Tuesday, May 11, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၀၂)

ဗေဒင်နက္ခတ်နဲ့ ဆက်စပ်၍ ကြည့်သော်

ဗေဒင်နက္ခတ်နှင့် ဆက်စပ်၍ စိတ်မ၀င်စား အယူမသီးသော်လည်း တီးခေါက်မိသမျှ နှိုင်းယှဉ်ဖေါ်ပြ ရဦးမည်ဆိုလျှင် ကျမအဖို့မှာလည်း ဤအချိန် ဤအခါ၌ ယုတ်မာကောက်ကျစ်၍ သိမ်ဖျင်းသော စိတ်ထား ရှိသည့် အိမ်ထောင်ဘက် ယောက်ျားများနှင့် တွေ့ကြုံရမည်ဖြစ်သော မူလဂြိုလ်နေဂြိုလ် ထားများက ညွှန်ပြ ထားပြီး ဖြစ်ပါသည်။

ဘယ်အချိန် ဘယ်အခါ၌ အကောင်းအဆိုး ၂-မျိုးကို ရင်ဆိုင်ရမည်ဟု တိတိကျကျ ကျမ အချိန် ကိုက်၍ မပြသော်လည်း မသေမှီတနေ့နေ့မှာတော့ ကြုံတွေ့ရမည် ဖြစ်ပါသည်။ ဒါကို မူလဂြိုလ် အနေအထားဟူ၍ ဆိုပါသည်။ ၎င်းမူလဂြိုလ်အနေအထားကို ပုံသေထား၍ ဗေဒင် ဆရာများက အာဝဇ္ဖန်းရွှင်လျှင် ရွှင်သလို၊ လျှင်လျင် လျှင်သလို ချဲ့ချဲ့ထွင်ထွင်ပြုလျက် အသိုင်းအ၀ိုင်း အကိုင်း အခက်တွေ ဝေေ၀ဆာဆာနှင့် ဟောတမ်း ထုတ်ကြခြင်းသာ ဖြစ်ပါသည်။

ကျမ၏ မူလဂြိုလ်အနေအထားကို ဗေဒင်ပညာလိုက်စားသူတို့အဘို့ တိတိကျကျ နှိုင်းယှဉ်ကြည့်နိုင် ရန် တင်ပြရမည်ဆိုလျှင် ကျမယခု တွေ့ကြုံ ရင်ဆိုင်နေရသော ဖြစ်ရပ်များမှာ မဟုတ်မမှန် လုပ်ကြံ တည်ထွင်၍ ရေးသား နေသည်ဟု မဆိုနိုင်ယုံမက ဤအဖြစ်အပျက်ဆိုးမျိုးနှင့် ရင်မဆိုင်ရပါ အားလုံး ကောင်းပါသည်ဟု တမင် တကာ ဖုံးကွယ် ရေးသားနေစေဦးတော့ ယုံကြည်ကြမည် မဟုတ်ပါ။

မူလအခြေအေနကိုက အပြီးအစီး ပါလာပါသည်။ ကျမ၏ မွေးနေ့နံဖြစ်သော စနေဂြိုလ်သည် စနေရာဇ အိမ်ဖြစ်သော မကာရရာသီ၌ တည်ရှိသည်။ ရာဇအိမ်တွင် ရှိသောကြောင့် ရာဇရုပ်ရသည်။ ကသစ်အိမ် ဟူ၍လည်း ဆိုသည်။ တန်ခိုးအာဏာ ထွန်းတောက်ခြင်းကို အထူးပြုသည်။ ပဒေသရာဇ် ခေတ်ကဆိုလျှင် ရှင်ဘုရင်တောင် ဖြစ်နိုင်သည်ဟု ဆိုကြသည်။ ထိုမကာရအိမ်မှာဘဲ  မရဏအိမ် ဖြစ်နေရပြန်သည်။ အိမ်ထောင်ရေး သောကြာ ဂြိုဟ်ကလည်း ပူးလျက် နေသည်။ သို့ကြောင့် ဘ၀အကျိုးပေးမှာလည်း ငယ်စဉ် က စပြီး ကြီးသည်အထိ လျှမ်းလျှမ်းတောက် အကျိုးကောင်းပေး သလောက်၊ မကောင်းသော ရန်စူး ရန်ညှောင့် များ နှင့်၎င်း၊ လောကဓံနှင့် ၎င်း ထူးထူးခြားခြား မကြာ ခဏ ရင်ဆိုင်ရမည့်သူ ဖြစ်နေကြောင်း ညွှန်ပြ ထားပြီး ဖြစ်ပါသည်။

ထို့ပြင် မိန်ရာသီ ကြာသာပတေး ကသစ်အိမ်၌ ကြာသပတေးဂြိုဟ်ကစမ်းနှင့် ပူး၍ ရပ်တည်နေ သောကြောင့် စာပေပညာနှင့် ကျော်ကြားထင်ရှားရမည်။ စာပေပညာနှင့် ပါတ်သက်၍ စီးပွား ချမ်းသာ တိုးတက်ရမည်ဟု ပြထားရာ ရရှိခံစားရမည့် အဆင့်အတန်းမှာ ဘ၀က ကုသိုလ်ကံ၏ အတိုင်းတဆနှင့် တိုင်း၍ ပေးသမျှ စည်းစိမ်ချမ်းသာ အဆင့်အတန်းမျိုးကို ရရှိပါမည်။ သန်းပေါင်း များစွာ ကြွယ်ဝချမ်းသာသော ကမ္ဘာကျော် မီလျန်နာသူဋ္ဌေးကြီး ဖြစ်ချင် စြဖ်မည်။ သိန်းပေါင်းများစွာ ချီ ချမ်းသာသည့် အလယ်အလတ်တန်းစား ဖြစ်ချင်ဖြစ်မည်။ အတန်အသင့် ကြွယ်ဝချမ်းသာခွင့် ရသူမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါမည်။ ဘ၀ဟောင်းက ဒါနမျိုးစေ့ အလိုက် ထိုက်သင့် သမျှ ရရှိခံစား ရမည်ဟု ဗုဒ္ဓဘာသာတရားကို သက်ဝင်ယုံကြည် သူတို့၏ အယူအဆ အတိုင်းသာ လက်ခံရမည် ဖြစ်ပါသည်။

ရင်းချာသော တမိဝမ်းတွင်း အတူဆင်းခဲ့သူ သားချင်း မောင်နှမဟူ၍မရှိ၊ မိခင်က ၁၀ဦးမျှသာ သားချင်းတွေ မွေးခဲ့စေကာမူ အငယ်ဆုံးမောင်တယောက်သာ ရရှိခ့ပြီး သူကလည်း အချိန်စောစော စီးစီးက လူ့ဘ၀ကို စွန့်ခွာသွားခဲ့လျက် အဆက်အနွယ်မှ မကျန်ရစ်ခဲ့ပါ။

ကျမအဘို့မှာလည်း သားသမီးအဆက်မရှိဘဲ တဦးတည်း ငုံးတိတိ ဖြစ်နေရသည်။ ထိုသို့ ဖြစ်ရသည်မှာ မေထုန်ရာသီ ခေါ်သော အိမ်တွင် (လဂ်)သည် အခြားသော ဂြိုဟ်များနှင့် မရောမနှော၊ မနီးမစပ် ခပ်ဝေးဝေး တဦးတည်း သွားနေသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကျမသည် (တကောင်ကြွက်) တဦးတည်းဘ၀တွင် ရပ်တည်ရမည်သာ၊ ရင်းရင်းချာချာ မရှိသဖြင့် ဆွေမျိုးတစိမ်းရယ်လို့ မခွဲခြား ကျမအိမ်မှာ ခေါ်ယူကျွေးမွေး စောင့်ရှောက်၍ ကြည့်ရှု ထောက်ပန့်ထားခဲ့လေသမျှ ဆွေတစမျိုးတစများနှင့် တပည့်သားမြေး ဟူသမျှသည် ကျမ၏ ကျေးဇူးသစ္စာကို နည်းနည်းမျှ ထောက်မျှော်ငဲ့ကွက်မှု မရှိကြ၊ တော်လှန်ပုန်ကန်၍သာ သွားကြပါ သည်။

ယနေ့ ကျမ၏ ကိုယ်တွေ့အဖြစ်အပျက်များတွင် ဤနည်း နှင်နှင် ရင်ဆိုင်ရပါသည်။ ကျမက စတင် ခေါ်ယူ ပြုစုထားခဲ့သမျှသော ဆွေမျိုး၊ မျိုးပွဲများ တပည့်တပန်းများ မိတ်ဆွေသင်္ဂဟများမှာ ကျမအား တိုင်းကျော် ပြည်ကြား မတရားပြုနေသူ ရန်သူကဲ့သို့ ရင်ဆိုင်နေသူ လူယုတ်မာ ခင်ပွန်း ဟောင်း၏ ဘက်တော်သား များအဖြစ် မျက်နှာပြောင်ပြောင်ထား၍ လိုက်ပါသွားကြပါသည်။ သို့သော် ကျမက ဤသို့ရေးပြရခြင်းမှာ ၀မ်းနည်း ပက်လက်ဖြစ်၍ ရေးခြင်း မဟုတ်ပါ။ ရင်ဆိုင်နေရ သော အဖြစ်မှန်ကို ရေးသားပြခြင်း ဖြစ်ပါသည်။

 ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသော တရား စကားအတိုင်း နှလုံးသွင်းနိုင်ပါသည်။ ကျမသည် ဘ၀က မကောင်းသော ကံကြွေးရှိသလောက်  ပေးဆပ်ရခြင်း ဖြစ်၍ အသစ်ကျူးလွန်သူတို့မှာ ပစ္စက္ခနှင့် သံသရာတွင် သူတို့တာဝန် သူတို့ထမ်း၍ သူတို့လမ်း သူတို့သွားရမည်သာဖြစ်သောကြောင့် ကျမနှင့် တစုံတရာ သက်ဆိုင်မှု မရှိတော့ပါ။ ကျမ၏ အမြတ်ရလိုက်မှုကား သူတို့ကို ကောင်းစားသွားသည်အထိ ကျမတတ်အားသမျှ စေတနာ နှင့် ပြုစုထောက်ပံ့လိုက်ခဲ့ရဘူးသည့် ကုသိုလ်အကျိုးဆက်ပင် ဖြစ်ပါသည်။\

ချမ်လှပ်ထားခဲ့၍ မရသောဖြစ်ရပ်တခု ကျမက ခေါ်ယူ ပြုစုစောင့်ရှောက်၍ ထောက်မကြည့်ရှုခဲ့ရသော ဆွေမွဲ၊ မျိုးမွဲများနှင့် တပည့်သား မြေး၊ မိတ်ဆွေအသိအကျွမ်း စသော သူတို့က ကျမအား စိတ်ကောင်းမထားဘဲ ပုန်ကန်တော်လှန် တဘက်စောင်းသွားကြသည်မှာ လူသားများဖြစ်၍ တရားမစောင့်နိုင်သူတွေအဖြစ် သတ်မှတ်ထား လိုက်လျှင် ဖြစ်ပါသေးသည်။
ဤထက်ဆိုးသော ပုဂ္ဂိုလ်မျိုးကိုပင် ကျမမှာ ရင်ဆိုင်တွေ့ကြုံနေရပြန်ပါသည်။ ထိုပုဂ္ဂိုလ်မှာ ကျမတို့ နှင့် ပစ္စည်းလေးပါးတကာ၊ ဆရာတကာ အဖြစ် ထွက်ဝင် ဆက်ဆံခဲ့ရသူ၊ အလှူအတန်းများတွင် ထိပ်ဆုံးက ထားခဲ့သော ရဟန်းတော် ဆရာတော်အများအပြားအနက်မှ ဆရာတော်နှစ်ပါးသုံးပါးခန့် သည် (ဒါယိကာမကြီးတဦး) ဖြစ်ခဲ့သည့် မျက်နှာကိုမငဲ့ညှာဘဲ၊ ကြုံတောင့်ကြုံခဲလှသော ကိစ္စ တရပ်တွင် ပါဝင်နေကြပြန်ပါသည်။

ထိုကိစ္စမှာလည်း ကျမ၏ဘ၀ဖြစ်စဉ် ခရီးလမ်းတွင် အကြုံးဝင်လျက် ရှိသောကြောင့် ချန်လှပ်ထားခဲ့ ၍ မဖြစ်သောကြောင့် ထည့်သွင်းရဦးမည် ဖြစ်ပါသည်။ လွန်ခဲ့သော ၁၉၅၈ခုနှစ်လောက်က မန္တလေးသတင်းစာ ကိုယ်စားလည်ဟောင်းထံမှာ သတင်းစာဘိုး အကြွေး နှစ်သောင်းကျော် မရရှိ သည့် ကိစ္စနှင့် ပတ်သက်၍ ထိုမန္တလေးသတင်းစာ ကိုယ်စားလည်ဟောင်းက အသုံးစာရင်းများ ခုနှိမ်ရေးပြသော ကဏ္ဍတရပ် (.......) ဆရာတော်အတွက် ဆေးထိုးခန်းဆောက်ပေးရသဖြင့် ကုန်ငွေမည်မျှ ၎င်းဆေးထိုးခန်းမှာ မပြီးမသပ်ရသေး၍ နောက်ထပ်ကုန်ကျရန် မည်မျှ စသဖြင့် ပါရှိပါသည်။

ကျမသည် ၄င်းသုံးငွေမှာ ဆရာတော်အတွက် ဆေးထိုးခန်းဆောက်လုပ်လှူသည်ဟု ရိုးသားစွာဘဲ ထင်မိ ပါသည်။ လှူသည်ဆိုလျှင်ပင် ကျမက ၀မ်းသာမြဲဖြစ်ပါသည်။ ၀ိစိကစ္ဆာမဖြစ်ပါ၊ ယုံမှား သံသယလဲမရှိပါ၊ သို့ရာတွင် တကဲ့ဆေးထိုးဘို့ အသုံးဝင်သော အခန်းဖြစ်နေမှန်းကိုတော့ ဇာတ်လမ်းအဆုံးမှာ ၁၉၆၀- ခုနှစ် မှသာ သိရှိရပါသည်။

ထိုသို့မသိခဲ့ဘဲနှင့် နေလာခဲ့သည်မှာ တနှစ်ကျော်ခဲ့ပါပြီ၊ နောက်တကြိမ် ၁၉၅၉-ခုနှစ်လောက်မှာတော့ ထိုဆရာတော်သည် ရန်ကုန်သို့ ရောက်လာတည်းခိုလျက်ရှိစဉ် တနေ့သော ညနေ၌ မိန်းမဧည့်သည် တယောက်အောက်ထပ်သို့ ၀င်လာပြီး ဆရာတော်နှင့် စကားပြောနေသည်ကို ကျမအိမ်ပတ်လည်၌ လမ်းလျှောက်ပုတီးစိပ်ရင်း အမှတ်မထင် တွေ့မြင်ရပါသည်။ ဤတွင်တည်းခိုနေသော ဆရာတော်သည် ကျမအား ထိုဧည့်သည်မိန်းမကို ညွှန်ပြ၍ တကာမကြီး ဒါဦးပဉ္စင်း တပည့်မလေးပါ၊ မန္တလေးက ရန်ကုန်ကို ရွှေ့လာပါသည်၊ တကာမကြီးခိုင်းစရာ, စေ,စရာရှိလဲ ခေါ်ခိုင်းပါဟု အမိန့်ရှိပါသည်။

ကျမသည် ထိုမိန်းခလေး မျက်နှာကို တနေရာရာမှာ မြင်ဘူးသလိုရှိပါသည်ဟု ကြည့်နေဆဲမှာဘဲ ဆရာတ်ေက အမိန့်ရှိလိုက်သည် မန္တလေးမှာ (-) ရုပ်ရှင်ကုမ္ပဏီ(…) ဇာတ်ကားထဲမှာ တခါပါဘူးတယ်၊ ခုတော့ ဟိုမှာအလုပ်မရှိ၍ ရန်ကုန်မှာလာပြီး ရုပ်ရှင်ထဲလိုက်ရန် ကြိုးစားနေပါသည်ဟုဆိုပါသည်။ သည်တော့မှ ယခင်ကမြင်ဘူးသော ရုပ်ရှင်ကော်ပြားထဲက ဇာတ်ရံတဦး၏ပုံပန်းပေါ်လာပါသည်။

သို့သော်ကျမက ဘာမှအတွေးအခေါ် ပြုနေရန်မလိုပါ။ မန္တလေးက ဆရာဘုန်းကြီး၏ တပည့်ဟု သာမန်ယူဆလိုက်သည်။ ရန်ကုန်မှာဆိုရင် ရုပ်ရှင်ကုမ္ပဏီတွေက ပေါတဲ့အတွက် အလုပ်လက်မဲ့ မဖြစ်နိုင်ပါဘူးဟူ၍ပင် အားပေးလိုက်သေးသည်။ တကယ်ဆိုတော့ အလုပ်လက်မဲ့မဟုတ်ပါ၊ အလုပ်ရှိပါသည်။ ရှိနေတဲ့အလုပ်ကို ထိုအခါက လုံခြုံစွာလျှို့ဝှက်ထားခြင်းကြောင့် ကျမက လုံးလုံးသား မရိပ်မိခဲ့သူဖြစ်ပါသည်။

၁၉၆၀-ခုနှစ် ဇာတ်လမ်းအဆုံးမှာတော့ မန္တလေးမှာ ဆောက်ထားသည်ဆိုသော ဆရာတော်၏ ဆေးထိုးခန်း မှာ (လျှို့ဝှက်စကား)ဖြစ်လျှက် ဆေးထိုးခန်းသည် မန္တလေးမြို့ရှိရုံးကြီး အနီးအနားရပ်ကွက်တခုတွင် သွပ်မိုး ပျဉ်ထောင် အိမ်တဆောင်ဖြစ်နေပါသည်။ ထိုတခုလပ်အရံ ရုပ်ရှင်မေ၏ နေရန်အဆောက်အဦးသာလျှင် ဖြစ်ပါ သည်။

သို့ရာတွင် တမြို့စီနေတရွာစီခြားထားလို့မဖြစ်သေး၊ မျက်ပါးရပ်, ရပ်ကွက်မှာ အိမ်တဆောင် ဆောက်ပေး ထားသော အခြားအမျှောင်မဘကြီးသ္မီးတဦးကို သတင်းစာ ကိုယ်စားလည်ဟောင်းက ရန်ကုန်ပြောင်း၍ ကျိုက္ကဆံလမ်းမှာ အိမ်တဆောင် ၀ယ်ပေးထားရသည့် နည်းတူထိုရုပ်ရှင် အရံမအားလည်း လက်လှမ်းမှီရာ ရန်ကုန် သို့ ပြောင်းရွှေ့လာရစေခြင်းသာဖြစ်ပါသည်။ ယခု စာရေးနေသောအချိန်အထိ ထိုအမျိုးသ္မီး (ဘုန်းကြီး တပည့်မ)သည် ကမာရွတ်အနီး လူမျိုးခြားတစ်ဦးပိုင် ရုပ်ရှင်ခြံမှာနေသည်။ ဆရာတော်၏ တကာတော် ဒါယကာကြီး၏ စီးတော်ယာဉ်လည်း မကြာ,မကြာ ဆိုက်ခါ အလှည့်သင့်သလို အဆောင်တော် ကူးလျက်ရှိသည်။

ဤသည်တို့ကို ထောက်လျှင် ကျမအပေါ်မှာ လူသားများကသာမက ဘုရားအမ၊ တန်ဆောင်းအမ၊ ပစ္စလေးပါး ဒါယိကာမ၊ ဆွမ်း,ကွမ်း အမဟူ၍ ကရုဏာတော် ကလေးမှ မပွားတော့သော တဘက်သပ် ကိုယ်တော် အချို့နှင့်လည်း ဆုံစည်းခဲ့ရန်ပြန်ပါသေးသည်။

ပုပ္ပါးမှကြွလာသော ဆရာတကာ ရင်းလို ကိုယ်တော်တပါးကလည်း အရေးထည်းမှာ တကာမကြီးက တယ်ဒေါသကြီးဒါကိုးဟု သာသာနှင့်နာနာနှက်၍ သွားလိုက်သေး၏။ တပည့်တော်မမှာ ရောဂါကြောင့် ဒေါသမကြီးဝန့်ပါဘူး၊ ဒါကြောင့်သာ တရားဥပဒေနဲ့ ရင်ဆိုင်နေရပါတယ်ဟု ခပ်တိုတိုပြောလိုက်ရပါသည်။ ထိုကိုယ်တော်ပြန်သွား၍ မကြာပါဘူး၊ ပုပ္ပါးတောင်ကလပ်မှာ နေရာလုမှုနှင့် အစိုးရက ပုဒ်မ ၁၄၄-တုတ်ထားရသည်ဟု ကြားသိရပြန်ရာ ဒေါသတရားဆိုသည်မှာ သောတာပန် မဂ်ဖိုလ်မရသေးသမျှ ပုဂ္ဂိုလ်မရွေး လောင်မြှိုက်ခြင်း ခံရပါတကားဟု တရားရလိုက်မိပါတော့သည်။

ဒါမျိုးတွေကို ကျမအနေနှင့် မပြစ်မတင်လိုတော့ပါ၊ ဆိုခဲ့သည့်အတိုင်း အကောင်းအဆိုး နှစ်ရပ်တို့မှာ မည်သူမပြု မိမိမှုဟူ၍ ကျမ၏နဂိုလ် မူလဘ၀ကံ အကျိုးပေး ပါရှိလာသမျှ ခံစားရခြင်းသာ ဟု ယူဆလျက် ၀ိတက်, ၀ိစာရ, များဘဲ ခေါင်းအေးအေးထားလိုက်ရပါတော့သည်။ အဆန်းတကျယ် မဖွယ်မရာ ရင်ဆိုင် လာခဲ့ရသော ဘ၀ဇာတ်လမ်းကို မှတ်တမ်းတင်လို၍သာ ရေးသားနေရခြင်းဖြစ်ရာ ဤစာကို ရေနေသော အချိန်မှာ ၀မ်းနည်းခြင်း ၀မ်းသာခြင်း အလျဉ်းမရှိပါ အရာခပ်သိမ်းကို ဥပက္ခာပြုလျက် စိတ်၏ သက်သာမှုကို ရှေ့ရှုနေပါသည်။

သူ့အိပ်ထောင်ထဲက အစိုးရ ဆက်ရန်
.

No comments: