သတင်းပေးတဲ့နှစ်ဘက်လွှ ယာယီမန်နေဂျာ
ဤအချိန်မှာ အပါးတော်စောင့်အဖြစ် ရောက်လာသောဘုန်းကြီးက ဒီလိုလုပ်တာမတော်ပါဘူးဟု ဆိုကာ သူ့ဒကာ၏ မှားမှားယွင်းယွင်းပြုမူမှုကို သတိပေးပြီးဗမာ့ခေတ်ခြံဝင်းထည်းမှအပြင် မရောက် သေးဘဲ ထွက်သွား နေဆဲအယ်ဒီတာ ဦးချစ်သိမ်းအား ဘုန်းကြီးအမိန့်နှင့် ကောင်ကလေး တယောက်ကို အမှီ ပြေးလိုက်စေပြီး ပြန်ခေါ်လာခဲ့စေသည်။
ဦးချစ်သိမ်းပြန်တက်လာသောအခါ ကျွန်တော်မူးမူးနဲ့ပြောမိတဲ့စကားတွေဟာ မှားချင်လဲမှားသွား ပါမည်။ မသွားပါနဲ့ ဒီညတော့ အလုပ်လုပ်ပေးခဲ့ပါဦးဟုဆိုကာ (ထိပ်ခေါက်ပြီးမှ ကန်တော့ပါရဲ့)ဆို ကာ စကားပုံ လိုပြုမူပြန် လေသည်။ ဦးချစ်သိမ်းမှမရှိလျှင် ထိုညကသတင်းစာတွင် ထွက်နိုင်မည် မဟုတ်ပါ၊ တပါးကျွန် ဦးကိုလေးလည်း မရှိတော့ပြီ၊ ဆရာ့အလိုတော်ဖြည့် အယ်ဒီတာ ခင်မောင်လေးကလဲ ခရီးထွက်နေသည်။ အယ်ဒီတာ ဦးမြသွင်မှာလည်း စောစောကြီးကပင် အပြင် အပ၌ရှောင်ပုန်းနေရသည်။ ဦးမြသွင် ရှောင်ပုန်း နေအောင် သိမ်ဖြူလမ်းမှနေပြီး ထွက်လာပြီ၊ ဆူလိမ့်မယ်ဟု တယ်လီဖုံးနှင့် သတင်းပေးလိုက်သူမှာလည်း နှစ်ဘက်လွှ ယာယီမန်နေဂျာ ဦးဗအေး ပင်ဖြစ်ရာ ဟိုမှာလည်းနှောက်သည်မှာလည်းနှောက်နှင့် အတော် ကြောက်စရာကောင်းသော အပြုအမူဖြစ်သည်။
အယ်ဒီတာ ဦးချစ်သိမ်းမှာ တိုက်တွင်အသက်အရွယ်ကြီးသော အယ်ဒီတာကြီးတဦးအနေနှင့် ယခုလို သူ၏ ဂုဏ်သိက္ခာကို မဖွယ်မရာသည့်နည်းနှင့် စော်ကားခံလိုက်ရသော်လည်း လူကြီးပြီပြီ £နြေ္ဒရရနှင့် ထိုည အဘို့သည်းခံပြီးမပြီးသေးသော အလုပ်ကိစ္စများ ဆက်လက်လုပ်ကိုင်ပေးနေရပါ သည်။ ညဉ့်အချိန်ဖြစ်၍ အောက်အလုပ်တိုက်ရှိ အယ်ဒီတာဌာန၌ ဤသို့လာရောက်ဗိုလ်ကျပြီး ရမ်းကားနေသည်ကို ကျမ မသိရ သေးပါ။
အယ်ဒီတာတယောက် အပေါ်၌ဤကဲ့သို့အောက်တန်းကျကျ အပြုအမူနှင့် ရမ်းကားလာသော လူမသမာ လည်း ထိုညအဘို့ ကာမစည်းစိမ်ခံရန်ကိစ္စတွေက ကျန်လေသေးသည်။ အချိန်ကုန် မခံနိုင်အချိန်ကို ချွေတာ သုံးရမည်။ အချိန်ရှိခိုက် လုလ္လံစိုက်ရမည်၊ ပြည်ထဲရေးထက် ၀မ်းရေးခက် သည်။ ဆောင်းပါး စာမူ ပါရှိရေး ထက် တဏှာရာဂအရေးက ခြေသွက်နေသူဖြစ်သည့် အားလျော် စွာဆောင်းပါးထည့်ရန် ဗရမ်း ဗတာ ရှောက်ရေးပေးခဲ့ပြီး ပြန်ထွက်သွားလေသည်။
ထိုအဖြစ်အပျက်များမှာ နောက်တစ်နေ့မနက်ရောက်မှ ဗမာ့ခေတ်သတင်းစာနှင့်အတူ အယ်ဒီတာ ဦးချစ်သိမ်း သည် ကျမနေထိုင်ရာ အိမ်ကြီးပေါ်သို့တက်လာပြီး နောက်ဆက်တွဲခံလိုက်ရသည့် ရမ်းကားမှု ကြီးကို ပြန်လည်ဖေါက်သည် ချပြပါသည်။ ကျမသည် နိုဝင်ဘာလ ၂၂-ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာ ၌ အလုပ်တိုက်သားများက သူတို့ဆရာပြန်ရောက်လာခြင်းကို ၀မ်းသာလှပါ သည်ဟု ဆုံးဖြတ်ချက် ချပြီး သတင်းစာတွင် အထင်ကရ ထည့်လိုက်ကြီးမှ ဤသို့စော်ကားခံကြရ သည်မှာ ဘယ်သူ မပြု မိမိမှုဆိုသလို သူတို့ကြိုဆိုသူက သူတို့အထည်းမှ အသက်အကြီးဆုံးတိုက် သား တယောက် ကို ဈေးဦးပေါက် စော်ကားဖိနပ်ပြလိုက်ခြင်းဖြစ်သည်ဟု နားလည်ထားမိပါသည်။
ဦးချစ်သိမ်းသည် ယင်းသို့ ညဉ့်ကအဖြစ်အပျက်များ ပြန်လည်ပြောကြားဖေါက်သည်ချပြီးနောက် ပြန်လည်ပြောကြားဖေါက်သည်ချပြီးနောက် ကျမတားမြစ်ချက်ကို ဖေါက်ဖျက်၍ဆောင်းပါးထည့် ပေးလိုက် မိတဲ့ အတွက် ကျွန်တော့်မှာ အပြစ်ရှိနေပါသည်။ ဒါကိုဒေါ်ခင်ခင်လေးအား လာရောက် အဆုံးအဖြတ် ခံခြင်း ဖြစ်ပါ သည်ဟု ဆိုပြန်သည်။ သဘောမှာ ကျမက အလုပ်မှထုတ်ပစ်လျှင် ခံပါမည်ဆိုသော အဓိပ္ပာယ် ပေါ်နေ ပါသည်။
သူ၏ပြောကြားချက်အရ အမှန်စင်စစ်အားဖြင့် ညဦးပိုင်းကပင် ဒါမှဒို့ဆရာသမားဟု ထင်သူကနှင် ထုတ်ပစ်လိုက်သဖြင့် အပေါ်အင်္ကျီကောက်ဝတ်ပြီး ထွက်သွားရရာမှ တခါလိုက်ခေါ်ပြီး ခိုင်းသည် ကိုပြန်ထိုင်ပြီး လုပ်ပေးခဲ့သည်။ ထိုအချိန်ကပဲ မလုပ်နိုင်ပါဟု တခါတဲထွက်သွား လက်စနှင့် ထွက်သွား လျှင်လည်း ဖြစ်နိုင်ပါလျှက် ဆက်လက် အလုပ်, လုပ်ပေးသွားသေးသည်မှာ ညှာကာမှု သံယောဇဉ်ကြီး၍ သည်းခံခြင်း ကြောင့်လား၊ အနားကဘုန်းကြီးကို လန့်နေ၍လားဟု စဉ်းစားရန် တချက်ရှိပါသည်။
သို့ရာတွင် ဘာပဲဖြစ်ဖြစ် ဦးချစ်သိမ်းအပေါ်မှာကျ မခွင့်လွှတ်ပါသည်။ လူမဆန်စွာ စောကားခံရသူ အား သဘောထား ကြီးကြီးနှင့် သည်းခံ၍ လူကြီးစိတ်, လူကြီးသိက္ခာနှင့်မလွှဲမရှောင်သာ လုပ်ပေးလိုက်ရ ရှာသည် ဟုသာ ယူဆပါသည်။ ဤကိစ္စတာဝန်ပျက် ကွက်မှုကို အပြစ်မတင်ပါ၊ အလုပ်မှနှုတ်ထွက်ပေးရန် မလိုပါ ဟု ကျမသည် ညှာတာစွာ အခွင့်ပြုလိုက်ပါသည်။
သို့ရာတွင် အယ်ဒီတာ ဦးချစ်သိမ်းသည် ဒီလိုကိစ္စမျိုးတွေ နောက်ထပ်မည်မျှရင်ဆိုင်ရဦး မည်မသိပါ၊ သို့အတွက် ကျွန်တော် အလုပ်, လုပ်ရန်စိတ်ပျက်ပါပြီ၊ နှုတ်ထွက်ပါရစေတော့ဟု တကြော့ထပ်၍ ပြောပါသည်။ ကျမကမနှုတ် ထွက်ဖို့ နှစ်ကြိမ်, သုံးကြိမ် ထားပါသေးသည်မရပါ။ သို့ဖြစ်လျှင် ဦးချစ်သိမ်း တွ့ကြုံရသော အဖြစ်မှန် အခက်အခဲများကို တင်ပြရေးသားလျက် ထွက်စာတင်ပါဟု အခွင့်ပြုပါသည်။
သည်လိုအခွင့်ပြုပြန်တော့လည်း အဖြစ်မှန်အတိုင်းတော့ မရေးပါရစေနဲ့၊ ကျမက အပြစ်ရှိ၍ အလုပ်မှ ထုတ်ပစ်တဲ့အနေနဲ့ပဲ အလုပ်ကထွက်ပါရစေဟု ဆိုနေသည်။ ထိုအခါ၌ကျမမှာ အတော်အံ့သြ၀မ်းနည်း ဖြစ်သွားမိသည်။ သူအလုပ်ထွက်ရတဲ့ကိစ္စ မှာ စော်ကားရမ်းကားလာလုပ် သူ့ကိုဖုံးအုပ်၍ ကျမက အလုပ် ထုတ်ပစ်ခြင်း မျိုးဖြစ်သွားလေအောင် သတင်းခေါင်းစဉ် ပြောင်းတပ် ပေးရာကျနေပါသည်။ ကျမက ဒီအဖြစ် မျိုးတော့ လက်မခံနိုင်ပါ၊ ထွက်စာကို တိတိကျကျ အဖြစ်မှန်ကို ရေးပေးပါဟု ထပ်ခါ ပြောရပါသည်။
ဝန်ကြီးချုပ်အား လက်ဝါးကြီးအုပ်ခါ
သည်လိုမှန်ဒါတွေကိုရေးပြီး ထွက်စာတင်ရလျှင် ဦးအုန်းခင်နစ်နာသွားမလားလို့ပါ။ ဒေါ်ခင်ခင်လေး က ဆောင်းပါး ထည့်လို့ ထုတ်ပစ်တဲ့အနေနှင့်သာ ထွက်ပါရစေဟု ခပ်ပြောင်ပြောင် ရှင်းရှင်းဘဲ ထပ်ပြော ပြန်ပါသည်။ စေတနာထားပုံခြင်း ဤမျှကွာခြားနေပါသည်။ ကျမကဦးချစ်သိမ်းကို ဘယ်တော့မှ အလုပ်က ထုတ်မပစ်ဘူး။ ဗမာ့ခေတ်တသက် ဦးချစ်သိမ်းတသက် အလုပ်လုပ်ပါဟု ထပ်ပြီး ရှင်းရှင်းပြတ်ပြတ်ကြီး ပြောယူ ရသောအခါ ဒါပေမဲ့ ကျွန်တော်အလုပ်ဆက်လုပ်ရမှာ မနေ့ညကအဖြစ်မျိုးတွေနှင့် ရင်မဆိုင် လိုပါဟု ထပ်၍ဆိုပြန်ပါသည်။
ရင်မဆိုင်လို၍ တားမရလျှင်အဖြစ်မှန်ကို တင်ပြတဲ့ထွက်စာနဲ့မှ ကျမလက်ခံနိုင်ပါမည်။ ကျမကို အဆိုး ချထား ခဲ့မဲ့ ထွက်ခွင့်မျိုးတော့မပေးပါရစေနဲ့ဟုဆိုကာမှ အတန်ကြာကြီး တွေးတောငေးမော စဉ်းစားပြီးမှ အောက်ပါ ထွက်စာကို ရေး၍ပေးပါသည်။ ၎င်းရေးသားချက်ကိုကြည့်လျှင် တရားဝင် အုပ်ချုပ်သူဟူ၍ ကျမအား အသိအမှတ်မပြုနိုင်သော သဘောသက်ရောက်ရုံမက မိုက်ရိုင်းစော်ကား စွာဆက်ဆံသူကိုသာ စိတ်ညွှတ် ညှာတာ လွန်းရာကျနေပါသည်။
၎င်းထွက်စာမူရင်းမှာ
၂၅-၁၂-၆၀
ဒေါ်ခင်ခင်လေးခင်ဗျား။
မနေ့ည ၂၄-၁၂-၆၀က မိုးကြိုး၏ စကားမစပ် ပထမဆောင်းပါးကို ဒေါ်ခင်ခင်လေးအားပြသပြီး ဒေါ်ခင်ခင်လေး ၏ တားမြစ်ချက်အရ မထည့်သွင်းဘဲထားခဲ့ပါသည်။ သို့ရာတွင် နောက်ထပ် ဦးအုန်းခင် ကိုယ်တိုင် လာရောက်၍ ဒုတိယဆောင်းကိုရေးသားပြီး ထပ်မံထည့်သွင်းခိုင်းပြန်သဖြင့် မလွှဲ မရှောင် သာတော့ဘဲ ထည့်သွင်းခဲ့ရပါသည်။
ဒုတိယ ဆောင်းပါးကိုလည်း ဒေါ်ခင်ခင်လေးအား ပြသဦးမည်ဟုဆိုသဖြင့် ကျွန်တော်အား အလုပ်မှ ထွက်သွား ရန် အမိန့်ပေးပြီးမှပြန်ခေါ်ပြီး ဆက်လက်လုပ်ရန်ပြောဆို၍ ဆက်လက်လုပ်ကိုင်ခဲ့ရပါ သည်။
ကျွန်တော် မှ ဦးအုန်းခင်ကိုလဲ မလွန်ဆန်သာဒေါ်ခင်ခင်လေး၏ အမိန့်ကိုလည်းမလွန်ဆန်သာ။ ဤသို့ ရှိနေရာ ရံဖန်ရံခါအမိန့် ၂ခု တခုနှင့်တခုဆန့်ကျင်နေသည့် အထက်ပါအခါမျိုးတွင် အလုပ် လုပ်ရန် အလွန် အခက်အခဲ ဖြစ်နေပါသည်။
ရှေ့အဘို့ တွင်လည်း အလားတူအခက်အခဲများ ကြုံတွေ့မည်မဟုတ်ဟု မယူဆနိုင်ပါ။ ကြုံတွေ့ ဘွယ်ရာသာ ရှိပါသည်။
သို့ဖြစ်၍ကျွန်တော်ဆက်လက်၍ အလုပ်လုပ်ရန် ခက်ခဲသည့်အတွက် ၂၆-၁၂-၆၀ တနင်းလာနေ့ မှစ၍ အလုပ်မှ ထွက်ခွင့်ပြုပါရန် ခွင့်တောင်းပါသည်။
ချစ်သိမ်း
ဟူ၍ရေးသားထားရာ စာပါအဓိပ္ပာယ်မှာ ဟိုအချိန်တုံးက ကျမကို တိုက်ရှင်တယောက်ဟူ၍ သဘော မထား၊ အသိအမှတ် မပြုလိုဘဲ အပြင်မှလာရောက်ရမ်းကားသူအား တဦးတည်း ပိုင်တိုက်ရှင်ဟု ယူဆလျက် နှင်ထုတ်၍ ထွက်သွားရာမှပင် ပြန်ဝင်ထိုင်ပြီး လုပ်ကိုင်ပေးခဲ့သည်။ ယခုအလုပ်ထွက် ဘို့ ကိစ္စကျတော့ ကျမကို တိုက်ရှင် အုပ်ချုပ်သူဟူ၍ အသိအမှတ်ပြုပြန်ရာ ရောက်နေပါသည်။
ထွက်စာ တွင် ဆူဒါပူဒါဂက်ဒေါက် ဟုပြော၍ နှင်ထုတ်တာတွေမပါ ချန်လှပ်ခဲ့ပါသည်။
ကျမ ကသာ မထည့်ရန်တားမြစ်ထားသော ဆောင်းပါးကို ထည့်ပေးတဲ့အတွက် အလုပ်မှ ထုတ်ပစ် လိုက်သည့် အနေမျိုးဖြစ်စေလိုသော ဆန္ဒရှိပုံရပါသည်။ အရက်မူးသမားက လာရမ်းကား၍မဟုတ်၊ ကျမက ထုတ်ပစ်လို့ ထွက်ရသည်ဟု မြေနိမ့်ရာလှံစိုက်ပြုလုပ်ခြင်းနှင့်လည်း တူနေပါသည်။ သို့သော် ကျမက ဒီအပြစ်ကို သီးခံပါသည်။ ဘယ်တော့မှ မထုတ်ပစ်ပါဘူးဆိုတော့မှသာ ရှေ့အဘို့ဒီလို အခက်အခဲတွေ ရင်ဆိုင် နေရဦးမှာဘဲဆို၍ ဤထွက်စာရေးပေးခြင်းဖြစ်ပါသည်။
၎င်းဆောင်းပါး(စကားမစပ်)ကို မထည့်ရန်တားမြစ်ခဲ့သည်မှာ အဆန်းမဟုတ်ပါ၊ သြဂုတ်လမှစပြီး ၃-လ ကျော်ပင်ကြာခဲ့ပါပြီ။ ပို့လာသော ဆောင်းပါးတို့ကို အမှိုက်ချင်းထဲ ထည့်ခဲ့ပေါင်းလည်း များလှပါပြီ။ ဆောင်းပါး မထည့်သော်လည်း ငြိမ်ငြိမ်သက်သက်ကုပ်နေခဲ့ရာက သည်တကြိမ်မှာ တော့ ဘေးမှ သာပေါင်း ညာစားတို့က မြှောက်ပေးကြသောကြောင့် ဘ၀င်မြင့်ရူး အရက်မူးရူး နေရာတွင် မန္တလေးမှ ရာထူး နေရာရလိုမှုကြောင့် ကြိုက်ရာဓါတ်စာနှင့် မျှား၍ကပ်ပေါင်းထားကြ သော လူတစုအတွက် ရေးကွက် တခုကြောင့် စွန့်စားခြင်းဖြစ်သည်။ မန္တလေးလူစုက အရူးကိုမြှောက်၍ခဲနှင့် အပေါက်ခိုင်းကြခြင်းသာဖြစ်ရာ စပ်ကြားမှ အယ်ဒီတာများက အဆဲခံဒါးစာခံ ဖြစ်နေရပါသည်။
မန္တလေးမှရာထူးငန်းဖမ်းနေသူများက ဤသို့အကြိုက်နှင့်မျှား၍ နှဖါးကြိုးတပ် ထားသည့်အတိုင်း ခိုင်းသမျှ ရုန်းပေးနေရသည်။ ဦးနုဝန်ကြီးချုပ်အဖြစ်နှင့် အစိုးရဖွဲ့စကပင် အကြံပေးအဖွဲ့များ ထားခဲ့သည်ကို ခါးခါးသီး မခံ မရပ်နိုင်ဖြစ်ခါ ဗမာ့ခေတ်သတင်းစာမှနေ၍ အခါပေါင်းများစွာ ကလောခဲ့ဆော်ခဲ့သည်ကို သတင်းစာဖတ်ပရိသတ်များ မှတ်မိကြပါလိမ့်မည်။ သဘောမှာသူတဦးတည်းသာ ၀န်ကြီးချုပ် အား လက်ဝါးကြီး အုပ်ခါ အကြံပေးနေချင်ပါသည်။ လမ်းညွှန်နေချင်ပါသည်။
သည့်ပြင် ပုဂ္ဂိုလ်တွေအား အကြံပေးအဖွဲ့ဖွဲ့လိုက်သည်ကို နဲနဲမှမနာလို ၀န်တိုမိစ္ဆာသိပ်ဖြစ်နေပါသည်။ နဖါးကြိုးဆွဲထားသူများကလည်း အားအားရှိတိုင်းနောက်မှ လက်ကုပ်ပေး၊ လက်တို့ပေးသမျှ ရှေ့ကလူကိုခဲနှင့်ပေါက် ပေါက်ပြရသည်မှာ အတွင်းသိအစင်းသိ တဦး၏အနေနှင့်အပေါ်မှ စီးကြည့်သလို မြင်နေရသော အခါ၌လူ့ရွာ၌သနားစရာ သတ္တာဝါတဦး အဖြစ်နှင့်မြင်နေကြမည်သာဖြစ်ပါသည်။
သို့နှင့်ကျမသည် ၂၆-၁၂-၆၀ နေ့စွဲပါနိုင်ငံခြားရေးအယ်ဒီတာ ဦးချစ်သိမ်း၏ ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်မှ နှုတ်ထွက်စာကို လက်ခံလိုက်ရပါသည်။ သို့ရာတွင် ၂၄-၁၂-၆၀နေ့ညပိုင်းက အဖြစ် အပျက်မှန်ကို တိတိကျကျမှတ်တမ်း တင်ထားလိုသေးသဖြင့် ထိုအချိန်က အယ်ဒီတာဌာန အခန်းတွင် မျက်မြင် သက်သေ မည်သူတွေရှိကြောင်း စုံစမ်းရာညအလှည့်ကျ လာရောက်လုပ်ကိုင် သူ သတင်း ထောက် ချုပ် တဦးရှိကြောင်း သိရပါသည်။
အယ်ဒီတာကို မအေနှင့်ဆဲခြင်း ဆက်ရန်
.

No comments:
Post a Comment