တရားဥပဒေ အကျုံးမ၀င်သော် ဘုရားဥပဒေက မကြာမှီ အဆုံးအမပေးမည်
မနက်(၁၀)နာရီလောက်တွင် အလုပ်တိုက်၌ လူစုံသောအခါ ထိုသတင်း ပါသည့်သတင်းစာ ခေါက်ကို ကိုင်လျက် ၇ဦးသော ကော်မတီဝင်များ ကျမထံ ရောက်လာကြပါသည်။ ၇ဦးကော်မတီ ဆိုသော်လည်း ခေါင်းဆောင်ကြီး ဖဲချိုးသူ အယ်ဒီတာ ကိုကိုလေးနှင့် ဖဲဝေသူ ခင်မောင်လေးတို့ နှစ်ယောက် ပါမလာပါ။
ကျမနှင့် မျက်နှာချင်းဆိုင်ရမှာ လိပ်ပြာမလုံ ရှက်ရွံ့နေပုံရပါသည်။
သူတို့လုပ်ပုံ လုပ်ဟန်များမှာ တရားမဲ့လွန် ဗြောင်ကျလွန်းလှ၏။ ကွာရှင်းပြီးတခြားနေရာ ထွက်သွား နေထိုင် ရာမှ လူကြီးလူကောင်း မပီသစွာ ရွာထဲ ရှောက်ရမ်းသော ထန်းရေမူးကဲ့သို့ ကျူးကျော် ၀င်ရောက်လာပြီး ရမ်းကားခြင်း၊ တိုက်သားများ အလုပ်ခွင်မှ မဟားဒယားအဓမ္မ နှင်ထုတ်ခြင်းများ ခံရပါလျက် ကြိုးဆွဲ ကြိုးကိုင် လုပ်သူ ကိုကိုလေးတို့ချပေးသော လမ်းကြောင်းအတိုင်း သိုးအုပ်များ ကဲ့သို့ ခေါင်းငုံ့လိုက်ပါ သွားကြ ရုံမက ပြန်လာခြင်းကိုဘဲ ၀မ်းမြောက် လှပါသည်ဟု ဆုံးဖြတိုက်ကြ သေးသည်။
နိုင်ငံခြားရေးအယ်ဒီတာ ဦးချစ်သိမ်း ခေါင်းဆောင်သော ၅ဦးသားကော်မတီသည် ကျမကို လာတွေ့ရာ၌ ၎င်းကိစ္စသတင်းအတိုင်း ပြောပြကြသည်။ သူတို့အား ကျူးလွန်စော်ကားခြင်း အနိုင် ကျင့်ခြင်း ခံရပါလျက် ပြန်လာတာကိုဘဲ ၀မ်းမြောက်ကြလျှင် လာပြောနေဘို့ပင် မရှိပါ။ ကျမက ဆိုင်ရာမှနေ၍ တရားဥပဒေနှင့် ရင်ဆိုငမည်ဖြစ်ကြောင်း ပြောလိုက်ပါသည်။ ဦးချစ်သိမ်း ခေါင်းဆောင်သော ၅ဦးသည် သူတို့အပေါ် အထင်မမှားရန် ပြောသည်၊ အထင်မှားနေစရာ မလိုပါ။
သတင်းစာထဲမှာ သူတို့ဆုံးဖြတ်ချက်က အထင်အရှားကြီး ပါနေပြီဖြစ်၍ အထင်မမှားစေလိုပါဆို သော စကားမှာ အပိုသာ ဖြစ်ပါသည်။ မူလက အလုပ်တိုက်ကြီးတခုလုံး နှစ်ဦး ပိုင်ဆိုင်သည်။ နောက် ယခုလက်ရှိ အခြေအနေမှာ ကျမတဦးတည်း ကျန်ခဲ့သည်။ လက်ရှီလူကို ကျော်လွှားပြီး လက်မဲ့လူကို ပို၍ သဘောကျလျက် ခေါင်းပေါ်တင်၍ ရွက်ထားလိုကြတဲ့ ဆန္ဒကများနေကြလျှင် ကျမနှင့် ဘာမှ လာရောက် ပြောကြား နေကြရန် မလိုကြောင်း ကျမကို ဂရုစိုက်ရ လူရာသွင်းရန် မလိုဟု သဘောထား၍ ပြုခဲ့ကြသည့် အတိုင်းသာ ရှိပါစေဟု ပြောပြရပါသည်။
သည်တော့မှ သူတို့မှာ ဤအစည်းအဝေး ဆုံးဖြတ်ချက်တွင် တကယ်သဘောတူ၍ ပါရခြင်း မဟုတ် ပါ။ ကိုကိုလေးတို့ ချယ်လယ်သမျှကို အတိုက်အခံ မပြုလို၍တကြောင်း၊ အလုပ်တိုက်သားများ အချင်းချင်း အငြင်းမပွား လို၍တကြောင်း၊ တိုက်ရှင်နှစ်ဦး သင့်တင့်သွားစေချင်၍တကြောင်း စသော အကြောင်း အမျိုးမျိုး များကြောင့် ဖြစ်ပါသည်။
တနေ့တော့ သူတို့၏ စိတ်ရင်းကို သိလာပါလိမ့်မည်ဟု ဆိုပါသည်။ သို့သော် ထိုကိစ္စ၌ တိုက်ရှင်အချင်းချင်း သင့်တင့် သွားစေလို၍ ပြုလိုကြလျှင် ဤလို အဓမ္မစံနစ်နှင့် ၀င်ရမ်းခြင်း၊ အလုပ်သမားများကို မောင်းနှင် ထုတ်ခြင်း၊ လက်သင့်ရာ တပါးကျွန် အယ်ဒီတာနှင့်ပင်း၍ ပုံနှိပ်ထုတ်ဝေသူ အမည်ကို ဇွတ်အတင်း ပြောင်းယူခြင်း စသော အပေါ်စီး ယူ၍ နိုင်လိုမင်းထက် လူစုပြီး မတရားနည်းနှင့် လုပ်ယူခြင်းများကြောင့် သင့်မြတ် ဘို့ မဆိုထားနှင့် ရုံးပြင်ကန္နားသို့ပင် ရောက်ရပြီး သတင်းစာများတွင် တိုင်းသိပြည်သိ ဟိုးလေး တကျော် များတွင် ဖြစ်သွားသည်။
ကျမကို လူမထင်၍ အဆိပ်မရှိဘူးထင်၍ တဦးတယောက်မှ ထောက်ထောက်မမ ပြုပေးမည့်သူ မရှိသော တကောင်ကြွက်ဟု ယူဆ၍ အာဏာရ ထန်းပင်ပေါ်က လူများ၏ ကူညီအားပေးမှု မရသူဟု အထင်သေး၍ စိတ်သွားရာ ကိုယ်မပါနိုင်တော့သော မကျန်းမမာသူ တယောက်ဟူ၍ မလောက်လေးမလောက်စား ပြုကြသော်လည်း ကျမသည် နည်းလမ်းရှိသမျှ ဣနြေ္ဒရရနှင့် ခေါင်းအေးအေးထားပြီး စခန်းသွားရန် စိတ်ပိုင်းဖြတ်ခြင်း ဖြစ်ပါသည်။
သတင်းစာကို ပုံနှိပ်ထုတ်ဝေသူဟု နံမည်အတင်းဝင်ခံခြင်း၊ မျက်နှာဖုံးထိပ်မှ ကြီးမှူးအုပ်ချုပ်သူ ဟူ၍ ကျူးကျူး ကျော်ကျော် အမည်တပ်ခြင်းများပြုသော်လည်း အလုပ်ရုံးခန်းနှင့် တတိုက်လုံး၏ အုပ်ချုပ်ရေးမှာ ကျမ လက်အောက်မှာပင် တည်ရှိနေပါသည်။ အလုပ်တိုက် ကိစ္စ အထွေထွေများ ငွေရေး ကြေးရေးများနှင့် အလုပ်သမား လခစသော သုံးငွေများကို ဘဏ်တိုက်များမှာ ကျမ လက်မှတ်ထိုးမှ ထုတ်ယူရသည်။ နေ့စသ် ၀င်ငွေ ထွက်ငွေ ကိုလည်း ကျမလက်သို့ စာရင်းနှင့်တကွ လာပြရသည်။
တိုက်သားများ၏ အခွင့်အရေး ဖြစ်သော မြို့ပေါ်ထုတ် နေ့စဉ်သတင်းစာစောင်ရေများမှာ ရရှိသော ကော်မရှင် ငွေများ ကိုလည်း ကျမချပေးသော လမ်းစဉ်အတိုင်း အလုပ်သမားစီးပွားရေးအဖွဲ့မှ ရယူ ခံစား လျက် ရှိပါသည်။ သည်မျက်နှာမထောက်ဘဲ ရဲရဲရင့်ရင့် ပြုကျင့် ဗြောင်တိုက်ကြသူများမှာ နောက်ရက်ပိုင်း များ၌ သူတို့ ကျမနှင့် ဆက်လက်မျက်နှာဆိုင်နေကြဘို့ ဆက်သွယ်နေကြဘို့ ရှေ့မျက်နှာနောက်ထား နေကြ ရသည်မှာ တရားဥပေဒမှ အကျုံးမ၀င်သော်လည်း ဘုရားဥပဒေက အကြာမှီ ဆုံးမခံကြရမည်ကို သူတို့ မသိမမြင်ကြသေးသော အချိန်အခါ ဖြစ်နေပါသည်။
အမေ့ထက် အဖေကို ပိုခင်သော သားသမီးများအပေါ်၌ မိခင်၏ ကြင်နာမှု စေတနာနှင့် ဖခင်၏ ကြင်နာမှုစေတနာသည်။ ရေရှည်ကြာတော့ မည်သူက ပို၍ သနားကြင်နာမှုရှိကြောင်း သားသမီး ဖြစ်လာသူတိုင်း သိရှိကြမည် ဖြစ်ပါသည်။
မိခင်နှင့် တူသော ကျမအပေါ်တွင် ပစ်ပစ်ခါခါပြုသော အလုပ်သမားကြီးငယ်တခု၏ တဘက်သပ် ပင်း၍ ဘက်လိုက် ကြသည်ကို ၀မ်းနည်းလာလျက် မျက်ရည်ကျခဲ့ရသည်။ သို့ကြောင့် ကျမသည် သူတို့ ငါးဦး ကော်မီတီ အား အိမ်ရှေ့ခန်းတွင် ပစ်ထားခဲ့ပြီး အိပ်ခန်းထည်းသို့ ၀င်လာခဲ့ရာ သူတို့ သည် ပြန်ဆင်း သွားကြပါသည်။
ရုံးပြင်ကန္နားအထိရောက်ခဲ့ရပြီ
ဗမာ့ခေတ်သတင်းစာကတော ထွက်မြဲ၊ ထွက်လျက် ရှိသည်။ အုပ်ချုပ်ရေးက ကျမလက်ထဲမှာဘဲ ရှိပါသည်။ ပုံနှိပ်ထုတ်ဝေမှု ကန့်ကွက်ချက်ကို ရုံးတင်နေစဉ် အတွင်းမှာ မျက်နှာဖုံး ထိပ်စီးမှ ကြီးမှူး အုပ်ချုပ်သူဟူသော စာလုံးကို ဖြုတ်ချရန်ပင် မပြောတော့ဘဲ၊ အလုပ်သမားတို့၏ တဘက်သတ်ပြု မှုကို ကျမက ခပ်အေးအေး ကြည့်နေလိုက်ပါသည်။ သို့ရာတွင် နောက်ရက်များမှာ သတင်းစာ၌ တစုံတရာ ၀င်ရောက်ရေးသားခြင်း မပြုရန် တားမြစ်ပိတ်ပင် ထားလိုက်ပါသည်။
ကျမတိုင်ထားသော ပိုင်နက်ကျူးလွန်မှုမှာလဲ ရဲဋ္ဌာနာမှလာပြီး မေးစမ်းနေဆဲ ဖြစ်သည်။ လာရောက် ၍ အချက် အလက်များ မေးမြန်းသူမှာ ၁၈-၁၁-၆၀ နေ့ညဘက်မှ လာရောက်ဘူး သူရဲအရာရှိ ဖြစ်သော ၎င်းတို့၏ မိတ်ဆွေ ဖြစ်ပါသည်။ ကျမကို လာမေးသော စကားများထဲတွင် အိမ်သစ် ကလေးက သော့ခလောက် များကို ချိုးဖျက်နေစဉ် ဒေါ်ဒေါ်မြင်ရပါသလားဆိုသော စကား ဖြစ်ပါ သည်။ ကျမ ကိုယ်တိုင် သော့ပိတ်ထားစေသော အိမ်ခန်း၌ သော့ဖျက်ရိုက်ချိုး ၀င်ရောင်၍ပင် နေကြ ပြီ၊ သော့ဖျက် နေတုန်း မှာ ည၉နာရီအချိန် ဖြစ်သည်။ ရုပ်ရှင် ရိုက်သလို မီးမောင်းထိုးပြပြီးမှ ဖျက်ဆီး ရိုက်ချိုးခြင်းကို သွားကြည့် ရဦးမလို အနေမျိုး ဖြစ်ပါသည်။ အချိန်ကုန်အောင် မလိုသော ဤမေးခွန်း မျိုးများကိုသာ ရှည်ရှည် ဝေးဝေး မေးသည်။
မေး၍အားရသောအခါ ဒေါ်ဒေါ်တို့ သင့်သင့်တင့်တင့် ပြန်နေကြပါခင်ဗျာဟုလဲ ပြောသေးသည်။ ရဲ၏ တာဝန် ၀တ္တရားများတွင် ဒါမျိုးတွေမပါဟု ကျမ ထင်ပါသည်။ ရဲအရေး မပိုင်ဘူးဆိုလျှင် မူလကဘဲ ပြတ်ပြတ် သားသား တိုင်ချက် လက်မခံဘို့သာ ရှိသည်။ ယခုတော့ တိုင်ချက်အရ မေးခွန်းများကိုလဲ လက်ခံ သလိုလို၊ ရေးမှတ် သွားသေးသည်။ ကျမ ဥာဏ်မမှီ၍လားမသိ၊ ထိုရဲအရာရှိအား နားမလည်အောင် ဖြစ်နေ ပါသည်။
ပုဒ်မ ၁၄၅အရ ပဋိပက္ခဖြစ်မည့် ကိစ္စကြောင့် တိုက်ပိတ်ပေးရန် တိုင်တန်းချက် ရှိသော်လည်း အယ်ဒီတာ ကိုကိုလေး တို့ အရေးပေါ် ကုလားဖန်ထိုးမှု လှည့်ပတ်မှုတို့ကြောင့် ရုတ်တရက် မပိတ် ဘဲ တိုက်ပိတ်သင့် မသင့် ရုံးတင်စစ်ဆေးရန် ရက်ချိန်းရသည်အထိ ဖြစ်လာခဲ့ပါသည်။ ရုံးချိန်ရက် တွင် နှစ်ဦးနှစ်ဘက် ရုံးတက် အစစ်အဆေး ခံရမည်။ လျှောက်လဲရန် ရှေ့နေ၀တ်လုံများပါလာရ မည်။ ဖေါ်ပြခဲပြီးအတိုင်း ကျမဘက်မှ လိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေ၀တ်လုံများတော် တော်နှင့် ရှာမရပါ။
နောက်ဆုံး မရ အရ ရှာပြီးမှ ရုံးသို့ တက်ရပါသည်။
မူလက လူမသိ၊ သူမသိ ခပ်အုပ်အုပ်၊ ဆိုင်းဆိုင်းကလေးနှင့် အေးဆေးရှင်းလင်းပေးပါမည်ဆို သော်လည်း ရက်ရှည်သွေး၍ ဆွဲလာပြီး ညစ်ပတ်မှု၊ ကလိမ်ကျမှုတွေ ၀င်လာရာမှ သတင်းစာတိုက် ကိုပါ အဓမ္မလာ စီးခံရ သဖြင့် မလွှဲသာ မရှောင်သာ ရုံးပြင်ကိန္နားထိ ရောက်လာရခြင်း ဖြစ်ပါသည်။ အမှု ရုံးရောက် သည်ဆိုလျှင်ဘဲယခင်က နှာစေးခဲ့သော ရက်ကွက်မှာ ရုံးချိန်ရက်၌ ဓာတ်ပုံ တွေ လာရိုက်ကြ သတင်းတွေ ရေးကြ နှင့် တနိုင်ငံလုံး ပြန့်နှံ့သွားပါသည်။
ရုံးတက်ရသော နေ့ရက် အချိန်အခါတုံးက ကျမ၏ ကျန်းမာရေးမှာ မကောင်းသေးသဖြင့် ဆရာဝန် နှင့် သူနာပြု ဆရာမကြီး၏ အပြုအစုအစောင့်အရှောက်ကို ခံယူနေရဆဲ ဖြစ်ပါသည်။ သို့ကြောင့် သူနာပြုဆရာမကြီးနှင့် ထိုစဉ်က လာရောက် ပူးပေါင်းနေသော ဦးပု၏ နှမတူမတို့သာ ကျမနှင့် ရုံးသို့ အတူလိုက်ပါလာသည်။ ရုံးကခေါ်လို့သာ လာရသည်။ အရှေ့ပိုင်ရာဇ၀တ် တရားသူကြီး ရုံးခန်း ဆိုသည်မှာ ဘယ်နေရာ ဘယ်အထပ်မှာ ရှိသည်ဟုပင်မသိရ၊ လိုက်ပြီးညွှန်ပြပို့သမည့် သူ ဆို၍ ဗမာ့ခေတ် သတင်း စာတိုက် မှ တဦးတယောက်မှ ထွက်မလာပါ။ ကျွန်တော်တို့ ဘာအကူ အညီ လိုပါသလဲ ဆိုသော ၀တ်ကြေ ၀တ်ကုန် လောကွတ်စကားကလေးကိုမှ လာပြောကြမည့်သူ မရှိပါ။
ဤအခါမှာတော့ ဂျပန်ခေတ်ဗုံးကြဲ လေယာဉ်ပျံတွေ လာစဉ်က သူတို့ လခ ပေးစရာ ငွေထုပ်ကလေးပိုက် ပိုက်ပြီး ဗုံးခိုကျင်းထဲ ဆင်းပုံးခဲ့ရသော ကျမဘ၀ကို ပြေး၍ သတိရလိုက်မိပါ သည်။ ကျမပစ္စည်းနှင့် အုတ်မြစ်ချခဲ့ရသော တိုင်းပြည်ပြုပုံနှိပ်တိုက်မှ ဗမာ့ခေတ်သတင်းစာနှင့် ပုံနှိပ် တိုက်ကြီး ဖြစ်လာရာ၌ ကျမနှင့် ဘာမျှမဆိုင်တော့ ဟူ၍များ သူတို့သဘောထားလေသလားမသိပါ။ ဘ၀တူ လုပ်ဖေါ်ကိုင်ဘက် တိုသားဟောင်းတို့၏ စေတနာသည် တဘက်စောင်းနင်း ဖြစ်နေပုံရပါ သည်။
ဤဘ၀တူ အလုပ်သမား လူဟောင်းကြီးများသည် နောက်မှ ရောက်လာသော ရွှေကြာပင် တပါးကျွန် လူသစ် ၄-၅ယောက်၏ သြဇာအာဏာစက်ခြေဖ၀ါးအောက်၌ ငါးပိ၊ ငါးခြောက်ကဲ့သို့ ပြားပြားဝပ်၍ နေရသည်။ ဓနရှင်သူဌေးဂုဏ်မောက်၍ ခြေဖျားထောက်နေသော အောက်ခြေလွတ် ကြီး၏ ဟိန်းဟောက်မှု၊ ခြိမ်းချောက်မှုတို့ကြောင့်လည်း နဂါးနီက လိုက်ပါလာကြသူ လူဟောင်းများ ပင် ဦးခေါင်းဖေါ်၍ မော်မကြည့်ဝံ့ သည်အထိ ဖြစ်နေကြရသည်။ ယခင် ခြေသလုံးမွဲဘ၀တုန်းက ကိုယ့်ထက် ငယ်ရွယ် သူများကိုပင် ခင်ဗျား ကျွန်တော် စသည်ဖြင့် ပြောဆိုဆက်ဆံတတ်သော်လည်း ယခု သူဋ္ဌေး ဓနရှင်ကြီး ဖြစ်နေသော အခါ လေသံက အတော်မောက်မာသည်။ ဘယ်သူလာလာ မင်းနှင့်ငါနှင့် ချ၍ ပြောလေ့ ရှိသည်။
ပစ္စည်းမာန်တက်၍ ထောင်လွှားလျက် ရှိသည်။ ကျမအပေါ်၌ လည်း ဘ၀ခရီးဖေါ် စီးပွားဘက်ဟူ၍ သဘောမထားနိုင်တော့ဘဲ၊ ငါစားသဘောနှင့် လောဘသက္ကာယတွေ ဖိစီးပြီး၊ တဦးတည်းမောင်ပိုင် စီးချင်လွန်း၍ လွန်ခဲ့သော ၁၀နှစ်ခန့်ကပင် ဗမာ့ခေတ်သတင်းစာတိုက်ကို သူသာ အစုကြီး ပိုင်ရှင်ကြီးအဖြစ်နှင့် ကျမအမည်ကို ဖြုတ်ချခဲ့ပြီး၊ ကျမ မသိအောင် တိတ်တဆိပ် စာချုပ်လိမ် ကြီးများ တောင် ပြုလုပ်ခါ ကောက်ကျစ်ယုတ်မာစွာ ကြံစီခဲ့သေးသည်။
တရား ကို နတ်စောင့်သဖြင့် ထိုစာချုပ်လိမ်မှာ ဆိုင်ရာက အတည်မပြု၍ ပျက်ခဲ့ ရလေသည်။ ၎င်းစာချုပ် လိမ်မူရင်း ကို တနေရာတွင် ဖေါ်ပြပါဦးမည်။ နောက်ပိုင်းမှာလည်း အကြံအစီ မလျှော့ဘဲ သူတဦးတည်း ပိုင်ဆိုင် ရန် နည်းအမျိုးမျိုးနှင့်အမြဲ ကြိုးစားခဲ့သည်။ တိုက်ရှိ အလုပ်သမားများကို၎င်း၊ အကြောင်းရှိလျှင် သူ့ဘက်သား တွေ ဖြစ်နေအောင် နည်းလမ်းအမျိုးမျိုး နှင့် သိမ်းသွင်းထားခဲ့ရာ ကျမမှာတော့ ဘာမှမသိ၊ မရိပ်မိ ခဲ့ပါ၊ သစ်ကောက် ၀ါးကောက်ကိုသာ မြင် နိုင်ပါမည်။ လူကောက် စိတ်ကောက်ကို မမြင်စွမ်းနိုင်ပါ။
ဗေဒင်နက္ခတ်နဲ့ ဆက်စပ်၍ ကြည့်သော် ဆက်ရန်
.

No comments:
Post a Comment