ဝန်ကြီးချုပ် ကို သူကြိုးဆွဲသလိုမက၍ ဆဲခြင်း
တရားမရှိသော တိုင်းပြည်မဟုတ်ပါ၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ တရားဥပဒေ စိုးမိုးရေး သည် မူလပထမဟု ကြွေးကြော်ထားသည်က အထင်အရှားဖြစ်ပါသည်။ သူတို့ဟိတ်လုံး၊ ဟန်လုံး နှင့် ကြွားလုံး ထုတ် ထားသလို အကယ်၍များ မတော်တဆဟုတ်နေခဲ့လျှင် သူ့အိတ်ထောင်ထဲက အာဏာရ ပုဂ္ဂိုလ်ကြီး များနှင့် တရားဥပဒေပါရဂူကြီးများက လူယုတ်မာ လူညစ်ပတ်၏ မတရားပြုမူသမျှ ခံခဲ့ရသော တဦးတည်း ရင်ဆိုင်နေသူ မိန်းမသားတယောက် အပေါ်တွင် ခရု ခါးတောင်းကြိုက် ဖမ်းသကဲ့ သို့ လူစွမ်းကောင်း လုပ်၍ လူလိမ်, လူကောက်ကြိး ဘက်မှ တရားလက်လွတ် ကူညီ ဖေးမပေး ကြလျှင် လည်း ခံရ မည်။
သို့သော် ဤသို့ ပြုလုပ်ကြလိမ့်မည်ဟု မယုံကြည်ပါ၊ လူလိမ်နေအေး ဂိုဏ်းဝင်များသည် ဤသို့လှည့်လည် ၀ါကြွားပြောကြားနေသည့်အတွက်ပင် အာဏာရ ပုဂ္ဂိုလ်များနှင့် ဥပဒေပါရဂူများအတွက် ဂုဏ်အသရေ ထိခိုက်လျက် ရှိနေပါပြီ၊ နေအေးဂိုဏ်းဝင်ဘို့သည် အပြင်လောကတွင် သာမက ဤ၀ါကြွားလုံးများ ကျမ နားသို့ ပေါက်ရောက်အောင်လာပြောနိုင်မည့်သူများကိုလည်း ဘေးတီးအလံရှူးလုပ်ခါ အပြောခိုင်း ပါသေး သည်။ အဲဒါကမှ ပို၍ဆိုးပါသည်။
အာဏာနှင့် တရားဥပဒေကို ကိုင်တွယ်နေရသူ ပုဂ္ဂိုလ်တို့၏ အမည်နာမကိုပါ ပြောပြကာ ဘယ်သူ, ဘယ်ဝါ တွေ ဟာ လူလိမ်, လူညစ်ကြီး၏ ဘတ်တော်သား အစစ်မို့ သူညစ်လိုသမျှ ညစ်၍ ပေးကြလိမ့်မည်၊ အမှုကို အချိန် ကြာအောင် ညစ်ပတ်စွာဆွဲပြီး နည်းအမျိုးမျိုးနှင့် အကြပ်ကိုင်နေမည်။ သည်တော့ တာရှည်, တာဝေးရုံး ပေါ်မှာ ငွေကုန်ကြေးကျမခံချင်ပါနှင့်ဟု ဆိုကြသည်။ နောက်တနည်းကလည်း ဘီယာမယ်ကို စေတမန် ပြုလျက် ရုံးပေါ်မှာ တက်ရင်ဆိုင်နေလျှင် သူ့ဘက်က ရှေ့နေများကို ကျမအား အရှက်ရအောင် မေးခွန်း တွေ မေးခိုင်းစေမည်ဟု ခြိမ်းချောက်သလို ပြောစေပြန်သည်။
အရှက်ကွဲ ရန် မေးခွန်းမေးခြင်းမျိုးမှာ ကျမလို အသက်ခြောက်ဆယ်နီးပါးအရွယ် အလှူအတန်း ဘုရား ကျောင်းကန် နှင့် ဆက်သွယ်နေသော အရွယ်လွန်နေသူ မိန်းမတဦးအဘို့မှာ ဘာမျှရှက်စရာမရှိတော့ပါ။ ဖြစ်လာသောအမှုကလည်း သူ့အပြစ်ဝန်ခံ၍ အခိုင်အမာ ကွာရှင်းထားမှုသာဖြစ်သည်။ မုဒိမ်းမှု လည်း မဟုတ်၊ မျောက်မထားမှုလည်းမဟုတ်၍ ယုတ်ယုတ်မာမာ နည်းမျိုးနှင့် ကြိုးစားစေကာမူ ကျမအဘို့ သွေးပူ လောက်အောင် ချောက်ချားခြင်း အလျဉ်းဖြစ်မည်မဟုတ်ပါ။
ယုတ်မာသူ၏ အဘို့သာ သည်မျှ ညစ်ပတ်စုတ်ပဲ့ပါကလားဟု အများတကာ၏ မှတ်ချက်ချခြင်းခံရရုံသာ ဖြစ်ပါမည်။
ကျမ သည် အရပ်ရှစ်မျက်နှာမှ ရောက်လာသော ရန်အမျိုးမျိုးကို တဦးတည်းကြံ့ကြံ့ခံနေရသည်။ တော်ယုံ,တန်ယုံစိတ်ဓါတ်မျိုးသာ ဆိုလျှင် အရည်ပျော်ဆင်းသွားပေမည်။ နောက်ဆုံး တရားဥပဒေကို အားကိုး မရတော့သည်ထားဦး၊ ဘုရားဥပဒေ အမှန်တရားကြီးသည် မဟာတံတိုင်းကြီးပမာ ကာဆီးလျက် ရှိပါ သေးသည်ဟု ကျမယုံကြည်နေသူဖြစ်ပါသည်။ ဘီယာမယ်သည်လည်း နေ့စဉ် ကျမအိမ်မှာ ၀င်ထွက် နေပြီး ဤကဲ့သို့နည်း အမျိုးမျိုးနှင့် သွေးထိုးစမ်းလျက် ရှိဆဲဖြစ်ပါသည်။
ထိုအတောအတွင်း၌ ဗမာ့ခေတ် သတင်းစာ ဋ္ဌာနတွင် အယ်ဒီတာ ဦးကိုလေးမှာ တပါးကျွန်အလိုကျ မမှန် သတင်း ဖြန့်ပြီး ဘက်လိုက် ဆောင်ရွက်ပေးခဲ့ဘူးသော ကိစ္စတွေပြီးသွားတဲ့နောက် သတင်းစာတိုက်ထကြို ရဲရဲဝင် မလာဝံ့ တော့ပါ။ သူ့သိက္ခသူမလုံအောင် ဖြစ်နေပါသည်။ ကြိုးကိုင်စရာရှိလျှင် ခြံဝင်းအပြင်ဘက်မှ နေပြီး ဆက်သွယ် ပါသည်။ ထိုသို့ရှိစဉ်ဖက်စပ်ကုန်ရောင်း ဋ္ဌာနတို့၌၄င်း၊ ဗမာ့ခေတ် သတင်းစာတိုက် အမည်နှင့် ရရှိသော အခွင့်အရေးများကို သူတဦးတည်း အကျိုးခံစားမှုအတွက် ထုတ်ယူနေကြောင်း ကိစ္စတရပ်, နှစ်ရပ်ပေါ်ပေါက်လာပါသည်။ ၄င်းအကြောင်း ကိစ္စများအား ကျမနားသို့ ပေါက်ကြားအောင် လာပြောသ မှာ ထိုအခါက ယာယီမန်နေဂျာလုပ်နေသူ ဦးဗအေးက နှစ်ဘက်လွှလုပ်၍ အယ်ဒီတာ ဦးကိုလေး အား သွားပြီး အကြော်ငးကြားလိုက်ပြန်ပါသည်။
သူနေထိုင်မကောင်း၍ ဆရာဝန်က ဆေးရုံကိုတက်ပြီး ရက်ရှည်အနားယူရမည်ဖြစ်သောကြောင့် အကန့် အသတ်မရှိ နားယူခွင့်ပြုပါရန်နှင့် သူ့အား ဗမာ့ခေတ်သတင်းစာ စတင်ထုတ်ဝေလာခဲ့သည်မှ အစပြုပြီး ယနေ့ထိအလုပ်, လုပ်ကိုင်ခဲ့ရသည့် အတွင်းသားဆိုးတယောက်ကို အလိုလိုက်သကဲ့သို့ သူဆိုးတေခဲ့သမျှ သည်းညည်း ခံ ခဲ့သော ကျေးဇူးများကို မမေ့ပါကြောင်း၊ ဗမာ့ခေတ် သတင်းစာအပေါ်မှာလည်း သံယောဇဉ် အလွန် ကြီးမားသူဖြစ်ပါကြောင်း စသည်များကို ရေးသား၍ အခွင့်တိုင်စာကို ကျမထံသို့ ပေးပို့ပါသည်။ ကျမသည် သူ့အဖြစ်သူသိ၍ ရှောင်ထွက်သွားခြင်းဖြစ်ကြောင်း ကောင်းစွာနားလည်ပါသည်။
သို့အတွက် အရေးယူခိုင်းထားသောကိစ္စများကိုလည်း ဆက်လက်စုံစမ်းခိုင်းခြင်းမပြုစေတော့ဘဲ သူ၏ နှုတ်ထွက်စာ ကို လက်ခံလိုက်ပါသည်။
ထိုနောက်ပိုင်း မှာတော့ အယ်ဒီတာဋ္ဌာနတွင် ကိစ္စတရပ်သည် နောက်ထပ်ပေါ်လာပြန်ပါသည်။ ကျမက အယ်တီတာဋ္ဌာန နှင့် စာစီစာရိုက်ဋ္ဌာနအကြီးအမှူးများသို့ မဆိုင်တော့သူ၏ အမည်နှင့် တပ်ထားသော (စကားမစပ်) ဆောင်းပါးများကို ထည့်သွင်းခြင်း မပြုတော့ရန် တားမြစ်ထားပါသည်။
တကြိမ် မှာ ၀န်ကြီးချုပ်ကို သူကြိုးဆွဲသလို မကကောင်းလားဟု ဆဲထားသော ဆောင်းပါးတခု ဖြစ်၍ အယ်ဒီတာ အဖွဲ့ တို့က ထည့်၍မတော်ဘူးထင်သဖြင့် မထည့်ဘဲ ဆွဲထားသည်။ ကျမအား ထို(စကားမစပ်) ဆောင်းပါး ကို လာပြ၍ မထည့်ရန် သိမ်းထားလိုက်ပါသ်ည။ နောက်တချီ လက်ရေးကို မသိအောင် လက်နှိပ်စက် နှင့်ရိုက်ပြီး၊ ရေးသူအယ်ဒီတာအဖွဲ့ဝင်တဦးဟု အမည်တတ်ထားသော ဆောင်းပါး တခု ပါလာသည်။ အယ်ဒီတာ ခင်မောင်းလေးတို့က မလိမ့်တပါတ်လုပ်ပြီး ထည့်ပေးလိုက်ပါသည်။သို့သော် ကျမ က ကလိန်ကျလိုက်သည်ကို မနက်မှ သိရပါသည်။
ဝန်ကြီးချုပ်က သူပြောတိုင်းမရ
သို့ကြောင့် နောက်ပိုင်းမှာ ဆောင်းပါးကိစ္စ ကလိန်မကျနိုင်ရန် ကျမက ပြင်းပြင်းထန်ထန် တားမြစ် လိုက်ရ ပြန်ပါသည်။ သို့သော် တနေ့တါင် ပြဿနာတရပ်သည် ထပ်၍ ပေါ်လာပြန်ပါသည်။ ညနေ နေ၀င်ရီရော အချိန်မှာ စကားမစပ် ဆောင်းပါးရေးပြီး သတင်းစာတွင် ထည့်ရန်ဟု လာပေးသွာသည်။ ရေးသာထားသော အကြောင်း အရာ မှာ ယခင်အတိုင်း သူဖြစ်ချင်သလို ၀န်ကြီးချုပ်ပြောတိုင်းမရ၊ ကပ်တိုင်းမဖြစ်၍ အပြစ် တင်ခြင်း၊ ဆဲခြင်းမျိုး သဘောပင်ဖြစ်သည်။ တိုင်းပြည်အတွက် အကျိုးရှိရန် အကျိုးပြုရန် ရည်ရွယ်ချက်မပါ။ ကပ်ညာ နေသော လူလက်တဆုပ်စာအတွက် ဖင်နရာ ရဘို့တခုသာ ရည်ရွယ်ရေးသားချက် ဖြစ်ပါသည်။
သို့သော် ရည်ရွယ်ချက် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ၄င်း၏ အမည်နှင့် ပါဝင် ရေးသားခွင့် မပြု နိုင်ရန် ပိတ်ပင်ထားပြီးဖြစ်၍ အယ်ဒီတာဋ္ဌာနမှ မထည့်နိုင်ပါ။ အကယ်၍ အယ်ဒီတာဋ္ဌာနက ကျမ၏ သြဇာ ကို လွန်ဆန်၍ ထည့်သည့်တိုင်အောင် စာစီဋ္ဌာနကပါ ကျမသြဇာကို ပယ်ဖျက်ပစ် လိုက်ကြသည့်တိုင်အောင် စာရိုက်မည့် ဋ္ဌာနက ကျန်ပါသေးသည်။
ထိုအခါက ညပိုင်းမှာ နိုင်ငံခြားရေး အယ်ဒီတာ ဦးချစ်သိမ်းမှာ အသက်အရွယ်ဝါအကြီးဆုံး ဖြစ်သောကြောင့် လူရွယ် အယ်ဒီတာတို့ကို အကြောင်းကိစ္စရှိလျှင် ထိန်းထိန်းသိမ်းသိမ်းနှင့် အကြံဥာဏ်ပေးတန်သမျှ ပေးသည်။ အတွင်းရေး အရှုပ်အထွေးတွေကိုလည်း သိနားလည်မပြီးနေသူဖြစ်ပါသည်။ အယ်ဒီတာ လူငယ်များ ကလည်း လူကြီးအသက်ကြီး ဖြစ်သူ ဦးချစ်သိမ်းအား ၄င်းဆောင်းပါးကိစ္စကို ဘယ်လို လုပ်ရမည် မသိသဖြင့် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြပါသည်။
သည်တော့မှ အယ်ဒီတာဦးချစ်သိမ်းက သူတို့ တာဝန်ကုန်အောင် သည်ဆောင်းပါး စာမူကို ဒေါ်ခင်ခင်လေးအား သွားပြပြီး ထည့်ရမည် မထည့်ရမည်ဆိုသော အဆုံးအဖြတ်ကို ယူရမည်ဟု ဆုံးဖြတ် ကြသည်။ ထိုအခါက ဗမာ့ခေတ် သတင်းစာကို ဦးစီးချုပ်ကိုင်နေသူမှာ ကျမသာဖြစ်၍ အယ်ဒီတာ တိုက်အုပ် အစ အလုပ်သမားအားလုံးသည် ကျမနှင့်သာ ဆက်ဆံ လုပ်ကိုင်နေကြရပါသည်။ ပုံနှိပ် ထုတ်ဝေသူ အမည် ကို အဓမ္မစံနစ် နှင့် ညစ်ပတ်စွာ အယ်ဒီတာ ကိုကိုလေးတို့နှင့်ပေါင်း၍ ပြောင်းလွဲလိုက်သော်လည်း၊ တတိုက်လုံး ကျမလက်ထဲမှာဘဲ ဖြစ်ပါသည်။
ပုံနှိပ်တိုက် ထုတ်ဝေသည်အမည် မတရားလွှဲပြောင်း ထားခြင်းကိုလည်း ရုံးတွင် တရားစွဲဆိုထားဆဲ ဖြစ်ပါ သည်။ ထို့ပြင် ကျမသဘောတူခွင့်ပြုချက်မပေး တင်းတင်း,မာမာ တားမြစ်ထားသော ကိစ္စတခု ဖြစ်နေ သောကြောင့် ဦးချစ်သိမ်းအမှူးရှိသော အယ်ဒီတာများက စာမူကို ကျမလို့ လာရောက် တင်ပြကြခြင်း ဖြစ်ပါသည်။
ကျမထံ ရောက်လာသော ထိုစာမူကို မသုံးရ၊ သတင်းစာ၌ မထည့်ရဟု တားမြစ်ထားပြီး ဖြစ်ပါလျက် မရှက် မကြောက် ပမာမခန့်ပြုခြင်းသာ ဖြစ်သည်။ သို့အတွက် စက္ကူစုပ်ဘ၀ရောက်အောင် ဆွဲဆုပ် ပစ်လိုက် ပါသည်။ သည်တော့မှ အယ်ဒီတာများ တာဝန်ပေါ့ပါးသွားကြပါသည်။ သို့ရာတွင် မကြာခင် သည်အကျိုး အကြောင်းအဖြစ်အပျက် များကို လက်ပါးစေ အယ်ဒီတာတယောက်က သိမ်ဖြူလမ်းသို့ လှမ်း၍ တယ်လီဖုံး ဆက်ခါ သတင်းပို့ လိုက်ပါသည်။
ထိုအချိန်မှာ ယစ်ထုပ်ကြီး၏ ဇိမ်ခံချိန်ဖြစ်သည်။ အရက်ရေချိန်လွန်အောင် သောက်နေချိန် အရက် ယစ်ဝ တော့မှ ကာမမယ်များထားရာရပ်ကွက် အသီးသီးသို့ ကားတစီးနှင့် အလှည့်ကျ တအိမ်ဆင်း တအိမ်တက် လေးကွက်သိုင်းနင်း၍ ရောက်လေလျှင် ကာမအ ပျော်တော်ဆက်မများက ထွက်၍ တွဲမ ခေါ်ယူပြီး ကာမစည်းစိမ် ဆက်ရမြဲဖြစ်သည်။ သို့ရာတွင် ယစ်ရည်ဝစ၍ တယ်လီဖုံးက အကြောင်း ကြားချက် အရ စာမူကိစ္စကြောင့် ဒေါပွပြီး မူးမူးယစ်ယစ်ကြီးနှင့်ပင် ရုပ်ပျက်ဆင်းပျက် အယ်ဒီတာခန်းသို့ ရောက်လာပြီး ဦးချစ်သိမ်းအား ကြိမ်းဝါးဆူပူခြင်း ပြုလုပ်လေသည်။
အယ်ဒီတာခန်းထဲမှာ ထန်းရေမူးသမား ရမ်းပုံမျိုး ဒုတိယအကြိမ် ရမ်းကားနေပြန်ပါသည်။ စားပွဲကို လက်နှင့် ထု၍ ဘာပြုလို့ ခင်ဗျားက သွားပြရဒါတုန်း၊ ဟိုကောင်တွေကော ဘယ်မှာပုံးနေကြသလဲဟု ဆဲရေး တိုင်းထွာ လျက်ရှိသည်။ အယ်ဒီတာလူငယ်ပိုင်းက တော်ရာမှာ သွားပုံးရှောင်နေကြပါသည်။ အခြားသူ မတွေ့တိုင်း ဦးချစ်သိမ်းကိုဘဲ မဲ၍ဆူပူနေပါသည်၊ ဦးချစ်သိမ်းကလဲ လူကြီးဖြစ်သည်တကြောင်း၊ အရက်ရည် ၀၍ မူးရူးနေသူဖြစ်သည် တကြောင်းကြောင့်၊ အကျိုးအကြောင်းဖြောင်းဖြောင်း ဖျဖျ ပြောနေ ပြနေသည်ဟု သိရပါသည်။ သည်လိုလုပ်လေ သူကိုကြောင်သည်ထင်ပြီး ဖြဲချောက်ပြလေ လုပ်နေပြန်သည်။ မိုက်မိုက်,ရိုင်းရိုင်းတွေလဲ ပြောသေးသည်။
နောက်ဆုံးတော့ ကောင်းပြီ ကျုပ်ရေးတဲ့ ကော်ပီကို ဆုတ်ပစ်ရင်၊ အခုတော့ ကျုပ်မှတ်မိသလောက် ပြန်ရေးပေးခဲ့ဦးမည်။ ဒါကိုလဲ သွားပြပြီး အမိန့်တောင်းဦးမှာလား ဟုဆိုသည်။ ထိုအခါ၍ ဦးချစ်သိမ်းက လေပြော့ပြော့ နှင့် ချော့မော့မနေတော့ပေ၊ ကျွန်တော်တို့မှာ ဒေါ်ခင်ခင်လေး၏ အုပ်ချုပ်မှုအောက်မှာ အလုပ် လုပ်နေရသူများ ဖြစ်သောကြောင့် သူ့ကို သွားပြရဦးမည့် ၀တ္တရားရှိနေပါသည်ဟု ရှင်းရှင်းဘဲ ပြောချ လိုက်သည်။
သည်တော့မှ အရက်မူးသည် ဒေါပွလာပြီး အဘိုးကြီး ဦးချစ်သိမ်းအား အယ်ဒီတာတဦးတယောက်ဟူ၍မှ မလေးစားတော့ဘဲ ချင်ဗျား အခုထွက်သွား (ဂက်ဒေါက်-ဂက်ဒေါက်)ဟု ရင်ဘတ်ကော့ပြိး ဟစ်အော် နှင်ထုတ် လေသည်။ သတင်းစာလောက၌ အယ်ဒီတာ တဦးတယောက်အား ရိုင်းပြစော်ကားစွာ ဆက်ဆံ လိုက်ပုံမှာ ကမ်းကုန်ယမ်းကုန်ဖြစ်သွားပါသည်။ ဦးချစ်သိမ်းသည် ဘာမျှမပြောတော့ဘဲ သူ့အပေါ် အင်္ကျီ ကလေး ဆွဲဝတ်ကာ အယ်ဒီတာအခန်းမှ ဆင်းသွားရရှာပါသည်။
သတင်းပေးတဲ့နှစ်ဘက်လွှ ယာယီမန်နေဂျာ
.

No comments:
Post a Comment