ဗမာ့ခေတ်ကိစ္စလာစစ်ဆေးစဉ်
တရားသူကြီးနှင့် ဆိုင်ရာ ရဲအရာရှိမျးသည် ဗမာ့ခေတ် သတင်းစာတိုက် အလုပ်သမားများ ပဋိပက္ခ ဖြစ်ရန် ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးကာပိတ်ခဲ့ရန် ဖြစ်ပါသည်။ ဗဟန်းဋ္ဌာနာမှ ရဲအရာရှိများနှင့် တရား သူကြီး ဦးအောင်ကြီး အမှူးပြုလျက် ရဲဝိုင်ယာလက် ကားတစီးရှေ့ဆောင်ကာ ဗမာ့ခေတ်ဝင်း အတွင်း ရောက်ရှိ လာကြပြီး နောက် အယ်ဒီတာ ဦးကိုလေးက ခေါင်းဆောင်ပြု၍ တွေ့ဆုံပါသည်။ အလုပ်သမားများ အလုပ် လုပ်ရာ ဖြစ်သော ယုဝတီစာစီခန်း၊ ဗမာ့ခေတ် သတင်းစာစီခန်း၊ မိုနို စာစီခန်း၊ စာလုံးသွင်းခန်း၊ ပုံနှိပ်စက် ခန်း နှင့် ခဲစာလုံးများ သွင်းလုပ်ရာ အခန်းများ လိုက်လံ ကြည့်ရှု စေသည်။
အလုပ်သမားတွေ ဣနြေ္ဒမပျက် အေးချမ်းစွာ အလုပ်လုပ်လျက် ရှိကြောင်း လိုက်ပြ သည်။ မနေ့က ဗရုတ်သုက္ခ အလုပ်တွေကို ပြည်ဖုံးကားအုပ်ပြီး တက်သလောက် ဖြီးဖြန်းနေသည်။ အလုပ်သမားချင်း ပဋိပက္ခ ဖြစ်ဘို့ အကြောင်းမရှိပါ၊ မြင်တဲ့အတိုင်း အေးချမ်းစွာ အလုပ်လုပ် နေကြ ပါသည် ဟူသော အခြေ အနေ ကို တာဝန်ခံ အယ်ဒီတာ တယောက်က ဤသို့ လိုက်ပြသောကြောင့် အစစ်အဆေးလာ သူတို့မှာ ဘာမှ မပြုလုပ်သေးဘဲ ရှိသည်။
အလုပ်သမားတွေကို မီးရေနှင့် သတ်ထားသလို ငြိမ်ဝပ်ပိပြားစွာနေစေရန် ညဦးကစပြီး ယခုနေ့ မနက်ပိုင်းအထိ ဟိန်းဟောက် ခြိမ်းချောက်ထားပြီး အချို့ဘက်တော်သားတို့ ကြိုးကိုင်ခံနေသော ဋ္ဌာနဦးစီး များကလည်း နှာစီး နေကြလေသည်။ တစုံတရာ ဘာမှ ၀င်မပြော၊ မေးသူ၊ စစ်သူက မေးမြန်း စစ်ဆေးသည့် တိုင်အောင် ကြိုးကိုင်ချယ်လယ်ထားသူတို့ အကြိုက်ကိုသာ ထွက်ဆိုကြမည် ဖြစ်ပါသည်။
သတင်းစာတိုက်ရှင် နှစ်ဦးမသင့်မတင့် ဖြစ်၍သာ တိုင်တမ်းသည်ဟူ၍ ခပ်ပေါ့ပေါ့ ဖြစ်သွားအောင် ကြိုးစား ပေးရှာသည်။ သို့ကြောင့် အလုပ်တိုက်ကို စစ်ဆေးကြည့်ရှုပြီးသောအခါ တရားသူကြီး ဦးအောင်ကြီးနှင့် ဗဟန်း ရဲဋ္ဌာနာမှ ဦးမြဒင်တို့သည် မူလ တိုင်တမ်းသူ ကျမနှင့် တွေ့ဆုံရန် အိမ်ပေါ်သို့ ရောက်လာ ကြပါသည်။
ကျမ ကို တရားသူကြီး ဦးအောင်ကြီးက အကျိုးအကြောင်း မေးသည်။ ကျမက ညက ဖြစ်ပျက်သမျှ နှင့် ယနေ့မနက် စောစောကစပြီး ၁၁နာရီလောက်အထိ မူးယစ်ပြီး အိမ်အောက်ထပ်မှာ ၀င်ရောက် သောင်းကျန်း နေသည်များကိုပါ ပြောပြရပါသည်။ ၎င်းပြင် ယမန့်နေ့ညက ခြံထဲသို့ ပင်စင်ရဲ ဦးခင်မောင်လတ် နှင့်အတူ ကျူးကျော်ဝင်ရောက်လာပြီး သော့ခတ်ထားသော အောက်အိမ်သစ် ကလေးကို သော့ခလောက် ရိုက်ချိုး၍ အဓမ္မ ၀င်ရောက်နေထိုင်သောကြောင့် ပိုင်နက် ကျူးလွန်မှုပါ တိုင်တမ်း ထားသော အကြောင်းများ ပြောပြပါသည်။
ပဌမ၌ သူတို့မှာ လင်မယားရန်ဖြစ်ရာ၌ ရဲဘက်မှ အရေးမပိုင်သလို အထင်ရောက်နေသည်လား မပြော တတ်ပါ၊ ဒါကို ကျမ ရိပ်မိသဖြင့် တရားသူကြီးအား ကျမက ကွာရှင်းထားပြီး ဘာမှ မသက်ဆိုင် တော့ကြောင်း၊ ဤခြံဝင်းထဲမှ ထွက်သွားရသည်မှာ ၃လခန့်ပင် ကြာရှိပြီး ဖြစ်ကြောင်း ပြောပြရပါသည်။
သည်တော့မှ အမကြီး ပြောတဲ့အတိုင်း ကွာရှင်းပြီးသား ဆိုပါလျှင် စာချုပ်လက်မှတ် ထိုးများကော ရှိပါသလား ဟု ဖွင့်ဟ မေးပါတော့သည်။ ထိုကြောင့် စာချုပ်မူရင်းကို ဓာတ်ပုံရိုက်ထားသော မိတ္တူ ကွာရှင်း စာချုပ် ဓာတ်ပုံများကို တရားသူကြီးအား ထုတ်ပြလိုက်ပါသည်။ ကွာရှင်းစာချုပ်မှာ အသိ သက်သေအဖြစ် တရားဝင် လက်မှတ်ထိုးထားသူမှာလည်း နည်းနည်းနောနော ပုဂ္ဂိုလ်မဟုတ်ပါ။ ဥပဒေပါရဂူ နိုင်ငံ မှာ ပြတ်ပြတ် သားသား ထင်ထင်ရှားရှားကြီး တွေ့မြင်နေရပါသည်။
သည်တော့မှ တရားသူကြီးက ၀ိဝါဒ ကွဲပြားသွားပြီး ရဲအရာရှိအား ဒီအတိုင်းဆိုတော့ ရဲက ထပ် အရေးယူ ရမှာပေါ့ဟု ဦးမြဒင်ဘက်သို့ လှည့်ပြောပါသည်။ တရားသူကြီးနှင့်တကွ ရဲအရာရှိများမှာ ယခုမှ ၀ိဝါဒ ကွဲပြား သွားကြ ပါသည်။ ဒါဖြင့်လျှင် ပိုင်နက်ကျူးကျော်မှု တိုင်ချက်များကို ပြည့်ပြည့်စုံစုံ ရေးပြီး ယနေ့ထပ်တိုင်ပါ။ မနေ့ညက တိုင်ချက်မှာ ပြည့်စုံလုံလောက်သောအကြောင်းအချက် တချို့ ကြွင်းကျန်နေပါသေးသည်ဟု ဆိုသည်။ သို့ကြောင့် သူတို့ရှေ့မှာဘဲ ပြည့်ပြည့်စုံစုံ ရေးပြီး ကွားရှင်း စာချုပ်မိတ္တူဓာတ်ပုံများကိုပါ တရားသူကြီး နှင့် ရဲအရာရှိတို့အား ပူးတွဲပေးလိုက်ပါသည်။ တရား သူကြီးနှင့် ရဲအရာရှိများသည် ကျမအား နှုတ်ဆက် ပြီး ပြန်သွားကြပါသည်။
ယင်းသို့ တရားသူကြီးနှင့် ရဲအရာရှိများ ပြန်သွားကြသောအခါ အလုပ်ခန်းမှာ တပါးကျွန်တို့ ခေါင်းချင်း ရိုက်ပြီး နှီးနှောဖလှယ်ပွဲကြီး ပြုလုပ်ပြန်သည်။ ဒီကိစ္စကို အဖျားရှူးသွားရန် ဘယ်လို ကြံ ရမည်ဟူသော ခြေထိုးနည်းကို ဆရာကြီးထံ အမိန့်ခံ၍ ပန်ကြားလျက် ရှိလေသည်။ ယုတ်မာနည်း နှင့် ခြေထိုးမှုများကို တခုပြီး တခု အစီအစဉ်ပြုကာ စ၍ ခြေလှမ်းကြပါသည်။
၁၉-၁၁-၆၀နေ့ မနက်မှာဘဲ လွန်ခဲ့သော တပါတ်မှ လေယာဉ်ပျံ လက်မှတ်များ ကြိုတင် ၀ယ်ထား သဖြင့် ငပလီ သို့ နေ့ချင်း ပြန်သွားရန် ကိစ္စကရှိ၍ နေ့ချင်းပြန် ခရီးထွက်ခဲ့ရပါသည်။ ငပလီ အိမ်များ ဆောက်ရာ၌ ကန်ထရိုက် နှင့် ငွေပေးရန် ချိန်းဆိုပြီးသား ဖြစ်သောကြောင့် မသွားမဖြစ်သဖြင့် သွား ရပါသည်။ မနေ့က ဖြစ်ခဲ့သော အရေးပေါ်အရှုပ်အရှင်းများကြောင့်လဲ ရုံးပြင်က ကန္နားကိစ္စတွေက တိုးလာပြန်ပါသည်။
ညစ်ပတ်မှုစီမံကိန်းအမျိုးမျိုး
၂၀-၁၁-၆၀ရက်နေ့ ကျမ ငပလီသို့ လိုက်ရန် မနက် စောစောကြီး လေယာဉ်ပျံကွင်းသို့ ရောက်မှ ယနေ့ထုတ် ဗမာ့ခေတ်သတင်းစာကို ကြည့်မိရာ တာဝန်ခံ ထုတ်ဝေသူ အယ်ဒီတာ ကိုကိုလေး အမည်မပါတော့ဘဲ၊ ပုံနှိပ် ထုတ်ဝေသူ အုန်းခင်ဟု ပါလာပြီး၊ ယခင်က တကြိမ်မှ မထည့်ဘူးဘဲ သတင်းစာ မျက်နှာဖုံး စာလုံးကြီး အပေါ် မှ (ကြီးမှူးထုတ်ဝေသော) ဆိုသော အပိုနာမည်တပ်၍ ထား သည်။ အနိုင်အထက် အဓမ္မစံနစ် သုံးယုံ မက ဤမျှစော်ကားပြလိုက်ပြန်သည်။
ဤသို့ အလွယ်တကူ ပြုနိုင်သည်မှာ မူတာဝန်ခံအယ်ဒီတာ ကိုကိုလေး၏ မတရား တဘက်သတ် ပြုပေးမှု ကြောင့်သာ ဖြစ်သည်ဟု နားလည်ပါသည်။ လွန်ခဲ့သော တပါတ်ခန့်ကပင် ကျမအမည်နှင့် ဖြစ်စေ၊ ကျမ ညွှန်ပြ သူတဦးဦးအမည်နှင့် ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေသူ နာမည်ပြောင်းရန် ပြောစဉ်က မလိမ့်တပါတ် ရက် အချိန် ဆွဲပြီးမှ ရုံးမှာ ကြိတ်၍ သူ့သခင်အမည် သွားပြောင်းပေးလိုက်ကြခြင်း ဖြစ်သည်။ အမည် ပြောင်းရာ၌ ပထမ အမည်ရှိသူက သဘောတူ လက်မှတ်ထိုး၍ ပြောင်းလွှဲပေးမှ ရသည်။ ကျမကို မလိမ့်တပါတ် ပြောထားပြီးမှ တပါးကျွန်ကဲ့သို့ တဖက်သတ် မျက်နှာပြောင်တိုက်၍ အမည်လွှဲပေး လိုက်သည်။ သူရသတ္တိ အပြည့် နှင့် မိန်းမတဦးအား မလေးမခန့် စော်ကားပြလိုက်ခြင်းသာ ဖြစ်ပါ သည်။
မတရား မှုတွေ ကြူးလွန် ထားသူကိုသာ သူတို့တတွေက ဤသို့ မျက်နှာပြောင် တိုက်ခါ တဘက် သတ် ပင်းပေး နေကြရာ ကျမမှာ တဦးတယောက်တည်းသာ ရှိသည်။ မကျန်းမာ၍ စိတ်ရှိ သလောက် ကိုယ်က မပါနိုင် ဘဲ၊ ဆရာဝန်က အစောင့်အရှောက် အကုအသကိုမှ မျက်နှာမလွှဲရ သေး ရှိနေဆဲ ဖြစ်ပါသည်။ မကျန်းမမာ ဖြစ်နေသော မိန်းမသားတယောက်ဟူ၍မှ လူပီပီ ထောက်ထားငဲ့ညှာမည့်သူမရှိဘဲ၊ ယုတ်မာသူ ၏ အသိုင်းအ၀ိုင်းဘက်တော်သားများ ချည်းနှင်နှင် ဖြစ်နေကြပါသည်။ အလုပ်သမားဋ္ဌာန ခေါင်းဆောင် များ ကလည်း နဲနဲမှ ငဲ့ကွက်ဖေါ်မရ၊ မှန်ပါ့ဘုရား အင်အားစုထည်းမှာသာ ရပ်တည်နေကြပါသည်။
ဤမျှမကသေးဘဲ ထိုနေ့ထုတ် ဗမာ့ခေတ်သတင်းစာ အတွင်းတနေရာမှာလည်း ပမာမခန့် လှောင်ပြောင် သော သဘောနှင့် သတင်းအပုဒ်တိုတခုကို ဖေါ်ပြထားသေးသည်။ ထိုသတင်းမှာ ဗမာ့ခေတ် တိုက်အတွင်း ရှိ အိမ်သစ်ကလေးထဲသို့ ပြန်ရောက်နေပြီဟု ဖေါ်ပြရာ၌ ရိုးရိုးမဟုတ်သေး ဘဲ ဟဲ ဟဲ ဟဲ ဟူ၍ အဆစ် ထည့်ကာ လှောင်ပြောင် ထားပါသေးသည်။ မည်မျှ အရှက်နဲလိုက်သည် ကို ထိုအပြုအမူက သက်သေပြ နေပြီး ဖြစ်ရာ ဤမတရားပြုမှု စော်ကားမှုများကို ကျမအနေနှင့် နိမ့် ကျသော အဆင့်အတန်းသို့ ငုံ့ဆင်း ယှဉ်ပြိုင် ရန် မထိုက်တန်တော့သည်အတိုင်း တရားဥပဒေ စည်းဝိုင်း အတွင်းကသာ အတန်းမြင့်မြင့်နှင့် အရေးယူ သင့်သမျှယူဘို့ ဆုံးဖြတ်လိုက်ရပါတော့ သည်။
မပိုင်ဆိုင်တော့သူက ဗမာ့ခေတ်သတင်းစာကို ကြီးမှူး၍ ပုံနှိပ်ထုတ်ဝေပါသည်ဟု ဇွတ်အဓမ္မ အမည် လာတပ် ထားသော်လည်း တရားရုံး၌ ကျမက ကန့်ကွက်၍ ပယ်ဖျက်ပစ်ရမည် ဖြစ်ပါသည်။ သို့သော် ထိုအချိန် ၌ ကျမသည် လေယာဉ်ပျံပေါ်မှာ ရောက်နေပါသည်။ ညနေမိုးချုပ်မှ ငပလီမှ ရန်ကုန်ပြန်လာ ရောက်ရှိ ပါမည်။ ကျမတနေ့လုံး ခရီးသွားနေဆဲတွင် ဗမာ့ခေတ်သတင်းစာတိုက် အယ်ဒီတာခန်း၌ တပါးကျွန် ဇာတ်ခင်းနေသူ အယ်ဒီတာနှစ်ယောက် သုံးယောက်တို့က ဦးစီးပြီး အလုပ်သမား အကြီး အကဲများ ခေါ်ယူကာ ဗိုလ်ဝင် ခံကြပါသည်။
ယာယီ မန်နေဂျာ ဦးဗအေး ကြီးမှူး သော အလုပ်ရုံးခန်းမှ စာရေးစာချီအလိုတော်ရိအိမ်တော်ပါ ငွေထိန်းမ တို့ပါ တကြိတ်တည်း သပိတ် ၀င် အိတ်ဝင် အချိပ်အဆက် ပြုထားကြသည်။ စာစီဋ္ဌာန စက်ရိုက်ဋ္ဌာနတို့မှ အကြီးအမှူးပြုသူ နှစ်ဦးပါ စုရုံးလျက် ရှိပါသည်။
အပြင်မှ ၀င်သူထွက်သူတွေကလဲ ၀င်လိုက်ထွက်လိုက်နှင့် တစုံတခုပြုလုပ်ဘို့ လူစုနေပုံရသည်ဟု အိမ်ကြီး ပေါ်၌ ရှိနေရစ်ကြသော ကျောက်ပန်းတောင်းက မိန်းမများသည် မြင်နေကြရသည်။ ထိုနေ့ တနေ့လုံး ဦးကိုကြီး ဦးပုစသော ယောက်ျားများ မ၀င်မထွက်မလာမရောက်ကြပါ။
မလာသော အကြောင်းပြချက်ကတော့ ဟော့ရမ်းသောင်းကျန်းနေသော အရက်မူးကြီး၏ မလေးမစား ပြုမူ စော်ကားခြင်း ခံရလျှင် ယောက်ျားချင်းဖြစ်၍ ခေါင်းငုံ့ခံနေရလည်း မကောင်း၊ မခံဘဲပြန်တွယ်ရလျှင် လည်း မကောင်း၊ ဘယ်ဘက်ကမှ မကောင်း၍ မလာဟု အကြောင်းပြယုံမက ခြံဝင်းဝမှာ မ၀င်ရ၍ ရစ်သီ ရစ်သီ လုပ်နေကြ ရသော ကျမမောင်းထုတ်ပစ်ထာသည့် ခိုးသား ၄၀ အနွယ်အဆက်ကပ်ပါး မျာသည် လှေထိုး လွှတိုက်၊ ငါးနှိုက်၊ ဖားနှိုက်များပီပီ မနာလိုဝန်တို မျက်လုံးများနှင့် သူတို့ လူသိုက် အားဆီ ဆီးကြည့်လေ့  ရှိသည့် ဒီအဆင့်အတန်းများနှင့်လည်း ဘက်ပြိုင်ရအခက်၊ မဘက်ပြိုင်ရလဲ အခက်ကြောင့် တရက် နှစ်ရက် တော့ မလာကြဘဲ နေကြသည်ဟု ဆိုပါသည်။
ယင်းသို့ ထိုနေ့ညနေ စောစောပိုင်းမှာ အထက်ဖေါ်ပြပါ ရှိခဲ့ပြီးအတိုင်း မတရးအဘက်သပ် အကျိုး ဆောင် အယ်ဒီတာ တို့ အသိုင်းအ၀ိုင်းပြုလျက် အထက်ထပ်အယ်ဒီတာခန်းမှာ ကြိတ်ဝိုင်းတခု ပြုကြ ပါသည်။ ခြံပေါက် လက်သပ်မွေးဓာတ်ပုံဆရာ ယောက်ဖပေါက်စကတဖျပ်ဖျပ်နှင့် ဓာတ်ပုံရိုက်ပေး ရသည်။ ဗမာ့ခေတ် သတင်းစာတိုက် အလုပ်သမားများ၏ အစည်းအဝေးကြီးဟု အမည်ပေးသည်။ ဒေါင့်အမျိုးမျိုးမှ နေ၍ ဓာတ်ပုံရိုက်လျက် နှစ်ခုဆက်ထားရသည်တိုင်အောင် လူဦးရေက နှစ်ဆယ် မျှ မပြည့်ပါ။ လက်သင့်ရာ တို့နှင့် မျက်နှာပြောင်တိုက်၍ လိမ်ကြခြင်းသာ ညစ်ပတ်မှုတွင် ကမ်းကုန် နေသော ဆရာ့ဆရာ၏ စီမံကိန်း သာ ဖြစ်ပါသည်။
ထိုဓာတ်ပုံနှင့် သတင်းမှာ နောက်တနေ့ ၂၁-၁၁-၆၀ထုတ် ဗမာ့ခေတ်သတင်းစာတွင် ပါလာမှ မည်မျှ ကလိမ် ကျပြီး ခြေထိုးမှုသတင်းပေး လက်သွက်ကြသည်ကိုလည်း ကွင်းကွင်းကွက်ကွက်ကြီး သိရပါသည်။
စေတနာ ဆိုသည့် မရေရာတဲ့ သတင်းလုပ်ကြံမှု ဆက်ရန်
.

No comments:
Post a Comment