး ရှိသမျှပစ္စည်းအလိမ်ခံရ အညာခံရနဲ့ နောက်ဆုံးဘယ်ဆွေတော်မျိုးတော်တွေများချမ်းချမ်းသာသာကျန်တော့လို့လဲ။