အခန်း (၆)
ဝီလျံကိန်း ကလေးသည် တစ်နေ့တခြား လျှင်မြန်စွာ ကြီးထွားသန်မာလာခဲ့သည်။ သူ့ကို မြင်ရသူမှန်သမျှ ချစ်မ၀ အောင် ဖြစ်ကြရသ်ည။ အထူးသဖြင့် မိဘဆွေမျိုးများနှင့် အိမ်ဖော်များမှာ လက်က မချနိုင်အောင် အချစ်သည်း နေကြသည်။
ဘီကွန်တောင်ကုတ်းပေါ်မှ လူးဝစ်စတတ်ရိပ်သာရှိ ကိန်းမိသားစုပိုင် ၁၈ရာစုခေတ် အိမ်ကြီး၏ အပေါ်ဆုံးထပ်မှာ ကစားစရာတွေ အပြည့်ဖြင့် ကလေးထိန်းခန်းအဖြစ်သို့ ပြောင်းလဲ သွားသည်။ ကလေးထိန်းအမျိုးသမီးကိုလည်း အင်္ဂလန်နိုင်ငံမှ အထူးတလည် ခေါ်သူခဲ့သည်။ ကလေးထိန်းအမျိုးသမီးတိုးလာ၍ အခန်းက ကျဉ်းလှသေးသည်ဆိုကာ အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်း တစ်ခန်းပင် ထပ်မံတိုးချဲ့လိုက်သေးသည်။
ကလေးပါးစပ်မှ ပထမဆုံးပြောလာသောအသံ၊ ပထမဆုံးထွက်လာသောသွား၊ ပထမဆုံး လမ်းလျှောက်သော နေ့နှင့် ပထမဆုံး ပြောသောစကားတို့ကို မိခင်ဖြစ်သူအယ်နီက နေ့ရက် အချိန် နာရီနှင့်တကွ အတိအကျ မှတ်တမ်းတင်ထားသည်။ သို့သော် ဘီကွန်တောင်ကုန်းပေါ်မှ အခြားကလေးများနှင့် ထူးထူးခြားခြား ကွဲပြားမှုမရှိသည်ကို တွေ့ရသောအခါ အယ်နီက အံ့သြမိသည်။
ကလေး၏ ဖခင်ကနေ့စဉ် နေ ၆ နာရီတိုင်း အချိန်မှန်မှန်ကလေးကို လာကြည့်သည်။
သို့သော်သူက ကလေးကို ဘာစကားမှမပြော။ ကလေးငယ်အား ဟိုစကား သည်စကားတွေ ပြော၍ ချော့မြူယုယလျှင် ကလေးအနေဖြင့် အစွဲအလမ်းမှားပြီး ပင်ကို ကိုယ်ရည်ကိုယ်သွေး ပျက်စီးသွားနိုင်သည်ဟု ဖခင်ဖြစ်သူက ယူဆသည်။ ထို့ကြောင့် သားအဖနှစ်ယောက် ဘာစကားမှမပြောဘဲ တစ်ယောက်မျက်နှာကိုသာ တစ်ယောက် စိုက်ကြည့်နေတတ်သည်။ ကလေးက ဖခင်၏ လက်ညှိုးကို သူ့လက်ကလေးဖြင့် ကျစ်ကျစ်ပါအောင် ဆွဲဆုပ်ထားသည်။ ကလေး၏ ဖခင်သည် ဘဏ်တိုက်မှ ငွေစာရင်းများကို စစ်ဆေးသောအခါ ထိုလက်ညှိုးဖြင့်ပင် ထောက်၍ ထောက်၍ စစ်ဆေးတတ်သည်။
သားလေး၏ အပြုအမူကိုကြည့်၍ ရစ်ချတ်က ကျေနပ်ပြုံး ပြုံးမိသည်။ ဘမျိုးဘိုးတူဆိုသည့် အတိုင်း ဖခင်ခြေရာနင်းမည့် သားကလေးမဟုတ်လား။
တစ်နှစ်သားရတော့ ကလေးကို ဖခင်နေသော အောက်ထပ်သို့ ဆင်းခွင့်ပြုသည်။
ဖခင်ဖြစ်သူက အနီရင့်ရောင့် သားရေးဖုံး နောက်မြင့်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ကလေးက ခြေမခိုင် လက်မခိုငဖြင့် ဖခင်ဆီသို့ ဒီယီးဒယိုင် လျှောက်လာသည်။ ဖခင်က သားငယ်ကိုကြည့် သဘောကျနေသည်။ ကြီးလာလျှင် အထက်လွှတ်တော် အမတ်ဖြစ်မည့်သား ဟူ၍ မှတ်ချက်ချလိုက်သည်။
ဝီလျံကလေးသည် ၁၃ လသား အရွယ်ရောက်တော့ ဖခင်ဖြစ်သူ၏ ကုတ်အင်္ကျီရှည်ကြီး အစွန်ကိုဆွဲကာ နောက်မှ တဒေါက်ဒေါက်လျှောက်တတ်ပြီ။
ကလေး သည် 'ဒါဒါ'ဟူသော စကားကို ပထမဆုံးပြောသည်။ ဘွားဘွားကိန်းနှင့် ဘွားဘွားကဘော့တို့ အပါအ၀င် အားလုံးက အလွန်သဘောကျနေကြသည်။ အဘွားနှစ်ယောက် က ရက်ခြားလိုလို မြေးကလေးဆီ လာလည်ကြသည်။
ကလေးနှစ်နှစ်သားအရွယ် ရောက်သောအခါ ကလေးအတွက် အဖော်ရအောင် ညီကလေး ဖြစ်ဖြစ်၊ ညီမကလေးဖြစ်ဖြစ် တစ်ယောက်တော့ လိုအပ်ပြီဆိုသည်ကို အဘွားနှစ်ဦးက တိုက်ရိုက် မဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့် ပြောလာကြသည်။ တိုက်တိုက်ဆိုင်ဆိုင် အယ်နီမှာ ကိုယ်ဝန်ရှိလာ၍ အဘွားတွေ ဆန္ဒပြည့်ဝပြီး ၀မ်းသာကြရသည်။ သို့သော် ကိုယ်ဝန်လေးလသား ရတော့ အယ်နီသည် မအီမသာဖြစ်လာသည်။ ကျန်းမာရေး ချူချာလာသည်။
မိသားစုဆရာဝန် ဒေါက်တာမက်ကင်ဇီက အယ်နီ၏ ကိုယ်ဝန်ကို စ်စဆေးစမ်းသပ်ပြီး ပြုံးသည်။ ရက်သတ္တပတ် ၁၆ ပတ်တွင် ကိုဝန်ပျက်ကျသောအခါ ဒေါက်တာ မက်ကင်ဇီက ဘယ်လိုမှ အံ့သြခြင်းမဖြစ်မိ။ အယ်နီ၏ ကြေကွဲမှုအတွက်လည်း သူက နှစ်သိမ့်စကားဆိုသည်။ ဆရာဝန်က ဆေးမှတ်တမ်းတွင် 'ကိုယ်ဝနအဆိပ်တက်ရောဂါကြောင့်'ဟု ရေးသွင်းလိုက်သည်။ ပြီးတော့ သူကပြောသည်။
'အယ်နီ၊ ဖြစ်သင့်လို့ဖြစ်တာ ၀မ်းနည်းမနေပါနဲ့တော့၊ မင်းနေထိုင်မကောင်းတာက သွေးတိုးရောဂွရှိနေလို့ ဖြစ်ရတာ၊ ကိုယ်ဝန်ရင့်လာရင် သွေးတိုးက ပိုဆိုးလာလိမ့်ဦးမယ်၊ ကိုယ်ဝန်ဆောင်တွေ သွေတိုးရောဂါဖြစ်တာကို ကနေ့အထိ ဘယ်ဆရာဝန်မှ ပိုင်ပိုင်နိုင်နိုင မကုသ နိုင်သေးပါဘူး၊ တကယ်တော့ ဒီကလေး ပျက်ကျသွားတာ မင်းအတွက် ကံကောင်းတာပဲ၊ နို့မဟုတ်ရင် မိခင်ကို အသက်အန္တရာယ်ပြုမှာ ကျန်းသေပဲ'
အယ်နီက တစ်သက်လုံး နောက်ထပ် ကလေးမရတော့ဘဲ ဒီအတိုင်းနေသွားရမည်ကို တွေးပြီး ၀မ်းနည်း မိသည်။ မျက်ရည်မထွက်အောင် မနည်းထိန်းထားရသည်။
'နောက်ထပ် ကိုယ်ဝန်ရှိလာရင်လည်း အဲလိုပဲ သွေးတိုးလာဦးမှာလား ဒေါက်တာ' သူမက မျှော်လင့် တကြီးဖြင့် မေးလိုက်သည်။
'အဲဒီလို ဖြစ်မလာရင် အလွန်အံ့သြစရာပဲ၊ ဒီစကားပြောရတာ ကျုပ်စိတ်မကောင်းပါဘူး၊ မပြောမဖြစ်လို့ ပြောရတာပဲ၊ အကောင်းဆုံးကတော့ နောက်ထပ် ကလေးမမွေးတော့တာ အကောင်းဆုံးပဲ'
'ကိုယ်ဝန်နုတုန်း နေမကောင်းဖြစ်ရင် ဖြစ်ပါစေ ဒေါက်တာ၊ ကျွန်မခံနိုင်ပါတယ်၊ ကလေးရဖို့သာ'
'ကျုပ်က နေမကောင်းဖြစ်ရုံလောက်ကိုသာ ပြောနေတာမဟုတ်ဘူးအယ်နီ၊ မင်းအနေနဲ့ အသက်ကိုပါ စွန့်လွှတ်၇မယ့်ကိစ္စမို့လို့ ပြောနေတာပဲ'
ရစ်ချတ်ရော အယ်နီပါ အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်ကြရဂသည်။ သူတို့နှစ်ယောက်စလုံးသည် တစ်ဦးတည်း သော သားသမီးများ ဖြစ်ကြသည်။ အထူသဖြင့် သူတို့၏ ဖခင်များမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန် သွားခဲ့သောကြောင့်ဖြစ်သည်။ မျိုးဆက်ာဝန်ကို ပြည့်ပြည့်၀၀ လက်ဆင့်ကမ်း ဆောင်ရွက်ရန် သားထောက် သမီးခံ လုံလုံလောက် လောက် လိုအပ်သည်ဟု သူတို့နှစ်ယောက်လုံး ခံယူကြသည်။ ယခုတော့ သည်သားကလေး တစ်ယောက်နှင့်ပင် ကျေနပ်ကြရတော့မည်။ အယ်နီခမျာ ၀မ်းနည်းပက်လက် ဖြစ်သွား ရှာသည်။
'အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ နောက်ထပ်ကလေးမမွေးတော့ဘူးဆိုရင် မိန်းမတစ်ယောက်အဖို့ တစ်သက်လုံး ဘယ်လိုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေသွာနိုင်မှာလဲ'
မစ္စက်ကဘောက်က မစ္စကိန်းကအား သည်လိုပြောလိုက်တော့ အယ်နီမှာ ပို၍ စိတ်မချမ်းမသာဖြစ်ရရှာသည်။
သည်ကိစ္စကို နောက်ထပ် ဘယ်သူမှ မပြောကြတော့။ ၀ီလျံကလေးအပေါ်တွင်သာ အားလုံး ပုံချစ်နေကြတော့သည်။
ရစ်ချတ်၏ ဖခင်သည်။ ၁၉၀၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။ မိသားစုပိုင် ''ကိန်းကဘော့ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာထိန်း ကုမ္ပဏီ'' ဥက္ကဋ္ဌ ရာထူးကို ရစ်ချတ်က ဆက်ခံခဲ့သည်။ သူသည် အလုပ်ထဲတွင် စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့သည်။
ဘဏ်တိုက်သည် "စတိတ်"လမ်းမကြီးပေါ်တွင်ရှိသည်။ ကြီးကျယ်ခမ်းနားသည်နှင့်အမျှ ဗိသုကာ လက်ရာလည်း အလွန်ပြောင်မြောက်သည်။ နယူးယောက်၊ လန်ဒန်နှင့် ဆန်ဖရန်စစ္စကိုမြို့ကြီးများတွင်လည်း ဘဏ်ခွဲ များရှိသည်။
ရစ်ခတ် ဘဏ်ဥက္ကဋ္ဌဖြစ်လာပြီး နှစ်နှစ်အကြာ ၁၉၀၆ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ဆန်ဖရန်စစ္စကိုမြို့မှ ဘဏ်တိုက်ကြီး ပြိုပျက်သွားသည်။ ရစ်ချတ်က စီးပွားရေးလုပငန်းတွင် စေ့စပ် သေချာသူဖြစ်၍ လန်ဒန်မြို့မှ လွိုက်ဘဏ်တွင် အာမခံထားခဲ့သောကြောင့် တော်ပါသေးသည်။ အာမခံငွေနှင့်ပင် ဘဏ်တိုက်ကို အသစ် ပြန်ဆောက် နိုင်ခဲ့သည်။ ဘော့စတွန်မြို့နှင့် ဆန်ဖရန်စစ္စကို မြို့သည် မီးရထားလေးရက်ခရီးဖြစ်သည်။ ရစ်ချတ်သည် ထိုခရီးကို အစုန်အဆန် ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် အလီလီသွားလာကာ တိုက်သစ် ဆောက်ရာ တွင် ကြီးကြပ် ကွပ်ကဲခဲ့ရသည်။
၁၉၀၇ ခုနှစ်၊ အောက်တိုဘာလတွင် "ပြည်ထောင်စုရိပ်သာ"၌ တိုက်သစ်ဖွင့်ပွဲ ပြုလုပ်သည်။ ထိုအချိန်တွင် နယူးယောက် ဘဏ်တိုက်များ လုပ်ငန်း အခက်အခဲကြုံလာကြသည်။ ငွေအပ်နှံထားသူများ အစုလိုက် အပြုံလိုက် ပြန်လည်ထုတ်ယူကြသဖြင့် ဘဏ်တိုက်ကလေးများ ဒေ၀ါလီခံကြရသည်အထိ အခြေအနေ ဆိုးလာသည်။
ကမ္ဘာကျော် ဘဏ်တိုက်သူဋ္ဌေးကြီး ဂျေ၊ ပီ၊ မော်ဂန်က ရစ်ခတ်အား ဖိတ်ခေါ်ဆွေး နွေးသည်။ လုပ်ငန်းတူ ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းခြင်းဖြင့် အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရန် အကြံပေးသည်။ ရစ်ချတ်ကလည်း ၀မ်းပန်းတသာ သဘောတူ လက်ခံသည်။ သည်လိုနှင့် ပြဿနာ တွေက တဖြည်းဖြည်းပြေလည်သွားခဲ့သည်။
တခြာတစ်ဖက်တွင် ၀ီလျံကလေးမှာတော့ အပူအပင်မရှိ၊ အိပ်လိုက် စားလိုက် ကစားလိုက်ဖြင့် တစ်နေ့တခြား ကြီးထွာလာခဲ့သည်။ သူ့မွေးနေ့တွင် ငလျင်ကြီးလှုပ်၍ သူတို့မိသားစုပိုင် ဘဏ်တိုက်ကြီး ပြိုကျသည် ကိုလည်းဘာမှမသိ။ ဘဏ်တိုက်တွေ လုပ်ငန်းပျက်ပြီး စီးပွားရေး ကသောင်းကနင်း ဖြစ်နေသည် ကိုလည်း လုံးဝမသိ။
နောက်နှစ် နွေဦးပေါက်ရာသီရောက်တော့ ရစ်ချတ်သည် "ဟင်နရီဖို့"ဟု ခေါ်သော စက်မှုလုပ်ငန်းရှင် တစ်ဦးနှင့် ဆက်မိသည်။ ရစ်ချတ်သည် ဟင်နရီဖို့အား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ ဟင်နရီဖို့က သူသည် အများပြည်သူ သုံးစွဲနိုင်မည့် မော်တော်ကားတစ်မျိုး ကို ထုတ်လုပ်နိုင်သည်ဟု ပြောပြီး 'တီ'အမျိုးအစား ကားတစ်စီးကို ဒေါ်လာ ၈၅၀ ဖြင့် ၀ယ်ယူရန်လည်း ရစ်ချတ်အား စည်းရုံးသည်။
ထို့ပြင် ရစ်ချတ်၏ ဘစ်တိုကက အရင်းငွေ စိုက်ထုတ်ပေးမည်ဆိုလျှင် နှစ်အနည်းငယ်အတွင်းတွင် ကာတစ်စီးကို ဒေါ်လာ ၃၅၀ဖြင့် ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ဆိုလျှင် လူတိုင်း ကားဝယ်စီးနိုင်ပြီး အရင်းထုတ်ပေးသော ဘဏ်တိုက်က အရင်းငွေ စိုက်ထုတ်ပေးမည်ဆိုလျှင် နှစ်အနည်းငယ်အတွင်းတွင် ကားတစ်စီးကို ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆိုလျှင် လူတိုင်း ကားဝယ်စီးနိုင်ပြီး အရင်းထုတ်ပေးသော ဘဏ်တိုက်များအနေဖြင့် ပထမဆုံးအကြိမ် ရင်းနှီးမြှပ်နှံလိုက်ခြင်းပင် ဖြစ်သည်။
အစပထမတွင်သူ့လို ဘဏ်လုပ်ငန်းဥက္ကဋ္ဌကြီးတစ်ယောက်အနေဖြင့် ဆွဲဆောင်မှုမရှိသော မည်းမှောင် မှောင်အနက်ရောင် မော်တော်ကာကို စီး၍ သွားလာရမည်ကို သဘောမကျသလို ဖြစ်မိသည်။ သို့သော် လက်တွေ့ အသုံးချကြည့်သောအခါတွင်တော့ တော်တော်ပင် သဘောကျမိသည်။ မော်တော်ကားက တစ်နာရီ တွင် ၁၀ မိုင်သာ ခရီးပေါက်ပြီး မြင်းရထားတက် အသံဗလံ ဆူညံသော်လည်း မောင့်ဗာနွန်လို လမ်းကျယ်ကြီးအလယ်တွင် အညစ်အကြေးမစွန့်ဘဲ သန့်သန့်ရှင်းရှင်း သွားလာနိုင်သည်။ သည် တစ်ချက်ကပင် သူက မော်တော်ကားကို ကြိုက်သွားပြီ။
သို့သော် ကားအရောင်းကိစ္စနှင့် ပတ်သက်၍တော့ ဟင်နရီဖို့နှင့် အတော်ကလေး ပြင်းပြင်းထန်ထန် ငြင်းခဲ့ရသ်ည။ သူက ကားကို အနက်ရောင်တစ်မျိုးတည်းသာ မထုတ်လုပ်ဘဲ အရောင်မျိုးစုံ စမ်းသပ် ထုတ်စေ ချင်သည်။ သို့သော် ဟင်နရီဖို့က ရစ်ချတ်၏ အဆိုပြုချက်ကို လက်မခံ။ အနက်ရောင် တစ်ရောင်တည်း ထုတ်လုပ်ခြင်းမှာ ဈေးသက်သာအောင် ထုတ်လုပ်ရခြင်း ဖြစ်သည်။ ရောင်စုံထုတ်လုပ်လျှင် ယခုထက် ဈေးပိုကြီး လာပြီး အရောင်းမသွက် ဖြစ်လာမည်ဟု အကြောင်းပြသည်။
သူ့အကြောင်းပြချက် ခိုင်လုံနေသော်ကြောင့် ရစ်ချက်က လက်လျှောက်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ရစ်ချတ်က ပေါ်ခါစ "တီ"အမျိုးအစား "ဖို့"ကားကလေးနှင့် လမ်းသလားရသည်ကိုတော့ အတော်ကြီး ကျေနပ်နေပြီဖြစ်သည်။ သူသည် စီးနေကျ မြင်းရထားကို လုံးဝမစီးတော့ဘဲ ကလေးထိန်း အမျိုးသမီးအား ပေးလိုက်သည်။
နောက်နှစ်နှစ်အတွင်း ဘဏ်လုပ်ငန်းသည် တစ်ရှိန်ထိုး တိုးတက်ကြီးပွားလာခဲ့သည်။ ၀ီလျံကလေး မှာလည်း အချိန်ကာလနှင့်အတူ ကြီးပြင်းလာခဲ့သည်။
အမေရိကန်လူမျိုးတွေး စီးပွားရေးလာဘ်မြင်လာပြီး လုပ်ငန်းတိုးချဲ့လာကြသည် ကိန်းကဘော့ ဘဏ်တိုက်တွင်လည်း ငွေတွေလှိမ့်ဝင်လာသည်။ မက်ဆာချူးဆက် ပြည်နယ်၊ လိုဝယ်မြို့မှ လိုဝယ်သားရေလုပ်ငန်းစက်ရုံကိုလည်း တိုးချဲ့လုပ်ကိုင်သည်။
ရစ်ချတ်က ဒီရေအလားတိုးပွားလာသော သူ့လုပ်ငန်းနှင့် တစ်နေ့တစ်ခြား လူလားမြောက်လာသော သားကလေးတို့ကိုကြည့်ပြီး အကျေနပ်ကြီး ကျေနပ်နေမိသည်။
ဝီလျံကလေး ငါးနှစ်ပြည့်သောနေ့တွင် ကလေးကို အမျိုးသမီးကလေးထိန်းလက်မှယူပြီး ကိုယ်ပိုင် ဆရာလက်သို့ ပြောင်းလဲအပ်နှံလိုက်သည်။ ကိုယ်ပိုင်ဆရာကိုလည်း အင်္ဂလန်မှပင် အထူးခေါ်ယူခန့်ထားသည်။ ဆရာနာမည်က မစ္စတာမွန်ရိုး။ တစ်နှစ်လျှင် ဒေါ်လာ ၄၅၀ ပေးရသည်။ စုစုပေါင်း ဆရာရှစ်ယောက် လျှောက်လွှာတင်လာသည်။ ရှေ့ပြေးစ်ဆေးမှုကို ရစ်ချတ်၏ ကိုယ်ရေးအတွင်းရေးမှူးက စစ်ဆေးရွေးချယ်သည်။ နောက်ဆုံးမှ ရစ်ချတ်က အတော်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရစ်ချတ်က မစ္စတာမွန်ရိုးအား သူ့သားကလေးကို ၁၂ နှစ်သားအရွယ်ရောက်လျှင် စိန်ပေါကျောင်းသို့ အရည်အချင်းပြည့်ပြည့်နှင့် အပ်နှံနိုင်ရန် သင်ကြားပေးဖို့ တာဝန်ပေးသည်။ ကလေးက ဆရာဖြစ်သူကို မြင်လျှင် မြင်ချင်း သဘောကျသွားသည်။ အထင်လည်း ကြီးမိသည်။ သို့သော် အသက်ကတော့ တော်တော်ကြီး ပြီဟု ထင်မိသည်။ တကယ်တော့ ဆရာ့အသက်က ၂၃ နှစ်သာရှိပါသေးသည်။ အင်္ဂလန်နိုင်ငံ၊ အီဒင်ဘာရာ တက္ကသိုလ်တွင် အင်္ဂလိပ်စာပေဆိုင်ရာ ကထိက လုပ်ခဲ့သူဖြစ်သည်။
ဝီလျံကလေးသည် အရေးအဖတ်ကို အခက်အခဲမရှိ လွယ်လွယ်နှင့် တတ်သည်။ သို့သော် သူအကြိုက်ဆုံး ဘာသာရပ်မှာ စာပေမဟုတ်၊ ဂဏန်းသင်္ချာသာဖြစ်သည်။ တစ်နေ့လျှင် ရှစ်ဘာသာ သင်ရသည်။ ဂဏန်း သင်္ချာ တစ်ချိန်သာပါသည်။ သည်အချက်ကို သူကမကျေနပ်။ တစ်နေ့တွင် ဘဏ်လုပ်ငန်းများ ဥက္ကဋ္ဌကြီး ဖြစ်လာမည့် လူတစ်ယောက်ကို တစ်နေ့လုံး စာသင်ချိန် ရှစ်နာရီရှိသည့်အနက် တစ်ချိန်သာ သင်ခြင်းမှာ လုံလောက်သော ရင်းနှီးမြှုပ်နှံမှု မဟုတ်ဟု ၀ီလျံက သူ့ဖခင်ဖြစ်သူအား ကြီးကြီးကျယ်ကျယ် အရေးဆိုသည်။ ဖခင်ဖြစ်သူက ကျေနပ်စွာဖြင့် 'တစ်နေ့ လုံလုံလောက်လောက် သင်လာရမှာပေါ့သားရယ်'ဟု ပြောသည်။
သို့သော် ၀ီလျံ၏ စိတ်ထဲကတော့ သိပ်ပြီး မကျေနပ်။ ထို့ကြောင့် သူကသူ့စိတ်ကူးနှင့်သူ ပုစ္ဆာတွေထွင်ပြီး တွေ့ရာလူ လျှောက်တွက်ခိုင်းသည်။ အထူးသဖြင့် အဘွားနှစ်ယောက်မှာ သူ့အတွက် အငြိမ်မနေကြရ။ မြေးကလေး၏ ပုစ္ဆာကို မဖြေနိုင်သောအခါ အဘွားကြီးတွေမှာ ခေါင်းကုတ်ကြရသည်။ ဘွားဘွား ကဘော့ ကတော့ အတွက်အချက် များစွာမကျွမ်းကျင်၊ ဖြတ်ထိုးဥာဏ်လည်း သိပ်မရှိ။ ဘွားဘွားကိန့်းကတော့ တော်တော်တတ်သည်။ အကင်း လည်းပါးသည်။ ၀ီလျံက ပုစ္ဆာတင်လာလျှင် သူက ခက်ခဲသော ထပ်ကိန်းပုစ္ဆာများ၊ အတိုးတွက်ပုစ္ဆာ များကို ပြန်မေးသည်။ စိတ်မရှည်နိုင်တော့သောအခါမျိုးတွင် 'ကဲ၊ ကိတ်မုန့်ရှစ်လုံး ကို ကလေးကိုးယောက် အညီအမျှဝေစမ်း'ဟူ၍ ခိုင်းတတ်သည်။
ထိုအခါ ၀ီလျံကလေးသည် ခပ်တည်တည်ဟန်ဖြင့် -
'ဘွားဘွားပုစ္ဆာ မခက်ပါဘူး ဘွားဘွား၊ သားသားကို "ဆလိုက်ရူးလ်"တွက်စက်ကလေး တစ်ခုသာ ၀ယ်ပေးစမ်းပါ၊ သားသား အမြန်ဆုံးတွက်ပြပါ့မယ်၊ ဘွားဘွားကိုလည်း နောက်ထပ် မေးမနေတော့ပါဘူး'
အဘွားဖြစ်သူက ကလေး၏ အရွယ်နှင့်မလိုက်အောင် တော်သောဥာဏ်ရည်ကို ချီးကျူးဂုဏ်ယူမိသည်။ ကလေး ကျေနပ်အောင် သူတောင်းသော "ဆလိုက်ရူးလ်"ကိုလည်း ၀ယ်ပေးလိုက်သည်။ သည်ကြားထဲတွင် ရစ်ခတ်အတွက် မမျှော်လင့်သော ပြဿနာတစ်ရပ်ပေါ် ပေါက်လာခဲ့သည်။
လန်ဒန်ဘဏ်တိုက်ခွဲမှ ဥက္ကဋ္ဌသည် အလုပ်စားပွဲတွင် လေဖြတ်ပြီး ရုတ်တရက် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် လန်ဒန်သို့ အမြန်သွားရောက်ပြီး ဥက္ကဋ္ဌသစ် ခန့်ထားရန် လိုအပ်လာသည်။
သူက အယ်နီနှင့် ၀ီလျံကလေးတို့ပါ ဥရောပတိုက်သို့ အလည်အပတ်လိုက်ခဲ့ရန် အယ်နီ အားပြောသည်။ ကလေးပညာရေးအတွက် မထိခိုက်နိုင်သည့်အပြင် မစ္စတာမွန်ရိုး မကြာခဏ ပြောပြထားသော သမိုင်းဝင် ဒေသများသို့ပါ သွားရောက် လည်ပတ်နိုင်မည်ဖြစ်ကြောင်း ပြောပြသည်။
အယ်နီက ဥရောပသို့ တစ်ခါမှ မရောက်ဖူး။ ထို့ကြောင့် ရှောရှောရှူရှူ သဘောတူ လိုက်ပြီး အဖိုးတန်၊ အလှဆုံး အ၀တ်အစားများကို ခရီးဆောင်သေတ္တာကြီး သုံးလုံး အပြည့်ထည့် သည်။ "ကမ္ဘာသစ်" ဟုခေါ်သော အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်က "ကမ္ဘာဟောင်း"ဟု ခေါ်ခေါ်သော ဥရောပနိုင်ငံများမှ အမျိုးသမီးများကို အစွမ်းကုန် ကြွားပြလိုက်မည်ဟူသော ရည်ရွယ် ချက်ကြောင့် ဖြစ်သည်။
သူတို့သားအမိ သားဖသုံးယောက်သည် နယူးယောက်မြို့သို့ ရထားနှင့် လာခဲ့ကြသည်။ နယူးယောက်မြို့မှ "အကွိတန်နီးယား" သင်္ဘောကြီးကိုစီးပီး အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်ပတန် ဆိပ်ကမ်းသို့ သွားကြရမည်ဖြစ်သည်။
နယူးယောက်မြို့မှ မိုးထိအဆောက်အုံးများကို မြင်ရသောအခါ ၀ီလျံကလေးမှာ အံ့သြမဆုံး ဖြစ်နေသည်။ သူကအမေရိကန် တစ်ပြည်လုံးတွင် သူ့ဖခင်၏ ဘဏ်တိုက်သည်သာ အကြီးဆုံးဟု ထင်နေမိခဲ့သည်။
သင်္ဘောကြီးကိုလည်း သူအလွန်သဘောကျသည်။ သူသည် သင်္ဘောကပ္ပတိန်နှင့် နာရီပိုင်းအတွင်း ရင်းနှီးသွားသည်။ ကပ္ပတိန်က ၀ီလျံအား သင်္ဘောပေါ်တွင် ချောင်ကြိုချောင်ကြား မကျန် လိုက်ပြသည်။ မေးသမျှ ကိုလည်း တစ်ခုမကျန် ရှင်းပြသည်။
ရစ်ချတ်နှင့် အယ်နီတို့က သူတို့၏ စပ်စုတတ်သော သားငယ်ကြောင့် ကပ္ပတိန်သာမက တခြားသင်္ဘောအမှုထမ်းများပါ အချိန်အဟလဿ ဖြစ်ရသည့်အတွက် ခွင့်လွှတ်ရန် တောင်းပန်စကား ဆိုကြသည်။
'အို...ကိစ္စမရှိပါဘူးဗျာ' မုတ်ဆိတ်မွေးတွေ ဆွတ်ဆွတ်ဖြူနေသော ကပ္ပတိန်ကြီးက ရယ်ရယ်ပြုံးပြုံးနှင့်ပြန်ပြောသည်။ 'ကျုပ်နဲ့ ၀ီလျံတို့က မိတ်ဆွေဖြစ်နေကြပြီဗျ၊ ကလေးက တော်တော်သွက် တာပဲ၊ ကျုပ်မှာ တစ်ချိန်လုံး သူမေးသမျှ မနည်းကြိုးစားပြီး ဖျြေနေ၇တယ်၊ သူက အချိန်၊ အရှိန် နဲ့ အကွာအဝေးအကြောင်း ရှင်းပြပါဆိုလို့ အင်ဂျင်နီယာကိုမေးပြီးမှ ပြန်ဖြေခဲ့ရတယ်'
"အကွိတန်နီးယား"သင်္ဘောကြီးသည် သမုဒ္ဒရာပြင်ကျယ်ကို ခြောက်ရက်တိတိ ဖြတ်ကျော်ပြီးမှ ဆောက်သမ်ပတန် ဆိပ်ကမ်းသို့ဝင်သည်။ ၀ီလျံကလေးက သင်္ဘောကြီးနှင့် သူ့မိတ်ဆွေ ကပ္ပတိန်ကြီးတို့ကို မခွဲနိုင် မခွာရက်ဖြစ်နေ၍ မနည်းချော့ ခေါ်ရသည်။
သူတို့အား ငွေရောင်ရိုးလ်ရွိုက် ဇိမ်ခံကားသစ်ကြီးက ဒရိုင်ဘာနှင့်အတူ ဆိပ်ကမ်းမှ အသင်စောင့်ကြိုနေသည်။ ကားကြီးကိုမြင်တော့ ၀ီလျံကလေးက အလွန်သဘောကျသွားသည်။ အပြန်တွင် သည် ကားကို အမေရိကသို့ ယူသွားရန် ရစ်ချတ်က ဆုံးဖြတ်လိုက်သည်။ သူက သည်ကားကို ဟန်နရီဖို့အား ပြချင် သည်ဟု အယ်နီကိုပြောသည်။
သူတို့မိသားစုသည် လန်ဒန်မြို့တွင် ရှိနေစဉ် ပစ်ကာဒီလီရပ်ကွက်ရှိ ရစ်ဇ်ဟိုတယ်တွင် တည်းသည်။ မြို့တွင်းရှိ ရစ်ချတ်၏ ဘဏ်ခွဲနှင့်လည်း နီးသည်။ ရစ်ချတ်က ဘဏ်တိုက်တွင် အလုပ်များနေစဉ် အယ်နီ တို့သားအမိက လန်ဒန်မျှော်စင်၊ ဘတ်ကင်ဟန်နန်းတော်နှင့် နန်းစောင့် တပ်များသို့ သွားရောက် လည်ပတ်ကြသည်။ ၀ီလျံကလေးမှာ မြင်ရသမျှကို အကြီးအကျယ် သဘောကျနေသည်။ လန်ဒန်မြို့တော်တွင် အရာရာတိုင်း ကြီးကျယ်ခမ်းနားသည်ဟု ထင်နေသည်။ သို့သော် သူက အင်္ဂလိပ်စကားကို နားမလည်၍ တော်တော် အခက်တွေ့ရသည်။
'အင်္ဂလိပ်တွေက သားသားတို့နဲ့ ဘာလို့ အသံထွက်မတူတာလဲမေမေ'ဟု သူက မေးကြည့်တော့ 'သူတို့က မေမေတို့ အမေရိကန်လူမျိုးတွေထက် အစောကြီးရောက်လာလို့ပေါ့ သားရဲ့'ဟု သူ့မေမေက ပြန်ဖြေသည်။ သည်အဖြေကို ၀ီလျံက သိပ်ပြီး မကျေနပ်။
ဝီလျံသဘောအကျဆုံးကတော့ ဘတ်ကင်ဟန် နန်းတော်အပြင်ဘက်တွင် တာဝန်ကျနေသော နန်းစောင့်တပ်ဖွဲ့မှ စစ်သည်တော်များ ဖြစ်သည်။ အရောင်တလက်လက် ထွက်နေကြသော ကြေးကြယ်သီး ကြီးတွေနှင့် တောက်တောက်ပြောင်ပြောင် အနီရောင်ယူနီဖောင်း ၀တ်စုံများကို ၀ီလျံက အလွန် သဘော ကျသည်။ သူက စစ်သည်တော်တွေနှင့် စကားပြောကြည့် ချင်သည်။ သို့သော် စစ်သည်တော် တွေက သူတို့ စောင်း၍ပင် မကြည့်ဘဲ ရှေ့တည့်တည့်ကို ကြည့်ကာသာ ဖြတ်လျှောက်သွားကြသည်။
'သားတို့အိမ်ကို စစ်သားတစ်ယောက်လောက် ခေါ်သွားလို့ရမလာဟင် မေမေ'
'မရဘူး သားရဲ့၊ သူတို့က ဒီမှာပဲနေရတာ၊ ဘုရင်မင်းမြတ်ကို အမြဲတမ်း စောင့်နေကြ ရတာ'
'ဒါပေမဲ့ သူတို့က အများကြီးပဲ မေမေရဲ့၊ ဘုရင်မင်းမြတ်မှာ ဒီလောက်အများကြီးတောင် ဘာလုပ်ရမှာလဲ၊ သားက တစ်ယောက်လောက်ပဲ လိုချင်တာပါ'
အယ်နီက သားဖြစ်သူ၏စကားကို သဘောကျလွန်း၍ အသံထွက်အောင်ပင် ရယ်မိသည်။
တစ်ညနေ့တွင် အလုပ်အားတော့ ရစ်ချတ်က အယ်နီနှင့် ၀ီလျံတို့အား "၀က်စ်တ်အင်း" ရပ်ကွက်ရှိ လန်ဒန်ပြဇာတ် ရုံကြီးသို့ ခေါ်သွားပြီး ကလေးသူကြီးမရွေး အလွန်ကြိုက်ကြသည့် "ဂျက်နှင့်ပဲပင်" ပြဇာတ် ကိုပြသည်။ ပြဇာတ်ထဲတွင် ဂျက်ဆိုသော ကလေးက အိမ်ဘေးတွင် ပေါက်နေသော ပဲပင်ကို လျှောက်တက် သွားရင်း မိုးပေါ်အထိ ရောက်သွားပြီး ဘီလူးကြီးနှင့် တွေ့သည်။ ဂျက်က ဘီလူးကြီးပိုင် ရွှေဥအုသော ကြက်မ ကို အလစ်သုတ်လာခဲ့ပြီး ပဲနွယ်ပင်အတိုင်း အောက်သို့ပြန်ဆင်းပြေးလာခဲ့သည်။ ဘီလူးကြီးက သိသွားပြီး ပဲနွယ်ပင် အတိုင်း ဆင်းလိုက်လာရာ ဂျက်က မြေကြီးပေါ်သို့ ပြန်ရောက်ချိန်တွင် မိခင်ကြီးအား လှမ်းအော်၍ အကူ အညီ တောင်းသဖြင့် မိခင်ကြီးက ပဲပင်ကို ရဲတင်းနှင့် ခုတ်ဖြတ်လိုက်ရာ ဘီလူကြီးမှာ လမ်းတစ်ဝက်မှ ပြုတ်ကျပြီး သေဆုံးသွားတော့သည်။
ဝီလျံက သည်ပြဇာတ်ကို အလွန်စွဲသွားသည်။ ဘယ်လောက်တောင် စွဲသွားသလဲဆိုလျှင် ဘီလူးကြီး ဆင်းလာမည်ထင်ပြီး နွယ်ပင်မြင်တိုင်း ခုတ်ဖြတ်ပစ်ချင်စိတ်တွေ ပေါက်လာမိသည် အထိပင် ဖြစ်သည်။
နေ့ရက်တွေ အလျင်အမြန် ကုန်လွန်သွားခဲ့သည်။ ၀ီလျံတို့သားအမိ အတွက် လန်ဒန်မြို့တွင် ကြည့်စရာ မကျန် တော့သလောက် စုံသွားပြီ။ ရစ်ချတ်မှာလည်း ဘဏ်ဥက္ကဋ္ဌသစ် ခန့်ပြီး၍ လုပ်ငန်း ကိစ္စပြီးသလောက် ရှိသွားပြီ။ အမေရိကသို့ ပြန်ရမည့် ရက်လည်း နီးကပ်လာ သည်။
ထိုအချိန်တွင် ဘော့စတွန်မြို့မှ သံကြိုးစာတွေ နေ့စဉ်ရက်ဆက်လိုလို တစ်စောင်ပြီး တစ်စောင်ရောက်လာသည်။ အရေးတကြီး ဆောင်ရွက်ရမည့်လုပ်ငန်းတွေ ပေါ်ပေါက်လာသည်။ နောက်ဆုံး သံကြိုး စာစောင်တွင် မက်ချူးဆက်ပြည်နယ်၊ လောရင့်စ်မြို့ရှိ ချည်မျှင်စက်ရုံတွင် အလုပ်သမား ၂၅,၀၀၀ တို့က သပိတ်မှောက်နေကြသည်ဟု ပါလာသည်။ ထိုစက်ရုံတွင် ရစ်ချတ် ၏ ဘဏ်တိုက်မှ အရင်းအနှီး မြောက်မြားစွာ မြှုပ်နှံထားသည်။ ထို့ကြောင့် မူလ သတ်မှတ်ထားရသည့် ရက်ထက်စော၍ ပြန်ရဖို့ အခြေအနေ ပေါ်ပေါက်လာသည်။
မပြန်ခင် တစ်ရက်အလိုတွင် ၀ီလျံကလေးသည် ကောက်ရသလို ရုတ်တရက် ဖျားတော့သည်။ ကိုယ်ပူရှိန် ဒီကရီက ၁၀၃ တောင်ရှိသည်။ တစ်ကိုယ်လုံးတွင်လည်း အနီစက် ကလေးတွေ ပေါ်လာသည်။ ဟိုတယ် ဆရာဝန် ကို ခေါ်ပြတော့ ၀က်သက်ပေါက်၍ အဖျားဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆရာဝန်က ကလေး ကို သင်္ဘောခရီးနှင့် ခေါ်မသွားဘဲ နေကောင်းသည်အထိ စောင့်ဆိုင်းနေရန် ရစ်ချတ်နှင့် အယ်နီတို့အား ပြောပြသည်။
သို့ဖြင့် ၀ယ်ထားပြီးသော သင်္ဘေလက်မှတ်နှစ်စောင်ကို ကမန်းကတန်းသွားရောက် ပယ်ဖျက်ရသည်။ အယ်နီတို့သားအမိကို ထားခဲ့ပြီး ရစ်ချတ်က အလုပ်ကိစ္စအရေးကြီး၍ ယခုသင်္ဘောပတ်နှင့် အလျင်ပြန်နှင့်ရန် စီစဉ် ရသည်။ ရစ်ချတ်က ၀ီလျံအား ပြုစုရန် အထူးသူနာပြု ဆရာမတစ်ယောက် ငှားပေးခဲ့သည်။
ဝီလျံ ကလေး နာလန်ထစ တစ်နေ့နံနက်တွင် သားအမိနှစ်ယောက် ဟိုတယ်ခန်းထဲမှာပင် နံနက်စာ စားနေ ကြသည်။
အယ်နီသည် ကော်ဖီသောက်ရန်း "လန်ဒန်တိုင်း" သတင်းစာကို ဖတ်နေသည်။
'ဟင် မေမေ၊ ဟောဒါ ဖေဖေစီးသွားတဲ့ သင်္ဘောမဟုတ်လားဟင်'
ဝီလျံကလေးက မိခင်ဖြစ်သူလက်ထဲမှ သတင်းစာကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ အယ်နီက သားကလေး ညွှန်ပြသော ဓာတ်ပုံကို ဖျတ်ခနဲ စောင့်ကြည့်လိုက်သည်။
သတင်းခေါင်းစည်းကို ဖတ်လိုက်တော့ သူမ၏ မျက်လုံးတွေ ပြာဝေသွားပြီး ရင်ထဲတွင် အလုံးကြီး ဆို့တက် လာသလို ခံစားလိုက်ရလေသည်။
"တိုင်တန်နစ် သင်္ဘောကြီးနစ်မြှုပ်၊ ခရီးသည်တွေ အသက်ဆုံးရှုံး"
အယ်နီ၏ မျက်လုံးအစုံမှ မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျလာသည်။ သူမသည် အသံမထွက်ဘဲ ကျိတ်ငိုနေသည်။
သူမသည် သားငယ်ကို ပွေ့ချီကာ အကြာကြီး ငိုနေသည်။
ဝီလျံကတော့ တစ်စက်ကလေးမျှ မငို။ မိခင်မျက်နှာကိုသာ တွေတွေကြီး စိုက်ကြည့်နေသည်။
တစ်ယောက်ကိုတစ်ယောက် စကားလုံးဝမပြောကြာ။ နှစ်ယောက်စလုံး၏ နှလုံးသားမှာ တော့ တူညီသော ဝေဒနာတစ်ရပ်ကို ဆို့ဆို့နင့်နင့် ခံစားနေကြရသည်။ လောကတွင် သူတို့နှစ် ယောက်စလုံး အချစ်ဆုံသော လူတစ်ယောက် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
လန်ဒန်ဘဏ်ခွဲမှ ဥက္ကဋ္ဌသစ် ဆာပီးယားစ်ကင်းဘဲလ် ကမန်းကတန်း ရောက်လာသည်။ အယ်နီက ၀တ်စုံအနက်ဝတ်ကာ ဆာကင်းဘဲလ်အား ဧည့်ခန်းဆောင်တွင် လက်ခံတွေ့ဆုံသည်။ ဆာကင်းဘဲလ်က သူကိုယ်တိုင် စိတ်မကောင်းစွာဖြင့် အယ်နီအား နှစ်သိမ့်စကားဆိုသည်။
'သားသားလည်း ဖေဖေနဲ့အတူ လိုက်သွားချင်တာ၊ နေမကောင်းဖြစ်နေလို့ ကျန်လိုက်ရတာ'ဟု ၀ီလျံကလေးကပြောသည်။
သူက သူ့အဖေသေပြီဟု လုံးဝမထင်။ ထို့ကြောင့်လည်း မျက်ရည်တစ်စက်မျှ မကျခြင်းဖြစ်သည်။
ယခင်က နိုင်ငံရေးသမားနှင့် သံတမန်ဖြစ်ခဲ့ပြီး ယခုဘဏ်ဥက္ကဋ္ဌ လုပ်နေသော ကင်းဘဲလ်၏ တစ်သက်တာတွင် သည်ကလေးလောက် စိတ်ဓာတ်ခိုင်မာသော ကလေးမျိုးတ်ယောက်မျှ မတွေ့ခဲ့ရစဖူး။
သေကံမရောက် သက်မပျောက်ဘဲ ကယ်ဆယ်ရရှိသူများစာရင်း ရက်ပိုင်းအတွင်း အမေရိကမှ ရောက်ရှိ လာသည်။ အယ်နီက စာရင်းကို အကြိမ်ကြိမ် ထပ်၍ထပ်၍ ဖတ်ကြည့်သည်။ ရစ်ချတ်လိုဝယ်ကိန်း၏ နာမည် မပါ။ သင်္ဘောကြီးနှင့်အတူ နစ်မြုပ်သေဆုံးသွားပြီဆိုသည်ကို သံသယဖြစ်နေစရာမလိုတော့။ သည်တော့မှ ၀ီလျံ ကလည်း သူ့အဖေ တကယ်သေသွားပြီဆိုတာ ယုံကြည်မိတော့သည်။
အယ်နီတို့သားအမိ "အကွိတန်နီးယား"သင်္ဘောကြီးဖြင့် ဘော့စတွန်းမြို့သို့ ပြန်လာခဲ့ကြသည်။ အယ်နီမှာ သင်္ဘောစီးလာရသည်ကို အလိုလို ရင်ဖိုနေမိသည်။ ခင်ပွန်းသည်ကို သတိရ၍ တစ်ချိန်လုံး မျက်ရည်နှင့် မျက်ခွက် ဖြစ်နေသည်။ ၀ီလျံကတော့ သင်္ဘောစီးလာရသည်ကိုပင် ပျော်စရာလို ထင်နေသည်။ ကုန်းပတ်တွင် ထိုင်ကာ ဆုံးစမထင်သော ရေပြင်ကြီးကို စိုက်ကြည့်နေ ရာမှ-
'မေမေ၊ ဖေဖေက သေချင်မှ သေမှာပါ၊ တစ်နေရာမှာ ရေကူးနေတုန်းပဲ ရှိချင်ရှိနိုင်တယ်'
သားဖြစ်သူ၏ စကားကြောင့် အယ်နီမှာ လဲရာမှ ဖိထောင်းခံရသလို ပို၍ ရင်ဆို့ဝမ်းနည်း ဖြစ်ရပြန်သည်။
'၂၁ ရက်တောင်ရှိသွားပြီပဲသားရယ်၊ အတ္တလန္တိတ်သမုဒ္ဒရာကြီးထဲမှာ ဘယ်သူကလာပြီး အသက်ရှင်နိုင်ပါဦးမှာလဲ'
'ဖေဖေတောင်မှ မရှင်နိုင်တော့ဘူးလား ဟင်'
'ဟုတ်တယ်၊ ဖေဖေလည်း မရှင်နိုင်တော့ဘူး၊ ဘယ်သူမှ မရှင်နိုင်တော့ဘူး သားရယ်'
ဘော့စတွန်မြို့ သို့ ပြန်ရောက်တော့ အိမ်ကြီးတွင် အဘွားကြီးနှစ်ယောက် ရောက်နေသည်ကို တွေ့ရ သည်။
အိမ်ထောင်ဦးစီး ယောက်ျားမရှိတော့သဖြင့် တာဝန်အရပ်ရပ်မှာ အဘွားကြီး နှစ်ယောက်လုံး၏ ပခုံးပေါ်သို့ ပုံကျလာသည်။ အယ်နီမှာ ကွယ်လွန်သူ လင်တော်မောင်အတွက် ပူဆွေးနေရသော ဝေဒနာကိုသာ သားကလေးအပေါ်တွင် ပုံချပြီး ဖြေဖျောက်နေရသည်။
ဝီလျံကလေးသည် နေ့ပိုင်း၌ မစ္စတာမွန်ရိုးထံတွင် အချိန်မှန်မှန် စာသင်ပြီး ညပိုင်းကျတော့ တော်တော်နှင့် မအိပ်ဘဲ မိခင်ပေါင်ပေါ်တွင် ခေါင်းတင်ကာ တစ်ငိုတည်း ငိုနေတတ်သည်။
'ကလေးကို ဒီအတိုင်းထားလို့ မဖြစ်တော့ဘူး၊ အဖော်လိုနေပြီ၊ အဖော်မရှိရင် ကလေး စိတ်ဓာတ်တွေကျပြီး လုပ်စားကိုင်စားလို့ မရအောင် ဆိုးသွားနိုင်တယ်'ဟုဆိုကာ အဘွားကြီးနှစ် ယောက်က ကျောင်းဆရာ မစ္စတာမွန်ရိုးနှင့် ကလေးထိန်းတို့ကို ဖြုတ်ပစ်လိုက်ပြီး ၀ီလျံကလေးအား "ဆေးယားအကယ်ဒမီ"ကျောင်းတွင် အပ်နှံကြသည်။
ရစ်ချတ်သည် သူ၏ ကြီးမားကျယ်ဝန်းသော ခြံမြေအားလုံးကို သားဖြစ်သူအား သေတမ်းစာဖြင့် ပေးအပ်ခဲ့ပြီး၊ ၀ီလျံကလေး အသက် ၂၁ နှစ် ပြည့်သည်အထိ အဘွားနှစ်ယောက် နှင့် မိခင်ဖြစ်သူတို့က စောင့်ရှောက်ထိန်းသိမ်းထားရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် ၀ီလျံကလေး အရွယ်ရောက်၍ အရည်အချင်းပြည့်ဝခဲ့လျှင် ကိန်းကဘော့ ဘဏ်လုပ်ငန်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နိုင်သည်ဟုလည်း သေတမ်းစာတွင် ရေးထားသည်။
အယ်နီအတွက်မူ စုလိုက်ပုံလိုက် ဒေါ်လာငါးသိန်းနှင့် နောက်ထပ်အိမ်ထောင်မပြုမချင်း တစ်နှစ်လျှင် ဒေါ်လာတစ်သိန်းစီ မှန်မှန်ထုတ်ယူရန်ဖြစ်သည်။ ထို့ပြင် ဘီကွန်တောင်ကုန်းပေါ်မှ အိမ်ကြီး၊ နော့သ်ရှိုးကမ်းခြေမှ အပန်းဖြေအိမ်၊ မိန်းပြည်နယ်မှအိမ်နှင့် ကိပ်(ပ်)ကော့ဒ်မှ ကျွန်းကလေးတစ်ကျွန်းတို့ကိုပါ အယ်နီအား ပေးခဲ့သည်။ အယ်နီကွယ်လွန်သောအခါ ယင်းတို့ အားလုံးကို ၀ီလျံက ဆက်ခံရရှိမည်ဖြစ်သည်။
အဘွားကြီး နှစ်ယောက်က ဒေါ်လာနှစ်သိန်းခွဲစီ ရရှိကြသည်။ ထို့ပြင် ၎င်းတို့ထက်စော၍ ရစ်ချတ်က အလျင်ကွယ်လွန်ခဲ့လျှင် မိသားစုတာဝန်ကို အဘွားကြီးနှစ်ယောက်က စီမံအုပ်ချုပ်သွား ကြရန်လည်း မှာထားခဲ့သည်။ စီးပွားရေးလုပ်ငန်းကိုမူ ၀ီလျံကလေး၏ ခေါင်းကိုင်မိဘများနှင့် ပူးတွဲဘဏ်တိုက်က စီမံဆောင်ရွက်သွားရမည်။ မြတ်လာသော ငွေများကို အရှုံးမပေါ်နိုငည့် လုပ်ငန်းများ၌ နှစ်စဉ် ပြန်လည်မြှုပ်နှံသွားရမည်။
အဘွားကြီးနှစ်ယောက်သည် တစ်နှစ်ခန့်ကြာသောအခါမှ ရစ်ချတ်အတွက် ပူဆွေးရသော သောကစိတ်ကို တဖြည်းဖြည်းဖောက်ဖျက်လာနိုင်ခဲ့ကြသည်။ အယ်နီမှာ အသက် ၂၈ နှစ်သာရှိသေးသော်လည်း လင့်သောကကြောင့် အဘွားအိုကလေးလို ဖြစ်နေသည်။
အဘွားကြီးနှစ်ယောက်က အယ်နီလိုမဟုတ်ဘဲ ရစ်ချတ်အတွက် သောကစိတ်ကို ၀ီလျံ ကလေးအား ချစ်စိတ်ဖြင့် အစားထိုးပြီး ဖြေနိုင်ကြသည်။
တစ်နေ့တွင် ဘွားဘွားကိန်းအား ၀ီလျံကလေးက မေးသည်။
'ဘွားဘွား၊ ဘွားဘွားက ဖေဖေ့ကို သတိမရဘူးလားဟင်'
'ဒါပေမဲ့ သားသားကတော့ အားလုံးက ဖေဖေ့ကို အမြဲတမ်း သတိရနေစေချင်တယ် ဘွားဘွားရယ်' သူ့အသံတွင် အက်ကွဲသံ ပါလာသည်။
'သား.....သားကို ဘွားဘွား တစ်ခုပြောမယ်၊ သားကို လူကြီးတစ်ယောက်လို သဘောထားပြီး ပထမဆုံးအကြိမ် ပြောတာဖြစ်တယ်၊ ဘွားဘွားပြောတာ အမြဲတမ်း မှတ်ထားပါသား၊ သားပြောတာမှန်ပါတယ်၊ ဘွားဘွားတို့အားလုံးက သားဖေဖေကို အမြဲတမ်း သတိရနေကြရမှာပဲ။ အထူးသဖြင့် သားအနေနဲ့ သတိရနေမှာပဲ၊ ဖေဖေ့ကို သတိရရင် သားကို ဖေဖေ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင် ကြိုးစားရမယ်၊ အခုဆိုရင် သားဟာ ဘွားဘွားတို့မိသားစု စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံးရဲ့ အမွေခံသားယောက်ျား ဖြစ်နေပြီ၊ ဒါကြောင့်မို့ အဲဒီအမွေကို ဆက်ခံနိုင်မယ့် အရည်အချင်းတွေ ပြည့်ဝအောင် သားက ကြိုးစားရမယ်၊ အခုလို သားအနေနဲ့ ပိုက်ဆံတွေ အများကြီးရအောင်သားဖေဖေ ကြိုးစားခဲ့တဲ့ အားမာန်မျိုးနဲ့ သားက ကြိုးစားရမယ်'
ဝီလျံက ဘာမှပြန်မပြော။ အဘွားဖြစ်သူ၏ စကားကိုသာ လူကြီးတစ်ယောက်ပမာ လေးလေးနက်နက် စဉ်းစားနေသည်။
ဤနည်းဖြင့် ၀ီလျံကလေးသည် ဘွားဘွားကိန်း၏ သွန်သင်ဆုံမမှုအောက်တွင် ကြီးပြင်းလာခဲ့သည်။ သူသည် အဘွားကြီးပြောသည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာသည်။ ဖေဖေ့အတွက် ပူးဆွေးစိတ်ကို မညည်းမညူဘဲ ကျိတ်ပြီး ခံစားတတ်လာသည်။ စာကိုလည်းကြိုးစားသင်ယူသည်။ တခြားဘာသာရပ်များတွင် ထူးချွန်မှုမ၇ှိသော်လည်း သင်္ချာဘာသာရပ်တွင်မူ တစ်ကျောင်းလုံး၌ ထိပ်ဆုံးရောက်နေသည်သာမက အရွယ်နှင့် မလိုက်အောင်ပင် ရှေ့သို့ကျော်နေသည်။
သူသည် အရာရာတွင် သူ့ဖေဖေ အောင်မြင်ခဲ့သည်ထက် ပို၍ အောင်မြင်အောင် ကြိုးစားမည်ဟု အလေးအနက် သိန္နိဋ္ဌာန် ချထားသည်။
ဝီလျံကလေး အသက်ခုနှစ်နှစ် ပြည့်သောအခါ ပိုက်ဆံတန်ဖိုးကို သိအောင် ပညာပေးချိန် တန်ပြီဟု အဘွားနှစ်ယောက်က ဆုံးဖြတ်ကြသည်။ ထို့ကြောင့် သူ့အား သုံးလိုရာ သုံးနိုင်အောင် တစ်ပတ်လျှင် ပိုက်ဆံ တစ်ဒေါ်လာစီပေးသည်။ သုံးသမျှကိုလည်း စာရင်းအတိအကျ မှတ်ထားစေသည်။ စာရင်းမှတ်ရန်အတွက် ၉၅ ဆင့်တန် သားရေဖုံးလယ်ဂျာ စာအုပ်ကြီး တစ်အုပ်လည်း ၀ယ်ပေးသည်။ သို့သော် အလကားမပေး၊ စာအုပ်ဖိုးကို ပထမပတ်တုန်းက ပေးသော တစ်ဒေါ်လာထဲမှ နုတ်ယူသည်။
ထို့နောက် ဒုတိယပတ်ပေးသော တစ်ဒေါ်လာမှစ၍ အပတ်စဉ် စနေနေ့မနက်တိုင်းတွင် အသုံးစရိတ် ခွဲဝေသတ်မှတ်ပေးသည်။ တစ်ဒေါ်လာထဲမှ ၅၀ ဆင့်ကို စုရမည်။ ဆင့် ၂၀ ကို သုံးရမည်။ ၁၀ ဆင့်ကို လှူချင်ရာသို့ လှူဒါန်းရမည်။ ကျန်ဆင့် ၂၀ ကို အပိုရန်ပုံငွေအဖြစ် ချန်ထားရမည်။
သုံးလပြည့်သောအခါတိုင်း အဘွားနှစ်ယောက်က ၀ီလျံ၏ လယ်ဂျာစာရင်းကို စစ်ဆေးကြမည်ဖြစ်သည်။
ပထမသုံးလ ကုန်ဆုံး၍ စာရင်းစစ်သောအခါ ၀ီလျံသည် တစ်ဒေါ်လာနှင့် ဆင့်နှစ်ဆယ်ကို အသစ်ဖွဲ့သော အမေရိကန် ဘွိုင်စကောက်အသင်းသို့ လှူဒါန်းခဲ့ကြောင်း တွေ့ရသည်။ စုစုပါင်း စုမိငွေမှာ ၄ ဒေါ်လာဖြစ်သည်။ ထိုငွေကို သူ၏ ခါင်းကိုင်ဖခင်ဖြစ်သူ ဘဏ်သူဌေးကြီး ဂျေ၊ ပီ၊ မော်ဟန်၏ ဘဏ်တိုက်တွင် ငွေစုစာရင်းဖွင့်ပေးရန် ၀ီလျံက အဘွားနှစ်ယောက်ကို မေတ္တာရပ်ခံသည်။ သုံးလအတွင်း စုစုပေါင်း အသုံးစရိတ်မှာ သုံးဒေါ်လာနှင့် ရှစ်ဆင့်ဖြစ်သည်။ အပိုရန်ပုံငွေအဖြစ် စုမိငွေက တစ်ဒေါ်လာ။
စည်းကမ်းတကျ ရေးသွင်းထားပြီး လိမ်လိမ်မာမာ သုံးစွဲထားသော ၀ီလျံ၏ လယ်ဂျာစာရင်း ကို တွေ့ရ၍ အဘွားနှစ်ယောက်မှာ ကျေနပ်မဆုံး ဖြစ်ကြရသည်။ ဒါမှ ရစ်ချတ်ကိန်းရဲ့သားကွယ့် ဟူ၍လည်း ဂုဏ်ယူမဆုံး ဖြစ်ကြရသည်။
ဝီလျံကလေးသည် ကျောင်းတွင် မိတ်ဆွေအပေါင်းအသင်း နည်းသည်။ တစ်ဦးတည်းသော သားဖြစ်၍ တခြားကလေးများနှင့် ပေါင်းသင်းရမှာကို ရှက်နေသောကြောင့်လည်းဖြစ်သည်။ ချမ်းသာသော ကလေးတွေနှင့် မပေါင်းချင်သောကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် သူသည် အပေါင်းအသင်းကို အလွန်ရွေးသည်။ များသောအားဖြင့် တစ်ယောက်တည်း နေတတ်သည်က များသည်။ သည့်အတွက် မိခင်ဖြစ်သူက စိုးရိမ်မကင်းဖြစ်မိသည်။ အယ်နီက သူ့သားကလေးကို တခြားကလေးတွေလိုပင် ပုံမှန်ဘ၀တွင် အလိုက်သင့်နေစေချင်သည်။ ကလေးဘာသာဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေစေ့ချင်သည်။ အဘွားများ၏ ဘယ်ဂျာစာရင်း ရေးမှတ်သောစနစ်၊ ဘဏ်တွင် ငွေစုသောစနစ်ကို အယ်နီက သဘောမကျ။
အဘွားကြီး အကြံပေးပုဂ္ဂိုလ်တွေအစား ကျောင်းသား မိတ်ဆွေတွေနှင့်သာ နေစေ့ချင်သည်။ အရာရာတွင် သန့်သန့်ရှင်းရှင်းနေရမည့်အစား ကလေးပီပီ ညစ်ညစ်ပေပေနှင့်သာ နေစေ့ချင်သည်။ စတော့စာရင်းတွေ၊ လုပ်ငန်းအစီရင်ခံစာတွေ လေ့လာနေမည့်အစား ငှက်ဖမ်း၊ ပုတ်သင်ကျော့နေသည်ကိုသာ မြင်ချင်သည်။ အဆုံးစွန်ပြောရလျှင် သူမ၏ သားကလေးကို အခြားကလေးတွေ နေသလိုပင် နေစေ့ချင်သည်။
သို့သော်သူမအနေဖြင့် အဘွားကြီးနှစ်ယောက်၏ သြဇာကို မလွန်ဆန်ရဲ၊ သူတို့ လုပ်ရပ်ကို မဝေဖန်ရဲ၊ အဘွားကြီး နှစ်ယောက်က သူတို့မြေးမှ သူတို့မြေး။ ရွှေပေါ်မြတင် တဖူးဖူးမှုတ်နေကြသည်။ တခြားကလေးတွေကို လုံးဝဂရုမစိုက်ကြ၊ ဂရုစိုက်ရန် လိုအပ်သည်ဟုလည်း စိုးစဉ်းမျှ မထင်ကြ။ ၀ီလျံ အသက်ကိုးနှစ်မြောက် မွေးနေ့ရောက်တော့ သူ၏ ငွေစာ၇င်းမှတ်တမ်း စာအုပ်ကြီးကို ဒုတိယနှစ်ပတ်လည် စစ်ဆေးရန် အဘွားနှစ်ယောက်ထံ တင်ပြသည်။ နှစ်နှစ်ကာလအတွင်း ဒေါ်လာ ၅၀ စုမိသည်။
စာရင်းကွက် တစ်နေရာတွင် "ဘီ ၆"ဟူ၍ ရေးမှတ်ပြီး ဂျေ၊ ပီ၊ မော်ဂန် ဘဏ်မှ စုငွေများ ပြန်လည်ထုတ်ယူထားသည်ကိုတွေ့ရသည်။ သူက ဘဏ်တိုက်သူဌေးကြီး ကွယ်လွန်သွားသဖြင့် သူ့စုငွေကို ပြန်ထုတ်ထားခြင်းဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ပြောပြသည်။ သူ့ဖခင် သင်္ဘောနစ်၍ ကွယ်လွန်သွားကြောင်း သေတမ်းစာတွင် ပါလာသောအခါ ဘဏ်အစုရှယ်ယာငွေများလည်း လျော့နည်းသွားသည့် အချက်ကို သူက သတိပြုမိသောကြောင့် ဖြစ်သည်။
နောက်သုံးလခန်ကကြာ၍ မော်ဂန်ဘစ်တိုက်တွင် ငွေစုသူများ တဖွဲဖွဲပြန်ဝင်လာချိန်တွင်မှာ လည်း ပြန်လည်ဖွင့်သည်။
အဘွားကြီးနှစ်ယောက်က မြေးကလေး၏ အမြော်အမြင်ရှိပုံကို သိရ၍ ကျိတ်ပြီး ၀မ်းသာနေကြသည်။ လက်ရှိ စီးနေသော စက်ဘီးအဟောင်းကိုလည်း ပြန်လည်ရောင်းခိုင်းပြီး စက်ဘီးအသစ်တစ်စီး ၀ယ်စေသည်။ စက်ဘီးဝယ်ပြီးနောက် သူ့စုငွေမှာ စုစုပေါင်း ဒေါ်လာတစ်ရာကျော် ကျန်နေသေးသည်။
ယင်းငွေကို အဘွားတွေက နယူးဂျာစီပြည်နယ်ရှိ စတင်းဒတ်ရေနံကုမ္ပဏီတွင် ၀ီလျံအတွက် အစုရှယ်ယာ သွင်းပေးသည်။ ရေနံသည် တစ်နေ့တခြား တန်ဖိုးရှိလာမည်ဖြစ်၍ ရေနံကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံလျှင် အမြတ် ပိုရနိုင်သည်ဟု ၀ီလျံက အလေးအနက် ယုံကြည်သည်။
ဤသို့ဖြင့် သူသည် ငွေစာရင်း မှတ်တမ်းစာအုပ်ကို ၂၁ နှစ် ပြည့်သည်အထိ မပျက်မကွက် ရေးသွား လာခဲ့သည်။
အကယ်၍ ထိုအချိန်တွင် အဘွားနှစ်ယောက်သာ အသက်ထင်ရှားရှိခဲ့မည်ဆိုပါက စာရင်းစာအုပ် လက်ယာဘက်မျဉ်းကွက်၌ "ရရန်ပိုင်ခွင့်များ"ဟူသော စာတမ်းကို မြင်ရလျှင် သူတို့မြေးအလိမ္မာ ကလေး အတါက် ဘယ်လောက်များ ဂုဏ်ယူမိကြလိမ့်မည်နည်း။
.....................................
အခန်း (၇) ဆက်ရန်
.
No comments:
Post a Comment