ကာမပွဲစားများက ရဲဆေးတင်ပေးလိုက်ခြင်း
ညစ်ပတ်မှုမရှိဘဲ စာချုပ်ကတိ အတိုင်းတည်လျှင် အထုပ်ဖြေစရာ မလိုပါ။ သူတပါး အတွင်းရေးကို မြိန်ရေ၊ ရှက်ရေ ရေးခဲ့ဘူးသူက ကိုယ့်အတွင်း ရှုပ်ထွေးပေါ်မှာတော့ ကြောက်လှသည်။ တရား နည်းလမ်းမကျ၊ အလုပ်သမားများအား အနိုင်ကျင့်သော စာတို၊ စာစကလေးတရွက်ရေး၍ တားမြစ် နိုင်ခွင့်မရှိပါဘဲ လက်ရဲ၊ ဇက်ရဲ အောက်ခြေလွတ် ပြုမူလာသည်။
အလုပ်သမားများက ဆရာ ဟောင်းအနေနှင့် လေးစားစိတ်ရှိ၍ အားတုန့်အားနာဖြစ်သလိုလိုရှိနေရာတွင် အလိုတော်ရိ အယ်ဒီတာ ၂ယောက်က အဆွယ်ကောင်း၍ အိမ်ပေါ်အရောက် တက်ပြောလာရသည့် အဖြစ် ထိအောင်ရောက်ခဲ့ရာ ကျမသည် စာရွက်စုပ်တခုနှင့် အာဏာရှင် ဟစ်တလာအသွင် ဘ၀မြင့်စွာ နှင့် ဗလာကျကျ တားမြစ်သောစာကို တွေ့ရမှ သူတို့တစုအား ပြတ်ပြတ်သားသား ထပ်ပြောရတော့ သည်။
ယုတ်ညံ့မှုတွေပေါ်လာ၍ အပြစ်အလျှောက် ၀န်ခံလျက် ကွာရှင်းကြရာ၌ စာချုပ်မှာ သတင်း စာတိုက်ကို မပြောထားနှင့် ဗမာ့ခေတ်ဆိုသော နာမည်ကိုပါ အသုံးမပြုပါဟူ၍ ပါရှိပြီး ယခုလည်း ၃လခရီးရှိအောင် ကျမသာ အုပ်ချုပ် လုပ်ခဲ့သည်။ အလုပ်တိုက်ငွေရေး၊ ကြေးရေး မှန်သမျှဘဏ် တိုက်များမှာ အားလုံး လွှဲအပ်ပေးခဲ့ရပြီးသား ဖြစ်သည်။ ဒါကိုလဲ အလုပ်သမားများအားလုံး သိကြ ပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် ကျမ စကား တိုတိုဘဲ ပြောလိုက်ပါသည်။
ဒီစာရွက်စုတ်ကလေးနှင့် အပြင်မှ နေတားသော တရားမ၀င်သည့် မဆိုင်သူ၏ တားမြစ်ချက်ကို လိုက်နာပြီး ယနေ့ည အလုပ်မလုပ်ဘဲ နေလိုကြသလား၊ အလုပ်သမားကို စော်ကားသော မတရား တားမြစ်ချက်ကို အလုပ်သမား ၏အင်အားနှင့် ပြန်လည် ဆုံးဖြတ်ကြမလား၊ ဒါဘဲ ကျမမေးပါသည်။ ၃လတွင်း အလုပ်သမား များ လခထုတ်စရာ ငွေမပြည့်လျှင် ကျမက စိုက်ဖြည့်ရသည်။

စက္ကူလိပ် ၅သိန်းဘိုး လိုင်စင်ခွန်ဆောင်ရန် ငွေ ၂၅၀၀၀ိ ကိုပင် ကျမက ခေတ္တ ရှာဖွေ စိုက်ဆောင် လိုက်ရသည် ကိုလဲ သူတို့အားလုံး သိသည်။ ၅နှစ်၊ ၆နှစ် သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်းပစ်ခဲ့ရုံမက ၆နှစ် တွက် အမြတ်တော်ကြွေး (၈)သိန်းကျော် ၀န်ထုပ်ဝန်ပိုးကြီးနှင့် ထားခဲ့ပြီး အခွံကြီး ကျန်ရစ်သော ဗမာ့ခေတ်သတင်းစာတိုက်ကြီးကို ကျမ ၃လခန့် ဦးစီးလာခဲ့ရသည်။
တပ်ပျက်ကြီးမှာ ဗိုလ်လုပ်နေရရာတွင် ရိုးရိုးမှန်မှန် မဟုတ်သေးဘဲ အထဲလှိုက်စား နေသော အလိုတော်ရိ အလုပ်ရုံးခန်းက ကလိန်ကျနေသူများနှင့် အယ်ဒီတာဋ္ဌာနမှ ပူးသတ်သမားတွေက ခြေရှုပ်နေကြရာတွင် စာစီဋ္ဌာန၊ စက်ဋ္ဌာနက အလုပ်သမားတွေကိုလည်း မတရားသဖြင့် ဤသို့ ခြိမ်းခြောက်ခြင်း ပြုလာသောအခါ သူတို့ ကိုယ်ပိုင် ဥာဏ်ဖြင့် ဆုံးဖြတ်ရန် လမ်းစရှာကြပါသည်။ နောက်ဆုံးမှာ ကျမက လက်ရှိ အုပ်ချုပ်နေသူဖြစ်၍ ကျမသဘောအတိုင်း လိုက်ပါမည်ဟု ၀န်ခံပြီး ပြန်ဆင်းသွားကြပါသည်။
ဤတွင် ဦးကိုလေးနှင့် ခင်မောင်လေးတို့ မျက်နှာ အပျက်ကြီး ပျက်သွားကြသည်။ အယ်ဒီတာ ခန်းရောက်သောအခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးကြီး နှစ်ယောက်သုံးယောက်တို့ ခေါင်းချင်း ဆိုင်၍ တိုင်ပင်ကြလေသည်။ အကြံခက် ကြသည်။ ဒီဆောင်ပါးကို မထည့်ဘဲလဲ ချန်မထားနိုင်၊ ထည့်လဲမထည့်ချင်အောင် အလုပ်ခန်းမှာလဲ စာတွေပင် စီနေကြပြီ၊ မနက်သတင်းစာမှာ ပါသွား ရင်တော့ ဒုက္ခပါဘဲဟု စိတ်ရှုပ်နေကြသည်။ အဖေသေမှာစိုးသော သားတွေလို၊ ငိုမလို၊ ရီမလို ဖြစ် ကြသည်။
ဤတွင် ထွန်းအိခေါ် ကောင်ငယ် အယ်ဒီတာ လက်သင် (ရွာမှ ဆွေတော်၊ မျိုးတော် ခြံပေါက် လက်သင် အယ်ဒီတာ)က တယ်လီဖုန်းနှင့် ဆက်၍ သူတို့ အခက်ကြုံရပုံကို နတ်သံနှောပြီး ပြော လေသည်။ အလုပ်သမား လူများစု၏ ဆုံးဖြတ်ချက်ကို သူတို့ သုံးလေးဦးက မတွန်းလှန်နိုင်ကြ တော့တဲ့အတွက် နှစ်ပေါင်း (၂၀) ဆောင်းပါး တတိယနေ့ အဆက်ပါလာတော့မည်။

သူတို့ ဇွတ် စာစီနေကြပြီ ဟု သတင်းပေးသည်။ အယ်ဒီတာ ဦးကိုလေးနှင့် ခင်မောင်လေးတို့ကလည်း ကျွန်တော်တို့ သြဇာ မကိုက်ဘူး ဖခင်ကြီး ကိုယ်တိုင်လာမှ ဖြစ်မည်။ တရားသည်၊ မတရားသည် အပ ထား၍ အဓမ္မစံနစ်နှင့် အတင်းဝင်ညစ်ပတ်မှ ဖြစ်ကြတော့မည်ဟု ဘိတ်ခေါ်လိုက်သည်။
ဟိုမှာလည်း နေမ၀င်မှီ အချိန်ကတည်းက ပွစိ၊ ပွစိ ဖြစ်နေကြပြီ။ အခါတော်ပေးများနှင့် ဘ၀င်မြင့် အောင် တုန်းခု မြှောက်ပင့် ပေးထားပြီးမှ ၀၀ကြီး စားနေရေသော စား၊ ဖား၊ နေသူများနှင့် အရေး ပေါ် စည်းဝေးညှိနှိုင်းနေဆဲ ဖြစ်သည်။ ဤအထဲတွင် ပင်စင်စားရဲ အရာရှိယောက်ဖက ခြေတကြွကြွ နှင့် ဟီးတိုက် အားပေးလျက် ရှိသည်။ ဘုန်းရိပ် ကံရိပ်၊ ခိုလှုံနေကြရသော ၄၀ကုန်သော သပ္ပူရိသ ခိုးသားများ အနွယ်တော်များ ကပ်သောက်၊ ကပ်စား၊ ကပ်ဖါးများနှင့် နိုင်ငံရေးနေရာ မရသေးသူ များ၊ လိုင်စင် အခွင့်အရေးထင်တရေးနှင့် မျှော်နေသေူများ၊ ကာမပွဲစားများ စသော အရေခွါအင်အား စုကြီးတခုလုံးက ဗမာ့ခေတ်မှ တယ်လီဖုန်းအသံနှင့် အခေါ်ရောက်သည်ကို အားရ၀မ်းသာ ထောက်ခံကြ သည်။ သွားပါ သွားသာ သွားပါ၊
မရဲလျှင် ရဲဆေးတင်ပေးပါမည်၊ ကျွန်တော်တို့ ကျွန်တော်တို့ အသီးသီးကလည်း အမြီးဆွဲ၍ လိုက်ခဲ့ပါမည်။ ဘာမှ မကြောက်ပါနှင့်၊ မသကာ အဖွားကြီးက ထွက်ဆဲရုံပြင် ပိုမတတ်နိုင်ပါဘူး၊ မိန်းမနဲ့ ယောက်ျားဘဲ တခါတွန်း လိုက်နှင့် လဲသွား မှာပါ။ ကြမ်းသာ ကြမ်းပါ စသော လူကြီးဂုဏ်သိက္ခာမျိုး မဟုတ် အလွန် အောက်တန်း ကျလှသည့် ထန်းသမားစီမံကိန်းကဲ့သို့ အားပေးစကားများနှင့်အတူ အရက်ကို တခွက်ပြီး တခွက် ကြွက်တွင်းထဲ ရေလောင်းသလို လည်ချောင်းအတွင်း နင်းလောင်းပေးကြသည်။
ပုလင်းကိုင်အဖြစ် အခါပေးဆရာ နောက်တော်ပါ ယပ်လှဲတရားဟောဆရာ ဘုန်းကြီးလူထွက်က တာဝန် ယူပြီး၊ သူလည်း တခွက် ဟိုလည်းတခွက် ဇက်တိုက်လူမှန်းမသိ ဖြစ်လာအောင် အရက် ကိုးမောင်း တိုက်သည်။ ပြီးမှ နှစ်ထပ် ယောက်ဖရဲဟောင်း ခေါင်းကြီးက ဘဲလ်အဲယားကားနှင့် ယောက်ဖ လူတော်ကြီး ကို ကုန်းပိုးတင် ဆောင်လျက်၊ သူပါထက်ကြပ်လိုက်ပို့ပါ မည်ဟု သတ္တိခဲ ရဲရဲတောက်မျှ လက်ခမောင်း တဖြောင်းဖြောင်း ထခတ်ပြလိုက်ရာ။
ကာမဂုဏ်ပိုးဦးနှောက်ထိုး
ထမိန်ခြုံဆရာမို့ မိန်းမဥာဏ်သာ သုံးတတ်၍ ကိုယ့်ပစ္စည်း ကိုယ်ပြန်ပြီး ခိုးတတ် ၀ှက်တတ်ခြင်း၊ ခိုးရာ ၀ှက်ရာ တွင် ကပ်ကြေးကိုက်ကဲ့သို့ လက်မြန်ခြင်း၊ ကလိန်ကျမှု၊ ကောက်ကျစ်မှု၊ ညစ်ပတ်မှု၊ ခြေထိုးမှုတို့သာ တတ်ပြီး သူရသတ္တိ တပြားဘိုးမျှ မရှိခဲ့ဘူးသူအား ကပ်ဖါး၊ ကပ်စား လုပ်နေကြ သော သူ၏အသိုင်းအ၀ိုင်း ယုတ်ညံ့သူတွေက အဖက်ဖက်မှ ၀ိုင်း၍ ဤသို့ မြှောက်ပို့ပေး၊ သွေးဆွ ပေးနေကြဆဲ အချိန် ဖြစ်သည်။
ဒီဗမာ့ခေတ် အယ်ဒီတာခန်းမှ တယ်လီဖုန်းအခေါ်တော်ကလည်း စာတွေစီနေပါပြီ အမြန်လာပါဟု တကျော်ကျော် အသံ မစဲအောင် မြည်နေသည်။

မူလ ပင်ကို သတ္တိမရှိ၍ မရဲလှသော်လည်း အသိုင်းအ၀ိုင်းတွေက တွန်းပို့နေကြသဖြင့် အားတက်လာပြီး လူကြီး လူကောင်းတို့ အလုပ်မဟုတ်သည်၊ ဟုတ်သည်ကိုလည်း စဉ်းစားရန် ဥာဏ်မမှီတော့ပြီ၊ ၂နှစ် ၃နှစ် အတွင်း အပြင်းအထန် သောက်ထားသော အရက်ရည် အယ်လကိုဟော အခိုးအငွေ့များက ဦးဏှောက်ကို ဆင်ခြင်ဥာဏ် ချို့ယွင်းအောင် မှိုင်းတိုက်ထားပြီး ဖြစ်သည်။
ထို ၂နှစ် ၃နှစ် အတွင်းမှာပင် ကောင်းဆိုး ယုတ်ညံ့မရွေး တွေ့မရှောင် မိန်းမ အပုပ်အသိုးမျိုးစုံတွေ ကို ငွေနှင့် ပက်ကြဲ၍ ရောင့်ရဲတင်းတိမ်ခြင်း မရှိ၊ ဖိဖိစီးစီးကြီး လိုက်စားထားခဲ့သမျှ တို့ကြောင့် ကာမဂုဏ်ပိုး V.D. GERMS များကလည်း ဦးဏှောက်ကြောထည်းသို့ ကျက်စားလျက်ရှိ၍ တချက် တချက်၌ သွက်ချာလည်အောင် မရူးသေးသော်လည်း ခြေလွတ်၊ လွတ်လာခြင်းက သက်သေပြစ ပြုနေလေသည်။
ဤအခြေအနေမျိုးတွင် အရူးဘုံနှင့်မြှောက်သလို အမြှောက်ကြိုက်မှန်းသိကြ၍ မြှောက်မြှောက်ပြီးမှ မြှူ၊ မြှူစားနေကြသော ပတ်ဝန်းကျင်ကို မရုန်းမကန်နိုင်တော့သည့် အလျှောက် လူသားတယောက် ၏ ဂုဏ်သိက္ခာကို မထိန်းနိုင်တော့ဘဲ၊ ထန်းတောထဲမှ ထန်းရေမူးသမားငပြားလို လူတယောက် ကဲ့သို့ အောက်တန်းကျသော အပြုအမူမျိုးကို သုံးဝန့်လာသည်။
အပို့သမားတွေနှင့် အကြိုသမားတွေကို အားကိုးအားထားပြုသည့်အပြင် ယောက်ဖနှစ်လုံး ပြူး ပင်စင်စား ရဲအရာရှိ ဦးခင်မောင်လတ်က ပွေ့မ၊ တွဲထမ်းလျက် ကိုယ်ထိလက်ရောက် ကားပေါ်တင်ပြီး ခေါ်လာသည်။ ပုလင်းကိုင် နောက်ပြီး ဆွဲလိုက်လာသူက ဘုန်းကြီးလူထွက် သခင်ကျော်ရင် ဆိုသူ လူယုံတော် အကြံပေး ခေါင်းဆောင်ကြီး စြဖ်သည်။ ကား၂စင်းနှင့် ဗမာ့ခေတ်ခြံဝင်း အတွင်းသို့ ကျူးကျော်ထိုးဖေါက် ၀င်ရောက် လာကာ စွန့်စားခန်းတရပ်ကိုစ၍ ပြုလုပ်ပါသည်။
ထိုအခါက ၀င်းတံခါးစောင့်သူ ဒရ၀မ်မှာလည်း သြဇာညောင်းခဲ့သော ၎င်း၏ ဘက်တော်ဝင် တဦး ဖြစ်သော ကြောင့် သော့ခပ်ထားသော ၀င်းတံခါးကို အဖေလာသလို ပြာပြာသလဲ ထဖွင့်ပေးလိုက်သော ကြောင့် အခက် အခဲ မရှိဘဲ ခြံထဲသို့ ဖြောင့်ဖြောင့်ဖြူးဖြူး ကျူးကျော်ဝင်ရောက်လာနိုင်ခြင်း ဖြစ် သည်။
ထိုအချိန်မှာ ည၉နာရီခန့်မျှ ရှိပြီ ဖြစ်၍ အိမ်ကြီးအပေါ်ထပ်ရှိ ကျမတို့သည် ကိုယ်စီ၊ ကိုယ်စီ အိပ်ခန်း ထဲ ၀င်ရောက်ပြီး တံခါးများလည်း အားလုံးပိတ်ပြီးပြီ ဖြစ်ပါသည်။ သို့ကြောင့် ၎င်းတို့ကားနှစ်စီးနှင့် ခြံထည်း ၀င်ရောက်လာသည်ကိုလည်း မသိကြသေးပါ။ အောက်က အလုပ်သမားများမှာတော့ ကမ္ဘာပျက်သလို ရုတ်ရက်ခပ် ကြောက်ရရှာသည်။ ကျမက အိပ်ယာထဲမှာ အိပ်ပျော်တော့မည် ခပ်မှေး မှေး ရှိစဉ် အခန်း အပြင် မှန်တခါးကို ကရင်အိမ်ဖေါ်မကလေးတဦးက လာခေါက်သည်။ သူတို့ ကိစ္စ တခုခုပြောရန် ရှိလျှင် အပြင်မှ တံခါးကို လာခေါက်နေကြဘဲ ဖြစ်ပါသည်။
သို့ကြောင့် ကျမ အိပ်ရာမှ ထပြီး မှန်တံခါးကို ဖွင့်၍ အကျိုးအကြောင်းကိစ္စကို မေးပါသည်။ ကရင်မ ကလေးသည် သူတို့အိပ်သော အခန်းပြူတင်းမှ လှမ်းကြည့်လျှင် အောက်အလုပ်တိုက်က လူတွေ လှုပ်ရှားမှုကို အကုန်မြင်နိုင်ပါသည်။ ပြောသံ ဆိုသံတွေကိုလဲ အကုန်ကြားနိုင်ပါသည်။ ကျမ အခန်း မှတော့ လေအေးစက်ရှိသောကြောင့် အလုံပိတ်ထားသဖြင့် အပြင်မှ တော်ရုံ၊ တန်ရုံ အသံများကို မကြားရပါ။ ကရင်မကလေးက သူအိမ်ပေါ်မှနေ၍ ကြားသမျှ၊ မြင်သမျှ အောက်ပါအတိုင်း ပြောပြပါ သည်။
မမ ကျွန်တော် အသံကြားလို့ ထကြည့်တယ်။ ဦးလေးအရက်တွေမူးပြီး ပြန်ရောက်လာတယ်၊ အောက်သစ် ကလေး ထဲကို ဦးခင်မောင်လတ်နဲ့အတူတူ သော့ခလောက်ရိုက်ချိုးပြီး ၀င်နေကြတယ်။ ဒီမှ အရက် အမြဲ လာသောက် နေတဲ့ ထိပ်ပြောင်ပြောင်နဲ့ လူကြီးလဲ ပါတယ်။ သူလဲ သိပ်မူးပြီး အရက် ပုလင်းကြီးကိုင်လို့ ပါလာတယ် စသော သူမြင်သမျှများကို စကားမပြီကလာ၊ ပြီကလာနှင့် လာပြော သည်။ ကျမသည် ညနေ စောစောပိုင်းက လူပါးဝစွာ စာရေး၍ အလုပ်သမားများကို အာဏာရှင် ဆန်ဆန် စာရေး နှောင့်ယှက် ထားသည်ကို တွေ့ရပြီး ယခုတခါ တရားလွန် ရိုင်းစိုင်းစွာ ကျူးကျော် လာပြန်သည်ဟု ကြားသိရသောအခါ တရား နည်းလမ်းရှာ၍ ရင်ဆိုင်ရတော့မှာဘဲဟု တွေးလိုက်ရ ပါသည်။
သို့ကြောင့် ကျမအခန်းအပြင်ဘက် ၀ရံတာသို့ ထွက်ကြည့်လိုက်ပါသည်။ ရဲခင်မောင်လတ်ကားကို လဲ တွေ့ရသည်။ စက်ခန်းစာစီခန်းထဲက အလုပ်သမားတွေ ရုတ်ရုတ်၊ ရုတ်ရုတ် ဖြစ်နေသည်ကို လည်း တွေ့ရသည်။ အိမ်သစ်ကလေးပေါ်မှာလည်း တွေ့ရသည်။
အိမ်သစ်ကလေးပေါ်မှာလည်း ဓာတ်မီးများပင် လင်းလင်းထိန်နေအောင် ဖွင့်ထားပြီး နေသားတကျတောင်မှ ဖြစ်နေပြီ၊ ရွာရိုး ရှောက် မူးရမ်ေးနသော ထန်းရေသမားလို၊ လေးကွက်သိုင်းနင်းပြီး ဘာတွေပြောနေမှန်း မသိ လက်မထောင်ခါ၊ ထောင်ခါ လျှာလေးကြီးနှင့် ပြောနေသော လူ့တော်သလင်းကြီး၏ပုံပျက်၊ ပန်းပျက် အခြေအနေကြီးကိုလည်း အိမ်ပေါ်မှနေ၍ စီးပြီး တွေ့မြင်ရသည်။ လာပို့သော ယောက်ဖ ရဲကြီးက ဖေးလို၊ မလို့ တွဲလို့လဲ အရှက်နဲလှသည့်မြင်ကွင်းကျယ်ကို မြင်ရပြန်သည်။
မင်းသားရူးနန်းတင်ပေးသလို ဆက်ရန်
.

No comments:
Post a Comment