တနေ့သ၌ ၀မ်လန်းက ထိုဒုက္ခသယ် သ္မီးအတွက် မယ်သစ်ကိုခေါ်၍ တိုင်ပင်၏၊ ၄င်းမှာမိမိကွယ်လွန် သွားသည့် နောက် ထိုသ္မီးဒုက္ခသယ်အတွက် စိတ်မချနိုင်အောင်ရှိလေ၏၊ မိမိကဲ့သို့ဂရုစိုက်မည့်သူကို မတွေ့ သဖြင့် ၀မ်လန်းမှာအကြံတခုဖြင့် ဆေးဆိုင်တဆိုင်မှာ အဆိပ်ထုတ် တထုပ် ပင် ၀ယ်၍ ထားလေ၏၊ ၄င်း၏ အကြံမှာ မိမိကွယ်လွန်ရတော့မည်ကို သိသည်နှင့်တပြိုင်နက် ထိုသ္မီးကို အဆိပ်ကျွေး၍ သတ်ခဲ့ ရန် ဖြစ်လေ သည်။
''မယ်သစ်ငါသေသွားရင် ငါ့သ္မီးဟာ သောင်ပြင်လွှတ်တဲ့ခွေးလို ဖြစ်လိမ့်မယ်၊ ငါစိတ်မချဘူး ငါသေရင် ငါ့လို ဘယ်သူ ကမှ ဒင့်ကိုဂရုစိုက်တော့မှာမဟုတ်ဘူး အရူးမဆိုပီး ပစ်ထားကြတော့မှာဘဲ ဒင့်မှာအမေလဲမရှိ ငါ မရှိရင် ရွာရိုးရောက်ပီး စိတ်နောက်သွားမှာကို ငါစိုးတယ်၊ ဒီတော့ ဒီလိုဖြစ်မကျန် ရစ်အောင်ဟာဟောဒီ အထုပ် ကလေးကို မင်းကယူထား ဒီအထုပ်ဟာ သူခံစား နေတဲ့ဝဋ်ကို ချွတ်မဲ့အထုပ်ဘဲ ငါသေသွား တဲ့ နောက် မင်းကဒီဆေးထုပ်ကို ထမင်းထဲထည့်ပီး ကျွေးလိုက် ဒါမှ ဒင်းကလေးငါ့နောက်ကိုလိုက်နိုင်မယ်'' ဟု ပြောကာ ၀မ်လန်းသည် အဆိပ်ထုပ်ကို မယ်သစ်အား ပေးလေ၏၊ သို့သော်မယ်သစ်မှာ အဆိပ် ဖြစ်ကြောင်း သိရ သည်နှင့် တပြိုင်နက် ဆတ်ဆတ်ခါ ဖြစ်သွားလျက်။
''ပိုးလောင်းတောင် မသတ်ခဲ့တဲ့ကျမဟာ လူ့အသက်တချေင်းကို ဘယ့်နှယ်သတ်ရက်ပါမလဲ မသတ် ပါစေ နဲ့ သခင် ကျမသူ့ကို ထိန်းသိမ်းစောင့်ရှောက်ထားပါမယ်၊ ကျမ အပေါ် သခင်ကြီး ကြင်နာခဲ့ပုံတွေကို ကျမ ဘယ်ပုံ မေ့နိုင် ပါ့မလဲ ဘယ်သူမှကျမအပေါ် သခင်ကြီးလောက် မကြင်နာ ခဲ့ကြဘူး’’ ဟု ပြန်ပြောလေ၏။
သို့သော် ၀မ်လန်းမှာ ထိုစကားကို နားမ၀င်ပေ သူပြောသည့် အတိုင်းသာ အလုပ်ခိုင်း လေ၏။
“ယူသာ ထားလိုက်စမ်းပခလေးရယ် မင်းကလွဲလို့ ငါဘယ်သိုမှမယုံဘူး မင်းလဲတနေ့ကျ သေရမှာဘဲ၊ မင်းသေ သွားပြန်ရင် ငါ့သမီးကို ဘယ်သူစောင့်ရစ်မလဲ မင်းကလွဲရင် ဘယ်သူမှ မရှိဘူး၊ ငါ့ချွေးမတွေဟာလဲ သူတို့ သား သမီးကိစ္စနဲ့ သူတို့အချင်းချင်းလဲ မတည့် သားတွေကလဲ ယောက်ျားတွေဖြစ်တော့ ဒီကိစ္စမျိုးကို ပြန်ကြည့် နိုင်မှာ မဟုတ်ဘူး ငါပြောသလိုသာ လုပ်စမ်းပါ ခလေးရယ် ငါစိတ်ချသွားချင်လို့ပါ”။
နောက်ဆုံး၌ မယ်သစ်မှာ ငြင်းဆန်၍ မရတော့ဘဲ အဆိပ်ထုပ်ကို ယူထားလိုက်ရလေ ၏။ သို့ဖြင့် အချိန် နာရီ တဖြည်းဖြည်းရွေ့ညောင်းကြာမြင့်လာခဲ့လေရာ ၀မ်လန်းမှာ တနာရီ တနာရီ သေဘက် သို့ နီး၍ လာလေ ၏။
“မယ်သစ်ရေ မင့်အတွက် ပျင်းစရာကြီး ဖြစ်မနေဘူးလားကွယ်”
“ပျင်းတာ ဟာ စိတ်ချမ်းသာပီး ဘေးတောင်လုံပါသေးတယ် သခင်ကြီးရယ်”
“ငါဟာ အသက်ကြီးလှဘီနော်”
“အသက်ကြီးပေမဲ့ သစ်သစ်ကို အများကြီး ကြင်နာသားဘဲ သစ်သစ် ဒိပြင်တစ်ယောက်ထပ်ယူဘို့ စိတ် မကူး ဘူး”
ဝမ်လန်း သည် မယ်သစ် နှင့် သာ နေလေ၏၊ ရံဖန်ရံခါမှ အခြားအဆောင်များသို့ ကူးလေ၏၊ ကြာပဒုံ မှာလည်း ယခုအခါ အမယ်အို တယောက်ဖြစ်နေပြီဖြစ်ရာ ဥသြမယ်နှင့်သာ ခတ်ဧဧ နေထိုင်လျက် စားလိုက် သောက်လိုက် စကားပြောလိုက်ဖြင့်သာ အချိန်ကုန်လေ၏။
ဝမ်လန်း သည် သားများ၏ အဆောင်သို့လည်း တခါတရံရောက်၍ သွားလေ၏၊ ထိုအခါ သားများ က ပြာပြာ သလဲ လဘက်ရည် ယူသူကယူ ကုလားထိုင် ထိုးပေးသူကပေးနှင့် အလုပ်ရှုပ် သွားကြလေ၏၊ ၀မ်လန်း က “င့ါမှာ မြေးဘယ်နှစ်ယောက် များနေပလဲဟေ့”ဟုမေး၏၊ ထိုမေးခွန်းကို ပြန်ဖြေခိုက်သာ သတိ ရ၏၊
ခဏကြာသောအခါ အသက်ကြီးသူတို့၏ ထုံးစံမေ့၍ သွားပြန် လေသည်။
“ယောက်ျား ကလေး ၁၁ ယောက် မိန်းခလေးက ၈ယောက်ရှိပီ အဘေ” ဟုဆိုလျှင် ၀မ်လန်းက ခိခိ..ခိခိနှင့် ရယ်ရင်း -
“ဒါဖြင့် တနှစ်ကို ၂ ယောက် ၂ ယောက် ထပ်ဖြေ့သွားကြကွာ ဒါမှ ငါလဲ အရည်အတွက်ကို မှတ်မိမယ်” ဟု ပြောလျက် အနီး ၌ ၀ိုင်းနေကြသော မြေးကလေးများကို ကြည့်နေပြန်၏၊ “ဒါက ငါ့အဘေ နဲ့ တူသကွ ဟောဒါ ကတော့ နန်းဝင်ယောက္ခမလိုင်ယူနဲ့ တူတယ်ဟေ့ ဒီကလေး ကတော့ ငါငယ်ငယ်တုံးက ရုပ်အတိုင်း ဘဲဟ” ဟု ပြော၏၊ ထို့နောက် မြေးများအား -
“မင်းတို့ ကျောင်းသွားကြရဲ့လားဟေ့” ဟု မေး၏။
ဟုတ်ကဲ့သွားပါတယ် ဘိုးဘိုး” ဟု မြေးများက ဖြေကြ၏။
နောက်ထပ် ၀မ်လန်းသည် မိမိ၏အဆောင်သို့ ပြန်လာခဲ့လေသည်။
နောက်ထပ် လည်း ထိုအဆောင်များသို့ မရောက်တော့ပေ တခါ တခါ ၀မ်လန်းသည် ဥသြမယ်ကိုခေါ်၍ “ငါ့ ချွေးမ ၂-ယောက် သင့်မြတ်ကြရဲ့လားဟေ့” ဟု မေးတတ်၏ ထိုအခါ၊ ဥသြမယ်က-
“ကြောင်၂-ကောင် လိုပါဘဲ သခင်ကြီး တယောက်နဲ့တယောက်အမြဲစောင့်နေကြတာ ပါဘဲ သခင်ကလေး နန်းအင် လဲ ယခုသူ့မိန်းမကို အတိုင်အတောထူလွန်းလို့တယ် သဘောကျပုံ မရတော့ပါဘူး သူ့မိန်းမက တခါ လာလဲ သူ့အဘေနဲ့နေတုံးက ဘယ်လိုနေရ တယ် ဘယ်လို ထိုင်ရတယ် ဒါချည့် ထပ်ခါ တလဲလဲ ပြောနေတာ ဘဲတဲ့ သခင်ကလေးနန်းအင် နောက်မိန်းမ တယောက် ယူနေပီ လို့လဲကြားရတယ် အခု ဟော်တယ် တွေကို ချည့်သွားသွား နေတာ တွေ့ရပါတယ် သခင်ကြီး”။
“သြော် ဒါနဲ့ အိမ်ကထွက်သားတဲ့ ငါ့သားအငယ်ရဲ့ သတင်းများကော မကြားဘူးလားဟဲ့ ဥသြမယ်။”
“စာတော့မရပါဘူး သခင်ကြီး ဒါပေမဲ့ အောက်အရပ်က ပြန်လာတဲ့ လူတွေ ကတော့ သခင်ကြီးရဲ့ သားကလေး စစ်ဘက်မှာ အရာရှိရှိ တစ်ယောက်ဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ် သခင်ကြီး။”
“သြော်”
မိုးရာသီသို့ ရောက်လာခဲ့လေ၏၊ ၀မ်လန်းမှာ သူ့လယ်များကို ပြန်သတိရလာပြန်လေ သည်။ ထိုအခါ အစေခံ တယောက်ကို ခေါ်၍ လယ်ထဲက အိမ်သို့ စိတ်ပြေလက်ပျောက် ခေတ္တ ပြောင်းရွှေ့၍ နေလေ၏။ ထိုအိမ် ၌ အိုလင်နှင့်အတူအိပ်ခဲ့သော အခန်းထဲတွင်သာ နေလျက်၊ အိုလင် နှင့် မိမိအိပ်ခဲ့သော အိပ်ရာ ပေါ်၌သာ အိပ်လေသည်။ အိပ်ရာမှ နိုးသောအခါ လယ်ထဲ သို့ တုန်ချိ တုန်ချိ နှင့် လျှောက်၍ ကြည့် ၏၊ မက်မုံဖူး ကလေးများ မိုးမခဖူးကလေးများ ကို အပင်မှ ဆွတ်ခူးလျှက် တနေ့ပတ်လုံး လက်ထဲတွင် ဆုပ်ကိုင် ၍ ထား၏၊

ဝမ်းလန်းသည် တနေ့ လယ်ထဲတွင် လျှောက်ကြည့်ရင်း မိမိတို့၏ သင်းချိုင်း မြေကေးသို့ ရောက်သွား လေ၏၊ အုတ်ဂူ ကလေး များကို တခုစီ တခုစီ လျှောက်ာကည်ရင်း နောက်ကြောင်း များကို မြင်ယောင် သတိရ၍ လာလေ၏၊ ညသည သမီးကလေး ၏ အလောင်းကို ဖျာနှင့် ထုပ်၍ မိမိကိုယ်တိုင် လာ၍ မြုပ်ရသညါ့ အဖြစ် ကိုပင် ပြန်၍ သတိရလေ၏၊ ငါလဲ ဒီနေရာကို ရောက်ဘို့ တယ်မကြာတော့ဘူး ဟု တွေးကာ ထို နေရာ ပြန်ခဲ့လေ၏၊
ဝမ်းလန်းသည် မြို့က ပြန်ခဲ့ပြီး မိမိအတွက် ခေါင်းတလုံး ဝယ်ထားရန် အကြံပြုလျှက် သားကြီး နန်းအင် အား ခေါ်လိုက်လေ၏၊
ငါပြောစရာ တခု ရှိလို့ နန်းအင်၊ ဒါဖြင့် ပြောလေ ကျနော် ဒီမှာ ရောက်နေပီ၊
သို့သော် ဝမ်လန်းမှာ ပြောမည် ကြံသောအခါ ပြောရန် စကား ကို မေ့သွားလေ၏၊ သို့အတွက် မယ်သစ် အား ခေါ်၍ ငါဘာပြောမလို့ပါလိမ့် ခလေးရေ ဟု မေးလေ၏၊ ဒီမနေ့ ဘယ်ရောက်ခဲ့ ပါသလဲ သခင်ကြီး ငါလယ်ကို ရောက်ခဲ့ တယ်ကွ ။
လယ်ထဲက ဘယ်နေရာလဲ သခင်ကြီး ထိုအခါ ဝမ်းလန်းမှာ ပြန်သတိရလှက် စွတ်စိုနေသော မျက်လုံး များဖြင့် ရယ်မောရင်း အေးအေး သတိရပီဟေ့ ဒီမှာ ငါ့သား အဘေ့ အလောင်းကို မြုတ်ဘို့ အဘေ နေရာ ရွေးခဲ့ ပီကွဲ့ အဘေ အဘေ့နဲ့ ဦးလေး ရဲ့အောက် မင်းတို့ အမေရဲ့ အထက်က ချင်းနဲ့ ကပ်ပီးတော့ အဘေ့အလောင်းကို မြုပ်ကြတော့ကွယ် ဟုတ်လားဟေ့ ..ထိုအခါ နန်းအင် က ဒီစကား မပြောစမ်းပါနဲ့ အဘေ ဒါပေမဲ့ အဘေ ပြောသလို ကျနော်တို့လုပ်ပါ့မယ် ဟု ပြန်ပြော လေသည်။ ထိုနောက် နန်းအင်သည် ဘခင်ဖြစ်သူအတွက် အကောင်းစား ခေါင်းကြီး တလုံးကို ၀ယ်၍ လာလေ၏၊ ဝမ်းလန်း သည် ထိုခေါင်း ကြီး ကို သူ့ အခန်းထဲ သွင်း၍ နေ့စဉ် ကြည့် နေလေ၏။
ထို့နောက် ဝမ်းလန်း သည် မယ်သစ်ကို၎င်း စိတ်နောက်သူ သမီး ကို၎င်း အစေခံများကို ၄င်း ခေါ်ပြီး လယ်ထဲက အိမ်သို့ မကြခဏ လာကြည်၏ တခါ တခါ နေ့စဉ် လာနေကြမှ တရက်နှစ်ရက် မလာဘဲ နေသောအခါ ဝမ်လန်း သည် မယ်သစ်ကို ခေါ်ပြီး ဘာတွေများ အလုပ်များလို့ မလာနိုင်ကြပါလိမ့် ဟု မေးသည် ထိုအခါ မယ်သစ်က
သခင်ကြီး သားတွေဟာ ကိုယ့်အလုပ်နဲ့ ကိုယ် မအားလပ်အောင် ရှိပါတယ် သခင်ကြီး သခင်ကြီး ရဲ့ သားကြီး က အခုမြို့ပေါ်မှာ ရပ်ရွာလူကြီး အဖြစ် အခန့်ခံရလို့ အလုပ်များနေပါတယ် သားအငယ်က အခု စပါးဒိုဖွင့်နေပါတယ် ဟု ပြန်ပြောလေ၏။
သို့သော် ဝမ်းလန်း မှာ ပြောတုန်းပြောခိုက်သာ သတိရလျှက် ပြောပြီးသော အခါ မေ့သွားပြန်၏၊
တနေ့တွင် ဝမ်လန်း ၏ သား၂ယောက်သည် မြို့မှ ဘခင်ကြီးကို အကြည့် အရှု့ ရောက်လာပြန်၏၊ သား၂ယောက် သည် ဘခင်ကြီး ကို ဝင်ရောက် ကြည့်ရှုမေးမြန်းပြီးနောက် လယ်များကို ကြည့်ရှု ရန် ထွက်ခွာ သွားကြ လေ၏၊
ဝမ်လန်းသည် သား ၂-ယောက် ထွက်သွားရာသို့ နောက်မှ တကောက်ကောက် လိုက်၍ သွားလေ၏။ နန်းအင် နှင့် နန်းဝင် ကား နောက်မှ သခင်ကြီး လိုက်လာ နေသည်ကို မသိကြပေ။ ၂ယောက်သား တနေရာ တွင် ရပ်လျက် လယ်များကို ကြည့်ပြီး စကားပြော နေကြ၏။
ဝမ်လန်းသည်သား ၂ယောက်အနီးသို့ ရောက်သွားသောအခါ သားအငယ်နန်းဝင်က ၄င်း၏အစ်ကိုအား ဤသို့ပြော၍ နေသည်ကို ကြားရလေ၏။
“ဟောဒီလယ် နဲ့ ဟောဒီလယ်တွေကို ဒို့ရောင်းပြစ်ပြီး ပိုက်ဆံကို မင်းနဲ့ငါဝေယူမယ် မင်းဝေစု ပိုက်ဆံ ကို ငါအတိုး ကြီးကြီး ပေးချေမယ် ပီး ငါ့စပါး တွေကို မီးရထားနဲ့ သင်္ဘောဆိပ် အရောက်ပို့ဘို့ စိတ်ကူး ထားတယ် နောက်ပီး …
ဝမ်လန်းကား “လယ်ရောင်းပစ်မယ်” ဆိုသော စကားကို ကြားလိုက်ကတည်းက ဒေါသ ကို မချုပ်နိုင်အောင် ဖြစ်သွားလျက် ကိုယ်လုံးမှာ သွက်သွက်ခါအောင် တုန်လှုပ်လာပြီး ဟေ့ ငပျင်းတွေ မိုက်လုံးကြီးတဲ့သားတွေ လယ်ကို ရောင်းပစ်မယ် ဟုတ်လား။
ထို့နောက် စကားမဆက်နိုင်ဘဲ ရင်ထဲတွင် အလုံးဆို့လျက်ရှေ့သို့ ယိုင်ကျသွားလေ၏ နန်းအင်နှင့် နန်းဝင် သည် သခင်ကြီးကို ဆီး၍ ပွေ့ထားလိုက်ကြပြီး။
“မဟုတ်ပါဘူး အဘေ မရောင်းပါဘူးအဘေ ဘယ်တော့ မရောင်းပါဘူး” ဟု ပြောကြလေ၏ ထိုအခါ ၀မ်လန်း က
''လယ်ကိုရောင်းရင် အမျိုးပြုတ်တာနဲ့ အတူတူဘဲမင်းတို့ ဒို့တတွေတာ ဒီလယ်ကြောင့်အသက် ရှင်လာတာ ဒီလယ်ထဲမှာ ဘဲသေကြရမယ် လယ်ရှိရင် ထမင်းစားနိုင်တယ် လယ်ကိုဘယ်သူကမှ လုမယူနိုင်ဘူး'' ဟုပြောလေ၏ ထိုနောက်မျက်ရည်များလည်းပါးပြင်ပေါ်၌ ယိုစီးလိမ့်ဆင်း၍ လာလေ၏၊ သား ၂ ယောက်၏ လက်ထဲမှ ကုန်းထပြီး မြေကြီးကိုကုန်း၍ ဆုပ်လိုက်ကာ။
'' မင်းတို့ လယ်ကိုရောင်းပစ်ရင် တမျိုးလုံးပြုတ်တာနဲ့ အတူတူဘဲ'' ဟုပြောပြန်လေ၏။
ထိုအခါနန်းအင်နှင့် နန်းဝင်းသည် သခင်ကြီးကိုတဘက်တချက်မှထိမ်းကိုင်၍ထားကြလေ၏၊ ၀မ်လန်းကား လက်ထဲ၌ မြေကြီးများကို တင်းကြပ်စွာ ဆုပ်ကိုင်၍ထားလေ၏၊ သား ၂ ယောက် ဘေးမှ နေ၍ အမျိုးမျိုး ချော့မော့ ဖြောင့်ဖြ နေကြလေ၏။
''စိတ်ချပါ အဘေ စိတ်ချပါ ကျွန်တော်တို့မရောင်းပါဘူး'' ဟုအခါခါပြောကြလေ၏။
သို့သော်ညီအစ်ကို ၂ ယောက်သည် ဤသို့ပြောကြရင်းက အလယ်မှဘခင်ကြီးကို ကျော်၍ တယောက် မျက်နှာ ကို တယောက်ကြည့်ကာ ပြုံး၍နေကြလေသတည်း။

အားလုံးအား ကျေးဇူးတင်လျှက်
ပြီးပါပြီ
.
2 comments:
Wowwwwwwwww!!
Thank you very much for your sharing.
To be honest, still want to read more though it was "the end".
:D :D
Ray
ကျေးဇူးပါပဲ အစ်မရေ...
အစကနေအဆုံးအထိရိုက်တင်ပေးလို့ ...
ခေတ်ကာလသားသမီးတွေကတော့ မိဘတွေရဲ့ 
လက်ငုတ်လက်ရင်းကစလို့ ရိုးရာအစဉ်အလာအမွေ
အနှစ်တွေကိုလည်းတန်ဖိုးထားရကောင်းမှန်းသိသူတွေ
နည်းလာနေပါပြီဗျာ...
Post a Comment