စေတနာ ဆိုသည့် မရေရာတဲ့ သတင်းလုပ်ကြံမှု
ထိုနေ့ညနေနေ၀င် မီးထွန်းချိန်ရောက်မှ ကျမသည် ငပလီမှ ပြန်ရောက်လာပါသည်။ ပုဒ်မ ၁၄၅အရ သတင်းစာတိုက်ပိတ်ပစ်ရန် တိုင်တန်းထားသော ရုံးကိစ္စအတွက် မောင်ဝမ်းကွဲ အရာရှိ နှစ်ယောက် က အပြင်မှ တယ်လီဖုန်းနှင့် ဆက်၍ မေးပြီး ကျမ ပြန်မရောက်သေးလျှင် ရုံးကိစ္စအတွက် ရှေ့နေ ရှေ့ရပ်များနှင့် သူတို့စကားပြောထားရမည် ဖြစ်သည်။
ရှေ့နေများမှာ အများအားဖြင့် အသိအကျွမ်း ထဲက ရှေ့နေကြီးများမှာ နှစ်ဘက်မျက်နှာအားနာ` မည်သူဘက်ကမှ လိုက်ပါဆောင်ရွက်ခြင်း မပြု လိုဟု ငြင်းဆိုနေကြောင်း သိရပါသည်။ သို့ကြောင့် နောက်နောက်က ကျမတို့နှင့် သိဟောင်း ကျွမ်းဟောင်းများ မဟုတ်သော အလုပ်သဘောကို လက်ခံမည့် ရှေ့နေကြီးများကိုသာ ရှာဖွေရမည် ဆိုပါသည်။
ဤသို့ အသိအကျွမ်းဟောင်းထဲက မဟုတ်သည့်တိုင်အောင် အချို့ကလင်မယားတရားဖြစ်ကြရာ၌ လိုက်ပါဆောင်ရွက်ခြင်း မပြုလိုကြသေးပေ။ သို့သော် မငှားမနေရ ရုံး ၌ ရင်ဆိုင်ရမည့် ကိစ္စကြောင့် မရ ရအောင်ပင် ရှာရကြောင်း ပြောပြပါသည်။
နောက်တနေ့ ၂၁-၁၁-၆၀နေ့မှ မနက်ထုတ်ဝေသော ဗမာ့ခေတ်သတင်းစာ ထွက်လာပါသည်။ မျက်နှာဖုံးမှာ မနေ့က စီးဝါးကိုက်ထားသည့်အတိုင်း လက်ပါးစေ အယ်ဒီတာကိုကိုလေး ခင်မောင်လေးတို့ ဦးစီးကာ ဆရာ့အမိန့်ဆရာ့အကြံဥာဏ်အတိုင်း ကိုယ့်ဖဲကိုယ်ထိုး၍ ကိုယ့်ဖဲ ကိုယ်ချိုးပြီးဝေသော လုပ်ကြံဇာတ်ထုတ်သတင်းကြီးကို ခေါင်းစီစာလုံးနှင့် မနေ့က ရိုက်ထားသည့် လူနှစ်ဆယ်ပါဝင်သော ဓာတ်ပုံဘလောက်နှင့်တကွ (ဗမာ့ခေတ်ဝိုင်းတော်သားတို့စေတနာ)ဆိုသော ခေါင်းစဉ်စာလုံနှင့် အောက်ပါ သတင်း ကို ထည့်သွင်းထားသည်။
ဗမာ့ခေတ်အလုပ်သားအားလုံး စည်းဝေးဆုံးဖြတ်ကြခြင်း
ရန်ကုန်မြို့ အမှတ် ၂၅၃-ဘောင်ဒရီလမ်းရှိ ဗမာ့ခေတ်သတင်းစာတိုက်မှ ဋ္ဌာနပေါင်းစုံ အလုပ်သမား များ၏ အစည်းအဝေး ကို နိုဝင်ဘာလ ၂၀ ရက်နေ့ညနေ ၆နာရီအချိန်တွင် ဗမာ့ခေတ်သတင်းစာ တိုက်၌ ကျင်းပရာ အလုပ်သမား အားလုံး စုံစုံညီညီ တက်ရောက်ကြ၏။
အစည်းအဝေး၌ သဘာပတိအဖြစ် အယ်ဒီတာ ဦးကိုကိုလေးက ဆောင်ရွက်၍ အခမ်းအနားမှူး အဖြစ် အယ်ဒီတာကိုခင်မောင်လေးက ဆောင်ရွက်၏။
ထမင်းအိုး
အစည်းအဝေး၌ သဘာပတိ ဦးကိုကိုလေးက အစည်းအဝေးခေါ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြရာ တွင် ဦးအုန်းခင် နှင့် ဒေါ်ခင်ခင်လေးတို့၏ လင်နှင့်မယားအချင်းများကြသည့်ကိစ္စတွင် အလုပ်သမား များ၏ ထမင်းအိုး ဖြစ်သော ဗမာ့ခေတ်သတင်းစာတိုက်ကြီးများကို ပိတ်ထားရသည့်အဖြစ်မျိုးသို့ မရောက်စေ လိုကြောင်း။
သင့်သင့်မြတ်မြတ်
ယခု အလုပ်သမား အချင်းချင်း သင့်တင့်ညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်နေစဉ်အတွင်း အလုပ် သမားများ ကြောင့် ဗမာ့ခေတ်သတင်းစာကို ချိပ်ပိတ်ရမည်ကဲ့သို့ အခြေအနေ ဖြစ်ပေါ်နေကြောင်း။
အုပ်စုမကွဲပါ
ထို့ကြောင့် ဗမာ့ခေတ်သတင်းစာတိုက် အလုပ်သမားများသည် သင့်မြတ်စွာ ရှိကြပြီး ဗမာ့ခေတ် သတင်းစာ တိုက်ကြီးကို ချိပ်ပိတ်ရသည့် အဖြစ်သို့ မရောက်အောင် ကြိုးပမ်းဘို့ လိုအပ်သည့် အတွက် ယခုကဲ့သို့ အစည်း အဝေး ခေါ်ရကြောင်းဖြင့် ရှင်းပြ၏။
ဆုံးဖြတ်ချက်
ထိုနောက် အလုပ်သမားများအားလုံးက တညီတညွတ်တည်း အောက်ပါ ဆုံးဖြတ်ချက်များကို သဘောတူချမှတ်ကြ၏။
ဆုံးဖြတ်ချက်များမှာ (၁) ကျွန်တော်များ အလုပ်သမားများ၏ အမိအဘ သဖွယ် မှီခိုအားထားရာ ဖြစ်သော ဗမာ့ခေတ်ဦးအုန်းခင်နှင့် ဒေါ်ခင်ခင်လေးတို့သည် စိတ်အခန့်မသင့်ကြသဖြင့် အချင်းများ နေကြသည့် ကိစ္စအတွက် အထူးဝမ်းနည်းပါကြောင်း။
(၂) ဗမာ့ခေတ် ဦးအုန်းခင်နှင့် ဒေါ်ခင်ခင်လေးတို့သည် လျင်မြန်စွာ သင့်တင့်ညီညွတ်သွားပါစေ ဟူ၍ ဆုတောင်းပါကြောင်း။
(၃) ဗမာ့ခေတ် ဦးအုန်းခင်သည် ဗမာ့ခေတ်သတင်းစာတိုက်သို့ ပြန်လာသော ၁၉၆၀ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့ ည ၉နာရီ အချိန်က စ၍ ယခုအချိန်ထိအောင် ဗမာ့ခေတ်သတင်းစာ တိုက်နှင့်တကွ ကျွန်တော် များ အလုပ်သမားထု၏ အကျိုးကို ခါတိုင်းကဲ့သို့ပင် ရှေ့ရှုလုပ်ကိုင်နေ သဖြင့် ဗမာ့ခေတ်လုပ်သာားများက ၀မ်းမြောက် ကြောင်း။
(၄) ဗမာ့ခေတ်သတင်းစာတိုက်မှ လုပ်သားများသည် ဘက်လိုက်မှု၊ စိတ်ဝမ်းကွဲမှု၊ မရှီကြသည့်ပြင် ပဋိပက္ခ အဓိကရုဏ်း ဖြစ်ဘို့ဝေးစွ၊ အလုပ်သမားထု တရပ်လုံးက မျှော်လင့်တောင့်တနေသည့် အတိုင်း ဦးအုန်းခင် ပြန်ရောက်လာခြင်းအတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပြီး မိမိတို့၏ တာဝန် ၀တ္တရားများကို စည်းစည်း လုံးလုံးနှင့် ကြိုးစား လုပ်ကိုင်သွားကြရန် ကတိပြုကြောင်း။
(၅) အလုပ်သမားတို့ ဘက်မှ အထက်ပါ ကတိတာဝန်ခံ ပြီးသည့်နောက် ဤအလုပ်သမားများ၏ စားဝတ် နေရေးတို့ကို ထောက်ရှုပြီး ဦးအုန်းခင် ဒေါ်ခင်ခင်လေးတို့ နှစ်ဦးစလုံးကလည်း ဗမာ့ခေတ် သတင်းစာ တိုက်ကြီးကို ပိတ်ပစ်မှု အတွက် မည်သို့မျှ မစဉ်းစား မကြိုးပမ်းရန် အထူးပင် မေတ္တာ ရပ်ခံကြောင်း စသည် တို့ ဖြစ်၏။
ယင်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် အောက်ပါ (၇)ဦး ကော်မတီကို အများသဘောတူ တာဝန်ပေးဖွဲ့စည်းလိုက်၏။
သူတို့
ကော်မတီများမှာ အယ်ဒီတာချုပ် ဦးကိုကိုလေး၊ အယ်ဒီတာ ဦးခင်မောင်လေး၊ အယ်ဒီတာဦးမြသွင်၊ နိုင်ငံခြားရေးအယ်ဒီတာဦးချစ်သိမ်း၊ တိုက်အုပ် ဦးဗအေး၊ စက်ဋ္ဌာနဖိုမင် ဦးသန်းမောင်၊ စာစီဋ္ဌာနဖို မင်ချုပ် ဦးဖိုးကျားတို့ ဖြစ်၏။
ဤသို့ ဤသို့လျှင် ၂၁-၁၀-၆၀နေ့ထုတ် ဗမာ့ခေတ်သတင်းစာမှာ အယ်ဒီတာ ကိုကိုလေးက ဆရာ့ ဘက်တော်သားပီပီ၊ မျက်နှာပြောင်တိုက်၍ သပ်ရိုက်သွင်းပြီး ဖဲလိမ်ရိုက်လိုက်သည်။ ဖဲဆင်ပြီး နှပ်ကြောင်းပေးလျက် ကိုယ့်လက်နှင့် ကိုယ်ပြန်ချိုး၍ ဝေလိုက်ပါသည်။ ရှင်းရှင်းရေးရလျှင် ကျမ အား တိုက်သားအားလုံးက ၀ိုင်းသတ်ကြသည်နှင့်အတူတူပင် ဖြစ်ပါသည်။ သို့ရာတွင် တရားကို နတ်စောင့်သည်၊ လူတွေက ဘယ်လိုပင်ကောက်ကောက် တရားက ဖြောင့်ပေးရသည်မှာ မကြာမီ တွေ့ရှိရပါလိမ့်မည်။
တရားဥပဒေ အကျုံးမ၀င်သော် ဘုရားဥပဒေက မကြာမှီ အဆုံးအမပေးမည် ဆက်ရန်
.

No comments:
Post a Comment