Tuesday, May 11, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၈)
အခန်း (၈)
ဝီလျံသည် စက်တင်ဘာလာတွင် "ဆေးယားအကယ်ဒမီကျောင်း"သို့ ပြန်ရောက်သည်။ သူက သူ့ထက် အသက်ကြီးသော ပြိုင်ဖက် ကျောင်းသားများကိုချည်း သဲကြီးမဲကြီး လိုက်ရှာနေသည်။ စိတ်ဓာတ်ကလည်း ပြင်းပြနေသည်။ ဥာဏ်ကလည်းကောင်းသည်။ ဘာသာရပ်တိုင်းတွင် သာမာန်အဆင့်ထက် မကျော်လွန်လျှင် ဘယ်တော့မှမကျေနပ်။
    သို့သော် တစ်ကျောင်းလုံးတွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မျှမရှိ။ သူ့ထက်ညံ့သော သာမန် ကျောင်းသားတွေချည်းဖြစ်နေသည်။ သူတို့က ၀ီလျံကဲ့သို့ပင် သူဌေးသား တွေဖြစ်ကြသော်လည်း ကြိုးစားမှု တွင် အလွန်အားနည်းကြသည်။ အပြိုင်အဆိုင် စိတ်ဓာတ် ခေါင်းပါးကြသည်။
    ၁၉၁၅ ခုနှစ်တွင် "ဆေးယားအကယ်ဒမီ"ကျောင်း၌ ကျောင်းပြင်ပ လုပ်ငန်းတစ်ရပ် ရေပန်းစားလာသည်။ တခြားမဟုတ်။ မီးခြစ်ဘူးပေါ်မှ လေဘယ်တံဆိပ်စုခြင်းဖြစ်သည်။ ၀ီလျံသည် ပထမတော့ သည်အလုပ်ကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေသည်။ ကိုယ်တိုင်စုဆောင်းခြင်း မလုပ်။ သို့သော် မကြာမီတါင် သာမန် တံဆိပ် တစ်ခု၏ တန်ဖိုးသည် ဆင့် ၁၀ ဖြစ်လာပြီး ရှားရှားပါးပါး တံဆိပ်တစ်ခု၏ တန်ဖိုးက ဆင့်၅၀ အထိ ဖြစ် လာသည်။ ၀ီလျံက အခြေအနေကို သုံးသပ်ပြီးနောက် သည်လုပ်ငန်းကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် စုဆောင်းသူတော့ မလုပ်။ ရောင်းဝယ်သူလုပ်ရန် ဖြစ်သည်။
    စနေနေ့ ကျောင်းအားရက် တစ်ရက်ရက်တွင် ဘော့စတွန်မြို့မှ အကြီးဆုံး ဆေးလိပ်ကုမ္ပဏီကြီးဖြစ်သော "လီဗစ်နှင့် ပီးယားစ်ကုမ္ပဏီ"သို့ သွားရောက်သည်။ ကမ္ဘာပေါ်တွင် အဓိက မီးခြစ်ဘူးခွံများ ထုတ်လုပ်သော ကုမ္ပဏီ အားလုံး၏ နေရပ်လိပ်စာတွေကို တစ်ညလုံးထိုင်ကူးသည်။  ကုမ္ပဏီတစ်ခုခုသည် စစ်နယ်မြေထဲ ရောက်နေ သလား၊ မရောက်နေ သလားဆိုသည်ကိုလည်း သေသေချာချာ မှတ်သားသည်။
    ထို့နောက် စာရေးစက္ကူ၊ စာအိတ်နှင့် တံဆိပ်ခေါင်းအတွက် ငါးဒေါ်လာ အရင်းအနှီးမြှုပ်နှံကာ ကုမ္ပဏီတိုင်း ၏ ဥက္ကဋ္ဌ အသီးသီးထံသို့ စာရေးသည်။ စာကြမ်းနမူနာကို ခုနှစ်ကြိမ်တိတိ ရေးပြီးမှ အချောပြန်ကူးသည်။
လူကြီးမင်းခင်ဗျား
    'ကျွန်တော်သည် မီးခြစ်ဘူး လေဘယ်တံဆိပ် စုဆောင်းခြင်းကို အလွန်ဝါသနာကြီးသူ တစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း မီးခြစ်ဘူခွံ အားလုံးကို ရရှိရန် အခက်အခဲ တွေ့နေရပါသည်။ ကျွန်တော် မုန့်ဖိုးရသော ပိုက်ဆံမှာလည်း တစ်ပတ်မှ တစ်ဒေါ်လာသာဖြစ်၍ အလွန်နည်းနေပါသည်။ သို့သော်လည်း ကျွန်တော် ၏ ၀ါသနာ ပြင်းပြကြောင်းကို သက်သေပြခင်၍ တံဆိပ်ခေါင်း သုံးဆင့်ဖိုး အကုန်ခံကာ ဤစာကို ရေးလိုက် ရပါသည်။
လူကြီးမင်းအား ယခုကဲ့သို့ အနှောင့်အယှက်ပြုမိသည်ကို အထူးပင် အားနာမိပါသည်။ သို့သော်လည်း လူကြီးမင်း မှတစ်ပါး တခြားအားကိုးရာ မရှိပါ၍ ယခုကဲ့သို့ အကူအညီတောင်းခံရ ပါသည် ခင်ဗျား'
လေးစားလျက်ပါ
ဝီလျံကိန်း (အသက် ၉ နှစ်)
စာကြွင်း။    ။ လူကြီးမင်း၏ ကုမ္ပဏီမှ ထုတ်လုပ်သော မီးခြစ်ခွံလေဘယ်တံဆိပ်မှာ ကျွန်တော် အကြိုက်ဆုံး တံဆိပ်တစ်ခု ဖြစ်ပါသည်။
    သည်စာများကို ပို့ပြီးနောက် ရက်သတ္တအသုံးပတ်အတွင်းတွင် ပြန်စာ ၅၅ ရာခိုင်နှုန်းရရှိပြီး လက်ခံရရှိသော မီးဖြစ်ခွံတံဆိပ်မှာ ၁၇၈ မျိုးဖြစ်သည်။ သူက ကြိုတင်အမြော်အမြင်ဖြင့် စာအိတ်တိုင်းတွင် ပြန်စာ အတွက် သုံးဆင့်တန် အပိုတံဆိပ် ခေါင်းတစ်လုံးစီ ထည့်ပေးခဲ့သည်။
    နောက် ခုနှစ်ရက်ကြာသောအခါ ၀ီလျံသည် ကျောင်းထဲတွင် မီးဖြစ်ခွံ တံဆိပ်ဆိုင်တစ်ဆိုင် ဖွင့်သည်။ သူ့ထံမှ ရောင်းရုံသက်သက်မဟုတ်၊ သူများထံမှလည်း ပြန်ဝယ်သည်။ သို့သော် သူ့ပစ္စည်းတစ်ခုစွံမှ သူများထံမှ တစ်ခုပြန်ဝယ်သည်။ ဤသည်မှာ သူ၏ မူပိုင်ရောင်းဝယ်ရေး ပေါ်လစီဖြစ်သည်။
    တချို့ကျောင်းသားတွေက ရှားပါးတံဆိပ်ကို မကြိုက်ကြ။ လှပခြင်းကိုသာ ဦးစားပေး၍ ၀ယ်ကြသည်။ သို့သော် သတိမထားမိ စီးပွားရေးလာဘ်မမြင်သော ကျောင်းသားများထံမှ ရှားပါသော တံဆိပ်များနှင့် သူ့ထံမှ လှပသော တံဆိပ်များကို လဲယူသည်။
    နောက်ရက်သတ္တနှစ်ပတ် ကြာသောအခါ သူ့လုပ်ငန်းသည် အံ့သြရလောက်အောင် တွင်ကျယ်လာသည်။ သို့သော် သတိမထားလျှင် မကြာခင် အရောင်းအ၀ယ် ရပ်သွားနိုင်ကြောင်း သူက တွက်ချက်မိသည်။ ထို့ကြောင့် လက်ကမ်းကြော်ငြာတစ်ရွက် ရိုက်နှိပ်ပြီး ကျောင်းသားတိုင်း၏ စားပွဲတိုင်းတွင် သွားတင် ထားလိုက်သည်။ ကြော်ငြာရွက်ပါ စုစုပေါင်းတံဆိပ် ၂၁၁ မျိုး လေလံတင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း နေ့လယ်စာ စားချိန်တွင် ပြုလုပ်သည်။ ကျောင်းတွင် ဟော်ကီကစားပွဲထက် လူစည်သည်။
    လေလံပွဲပြီးတော့ စုစုပေါင်းဝင်ငွေ ၅၇ ဒေါ်လာနှင့် ၃၂ ဆင့် ရရှိသည်။ အသားတင်အမြတ် ငွေက ၅၂ ဒေါ်လာ နှင့် ၃၂ ဆင့်။
    ယင်းငွေများအနက် နှစ် နှစ်ပိုင်းတစ်ပိုင်း ရာခိုင်နှုန်းဖြစ်သော ၂၅ ဒေါ်လာကို ဘဏ်တိုက်တွင် အပ်နှံထားလိုက်သည်။ ထို့နောက် ၁၁ ဒေါ်လာတန် ကင်မရာတစလုံးဝယ်သည်။ ရေဘေးဒုက္ခသည်များကို ကူညီရန် အတွက် ခရစ်ယာန်ကလျာဏယုဝအသင်း (၀ိုင်အမ်စီအေ)သို့ ငါးဒေါ်လာလှူလိုက်သည်။ သူ့မေမေ အတွက် ပန်းလက်ဆောင်ဝယ်သည်။ ကျန်ငွေအနည်းငယ်ကို သူ့အိတ်တွင် သိမ်းထားလိုက်သည်။
    မီးခြစ်တံဆိပ် အရောင်းအ၀ယ်လုပ်ငန်းသည် ကျောင်းပိတ်ရက်မတိုင်မီ ကျဆင်းသွား သည်။ သို့သော် ၀ီလျံအဖို့တော့ ပွဲဦးထွက်တွင် မြက်မြက်ကလေး 'စား'လိုက်ရပြီ။
    သည်အကြောင်းကို အဘွားတွေသိလျှင် ဘယ်လောက်များ ဂုဏ်ယူဝမ်းသာကြလိမ့်မည် မသိ။ သူတို့မြေးကလေး လုပ်လိုက်သော စီးပွားရေးလုပ်ငန်းသည် ၁၈၇၃ ခုနှစ်အတွင်း စီးပွားရေး ကောင်းချိန်က သူတို့၏ လင်ယောက်ျားတွေ ရတနာပုံဆိုက်ခဲ့ကြသော လုပ်နည်းလုပ်ဟန်နှင့် လုံးဝ မတူပါချေ။
    ကျောင်းပိတ်ရက် ရောက်သောအခါ ၀ီလျံသည် အမြတ်ရမည့် စီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်ကြည့် ချင်လာပြန်သည်။ သူက ဘဏ်တိုက်တွင် စုထားသော ၂၅ ဒေါ်လာမှ ရမည့် အတိုးငွေမျှ လောက်နှင့် မကျေနပ်ချင်။
    သို့ဖြင့် နောက်သုံးလ အတွင်းတွင် အဘွားကိန်း၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး "ဝေါလ်စထရိဂျာနယ်" သတင်း စာကြီးက အလေးအနက်ထောက်ခံသော စတော့အရောင်းအ၀ယ် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ လိုက်သည်။ ကျောင်းပြန်ဖွင့်ချိန်ရောက်တော့ မီးခြစ်ခွံ တံဆိပ်ရောင်း၍ ရရှိခဲ့သော သူ့ပိုက်ဆံတွေထဲမှ တစ်ဝက်လောက် ရှုံးသွားသည်။ စတော့ဈေးကွက်တွင် သြဇာရှိလှသော ကမ္ဘာကျော် "ဝေါလ်စထရိဂျာနယ်" သတင်းစာ ကြီး၏ ထောက်ခံချက်ကို ယုံကြည် ခဲ့မိသည့် ၀ီလျံအဖို့ ပထမဆုံးအကြိမ်အဖြစ် အရှုံးနှင့် ရင်ဆိုင် ခဲ့ရခြင်းပင် ဖြစ်သည်။
    သူပိုင်ငွေထဲမှ ဒေါ်လာ ၂၀ ကျော် ဆုံးရှုံးသွား၍ ၀ီလျံ တော်တော် ဒေါသထွက်မိသည်။ ထို့ကြောင့် လာမည့် အီစတာ ပွဲတော် ကျောင်းပိတ်ရက်အတွင်း ရှုံးငွေပြန်ရအောင် တစ်ခုခုတော့ လုပ်ရမည်ဟု ဆုံးဖြတ် လိုက်သည်။
    ကျောင်းပိတ်၍ အိမ်သို့ ပြန်ရောက်တော့ သူ့မေမေက သူ့အား ပါတီပွဲတွေ၊ ဧည့်ခံပွဲတွေ တက်စေချင်သည်။ သို့သော် သူက လုံးဝမတက်။ ကျောင်းပိတ်ရက်က စုစုပေါင၈်း ၁၄ ရက်သာ ရရှိသည်မဟုတ်လား။ သို့သော် သူ၏ စီးပွားရေး စွန့်စားမှုအသစ်အတွက် လုံလောက်သော အချိန်ကာလတော့ ဖြစ်သည်။
    သို့ဖြင့် စတော့ဈေးကွက်တွင် မြှုပ်နှံထားသော သူပိုင် ရှယ်ယာအားလုံးကို ပြန်ရောင်းလိုက်သည်။ စုစုပေါင်း ၁၂ ဒေါ်လာသာ ပြန်ရသည်။ ယင်းငွေဖြင့် သစ်သားပြားတစ်ချပ်၊ လှည်းဘီးတစ်စုံ၊ ဘီးဝင်ရိုးနှင့် ကျစ်ကြိုး တစ်ပင် ၀ယ်သည်။ ဖျစ်ဖျစ်ညှစ်ညှစ် ဈေးဆစ်ဝယ်သောကြောင့် အားလုံအတွက် ငါးဒေါ်လာသာ ကုန်ကျ သည်။
    ယင်းပစ္စည်းများကို ဆက်စပ် တပ်ဆင်လိုက်သောအခါ ဘီးတပ်ကြိုးဆွဲ လှည်းတစ်စီး ဖြစ်လာသည်။
    ထို့နောက် ပိတ်ဦးထုပ်ဆောင်းပြီး အင်္ကျီဘောင်းဘီအနွမ်း တစ်စုံကို ၀တ်သည်။ အရွယ်ထက် ပိုရင့်ပြီး လူကြီး ပုံပေါက်လာအောင် ဖြစ်သည်။
    သည်နောက်တော့ သူ့လှည်းကြီးကိုဆွဲပြီး သူတို့ရပ်ကွက်အနီးမှ ဘူတာရုံသို့ လာခဲ့သ်။ သူက လှည်းကြီးကို ယာဉ်ရပ်ကွက်လပ်မှာ ထားခဲ့ပြီး ဘူတာရုံထွက်ပေါက်တွင် ရပ်နေသည်။
    ပြီးတော့ ရထားပေါ်မှ ဆင်းလာသမျှ ခရီးသည်များအား ပစ္စည်းသယ်ရန် သူ့လှည်းကို ငှားဖို့ မလွတ်တမ်းဆီး၍ ဈေးဆွယ်သည်။
    သူက ဘော့စတွန်မြို့မှ အကောင်းဆုံး ဟိုတယ်များမှာ ဘူတာရုံအနီးအနားတွင်ပင် ရှိကြောင်း၊ ထို့ကြောင့် တက္ကစီ ငှား၍ သွားစရာမလိုကြောင်း၊ ပစ္စည်းသယ်ပို့ရန်အတွက် သူ့လှည်း ငှားလျှင် တက္ကစီငှားခထက် ၈၀ ရာခိုင်နှုန်းလျှော့၍ ပို့ပေးမည်ဖြစ်ကြောင်း၊ ခ၇ီးသည်များအနေဖြင့် ဟိုတယ်သို့ ကားနှင့်မသွားဘဲ ခြေကျင် လျှောက်သွာလျှင် အညောင်းပင် ပြေသေးကြောင်း သွက် လက်ချက်ချာစွာ ပြောပြသည်။
    ခရီးသည်တွေက သူ့အပြောနှင့် သူ့အရွယ်ကို သဘောကျပြီး သူ့လှည်းကို လိုလိုချင်ချင်နှင့် ငှားရမ်း ကြသည်။
    သည်လိုနှင့် တစ်နေ့မှာ ခြောက်နာရီမျှသာ အလုပ်လုပ်ရာ လုပ်ငန်းပြီးသောအခါ သူ့အတွက် လေးဒေါ်လာ ရသည်။
    ကျောင်းပြန်ဖွင့်ရန် ငါးရက်အလို ရောက်သောအခါ မူလဆုံးရှုံးထားသော အရင်းငွေအားလုံးကို ပြန်လည်ရရှိသည့်အပြင် အသားတင်အမြတ် ၁၀ ဒေါ်လာပင် ပိုလာသေးသည်။
    ဤတွင် သူ့အဖို့ ပြဿနာနှင့် ၀င်တိုးရပြန်သည်။ တက္ကစီကားဆရာတွေက သူ့လုပ်ရပ်ကို မကျေမနပ် ဖြစ်လာကြသည်။ ၀ီလျံက သူ့အနေဖြင့် အမြဲတမ်းလုပ်ရန်မဟုတ်ကြောင်း၊ အကယ်၍ သူ့လုပ်ထားသော ကြိုးဆွဲလှည်း အတွက် တက္ကဆီဆရာတွေက သူ့အား တစ်ယောက် ဆင့် ၅၀ စီ ပေးလျှင် သူ့လုပ်ငန်းကို ဆက်မလုပ် တော့ကြောင်း ကျေကျေလည်လည်ပြောပြသည်။
ကားဆရာတွေကလည်း ကျေကျေနပ်နပ် လက်ခံကြသည်။ သို့ဖြင့် ၀ီလျံမှာ နောက်ထပ် ရှစ်ဒေါ်လာနှင့် ဆင့်၅၀ တိုးလာခဲ့ပြန်သည်။
    ထိုနေ့က အိမ်အပြန်တွင် ၀ီလျံက သူ့လှည်းကို သူ့ထက် နှစ်နှစ်ကြီးသော ကျောင်းသား မိတ်ဆွေ တစ်ယောက်အား ငါးဒေါ်လာနှင့် ပြန်ရောင်းခဲ့သည်။ သို့သော် ထိုသူငယ်မှာ လုပ်ငန်းကျချိန်နှင့် သွားကြုံနေ၍ အလုပ်မဖြစ်။ ပြီးတော့ နောက်ပိုင်းရက်များတွင် မိုးက ဆက်တိုက်ရွာနေ၍ လုပ်ငန်းရပ် ပစ်လိုက် ရတော့သည်။
    ကျောင်းပိတ်ရက် နောက်ဆုံးနေ့တွင် ၀ီလျံသည် သူပိုင်ငွေထဲက နှစ်-နှစ်ပိုင်း တစ်ပိုင်း ရာခိုင်နှုန်းကို ဘဏ်တိုက် တွင် အပ်နှံထားလိုက်သည်။ ကျောင်းပြန်တက်ရသော ကာလများအတွင်း ၀ီလျံအနေဖြင့် ဘာမှ ပူစရာ မရှိတော့။ သူ၏ ဘဏ်စုငွေတွေက တစ်နေ့တခြား မှန်မှန်တိုးနေကြသည် မဟုတ်လား။ "လူစီတန်နီးယား" သင်္ဘောကြီး နှစ်မြှုပ်ခံရင်းနှင့် ၁၉၁၇ ခုနှစ် တွင် အမေရိကန်သမ္မတ ၀ီလဆင်က ဂျာမနီ အား စစ်ကြေငြာခြင်းတို့ကြောင့် သူ့အတွက် စီးပွားရေးထိခိုက်မှု ဘာမှမဖြစ်။
    "အမေရိကန် နိုင်ငံကို ဘယ်သူမှနိုင်အောင် မတိုက်နိုင်ပါဘူး မေမေရ"
    သူက သူ့အမေကို လူကြီးလေသံဖြင့် ပြောပြသ်ည။ သူ့က သူ့စကားမှန်ကန်ကြောင်း သက်သေ ပြရန်အတွက် "လေဘာတီဘွန်း"စုငွေတွင် ၁၀ ဒေါ်လာပင် ရင်းနှီးမြှုပ်နှံလိုက်သည်။
ဝီလျံသည် အသက် ၁၁ နှစ်ပြည့်သောနေ့တွင် သူ့ငွေစာရင်း စာအုပ်ကြီး၏ ၀င်ငွေအကွက်တွင် အသားတင် အမြတ်ငွေ ၄၁၂ ဒေါ်လာ ရှိနေသည်ကို တွေ့ရသည်။
    သူက သူ့မေမေအား ဖောင်တိန်တစ်ချောင်း ၀ယ်ပေးသည်။ အဘွားနှစ်ယာက်ကိုတော့ ရင်ထိုးတစ်ခုစီ ၀ယ်ပေး သည်။ ဖောင်တိန်က ပတ်ကားဖောင်တိန်ဖြစ်သည်။ ရင်ထိုးများသ်ည နာမည်ကျော် ရှရိဗ်၊ ကရမ့်ပ်နှင့် လိုးရတနာ တိုက်မှ ဘူးတံဆိပ်များတွင် ထည့်ကာ အဘွားနှစ်အိမ်သို့ ရောက်လာသည်။
လေဘယ်တံဆိပ်ကောင်းလျှင် ကုန်ပစ္စည်းလည်း ရောင်းကောင်သည်ဟူသော အသိကို ၀ီလျံသည် မီးခြစ်ခွံတံဆိပ် ရောင်းရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အဘွားနှစ်ဦးက သူတို့မြေးအတွက် ဂုဏ်ယူမဆုံးဖြစ်ကာ ရင်ထိုး ကို အမြတ်တနိုး အမြဲတမ်း တပ်ထားကြသည်။
    အဘွားနှစ်ဦးသည် ၀ီလျံ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဥာစ်ရည်တိုးတက်မှုကို မျက်ခြည် မပြတ် စောင့်ကြည့်နေကြသည်။
    အသက် ၁၂ နှစ်ရောက်တော့ နယူးဟမ်းပရှိုင်းယားပြည်နယ် ကွန်ကော့ဒ်မြို့မှ နာမည်ကျော် စိန်ပေါ ကျောင်းတွင် အပ်နှံသည်။
    အဘွားနှစ်ဦး ၀မ်းသာမဆုံး ဖြစ်ရသည့်အချက်ကတော့ ၀ီလျံသည် စိန်ပေါကျောင်းမှ ထိပ်တန်း သင်္ချာ စကောလားရှစ်ဆုကို ချီးမြှင့်ခံရခြင်းပင် ဖြစ်သည်။ ယင်းအတွက် မိသားစုမှ ဒေါ်လာ ၃၀၀ သက်သာသွးသည်။ ၀ီလျံက စကောလားရှစ်ဆုကို လက်ခံသည်။ အဘွားနှစ်ယောက်က မိသားစုငွေမှ သက်သာသောငွေ ၃၀၀ ကိုလည်း မဖြတ်မတောက်ဘဲ အပြည့်အ၀ပေးထားသည်။
    မိခင်ဖြစ်သူ အယ်နီက ၀ီလျံရပ်ဝေးသွားပြီး စာသင်ခြင်းကို သဘောမကျ။ သူမတစ်ယောက်တည်း မနေတတ် မထိုင်တတ် ဖြစ်နေသည်။ သို့သော် အဘွားများ၏ ဆန္ဒကို ဆန့်ကျင်၍မဖြစ်၊ ပြီးတော့ သူမ၏ ကွယ်လွန် လေသူ ခင်ပွန်းသည် ရစ်ချတ်ကလည်း သူ့သားကလေး အသက် ၁၂ နှစ်ပြည့်လျှင် စိန်ပေါ ကျောင်းတွင် အပ်ရမည်ဟု မွေးစကတည်းက ကြိုတင် ပြောထားခဲ့သည် မဟုတ်ပါလား။
    အယ်နီက သူ့သားအတွက် ပစ္စည်းများကို အိမ်ဖော်များအား မထုပ်ပိုးစေဘဲ သူမကိုယ်တိုင် ထုပ်ပိုးသည်။ ၀ီလျံကျောင်းသို့ သွားခါနီးအချိန်ရော်ကတော့ အယ်နီက ဈေးသုံးဖို့ ပိုက်ဆံဘယ်လောက်ယူမလဲဟု မေးသည်။ ၀ီလျံက တစ်ပြားမှမလိုဘူးဟု ခပ်တည်တည်ပင ပြန်ပြောသည်။
    ဒရိုင်ဘာ ရောဘတ်က ကားကို ချက်ချင်းစက်နှိုးသည်။ ၀ီလျံက နောက်သို့ လုံးဝပြန်လှည့် မကြည့်။
    သူ့မေမေ က အိမ်ရှေ့တံခါးဝတွင် လက်လေးတပြပြနှင့် ရပ်ကြည့်နေသည်။ နောက်တော့ သူမငိုတော့ သည်။ ၀ီလျံကလည်း ငိုချင်လာသည်။ သို့သော် သူ့ဖေဖေက ငိုတာမကြိုက်ဟူသော အသိဝင်လာသည်။
ကျောင်းသို့ ရောက်တော့ ၀ီလျံက ထူးခြားချက်တစ်ခုကို သတိပြုမိသည်။ တခြားကျောင်းသား တွေက သူ ဘယ်သူဘယ်ဝါဆိုတာကို လုံးဝ စိတ်ဝင်စားမှုမ ပြခြင်းပင်ဖြစ်သည်။ သူ့ကို မြင်လျှင် အပေါင်းအသင်း ဖွဲ့ချင်သော အမူအရာများ လုံးဝမပြကြ။ သူ့ထက် အသက်ကြီးသော ကျောင်းသား တစ်ယောက်က သူ့နာမည် ကို လာမေးသည်။ သူက ပြောပြလိုက်သောအခါတွင်မူ မည်သို့မျှ ထူးခြားမှုမပြ။ တချို့ကဆိုလျှင် သူ့အား "ဘီလ်" ဟူ၍ပင် ခေါ်ဝေါ် သုံးနှုန်းလာကြသည်။ သို့သော် သူ့ဖေဖေအားလည်း ဘယ်သူကမှ "ဒစ်"ဟူ၍ မခေါ်ခဲ့ကြကြောင်း သူက ရှင်းပြလိုက်သည်။
    ပထမနှစ်အတွင်းမှာပင် ၀ီလျံသည် စကောလားရှစ်ဆုနှင့် ထိုက်ထိုက်တန်တန် ထူးချွန်မှုတွေ ပြလာသည်။ ဘာသာရပ်တိုင်း၌ ထိပ်ဆုံးအဆင့်ရ ကျောင်းသားအနည်းစုထဲတွင် သူလည်း အမြဲတမ်းပါဝင်သည်။ သင်္ချာဘာသာရပ်တွင်တော့ ထိပ်ဆုံး။ သူနှင့် ယိုးတူယိုးဆွဲ လိုက်နိုင်သူဆို၍ သူ့မိတ်ဆွေ မက်သယူး လက်စတာ တစ်ယောက်သာရှိသည်။ ယင်းသို့ လိုက်နိုင် သည်မှာလည်း သူနှင့် တစ်ခန်းတည်း နေသောကြောင့် ဖြစ်သည်။
    ထို့နောက် အစုရှယ်ယာစာအုပ်များ ၀ယ်ယူပြီး သူ၏ စီမံကိန်းကို စတင်အကောင်အထည် ဖော်သည်။ စာရင်း မပြတ်တမ်း ရေးသွင်းရန်အတွက် ရောင်စုံ လယ်ဂျာစာအုပ်များ ၀ယ်ယူသည်။ တစ်လပြည့်တိုင်း စာရင်း မှတ်တမ်း ကို အသေးစိတ် လေ့လာက ဈေးကွက်အခြေအနေကို သုံးသပ်သည်။
    သူက နာမည်ကြီး ကုမ္ပဏီကြီးများ၏ အစုရှယ်ယာများကိုမ၀ယ်၊ များစွာ မထင်မရှားသော ကုမ္ပဏီကလေးများ၏ အစုရှယ်ယာများကိုသာ ၀ယ်သည်။ အခက်အခဲ မရှိဘဲ မြန်မြန်နှင့် လွယ်လွယ်ကူကူ ၀ယ်နိုင်သည့်အပြင် တစ်ကြိမ်တွင် အစုရှယ်ယာ နည်းနည်းစီသာ ၀ယ်ယူနိုင်သောကြောင့် ဖြစ်သည်။
    ဤလုပ်ငန်းမှ ၀ီလျံက အကျိုးကျေးဇူး လေးချက်ကို မျှော်လင့်သည်။ ပထမအချက်က ၀င်ငွေမှန်မှန်တိုးရန်၊ ဒုတိယ အချက်က တဖြည်းဖြည်းနှင့် ရင်းနှီးငွေများလာရန်။ တတိယအချက်က စီးပွားရေးလုပ်ငန်းတွင် အခြေ ခိုင်ခိုင် ကုပ်မိရန်နှင့် စတုတ္တအချက်က စီးပွားရေးအမြင်ကျယ်လာရန် ဖြစ်သည်။ သူ့ရည်မှန်းချက် အားလုံး ရာခိုင်နှုန်းပြည့်တော့ မအောင်မြင်။ သို့သော် အမြတ်ငွေတော့ ပို၍ တိုးပွားလာသည်။
    ပထမနှစ် ကုန်ဆုံးသောအခါ ၀ီလျံမှာ စိန်ပေါကျောင်းတွင် မသိသူ မရှိသော ပညာတော် စီးပွားရေး အမြင်ကျယ်သော ကျောင်းသားကလေးတစ်ယောက် ဖြစ်လာတော့သည်။ ၀ီလျံက ကျောင်းတွင် အောင်မြင်၍ ပျော်နေသော်လည်း မိခင်ဖြစ်သူ အယ်နီကိန်းမှာကတော့ တစ်ဦးတည်းသောသားနှင့် အကြာကြီး ခွဲနေရ၍ စိတ်ညစ်နေရသည်။ မိသားစု အရင်းအချာဆို၍လည်း အဘွားကြီး နှစ်ယောက်သာ ရှိသည်။ နှစ်ယောက်စလုံး အရွယ်တွေကလည်း တစ်နေ့ထက်တစ်နေ့ ကြီးရင့်လာကြပြီး။ အယ်နီ ကိုယ်တိုင်လည်း အသက်၃၀ ကျော်လာခဲ့ပြီ။ အသက်အရွယ်နှင့်အတူ နုပျိုလန်းဆန်းမှုမလည်း ဆုံးရှုံး လာသည်။
    သူမသည် လင်သေ၍ ဆွေးနေရသော သောကစိတ်ကို မိတ်ဆွေအချို့နှင့် ပါတီပွဲတွေ၊ ညစာစားပွဲတွေ သွားခြင်းဖြင့် ဖြေဖျောက်ခဲ့သည်။ အထူးသဖြင့် ဂျွန်ပရက်စတန်တို့ လင်မယားနှင့် တွဲသည်။ မီလီ ပရက်စတန် က သူမ၏ အရင်းနှီးဆုံး မိတ်ဆွေ။ ၀ီလျံကလေး၏ ခေါင်းကိုင်မိခင်လည်း ဖြစ်သည်။
ပရက်စတန်တို့လင်မယားက အယ်နီနှင့် အတွဲရအောင်ဆို၍ ပွဲနေပွဲထိုင်သွားတိုင်း ယောက်ျား အဖော် တစ်ယောက် အမြဲတမ်းခေါ်လာတတ်သည်။ သို့ပေမဲ့ သူတို့မျှော်လင့်သလို အယ်နီက လုံးဝမပျော်။
၁၉၁၉ ခုနှစ်၊ ဇန်န၀ါရီလထဲတွင် ၀ီလျှံကျောင်းသို့ ပြန်သွားသည်။ တစ်နေ့တော့ မီလီက အယ်နီအား ညစာ စားပွဲသို့ လာရောက်ရန် ဖိတ်သည်။ ဟင်နရီအော့စဘွန်းဆိုသော ပုဂ္ဂိုလ်တစ်ယောက်ကိုလည်း ဖိတ်ထား သည်ဟု ဆိုသည်။
' သူက ဘယ်သူလဲ မီလီ၊ ဒီနာမည် တစ်ခါမှ မကြားဖူးပါဘူး ' အယ်နီက ဖုန်းထဲမှ မေးလိုက်သည်။
' ကိုယ်လည်း ဟိုတုန်းက မတွေ့ဖူးပါဘူး အယ်နီရဲ့၊ ဂျွန်နဲ့ တစ်ချိန်တည်း ဟားဗတ်တက္ကသိုလ် တက်ခဲ့တယ် လို့ပြောတာပဲ၊ ဒါပေမဲ့ ရုပ်ကတော့ တော်တော်ချောတဲ့လူပဲ အယ်နီ '
' ဟဲ ... ဟဲ ... အဲဒီတော့ ညည်းက ကိုယ့်ကို သူနဲ့ ပေးစားချင်တယ်ပေါ့လေ '
' ဟဲ ... ဟဲ ... ဒါကတော့ ကာယကံရှင် သဘောပေါ့လေ '
အယ်နီ ရောက်သွားချိန်တွင် ဟင်နရီအော့စတွန်းသည် ဧည့်ခန်းထဲမှ မီးဖိုဘေးတွင် မီးလှုံနေသည်။ အယ်နီကို မြင်တော့ ချက်ချင်းထရပ်သည်။ မီလီက သူတို့ နှစ်ယောက်ကို မိတ်ဆက်ပေးသည်။
အော့စဘွန်း ၏ အရပ်က ခြောက်ပေကျော်သည်။ မျက်လုံးက အနက်ရောင်၊ ဆံပင်လည်း အနက်ရောင်။ ကိုယ်လုံးကိုယ်ပေါက် ခပ်သွယ်သွယ်နှင့် အားကစားသမားရုပ်မျိုးပေါက်သည်။
အယ်နီက အော့စဘွန်းကို မြင်မြင်ချင်း သဘောကျသွားမိသည်။ အားမာန်အပြည့်ရှိသော၊ နုပျို လန်းဆန်းသော သည်လိုလူမျိုးနှင့် တွဲပေးသည့်အတွက် မီလီတို့ လင်မယားကို ကျိတ်ပြီး ကျေးဇူးတင်မိ သည်။
အော့စဘွန်းသည် သူ၏ ဘယ်ဘက်လက်ကို ပတ်တီးစည်းပြီး ပခုံးတွင် အ၀တ်ကြိုးနှင့် သိုင်းထားသည်။
' စစ်ထဲမှာ ဒဏ်ရာရလာတာလား ' အယ်နီက ကရုဏာသံဖြင့် မေးသည်။
' မဟုတ်ပါဘူး၊ အနောက်ဘက် စစ်မျက်နှာက ပြန်ရောက်ပြီး မကြာခင်မှာ လှေကားပေါ်က လိမ့်ကျတာပါ' သူက ပြောပြီးရယ်သည်။
ထိုနေ့က ညစာစား၍ တော်တော်မြိတ်သည်။ ကြာလည်း တော်တော်ကြာသည်။ စကားတပြောပြောနှင့် အချိန်ကုန် သွားမှန်းပင် သတိမထားမိ။ ဟင်နရီက အယ်နီမေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်ဖြေသည်။
သူသည် ဟားဗတ်တက္ကသိုလ်မှ ထွက်ပြီးနောက် သူ့ဇာတိ ရှီကာဂိုမြို့မှ အိမ်ငှားမြေငှားကုမ္ပဏီတစ်ခုတွင် ၀င်လုပ်ခဲ့သည်ဟု ဆိုသည်။ စစ်ဖြစ်လာတော့ ဂျာမနီကို တိုက်ရန် စစ်ထဲဝင်လိုက်သည်။ သူ့မှာ ဥရောပစစ်ပွဲ အတွေ့အကြုံ တွေ ပြောမကုန်နိုင်အောင် ရှိသည်။ ' မန်း ' တိုက်ပွဲတွင် ဗိုလ်ကလေးအဖြစ်နှင့် အမေရိကန်နိုင်ငံ၏ ဂုဏ်ကို ရွပ်ရွပ်ချွံချွံ တင်နိုင်ခဲ့သည်။
သည်အကြောင်း တွေကို ဟင်နရီက ဟာသစွက်၍ ဝေေ၀ဆာဆာ ပြောပြသည်။ အယ်နီက သဘောကျပြီး တစ်ချိန်လုံး တခစ်ခစ်နှင့် ဖြစ်နေသည်။ သူမ၏ ခင်ပွန်း သေဆုံးပြီးချိန်မှစ၍ ယခုလို ဟက်ဟက်ပက်ပက် ရယ်သည် ကို မီလီတို့လင်မယားသည် တစ်ခါသ မြင်ဖူးသေးသည်။ ညစာစားပွဲ သိမ်း၍ အိမ်ပြန်ခါနီးတော့ ဟင်နရီ က သူ လိုက်ပို့ပါရစေဟု ပြောသည်ကို အယ်နီက ကြည်ကြည်ဖြူဖြူ လက်ခံသည်။ မီလီတို့ လင်မယား က ကျိတ်ပြီး ပြုံးမိကြသည်။
' အဲဒီတော့ အခု ရှင် ဘာအလုပ်လုပ်မယ်လို့ စိတ်ကူးထားသလဲ၊ ဒီနိုင်ငံက သူ့ထက်ငါ အပြိုင်ကြဲနိုင်တဲ့ သူရဲကောင်း တွေနဲ့မှ ထိုက်တန်တာ ရှင့် ' ဟင်နရီက ကားကို ချားလ်စ်လမ်းထဲသို့ အကွေ့တွင် အယ်နီက မေးလိုက် သည်။
' အတိအကျတော့ ဘာမှမဆုံးဖြတ်ရသေးဘူး၊ ဒါပေမဲ့ ကိုယ်ပိုင်စုငွေကတော့ တော်တော်ကလေး ရှိပါတယ်၊ ဒါကြောင့် အေးအေးဆေးဆေး အလုပ်ရွေးပြီးမှ လုပ်ရမှာပဲ၊ ဒီ ဘော့စတွန်မြိုကမှာပဲ ကိုယ်ပိုင် အိမ်ငှားမြေ ငှား ကုမ္ပဏီထောင်ရင်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဟားဗတ်မှာ တက်နေချိန်ကတည်းကစပြီး မြို့ကြီး တစ်မြို့မှာ ကိုယ်ပိုင်အိမ်တစ်လုံး လိုချင်စိတ်ပေါ်ခဲ့တယ် '
' ဒါဖြင့် ရှင် ရှီကာဂို မပြန်တော့ဘူးပေါ့ '
' ဟုတ်ကဲ့၊ အဲဒီမှာ လုပ်စရလည်း ဘာမှမရှိပါဘူး၊ မိဘတွေလည်း ကွယ်လွန်သွားကြပြီ၊ ပြီးတော့ ကျွန်တော်က တစ်ဦးတည်းသောသားဆိုတော့ ဘယ်သူ့ကိုမှ သံယောဇဉ်တွယ်နေစရာလည်း မရှိတော့ဘူး လေ၊ ဒီတော့ ကြိုက်တဲ့ နေရာကနေပြီး ဘ၀သစ် ပြန်စနိုင်တာပဲ၊ ဒါနဲ့ ဘယ်ဘက်ကွေ့ရမှာလဲ '
' အို ... ဟုတ်ပါရဲ့၊ ညာဘက်ကွေ့လိုက်ပါ '
' ခင်ဗျား ဘီကွန်ရိပ်သာမှာ နေတယ်နော် '
' ဟုတ်ကဲ့ ' ချက်စနပ် ' ရိပ်သာနဲ့ နီးနီးကလေးပါ၊ အဲဒီက လက်ယာဘက်ကို ကိုက် ၁၅၀ လောက်ပဲ ဝေးတယ်၊ လူးဝစ်စဘတ်လမ်းထောင့်က အိမ်နီကြီးပဲ '
ဟင်နရီ အော့စဘွန်းက ကားကို စက်သတ်လိုက်သည်။ ပြီးတော့ အယ်နီအား အိမ်ရှေ့တံခါးဝအထိ လိုက်ပို့ သည်။
အယ်နီက ကျေးဇူးတင်စကား မပြောရသေးမီမှာပင် နှုတ်ဆက်ပြီး ပြန်လည်မောင်းထွက်သွားသည်။ သူမက ဟင်နရီ ၏ ကား မျက်စိအောက်မှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေသည်။ ဟင်နရီနှင့် နောက်ထပ် ပြန်တွေ့ချင် စိတ်လည်း ဖြစ်ပေါ်ခဲ့သည်။
နောက်နေ့မနက်တွင် ဟင်နရီထံမှ တယ်လီဖုန်းလာတော့ သူမက အံ့သြခြင်းလုံးဝမဖြစ်။ ၀မ်းသာခြင်းသာ ဖြစ်မိသည်။
' လာမယ့် တနင်္လာနေ့မှာ ' ဘော့စတွန်ဂီတဆည်းဆာပွဲ' ရှိတယ်၊ မိုးဇက်ရဲ့ ဆင်ဖိုနီသီချင်းတွေ နားထောင် ရမှာ၊ ဆိုမယ့်သူက နာမည်ကျော် လူငယ်အဆိုတော်မေလာ၊ ကျွန်တော် ဖိတ်ရင် လိုက်နိုင်ပါ့မလား'
အယ်နီက တနင်္လလာနေ့ဆိုတော့ ဝေးတောင် ဝေးနေသေးသည်ဟု ထင်မိသည်။ ဟင်နရီအော့စတွန်အား တခြား ယောက်ျားတွေထက်ပို၍ ထူးထူးခြားခြား သဘောကျနေမိသည်ကို သူမကိုယ်သူမ အံ့သြပင် အံ့သြ မိသည်။
ဟင်နရီသည် ချိန်းဆိုထားသည့်အတိုင်း အချိန်မှန်ရောက်လာသည်။ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ကြ သည်။ အပျို လူပျိုကလေးတွေလို ရင်တွေ ပန်းတွေပင် ခုန်မိကြသည်။
' လူးဝစ်စဘတ်လမ်းမှာ နေရတာ သိပ်ပြီး စိတ်ချမ်းသာစရာကောင်းမှာပဲနော်၊ မင်းကတော့ ကံအကောင်းဆုံး အမျိုးသမီး တစ်ယောက်ပါပဲ '
' ဟုတ်ကဲ့၊ အဲဒီလိုပဲ ထင်ကြလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်၊ ဒါပေမဲ့ ဒီအကြောင်း ကျွန်မ တွေးတောင် မတွေးမိပါဘူး၊ ကျွန်မက ကွန်မွန်းဝဲလ်သ်ရိပ်သာမှာ မွေးပြီး အဲဒီမှာ ကြီးပြင်းခဲ့တယ်၊ ဒီမှာက နည်းနည်း တော့ လူကျပ်တယ်ထင်တာပဲ '
' ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တော့ ဘော့စတွန်မှာ အခြေချမယ်လို့ ဆုံးဖြတ်ခဲ့ရင် ဒီမှာပဲ အိမ်တစ်ဆောင် ၀ယ်ချင်တယ် '
' ချက်ချင်း ၀ယ်ဖြစ်ဖို့တော့ လွယ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ကံကောင်းရင်တော့ ရောင်းသူပေါ်လာမှာပါ၊ ဒါနဲ့ ကျွန်မတို့ ပြန်ကြရင် ကောင်းမယ်ထင်တယ်၊ ဒီလိုပွဲမျိုးမှာ နောက်ကျခံနေတာ ကျွန်မ မကြိုက်ဘူး၊ ကြာရင် ကျွန်မခြေထောက်ကို လူတွေက တစ်ယောက်ပြီးတစ်ယောက် လာနင်းကြတော့မယ် '
ဟင်နရီ က နာရီကိုကြည့်ကာ ...
' ဟုတ်ပါတယ်၊ ခင်ဗျားပြောတာ အမှနင့်္၊ ဒါပေမဲ့ သူများတွေ နင်းမှာမကြောက်ပါနဲ့၊ ကျွန်တော့် ခြေထောက် ကိုသာ ကြောက်ပါ၊ ကဲ ... သွားကြစို့ '
တီးဝိုင်းမှ ဂီတသံများ တငြိမ့်ငြိမ့် ထွက်ပေါ်နေစဉ် ဟင်နရီက အယ်နီ၏ လက်ကို ဆွဲကာ ရုံထဲမှ ပြန်ထွက် လာခဲ့သည်။
နှစ်ယောက်သား ရစ်ဇ်ဟိုတယ်သို့ လာခဲ့ကြသည်။
တဖြည်းဖြည်းနှင့် အချိန်ကုန်မှန်းမသိ ကုန်သွားသည်။
အစားအသောက်ပဲ ကောင်းလို့လား၊ ဒါမှမဟုတ် ဟင်နရီနှင့် ယခုလိုနေရသည်ကိုပင် ပျော်လွန်းလို့လား ဆိုတာတော့ အယ်နီ မပြောတတ်တော့။
ဟင်နရီက ဟားဗတ်တက္ကသိုလ်ကျောင်းသားဘ၀ အတွေ့အကြုံများကို စားမြုံ့ပြန်ပြောပြသည်။ အယ်နီက တစ်ချိန်လုံး ရယ်နေသည်။ စစ်ပွဲအတွေ့အကြုံပြောပြသောအခါမှာတော့ အယ်နီမှာ မျက်ရည်များပင် ကျမိ သည်။
အယ်နီက ဟင်နရီသည် သူမထက် အသက်ငယ်မည်ဟု ထင်သည်။ သို့သော် ခုလို ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀ အတွေ့ ကြုံစုံ သည်ကိုတော့ သူမက လေးစားမိသည်။
သူမက ခင်ပွန်းသည် ရစ်ချက် ကွယ်လွန်သွားရပုံကို ပြောပြပြီး ငိုသည်။ ဟင်နရီသည် သူမ၏ လက်ကို တယုတယကိုင်ကာ နှစ်သိမ့်သည်။
ပြီးတော့ ၀ီလျံကလေးကို အလွန်ချစ်ကြောင်း၊ သူ့အတွက် ဂုဏ်ယူမဆုံး ဖြစ်မိကြောင်း ပြောပြသည်။ ဟင်နရီက သူလည်း သားယောက်ျားကလေး လိုချင်စိတ် အမြဲရှိသည်ဟု ဆိုသည်။ သူက ရှိကာဂိုမှ သူ့မိသားစု ဘ၀အကြောင်းကိုတော့ တစ်ခွန်းမျှမဟ။ သို့သော် သူလည်း ငါ့လို နေမှာပဲဟု အယ်နီက စာနာစိတ်ဖြစ်မိသည်။
ဟင်နရီက အယ်နီအား အိမ်သို့ ပြန်ပို့သည်။ ၀ီစကီတစ်ခွက်သောက်ပြီးတော့ အယ်နီ၏ပါးပြင်ကို ညင်သာစွာ နမ်းကာ ပြန်ထွက်သွားသည်။
*
သူတို့နှစ်ယောက်သည် အင်္ဂါနေ့တွင် ပြဇာတ်သွားကြည့်ကြသည်။ ဗုဒ္ဓဟူးနေ့တွင် ကိတ်ပ်ကော့ဒ်ကျွန်းမှ အယ်နီ၏ အပန်းဖြေအိမ်ကလေးသို့ သွားလည်ကြသည်။ ကြာသပတေးနေ့တွင် ဆပ်ကပ်သွားကြည့်ကြ သည်။ သောကြာနေ့တွင် ဈေးထဲလျှောက်ပြီး ရှေးဟောင်းပစ္စည်းတွေ ၀ယ်ကြသည်။ စနေနေ့ရောက်တော့ ချစ်ရည်လူး၍ ချစ်ပွဲဆင်ကြသည်။ တနင်္ဂနွေနေ့မှတစ်ပါး အခြားနေ့များတွင် နှစ်ယောက်သား မတွေ့ဖြစ်သော နေ့ဟူ၍ပင် မရှိသလောက်ဖြစ်သည်။ သူတို့နှစ်ယောက်ကိုကြည့်၍ မီလီတို့လင်မယားက အကြီးအကျယ် ကျေနပ်နေကြသည်။ သူတို့လင်မယား အောင်သွယ်ကောင်း၍ အယ်နီတစ်ယောက် ဘ၀သစ်တွင် အပျော်ကြီး ပျော်နေပြီ။ မီလီက သူ့ကြောင့် ဒီလိုဖြစ်ရကြောင်းကို ဘော့စတွန်တစ်မြို့လုံး လည်ပြီး ကြော်ငြာ မောင်းခတ် သည်။
နွေရာသီရောက်တော့ ဟင်နရီနှင့် အယ်နီတို၏ စေ့စပ်ကြောင်းလမ်းသတင်းပေါ်ထွက်လာသည်။ ၀ီလျံတစ် ယောက်ကလွဲပြီး တခြားဘယ်သူမှ အံ့သြခြင်း မဖြစ်မိကြ။ ၀ီလျံက ဟင်နရီအား စတွေ့သည့်နေ့မှစ၍ လုံးဝ သဘောမကျ။ အယ်နီက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခြင်းဖြစ်သည်။ ဟင်နရီက ၀ီလျံနှင့် ရင်းရင်းနှီးနှီး ဖြစ်ချင်ကာ စကားမရှိ စကားရှာပြီး စိတ်ရှည်လက်ရှည် ပြောနေသည်ကို ၀ီလျံကတော့ ' ဟုတ်ကဲ့ ' မဟုတ်ဘူး လောက်သာ တုံ့ပြန်သည်။ ဟင်နရီကို သူ သဘောမတူကြောင်း ဆန္ဒပြခြင်းပင် ဖြစ် သည်။ သည်စိတ်ထားကို သူက ဘယ်တော့မှမပြောင်း။ အယ်နီက ၀ီလျံ၏ မနာလိုစိတ်ဖြစ်ရခြင်းကို သဘော ပေါက်၍ ခွင့်လွှတ်သည်။ သူ့ဖေဖေသေပြီးကတည်းက သူသာလျှင် သူ့မေမေ၏ အချစ်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သည်နေရာကို သူစိမ်း တရံဆံတစ်ယောက်က ၀င်ယူသည်ကို သူက တစ်စက်ကလေးမျှ မကျေနပ်နိုင်။ ၀ီလျံအနေဖြင့် အချိန် တန်လျှင် နားလည်လာပါလိမ့်မည်ဟု အယ်နီက ဟင်နရီအား အားနာစွာဖြင့် တောင်းပန် စကား ဆိုသည်။
သို့ဖြင့် အောက်တိုဘာလရောက်၍ ရွှေရောင်ရွက်လွှာတွေ မြေသို့သတ်ချိန် သူတို့နှစ်ယောက် စတင် တွေ့ဆုံသည်မှ ဝ လကျော်နေ့တစ်နေ့တွင် ' အိုးလ်နော့သ်ဘုရားရှိခိုးကျောင်း ' ၌ မင်္ဂလာပွဲပြီးသောအခါ အယ်နီကိန်းသည် မစ္စက်ဟင်နရီအော့စဘွန်းဘ၀သို့ ရောက်လာခဲ့လေသည်။
ဝီလျံက နေမကောင်းလို့ဟု အကြောင်းပြကာ မင်္ဂလာပွဲသို့ မလာဘဲ ကျောင်းမှာပဲ နေနေသည်။ အဘွားနှစ် ယောက်ကတော့ မင်္ဂလာပွဲသို့ တက်ရောက်ကြသည်။ သို့သော် အယ်နီ နောက်အိမ်ထောင်ပြုသည်ကို သူတို့က သဘောမကျကြောင်းကိုတော့ သူတို့ မျက်နှာကြည့်၍ သိသာသည်။ အထူးသဖြင့် ကိုယ့်ထက်ငယ် သော ယောက်ျားတစ်ယောက်ကို လက်ထပ်တာကို မကြိုက်ခြင်းဖြစ်သည်။ ' ငါပြောတာ မယုံရင် စောင့်ကြည့်နေ၊ တစ်နေ့မှာ ဒီကလေးမ မျက်ရည်နဲ့ မျက်ခွက် နေရလိမ့်မယ်' ဟု မစ္စက်ကိန်းက မင်္ဂလာဦးနေ့တွင်ပင် ကြိုတင်နိမိတ်ဖတ်သည်။
ကြင်စဦး ဇနီးမောင်နှံတို့သည် နောက်တစ်နေ့တွင် ဂရိတ်နိုင်ငံသို့ ပျားရည်ဆမ်းခရီးထွက်ကြသည်။ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းတွင်မှ အိမ်သို့ ပြန်ခဲ့ကြသည်။ ထိုအချိန်တွင် ၀ီလျံကလည်း ခရစ်စမတ် ကျောင်းပိတ် ရက်အတွက် အိမ်သို့ ပြန်ရောက်နေပြီ။
အိမ်ကြီးကို ဆေးအသစ် ပြန်သုတ်ထား၍ ၀ီလျံက အံ့သြမိရသည်။ သူ့အဖေ လက်ထက်က အခြေအနေမျိုး ဘာတစ်ခုမှ မမြင်ရတော့။
ဟင်နရီက ၀ီလျံအား ခရစ်စမတ်လက်ဆောင်အဖြစ် စက်ဘီးတစ်စီးဝယ်ပေးသည်။ သို့သော် သူ့အပေါ်တွင် ၀ီလျံ ၏ စိတ်ထားက လုံးဝပြောင်းမလာ။ ပြောင်းမလာရုံသာမက စက်ဘီးလက်ဆောင်ပေးတာကိုပင် ' လဘာဘ် ထိုးတာ' ဟုဆိုပြီး ၀ီလျံက လုံးဝ လက်မခံ။
ဟင်နရီက တော်တော်ပင် စိတ်မကောင်းဖြစ်မိသည်။ အယ်နီအနေဖြင့်လည်း သူမ၏ အထင်အကြီးဆုံး လင်တော်မောင်အသစ်စက်စက်က သူမအချစ်ဆုံး သားကလေးကို အောင်အောင်မြင်မြင် မစည်းရုံးနိုင်တာကို တွေ့ရ၍ အထူးပင် စိတ်မကောင်းဖြစ်မိသည်။
ဝီလျံက သူတို့အိမ်ကြီးကို တစိမ်းတစ်ယောက်က ကျူးကျော်ဝင်ရောက်လာသည်ဟု ယူဆသည်။ ထို့ကြောင့် အချိန်ရှိတိုင်း အိမ်သို့မကပ်ဘဲ အပြင်သို့သာ အမြဲတမ်း ထွက်ထွက်နေသည်။ ဘယ်သွားနေတာလဲဟု သူ့အမေ က မေးတော့လည်း ဘာမှပြန်မပြော၊ လုံးဝနှုတ်ပိတ်နေသည်။ သူက ဟင်နရီကိုသာ မကျေနပ်ခြင်း မဟုတ်၊ သူ့မေမေကိုလည်း မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။ သို့သော် အဘွားနှစ်ယောက်ကို ကျတော့ သူက လုံးဝအချစ်မပြယ်သည့်အပြင် ပို၍ပင် ချစ်မြတ်နိုး လာမိသည်။
ကျောင်းပိတ်ရက်ကုန်လွန်၍ ကျောင်းပြန်တက်ရမည့်အချိန် ရောက်သောအခါ ၀ီလျံမှာ ထခုန်မတတ် ၀မ်းသာ မိသည်။ ဟင်နရီအနေဖြင့်လည်း ၀ီလျံကျောင်းသို့ ပြန်သွားရသည့်အတွက် ၀မ်းနည်းခြင်းမဖြစ်မိ။
အခံရ ဆုံးကတော့ အယ်နီသာဖြစ်သည်။ သူမအဖို့ သူမဘ၀တွင် အချစ်ဆုံး လူနှစ်ယောက်နှင့် ပတ်သက်၍ အကြီး အကျယ် စိတ်ညစ်နေရလေပြီတည်း။
အခန်း (၉) ဆက်ရန်
.
No comments: