အခန်း (၁၁)
ဝလာဒက်သည် တူရကီနိုင်ငံ ကွန်စတင်တီနိုပယ်မြို့ရှိ ပိုလန်ကောင်စစ်ရုံးတွင် ၁၈ လ တိတိ နေထိုင်ခဲ့ သည်။ ထိုကာလအတွင်း သူသည် ကောင်စစ်ဝန် ပါဝယ်ဇလက်စကီးစေခိုင်းသောအလုပ်များကို နေ့ရော ညပါ ကြိုးစား၍ လုပ်ပေးခဲ့သည်။ သို့ဖြင့် ဇလက်စကီး၏ လက်စွဲတော် အမှုထမ်းကောင်းတစ်ယောက် ဖြစ်လာ သလို ရင်းနှီးသော မိတ်ဆွေကောင်းတစ်ယောက်လည်းဖြစ်လာခဲ့သည်။
သူသည် ဗြိတိသျှသံရုံးသို့လည်း တစ်ပတ်တစ်ကြိမ်ကျ အမြဲတမ်း သွားရောက်လည်ပတ်ပြီး စကော့ အမျိုးသမီး စားဖိုမှူး မစ္စက်ဟင်ဒါဆင် ကျွေးမွေးသော အစားအစာများကို မြိန်မြိန်ရှက်ရှက် စားရသည်။ တစ်ကြိမ် တွင်မူ ဗြိတိသျှသံရုံးမှ ဒုတိယကောင်စစ်ဝန်နှင့်ပင် အတူစားသောက်ခဲ့သည်။
ရှေးဟောင်း အစ္စလာမ်အမူအကျင့်များ ပျက်သုဉ်းပြီး အော်တိုမန် အင်ပါယာကြီး တဖြည်းဖြည်းနှင့် ယိမ်းယိုင် လာခဲ့သည်။ မူစတာဖာကမယ်၏ နာမည်သည် လူတိုင်း ပါးစပ်ဖျားသို့ ရောက်လာသည်။ ကမ္ဘာ့ အခြေ အနေများ ပြောင်းလဲလာသလို တူရကီနိုင်ငံ၏ အခြေအနေလည်း ပြောင်းလဲလာသည်ကို ၀လာဒက် က သတိပြုမိသည်။ သူသည် နယ်စားကြီးနှင့်တကွ ရဲတိုက်အမှုထမ်းများကို သတိရလာသည်။ ရဲတိုက်အနီး မြစ်ထဲ တွင် ရေကူးနေသော လီယွန်၊ အိပ်ခန်းထဲတွင် တစ်ယောက်တည်း အိမ်ဆောက်တမ်း ကစား နေသော ဖလော်ရင်တီနာနှင့် ရဲရင့်တည်ကြည်၍ ကျက်သရေရှိသော နယ်စားကြီး၏ မျက်နှာတို့ကို မြင်ယောင် လာမိသည်။ ယခုတော့ သူတို့သုံးယောက်စလုံး မရှိကြတော့။ အသေဆိုးဖြင့် သေဆုံး သွားခဲ့ကြပြီ။
အတိတ်ကို ပြန်ပြောင်းတွေးမိသောအခါ ၀လာဒက်သည် ၀မ်းသာဝမ်းနည်း ဖြစ်လာသည်။ မိမိ၏အထီးကျန် ဘ၀ကို တွေးပြီးအားငယ်လာမိသည်။ သို့သော်ဆိုးရွားသော မိမိဘ၀ကိုတွေးကာ လက်မှိုင်ချနေ၍ မဖြစ်သေး။ သူသည်အသက်ရှင် နေထိုင်ရဦးမည်။ အနာဂတ်ဘ၀အတွက် အစီအစဉ်ချဦးမည်။ တိုင်းတစ် ပါးသားမျိုးခြား နယ်ချဲ့တို့၏ လက်အောက်မှာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း နည်းလမ်းကို မဖြစ်မနေ ရှာကြံရဦးမည်။
နောက်ဆုံးတွင် သူသည်အမေရိကန်သို့သွား၍ ဘ၀သစ်ထူထောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အမေရိ ကတွင် စစ်ဘေးစစ်ဒဏ်လည်း ကင်းရှင်းသည်။ စီးပွားရှာ၍လည်း ကောင်းသည်ဟု လူတွေပြောသံ ကြားဖူးသည်။
သူ့အကြံအစည်ကို ပိုလန်ကောင်စစ်ဝန် ပါဝယ်ဇလက်စကီးအား ပြောပြသောအခါ ဇလက်စကီးက ၀မ်းမြောက် ၀မ်းသာ ထောက်ခံသည်။ ခရီးစရိတ်ပိုက်ဆံလည်း ထုတ်ပေးသည်။
သို့ဖြင့် ၀လာဒက်သည်၁၉၁၂ခုနှစ်၊ နွေဦးပေါက်ရာသီ၏ တစ်နေ့သော နံနက်ခင်းတွင် ကွန်စတင်တီနိုပယ် မြို့ ဆိပ်ကမ်း၌ဆိုက်ကပ်ထားသော "မြားနက်" မီးသင်္ဘောကြီးပေါ်သို့ တက်ရောက်လာခဲ့သည်။ သူ့တွင် ကိုယ်ပိုင် ပစ္စည်းဆို၍ အ၀တ်အစားသေတ္တာတစ်လုံးနှင့် ဇလက်စကီးပေးလိုက်သော ခရီးသွား စာရွက် စာတမ်း များသာပါလာသည်။
ပိုလန် ကောင်စစ်ဝန်က သူ့အားသင်္ဘောဆိပ်အထိ လိုက်ပို့ပြီး ချစ်ခင်ရင်းနှီးစွာဖြင့် ဖက်ယမ်းနှုတ်ဆက် သည်။
'ကဲ.............သွားပေဦးတော့ ၀လာဒက်၊ ဘုရားသခင်နဲ့အတူသာ သွာပေဦးတော့'
ဝလာဒက်ကလည်း ပိုလန်ရိုးရာအတိုင်း 'အန်ကယ်လည်း ဘုရားသခင်နဲ့အတူသာ နေရစ်ပေတော့' ဟူ၍ ပြန်လည် နှုတ်ဆက် လိုက်သည်။
ကုန်ဘောင်ထိပ်သို့ ရောက်သောအခါ အိုဒက်ဆာမြို့မှ ကွန်စတင်တီနိုပယ်မြို့သို့ လာခဲ့ရသော ကြောက်စရာခရီးကြမ်းကို ပြန်လည်သတိရမိသည်။ သို့သော်သည် တစ်ကြိမ်တွင်တော့ ကျောက်မီးသွေး များ မတွေ့ရ။ လူတွေကိုသာ တွေ့ရသည်။ ပိုလန်၊ ရုရှ၊ ပြင်သစ်၊ ဂျာမန်စသော နိုင်ငံစုံမှ လူမျိုးစုံ ပါဝင်သည်။ ၀လာဒက်တစ်ခါမှ မမြင်ဖူးသော လူမျိုးများကိုလည်း တွေ့ရသည်။ သူတို့ သည် ၀လာဒက် လိုပင် ဘ၀သစ်ထူးထောင်ရန်အတွက် အမေရိကန်သို့ ခရီးထွက်ကြမည့် စစ်ပြေးဒုက္ခသည်များ ဖြစ်ကြ သည်။
ကုန်ပတ်အရာရှိက ၀လာဒက်၏ စာရွက်စာတမ်းများကို စေ့စေ့စပ်စပ်စစ်ဆေးသည်။ ၀လာဒက်သည် တူရကီနိုင်ငံတွင် မ၀င်မနေရ စစ်မှုးထမ်းရမည်ကို ကြောက်၍ထွက်ပြေးလာသူလားဟု သံသယဖြစ်မိ၍ စစ်ဆေးခြင်း ဖြစ်သည်။ သို့သော်ပိုလန်ကာင်စစ်ဝန် ပါပယ်ဇလက်စကီး ပြုလုပ်ပေးလိုက်သော လက်မှတ် များက အထောက်အထားခိုင်မာ ပြည့်စုံသည်။
လက်မှတ်များ စစ်ဆေးပြီးသောအခါ သာမန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရသည်။ ကျောက်ရောဂါ ဆေးလည်း ထိုးပေးသည်။ ထို့နောက် သင်္ဘောအောက်ထပ်ရို ခရီးသည်များအခန်းသို့ လာခဲ့ရသည်။ အခန်းများကို ယောကျာ်ခန်း၊ မိန်းမခန်း ခွဲခြားထားည်။ ၀လားဒက်သည် ယောကျာ်းခန်းဘက်သို့ လျှောက်လာခဲ့သည်။ အခန်းထဲတွင် ပိုလန်လူမျိုး တော်တော်များများ တွေ့ရသည်။ သူတို့သည်နံရံကပ် လေးဆင့်သံ အိပ်စင်ပေါ်တွင် အိပ်သူအိပ်၊ ထိုင်သူထိုင်ဖြင့် ပြွတ်သိပ်နေကြသည်။ အိပ်စင်များပေါ်တွင် ဖျာမရို၊ ကောက်ရိုးများခင်းထားသည်။ ခေါင်းအုံးမရှိ၊ စောင်ပါးကလေးတစ်ထည်စီတော့ ခေါက်တင်ထား သည်။ သို့သော် ၀လာဒက်အဖို့တော့ အကြောင်းမဟုတ်။ ဘ၀အတွေ့အကြုံ အများကြီးရှိခဲ့ပြီးသူမို့ ကျောချ စရာ နေရာကလေး တစ်ကွက်ရလျှင်ပင် ကျေနပ်ပါပြီ။
သူသည်သူနှင့် အသက်တူရွယ်တူခန့်ရှိ လူငယ်တစ်ယောက်၏ အောက်မှအိပ်စင်ကို ရွေးလိုက်သည်။ သူက ထိုလူငယ် နှင့် မိတ်ဆက်သည်။
"ကျွန်တော့်နာမည် ၀လာဒက်ကော်စကေ၀စ်ပါ"
"ကျွန်တော်က ၀ါဆောမြို့ကပါ၊ ဂျာစီနော်ဝက်လို့ ခေါ်ပါတယ်"
လူငယ်က လက်ကိုကမ်းပေးသည်။ ၀လာဒက်က လက်ဆွဲနှုတ်ဆက်သည်။
သူတို့ နှစ်ယောက်သည် သင်္ဘောမထွက်သေးမီအချိန်တွင် သတို့၏အတွေ့အကြုံများကို စာမြုံ့ပြန်ကြ သည်။ ဂျာစီ၏မိဘများမှာ စစ်အတွင်းသေဆုံးသွားခဲ့သည်။ ၀လားဒက်၏ဇာတ်လမ်းကို သိရသောအခါ ဂျာစီ မှာအံ့အားသင့်မိရသည်။ နယ်စားကြီး၏ သားအရင်းတစ်ယောက် တောလိုက်မုဆိုးအိမ်သို့ ရောက်သွား ရပုံ၊ စစ်အတွင်းအဖမ်းခံခဲ့ရပုံ၊ ဆိုက်ဘေးရီးယားအကျဉ်းစခန်းမှ ထွက်ပြေးလာခဲ့ပုံ။ ထို့နောက် တူရကီ နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးမှ လိမ္မော်သီးတစ်လုံး အလစ်သုတ်မှုဖြင့် လက်ဖြတ် ခံရ တော့မည် ဆဲဆဲကံကောင်း ထောက်မ၍ လွတ်မြောက်လာခဲ့ပုံတို့ကို ဂျာစီမှနားထောင်၍ မငြီးနိုင်အောင် အထူး ပင် စိတ်ဝင်စားမိသည်။
ထိုနေ့တစ်ညဥ့်လုံး သူတို့နှစ်ယောက်သည် ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်ရင်း အချိန်ကုန် သွားခဲ့ကြသည်။
နောက်တစ်နေ့နံနက်တွင် သင်္ဘောသည် ဆိပ်ကမ်းမှ စတင်ထွက်ခွာသည်။ ၀လာဒက်နှင့် ဂျာစီတို့နှစ် ယောက် သည် ကုန်ပတ်လက်ရန်းတန်းတွင် မှီရပ်ရင်းအပြာရောင် ရေပြင်ကျယ်ကြီးကို ကြည့်ကာလိုက်ပါ လာခဲ့ ကြသည်။
သင်္ဘောကြီးသည် တဖြည်းဖြည်းနှင့် ဆုံးစမမြင်သော သမုဒ်ပြင်ရာကျယ်ကြီးထဲသို့ ရောက်လာခဲ့သည်။ ခရီးသည်များမှာ ပထမတွင် ကိုယ့်အစုနှင့်ကိုယ် လှုပ်လှုပ်ရွရွ ရှိနေကြရာမှ လှိုင်းမူးစ ပြုလာကြပြီး တဖြည်းဖြည်း ငြိမ်သက်လာကြသည်။ သင်္ဘောပေါ်တွင် ခရီးသည်များအတွက် ရေချိုးခန်းနှစ်ခန်းနှင့် အိမ်သာ ခန်းခြောက်ခန်းသာပါရှိရာ နေ့ရက်ကြာလာသည်နှင့်အမျှ ရေချိုးခန်းများနှင့် အိပ်ယာခန်းများတွင် အန်ဖတ် များ၊ အညစ်အကြေးများဖြင့် မြင်မကောင်းအောင် ညစ်ပတ်ပေရလာတော့သည်။
ခရီးသည်များအား ညစ်ပတ်ပေရေနေသော ခန်းမကြီးထဲတွင် စားပွဲရှည်ကြီး များဖြင့် ထမင်းကျွေးသည်။ အစားအသောက်များမျာ စွပ်ပြုတ်ဟင်းရည်၊ အာလူး၊ ငါး၊ အမဲသားပြုတ်၊ ဂေါ်ဖီထုတ်နှင့် အညိုရောင် သို့မဟုတ် အနက်ရောင် ပေါင်မုန့်ကြမ်းများ ဖြစ်သည်။ ၀လာဒက်မှာ ကွန်စတင်တီနိုပယ်မြို့မှ စည်သွတ် အသားဘူး၊ သစ်သီးများနှင့် ဘရန်ဒီအရက်တစ်ပုလင်း ပါလာသဖြင့် ယင်းတို့ကို ဂျာစီနှင့်အတူ ဝေမျှ စားသောက်ကြသည်။ သူတို့နှစ်ယောက်သည် သင်္ဘောပေါ်တွင် အတူစား၊ အတူအိပ်၍ ရင်းနှီးသော မိတ်ဆွေ များ ဖြစ်လာကြသည်။
တတိယမြောက်ညနေတွင် ဂျာစီသည် ပိုလန်မိန်းကလေးတစ်ယောက်ကိ ညစာစားပွဲသို့ ခေါ်လာခဲ့သည်။ မိန်းကလေး၏ နာမည်ဇာဖီယာဟုခေါ်ကြောင်း ၀လာဒက်အား ပြောပြသည်။ ၀လာဒက်သည် ဇာဖီယာအား မြင်မြင်ချင်း ချစ်ခင်စွဲလမ်းသွားမိသည်။ သူ့တစ်သက်သာတွင် မိန်းကလေးတစ်ယောက်၏ မျက်နှာကို နှစ်ခါပြန်ကြည့်ဖူးသည် ဟူ၍တစ်ခါမျှမရှိခဲ့။ ယခုမှုသူသည် ဇာဖီယာအား ကြည့်၍ မ၀နိုင်အောင် ဖြစ်မိ လေသည်။ ဇာဖီယာကို မြင်ရသောအခါ သူသည် ဖလော်ရင်တီနာကို သတရမိ၏။ အပြာရောင်မျက် လုံး၊ ပခုံးနှစ်ဖက် သို့ ဖြန့်ချထားသော ရွှေရောင်ဆံပင်ရှည်ကြီးများနှင့် အေးမြကြည်လင်သော အသံတို့၏ ပိုင်ရှင်။
ဝလာဒက်သည် ဇာဖီယာကလေးအား ကိုင်တွယ်တွေ့ထိလိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်ခံစားမိ၏။ ဇာဖီယာ ကလေးကလည်း သူ့အားမြူဆွယ်နေသည့်အလား မကြာခဏပြုံး၍ပြ၏။ သို့သော် ဂျာစီက သူ့ထက်ရုပ် ရှည်ချောမောသူ ဖြစ်၍ဇာဖီယာအနေဖြင့် သူ့အပေါ်တွင် စိတ်ဝင်စားမှု ရှိမည့်မဟုတ်ဟူသော အတွေး ကြောင့် ၀လာဒက်မျာ ကျိတ်ပြီးစိတ်မချမ်းသာ ဖြစ်ရလေသည်။ ဂျာစီက ဇာဖီယာအား အမျိုးသမီး ဆောင် သို့ပြန်ခေါ်သွား သောအခါဝလာဒက်မှာ ဇာဖီယာအား စွဲလမ်းစိတ်ဖြင့် နောက်ယောင်ခံ၍ပင် လိုက်ကြည့် လေသည်။
ဂျာစီပြန်ရောက်လာတော့ 'မင်းလည်း ကောင်မလေးတစ်ယောက်လောက် ရှာပါလားကွ၊ ခုနက ဟာကလေး ကတော့ ငါ့အတွက်ပဲ'ဟု ၀လာဒက်ကို ပြောသည်။
'အမေရိကန်ရောက်ရင် ကောင်မလေးတွေ တစ်ပုံကြီး တွေ့ရမှာပါကွာ'
'အမေရိက ရောက်အောင် မစောင့်နိုင်ဘူးကွ၊ အခုလောလောဆယ် သင်္ဘောပေါ်မှာပဲ ရနိုင်သလောက် ရအောင် ကြံဖန်သွားဖို့ အရေးကြီးတယ်'
'မင်းက အဲဒီလောက်ထိ ရအောင်ကြံဖန်လုပ်မလဲ'
'ရတာပေါ့ကွ၊ ဘာခက်လို့လဲ၊ တို့ကအမေရိကန်ရောက်ဖို့ ၁၂ရက်တောင် ကျန်သေးတာ၊ အဲဒီတော့ ငါက ကောင်မလေး၁၂ယောက်အထိ ရအောင်ကြံဖန်ရမှာပဲ'
'၁၂ယောက်တောင်မှ မင်းကဘာလုပ်မလို့လဲ'
'ဘုရားရေ၊ ဘာလုပ်မလို့လဲ ဟုတ်လား၊ မင်းလိုဘ၀မျိုးစုံကြုံခဲ့ရတဲ့ လူတစ်ယောက်က ဒီမေးခွန်းမျိုးမေးတာ ငါကတယ်ယုံရမှာလားကွ၊ ယောကျာင်္းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ တွေ့ရင် ဘာလုပ် ရမှာလဲကွ'
'ဟေ့ကောင်၊ တိုးတိုးပြောစမ်းပါကွ၊ သူများတွေကြားသွားဦးမယ်'
'ကြားသွားရော ဘာဖြစ်လဲကွ၊ သူတို့အလုပ်မဟုတ်ပါဘူး၊ တို့အလုပ်တို့လုပ်တာပဲ၊ မင်းကလည်မလိုနဲ့ တော်တော်အ,သေးတဲ့ အကောင်ပါလားကွ၊ မင်းကိုအမြင်ကျယ်သွားအောင် ပညာပေးရဦးမယ်၊ ဇာဖီယာက တော်တော် နားလည်မှုရှိတဲ့ ကောင်မလေးကွ၊ မင်းပညာပေးဖို့အတွက် စည်းရုံးရင် လွယ်လွယ်နဲ့ရမှာ သေချာ တယ်၊ အဲဒီတော့ မင်းနဲ့အဆင်ပြေသွားအောင် ငါကြည့်စီစဉ်ပေးမယ်၊ မင်းဘက်ကသာ စိတ်ပါ လက်ပါ ရှိပါစေ ဟုတ်လား'
ဝလာဒက်က အဲမလုပ်အင်းမလုပ်ပဲ ငြိမ်နေသည်။ ဂျာစီက သည်အကြောင်းကို နောက်ထပ် ဘာမှဆက် မပြောတော့။
နောက်တစ်နေ့ကျတော့ ဇာဖီယာ၏ အမူအရာ ပြောင်းလဲလာသည်။ သူမသည် ၀လာဒက်ကို အရေးတယူ လုပ်လာသည်။ ထမင်းစားချိန်တွင် ၀လာဒက်ဘေးမှ လာထိုင်သည်။ သူတို့နှစ်ယောက် အကြာကြီး စကားပြောဖြစ်ကြသည်။ အတိတ်က အတွေ့အကြုံတွေကိုလည်း စားမြုံ့ပြန်ကြသည်။ အနာဂတ် ရည်မှန်းချက် များကိုလည်း ဆွေးနွေးကြသည်။
ဇာဖီယာသည် ပိုဇနန်မြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ စစ်အတွင်းက မိဘနှစ်ပါးစလုံးဆုံးပါးခဲ့ ကြပြီး၊ ယခုအခါ မမေရိကန်နိုင်ငံ ရှီကာဂိုမြို့ရှိသူမ၏ ဆွေမျိုးများထံသို့ အပြီးအပိုင် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ ၀လာဒက် ကလည်း သူသည်နယူးယောက်မြို့သို့ သွားမည်ဖြစ်ကြောင်း၊ ဂျာစီနှင့်ပင် အတူတူနေထိုင်မည် ဖြစ်ကြောင်း ပြောပြသည်။
'နယူးယောက်က ရှီကာဂိုနဲ့ သိပ်မဝေးဘူးလို့ပြောတယ်' ဇာဖီယာက ပြောသည်။
'ဒါဆို ဟန်ကျတာပေါ့၊ ငါမြို့တော်ဝန်ဖြစ်တဲ့အခါ မင်းကငါနဲ့လာတွေ့နိုင်တာပေါ့၊ မဟုတ်လား' ဂျာစီက ၀င်နောက် လိုက်သည်။
ဇာဖီယာက နှာခေါင်းရှုံ့လိုက်ပြီး.................
'ရှင်က မြို့တော်ဝန် မဖြစ်နိုင်ဘူး၊ ဂျာစီ၊ ရှင်ကသိပ်ပြီး ပိုလန်ဆန်နေသေးတယ်၊ အင်္ဂလိပ်စကားကိုလည်း ၀လာဒက် လို ရေရေလည်လည် မပြောတတ်သေးဘူး'
'အို............ဒါက ဘာခက်လို့လဲကွ၊ လေ့လာရင် ခဏနဲ့ တတ်ပါတယ်၊ အင်္ဂလိပ်စကားကို အင်္ဂလိပ်တွေလို ပြောတတ်အောင် ငါကြိုးစားသင်မှာပေါ့၊ ငါ့နာမည်ကိုလည်း အမေရိကန်နာမညိ ပြောင်းပစ်လိုက်တော့မယ်၊ ကနေ့ကစပြီး ငါ့ကိုဂျာစီလို့ မခေါ်နဲ့တော့၊ ဂျော့နော်ဗက်လို့ နာမည်ပြောင်းလိုက်ပြီ၊ အဲဒါဆိုရင် ငါ့အနေ နဲ့ အားလုံးအဆင် ပြေသွားပြီ၊ လူတိုင်းက ငါ့အကိုအမေရိကန် တစ်ယောက်လို့ပဲ ထင်ကြမှာပဲ၊ ဒါနဲ့ ၀လာဒက် မင်းကဘယ်လိုလဲ ဒီနာမည်ကြီးနဲ့ မင်းအလုပ်မဖြစ်ပါဘူးကွ'
ဝလာဒက်က သူ့ကိုယ်သူ 'ဂျော့နော်ဗက်'ဟူ၍ လောလာလတ်လတ် နာမည်ပြောင်းထားသော ဂျာစီ၏မျက် နှာကို စိုက်ကြည့်နေသည်။ သူသည် သူ၏လက်ရှိနာမည်ကို မကြိုက်သည်မျာ အမှန်။ သို့သော် နယ်စားဘွဲ့ နာမည် ကို ပြောင်း၍လည်း မဖြစ်နိုင်။
'ရပါတယ်ကွာ၊ နောက်မှ အဆင်ပြေသလို ကြည့်လုပ်တာပေါ့၊ မင်းဆန္ဒရှိရင် အင်္ဂလိပ် စကားပီပီသသ ပြောတတ် အောင် ငါကူညီပါ့မယ်'
'ဟုတ်ပြီ၊ မင်းကိုလည်း မိန်းမချောကလေးနဲ့ တွဲရအောင် ငါကူညီမယ်'
ဤတွင် ဇာဖီယာက ခစ်ကနဲ ရယ်လိုက်ပြီးတော့...........
'အမယ်...........ဒါကတော့ ကျေးဇူးပြုပြီး သည်းခံပါရှင်၊ သူ့ကိုရှင်ဘာမှကူညီ နေစရာမလိုတော့ပါဘူး၊ သူ့မှာ အခု ချစ်သူတွေ့ထားပြီရှင့်'
သုံးယောက်သား သဘောကျစွာ ရယ်လိုက်ကြသည်။
ဂျာစီခေါ်ဂျော့သည် နေ့စဉ်ညစာစာပြီးတိုင်း တစ်နေ့လျှင် မိန်းကလေးတစ်ယောက်ကျစီ ခေါ်ကာသင်္ဘော ပေါ်မ ကာလပတ်ဖုံးထားသော အသက်ကယ် လှေတစ်ီးထဲ ၀င်ကာအချိန်ဖြုန်းလေ့ရှိသည်။ သို့သော် သူနှင့် တွဲသော မိန်းမများမှာ အ၀တ်အစား ညစ်စုတ်သလောက် ရုပ်ရည်တွေလည်း ဘာတစ်ကွက်မျှ မက်စရာ မရှိသည်ကိုတော့ ၀လာဒက်သတိပြုမိသည်။
တစ်ညနေတွင် ညစာစားပြီးတော့ ဂျော့သည်ထုံးစံအတိုင်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။ ၀လာဒက်နှင့် ဇာဖီယာတို့က ကုန်ပတ်ပေါ်သို့ ထွက်ပြီးထိုင်ကြသည်။ ဇာဖီယာက ၀လာဒက်အား ရဲတင်း စွာ ပင်ဖက်ယမ်းပြီး သူမအား နမ်းခိုင်းသည်။ ၀လာဒက်က မ၀ံ့မရဲဖြင့် ဇာဖီယာ၏ နှုတ်ခမ်းလွှာကို စုပ်နမ်း လိုက်သည်။ သူ့တစ်ကိုယ်လုံးလည်း ကလေးငယ်ပမာ တဆက်ဆက်တုန်နေသည်။
'ကဲ……ဒီနေ့တော့ ဒီလောက်ပဲပေါ့ ဟုတ်လား၊ မနက်ဖြန်မှ ထပ်တွေ့ကြတာပေါ့'
ဇာဖီယာက ယင်းသို့ပြောပြီး ထိုင်ရာမှ ရုတ်တရက်ထကာ မိန်းမဆောင်သို့ ပြန်လျှောက် သွားသည်။
ဝလာဒက်လည်း သူ့အိပ်ရာသို့ ပြန်လာပြီး လှဲအိပ်လိုက်သည်။ သူသည် စိတ်ရောကိုယ်ရော ဂနာမငြိမ် ဖြစ်နေ မိသည်။ အနက်ဖြန်တွင် ဇာဖီယာနှင့် တွေ့ရမည့် အရေးကိုတွေးပြီး အပျော်ကြီးပျောက်ကာ အကြီး အကျယ် စိတ်လှုပ်ရှားနေခြင်း ဖြစ်ည်။ ထိုအခိုက် သန်မာသော လက်ကြီးတစ်ချောင်းက သူ့ဆံပင် များကို စုကိုင်ပြီးသူ့အား အိပ်စင်ပေါ်မှ ကြမ်းပြင်သို့ ဆွဲချလိုက်သည်။ စောစောက သူ့ခန္ဓကိယ်
ထဲတွင်ပွက်ပွက်ဆူမျှ ဖြစ်ပေါ်နေသော ရမ္မက်စိတ်များသည် ကြောက်လန့်စွာဖြင့် တစ်မုဟုတ်ချင်း ထွက်ပြေးသွားကြသည်။ လူစိမ်းနှစ်ယောက်သည် သူ့ကိုယ်ပေါ်မှ စိုးမိုးပြီး ရပ်နေသည်။ သူတို့သည် ၀လာဒက်အား ခပ်လှမ်းလှမ်း အခန်းထောင့်တစ်နေရာသို့ တရွတ်တိုက် ဆွဲယူလာကြသည်။ သန်မာသော လက်ကြီး က သူ့ပါးစပ်ကို ဖိပိတ်ထားသည်။ ဓားမြှောင်ဦးက သူလည်မျိုကို လာထောက်သည်။
'အသံမထွက်နဲ့၊ တစ်ချက်တည်း အသက်ပါသွားမယ်' ဓားမြှောင်နှင့် ထောက်ထားသူက လေသံဖြင့်ပြော သည်။ ဓားမြှောင်ကိုလည်း စောစောကထက် ခပ်ဖိဖိ ထောက်လိုက်သည်။ 'တို့က မင်းဆီးက ပိုက်ဆံမလို ချင်ဘူး၊ မင်းလက်မှာ ၀တ်ထားတဲ့ ငွေလက်ကောက် ကွင်းကိုပဲ လိုချင်တယ်'
သူက တန်ဖိုးအထားဆုံးသော ပစ္စည်းဆုံးရှုံးရတော့မည့် အရေးကို ချက်ချင်းတွေးမိပြီး ၀လာဒက်သည် အကြီး အကျယ် စိုးရိမ်စိတ်ဝင်လာမိသည်။ သူကဘာမှပြန်မလုပ်နိုင်မီမှာပင် လူစိမ်းတစ်ယောက်က သူ့လက် မှ လက်ကောက်ကွင်းကို တအားဆွဲချွတ်လိုက်သည်။ ၀လာဒက်က ကြောက်စိတ်၊ စိုးရိမ်စိတ်ဖြင့် အလန့် တကြား တအားဆောင့်ကန်လိုက်ရာ ရုန်းကန်လိုက်ရာ လူစိမ်းနှစ်ယောက်စလုံး ကြမ်းပြင်ပေါ် ဖင်ထိုင် လဲကျသွားကြသည်။ ရုတ်တရက် ရုန်းကန်ဆန်ခတ် ဖြစ်သွားပြီး အနီးရှိ အိပ်စင်များမျ ခရီးသည် တွေ နိုးလာကြသည်။ ထိုအချိန်တွင် အချိန်မီပင် ဂျော့ပြန်ရောက်လာပြီး အခြေအနေကို ရုတ်ချည်း အကဲခတ်မိကာ လူစိမ်းလက်မှ ဓားမြှောင်ကို ကျင်လည်စွဖြင့် လုယူလိုက်သည်။ လူစိမ်းနှစ်ယောက်လည်း လဲနေရာ မှ ကမန်းကတန်းထကာ သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားကြသည်။ ညအမှောင်ထဲတွင် ဖြစ်၍ လူစိမ်းများ အား မည်သူမည်ဝါဟူ၍ မည်သူမျှမမှတ်မိလိုက်ကြ။
'မအေပေး………ခွေးသူခိုးတွေ၊ အပြေးမြန်သွားလို့ပေါ့ကွာ၊ နို့မဟုတ်ရင်တော့လား ဟင်း…………. တောက်…………တစ်ခါတည်း ပွဲချင်းပြီးပဲ'
ဝလာဒက် က ဒေါသတကြီးဖြင့် သူခိုးတွေပြေးမှ ထိုင်းကွင်းထနေသည်။
'ငါအချိန်မီ ရောက်လာလို့ မင်းတော်တော်ကံကောင်းတယ်' ဂျော့က ကြမ်းပြင်ပေါ်မှ တစ်လက်လက် အရောင်ထွက် နေသော ငွေလက်ကောက်ကွင်းကို ကြည့်ရင်း "တော်တော်လှတဲ့ပစ္စည်းပဲကွ၊ မင်းဆီမှာဒ ပစ္စည်း ရှိနေသမျှတော့ မင်းအနေနဲ့ အမြဲတမ်း အန္တရာယ် လွယ်ထားသလို ဖြစ်နေမှာပဲ ၀လာဒက်"
ဝလာဒက်က လက်ကောက်ကွင်းကို ပြန်ကောက်ယူကာ သူ့လက်တွင် ပြန်၍စွပ်လိုက်သည်။
'ငါဒီနေ့ ခါတိုင်းထက် စောစောပြန်လာလို့ တော်သေးတာပေါ့ကွာ၊ နို့မဟုတ်ရင် မင်းလက်ကောက်တော့ တစ်ခါတည်း သွားပြီးပေါ့'
'ဒါနဲ့ မင်းက အဲဒီအသက်ကယ်လှေထဲမှာ ဘာသွားလုပ်တာလဲကွ'
'အို……..မင်း တော်တော်အ, သေးတာပဲ၊ အသက်ကယ်လှေထဲမှာ ကောင်မလေးနဲ့ ဘာသွားလုပ်ရမှာလဲ ကွ၊ မင်းမစဉ်းစား တတ်ဘူးလား၊ မစဉ်းစားတတ်ရင် အဲဒီကောင်မလေးဆီ သွားမေးကြည့်ပါလား၊ ခင်ဗျားနဲ့ ဂျော့တို့ ဘာလုပ်ကြတာလဲလို့ ဟား……ဟား……….ဟား'
ဂျော့က တဟားဟားရယ်ရင်း အိပ်စင်ပေါ်တွင် တစောင်းလှဲကာ ငြိမ်ကျသွားသည်။ သူအိပ်ချင်နေပြီ။
ဝလာဒက်သည် သင်္ဘောမျက်နှာကြက်ကို စိုက်ကြည့်ရင်း အတွေးနက်နေသည်။ သူသည် လက်ကောက် ကွင်းဆုံးရှုံးရမည့် အရေးကိုပင် မတွေးမိတော့။ မနက်ဖြန် ဇာဖီယာနှင့် တွေ့ရမည့်အရေးကို သာ စိတ်စော နေမိတော့သည်။ စိတ်ကူးယဉ်ပြီး စိတ်လှုပ်ရှားသဖြင့် သူသည်တော်တော်ကြီး ညဥ့်နက်မှ အိပ်ပျော် သွားသည်။
နောက်တစ်နေ့နံနက်တွင် လေပြင်းတိုက်သည်။ ခရီးသည်အားလုံး အောက်ထပ် ကုန်းပတ်ပေါ်တွင် စုပြုံပြွတ်သိပ် နေကြသည်။ အတော်ကလေးကြာတော့မှ လေငြိမ်သွားသည်။ ခရီးသည်တွေ ကိုယ်နေရာသို့ ကိုယ်အသီးသီး ပြန်စပြုကြသည်။ ဂျော့နှင့်ဝလာဒက်တို့လည်း လူအုပ်ထဲတိုးကာ လာခဲ့ကြသည်။ မိန်းကလေး တိုင်းလိုလိုင် ဂျော့ကို ပြုံးပြကြသည်။ ၀လာဒက်ကိုတော့ ဖုတ်လေသည့် ငါးပိရှိလေ သည်ဟူ၍ပင် မမှတ်ကြ။ လူကိုတန်ဖိုးမထားချင်ထောင်မှ ရူဘယ်၅၀တန် ကုတ်အင်္ကျီကိုတော့ နည်းနည်းပါး ပါးဖြစ်ဖြစ် ဂရုတ်စိုက်သင့်သည်ဟု ၀လာဒက်က တွက်မိသည်။ ဆံပင်နက်နက်နှင့် ပါးနှစ်ဖက်တွင် ပန်းနုရောင် သန်းနေသော မိန်းကလေးတစ်ယောက်က ဂျော့ရှေ့မှ ဖြတ်သွားရင်း ပြုံးပြသွားသည်။
'ဒီနေ့ညနော်၊ သိလား' ဂျော့က ကောင်မလေးကြားရုံမျှ တိုးတိုးလှမ်းပြောလိုက်သည်။ ကောင်မေလေးက မကြားယောင် ဆောင်ကာ ခပ်မြန်မြန်ကလေး ဆက်လျှောက် သွားသည်။ ဂျော့က ၀လာဒက်ဘက်သို့ လှည့်ပြီး…….
'မယုံရင် မင်းကြည့်နေ၊ ဒီနေ့ည သူ့ကိုငါရအောင် ကြိုးစားပြမယ်၊ မင်းသူတို့ကိုလှည့် ကြည့်လိုက်စမ်း၊ ငါတစ်ဖက် လှည့်နေမယ်၊ သူကငါ့ကို ပြန်ကြည့်သလား၊ ကြည့်လိုက်စမ်း'
ဝလာဒက် က ကောင်မလေးဘက်သို့ လှည့်ကြည့်လိုက်သည်။
'ဟုတ်တယ်ကွ၊ သူကမင်းကို လှည့်ကြည့်သွားတယ်'
'ဟုတ်ပြီ၊ ဒီနေ့ညသူနဲ့ငါတွေ့မယ်၊ မင်းကဘယ်လိုလဲ၊ ဇာဖီယာနဲ့ တွေ့ပြီးပြီလား'
'ဟင့်အင်း၊ မတွေ့ရသေးဘူး၊ ဒီနေ့ညမှ ချိန်းထားတယ်'
'ကောင်းတယ်၊ တွေ့ဖြစ်အောင် တွေ့လိုက်၊ လ, သာတုန်းဗိုင်းငယ်ရတယ်ကွ၊ နို့မဟုတ်ရင် နယူးယောက် ရောက်တော့ သူနဲ့ပြန်တွေ့ ရတော့မှာမဟုတ်ဘူး'
တကယ်ပင် ထိုနေ့ညနေ ထမင်းစားချိန်တွင် ဂျော့သည် ဆံပင်နက်နက်နှင့် ကောင်မလေးကို ခေါ်ချလာ သည်။ ထမင်းစားပြီးသောအခါ ၀လာဒက်နှင့် ဇာဖီယာတို့လည်း ဘာစကားမှ မပြောတော့ပဲ တစ်ယောက် ခါးတစ်ယောက်ဖက်က စားပွဲမှ ထလာခဲ့ကြသည်။ သူတို့နှစ်ယောက်သည် သင်္ဘောကုန်းပတ်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြသည်။ ၀လာဒက်က ဇာဖီယာကို မသိမသာ ဘေးတိုက်စောင်းကြည့် သည်။ တော်တော်ချစ်စရာ ကောင်းတဲ့မိန်းကလေး။
သူက ဇာဖီယာအား အမှောင်ရိပ်ထဲသို့ ဆွဲခေါ်သွားပြီး အားရပါးရနမ်းသည်။ ဇာဖီယာကလည်း ကြည်သာ စွာ ခံယူသည်။
'ကဲ……..ကျွန်မတို့ အသက်ကယ်လှေထဲ သွားကြရအောင်'
'ဒါဟာ ရှင့်အနေနဲ့ ပထမဆုံး အတွေ့အကြုံပဲလားဟင်' ဇာဖီယာက မေးသည်။
'ဟင့်အင်း…..မဟုတ်ပါဘူး'
'အဲဒီတော့ ရှင်ကကျွန်မကို တင်းပြည့်ကျပ်ပြည့် ဘယ်ချစ်နိုင်ပါ့မလဲနော်'
'ချစ်ပါတယ်၊ မင်းကိုငါသိပ်ပြီးချစ်ပါတယ်၊ ငါနယူးယောက်မှာ အနေအထိုင် ကျသွားတဲ့အခါ ရှီကာဂိုလာ ပြီးမင်းကို တွေ့အောင်ရှာပါ့မယ်'
'ဟုတ်ကဲ့ ၀မ်းသာပါတယ်ရှင်၊ လောလောဆယ် ကျွန်မတစ်ခုတောင်းပန်ချင် တာကတော့ ရှင့်တစ်သက်တာ တစ်ခဏတာ ဘ၀တစ်တွေ့မှာ ဇာဖီယာဆိုတဲ့ ချစ်သူတစ်ဦး ရှိခဲ့ဖူးတယ်ဆိုတာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့နော်၊ ရှင့်ကိုကျွန်မသိပ်ပြီး ချစ်ပါတယ် မောင်ရယ်'
နောက်တစ်နေ့မနက်ကျတော့ ခရီးသည်တွေ ရုတ်ရုတ်သဲသဲ ဆူညံသံကြောင့် သူတို့အိပ်ရာမှ နိုးလာကြသည်။ ယနေ့သည် 'မြားနက်' သင်္ဘောပေါ်တွင် နောက်ဆုံးနေ့ဖြစ်ကြောင်း သိရတော့အကြီး အကျယ် ၀မ်းသာမိကြသည်။ တချို့ခရီးသည်တွေက ရောင်နီမလာခင်ကတည်းကပင် အိပ်ရာမှထပြီး ကုန်းဘတ် ပေါ် ရောက်နေကြသည်။ သူတို့သည် အမေရိကန်နိုင်ငံသို့ ရောက်ကြတော့မည်။
ဝလာဒက်သည် သူ့အ၀တ်အစားများကို ခေါက်သိမ်းကာ လက်ဆွဲသေတ္တာထဲတွင် ထည့်သည်။ ပြီးတော့ ကုန်းပတ်သို့ လျှောက်လာခဲ့ပြီး ဇာဖီယာနှင့် ဂျော့တို့နှင့် ဆုံသည်။
သုံးယောက်သား ကုန်ပတ်ပေါ်တွင် ရပ်ကာ အဝေးဆီသို့ မျှော်ကြည့်နေကြသည်။ ရေပြင်ပေါ်တွင် မြူတွေ အုံ့ဆိုင်း နေ၍ ကုန်းမြေကို ရုတ်တရက် မမြင်ကြရ။ တဖြည်းဖြည်းနှင့် မြူတွေ ကွဲသွားတော့မှ အမေရိကန် နိုင်ငံ ၏ ပထမဆုံးကုန်းမြေကို ၀ိုးတ၀ါး မြင်ကြရသည်။
'ဟိုမှာ…….ဟိုမှာ….မြင်ရပြီ၊ မြင်ရပြီ'
ကုန်းပတ်ပေါ်မှ ခရီးသည်တစ်ယောက်က ၀မ်းမြောက်ဝမ်းသာ လက်ညှိုးထိုးကာ အော်လိုက်သည်။ နွေးဦး ပေါက်ရာသီ နံနက်ခင်း၏ မြူနှင်းထုကို ထိုးဖောက်ပြီး လောင်းအိုင်လင်းကျွန်းကို ပထမဆုံး မြင်ကြရသည်။
မော်တော်ဘုတ် ကလေးများက 'မြားနက်' သင်္ဘောကြီး၏ ဘေးတစ်ယောက်တစ်ချက်သို့ အစီအစဉ် ချဉ်းကပ် လာကြပြီး ဘရွတ်ကလင်းနယ်မြေနှင့် စတေတင်ကျွန်းကြားမှ ၀င်ကာ နယူးယောက်ဆိပ်ကမ်း သို့လမ်းညွှန် ခေါ်ဆောင်လာခဲ့သည်။ ရှည်လျားကြီးမားသော လက်နှစ်ဖက်ကို မင်ဟတ်တန်ကျွန်းပေါ် ရှိမိုယံ သို့ ဆန့်တန်းကာ ထီးထီးမားမားကြီး ရပ်နေသည့် လွတ်လပ်ရေးအထိမ်းအမှတ် 'လေဘာတီရုပ်တု' ကြီးက "မြားနက်" သင်္ဘောပေါ်မှ ခရီးသည်များအား တည်ငြိမ်စွာ ဆီးကြိုနှုတ်ဆက်သည်။
နောက်ဆုံးတွင် သင်္ဘောကြီးသည် အယ်လစ်အိုင်လင်း မြစ်ကမ်းတစ်လျှောက်ရှိ စုလစ်မွန်းချွန် မိုးထိအ ဆောက်အအုံကြီးများဘေးတွင် ကျောက်ချဆိုက်ကပ်သည်။ ပထမဦးစွာ သီးသန့်အထူးခန်းနှင့် လိုက်လာ သောခရီးသည်များက သင်္ဘောပေါ်မှ ဆင်းကြသည်။ ၀လာဒက်က ၎င်းတို့အား ယခုမှသတိပြုမိသည်။ အထူးခန်း ခရီးသည်များသည် သီးသန့်ကုန်းပတ်များပေါ်တွင်သာ လမ်းလျှောက်ကြပြီး သီးသန့်ထမင်း စားခန်းတွင်သာ စားသောက်ကြသောကြောင့် ယခင်နေ့များက ၎င်းတို့အား ၀လာဒက် မမြင်မိခဲ့ခြင်း ဖြစ်၏။ သီးသန့်ခရီးသည်များအား ဗောတံတားပေါ်မှ လူတွေက အပြုံးမျက်နှာဖြင့် ကြိုဆိုကြသည်။ ၎င်းတို့ ၏ ပစ္စည်းများကိုလည်း အငှားလုပ်သားများက သယ်ယူကြသည်။ ၀လာဒက်က သီးသန့်ခရီးသည် များ၏ ဘ၀နှင့်မိမိဘ၀ ခြားနားချက်ကို လေးလေးနက်နက် သတိပြုမိသည်။
သီးသန့်ခရီးသည်တွေအားလုံး သင်္ဘောပေါ်မှ ဆင်းသွားကြပြီးသောအခါ သင်္ဘောကပ္ပတိန်က ကျန် ခရီးသည်များအား သင်္ဘောပေါ်တွင်ပင် ဆက်လက်နေကြရန် အသံချဲ့စက်ဖြင့် ကြောငြာသည်။ ခရီးသည်တွေ တစ်ယောက်တစ်ခွန်း ဝေဖန်ပြောဆိုကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဇာဖီယာသည် စိတ်ပျက်စွာဖြင့် ကုန်းပတ်ပေါ်တွင် ပစ်ထိုင်ကာ ၀မ်းနည်းပက်လက် ငိုချလိုက်သည်။ ၀လာဒက်က သူမအား နှစ်သိမ့်သည်။
အတန်ကြာတေ့ ခရီးသည်များအား ကော်ဖီတိုက်သည်။ ထို့နောက် ခရီးသည်တိုင်းအား နံပါတ်ကတ်ပြား ထုတ်ပေးသည်။ ယင်းကတ်ပြားကို ၎င်းတို့၏ လည်ပင်းတွင် ဆွဲချိတ်ထားကြရသည်။ ၀လာဒက်၏ နံပါတ်မှာ ဘီ၁၂၇ ဖြစ်သည်။ သည်အဖြစ်နှင့် ကြုံရသော သူကဆိုက်ဘေးရီးယားတုန်းက အကျဉ်းသားဘ၀ ကို ပြန်လည် သတိရမိသည်။ ယခင်အဖြစ်မျိုးနှင့်များ ထပ်ပြီးကြုံရလေဦး မည်လားဟုလည်း စိုးရိမ်စိတ်ဖြစ်မိ သည်။
နေ့လယ်ပိုင်းကျတော့ ၎င်းတို့အား ထမင်းလည်းမကျွေး၊ ဘာမှာလည်း ကြိုတင်အကြောင်းမကြားဘဲနှင့် မော်တော်ဘုတ်များပေါ် ပြောင်းတက်ခိုင်းပြီး အယ်လစ်အိုင်လင်းကျွန်းသို့ ခေါ်လာခဲ့ကြသည်။ ထိုနေရာ တွင် ၎င်းတို့အား ယောကျာ်းတစ်ခု၊ မိန်မတစ်စုခွဲကာ သီးသန့်အဆောင်များသို့ ပို့လိုက်ကြသည်။ ခွဲခါနီးတွင် ၀လာဒက်က ဇာဖီယားအား နမ်း၍နှုတ်ဆက်သည်။ ပြီးတော့လက်က မလွှတ်ကဲ တအားဖက် ထားသည်။ လူတွေကြားတွင် သူတို့နှစ်ယောက် ကန့်လန့်ကြီး ပိတ်နေသဖြင့် ဆိပ်ကမ်းရဲ တစ်ယောက်က အတင်းဆွဲ ၍ ခွဲရသည်။
"ကဲ………ကိုယ့်ဆရာ၊ ဒီလောက်ဆို ကျေနပ်ရောပေါ့၊ တို့က မင်းတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အချိန်မရဘူးကွ၊ မြန်မြန်လုပ်၊ တခြားလူတွေကို မီအောင်လိုက်ပြီး တန်းစီစမ်း"
ရဲသားက ၀လာဒက်အား အဂျော့နောက်သို့ တွန်းပို့လိုက်သည်။ ၀လာဒက်က ဇာဖီယာအား လှမ်းကြည့် လိုက်သော် လည်း မမြင်ရတော့။
သူတို့သည် ထိုနေ့ညတွင် ဟောင်းနွမ်းညစ်ပတ်နေသော အဆောင်ထဲတွင် အချိန်ကုန်ကြရသည်။ အများစုမှာ လုံးဝအိပ်၍မရ။ စကားပြန်များက မကြာခဏလာရောက်ပြီး ဟိုမေးသည်မေး လုပ်နေကြသော ကြောင့်ဖြစ်သည်။
မနက်ကျတော့ ကျန်းမာရေး စစ်ဆေးခံကြရသည်။ ပဏာစစ်ဆေးမှုမှာ အခက်အခဲဆုံးဖြစ်သည်။ ၀လာဒက် အားလှေကားအမြင့် ကြီးတစ်ခုကို တက်ခိုင်းသည်။ အပြာရောင် ၀တ်စုံဝတ် ဆရာဝန်က သူ့အားလှေကား ကို နှစ်ကြိမ်တိတိ တက်ခိုင်းသည်။ ထို့နောက် မျက်နှာ၊ မျက်စိ၊ ဆံပင်၊ လက်နှင့် လည်ပင်းတို့ကို စေ့စေ့ စပ်စပ် စစ်ဆေးသည်။ ကျမ်းမာရေးစစ်းဆေးမှု အားလုံးပြီးသောအခါ လူတွေ့စစ်ဆေးခံရန် တန်းစီရသည်။ စစ်ဆေးခန်းအပြင်ဘက်တွင် ဂျော့နှင့်ပြန်တွေ့ရသည်။ အကြာကြီးတန်းစီနေကြရ ပြီးနောက် အခန်းထဲသို့ တစ်ယောက် စီ ခေါ်သွင်းသည်။ ဂျော့အလှည့်သို့ရောက်၍ သူ့အခန်းထဲဝင်သွားသည်။
မကြာမီ ဂျော့ပြန်ထွက်လာသည်။ သူက၀လာဒက်အား ပြုံးပြပြီး……..
'မစိုးရိမ်ပါနဲ့ကွ၊ သူတို့မေးတာ ဘာမှမခက်ပါဘူး၊ မင်းလည်း လွယ်လွယ်နဲ့ အဆင်ပြောမှာပါ'
ဝလာဒက်သည် လာခေါ်သော ရဲသားနောက်မှ ရင်တထိတ်ထိတ်နှင့် လိုက်လာခဲ့သည်။ ဘာမှပြင်ဆင်မွမ်း မံမှု မရှိသော အခန်းကျဉ်းကလေးတစ်ခုထဲသို့ ရောက်လာသည်။ အခန်းထဲတွင် အရာရှိ နှစ်ယောက် ထိုင်ကာ စားပွဲပေါ်တွင် ရေးမှတ်နေကြသည်။
'မင်း အင်္ဂလိပ် စကား ပြောတတ်သလား' ပထမအရာရှိက မေးသည်။
'ဟုတ်ကဲ့၊ ပြောတတ်ပါတယ် ခင်ဗျား'
'မင်းနာမည် ဘယ်လိုခေါ်သလဲ'
'၀လာဒက် ကောမစကေ၀စ်လို့ ခေါ်ပါတယ် ခင်ဗျာ'
အရာရှိ က ၀လာဒက်အား သာရေအနက်ဖုံး စာအုပ်ကြီးတစ်အုပ် ကမ်းပေးသည်။
'ဒီစာအုပ် ဘာစာအုပ်လဲ သိရဲ့လား'
'ဟုတ်ကဲ့၊ သမ္မာကျမ်းစာအုပ်ပါ ခင်ဗျာ'
'ထာဝရဘုရားသခင်ကို မင်းယုံကြည့်သလား'
'ဟုတ်ကဲ့ ယုံကြည်ပါတယ်ခင်ဗျာ'
'အဲဒီတော့ မင်းလက်ကို သမ္မာကျမ်းပေါ်မှာတင်ထား၊ ပြီးတော့ တို့မေးသမျှကို အမှန်အတိုင်း ပြောဆိုပါ့မယ် လို့သစ္စာဆိုပါ'
ဝလာဒက်က သမ္မာကျမ်းကို ဘယ်လက်ဝါးပေါ်တွင် တင်၍ညာဘက်လက်ကို သမ္မာကျမ်းပေါ်တွင် တင်လိုက်ပြီး…………
'အမှန်အတိုင်း ဖြေဆိုပါမည်ဟု သစ္စာဆိုပါသည်'
'မင်း ဘာလူမျိုးလဲ'
'ပိုလန်လူမျိးပါ'
'မင်းအတွက သင်္ဘောခ ဘယ်သူကခံသလဲ'
'ကွန်စတင်နိုပယ်မြို့က ပိုလန်ကောင်စစ်ဝန်ရုံးမှာ ကျွန်တော်စာရေးဝင် လုပ်ခဲ့ပါတယ်၊ အဲဒီကရတဲ့ ပိုက်ဆံနဲ့ သင်္ဘောလက်မှတ် ၀ယ်စီးလာခဲ့ပါတယ်'
အရာရှိတစ်ယောက် ၀လာဒက်ယူလာသော စာရွက်စာတမ်းများကို စစ်ဆေးကြည့်သည်။ ကျေနပ်သွားပြီး ခေါင်းညိတ်သည်။ ပြီးတော့ မေးသည်။
"မင်းမှာ နေမယ့်အိမ် ရှိရဲ့လား၊ ဘယ်မှာသွားနေမလဲ"
'ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ၊ မစ္စတာပီတာနော်ဗက်အိမ်မှာ နေမှာပါ၊ ကျွန်တော် သူငယ်ချင်းရဲ့ ဦးလေးပါ၊ နယူယောက် မှာ နေပါတယ်'
'ကောင်းတယ်၊ ဒါနဲ့အလုပ်ကရောက် ဘာလုပ်မလဲ'
'မစ္စတာနော်ဗက်ရဲ့ ပေါင်မုန့်ဖိုမှာ ၀င်လုပ်ပါ့မယ်ခင်ဗျာ'
'မင်းအလျင်တုန်းက အဖမ်းအဆီးများ ခံခဲ့ရဖူးသလား'
ဝလာဒက်ကျောထဲစိမ့်သွားသည်။ လိမ်ပြောရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။
'တစ်ခါမှ မခံခဲ့ရဖူးပါဘူးခင်ဗျာ'
'မင်းအကြမ်းဖက်ဝါဒကို ယုံကြည့်သလား'
'လုံးဝ မယုံကြည်ပါဘူးခင်ဗျာ'
'အဲဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့ တရားဥပဒေအရ လိုက်နာနေထိုင်နိုင်ပါ့မလား'
'မင်းမှာ ပိုက်ဆံတွေ ဘာတွေ ပါလာသေးသလား'
'ဟုတ်ကဲ့၊ ပါပါတယ် ခင်ဗျား'
'ပါရင်ပေးစမ်း၊ ငါကြည့်ပါရစေ'
'ဟုတ်ကဲ့ ခင်ဗျာ'
ဝလာဒက်က ငွေစက္ကူထုပ်နှင့် အကြွေအချို့ကို စားပွဲပေါ်တင်လိုက်သည်။
'ကျေးဇူးပဲ ၀လာဒက်၊ မင်းပိုက်ဆံမင်းပြန်သိမ်းထားနိုင်ပြီ'
ဒုတိယအရာရှိက ၀လာဒက်၏ မျက်နှာကိုစေ့စေ့ကြည့်ပြီး မေးပြန်သည်။
'၂၁နဲ့ ၂၄ပေါင်းရင် ဘယ်လောက်လဲ'
'၄၅ ပါခင်ဗျာ'
'နွားတစ်ကောင်မှာ ခြေထောက် ဘယ်နှစ်ချောင်းရှိသလဲ'
ဝလာဒက်က သူ့နားသူပင် မယုံနိုင်အောင် ဖြစ်သွားသည်။ သို့သော်လည်း တမင်မေးတာ ဖြစ်မည်ဟု တွေးမိ၍ 'လေးချောင်းရှိပါတယ် ခင်ဗျာ'ဟု ဖြေလိုက်သည်။
'မြင်းတစ်ကောင်မှာရော'
'လေးချောင်းပါပဲခင်ဗျာ'
'ဆိုကြပါစို့၊ မင်းကလှေကလေးတစ်စီးနဲ့ ပင်လယ်ထဲ ရောက်နေတယ်၊ လှေက၀န်တွေ သိပ်ပြီး လေးနေတဲ့ အတွက် ၀န်ကိုလျှော့ကို လျှော့်ပစ်ရတော့မယ် အခြေအနေရောက်နေတယ်၊ အဲဒီတော့မင်းအနေနဲ့ ပိုက်ဆံထုပ်နဲ့ ပေါင်မုန့်အိပ် ဘယ်ဒင်းကို ရေထဲပစ်ချမလဲ'
'ပိုက်ဆံထုပ်ပါ ခင်ဗျား'
'ကောင်းတယ်'
အရာရှိက 'ခွင့်ပြုသည်'ဟု ရေးသားထားသော ကတ်ပြားကို ၀လာဒက်အား ကမ်းပေးသည်။ 'မင်းပိုက်ဆံ ကို လဲပြီးတဲ့အခါ ဒီကတ်ပြားကို လူဝင်မှုကြီးကြပ်ရေး အရာရှိကို ပြပါ၊ မင်းရဲ့နာမည်အပြည့်အစုံကိုလည်း ပြောပြ၊ သူကမင်းကို မှတ်ပုံတင်ကတ်တစ်ခု ထုတ်ပေးလိမ့်မယ်၊ နောက်ပြီး ပြည်ဝင်လက်မှတ်လည်း ထုတ်ပေးလိမ့်မယ်၊ မင်းအနေနဲ့ ငါးနှစ်အတွင်းမှာ ဘာပြစ်မှုမှ မကျူးလွန်ဘူးဆိုရင် ပြီးတော့အဲဒီအချိန်မှာ အခြေခံ အရေးအဖတ် စမ်းသပ်စစ်ဆေးမှုကို အောင်မယ်ဆိုရင် မင်းကအမေရိကန် နိုင်ငံသားအဖြစ် လျှောက်တင်ထားနိုင်ခွင့် ရှိတယ်၊ ကဲ……….ကံကောင်းပါစေ ၀လာဒက်'
'အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ'
ငွေလဲလှယ်ရေးဋ္ဌာနတွင် ၀လာဒက်သည် တူရကီနိုင်ငံတါင် ရှစ်လတာမျှ စုဆောင်းရရှိခဲ့သော ပိုက်ဆံများ နှင့်ရှရုမှ ယူလာခဲ့သော ရှုဘယ်ငွေများကို အကုန်လုံးပုံပေးလိုက်သည်။ တူရကီငွေ အက်၄၇ဒေါ်လာနှင့် ၂၀ရရှိသော်လည်း ရူဘယ်ပိုက်ဆံအတွက်မှု တစ်ပြားမျှမရ။ ဘာပဲဖြစ်ဖြစ်၊ သူ့အား စေတနာရက်ရောက်စွာ ဖြင့်၁၅နှစ်တာ စုငွေများကို ပေးလိုက်တာ ဒေါက်တာဒူဘီယင်ကိုတော့ ၀လာဒက်လေးလေးနက်နက် ကျေးဇူးတင်မိပါသည်။
ငွေလဲပြီးတော့ လူဝင်မှုကြီးကြပ်ရေးဋ္ဌာနသို့ လာရသည်။ ကြီးကြပ်ရေးအရာရှိသည် သမ္မတဟာဒင့်၏ ဓာတ်ပုံ ကားချပ် အောက်တွင် ခပ်တည်တည်ထိုင်နေသည်။ ၀လာဒက်နှင့် ဂျော့တို့သည် အရာရှိထိုင်နေ သော ကောင်တာရှေ့တွင် သွားရပ်သည်။
'နာမည်အပြည့်အစုံပြောပါ'
'ဂျော့နော်ဗက်'
အရာရှိက ကတ်ပြားပေါ်တွင် ရေးမှတ်သည်။
'လိပ်စာပြော'
'၂၈၆၊ ဘရွမ်းလမ်း၊ နယူးယောက်မြို့'
အရာရှိက ကတ်ပြားကို ဂျော့ဆီကို ကမ်းပေးရင်း-
'ဒါမင်းရဲ့ လူဝင်မှုမှတ်ပုံတင်ကတ်ပြားပဲ၊ နံပါတ်က ၂၁၈၇၁၊ ဂျော့နော်ဗက် မင်းကိုအမေရိကန်ပြည်ထောင် စုက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဂျော့၊ ငါလည်းမင်းလိုပဲ ပိုလန်လူမျိုးတစ်ယောက်ပါပဲ၊ မင်းဒီမှာနေရတာ သဘောကျပါလိမ့်မယ်၊ ကံကောင်းပါစေ'
ဂျောက့ပြုံးပြီး အရာရှိနှင့်လက်ဆွဲနှုတ်ဆတ်သည်။ ပြီးတော့ ဘေးသို့ကပ်ပြီး ၀လာဒက်ကို ဖယ်ပေး လိုက်သည်။ အရာရှိက ၀လာဒက်ကို စိုက်ကြည့်နေသည်။ ၀လာဒက်သည် ၀က်ဝံရေကုတ်အင်္ကျီ ရှည်ကြီး ကို ၀တ်ထားသည်။ ၀လာဒက်က အရာရှိအား 'ခွင့်ပြုသည်'ဟု ရေးထားသော ကတ်ပြားကို ထုတ်ပေးလိုက်သည်။
'နာမည် အပြည့်အစုံပြောပါ'
ဝလာဒက်က နှုတ်ဆိတ်နေသည်။
'မင်းနာမည် ဘယ်လိုခေါ်သလဲ' အရာရှိက စိတ်မရှည်ဟန်ဖြင့် ခပ်ကျယ်ကျယ် ထပ်မေးသည်။ ဒီကောင် အင်္ဂလိပ်စကားမှ ပြောတတ်ရဲ့ လားဟုလည်း သံသယ၀င်မိသည်။
ဝလာဒက်က ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ သူ့နာမည်ရင်းကို သူကလုံးဝမကြိုက် နိုင်အောင်ဖြစ် နေသည်။
'နောက်ဆုံးအကြိမ် ထပ်မေးမယ်၊ မင်းနာမည် ဘယ်သူလဲ'
ဂျော့က ၀လာဒက်ကို တအံ့တသြစိုက်ကြည့်နေသည်။ တခြားတန်းစီနေသူ များကလည်း သူ့ကိုပင်ဝိုင်း ကြည့်နေကြသည်။ ၀လာဒက်က ယခုတိုင် ဘာစကားမှ ပြန်မပြောပဲ ကြောင်ကြောင်ကြီး ရပ်နေတုန်းပင်။ အရာရှိက ၀လာဒက်၏ လက်ကိုရုတ်တရက် လှမ်းဆွဲလိုက်သည်။ လက်ကောက်ကွင်းကို မြင်သွာပြီး စာတန်းကိုဖတ်မိလျက်သား ဖြစ်သွားသည်။ သူကကတ်ပြားပေါ်တွင် တစ်စုံတစ်ရာ ရေးမှတ်ပြီး ကတ်ပြားကို ၀လာဒက် အား ကမ်းပေးသည်။
'မှတ်ပုံတင်နံပါတ် ၂၁၈၇၂၊ အမည်ဘရွန်အေဘယ်ရို့စနော့စကီး၊ အမေရိကန်ပြည်ထောင်စုက ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါတယ်၊ ကံကောင်းပါစေ အေဘယ်'
အခန်း (၁၂) ဆက်ရန်
.

No comments:
Post a Comment