Tuesday, May 11, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၇)

အခန်း (၇)

သေကံ မရောက် သက်မပျောက်ဘဲ ကျန်ရစ်သူများအနက် ၀လာဒက်တစ်ယောက်သာ ရဲတိုက်ကြီး၏  အသိဆုံးဖြစ်သည်။ ကျောက်တုံးများဖြင့် ပတ်ပတ်လည် ကာရံထားသော ထိုအခန်း ကလေးများထဲတွင် လီယွန်နှင့် သူ တူတူပုန်းတမ်း ကစားခဲ့ကြသည်။ ထို့ကြောင့် ရဲတိုက်ကြီးနှင့် ပတ်သက်၍ ကုပ်ကုပ် ကပ်ကပ်  သူက နောကျေအောင် သိရှိနေခြင်းဖြစ် သည်။

စုစုပေါင်း အခန်းလေးခန်းရှိပြီး အနိမ့်အမြင့် နှစ်ဆင့်ခံ ဆောက်လုပ်ထားသည်။ မြေညီပြင်တွင် နှစ်ခန်း။ တစ်ခန်း က ခပ်ကြီးကြီး၊ တစ်ခန်းက ခပ်သေးသေး။ ခပ်သေးသေးအခန်းမှာ တိုက်နံရံနှင့် ဆက်နေပြီး အပေါ် မှ အလင်းရောင် ၀င်သည်ဆိုရုံသာ အပေါက်ကလေးဖောက်ထားသည်။

အောက်သု့ လှေကားင်းထစ်ဆင်းလျှင် နောက်ထပ် အခန်းနှစ်ခန်းသို့ ရောက်သည်။ နှစ်ခန်းစလုံး ပိန်းပိတ် အောင် မှောင်နေသည်။ လေ၀င်ပေါက်က ကျဉ်းကျဉ်းကလေးရှိသည်ဆိုရုံမျှ ဖောက်ပေးထားသည်။
ဝလာဒက် သည် နယ်စားကြီးအား မြေညီပြင်မှ အခန်းသေးကလေးထဲသို့ ခေါ်လာသည်။ နယ်စားကြီးသည် အခန်းထောင့် တွင် ထိုင်သည်။ စကားလည်း တစ်ခွန်းမျှမပြော။ ငူငူကြီးထိုင်ပြီး ရှေ့တည့်တည့်သို့သာ ငေး ကြည့်နေသည်။ နယ်စားကြီးအား လိုအပ်သမျှကို ဆေးပေးမီးယူပြုစုရန်အတွက် ၀လာဒက်က ဖလော်ရင် တီနာ အား တာဝန်ပေးလိုက်သည်။

ဝလာဒက် တစ်ယောက်သာ နယ်စားကြီးနှင့် တစ်ခန်းတည်း နေရဲသည်။ ယင်းသို့ နေသည်ကို တခြား အစေခံ များကလည်း ဘယ်လိုမှမပြောကြ။
ဤသို့ဖြင့် အသက်ကိုးနှစ်မျှသာ ရှိသေးသော ၀လာဒက်ကလေးမှာ အကျဉ်းသားများအတွက် လိုအပ်သမျှ နေ့စဉ် တာဝန်ခံ လုပ်ပေးရန် ကြီးကြပ်ရေးမှူးဖြစ်လာရသည်။ နယ်စားကြီး၊ ဖလော်ရင်တီနာနှင့် ၀လာဒက်တို့ အပြင် စုစုပေါင်း အိမ်တော်စေ ၂၄ ယောက်ရှိရာ ၀လာဒက်က ၎င်းတို့အား ရှစ်ယောက်တစ်တွဲစီ သုံးဆိုင်းခွဲ ၍ကြီးကြပ် သည်။

ပထမရှစ်နာရီတွင် မြေညီပြင်အခန်းများသို့ ပြောင်း၍ လေရှူစေသည်။ လေ့ကျင့်ခန်းလုပ် ခိုင်းသည်။ ထမင်းကျွေး သည်။ ဒုတိယရှစ်နာရီတွင် ဂျာမန်စစ်သားတွေ ခိုင်းသော အလုပ်များကို လုပ်ကြရ သည်။ နောက်ဆုံး ရှစ်နာရီတွင်ကား မြေအောက်အခန်းများသို့ ပြောင်း၍ အိပ်ကြရသည်။

ဝလာဒက် ဘယ်အချိန်တွင် အိပ်သည်ကို နယ်စားကြီးနှင့် ဖလော်ရင်တီနာတို့မှတပါး အခြားဘယ်သူမှ မသိ။ အဘယ်ကြောင့် ဆိုသော် ရှစ်နာရီတစ်ကြိမ် အဆိုင်းအပြောင်းအလဲလုပ်တိုင်း ကြီးကြပ်ရသောကြောင့် ဖြစ်သည်။ ၎င်းတို့အား ဂျာမန်စစ်သားတွေက ၁၂ နာရီတစ်ကြိမ် ထမင်းကျွေးသည်။ ဆိတ်နို့အနည်းငယ်၊ ပေါင်မုန့်နက်၊ ပြောင်းဆန်နှင့် တစ်ခါတစ်ရံ သစ်သီးများ စားရသည်။ ၀လာဒက်က ၂၇ ယောက်စာကို ၂၈ ယောက်စာ ခွဲ၍ နယ်စားကြီးအား နှစ်ယောက်စာ အမြဲတမ်းကျွေးသည်။

သို့သော် ယင်းသို့ ကျွေးသည်ကို နယ်စားကြီးက လုံးဝမသိ။
ဝလာဒက်သည် အဆိုင်းပြောင်းပေးပြီးတိုင်း နယ်စားကြီးအနားမှာ အမြဲတမ်းလာနေသည်။ နယ်စားကြီးက သူ့အား တစ်စုံတစ်ရာ ဆုံးမစကားသော်လည်းကောင်း၊ တခြားပြောချင်ရာရာ တစ်ခုခုကိုသော်လည်း ကောင်း ပြောလိမ့် မည်ဟု ၀လာဒက်မျှော်လင့်မိသည်။

သို့သော် နယ်စားကြီးမှာ မိမိပိုင်ရဲတိုက်ကြီးတွင် အကျဉ်းသားဘ၀သို့ ရောက်သည့်နေ့မှစ၍ ဘာစကားမှ မပြောတော့။
နယ်စားကြီး၏ မုတ်ဆိတ်ကျင်စွယ်တွေက တစ်နေ့ထက်တစ်နေ့ ရှည်၍ ရှည်၍ လာကြသည်။ သန်မာထွား ကျိုင်းသော ခန္ဓာကိုယ်မှာ တစ်နေ့တခြား ပိန်ညှော်နွမ်းလျလာခဲ့သည်။ တစ်ချိန်တုန်းက အားမာန်အပြည့်နှင့် ၀င့်ကြွား ခန့်ညားနေခဲ့သော မျက်နှာအမူအရာမှာလည်း ယခုအခါတွင် စိတ်ပျက်လက်လျှော့သည့် အမူအရာ သို့ ပြောင်းလဲ သွားခဲ့ပြီ။ သြဇာဓာတ်အပြည့်ပါသော သူ့အသံကိုလည်း လုံးဝမကြားရတော့။

မျှော်လင့်ချက်ကင်းမဲ့သော အချိန်တွေက တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ၊ နာရီမှ နေ့ရက်၊ နေ့ရက်မှ လသို့ ပြောင်းလာသောအခါ၊ အလင်းအမှောင် ရောက်လာသောအခါများတွင်သာ နောက်ထပ် ၁၂ နာရီကုန်လွန်သွားခဲ့ပြန်ပါပကောဆိုသည်ကို သိရတော့သည်။
လေပြင်း တိုက်သံတွေ ကြားရသည်။ အခန်းနံရံတွေပေါ်တွင် ရေခဲတွေ စုပုံလာကြသည်။ နေထွက်လာသည်။ ရေခဲတွေ ပျော်ကျသွားကြသည်။ မိုးရွာလာပြီ။ အချိန်ကာလ အပြောင်းအလဲကို ဤနည်းဖြင့်သာ မှတ်သား နေရ လေသည်။

တစ်နေ့တွင် လေပြင်းတိုက်၍ မိုးရွာပြီးနောက် ကြမ်းခင်း ကျောက်တုံးတွေကြားတွင် တင်ကျန်ရစ်ခဲ့သော ရေဖြင့် ၀လာဒက်နှင့် ဖလော်ရင်တီနာတို့ ရေချုးကြသည်။ ၀လာဒက် ရေချိုးနေတုန်း နယ်စားကြီးက စိတ်ဝင်စား စွာဖြင့် စိုက်ကြည့်နေသည်။ ကိုယ်ကို ရေသုတ်နေတုန်း နယ်စားကြီးက ရုတ်တရက် လှမ်းခေါ် လိုက်သည်။
'၀လာဒက် သား'သူ့အသံက ကြားရရုံမျှသာ။ 'သားကို ဖေဖေကြီး ကောင်းကောင်းမမြင်ရဘူး၊ အနားကို လာခဲ့ပါဦး ကွယ်' သူ့အသံ တိမ်ဝင်သွားသည်။
ဝလာဒက် က သူ့ကျေးဇူးရှင်ကြီး၏ အသံကို ပထမဆုံးအကြိမ် ပြန်ကြားရ၍ ၀မ်းလည်းသာမိသည်။ အံ့သြ လည်း အံ့သြမိသည်။

'လာပါဦး ကလေးရယ်၊ ဒီအနား ခဏလာခဲ့ပါဦး'
ဝလာဒက်သည် မ၀ံ့မရဲဖြင့် လျှောက်လာပြီး နယ်စားကြီးရှေ့တွင် ရပ်နေသည်။ နယ်စားကြီး ၀လာဒက်အနီး သို့ တုန်တုန်ရီရီဖြင့် ရွှေ့လာပြီး သူ့မျက်လုံးများကို မှေးကာ အားယူ၍ ကြည့်သည်။ ပြီးတော့ သူက ၀လာဒက် ၏ ရင်ဘက်ကို လက်နှင့်လျှောက်စမ်းသည်။

'လူကလေးမှာ နို့သီးခေါင်းတစ်လုံး မရှိပါလား၊ အဲဒါ ဘာဖြစ်လို့လဲ'
'မွေးကတည်းက ပါမလာဘူး ဖေဖေကြီး' ၀လာဒက်က နည်းနည်းရှက်မိသည်။ 'ကျွန်တော် မွေးမိခင်ကတော့ ဒါဟာ ဘုရားသခင်ပေးတဲ့ အမှတ်အသားလို့ ပြောဖူးပါတယ်'
'အလကားမိန်းမ၊ ဘယ်က ဟုတ်ရမှာလဲ၊ ဒါက လူကလေးရဲ့ ဖခင်အရင်းက ပေးတဲ့ အမှတ်အသားပါကွယ်' နယ်စားကြီးက လေသံဖြင့် ပြောသည်။ ပြီးတော့ အတန်ကြာမျှ နှုတ်ဆိတ်နေသည်။
ဝလာဒက် သည် တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်မြဲရပ်နေသည်။

'ထိုင်စမ်းပါ လူကလေး'
သည်တစ်ကြိမ်တွင် သူ့အသံက စောစောကထက် မာသလို ထင်ရသည်။
ဝလာဒက်က ကျိုးနွံစွာ ထိုင်ချလိုက်သည်။ နယ်စားကြီး၏ လက်ကောက်ကွင်းကို သတိထားမိပြန်သည်။ လက်ကောက်ကွင်းက တော်တော်ကြီးချောင်နေပြီ။ လက်ကောက်ကွင်းအပေါ်မှ ဘွဲ့တံဆိပ်စာတန်းက မှုန်မွှားမွှား အလင်းရောင်အောက်တွင် ပြောင်လက်ပေါ်လွင်နေသည်။
'ဂျာမန်တွေက တို့ကို ဒီမှာ ဘယ်လောက်ကြာကြာ ထားမလဲဆိုတာတော့ မပြောတတ်ဘူး၊ ပထမတုန်းက တော့ ဒီစစ်ပွဲဟာ လပိုင်းအတွင်း ပြီးဆုံးသွားလိမ့်မယ်လို့ ထင်ခဲ့မိတယ်၊ ငါအထင်မှားခဲ့တယ်၊ ဒီအတိုင်းဆို ရင် တော်တော် နဲ့ ပြီးမှာမဟုတ်သေးဘူး၊ နှစ်နှင့်ချီပြီး ကြာလိမ့်ဦးမယ်၊ ငါလည်း တစ်နေ့ထက် တစ်နေ့ သေဖို့ ဘက် နီးကပ်လာပြီ၊ အဲဒီတော့ ကျန်နေတဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချမှ ဖြစ်လိမ့်မယ်'
'အို... မဟုတ်တာဘဲ ဖေဖေကြီး၊ ဖေဖေကြီး ဘာမှမဖြစ်နိုင်သေးပါဘူး'
နယ်စားကြီး က ၀လာဒက်၏ စကားကို မကြားသလို ဆက်ပြောသည်။

'လူကလေးဘ၀က အခုမှ အစပဲရှိသေးတယ်၊ အဲဒီတော့ ပြတ်နေတဲ့ ပညာရေးကို ပြန်ဆက်ကြမယ်'
နယ်စားကြီး သည် ထိုနေ့တစ်နေ့လုံး ဘာစကားမှမပြောတော့။ ၀လာဒက်အတွက် သင်ရိုးညွှန်းတမ်းကိုသာ အလေးအနက် စဉ်းစားနေတော့သည်။
သည်လို နှင့် ၀လာဒက်သည် ဆရာသစ်တစ်ယောက် ရရှိလာပြီး အဆက်ပြတ်နေသော စာသင်ခြင်းအလုပ်ကို ပြန်လည် သင်ကြားခွင့်ရသည်။ သို့သော် သူတို့တွင် ဖတ်စာအုပ်နှင့်ရေးစရာပစ္စည်းဆို ၍ဘာမျှမရှိသဖြင့် နယ်စားကြီး ရွတ်ပြသမျှကို နှုတ်တိုက်သာ ကျက်မှတ်ရလေသည်။

နယ်စားကြီးက ၀လာဒက်အား နာမည်ကျော် ပိုလန်စာဆိုကြီးများ ဖြစ်ကြသော အဒမ်မစ်ကေ၀စ်နှင့် ဂျန်ကို ချောနော့စကီးတို့၏ ဂန္ထ၀င်ကဗျာများကို သင်ပေးသည်။ ရောမစာဆိုကြီး ဗာဂျီလ်၏ဂန္ထ၀င်မော်ကွန်းဖြစ် သော 'အီနီးအစ်'လင်္ကာကြီးမှ အကောင်းဆုံးအပိုဒ်များကိုလည်း ရွေးနုတ်သင်ကြားပေးသည်။ ထို့ပြင် ပထ၀ီနှင့်သင်္ချာအပြင် ရုရှ၊ ဂျာမန်၊ ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာတို့ကိုလည်း သင်ပြသည်။ သို့သော် ၀လာဒက် အကြိုက်ဆုံးကတော့ နိုင်ငံသမိုင်းဘာသာရပ်ဖြစ်သည်။ မျိုးခြားနယ်ချဲ့တို့၏ လက်အောက်တွင် နှစ်ပေါင်းတစ်ရာကျော်မျှ ကျွန်သပေါက်ဘ၀ ရောက်ခဲ့ရသော ပိုလန် အမျိုးသားတို့၏ သမိုင်းကို သင်ကြားရ သောအခါ ၀လာဒက်အဖို့ မျိုးချစ်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာမိသည်။

    နေ့စဉ်နေ့တိုင်း နောက်ဆုံးပိတ် သင်ရသော ဘာသာရပ်ကတော့ ရိုစနော့စကီး မိသားစုသမိုင်း။ ၁၇၉၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဒါဘရော်စကီး လက်အောက်၌လည်းကောင်း၊ ၁၈၀၉ ခုနှစ်တွင် ပြင်သစ် ဧကရာဇ် နပိုလီယံ လက်အောက်၌လည်းကောင်း အမှုထမ်းခဲ့၍ နပိုလီယံက နယ်စားဘွဲ့နှင့် မြေများချီးမြှင့် ခံခဲ့ရသော နယ်စားကြီး၏ အဘိုး၏ အဘီအကြောင်းကိုကား ထပ်တလဲလဲ ကြားရသည်။ ကြားရတိုင်းလည်း ၀လာဒက်မှာ နားမညည်းနိုင်အောင်ပင် စိတ်ဝင်စားမိသည်။

ထို့ပြင် -
နယ်စားကြီး၏ အဘိုးဖြစ်သူသည် ၀ါဆောမြို့တော်ကောင်စီတွင် ဆောင်ရွက်ခဲ့ပြီး ဖခင်ဖြစ်သူမှာ ခေတ်သစ် ပိုလန်နိုင်ငံ ထူထောင်ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့ကြောင်းများကိုလည်း မှတ်သားရသည်။
အကျဉ်းခန်းမှ စာသင်ခန်းသို့ပြောင်းကာ သည်အကြောင်းတွေကို လေ့လာမှတ်သားရသောအခါ ၀လာဒက် မှာ ပျင်းရိချိန်မရတော့ဘဲ အပျော်ကြီး ပျော်နေမိတော့သည်။

*
အချုပ်ခန်းတံခါးဝတွင် အစောင့်ကို လေးနာရီလျှင် တစ်ကြိမ်လဲသည်။ အစောင့်စစ်သားနှင့် အကျဉ်းသားများ စကားပြောခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။ သို့သော် စစ်သားများဆီမှ တစ်ခွန်းစ နှစ်ခွန်းစ ကြားရသောစကားဖြင့် စစ်ကြီးအခြေအနေကို ၀လာဒက် အကဲခတ်မိသည်။ ဟင်ဒင်ဘတ်နှင့် လူဒငါဒေါ့ဖ် တိုက်ပွဲများအကြောင်း ရုရှနိုင်ငံတွင် ပေါ်ပေါက်လာပြီး ဘရက်-လီတော့စ်စာချုပ်ဖြင့် ရုရှနိုင်ငံ စစ်ကြီးထဲမှ ပြန်ထွက်သွားကြောင်းတို့ကို သိရှိလာရသည်။

ဝလာဒက်မှာ နယ်စားကြီး၏ သင်ပြမှုကြောင့် ပညာဗဟုသုတ တိုးပွားလာသော်လည်း ထွက်ပေါက်မရှိသော အခန်းထဲတွင် လွတ်လပ်မှုရှိ၍ စိတ်ဆင်းရဲလှသည်။ အကျဉ်းသားများအဖို့ တစ်ခုတည်းသောထွက်ပေါက်မှာ သေခြင်းပင်ဖြစ်ကြောင်း သူတို့ အားလုံးနားလည်ကြသည်။

နယ်စားကြီးမှာ တစ်နေ့ထက်တစ်နေ့ မျက်စိအားလည်း ယုတ်လာသည်။ နားအကြားလည်း ဆုတ်လာသည်။ သို့သော် ၀လာဒက်အား စာသင်ပေးခြင်းကား တစ်နေ့မှ မပျက်။
အချုပ်ခန်းများ၏ အခြေအနေမှာ ရက်ကြာလာသည်နှင့်အမျှ ဆိုးသည်ထက်ဆိုးရွားလာသည်။ ကျင်ကြီး ကျင်ငယ် အနံ့များနှင့် ဟင်းကျန် ကြွင်းကျန် အပုပ်အနံ့များမှာ မခံမရပ်နိုင်အောင် ဖြစ်လာသည်။ လူတွေ လည်း ရောဂါအမျိုးမျိုး စွဲကပ်ပြီး အသေအပျောက်များလာသည်။ ၁၉၁၈ ခုနှစ်၊ နွေဦးပေါက်ရာသီ ရောက် လာသောအခါ အကျဉ်းသား ၂၇ ယောက်အနက် ၁၅ ယောက်သာ ကျန်တော့သည်။
နယ်စားကြီးကို လူတိုင်းက အရှင်သခင်သဖွယ် ဆက်ဆံကြသည်။ ၀လာဒက်မှာလည်း နယ်စားကြီး၏ တရား ၀င်ဘဏ္ဍာစိုးဖြစ်လာခဲ့ရသည်။

ဝလာဒက်က မိမိအတွက်ထက် အစ်မကြီး ဖလော်ရင်တီနာအတွက် ပို၍ စိတ်မကောင်း ဖြစ်မိသည်။ ဖလော် ရင်တီနာမှာ အသက် ၂၀ ပင် ပြည့်လာပြီ။ ငရဲဘုံလို ဆိုးရွားလှသော အကျဉ်းခန်းထဲတွင် မိန်းမပျိုကလေး တစ်ယောက်အနေဖြင့် နှစ်ရှည်လများ နေသွားရမည်ကို မတွေးရဲအောင်ပင် ဖြစ်ရသည်။

ဝလာဒက် အသက်က ၁၂ နှစ်ရောက်ပြီ။ အသက်ငယ်သော်လည်း သူက အသိဥာဏ်အရ လူကြီးကလေး ဖြစ်နေသည်။ အစ်မကြီးဖြစ်သူအား စိတ်ဓာတ်မကျရန် အမြဲတမ်း အားပေးသည်။ သို့သော် သူ့စိတ်ထဲမှာ တော့ အနာဂတ်ကို မယုံချင်တော့။ သူတို့အတွက် အနာဂတ် ရှိနေသေးသည်ဟု မထင်ချင်တော့။

*
ဆောင်းဦးပေါက်ကာလ တစ်ခုသော ညနေချမ်းအချိန်။
    ဖလော်ရင်တီနာသည် ၀လာဒက်ရှိရာ အခန်းထဲသို့ ၀င်လာသည်။
    'ဖေဖေကြီးက မောင်လေးကို ခေါ်နေတယ်'
ဝလာဒက်က ထမင်းဟင်း ဝေခြမ်းသောတာဝန်ကို အခြားအိမ်စေတော် တစ်ယောက်နှင့် လွှဲထားခဲ့ပြီး ကမန်းကတန်း ထလိုက်လာခဲ့သည်။
နယ်စားကြီးသည် ပြင်းထန်သော ဝေဒနာဒဏ်ကို မချိမဆံ ခံစားနေရကြောင်း ၀လာဒက်က မြင်မြင်ချင်း သိ လိုက်မိသည်။ နယ်စားကြီးမှာ နဂိုရုပ်လုံးဝမရှိတော့။ အရိုးပေါ်အရေတင်ကာ ကမ္မဋ္ဌာန်းရုပ်ပေါက်နေရှာပြီ။

နယ်စားကြီးက ရေတောင်းသည်။ ဖလော်ရင်တီနာက လက်ကိုင်`၇ိုးတပ်ထားသော ရေမှုတ်ဖြင့် ရေခပ်ပေး သည်။
ရေသောက်ပြီးသောအခါ နယ်စားကြီးက ဖြည်းဖြည်းချင်း စကားပြောသည်။ သူ့အခြေအနေက စကားပြော ရန်ပင် မနည်းအားထုတ်နေရကြောင်း သိသာလှသည်။
'၀လာဒက်လူကလေးဟာ လူတွေ သေတာကို အများကြီး မြင်ဖူးခဲ့ပါပြီ၊ အဲဒီတော့ နောက်ထပ် မြင်ရတော့ လည်း လူကလေးအတွက် အထူးအဆန်း မဖြစ်တော့ပါဘူး၊ ဖေဖေကြီးဟာ ဒီဘ၀မှာ မနေချင်တော့ဘူး လူ ကလေး၊ ဒီဘ၀မှာ နေရတာထက် သေသွားတာက ဖေဖေကြီးအတွက် ပိုပြီးကောင်းလိမ့်မယ်'

'မဟုတ်ဘူး... ဖေဖေကြီး၊ အဲဒီလို မဟုတ်သေးဘူး၊ ဖေဖေကြီး မသေရသေးပါဘူး' ၀လာဒက်က နယ်စား ကြီးအား ပထမဆုံးအကြိမ် ပွေ့ဖက်ပြီး ငိုသံပါပါနှင့် ပြောလိုက်သည်။ 'ကျွန်တော်တို့ လွတ်မြောက်ခါနီးပါပြီ ဖေဖေကြီး၊ စိတ်ဓာတ်မလျှော့ပါနဲ့၊ အားတင်းထားပါ၊ စစ်ပွဲကြီးပြီးတော့မယ်၊ အစောင့်စစ်သားက အဲဒီလိုပဲ ကျွန်တော့်ကို ပြောပါတယ်၊ ကျွန်တော်တို့ မကြာခင် လွတ်မြောက်ရတော့မှာပါ'

'သူတို့က အဲဒီလိုပြောတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ လူကလေး၊ သူတို့ပြောတာကို မယုံပါနဲ့၊ ဘာပဲဖြစ်ဖြစ် ဖေဖေ ကြီးတော့ ဒီလောကမှာ မနေချင်တော့ဘူး၊ အသက်ရှင်နေရင်လည်း သူတို့လက်အောက်မှာပဲ နေရဦးမှာပဲ၊ ဖေဖေကြီး သူ့ကျွန်ဘ၀နဲ့ အသေမခံနိုင်တော့ဘူး'

သူ့မျက်လုံးအစုံမှ မျက်ရည်တွေ စီးကျလာသည်။ မျက်ရည်တိတ်အောင် ချုပ်ထိန်းသည့်အနေဖြင့် အနီးမှ ရေခွက်ကိုယူ၍ ထပ်သောက်ပြန်သည်။ သို့သော် မျက်ရည်က မတိတ်၊ စီးကျမြဲ စီးကျဆဲ။
သူက သူ့ကိုယ်သူ အားတင်းပြီး ပြုံးလိုက်သည်။
' လူကလေး ... ထမင်းချက်နဲ့ စားပွဲထိုးကို သွားခေါ်ပါ '

ဝလာဒက်က ဘာအကြောင်းမှန်း မတွေးတတ်အောင် ဖြစ်ရသည်။ နယ်စားကြီး ဆန္ဒအတိုင်း အိမ်တော်စေနှစ် ယောက်ကို ချက်ချင်းပင် သွားခေါ်လာသည်။
ထမင်းချက်နှင့် စားပွဲထိုးမှာ အိပ်ပျော်နေရာမှ ကမန်းကတန်းထလာပြီး နယ်စားကြီးရှေ့တွင် ရပ်လိုက်ကြ သည်။ သူတို့နှစ်ယောက်သည် ယခင်ကအတိုင်းပင် ပွင့်ထိုးပန်းရိုက် အိမ်တော်စေများဝတ်စုံကို ၀တ်ထားဆဲ ဖြစ်သည်။ သို့သော် အစိမ်းရောင် ရွှေရောင်များ ပြယ်၍ ယခင်ကကဲ့သို့ ခန့်ညား လှပမှု လုံးဝမရှိတော့။

'သူတို့ရောက်ပြီလား လူကလေး'
'ဟုတ်ကဲ့ ရောက်ပါပြီ ဖေဖေကြီး၊ ဒီမှာ ဖေဖေကြီးရှေ့မှာ ရပ်နေကြပါတယ်'
နယ်စားကြီး၏ မျက်စိအလင်း လုံးဝကွယ်သွားခဲ့ပြီဆိုသည်ကို ၀လာဒက်က ပထမဆုံးအကြိမ် သိလိုက်ရလေ သည်။
'ရှေ့နားတိုးစမ်းပါ ငါ စမ်းကြည့်ချင်လို့ '

ဝလာဒက်က အိမ်တော်စေနှစ်ယောက်တို့အား နယ်စားကြီးအနီးသို့ ကပ်ခိုင်းသည်။ နယ်စားကြီးက ၎င်းတို့၏ မျက်နှာကို လက်နှင့် စမ်းသပ်ကြည့်သည်။
' ဒါ လူဒွစ်နဲ့ အယ်လ်ဖွန်တို့လား၊ မင်းတို့ ငါပြောတာ ကြားရရဲ့လား'
' ကြားရပါတယ် သခင်ကြီး ' လူဒွစ်က ပြန်ပြောသည်။

' ငါ့နာမည်က နယ်စားကြီး ရို့စနော့စကီး '
' ဟုတ်ပါတယ် ခင်ဗျာ '
' ငါပြောတာ ဖြတ်မပြောနဲ့၊ အခု ငါ သေရတော့မယ် '
အိမ်တော်စေနှစ်ယောက်က ဘာမှပြန်မပြော။ သေခြင်းတရားသည် သူတို့နှစ်ယောက် စလုံးအတွက် မဆန်းတော့။
' ဒီမှာ စက္ကူလည်း မရှိ၊ ငှက်တောင်လည်း မရှိ၊ မင်လည်းမရှိ၊ သေတမ်းစာရေးနေလို့တော့ မဖြစ်တော့ဘူး၊ အဲဒီတော့ ပိုလန်နိုင်ငံရဲ့ ရှေးထုံးစံအတိုင်းပဲ မင်းတို့နှစ်ယောက်တို့ သက်သေအရာမှာထားပြီးတော့ ငါက သေတမ်းစာ လွှဲခဲ့တော့မယ်၊ ငါပြောတာကို သဘောပေါက်ကြရဲ့လား '

' သဘောပေါက်ပါတယ် ... သခင်ကြီး ' နှစ်ယောက်စလုံး ပြိုင်တူပြောလိုက်ကြသည်။
' ငါ့သားကြီး လီယွန်က ဆုံးသွားပြီ ' ခေတ္တရပ်နေပြီးတော့မှ ဆက်ပြောသည်။ ' ဒါကြောင့် ဒီရဲတိုက်ကြီးနဲ့တကွ ငါပိုင်ပစ္စည်းအားလုံးကို ၀လာဒက်ကော်စကေ၀စ်လို့ခေါ်တဲ့ ဒီသူငယ်ကို အပြီးအပိုင် လွှဲ အပ်ခဲ့မယ် '
ဝလာဒက်က ' ကော်စကေ၀စ် 'ဆိုသော သူ၏ မိသားစုနာမည် စကားလုံးကို အခုမှ ပြန်လည် သတိရမိသည်။ သူက နယ်စားကြီး၏ စကားကို နားစွင့်နေသည်။
' အဲဒီတော့ သက်သေခံ အထောက်အထားအဖြစ်နဲ့ ငါ့ရဲ့ ဒီဘွဲ့တံဆိပ်တော် လက်ကောက်ကွင်းကို သူ့ကို ပေးခဲ့မယ် '
နယ်စားကြီးက ညာလက်ကို ဖြည်းဖြည်းမကာ ငွေလက်ကောက်ကွင်းကို ချွတ်သည်။ ပြီးတော့ ၀လာဒက်ထံ သို့ ကမ်းပေးသည်။ ၀လာဒက်က ကြက်သေသေကာ ငေးကြည့်နေသည်။ နယ်စားကြီးက ၀လာဒက်အား ပွေ့ဖက်ကာ ရင်ဘက်ကို လက်နှင့် စမ်းကြည့်သည်။ ထို့နောက် ၀လာဒက်၏ လက်ကို လှမ်းယူပြီး ငွေလက် ကောက်ကွင်းကို ၀တ်ပေးလိုက်သည်။
' သား ... သား ... ငါ့သား  ... '

ဝလာဒက်က ဘာမပြောညာမပြောနှင့် ကျူကျူပါအောင် ငိုချလိုက်သည်။ သူသည် နယ်စားကြီးအား ပွေ့ဖက်ကာ တစ်ညလုံး တသိမ့်သိမ့်ငိုနေသည်။ နယ်စားကြီစးကလည်း ၀လာဒက်၏ ကိုယ်ကို ပွေ့ဖက်ထားသည်။
ညနေပိုင်းရောက်တော့ နယ်စားကြီး၏ ဖက်ထားသောလက်များ လျော့ပြေကျသွားသည်။ ရင်ဘက်ကို စမ်း ကြည့်သောအခါ နှလုံးလည်း မခုန်တော့။

*
မနက်မိုးလင်းတော့ နယ်စားကြီး၏ ရုပ်ကလာပ်ကို အစောင့် စစ်သားများက အပြင်သို့ သယ်ထုတ်ကြသည်။ ၀လာဒက်၏ တောင်းပန်ချက်အရ နယ်စားကြီး၏ အလောင်းကို ဘုရားရှိခိုးကျောင်းဘေးမှ မိသားစု သင်္ချိုင်း တွင်မြှုပ်နှံခွင့်ပြုသည်။ ၀လာဒက်သည် သူကိုယ်တိုင်တူးသော မြေတွင်းထဲသို့ အလောင်းကို ချလိုက်စဉ်တွင် နယ်စားကြီး၏ အင်္ကျီရင်ဘတ် ရုတ်တရက် ပွင့်သွားသည်။ ၀လာဒက်က အသက်မ၁ရှိတော့သော အလောင်းကောင်၏ ရင်ဘက်ကို စိုက်ကြည့်ရင်း အံ့အားသင့်ကာ ကြက်သေသေ နေမိသည်။
' ဘုရားရေ '
နယ်စားကြီး မှာလည်း သူ့လိုပင် နို့သီးခေါင်းတစ်လုံးတည်းပါလား။

*
သို့ဖြင့် ၀လာဒက်ကလေးသည် အသက် ၁၂ နှစ်သားအရွယ်တွင် ခြံမြေဧက ခြောက်သောင်း၊ ရဲတိုက်ကြီး တစ်လုံး၊ ရိုးရိုးအိမ်ကြီးနှစ်ဆောင်၊ တန်းလျားအိမ် ၂၇ လုံး၊ အဖိုးများစွာထိုက်သော ရှေးပန်းချီကားလက်ရာ များ၊ အိမ်ထောင်ပရိဘောဂများနှင့် ရွှေငွေရတနာ မြောက်မြားစွာတို့ကို အကျဉ်းသားဘ၀ဖြင့် မြေအောက်မှ ကျောက်တုံးကာ အခန်းကျဉ်းကလေးထဲတွင် နေထိုင်ရင်းမှ လုံးဝမမျှော်လင့်ဘဲ အမွေရရှိခဲ့လေသည်။

ထိုနေ့မှစ၍ အခြားသော အကျဉ်းသားအားလုံးကပင် သူ့အား ၎င်းတို့၏ အရှင်သခင်အဖြစ် အသိအမှတ်ပြု ကြသည်။ သူ၏ စံအိမ်တော်ကား ရဲတိုက်ကြီးတော့မဟုတ်၊ ရဲတိုက်မြေအောက်ထဲမှ အကျဉ်းခန်းလေးခန်း သာဖြစ်သည်။ သူ၏ အိမ်တော်စေများမှာလည်း ယခုအချိန်တွင် ဖလော်ရင်တီနာ အပါအ၀င် စုစုပေါင်း ၁၄ ယောက်သာ ကျန်တော့သည်။
တစ်နေ့ပြီးတစ်နေ့ အချိန်တွေ ကုန်လွန်လာခဲ့သည်။ ၁၉၁၈ ခုနှစ် ဆောင်းရာသီသို့ ရောက်ခဲ့ပြီ။

တစ်နေ့တွင် အကျဉ်းသားအားလုံး သေနတ်သံများကို ရုတ်တရက် ကြားလိုက်ကြရသည်။ တစ်နေရာတွင် တိုက်ပွဲဖြစနေသည်မှာ ထင်ရှားသည်။ သူတို့အား ကယ်တင်ရန် ပိုလန်စစ်သားတွေ လာနေကြပြီဟု ၀လာဒက်က ထင်လိုက်သည်။ သည်ရဲတိုက်ကြီးကိုလည်း သူပိုင်တော့မည်ဟု တွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်မိသည်။

အကျဉ်းခန်းတံခါးဝတွင် စောင့်နေသော ဂျာမန်စစ်သားတွေ ထွက်ခွာသွားကြပြီ။ တခြားအကျဉ်းသားတွေက ကြောက်ကြောက်လန့်လန့်ဖြင့် အခန်းထဲတွင် ကုပ်နေကြသည်။ ၀လာဒက်ကတော့ တံခါးဝတွင် ထွက်ရပ်ပြီး သူ့လက်ကောက်ကွင်းကို ဂုဏ်ယူစွာ ပွတ်သပ်ကစားရင်း လွတ်လပ်ခွင့်ရတော့မည့်အချိန်ကို စောင့်မျှော် လျက်ရှိသည်။

မကြာမီတွင် သေနတ်ကိုယ်စီနှင့် စစ်သားတွေရောက်လာကြသည်။ သူတို့သည် ဂျာမန်စစ်သားများအား တိုက်ထုတ်လိုက်သော စစ်သားများ ဖြစ်ကြသည်။ သူတို့စကားပြောသံကို ကြားလိုက်ရသောအခါ ၀လာဒက် ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားမိသည်။ ကြောက်လန့်ချိန်များစွာ မရလိုက်မီပင် ယင်းစစ်သားများက သူနှင့် တကွ အကျဉ်းသားအားလုံးကို အပြင်သို့ ဆွဲထုတ်လာကြသည်။
အကျဉ်းသားများအား တစ်ယောက်စီ တန်းစီစစ်ဆေးသည်။ ပြီးတော့ အကျဉ်းခန်းထဲ ပြန်ပို့လိုက်ကြသည်။ အသစ်ရောက်လာသော စစ်သားများက ယခု သူတို့တွေရသော ၁၂ နှစ်အရွယ် လူငယ်ကလေးသည် ဤရဲ တိုက်ကြီး၏ ပိုင်ရှင်ဖြစ်ကြောင်း မသိကြ။ သူတို့က ပိုလန်စကားမပြော၊ ရုရှစကားပြောသည်။

သူတို့ အမိန့်က တစ်ချက်လွှတ်အမိန့်။ ပြန်လည်မေးမြန်းပိုင်ခွင့် လုံးဝမရှိ။
သူတို့အား ပြန်လှန်အာခံသူများအား ရန်သူအဖြစ် သဘောထားပြီး သတ်ပစ်၊ အေးအေးဆေးဆေး အညံ့ခံသူများအား အမှတ် ၂၀၁ အကျဉ်းစခန်းသို့ပို့။ ယင်းမှာပင် ပြန်မလွတ်မချင်း ပင်ပန်းကြီးစွာ အလုပ် လုပ်ရင်း တစ်သက်လုံးနေကြတော့။

တတိယမြောက်နေ့တွင် စစ်သားတွေက သူတို့အားလုံးကို အပြင်သို့ ခေါ်ထုတ်လာပြီး ရဲတိုက်ရှေ့မှ မြက်ခင်းပြင်တွင် တန်းစီခိုင်းသည်။ ဂြိုလ်ဆိုးတစ်ခုခုတော့ ၀င်တော့မည်ဟု ၀လာဒက်က စိတ်ထဲမှ အလိုလို သိလိုက်သည်။ သူတို့အားလုံး စုစုပေါင်း ၁၅ ယောက်။ အားလုံးပင် အာဟာရချို့တဲ့၍ပိန်လှီညှိုးရော်နေကြ သည်။ အင်္ကျီအ၀တ်အစားတွေကလည်း ဟောင်းနွမ်းစုတ်ပြတ်နေကြပြီ။ ကိုယ်ပေါ်တွင်လည်းရေမချုးရ၍ ချေးညှော်တွေ ပေကျံနေသည်။

နေရောင်ဒဏ် မခံရပ်နိုင်၍ အကျဉ်းသားနှစ်ယောက် ခွေယိုင်လဲကျသွားသည်။ ၀လာဒက်ကလည်း နေ ရောင်ကြည့်နိုင်၍ မျက်နှာကို အောက်သို့ ငုံ့ထားရသည်။
အကျသ်းသားတွေက မြက်ခင်းပေါ်တွင်ရပ်ရင်း အမိန့်ပေးသံကို ရင်တထိတ်ထိတ်နှင့် စောင့်နေကြသည်။
စစ်သားများက သူတို့အား အ၀တ်တွေ ချွတ်ခိုင်းပြီး ဖြစ်ထဲတွင် ရေသွားချိုးရန်အမိန့်ပေးသည်။

ဝလာဒပ်က လက်ကောက်ကွင်းကို အ၀တ်ပုံထဲ ၀ှက်ထားလိုက်ပြီးနောက် ရေစပ်သို့ ပြေးဆင်းလာခဲ့သည်။ အားနည်းနေသောကြောင့် မြစ်ကမ်းနားရောက်တော့ မောဟိုက်နေသည်။ အသက်ကို တစ်ဝရှိုက်လိုက်ပြီး ရေထဲသို့ ၀ုန်းခနဲ ခုန်ဆင်းလိုက်သည်။ ရေနှင့် ဝေးခဲ့ရသောကြောင့် အေးမြသောရေသည် အရေပြားပေါ်မှ စိမ့်၍ ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသည်ကို ထင်မှတ်ရသည်။ တခြားအကျသ်းသားတွေလည်း သူ့လိုပင် တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းကြသည်။ ကိုယ်ပေါ်က သုံးနှစ်သက်တမ်းရှိသော ချေးညှော်များကို ဆေးကြောခွင့်ရ၍ အားလုံးပင် ၀မ်းသာမိကြသည်။
ရေ၀အောင် ချိုးပြီးတော့ ၀လာဒက်က ကမ်းပေါ်သို့ ပြန်တက်လာသည်။ ထိုအချိန်တွင် သံသယ၀င်စရာ စစ်သားတစ်ယောက်ကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

ထိုစစ်သားသည် ရေချိုးနေသော ဖလောရင်တီနာဆီသို့ လျှောက်သွားပြီး လက်မောင်းကို ဆွဲကာ ကမ်းပေါ်သို့ ဆွဲခေါ်လာခဲ့သည်။
ထိုနောက် ဖလော်ရင်တီနာအား မြက်ခင်းပေါ်သို့ တွန်းလှဲပစ်လိုက်သည်။ ဤတွင် ၀လာဒက်က တအားပြေး သွားပြီး စစ်သား၏ ၀မ်းဗိုက်ကို ခေါင်းနှင့်ဝင်ဆောင့်လိုက်သည်။ ထိုစစ်သားနောက်ပြန်လဲကျ သွားစဉ် အခြားစစ်သားတစ်ယောက်က ပြေးလာပြီး ၀လာဒက်၏ လက်နှစ်ဖက်ကို နောက်ပြန်ချုပ်ကိုင်ကာ ဆွဲခေါ်လာခဲ့သည်။

' ခွေးကောင်ကလေး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မသာဖြစ်ချင်ပြီ ထင်တယ် '
ထို့နောက်တွင်တော့ ဖလော်ရင်တဲနာကလေးခမျာမှာ အရှင်လတ်လတ်နှင့် ငရဲပြည်သို့ ရောက်သွားရရှာ တော့သည်။
*

ဖလော်ရင်တီနာကလေး၏ အော်ဟစ်ငိုညည်းသံများ။ ပထမတော့ အသံကျယ်ကျယ်။ နောက်တော့ တဖြည်း ဖြည်း အသံတိမ်ဝင်သွားပြီး နောက်ဆုံး ဘာသံမှမကြားရတော့။
ဝဘာဒက်မှာ ဖလော်ရင်တီနာ၏ ငိုညည်းသံကို ကြားရတိုင်း အသည်းကို သံချွန်နှင့် အထိုးခံရသလို မချိ အောင်ခံစားရသည်။ သူက သူ့လက်ကို ဖမ်းချုပ်ထားသော စစ်သားလက်ထဲမှ အတင်းရုတ်းထွက်သည်။ သို့သော် အားချင်းမမျှသောကြောင့် သူ့မှာ အံတကြိတ်ကြိတ်နှင့်သာ ခံနေရတော့သည်။

နောက်ဆုံးတော့ စစ်သားက ၀လာဒက်၏လက်ကို လွှတ်ပေးလိုက်သည်။ ၀လယဒက်က ဖလော်ရင်တီနာ ဆီသို့ ပြေးလာခဲ့သည်။ သူကလေးသည် မြက်ခင်းပြင်ပေါ်တွင် မြင်မကောင်း ရှုမကောင်းနှင့် စန့်စန့်ကြီး မေ့ မြောနေရှာပြီ။

စစ်သားတွေက ရဲတိုက်ပေါ်မှ အရက်ပုလင်းများနှင့် မုန့်များကိုယူကာ မြက်ခင်းပြင် တစ်နေရာတွင် တသော သောရယ်မောရင်း အောင်ပွဲခံနေကြသည်။
ဝလာဒက်သည် တခြားအကျဉ်းသားနှစ်ယောက်၏ အကူအညီဖြင့် ဖလော်ရင်တီနာကို မြစ်ကမ်းနားသို့ သယ် ယူလာသည်။ သူမ၏ တစ်ကိုယ်လုံးမှာ ဖွဲအိတ်ပမာ ပျော့အိနေပြီ။ မျက်နှာတွင်လည်း သွေးရောင်လုံးဝ မရှိတော့။

ဖလော်ရင်တီနာ၏ တစ်ကိုယ်လုံးကို ဆေးကြောသုတ်သင်ပေးသည်။ ပြီးတော့ ၀လာဒက်က သူ့အင်္ကျီနှင့် ဖုံးပေးလိုက်သည်။
ထို့နောက် ၀လာဒက်က ဖလော်ရင်တီနာ၏ နဖူးပြင်ကို ရွရွကလေး နမ်းလိုက်သည်။ သူ့အနေဖြင့် မိန်းမ သားတစ်ယောက်အား ပထမဆုံးအကြိမ် နမ်းခြင်းပင် ဖြစ်သည်။
ဖလော်ရင်တီနာသည် ၀လာဒက်၏ ပေါင်ပေါ်တွင်မှီကာ ပက်လက်ကြီး မေ့မြောနေသည်။ အသက်ရှူသံပင် မကြားရတော့။ ၀လာဒက်၏ မျက်စိအစုံမှ မျက်ရည်ပေါက်များသည် ဖလော်ရင်တီနာ၏ ကိုယ်ပေါ်သို့ ဆက် တိုက်ကျဆင်းလာကြသည်။

ကြည့်နေရင်းမှပင် ဖလော်ရင်တီနာသည် ကုပ်ကျိုးပြီး တစ်ဖက်သို့ ခေါင်းလည်ကျသွားသည်။
ဝလာဒက်က သူ့အစ်မကြီးအား ကျစ်ကျစ်ပါအောင် ဖက်ကာ အားရအောင် ငိုချလိုက်တော့သည်။

*
ဖလော်ရင်တီနာ၏ အလောင်းကို မိသားစုသုဿန်ထဲမှ ဘုရားရှိခိုးကျောင်းဆီသို့ ယူလာခဲ့ကြသည်။ ၀လာဒက်၏ မျက်နှာတွင် မျက်ရည်များနှင့် ရွှဲရွှဲစိုနေသည်။
သူက အစ်မကြီး၏ အလောင်းကို နယ်စားကြီး မြေစာပုံဘေးတွင် အသာအယာ ချထားလိုက်သည်။

ထို့နောက် သူ့လက်ဖြင့် မြေတွင်းတူးသည်။ နေ၀င်ခါနီးတော့မှ မြေတွင်းတူးပြီးသွားသည်။
ဝဘာဒက်က ဖလော်ရင်တီနာ၏ အလောင်းကို လီယွန်၏ မြေစာပုံနှင့် ဘေးချင်းကပ်၍ မြှုပ်သည်။ တုတ် ကလေးနှစ်ချောင်းယူပြီး လက်ဝါးကပ်တိုင်လုပ်ကာ မြေစာပုံပေါ်တွင် စိုက်ထားလိုက်သည်။ ထို့နောက်တွင် တော့-
သူသည် လီယွန်နှင့် ဖလော်ရင်တီနာတို့၏ မြေစာပုံနှစ်ခုကြားတွင် အရုပ်ကြိုးပြတ်ခွေကျသွားတော့သည်။
........................................
အခန်း [၈] ဆက်ရန်
.

1 comment:

မြစ်ကျိုးအင်း said...

အခန်း ၈ ကို မျှော်ရပြန်ပြီ